Chapter 23
Viewers 4k

Chapter 23


မြေပြင်ပေါ် လဲကျသွားသဖြင့် မဲ့တုန်မှာ မျက်ရည်များ ထွက်လာသည်အထိ ခံစားလိုက်ရသည်။ 

သူ မှားသွားခဲ့ပြီ။သူ မပြိုင်ချင်တဲ့ အားကစားပြိုင်ပွဲကို ဘာကြောင့် ဝင်ပြိုင်နေရတာလဲ? သူ သဘောမကျတဲ့သူနဲ့မှ ဘာကြောင့် အတူပြိုင်ခဲ့ရတာလဲ? တခြားသူရဲ့အမှားကြောင့် သူက ဘာလို့ နပန်းလုံးသလို ပစ်လဲပြီး နာကျင်ခံစားနေရတာလဲ?

သူ့ဒူးခေါင်းတွင် တစစ်စစ်နဲ့ ကိုက်ခဲနာကျင်လာသည်ကို စတင်ခံစားရပြီးနောက် မကြာခင် နာကျင်မှုက ပျံ့နှံ့သွားသည်၊သူ့ခြေထောက်ရှိ ပွန်းပဲ့ရာများကလည်း ပူလောင်စပ်ဖျင်းနေသည်။ 

ဆရာများနှင့် အတန်းဖော်များက အလျင်အမြန် ဝိုင်းအုံလာခဲ့ပြီး သူ အဆင်ပြေရဲ့လား၊မတ်တပ်ရပ်နိုင်ရဲ့လား ပျာယာခတ်အောင် မေးလာကြသည်။ မဲ့တုန် ခေါင်းခါလိုက်ပြီး မြေကြီးပေါ်ကနေ အတင်းကုန်းရုန်းထလိုက်၏။ဒီကံမကောင်းတဲ့ နေရာကနေ သူ ထွက်သွားပြီး တစ်ယောက်တည်း ခဏလောက် နေချင်မိသည်။ 

သူက အလျင်လိုနေသဖြင့် ခြေထောက်တစ်ဖက်က ယွီချန်းချန်း၏ ခြေထောက်နှင့် ပူး၍ ချည်နှောင်ထားသည်ကို မေ့သွားပြီး မြေပြင်ပေါ် နောက်တစ်ခါ ထပ်ပြုတ်ကျပြန်သည်။ဆိုးသထက် ပိုဆိုးသွား၏။ပထမတစ်ခါ ပြုတ်ကျတုန်းက သူ့ဘောင်းဘီက ပုံမှန်အတိုင်း ရှိနေခဲ့သည်၊အခုတစ်ခါ ထပ်ပြုတ်ကျသွားတော့ သူ့ဘောင်းဘီက အပေါ်ကို လန်တက်သွားပြီး ဒဏ်ရာများက ပြေးလမ်းပေါ်သို့ ဒီတိုင်း ပွတ်တိုက်မိသဖြင့် သူ့ဒူးခေါင်းတွင် ဖုန်များ ကပ်ညိသွားရ၏။ 

မဲ့တုန်၏ မျက်လုံးများက တကယ်ကို နီရဲနေလေပြီ။သူက နှာရှုတ်လိုက်ပြီး မျက်ရည်မကျအောင် ထိန်းကာ PE ဆရာကို အကူအညီတောင်း၍ သူတို့ခြေထောက်များကို ပူးချည်ထားသော ကြိုးကို ဖြေခိုင်းလိုက်ရပါ၏။ 

ယွီချန်းချန်းလည်း နာကျင်မှုကြောင့် အော်ဟစ်နေခဲ့သည်။အနည်းဆုံးတော့ မဲ့တုန်က ဘောင်းဘီရှည်များ ဝတ်ထားပြီး ယွီချန်းချန်းက ဒူးအထက် ဘောင်းဘီတိုကို ဝတ်ထားသဖြင့် သူ့ ဒဏ်ရာများက မဲ့တုန်ထက်ပင် ပိုဆိုးသေး၏။ 

သို့ဖြစ်၍ ယွီချန်းချန်းအပေါ်သို့ ပို၍ အာရုံစိုက်သွားကြသည်။ဆရာက ယွီချန်းချန်းကို အရင်ဆုံး ထနိုင်ဖို့ ကူညီလိုက်ပြီး သူ့ဘေးမှာ လမ်းအနည်းငယ် လျှောက်ကြည့်စေသည်။သူက နာကျင်စွာ အော်ငိုနေတော့သည်။

"အား ... အား၊ကျွန်တော် တကယ်ကံဆိုးတာပဲ၊ကျွန်တော် ဒီပြိုင်ပွဲကို ဝင်မပြိုင်ချင်ပါဘူးလို့ ပြောပါတယ်၊ဒါပေမဲ့ သူတို့က မရမက ပြိုင်ခိုင်းတာ၊ဒါက အရမ်းနာတာပဲ၊ ဆရာ၊ကျွန်တော့် ခြေထောက်တွေ သုံးလို့ရသေးရဲ့လား အာ?" 

ထိုအချိန်၌ မဲ့တုန်သည် သူ့ဘေးမှာ တစ်စုံတစ်ယောက်က ထိုင်ချလိုက်တာကို ခံစားလိုက်ရသည်။ 

သူ အလိုအလျောက် မစဥ်းစားပဲ ပြောလိုက်သည်။
"ကျွန်တော် အဆင်ပြေပါတယ်၊ ကျေးဇူးပါ" 

ထို့နောက် ပိုးသတ်ထားသော ဂွမ်းက သူ့ရှေ့တွင် ရောက်လာခဲ့၏။ 

ယန်ရှုမင်က အခုလေးကမှ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ ပြိုင်၍ ပြီးသွားခြင်း ဖြစ်သည်။ သူ့မျက်နှာက အားစိုက်ထားမှုကြောင့် အတန်ငယ် နီမြန်းနေဆဲ ဖြစ်ပြီး အသက်ရှုနှုန်းကလည်း လုံးလုံးလျားလျား မတည်ငြိမ်သေးပေ။ အပျော်သက်သက် ပြိုင်ပွဲများ ကျင်းပရာနေရာ၏ ဘေးဘက်တွင် ရုတ်ရုတ်သဲသဲဖြစ်နေတာကို ထိုသူက ဘယ်လိုလုပ်ပြီး သတိထားမိတာလဲ ဆိုတာ မဲ့တုန် မသိခဲ့။ သူ ပြုတ်ကျသွားတာက အခြားသူတွေအတွက် လမ်းကြောင်း ပိတ်ဆို့သွားသဖြင့် အဆင်မပြေဖြစ်သွားသည်လို့သာ သူခံစားမိသည်။ 

"အဆင်ပြေရဲ့လား၊ ငါ မင်းကို ကူညီပါရစေ" 

မဲ့တုန် ထိုနေရာ၌ ကျောက်ရုပ်တစ်ရုပ်လို ရပ်နေပြီး သူ့စိတ်က အခုလက်ရှိတွင် ဗလာနတ္ထိ ဖြစ်နေခဲ့၏။သူ ပိုးသတ်ဂွမ်းကို လှမ်းမယူနိုင်ခဲ့ပေ။ယန်ရှုမင်ကတော့ မဲ့တုန် အရမ်းနာကျင်နေရသည်ဟု တွေးမိပုံဖြင့် မျက်ခုံးများက တဖြည်းဖြည်း ကြုတ်သွားတော့၏။သူက ဒဏ်ရာ မထိအောင် ရှောင်၍ မဲ့တုန်၏ ဒူးခေါင်းကို လက်ချောင်းလေးများဖြင့် ခပ်ဖွဖွ ဖိကြည့်လိုက်သည်၊သို့သော် မဲ့တုန်ကို နာကျင်မှုကြောင့် ရှုံ့မဲသွားစေခဲ့သည်။ 

ယန်ရှုမင်၏ အသံက ပိုပြီး အလေးအနက် ဖြစ်လာသည်။
"မလှုပ်နိုင်ဘူးလား?" 

မဲ့တုန်သည် ဤအဖြစ်အပျက်ကို သူ့စိတ်ထဲတွင် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ထပ်တလဲလဲ ပြန်ကြည့်ပြီးသားပင်။အချိန်ကာလက အသေးစိတ်အချက်အလက်များကို ယိုယွင်းစေနိုင်တာလား၊တချို့နေရာတွေမှာ သူ့ဘာသာ လုပ်ကြံဇာတ်ခင်းထားမိတာလား၊သိချင်စိတ်နဲ့ သူ့ကိုယ်သူ သံသယဝင်မိတာ အကြိမ်ပေါင်း မနည်းတော့ပေ။ဒါပေမဲ့ ဒိုင်ယာရီထဲတွင် ထို့နေ့အကြောင်းရေးထားခဲ့တာကို ရှာဖွေကြည့်တော့၊ မဲ့တုန် ဤအကြောင်းအရာများကို တွေ့လေသည်။ 

၂၀၂၀ အောက်တိုဘာ ၃၁ရက်၊ နေသာတယ် 

ငါ့ကမ္ဘာထဲမှာ ထူးခြားတဲ့တစ်စုံတစ်ရာက ထွက်ပေါ်လာခဲ့တဲ့ ပုံပဲ။


၂၀၂၀ နိုဝင်ဘာ ၁ ရက်၊ နေသာတယ် 

ငါ့ဒိုင်ယာရီကို လှန်လှောမိတော့ မနေ့က ငါ အလောတကြီးနဲ့ စာတစ်ကြောင်းရေးခဲ့တာကို တွေ့တယ်။မနေ့က ကိစ္စမှာ ငါ နားမလည်တာတွေ အများကြီးရှိခဲ့တယ်၊ဒါကြောင့် ငါ ဘယ်လို ဖော်ပြရမလဲ မသိတော့လို့။ ငါ့ ဒူးခေါင်းက လမ်းလျှောက်ရင်၊အကွေးအဆန့် လုပ်ရင် နာနေတုန်းပဲ၊ဒါက သာမန် လဲကျတာလေးပဲလေ။ငါကတော့ ကိစ္စကြီးကြီးမားမားလို့ မထင်ပါဘူး။ဒီနေ့ မေမေက ငါ့ကို ဓါတ်မှန်ရိုက်ဖို့ လာခေါ်ခဲ့တယ်။ 

လမ်းမှာ ငါ သူမကို မေးကြည့်တယ်။

"မေမေ၊တစ်စုံတစ်ယောက်အကြောင်း အရမ်းသိချင်နေတာက ဘာကို ဆိုလိုတာလဲဟင်?" 

သူမက ပြုံးပြီး ငါ တစ်ယောက်ယောက်ကို ကြိုက်နေပြီလားလို့ မေးတယ်။ ငါက မဟုတ်ဘူး၊အဲ့ဒါက ကောင်လေးတစ်ယောက်လို့ ဖြေလိုက်တယ်။ 

မေမေကနေပြီး အခု ငါက လူပျိုဖော်ဝင်တဲ့ အရွယ်ကို ရောက်နေပြီး ဟော်မုန်းအပြောင်းအလဲကြောင့် အခုလို ထူးဆန်းသလို ခံစားနေရတာလို့ ပြောတယ်။သူမက စိတ်သက်သာရာရသလို သက်ပြင်းချလိုက်သေးတဲ့ပုံပဲ၊ သူမက ငါ တစ်နေ့ကျရင် ဘုန်းကြီးဝတ်သွားမှာကို ကြောက်နေတာလို့တော့ ထင်တာပဲ။ငါ့မှာ လူသားတစ်ယောက်ရဲ့ စိတ်ခံစားချက်တွေ ရှိနေသေးတယ်ဆိုတာ သိသွားလို့ သူမက စိတ်ချမ်းသာသွားတာ ဖြစ်မယ်။ 

လူပျိုဖော်ဝင်တာက ဘာဖြစ်မလဲ? ဒါပေါ့ ၊လူပျိုဖော်ဝင်တာကို ပြောချင်တဲ့ ဆင်တူယိုးမှား စကားလုံးတွေ ငါ သိထားပါတယ်၊ဝက်ခြံ ၊လိင်ဖွံ့ဖြိုးလာတာ၊ပုန်ကန်ချင်တာ၊ငယ်ငယ်လေးနဲ့ ရည်းစားထားချင်တာ။ အဲ့စကားလုံးတွေက လွဲလို့ ငါက လူပျိုဖော်ဝင်တာနဲ့ ပတ်သက်ပြီး ကျန်တာတွေ မသိဘူး။စဥ်းစားကြည့်ရအောင် ၊ယန်ရှုမင် ဆိုတဲ့ လူက ငါ့ရဲ့'လူပျိုဖော်ဝင်' တာလား? 

အာ၊ ဒီအကြောင်းကို ရေးရတာ ရုတ်တရက်ကြီး ရှက်စရာကောင်းလာပြီ။ငါ ဘာတွေလုပ်နေတာလဲ ၊ သူ့ကို ငါ့ရဲ့ 'လူပျိုဖော်ဝင်'တာလို့ သတ်မှတ်လိုက်တယ်ပေါ့? ငါက သူ့ကို ငါ့ရဲ့ 'လူပျိုဖော်ဝင်'တာလို့ စိတ်ကူးပေါက်သလို လျှောက်တွေးနေတယ်ဆိုတာ သိရင်၊ ငါက အရမ်းထူးဆန်းတဲ့သူ လို့ သူ တွေးနေလောက်တယ်။ 

ငါ သူ့ကို မကြိုက်ဘူး၊ သူက ယောကျ်ားလေး ပြီးတော့ ငါကလည်း ယောကျ်ားလေးပဲ။ ဒါပေါ့၊ ငါ သူ့ကို ကြိုက်မှာ မဟုတ်ဘူး။ 

ငါ ဒီလို ပြောပြတော့ မေမေက ယောကျ်ားလေးတွေလည်း အတူတူ ရှိလို့ရတယ်လို့ ငါ့ကို ပြောပြတယ်။ ငါ တကယ် ရှော့ခ်ရသွားတာပေါ့၊အရင်က ငါမှ မသိခဲ့တာ။ငါ့ရဲ့ အချစ်၊မေတ္တာ၊လိင်မှုကိစ္စနဲ့ ပတ်သက်တဲ့ နားလည်နိုင်မှုက တကယ်နိမ့်လွန်းတယ်။ ဗဟုသုတလည်း လုံးဝမရှိဘူး။ 

ငါ ပြန်ရောက်တော့ အချက်အလက်တစ်ချို့ လိုက်ရှာကြည့်မိတယ်၊ပြီးတော့ ယောကျ်ားတစ်ယောက်နဲ့ အခြားယောကျ်ားတစ်ယောက်က အတူတူ ရှိလို့ရတယ်၊ မိန်းမတစ်ယောက်နဲ့ နောက်ထပ်မိန်းမတစ်ယောက်က အတူတူရှိလို့ ရတယ် ဆိုတဲ့ 'လိင်တူနှစ်သက်ခြင်း' အကြောင်းအရာကို လေ့လာခဲ့ရတယ်။ရုတ်တရက် ဒီကမ္ဘာကြီးက ငါထင်ထားတာထက် ပိုပြီး စိတ်ဝင်စားဖို့ကောင်းတယ်လို့ ငါ ခံစားလာရပါလေရော။ 

ဒါပေမဲ့ ငါ ယန်ရှုမင်ကို ကြိုက်တယ်လို့တော့ ငါ မထင်ပါဘူး။ 

'မြင်မြင်ချင်း ချစ်'သွားတယ် ဆိုရင်တောင်မှ ၊အဲ့လောက်ထိ ပုံကြီးချဲ့ပြောနေစရာ မလိုဘူး၊ဟုတ်တယ်မလား? မနေ့က ငါတို့ ပထမဆုံး စကားပြောဖြစ်တာပဲ ၊ပြီးတော့ ဒါက ငါ့အတွက် အနေခက်တဲ့ အခြေအနေပဲ။ ဒါပေမဲ့ ငါ ဝန်ခံရမယ်၊ မနေ့က အဲ့ဒီအချိန်မှာ ငါ့နှလုံးသားက အသည်းအသန် ခုန်နေခဲ့တယ် ဆိုတာပဲ။ မနေ့က တစ်နေကုန် ကြောက်စရာကောင်းတယ်၊ပြီးတော့ ယန်ရှုမင်က တစ်နေ့တာလုံးမှာ တောက်ပနေတဲ့ တစ်ခုတည်းသော ဖြစ်တည်မှုလေးပဲ။ 

ဒါကြောင့်မို့လို့ သူ့အပေါ် ထားတဲ့ ငါ့ခံစားချက်တွေကို ငါ တလွဲနားလည်နေတာ သေချာပေါက်ပဲပေါ့။ငါ သူနဲ့ သူငယ်ချင်း ဖြစ်ချင်တယ်၊ ဒါပေမဲ့ ငါက အဲလိုကိစ္စမှာ မတော်ဘူး။ဓါတ်မှန်ရိုက်ထားတာ ရလာတဲ့အထိ အကြာကြီး တွေးနေခဲ့ပြီးမှ၊သူ့ကို ငါ့သူငယ်ချင်းအဖြစ် ငါ့ဘက်ကပဲ မှတ်ယူထားလို့ ရတယ်လို့ စဥ်းစားမိတယ်။သူ ဒါကို သိသွားတာမျိုး ငါ မလိုအပ်ဘူး၊ဒါပေမဲ့ သူ့ကို တိတ်တိတ်လေး လေ့လာကြည့်နေမဲ့အစား ငါ့မှာ ဒီလိုမျိုး အားကိုးရတဲ့သူငယ်ချင်းတစ်ယောက် ရှိတယ်လို့ ငါ့ကိုယ်ငါ လှည့်စားပြီးပဲ တွေးထားလိုက်မယ်။ 

အာ ... ငါက အရမ်းတုံးတာပဲ။ မဲ့တုန်၊ ငါ ပြောနေတာတွေက ဘယ်လိုတောင် ထူးဆန်းနေရတာလဲ?နှာဘူးတစ်ယောက်နဲ့ တကယ် တူတယ်။ 

ယန်ရှုမင်က ဘယ်လို လူစားမျိုးလဲ? ငါ သူ့အကြောင်းကို မတရား သိချင်နေတော့တာပဲ၊ ဒါမှသာ ညစာမစားရတဲ့အထိ အတူတူ အချိန်ကုန်ဆုံးနေကြတဲ့ စုံတွဲတွေအကြောင်း ငါ စပြီး နားလည်လာမှာ။ဒါက ယန်ရှုမင်ကို နားလည်နိုင်ဖို့ သုံးစွဲရမဲ့ အချိန် ဖြစ်နေခဲ့ရင်လည်း ငါ လုပ်ဖို့ ဆန္ဒရှိတယ်။ 

ထို့နေ့တွင် ရေးထားသော ဒိုင်ယာရီက အတော်လေး ရှည်လျားပြီး အဆက်အစပ်မရှိသော အတွေးများဖြင့် ရှုပ်ပွနေအောင် ရေးထား၏။မဲ့တုန် ဒါကို ရေးခဲ့တုန်းက တကယ်ကို ဝိရောဓိဖြစ်နေပြီး သူ့ကိုယ်ပိုင် ပြောင်းလဲမှုကို ဘယ်လိုကိုင်တွယ်ရမှန်း မသိ ဖြစ်နေခဲ့တယ်ဆိုတာ သိသာသည်။ 

ရက်အနည်းငယ်ကြာတဲ့အထိ သူ အိပ်မက်တွေ ဆက်တိုက်မက်သည်။ သူ့ အိပ်မက်တွေကတော့ ယန်ရှုမင်က သူ့ဘေးမှာထိုင်ရင်း သူ့ဒဏ်ရာနားကို လက်နှစ်ချောင်းနဲ့ဖိပြီး လှုပ်နိုင်လားလို့ လေးလေးနက်နက် မေးကာ၊ နောက်တော့ မတုံ့ဆိုင်းတော့ပဲ သူ့လက်ကောက်ဝတ်ကို ဆွဲပြီး ဘေးကို ခေါ်သွားပေးခဲ့တဲ့ အကြောင်း၊နောက်ကြောင်းပြန်မြင်ကွင်းတွေပဲ ဖြစ်နေသည်။ 

မဲ့တုန် ဒီအိပ်မက်ကို မငြီးငွေ့နိုင်သေးပဲ ထပ်တလဲလဲ ပြန်ပြန်မက်နေခဲ့သည်။သူ နိုးလာပြီဆိုရင် ဘုမသိ ဘမသိနဲ့ အိပ်ယာဖုံးကို လှန်ကြည့်ပြီး သူ့ရဲ့ဇီဝကမ္မ ပြောင်းလဲမှုကြောင့် ထိတ်လန့်သွားလိမ့်မည်။ ထို့နောက် အလောတကြီးနဲ့ သူ့ကိုယ်သူ လုံအောင် ပြန်ဖုံးအုပ်မည်။ ပြီးရင် အိပ်ရာဘေးက နိုင်ငံရေးသိပ္ပံစာအုပ်ကို ဆွဲယူပြီး စာမျက်နှာတွေကို လှန်လောဖတ်ရှုလေ့လာမည်၊ သူ့ခန္ဓာကိုယ် ပြန်လည်တည်ငြိမ်သွားပြီလား ဆိုတာ စစ်ဆေးဖို့ ဝံ့ရဲသည်အထိ ၁၀မိနစ်ကျော်ကျော် စာရွတ်ဖတ်နေလိမ့်မည်။ 

သူ ယန်ရှုမင်အပေါ် အရင်ကထက် ပိုပြီး အရမ်းကိုမှ ထူးထူးခြားခြား အာရုံစိုက်လာမိသည်။ 

အရင်တုန်းကတော့ မဲ့တုန်က ယန်ရှုမင် ဘယ်ပြိုင်ပွဲမှာ ဝင်ပြိုင်တယ်၊ဘယ်လို ရလဒ်တွေ ရတယ်၊အစမ်းစာမေးပွဲမှာ အမှတ်ဘယ်လောက်ရတယ်၊သူ့ရဲ့ ပြည်နယ်အဆင့်သတ်မှတ်ချက်က ဘယ်လောက်ဖြစ်တယ်၊ ဆရာမက ယန်ရှုမင်ကို တရုတ်လို၊အင်္ဂလိပ်လို ဘာစာစီစာကုံးတွေ ရေးခိုင်းတယ် ဆိုတာတွေကိုသာ အာရုံစိုက်ထားမိသည်။ 

ယခု မဲ့တုန်က ယန်ရှုမင်အပေါ် အာရုံစိုက်တာတွေကတော့ ဒါတွေဖြစ်သွားသည်။ ဘယ်နထပ်မြောက်က စားသောက်ဆိုင်တန်းမှာ သူ ပိုစားတတ်တယ်၊ ဘယ်ပြတင်းပေါက်ကို သူပိုကြိုက်တယ်။သာမန်ဟင်းပွဲတွေနဲ့ ခေါက်ဆွဲစပ်စပ်လေး ဆို သူက ဘာကို ပိုကြိုက်တယ် : အဲ့ဒါကို သိရဖို့ စားသောက်ဆိုင်တန်းမှာ ထမင်းစားပြီးရင် သူက စူပါမားကတ်ကို သွားပြီး မုန့်တွေဝယ်ရင် တိတ်တိတ်လေး လိုက်ကြည့်ရသည်။ ဘယ်လို သောက်စရာအမျိုးအစားကို ကြိုက်လဲ ဒါမှမဟုတ် သတ္ထုဓါတ်ပါတဲ့ စမ်းရေကို ကြိုက်တာလား : ဒါကို သိဖို့ သူတို့ PE အတန်းချိန် ရောက်ရင် တိတ်တိတ်လေး သွားကြည့်ရပါသည်၊အရမ်းကံကောင်းနေရင် PE အချိန် တစ်ချိန်လုံး ယန်ရှုမင် ဘတ်စ်ကတ်ဘော ကစားတာကို သူ ပွဲကြည့်စင်ပေါ်ကနေ ထိုင်ကြည့်ခွင့်ရတတ်သည်။ 

အဆိုပါ လေ့လာတွေ့ရှိချက်များအားလုံးသည် ပုန်းလျှိုးကွယ်လျှိုး လှုပ်ရှားမှုများဖြင့် ယန်ရှုမင်၏ အကြိုက်ဆုံး၊ဦးစားအပေးဆုံးအရာများကို နားလည်သဘောပေါက်ကာ စုဆောင်းထားရခြင်းဖြစ်သည်။ 

အချိန်အများစုမှာ ယန်ရှုမင်က ဟင်းလျာ set လိုက်ကိုသာ ရွေးချယ်လိမ့်မည်။ပေါက်စီထက် ထမင်းကို ရွေးချယ်မည်။စားသောက်တန်းတွင် နာမည်ကြီးသော ကြက်ဥခရမ်းချဥ်သီးမွှေကြော်နှင့် ထမင်းကို ယန်ရှုမင်၏ ထမင်းပန်းကန်ပေါ်တွင် တွေ့ရခဲသည်၊ဒါကြောင့် သူက ခရမ်းချဥ်သီးကို မကြိုက်ဘူးလို့ မဲ့တုန် ယုံထားလိုက်၏။ 

တစ်ခါတစ်လေ ယန်ရှုမင်က စားသောက်တန်းက ထွက်ရင် စတိုးဆိုင်ကို သွားပြီး ဆိုဒါရည် ဝယ်တတ်သည်။သူ့အကြိုက်က အပြောင်းအလဲ မရှိပါ၊ ဆိုဒါရည် တံဆိပ်တစ်မျိုးတည်းသာ ဝယ်ပြီး၊အရသာကတော့ မန်ဒရင်းလိမ္မော်အရသာ သို့မဟုတ် ဘလူးဘယ်ရီအရသာ ဖြစ်ချင်ဖြစ်မည်။ 

လဝက်ကြာသည်အထိ ထိုသို့ ဆက်တိုက် လုပ်ပြီးနောက် မဲ့တုန်မှာ သူ့ဒိုင်ယာရီကိုဖွင့်ရန် သူ့ကိုယ်သူ အတင်းအကြပ်လုပ်နေမိတာကို သိသွား၏။ 

၂၀၂၀ နိုဝင်ဘာ ၁၆ရက် ၊လေတိုက်တယ် 

ဒါက ကြိုက်တာလား? ကြိုက်တယ်ဆိုတာကို ဘယ်အရာနဲ့ အတိအကျ အစားထိုးဖော်ပြလို့ရလဲ ငါ မသိဘူး၊ ဒါပေမဲ့ ဒီနေ့ ညနေစာစားချိန်မှာ ငါတို့အတန်းပိုင်ဆရာက သူလုပ်နေကျအတိုင်းပဲ ဆယ်ကျော်သက်အချစ်ဇာတ်လမ်း မလုပ်ဖို့ လူတိုင်းကို သတိပေးတယ်။ငါလည်း ငါ့ရဲ့ လျှို့ဝှက်ခံစားချက်တွေကို တစ်ယောက်ယောက်က ဖော်ထုတ်ပစ်လာမလားဆိုပြီး လိပ်ပြာမလုံ ဖြစ်နေရတယ်။ 

ဒီစာကြောင်းအနည်းငယ်ဖြင့် မဲ့တုန်က သူ့ရဲ့ လူပျိုဖော်ဝင်ခြင်း ဆိုသော အခန်းသစ်ကို အပြည့်အဝ ဖွင့်လှစ်ပစ်လိုက်သည်။

++++++++