Chapter 22
အမှန်တော့ မဲ့တုန်လည်း သူ့ဘဝမှာ ယန်ရှုမင်က ဘယ်လောက်အရေးပါလဲဆိုတာကို ရှင်းရှင်းလင်းလင်း ပြောမပြနိုင်ပေ။
မဲ့တုန်က သူ့ဒိုင်ယာရီ တစ်နေရာထဲမှာ လူမှုဆက်ဆံရေးကိစ္စများကို အချိန်အကြာကြီးထဲက လေ့လာထားခဲ့ပြီး ဖြစ်သည်။အထူးသဖြင့် အထက်တန်းဒုတိယနှစ် ကျောင်းအားကစားပွဲတော် မတိုင်ခင် အချိန်ကာလ၌ မဲ့တုန်၏ ဒိုင်ယာရီအကြောင်းအရာများသည် ခံပြင်းခြင်း၊စိတ်သောကရောက်ခြင်းများ ပြည့်နှက်နေသည့် ဆယ်ကျော်သက်တစ်ဦး ဖြစ်နေကျ စိတ်ပူပန်မှုများနှင့် ပထမဆုံးအကြိမ်အဖြစ် ဆင်တူလာခဲ့သည်။
ဘယ်စာမျက်နှာကိုပဲ လှန်လိုက် လှန်လိုက်၊အကြောင်းအရာများက ဤသို့ပင် :
...ခုနှစ်၊ ...လပိုင်း၊ ...ရက်နေ့မှာ ရာသီဥတုက ....
ဆရာမကြီးက ငယ်ငယ်ရွယ်ရွယ်နဲ့ ရည်းစားထားတဲ့ ကျောင်းသားကျောင်းသူတွေကို နေ့လည်စာစားချိန်ရောက်တော့ ကွင်းပြင်မှာ ဖမ်းထားတာ ၊ဒီနေ့လည်း တော်တော်များများ ဖမ်းမိသလိုပဲ။ ညနေခင်း ကိုယ်ပိုင်စာလေ့လာချိန်ရောက်ရော ဆရာမကြီးက ငါတို့အတန်းထဲလာပြီး ဆယ်ကျော်သက်အရွယ် ရည်းစားထားတာကို အများကြီး ပြောနေခဲ့တာ။ အတန်းထဲက တချို့လည်း မိသွားတဲ့အထဲ ပါသွားတာနဲ့တူတယ်၊ငါလည်း သေချာတော့ မသိဘူး၊ငါ ဒါတွေကို ဘယ်တုန်းကမှ ဂရုစိုက်မနေဘူး။အမှန်တကယ်ပဲ ဂရုမစိုက်တာလား ...ဂရုမစိုက်ချင်ယောင်ဆောင်နေမိတာလား သေချာမသိပေမဲ့ပေါ့။
ဘာလို့လဲဆိုတော့ ငါက အခုထိ သူငယ်ချင်းထားဖို့တောင် မလုပ်နိုင်ခဲ့ပဲလေ၊ ချိန်းတွေ့တာဆို ပိုပြီးဝေးသေး၊ငါ့အတွက် ရှာရခက်တယ်။ ငါ တကယ် နားမလည်ဘူးလေ။
လူတစ်ယောက်ကို နောက်ထပ်လူတစ်ယောက်အကြောင်း နေ့တိုင်း တွေးမိနေအောင် ဘယ်လိုစိတ်ခံစားချက်တွေက လုပ်နေရတာလဲ? နေ့လည်စာစားချိန် မိနစ်၃၀ လေးပဲ ရတာကို သူတို့က မစားမသောက်ပဲ၊ ကွင်းထဲသွားပြီး အတူ အချိန်ဖြုန်းနေကြသေးတယ်၊နာရီဝက်ကြာအတဲ့အထိလေ။ငါဆိုရင်တော့ အဲ့လိုကြီး မလုပ်နိုင်လောက်ဘူး။ငါရဲ့ ခံစားချက်တွေက သူများတွေနဲ့ တော်တော်များများ မတူသလိုပဲ။အခြားသူတစ်ယောက်အတွက်နဲ့ ငါ့ရဲ့ပင်ကိုစရိုက်နဲ့ အချိန်တွေကို အနစ်နာခံပေးဖို့ ငါ့မှာ စိတ်ကူးမရှိဘူး။
ဒါကြောင့်ပဲ ငါက သူငယ်ချင်းတွေထားဖို့ မသင့်တော်တာလေ။အထီးကျန်တာက ချိုးနှိမ်ထားဖို့ ခက်ခဲတဲ့ ခံစားချက် ဆိုပေမဲ့ အဲ့ဒါကလည်း ခံစားချက်တစ်ခုလောက်ပဲ။ငါက လူ့လောကအကြောင်းကို နားမလည်ဘူး၊ငါ့ကိုငါတောင် နားမလည်နိုင်သေးဘူး။အပြောင်းအလဲတွေ လွယ်လွယ်မလုပ်တာက ငါ့အတွက် ပိုကောင်းလိမ့်မယ်။
...ခုနှစ်၊ ...လပိုင်း၊ ...ရက်နေ့မှာ ရာသီဥတုက ....
ဒီနေ့ ငါ တော်တော် စိတ်ညစ်နေတယ်။ ငါက ပထမနှစ်တုန်းကလည်း ကျောင်းအားကစားပွဲမှာ ဝင်မပြိုင်တာကို ဆရာက သဘောမကျ ဖြစ်နေခဲ့တာ၊ ပြီးတော့ အားကစားပွဲဆိုတာ အတန်းဖော်အချင်းချင်း စည်းလုံးညီညွတ်မှုကို ထုတ်ပြနိုင်တဲ့အတွက် ဘယ်လိုတောင် မရှိမဖြစ် အရေးပါတဲ့ပွဲ ဆိုတာတွေကို ငါ့ဆီကို အပ်ကြောင်းထပ်အောင် ပြောလာတယ်။အဲ့ဒါနဲ့ ငါ့မှာ ပြိုင်ပွဲတစ်ခုကို ဝင်ပြိုင်ဖို့ စာရင်းပေးလိုက်ရတယ်။အတင်းအကြပ် စာရင်းပေးရရုံတင် မကဘူး၊ ခြေသုံးချောင်းထောက် အပြေးပြိုင်ပွဲ ဝင်ပြိုင်ဖို့ ငါ့ထိုင်ခုံဖော်နဲ့ နှစ်ယောက်တစ်တွဲ တွဲပေးခံလိုက်ရတာနဲ့ပါ အဆုံးသတ်သွားတယ်။
အား အား အား! ငါ ဒါကို တကယ်မလုပ်ချင်ဘူးလို့။ခြေသုံးချောင်းထောက် အပြေးပြိုင်ပွဲဆိုတာက မူကြိုကလေးတွေ မိဘနှင့် အတူဆော့ရတဲ့ ကစားနည်းကြီးဟာ၊ အထက်တန်းကျောင်းအထိ ဒီပြိုင်ပွဲက ဘာဖြစ်လို့ ရှိနေရသေးတာလဲ? ပိုဆိုးတာက ငါ့ထိုင်ခုံဖော်နဲ့ အတူပြိုင်ရမှာပဲ။ငါတို့စကားမပြောတာ ရက်ပေါင်း မနည်းတော့ဘူး၊အတော်လေးကို ကသိကအောက် ဖြစ်နေရမှာ T_T
ကသိကအောက်ဖြစ်တာတင်မကဘူး၊စိတ်ပျက်ဖို့လည်း ကောင်းသေး
ငါ ဒီခံစားချက်ကို ဘယ်လို ရေးပြရမလဲ မသိဘူး။ဖော်ရွေတတ်တဲ့ လူတစ်ယောက်လို အတင်းကြိုးစားပြီး သရုပ်ဆောင်တဲ့နေရာမှာ ငါက သိပ်မတော်ဘူး။ ငါ ဒီလိုအထီးကျန်တဲ့ ခံစားချက်ကို ကျော်လွှားနိုင်တာနဲ့ ငါဘယ်လိုပဲ ဖြစ်ချင်ဖြစ်ချင်၊ ငါ ဘာတွေပဲ လုပ်ချင်လုပ်ချင် ပံ့ပိုးပေးမယ်လို့ မေမေက ပြောထားတယ်။ဒါပေမဲ့ အခုကျတော့ ဒီပြိုင်ပွဲမှာ ငါသဘောမကျတဲ့သူနဲ့ အတူတွဲပြီး အတင်းအကြပ် ဝင်ပြိုင်ခိုင်းရတယ်လို့။ ရုတ်တရက်ကြီး အထီးကျန်တာကို ငါ မကျော်လွှားနိုင်တော့ဘူးလို့ ငါ နားလည်လာသလိုပဲ။
ငါ့ရဲ့ဘဝမှာ ငါ စကားပြောလို့ရမဲ့၊ငါနဲ့ အဖော်လုပ်ပေးမဲ့၊ ငါ့ကို နားလည်ပေးမဲ့ တစ်ယောက်ယောက် ရှိလာပါစေလို့ ငါဆုတောင်းတယ်။အခုကတော့ ဒီဒိုင်ယာရီလေးက ငါ့ရဲ့အကောင်းဆုံးသူငယ်ချင်းပဲ၊ ငါ ပြောချင်တာတွေ အကုန်ပြောလို့ရတယ်။
...ခုနှစ်၊ ...လပိုင်း၊ ...ရက်နေ့မှာ ရာသီဥတုက ....
အားကစားပွဲနီးလာလေ စိုးရိမ်သောကဆိုတဲ့ ခံစားချက်ကို ငါ တွေ့ကြုံခံစားရလေပဲ။ဒီရက်တွေထဲ ငါ့ကိုငါ အဆင်ပြေပါတယ်လို့ ဆက်တိုက်ပြောနေရတယ်၊ ဒီကိစ္စက ကြီးကြီးမားမား မဟုတ်ပါဘူး လို့။တကယ်တော့ ငါ သဘောမကျတဲ့ လူနဲ့ အတူ ဝင်ပြိုင်ရမှာတစ်ခုပဲ။ပြေးရမဲ့ အကွာအဝေးက စုစုပေါင်း မီတာ ၁၀၀ ဆိုတော့ မြန်မြန်တော့ လုပ်မှရမယ်။ငါက သူ့ကို သဘောမကျရုံပါပဲ ၊မုန်းနေတာမှ မဟုတ်တာ၊ အခုထိလည်း နေ့တိုင်း အေးအေးချမ်းချမ်းနဲ့ အတူထိုင်နေကြတာပဲလေ ၊ဟုတ်တယ်မလား?
ဒါပေမဲ့ ငါ့စိတ်ထဲမှာ အတော်ကို နေမထိ ထိုင်မသာ ဖြစ်နေတုန်းပဲ။ငါ့အတွက် ပထမဆုံး အနေနဲ့ ဒီလိုကိစ္စကို ရင်ဆိုင်ခုခံနေရတာ၊ပြီးတော့ အကြောင်းပြချက်ကိုလည်း တိတိတိကျကျ မရှာနိုင်ဘူး။ညစာစားတုန်းကလည်း ငါ ဒါကို အကြာကြီး တဝဲလည်လည် တွေးနေမိတယ်။ငါက တကယ်ပဲ နောက်ထပ် တစ်ယောက်တည်း ဆက်ပြီး မနေနိုင်တော့တာကြောင့်ပဲ ဖြစ်မယ်။အထီးကျန်ရတာက ငါ့ရဲ့ စိတ်ကို တော်တော် ဒုက္ခပေးတယ်၊ စိတ်က မတည်မငြိမ်နဲ့ စဥ်းစားချင့်ချိန်နိုင်စွမ်းပါ ကျလာတယ်။
ဒါပေမဲ့ အဆင်ပြေပါတယ်၊ တစ်ယောက်ထဲ နေရတာကို ငါက နေသားကျနေပြီးသားပဲ။အားကစားပွဲမှာ ဝင်ပြိုင်ပြီးမှ ငါ့ကိုငါ စိတ်တည်ငြိမ်သွားအောင် လုပ်ဖို့ ကြိုးစားရမယ်။အခုတလော စာတွေကလည်း အရမ်းများလာတယ်။ အားကစားပွဲမှာ မထင်မှတ်ပဲ ဝင်ပြိုင်ရတာမျိုးသာ မဖြစ်ရင် ငါ ဒါတွေ တွေးနေဖို့တောင် ခေါင်းထဲမှာ နေရာလွတ် ကျန်နေမှာ မဟုတ်ဘူး။
မဲ့တုန် ကြိုးစားထား!
မဲ့တုန်က အတိတ်အကြောင်း ပြန်တွေးတောနေတာ နည်းသည်။သူ ပြန်တွေးတဲ့နေရာမှာ မတော်ပါ။
မဲ့တုန်အတွက် အတိတ်အကြောင်း အရှင်းလင်း အပီသဆုံး အမှတ်တရတွေက အထက်တန်းဒုတိယနှစ်ကာလက ကျောင်းအားကစားပွဲတော်အကြောင်းပင်။ထိုနေ့ကို မနက် အိပ်ရာထချိန်မှ ညအိပ်ရာဝင်ချိန်အထိ ၊မိနစ်တိုင်း ၊စက္ကန့်တိုင်း၊ ပုံရိပ်တိုင်း၊ အဖြစ်အပျက်တိုင်းကို မဲ့တုန်က အကုန်လုံး ပြတ်ပြတ်သားသား ပြန်တွေးနိုင်ပါ၏။
အောက်တိုဘာလ ကုန်ခါနီး၊ ဆောင်းဦးကာလ တွင် ဖြစ်သည်။
မနေ့ညက မဲ့တုန် ကောင်းကောင်းအိပ်မပျော်ပေ။သူ့အတန်းဖော်နဲ့ ခြေသုံးချောင်းထောက်အပြေးပြိုင်ရာတွင် ကသိကအောက် အခြေအနေပေါင်းစုံက ရှုပ်ထွေးနေကြောင်း သူ အိပ်မက်မက်ခဲ့သည်။သူတို့နှစ်ယောက်က လဲကျသွားပြီး ထိုင်ခုံဖော်က သူ့ကို နှေးနေလို့ဆိုပြီး အပြစ်တင်နေသည်တဲ့။ကွင်းထဲမှာ မတ်တပ်ရပ်ရင်း ထိုင်ခုံဖော်က သု့ကို ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းနေခဲ့သည်တဲ့။မနက်ရောက်တော့ သူ စိတ်ပျက်မှုအပြည့်နဲ့ နိုးလာခဲ့၏။ မဲ့တုန်မှာ အစားလည်း စားချင်စိတ်မရှိသလို၊ မျက်နှာကလည်း မှုန်မှိုင်းနေလေသည်။နာနီ အန်တီက သူ့ကို ပေးလိုက်တဲ့ ပဲကိတ်မုန့် တစ်ဝက်ကိုပဲ ကျောင်းကိုလာရင်းနဲ့ ကမန်းကတမ်း စားခဲ့သည်။
မဲ့တုန် တစ်ယောက်ကသာ စိတ်ဓါတ်ကျနေပေမဲ့ ကျန်တဲ့သူတွေက အားကစားပွဲကြောင့် အတော်လေး တက်ကြွနေကြသည်။ကျောင်းကော်မတီဝင်က မီတာ ၈၀၀ အပြေးပြိုင်မဲ့သူများ၊အလျားခုန်မည့်သူများ၊ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ ပြိုင်မည့်သူများကို နာမည်စာရင်း ဆက်တိုက် ခေါ်နေခဲ့သည်။ပွက်ပွက်ညံအောင် စိတ်လှုပ်ရှားနေကြသော အသံများက မဲ့တုန်၏ နားထဲ ပြည့်နေ၏။မဲ့တုန် စားပွဲခုံပေါ်မှာ ခေါင်းမှောက်အိပ်လိုက်ပြီး ခြေသုံးချောင်းထောက် အပြေးပြိုင်ပွဲမှာ ဝင်ပြိုင်မည့် သူတို့နှစ်ယောက်၏နာမည်ကို ကျောင်းကော်မတီဝင်က ခေါ်တာ သူ စောင့်ဆိုင်းနေမိသည်။
"ဒီတစ်ကြိမ်တော့ ကျွန်တော်တို့ အတန်းက ပျော်ရွှင်စရာ ပြိုင်ပွဲနှစ်ခုမှာ ဝင်ပြိုင်မှာ ဖြစ်ပါတယ်၊ အဲ့ဒါတွေကတော့ ခြေသုံးချောင်းထောက် အပြေးပြိုင်ပွဲနဲ့ ခါးလှည့်ကွင်းပြိုင်ပွဲတွေ ဖြစ်ပါတယ်။မင်းတို့ သိကြတဲ့အတိုင်း အဲ့ဒီပြိုင်ပွဲတွေက ပျော်ဖို့ရွှင်ဖို့ သက်သက်ပါ။ဆုရခဲ့ရင်တောင်မှ အားကစားပွဲ စုစုပေါင်းရမှတ်မှာ ထည့်သွင်းတွက်ချက်မှာ မဟုတ်ပါဘူး။ဒါက မင်းတို့တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုထက်တော့ ပိုပါတယ်။အခု ခြေသုံးချောင်းထောက် အပြေးပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့အတွက် ငါတို့မှာ မဲ့တုန် နဲ့ ယွီချန်းချန်း တို့ ရှိပါတယ်"
နောက်ဆုံးတော့ မဲ့တုန် သူနာမည်ကို ကြားလိုက်ရသည်။သူ ပါးစပ်က မဖြေလိုက်ပေမဲ့ ထိုင်ခုံပေါ် ထိုင်နေရင်းက လက်မြှောက်ပြလိုက်သည်။သို့သော် အတန်းထဲမှာ ဆူညံနေပြီး ပွက်လောရိုက်နေသဖြင့် ကျောင်းကော်မတီဝင်က မဲ့တုန် လက်မြှောက်ပြသည်ကို ချက်ချင်း သတိမထားမိပေ။သူက သူ့အသံကို ပိုမြှင့်လိုက်ပြီး
"ဟုတ်ပြီ၊ဟုတ်ပြီ၊ ယွီချန်းချန်း၊ မင်းရဲ့ထိုင်ခုံဖော် ဒီမှာရှိလား?မဲ့တုန်က ဘယ်ရောက်နေတာလဲ?"
မဲ့တုန် ရွေးချယ်စရာမရှိဘဲ မတ်တပ်ထရပ်လိုက်ပြီး အော်ပြောလိုက်သည်။ "ဒီမှာပါ"
မဲ့တုန် အမှန်တကယ်ကို စိတ်ညစ်နေပြီဖြစ်သည်။သူ့အနေနဲ့ ယခုကဲ့သို့မကောင်းတဲ့ ကိုယ်ရေးကိုယ်တာ စိတ်ခံစားချက်များကို ပြင်းပြင်းထန်ထန် ခံစားရတာ အလွန်ရှားသည်။အတွေ့အကြုံကလည်း မရှိ၊ပထမဆုံးအကြိမ် ရင်ဆိုင်ကြုံတွေ့ရတာ ဖြစ်လေသည်။အင်္ဂလိပ်မီးနင်းစာအုပ်ကို ကိုင်ရင်း သူ ကွင်းထဲ ရောက်သွားသည်။ကျင့်သားမရနိုင်သူ မဲ့တုန်က ပျော်ရွှင်တက်ကြွနေသော အတန်းဖော်များနှင့် ဝေးရာ၊ အတန်းထိုင်ခုံများ၏ အပေါ်ဘက် ထောင့်တစ်နေရာကို ရွေး၍ ထိုင်လိုက်၏။
ဆူညံမှုများ မဝင်ရအောင် ပိတ်ဆို့ထားချင်သည့်နှယ်၊မဲ့တုန်သည် မီးနင်းစာလုံးများကို အလွတ်ကျက်မှတ်သည့်အလုပ်မှာ အာရုံစိုက်ထားပြီး သူ့ကိုယ်သူ တည်ငြိမ်လာစေဖို့ ကြိုးစားခဲ့သည်။
သူ မီးနင်းစာလုံး အနည်းငယ်ကိုသာ သေချာမှတ်မိအောင် အလွတ်ကျက်နိုင်ခဲ့သည်၊ဘာကြောင့်လဲဆိုတော့ သူ စာဆက်ကျက်လို့ကို မရတော့၍ ဖြစ်သည်။စာကျက်နေရင်း အောက်ဘက်သို့ သူကြည့်လိုက်စဥ်ခဏ၌ ယန်ရှုမင်က သူငယ်ချင်းတစ်ယောက်နဲ့အတူ ကွင်းထဲဝင်လာသောကြောင့်တည်း။
တကယ်ကို ထူးခြားဆန်းကြယ်တဲ့ အခိုက်အတန့်လေးပဲ။
ဆောင်းဦးကာလ ဖြစ်သော်လည်း ယောကျ်ားလေးအများစုက အားကစားပွဲတွင် အင်္ကျီလက်တိုများ ဝတ်ထားကြသည်။ယန်ရှုမင်ကတော့ အားကစားဘောင်းဘီအဖြူနှင့် အဖြူရောင်စွပ်ကျယ်လက်ပြတ်အင်္ကျီ တို့ဖြင့် တစ်ကိုယ်လုံး ဖြူစွတ်နေအောင် ဝတ်လာခဲ့သည်။ကံကြမ္မာက စေစား၍လား မသိ၊ကစားကွင်းထဲက နေရာအကျယ်ကြီးနှင့် လူအုပ်စုကြီး၏အလယ်တွင် သူတို့၏မျက်ဝန်းများက ဆုံစည်းသွားခဲ့သည်မို့။
မဲ့တုန်၏ နှလုံးသားထဲတွင် အဖြူရောင်နှင်းပွင့်လေးများက တိတ်တဆိတ်နဲ့ တဖွဲဖွဲ ကျဆင်းလာသလို ခံစားလိုက်ရပြီး သူ ချက်ချင်း တည်ငြိမ်သွားခဲ့သည်။ ပတ်ဝန်းကျင်ရှိ အသံများက သူနဲ့ ဝေးကွာသွားပြီး၊အဝေးကလာသော ဒီအကြည့်လေးတစ်ချက်ဆိုတာ မဲ့တုန်အနေနဲ့ စိတ်ကူးယဥ်နေမိများတာလားဆိုပြီး အံ့ဩသွားခဲ့ရသည်။
သူ့မျက်လုံးများက ယန်ရှုမင် ဝင်လာချိန်မှ စ၍ သူတို့အတန်းမှ ထိုင်ခုံတွင် ထိုင်လိုက်သည်အထိ တစ်လျှောက်လုံး လိုက်ကြည့်နေမိသည်။
မဲ့တုန်၏ နှလုံးသားမှာ ဒုန်းစိုင်းခုန်ပေါက်နေပြီး သူ အလျင်အမြန်ခေါင်းပြန်မငုံ့ခင်အထိ ခဏကြာအောင် ရီဝေယစ်မူးနေတော့သည်။
"Tendency ... tendency , tendency အဲ့ဒါက ဘာအဓိပ္ပါယ်ပါလိမ့် ?"
သူ သည်းမခံနိုင်ပဲ ယန်ရှုမင်ကို နောက်တစ်ခါ ခိုးကြည့်လိုက်မိ၏။ထိုသူက ခုံမှာထိုင်၍ ဖုန်းနှင့် ဆော့နေပြီး၊ မျက်နှာအမူအရာကိုတော့ သဲသဲကွဲကွဲ မမြင်ရပေ။မိန်းကလေးတစ်ယောက်က သူ့ကို ချောကလက်တစ်ခု လာကျွေးလေသည်၊ အစက ယန်ရှုမင်က ငြင်းနေပေမဲ့၊နောက်တော့ ထိုမိန်းကလေးက ဘာပြောလိုက်လဲ မသိ၊ သူက ချောကလက်ကို ယူထားလိုက်၏။
သူ အကြိမ်များစွာ အသက်ပြင်းပြင်း ရှုသွင်းလိုက်သည့်တိုင် မီးနင်းစာလုံးများကို လုံးဝ မမှတ်မိနိုင်ပဲ ရှိလေသည်။
စင်မြင့်ပေါ်က ကြေညာနေတာကို သူ နားထောင်ကြည့်တော့ ယန်ရှုမင်က တစ်ကီလိုမီတာ အပြေးပြိုင်ပွဲနှင့် လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ ၊ပြိုင်ပွဲ ၂ခုတွင် ဝင်ပြိုင်ရန် စာရင်းသွင်းခဲ့သည့်ပုံပင်။သူ စိတ်လှုပ်ရှားစွာ စောင့်နေမိပြီး နောက်ဆုံးတော့ ယန်ရှုမင်က သူတို့အတန်းရှေ့ကနေ ဖြတ်ပြေးသွားတာကို ဖြတ်ခနဲ မြင်လိုက်ရသည်။လေပြင်းတစ်ချက် တိုက်ခတ်သွားသလို ထိုသူက တဟုန်ထိုး ပြေးထွက်သွားသည်။အတန်းထဲက မိန်းကလေးတွေကလည်း ယန်ရှုမင်က သူတို့အတန်းသားဖြစ်နေသလိုမျိုး အသည်းအသန် အားပေးနေကြ၏။
မဲ့တုန်မှာ စိုးရိမ်ပြီး ဖိအားများနေသလိုမျိုး သူ့ကိုယ်သူတောင် မသိဘဲ လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိတာကို တွေ့ရ၏။သာမန် ကျောင်းအားကစားပွဲတစ်ခုကို ကြည့်နေရတာမဟုတ်ဘဲ အိုလံပစ်အားကစားပြိုင်ပွဲတစ်ခု ကြည့်ရှုနေရသည့် အလား။
ကံဆိုးစွာနဲ့ အဆုံးသတ်ပန်းတိုင်မျဥ်းကို အရင်ဦးဆုံး ဖြတ်ပြီး ပန်းဝင်သူက ယန်ရှုမင် မဟုတ်ခဲ့။မဲ့တုန်က ရှေ့တန်းက မိန်းကလေးများ အားမလို အားမရနဲ့ ပြောနေသည်ကို ခိုးနားထောင်ကြည့်တော့ ပထမရတဲ့သူက အားကစားသမားတစ်ယောက်ဖြစ်ပြီး ပထမနေရာရဖို့ လူတိုင်းက ကြိုမှန်းထားတဲ့သူဖြစ်သည်တဲ့။
ဒါကို သူ ကြားလိုက်တော့ မဲ့တုန်က အဆုံးသတ်ပန်းတိုင်မျဥ်းရှိရာကို ကြည့်လိုက်တော့သည်။ ပထမဆု ရယူနိုင်ခဲ့သော ကျောင်းသားက ယန်ရှုမင်ထံသို့ ရေဘူးတစ်ဘူး ပစ်ပေးလိုက်သည်၊ ရေသောက်ရင်းနဲ့ သူတို့က ရှေ့ကို ဆက်လျှောက်သွားကြပြီး သူတို့၏ လက်သီးဆုပ်များကိုလည်း အချင်းချင်း တိုက်လိုက်ကြသည်။
ထိုခဏတွင် အခြေအနေကို မဲ့တုန် သေချာ သဘောမပေါက်သေးပါ။သူ့ဦးနှောက်က ရရှိလာသော သတင်းအချက်အလက်များကို နှေးကွေးလေးလံစွာဖြင့် ဆောင်ရွက်နေသည်၊ ပြီးတော့မှ သူ ယန်ရှုမင်ကို မနာလိုဖြစ်နေမိတာကို သိသွားရ၏။
ယန်ရှုမင်၏ ဘေးမှာ သူငယ်ချင်းတွေ အများကြီး ရှိသည်။ဒါတင်မကသေး၊ ယန်ရှုမင်၏ အဆင့်များက သူ့ထက် ပိုကောင်းသည်။ပြိုင်ပွဲများစွာမှာလည်း ယန်ရှုမင်က အမြဲတမ်း ဝင်ရောက်ယှဥ်ပြိုင်တတ်သည်။ယန်ရှုမင်အကြောင်းကို ဒီလောက်အသေးစိတ် တွေးနေမိတာ မဲ့တုန် သူ့ကိုယ်သူ မသိခဲ့ပေ၊အံ့ဩဖွယ်ပင်၊သူ တွေးရင်းဖြင့် ယန်ရှုမင်၏ ပင်ကိုစရိုက်အကြောင်းအထိ ရောက်လာတော့သည်။
မဲ့တုန်မှာ အတော်လေး ရှုံးနိမ့်သလို ခံစားနေရပြီး၊အားကစားပွဲကဲ့သို့ ပြိုင်ပွဲများတွင် ကျွမ်းကျွမ်းကျင်ကျင် မရှိတာကို ရှောင်နိုင်ဖို့ သူ့အနေနဲ့ ကိုယ်လက်လှုပ်ရှားမှု များများစားစား လုပ်သင့်၊မလုပ်သင့် တွေးတောနေခဲ့မိသည်။သူက ခြေသုံးချောင်းထောက် အပြေးပြိုင်ပွဲလို အပျော်သက်သက် ကျင်းပသည့် ပြိုင်ပွဲ၌သာ ပါဝင်နိုင်သည်လေ။ခြေသုံးချောင်းထောက် အပြေးပြိုင်ပွဲက ရှက်စရာကောင်းတယ်လို့ သူ မတွေးမိပေမဲ့ သူ့လက်ရှိအနေအထားကိုတော့ မကျေမနပ် ဖြစ်နေခဲ့သည်။
စင်မြင့်ပေါ်ရှိ အစီအစဥ်တင်ဆက်သူက ခြေသုံးချောင်းထောက် အပြေးပြိုင်ပွဲအကြောင်း ပြောလိုက်ချိန်မှာတော့ မဲ့တုန် မီးနင်းစာအုပ်ကို ပိတ်လိုက်တော့သည်။သူက ပြင်ဆင်ဖို့အတွက် ထိုင်ခုံဖော်ဖြစ်သူ ယွီချန်းချန်းနှင့်အတူ သွားချင်ပေမဲ့ အတန်းဖော်တစ်ယောက်က ယွီချန်းချန်းတစ်ယောက် ကျင်းပမည့်နေရာကို အရင်သွားနှင့်ပြီလို့ သူ့ဆီ ပြောလာခဲ့၏။မနေ့ညက ကွက်ကွက်ကွင်းကွင်းရှိသော အိပ်မက်ကလည်း မဲ့တုန်၏ စိတ်ထဲတွင် လောလောလတ်လတ် ရှိနေသဖြင့် အနည်းငယ် စိတ်လှုပ်ရှားလာတော့၏။
သူက ချည်ထားသော ကြိုးများကို စစ်ဆေးလိုက်ချိန်တွင် ယွီချန်းချန်းက ထပ်ပြီး စောဒကတက်လာပြန်သည်။
"တော်တော် စိတ်ညစ်ဖို့ကောင်းလိုက်တာ!ဘာဖြစ်လို့ ငါက ဒီပြိုင်ပွဲကို ဝင်ပြိုင်ရမှာလဲ? အရမ်း ရှက်စရာကောင်းတယ်"
"ဟေး မဲ့တုန်၊မင်း ငါ့ကို ဆွဲချဖို့ မကြိုးစားနဲ့နော် အာ၊ ငါက ဝတယ်ဆိုပေမဲ့ တစ်ခါတစ်လေ ဘတ်စကတ်ဘော ကစားနေကြ၊ မင်းက ဘာလှုပ်ရှားမှုမှ လုပ်တာ ငါ မတွေ့ဖူးဘူး၊မင်းမှာ အားကစားစွမ်းရည်ရော ရှိပါ့မလားလို့ ငါ သံသယဖြစ်မိတယ်"
"ဒီပြိုင်ပွဲမှာ ဝင်ပြိုင်ပြီး ပထမဆုရဖို့ မင်း မျှော်လင့်နေတာတော့ မဟုတ်ပါဘူးနော်၊ဟုတ်တယ်မလား? ငါ မင်းကို ပြောပြမယ်၊ ငါတို့နှစ်ယောက် မြေပေါ်ကို လုံးထွေးပြီး ပစ်လဲမသွားရင်ကို ငါတို့အတွက် အနိုင်ရတာပဲ။ အဆင့်သတ်မှတ်ချက်တွေ ဘာညာ တွေးမနေနဲ့၊ကံကောင်းထောက်မပြီး ငါတို့ ပထမဆုရခဲ့ရင်တောင်မှ စုစုပေါင်းရမှတ်ထဲကို ထည့်တွက်မှာမှ မဟုတ်တာ၊မင်း ငါ့ကို အရှက်ရအောင်တော့ မလုပ်နဲ့"
မဲ့တုန် စိတ်ညစ်နေရပြီး ယွီချန်းချန်းကလည်း ဆက်ပြောနေဆဲ။ယွီချန်းချန်းက စကားကို ကြမ်းကြမ်းတမ်းတမ်း မပြောသော်ငြား သူ့ကိုယ်သူတော့ ဘယ်တော့မှ တိုက်ရိုက် အပြစ်မတင်ပေ။
မဲ့တုန်က တည်တည်ငြိမ်ငြိမ်နဲ့ ပြန်တုံ့ပြန်လိုက်သည်။
"ငါ သိတယ်၊ အဆင့်သတ်မှတ်ချက်တွေအတွက် ငါ ဘယ်တော့မှ ဝင်ပြိုင်ချင်တာ မဟုတ်ဘူး"
ယွီချန်းချန်၏ သဘောထားက ကျိုးကြောင်းဆီလျော်နေသေးသည်။
"အိုး၊ ဒါဆို ကောင်းတာပေါ့၊ပြိုင်ပွဲကို ဖြေးဖြေးမှန်မှန်ပဲ အဆုံးသတ်ရအောင်"
စတင်ရန် သေနတ်ဖောက်လိုက်ချိန်တွင် ယှဥ်ပြိုင်သူများက ခလုတ်တိုက်နေရင်း ဒယီးဒယိုင်ဖြင့် တာထွက်မှ စထွက်ကြသည်။ တကယ်တော့ ဒီလို အပျော်ပြိုင်ပွဲက ယှဥ်ပြိုင်ရန် ခက်ခဲလှသည် မဟုတ်၊လူနှစ်ယောက် ဖြစ်နေ၍ပင်။ဘယ်ညာ ခြေလှမ်းများကို လိုက်လျောညီထွေ လှမ်းနိုင်ရန် ကြွေးကြော် အော်ဟစ်ပေးကြ၏။မဲ့တုန်သည်လည်း သူတတ်နိုင်သမျှ အကောင်းဆုံး ပူးပေါင်းဆောင်ရွက်ပေးပါ၏။သို့သော် ၇လှမ်း၊၈လှမ်းမျှ လှမ်းပြီးနောက် သူ့ခေါင်းတစ်ခုလုံး ချွေးများ စိုရွှဲလာလေသည်။
သူတို့ပြေးနေချိန်၌ ယွီချန်းချန်း၏စည်းချက်က ဟိုရောက်လိုက်၊ဒီရောက်လိုက် ဖြစ်နေခဲ့သည်။အဆုံးသတ်မှာ ထိုသူက ဆိုးဆိုးရွားရွား ခလုတ်တိုက်မိပြီး 'ဘုတ်'ခနဲ အသံကျယ်ကျယ်နှင့်အတူ သူတို့နှစ်ယောက်လုံး မြေကြီးပေါ် ပြင်းပြင်းထန်ထန် ပစ်လဲသွားတော့၏။
++++++++