Chapter 19
မဲ့တုန်သည် လေးနှစ်ကြာသည်အထိ ယန်ရှုမင်ကို တိတ်တခိုးချစ်နေခဲ့ပြီး တစ်နေ့မှာ ယန်ရှုမင်က ခံစားချက်တွေကို သူ့ဆီ ဖွင့်ပြောလာမယ်ဟု အိပ်မက်ထဲမှာပင် မထင်ထားခဲ့ဖူးပါ။ လီရှန့်နန် မှတ်ချက်ချခဲ့သည့်အတိုင်း ကောင်းကင်ဘုံက သူတို့ကို ကောင်းချီးပေးနေတာလားလို့ သူ မအံ့ဩပဲ မနေနိုင်ပေ။
ယန်ရှုမင်က စိတ်ရှည်သည်းခံနိုင်မှုကို မယုံနိုင်လောက်အောင် ထုတ်ပြခဲ့သည်။ သူ့ခံစားချက်တွေ ဖွင့်ပြောပြီးနောက် သူက မဲ့တုန်ကို နူးညံ့စွာနဲ့ ကြည့်နေပြီး၊သူ ဖွင့်ပြောထားသည်ကို မဲ့တုန် လက်ခံတာ စောင့်နေခဲ့ပါသည်။ ယန်ရှုမင်က တစ်ဖက်လူအပေါ် အမြဲ တွေးပေးတတ်ပြီး ကမ္ဘာပေါ်က အရာအားလုံးကို ကိုင်တွယ်ဖြေရှင်းနိုင်သည်ဆိုတဲ့ အသွင်အပြင်ကို ထုတ်လွှတ်နေသည်။ သို့သော် မဲ့တုန်မှာတော့ အမည်မသိသော အကြောင်းပြချက်များဖြင့် တုန့်ဆိုင်းနေပြီး 'အင်း'လို့ မပြောခဲ့ပါ။
ဒါက မဲ့တုန်အတွက်တော့ သံသယဖြစ်ဖို့မလိုအောင်ကို ဝမ်းမြောက်စရာ အခိုက်အတန့်လေး ဖြစ်သည်။နေ့လည်ခင်းတစ်ခုလုံး စောင့်မျှော်နေရတဲ့ ဖွင့်ပြောခြင်းကို သူ ရရှိခဲ့သည်၊ လက်ထဲမှာလည်း သူကြိုက်ရသူ ပေးတဲ့ နှင်းဆီပန်းစည်းကြီးကို ကိုင်ထားရင်းပေါ့။ အခုအချိန်မှာ သူ လုပ်ဖို့လိုတဲ့တစ်ခုတည်းသောအရာက 'အင်း' ဆိုတဲ့ စကားလုံးတစ်လုံးကို ပြောဖို့ပါပဲ။အဲ့လိုပြောလိုက်တာနဲ့ လေးနှစ်စာ တစ်ဖက်သတ်အချစ်ဇာတ်လမ်းလေးက စိတ်ကျေနပ်ဖွယ် အဆုံးသတ်ဆီ ရောက်သွားပြီး နောက်ထပ် အခြေအနေသစ် တစ်ခုဆီ သွားမဲ့တံခါးကို ဖွင့်လိုက်နိုင်ပြီလေ။
ဒါပေမဲ့လည်း မဲ့တုန်အတွက်တော့ ထို တစ်လုံးတည်းသော စကားလုံးက ချက်ချင်းပဲ လေးပင်လာပြီး ထုတ်ပြောဖို့ရာ လုံးလုံးလျားလျား ခက်ခဲနေတော့သည်။
သူ နည်းနည်းတောင် ကြောက်နေသည်။
ထို ကြောက်လန့်မှုသည် ရှင်းမပြနိုင်သော အဆိုးမြင်စိတ်တစ်ခုမှ အရင်းခံလာခြင်း ဖြစ်သည်။ အဆင်ပြေ ချောမွေ့နေတာကို ခဏထားလိုက်ရင် ဒီလို အသစ်စတင်တာက ဘယ်လို ရလဒ်မျိုးတွေ ထွက်လာနိုင်မလဲ? မဲ့တုန်၏ မျက်ဝန်းများ နီရဲလာသဖြင့် မျက်ရည်စက်ကို သုတ်ဖို့ လက်ကို အမြန်မြှောက်လိုက်ရင်း မျက်ရည် တစ်ခါကျတာနဲ့ကို လုံလောက်ပြီလို့ တွေးမိသည်။
တစ်ခုခုကို ဖွင့်မကြည့်ရသေးဘဲ အဆိုးဆုံးကို ကြိုတင်မျှော်မှန်းနေမိသလိုမျိုး၊ မဲ့တုန်မှာ အမှန်တကယ် ပိုင်ဆိုင်ခွင့် မရခင်ကတည်းက လက်လွှတ်ဆုံးရှုံးရမှာကို စတင်ပြီး ပူပန်နေတတ်ပြီဖြစ်သည်။
'ယန်ရှုမင်နဲ့ လုံးဝ မနီးစပ်ခြင်း' သို့မဟုတ်' ယန်ရှုမင်ကို ပိုင်ဆိုင်ပြီးမှ ဆုံးရှုံးရခြင်း'၊ ထိုနှစ်ခုထဲက တစ်ခုကို ရွေးချယ်ဖို့ ကြုံလာပြီဆိုရင် သူ မဆိုင်းမတွဘဲ ပထမတစ်ခုကို ရွေးချယ်ဖြစ်မည်။ အဲ့လိုလုပ်မှ အသည်းကွဲခြင်း၊လွမ်းဆွတ်တမ်းတခြင်းတို့ အလွန်အကျွံ ဖြစ်မလာပဲ လျော့နည်းလိမ့်မည်။သူ ယန်ရှုမင်အပေါ် ယုံကြည်မှုမရှိလို့ ဒီလိုတွေးမိတာ မဟုတ်ဘဲ သူ့ကိုယ်သူအပေါ် ယုံကြည်မှု မရှိ၍သာ ဖြစ်သည်။
ယန်ရှုမင်နှင့် ရင်ဆိုင်နေရချိန် မဟုတ်လဲ မဲ့တုန်မှာ မိမိကိုယ်ကို ယုံကြည်မှုနည်းကြောင်း သူကိုယ်သူ ဝန်ခံသင့်သည်။
မဲ့တုန် အရင်တုန်းက အမှတ်တရများကို သိမ်းဆည်းထားခဲ့သည်။ ကလေးဘဝတုန်းက သူ့ဦးနှောက်သည် ထူးထူးဆန်းဆန်း လည်ပတ်၍ အလုပ်လုပ်သည်။ မူကြိုတက်တုန်းက သူ့ကို ဆရာမက အင်မတန် မျက်နှာသာပေးသည်။ အတန်းထဲရှိ ကလေးများကလည်း သူ့ကို အရမ်းသဘောကျကြသည်၊ သူ့မှာ နောက်ဆုံးပေါ် အရုပ်များနှင့် စိတ်ဝင်စားစရာ အကောင်းဆုံးကာတွန်းစာအုပ်များ အမြဲလိုလို ရှိနေတတ်ပြီး သူကလည်း ရက်ရက်ရောရောဖြင့် တခြားကလေးများနှင့်အတူ ဝေမျှပြီး ဆော့ကစားတတ်သည်လေ။
အဲ့ဒီတုန်းက မဲ့တုန်လေးမှာ လူတိုင်းနှင့် ပေါင်းသင်းဆက်ဆံရေး အလွန်ကောင်းသော ကလေးငယ် ဖြစ်ခဲ့ပြီး လှုပ်ရှားမှုအမျိုးမျိုးတွင် ပါဝင်ပတ်သက်ရတာကိုလည်း ပျော်ခဲ့ပါသည်။
ကလေးမလေးများ ဆံပင်စည်းရာတွင် ကူညီပေးခြင်း၊ မူကြိုကလေးများ စာရွက်ညှပ်ပြိုင်ပွဲတွင် ဝင်ပြိုင်ခြင်း နှင့် အခြားအတန်းမှ ကလေးများကိုလည်း ဂိမ်းများ အတူဆော့ကစားရန် တက်ကြွစွာဖြင့် လက်လေး မြှောက်လို့ ဖိတ်ခေါ်တတ်ခဲ့ပါ၏။
ဂိမ်းကစားရသည့် အတန်းပြီးသွားသောအခါတွင် မဲ့တုန်လေးသည် ရေဘူးယူရန် စာသင်ခန်းသို့ အပြေးပြန်လာခဲ့ပြီး ဆရာမက တစ်စုံတစ်ယောက်နှင့် စကားပြောနေသည်ကို မတော်တဆ နားထောင်မိသွားသည်။
"အိုင်း ၊ ကလေးတွေကို နေ့တိုင်း ဂရုစိုက်ရတာ တကယ် ပင်ပန်းတယ်။ ကလေးတိုင်းက ဘိုးဘေးလေးတွေလို ဆက်ဆံခံချင်ကြတယ်လေ၊ တစ်ခါတစ်လေဆို ငါက သူတို့ရဲ့ အထိန်းတော်လားလို့တောင် ခံစားရတယ် ... ဒါပေမဲ့ မဖြစ်ဘူးလေ၊ အာ ငါ သူတို့ကို ကောင်းကောင်း ပြုမူဖို့လိုတယ်၊အရင်ကဆို ငါ့အမေရဲ့ ကျန်းမာရေးက မကောင်းဘူးလေ၊ဟုတ်တယ်မလား? ငါ့မှာ ရှိသမျှတွေ ကုန်သွားလို့ ငါတို့အတန်းက မဲ့တုန်လေးရဲ့အမေကို အကူအညီတောင်းလိုက်ရသေးတယ်။သူမက ခွဲစိတ်တဲ့နေရာမှာ အရမ်းတော်ပြီး အမေ့ကို ကယ်တင်ပေးနိုင်ခဲ့တယ်၊ အဲဒါကြောင့် ငါက သူမရဲ့သားကို ဘာတွေပဲ ဖြစ်ဖြစ် ဂရုစိုက်ပေးဖို့ လိုတာပေါ့"
အမှန်တော့ ထိုအချိန်က မဲ့တုန်လေးသည် ဆရာမပြောသော စကားများ၏ အဓိပ္ပါယ်ကို ပြည့်ပြည့်ဝဝ နားမလည်ခဲ့ပါ။ သို့သော် ကလေးများက အသံနေအသံထားကို ပိုပြီး နားလည်ခံစားတတ်ကြသည်၊မဲ့တုန်လေးလည်း ဆရာမက သူ့အပေါ် စိတ်ရင်းနဲ့ သဘောကျတာ မဟုတ်ဘဲ၊ သဘောကျနေဖို့ကို သူမက မဖြစ်မနေ လုပ်ယူနေရတာဆိုပြီး သိသွားတော့သည်။
ထိုအချိန်မှ စ၍ မဲ့တုန်လေးသည် အရုပ်များနှင့် ကာတွန်းစာအုပ်များကို မူကြိုကျောင်းသို့ ယူသွားခြင်း မလုပ်တော့သလို၊အခြားကလေးများနှင့် မုန့်များ၊ကစားစရာများကို မျှဝေတာမျိုးလည်း ထပ်မလုပ်ပဲရှောင်နေတော့သည်။ မျှော်မှန်းထားသည့်အတိုင်း ကလေးများက သူနဲ့ အတူတူ ထပ်မဆော့ကြတော့ပေ။
သူ ကြီးပြင်းလာခဲ့ပြီး ဒီအကြောင်းတွေကို ပြန်တွေးမိတော့မှ သူသည် ထိုအချိန်က အရမ်းကို စိတ်ထိခိုက်လွယ်ခဲ့ဖူးကြောင်း သဘောပေါက်သွားသည်။
မူကြိုဆရာမ ပြောတာတွေက ဆရာကျင့်ဝတ်နှင့် လုံးဝဆန့်ကျင်ဖက် ဖြစ်နေတယ် ဆိုပေမဲ့ အကျိုးသင့်အကြောင်းသင့် ဆင်ခြင်ကြည့်ရင်တော့ အဲ့ဒါက ယုတ္တိရှိပါသည်။နိုင်ငံတကာစကားရည်လုပြိုင်ပွဲအသင်းအတွက် ဘာသာပြန်ခြင်းကို သူ အမှန်တကယ် စိတ်ပါဝင်စားမှု မရှိတာနဲ့ အဲ့ဒါက ခပ်ဆင်ဆင်တူသည်။ သို့သော် သူ့မှာက ကိုယ်ပိုင်ရည်မှန်းချက် သပ်သပ်ရှိလို့သာ ဖြစ်သည်၊စကားရည်လုပြိုင်ပွဲအသင်းက လူတိုင်းကို သဘောမကျလို့ မဟုတ်ပါ။
ဘာပဲဖြစ်ဖြစ် အဲ့ဒီအရွယ် ကလေးတွေရဲ့ အတွေးက တော်တော်ရိုးစင်းပါသည်။သူတို့က ပျော်စရာကောင်းမယ်ဆိုရင် ဘယ်သူနဲ့မဆို ဆော့ကစားမှာ ဖြစ်ပြီး ကလေးအများစုကလည်း 'သဘောကျတာ'နဲ့ 'သဘောမကျတာ' ဆိုတဲ့ ခံစားချက်တွေအထိ လေးလေးနက်နက် ရှာဖွေ ခံစားနေကြမည်မဟုတ်ပါ။
သို့ပါလျက်နဲ့ မဲ့တုန်အပေါ်မှာတော့ ထိုအဖြစ်အပျက်များက မလွဲမသွေ သက်ရောက်မှု ကြီးကြီးမားမားရှိခဲ့သည်။ ထူးချွန်မှု၊ထင်ပေါ်ကျော်ကြားမှု ဆိုတာတွေက အခြားသူများသာ ပိုင်ဆိုင်နိုင်ပြီး သူကိုယ်တိုင်အတွက် မဟုတ်ဟု အချိန်အကြာကြီး ယုံကြည်ထားခဲ့သည်။ကမ္ဘာပေါ်က မဲ့တုန် ဆိုတဲ့လူတွေ အများကြီးထဲကမှ 'မဲ့တုန်'ဆိုတဲ့ သူကိုယ်တိုင်အတွက် ဆိုရင်ပေါ့။
လူတွေရဲ့ မျက်စိရှေ့မှာ သူ ရပ်မနေချင်ဘူး၊ လူ့ပတ်ဝန်းကျင်နဲ့ အရောတဝင် နေရမှာကို မုန်းတီးသည်။သူ့မှာ လူကြောက်တတ်တဲ့ရောဂါ အသေးစား ရှိနေတာ ဖြစ်နိုင်ပါသည်၊သူကတော့ လူတွေနဲ့ ဒီလို ရောထွေးနေရတာ ဘာအကျိုးမှ မရှိဘူးလို့ စဥ်းစားနေမြဲပင်။ဒုက္ခများတာတွေကို ဤသို့ ရှင်သန်နေထိုင်မှုကို သုံးပြီး သူရှောင်ရှားနိုင်သည်လေ။
မဲ့တုန်က အခြားသူတွေ သူ့ကို သဘောကျလာမလားဆိုပြီး နောက်ထပ် မမျှော်လင့်တော့ပါ၊ ပြီးတော့ သူ့အပေါ် တကယ်စိတ်ရင်း ဟုတ်၊မဟုတ် ခွဲခြားသုံးသပ်ဖို့အတွက်လည်း သူ့အနေနဲ့ အားကုန်ခံဖို့ မလိုတော့ပေ။အချိန်ကြာလာသည်နှင့်အမျှ သူ့ကိုယ်ထဲက လူကြောက်တတ်တဲ့စိတ်ကိုပါ သူ မေ့သွားတော့သည်။
ယန်ရှုမင်၏ ဖွင့်ပြောလိုက်ခြင်းက မဲ့တုန်တွင် အချိန်အကြာကြီး ကွယ်ပျောက်နေခဲ့သော ရောဂါကို အောင်မြင်စွာ မွှေနှောက်ပစ်လိုက်ပြီး နိုးထလာစေတော့သည်။
မဲ့တုန် သူ့ရဲ့စိတ်ခံစားချက်များကို ထိန်းချုပ်ရန် အဖက်ဖက်မှ ကြိုးစားအားထုတ်မှုတစ်ခုကို ပြုလုပ်လိုက်ရ၏။ဒါပေမဲ့ အတော်ကြာသည်အထိ အံ့ဩ၍ မပြီးပေ။
ယန်ရှုမင်က ငါ့ကို ကြိုက်တယ်လို့ ပြောတယ်၊ ဒါပေါ့ ၊ငါ သူ့ကို ယုံတယ်၊ဒါပေမဲ့ သူက ငါ့ကို ဘယ်လောက်ကြာကြာ ကြိုက်မှာလဲ?
သူ့မျက်လုံးများက ရဲရဲနီနေသည်၊သူ့လက်ထဲရှိ နှင်းဆီပန်းများက ခပ်ဖျော့ဖျော့ လိမ္မော်ဝါရောင် ဖြစ်၏။ လောလောလတ်လတ် ခူးဆွတ်ထားသော ပန်းများက ချိုသော ပန်းရနံ့ကို ထုတ်လွှတ်နေပြီး သူ့နှာခေါင်းထဲတွင် အချစ်၏ ချိုအီနေသော မွှေးရနံ့တို့ဖြင့် ပြည့်နေ၏။
မဲ့တုန်က သံသယများပြီး မပြတ်သားတဲ့လူ မဖြစ်ချင်တော့ပေ၊ သူ သံသယတွေ ထားမနေဘဲ 'အင်း' လို့တကယ် ပြောပစ်လိုက်ချင်သည်။
သူတို့ မနက်ဖြန် လမ်းခွဲရမယ် ဆိုရင်တောင်မှ ဒီနေ့တော့ ယန်ရှုမင်၏ ချစ်သူကောင်လေး ဖြစ်ချင်ပါသေးသည်။ အမှန်ပဲ၊ မဲ့တုန်၏ လက်ရှိအတွေးများက စောစောက တွေးခဲ့သည်နှင့် တခြားစီပင်။ခုနလေးကပဲ ပိုင်ဆိုင်ရပြီးမှ ဆုံးရှုံးလိုက်ရပြီး နာကျင်မှုကို ခံစားနေရတာထက်၊လုံးဝ မနီးစပ်သွားတာ ပိုကောင်းတယ်လို့ သူ ခံစားမိခဲ့သေးသည်။သူက တကယ်ကို အပြောင်းအလဲမြန်၊မပြတ်မသားနဲ့ ကိုယ်ပိုင်ခံစားချက်များကိုတောင် သေချာမသိသော မဲ့တုန်သာ ဖြစ်ပါ၏။
ယန်ရှုမင်က ထရပ်လိုက်သည်။
သူက ထိုင်ခုံကနေ ထလိုက်ပြီး မဲ့တုန်ရှိရာသို့ လမ်းလျှောက်လာသည်၊အရင်ဆုံး မဲ့တုန် လက်ထဲတွင် တင်းတင်းကြပ်ကြပ် ပွေ့ပိုက်ထားသော ပန်းစည်းကို ယူရန် သူ့ကိုယ်ကို ငုံ့ကိုင်းလိုက်သည်။မဲ့တုန်က အတင်းပွေ့ပိုက်ထားတာကြောင့် ယန်ရှုမင် အားနည်းနည်းစိုက်ပြီးမှ ယူလို့ ရသွားပြီး ဆိုဖာအလွတ်ပေါ်တွင် ပန်းစည်းကို တင်လိုက်သည်။ထို့နောက် သူက မဲ့တုန်၏ လက်ကောက်ဝတ်ကို ညင်ညင်သာသာ ကိုင်လိုက်သည်။
"ကိုယ်နဲ့ သန့်စင်ခန်းကို အတူသွားရအောင်၊ အဆင်ပြေမလား?"
မဲ့တုန်မှာ အခြားသူများအတွက် သနားချင်စရာလေးပင်၊ ယန်ရှုမင်က သူ့လက်ကို ဆွဲထားပြီး သူလည်း အလိုအလျောက် လိုက်လာခဲ့သည်။
အနောက်တိုင်းစတိုင် စားသောက်ဆိုင်၏ သန့်စင်ခန်းက တကယ်ကိုပဲအတော် ထူးခြားသည်။သန့်စင်ခန်းအတွင်း ဝင်လိုက်သည်နှင့် သူတို့ရလိုက်သော အနံ့က စောစောက မဲ့တုန်၏နှာခေါင်းထဲမှာ ရှိနေသော ပန်းနံ့ထက် ပိုပြီး နှစ်သက်ကြည်နူးဖွယ်ကောင်းနေ၏။ နေရာတိုင်းက အစက်အပြောက်တစ်ခုမှ မရှိဘဲ ပြောင်လက်တောက်ပနေပြီး မသက်မသာဖြစ်ဖွယ် သန့်စင်ခန်းအနံ့ တစိုးတစိမျှ မရှိပေ။
သူတို့နှစ်ယောက်လုံးက သန့်စင်ခန်းရှိ အခန်းငယ်လေးများထဲသို့ မဝင်ကြဘဲ အပြင်ဘက်ရှိ ကျယ်ဝန်းလှပသော လက်ဆေးဘေစင်နေရာတွင်သာ ရပ်နေကြသည်။ ယန်ရှုမင်က မဲ့တုန်ကို နံရံဘက်သို့ မှီနေစေပြီးနောက် တုံ့ဆိုင်းမနေဘဲ သူ့လက်နှစ်ချောင်းကို သုံးပြီး မဲ့တုန်၏ မေးစေ့ကို ညင်ညင်သာသာ ပင့်တင်လိုက်သည်၊ ထို့နောက် ကိုယ်ကို ကိုင်းညွှတ်၍ မဲ့တုန်၏ မျက်ဝန်းထောင့်တွင်ရှိသော မျက်ရည်စများကို အနမ်းဖွဖွဖြင့် ဖယ်ရှားပေးလိုက်သည်။
သူက သက်ပြင်းရှိုက်ရင်း
"မငိုပါနဲ့၊ မဲ့တုန်ရာ၊ မင်း ဒီလိုအများကြီးငိုနေရင် ကိုယ် မင်းကို နမ်းချင်လာတယ်"
မဲ့တုန်၏ မျက်လုံးများက စိတ်လှုပ်ရှားစွာဖြင့် ဟိုဟိုဒီဒီ ကြည့်သည်။
"သူများတွေ ကျွန်တော်တို့ကို တွေ့သွားလိမ့်မယ်"
ယန်ရှုမင်က တွေးတောနေသလိုမျိုး 'အမ်း'ဟု တုံ့ပြန်၏။
"တွေ့ပါစေပေါ့၊ မင်း ဘာလို့ ငိုနေတာလဲ? ကိုယ်က မင်းပျော်နေတယ် လို့ ထင်တာ"
မဲ့တုန် ခေါင်းခါလိုက်သည်။ သူက ရှေ့တိုး၍ ယန်ရှုမင်၏ခါးကို သတိထားကာ သိုင်းဖက်လိုက်ပြီး ယန်ရှုမင်၏ပွေ့ဖက်မှုကို ခံစားနေမိသည်။ပျော်ရွှင်မှုနှင့် စိုးရိမ်မှုတို့ ရောယှက်နေသော စိတ်ခံစားချက်များက သူ့အပေါ် လွှမ်းမိုးနေကြသည်။မဲ့တုန်က တသိမ့်သိမ့်တုန်ယင်နေသော အသံလေးနဲ့ ပြောလိုက်သည်။
"ကျွန်တော် အရမ်းပျော်တယ်၊တကယ်ပါ"
ယန်ရှုမင်က သူ့ကို မေးလာသည်။
"မင်း ကိုယ် ဖွင့်ပြောတာကို စိတ်ကျေနပ်မှု မရှိဘူးမလား? မင်း ကိုယ့်ကို ငြင်းချင်လား?"
မဲ့တုန်တစ်ယောက် သူတတ်နိုင်သမျှ အမြန်နှုန်းဖြင့် ခေါင်းခါတော့သည်။
"လုံးဝ မဟုတ်ဘူးပေါ့"
ယန်ရှုမင်က တိုးတိုးလေး ရယ်လိုက်သည်။
"အိုး ၊ ဒါဆို မင်း ဘယ်တော့မှ ကိုယ့်ကို 'Yes'လို့ ပြောမှာလဲ?"
မဲ့တုန် ခေါင်းငြိမ့်ရင်း ပြောလိုက်သည် "Yes"
မဲ့တုန်မှာ သူရဲ့အတွေးတပုံတပင်ကို အခုပဲ ဘေးဖယ်ထားလိုက်ချင်တော့သည်။သူ အဆောင်မှာထဲက အတွေးများကို တစိမ့်စိမ့်တွေးတောနေခဲ့ပြီး၊၎င်းတို့ကို ဒိုင်ယာရီထဲတွင် ချရေးပြီးနောက် တစ်လုံးချင်းစီ စိစစ်ကြည့်နေခဲ့သည်။သူ့ရဲ့ဝမ်းနည်းနေတဲ့ အတွေးအပိုင်းအစများက ဒီညနေခင်း၏ ကြည်နူးဖွယ်အခြေအနေအပေါ် သက်ရောက်မှာကို သူ မလိုလားချင်ပါ။အသက်ဝဝရှူပြီးနောက် သူ ယန်ရှုမင်ကို ပြုံးပြလိုက်သည်။
"ကျွန်တော်တို့ ညစာစားတဲ့နေရာကို ပြန်သွားသင့်ပြီမလား? ဟင်းပွဲတွေက ..."
မဲ့တုန် အံ့ဩသွားပြီး ရှော့ခ်ရလုနီးပါးပင်။သူ့ရှေ့ရှိ အခန်းက ပတ်ချာလည် လှည့်သွားသဖြင့် သူ့စကားလုံးများလည်း ပြတ်တောက်သွားတော့သည်။ကံကောင်းစွာနဲ့ လက်တစ်ဖက်က သူ့ခါးနောက်ကနေ ထိန်းထားပေးသည်။ဒယီးဒယိုင်နဲ့ ဟန်ချက်ပျက်လုနီးပါး ဖြစ်သွားပြီး၊သူ့ခေါင်းက ပြန်ကြည်လင်သွားသောအခါတွင် သူက သန့်စင်ခန်းငယ်တစ်ခု၏ အတွင်း နံရံတွင် အဖိခံထားရတာကို သိသွားတော့သည်။ သူရဲ့ အမေးစကားက ပါးစပ်ဖျားတွင် ရှိသော်လည်း ကံဆိုးစွာနဲ့ပဲ သူ စကားပြောခွင့်ကို မရလိုက်ပါ။
ဒီတစ်ကြိမ်တွင်တော့ ယန်ရှုမင်၏နှုတ်ခမ်းများက သိမ်မွေ့ညင်သာမှုများ မပါတော့ဘဲ သူ့အပေါ် သက်ဆင်းလာတော့သည်။ မဲ့တုန်၏ နှုတ်ခမ်းများမှာ ဖောင်းကြွလာသည်အထိ စုပ်ယူခံလိုက်ရပါ၏။ သူတို့၏ နှုတ်ခမ်းများနှင့် လျှာများက ပြင်းပြင်းထန်ထန် လိမ်ယှက်ရွေ့လျားနေသဖြင့် မဲ့တုန်မှာ ဘယ်လို အသက်ရှူရမလဲဆိုတာကိုပါ မေ့သွားတော့သည်။သူ တောင့်မခံနိုင်တော့သဖြင့် လည်ချောင်းထဲကနေ မသဲမကွဲ ငြင်းဆိုသံလေး နှစ်ခုခန့် အလိုအလျောက် ထွက်လာလေသည်။ သူ့ခါးနှင့် ခြေထောက်များက အားနည်းသွားပြီး သူ့ခန္ဓာကိုယ်က အောက်ကို လျှောကျတော့မလိုပင် ဖြစ်နေ၏။ထိုစဥ် တစ်စုံတစ်ရာက သူ့ခြေထောက်များကြားထဲသို့ ဖိကပ်နေသည်ကို သူခံစားလိုက်မိသဖြင့် တစ်ကိုယ်လုံး တောင့်တင်းသွားတော့သည်။
ကယ်ကြပါ ...
မဲ့တုန်မှာ တစ်ကိုယ်လုံး ပွက်ပွက်ဆူတော့မတတ် ဖြစ်နေသည်။ မကြာသေးခင်က ထိုသူသည် လူကြီးလူကောင်းဆန်ပြီး ညှာတာသောစိတ်ထားဖြင့် သူကို ဖွင့်ပြောခဲ့သည်၊သူက လက်ခံလိုက်ပြီးနောက် တစ်မိနစ်ပင် မကြာလိုက်ဘဲ အရာအားလုံးက ပြောင်းလဲသွားပါ၏။မဲ့တုန်၏စိတ်မှာ အရာအားလုံးကို မနည်းတောင့်ခံနေရသည်။ အနမ်းက မရပ်တန့်နိုင်ပဲ ရှိနေရာ ၊အောက်ဆီဂျင် ပြတ်လတ်သွားမှုကထူးဆန်းအံ့ဩဖွယ်ကောင်းသော သာယာဝမ်းမြောက်မှုကို သယ်ဆောင်လာခဲ့သည်။
ယန်ရှုမင်၏ အနမ်းများက မဲ့တုန်၏ စိုးရိမ်သောကအချို့ကို သက်သာစေနိုင်ခဲ့လေသည်။
သူ ယန်ရှုမင်ကို သိနားလည်သည်လို့ မဲ့တုန် အမြဲ ထင်ခဲ့သည်။လေးနှစ်တာ တိတ်တခိုး ချစ်ခဲ့ရပြီးနောက် မဲ့တုန်သည် ယန်ရှုမင်ကို သူ့စိတ်ထဲတွင် လူတစ်ယောက်အဖြစ် အရှိအရှိအတိုင်း ပုံဖော်နိုင်ဖို့ အကောင်းဆုံး ကြိုးစားခဲ့သည်။ပြီးတော့ သူအောင်မြင်ခဲ့ပြီလို့ ယုံကြည်နေခဲ့သည်။ထိုသူ ကြိုက်တတ်သော အစားအစာလိုမျိုး အသေးအဖွဲ အချက်များတွင် လွဲမှားမှုအချို့ရှိသည်က လွဲ၍ အဓိကအချက်အလက်များကတော့ လုံးဝ မှားနိုင်ဖွယ်ရာ မရှိပေ။
မဲ့တုန်သည် ယန်ရှုမင်ကို ဤသို့ တစ်ခါမျှ မမြင်ဖူးပါ၊ ဒါက တခြားသူတွေ မတွေ့မမြင်ဖူးတဲ့ ယန်ရှုမင်၏ ပုံစံတစ်မျိုးဆိုတာ သူ ယုံကြည်ပါသည်။ အောက်ဆီဂျင် ပြတ်လတ်လာသည့် အခြေအနေတွင် မဲ့တုန်မှာ ယန်ရှုမင်၏ ပြင်းရှရှချစ်ခြင်းနှင့် ပိုင်ဆိုးပိုင်နင်းလုပ်လိုစိတ် တို့ကို ခံစားမိလိုက်သည်။ အံဩစရာပင်၊ မဲ့တုန်က ဒါကို တွေ့ရှိသွားချိန်မှာတော့ သူ့အတွက်တော့ ဤကဲ့သို့ လှပနူးညံ့မှုမရှိဘဲ အချစ်ကို ကြမ်းတမ်းစွာ ဖော်ပြမှုက ညင်သာစွာ ချော့မြှူသည်ထက် အများကြီး ပို၍ထိရောက်မှု ရှိလေသည်။
မဲ့တုန်သည် အချိန်ဘယ်လောက် ကြာသွားပြီလည်း မသိတော့ပါ။ ယန်ရှုမင် သူ့ကို လွှတ်ပေးသည့် နောက်ဆုံးမှာ နာရီဝက်တော့ ကြာသွားလောက်ပြီလို့ သူ သံသယ ဝင်မိသည်။မဲ့တုန် ပါးစပ်ကို အကျယ်ကြီးဖွင့်၍ လေကို အငမ်းမရ ရှူရှိုက်ပြီးမှ အခုအချိန်တွင် သူ့တစ်ကိုယ်လုံးက ယန်ရှုမင်၏ပေါင်ပေါ်သို့ တက်ထိုင်နေမိသည်ကို သိတော့သည်။သူ့မျက်နှာတစ်ခုလုံး နီရဲတွတ်သွားပြီး မတ်မတ်ထိုင်ရန် ကြိုးစားလိုက်သော်လည်း ယန်ရှုမင်က သူ့ကို ပြန်ဆွဲထားပြီး နောက်တစ်ခါ ထပ်၍ ပွေ့ဖက်လိုက်တော့သည်။
"မဲ့တုန်၊ကိုယ်တို့ အတည်တွဲဖို့ကိုတော့ ခဏလောက် ဆိုင်းငံ့ထားပြီး၊ အရင် အစမ်းတွဲကြည့်ကြမယ်ဆိုရင် ဘယ်လိုလဲ ၊ အဆင်ပြေလား?"
မဲ့တုန် ကြောင်အသွားပြီး စောစောက အနမ်းကို ယန်ရှုမင်အနေနဲ့ သိပ်သဘောမကျနိုင် ဟု တွေးမိသွားသည်။သူက နည်းနည်းစိတ်ပူသွားပြီး အလျင်အမြန် ရှင်းပြလိုက်သည်။
"ကျွန်တော် ... ကျွန်တော် ဘယ်လို ကောင်းကောင်းနမ်းရမလဲဆိုတာ ကြိုးကြိုးစားစား လေ့လာထားမှာပါ၊ ခင်ဗျား လုပ်စရာ မလို..."
ယန်ရှုမင် တိုးတိုးလေး ရယ်လိုက်သည်။
"ကောင်းပြီ၊ အဲ့လောက်ထိ ချစ်စရာကောင်းအောင် ပြောနေတာတွေရပ်တော့၊ မဲ့တုန်၊ မင်း ဆုံးဖြတ်ဖို့ တွန့်ဆုတ်နေမယ်ဆိုရင်တော့ မင်း အဲ့ဒါကို နောင်တရလာလိမ့်မယ်"
မဲ့တုန် ရှုံ့မဲ့သွား၏။
"ကျွန်တော် တွန့်ဆုတ်မနေပါဘူး၊ ပြီးတော့ ကျွန်တော် နောင်တရမှာလည်း မဟုတ်ဘူး"
နတ်ဘုရား ဒေါက်တာမဲ့ က အတော်လေးကို တစ်မူထူးခြားသည်။ အခြားသူတွေ သူ့ကို ဖွင့်ပြောရင် သူက တော်တော်ကို တွန့်ဆုတ်နေတတ်တာ။ ဒါပေမဲ့ အခုလို တစ်ဖက်လူက သံသယဖြစ်နေရင်တော့ သူက လွဲချော်သွားမှာကို ကြောက်ပြီး အခြေအနေကို ခိုင်မာအောင် လုပ်ဖို့ စိတ်အားထက်သန်နေပြန်ရော။
+++++++++