Chapter 18
Viewers 4k

Chpater 18




စားသောက်ဆိုင်သည် သူတို့ ပထမတစ်ခါ ညစာစားဖို့ ချိန်းခဲ့စဥ်က ရွေးချယ်ထားသောဆိုင်ပင် ဖြစ်သည်။ဝေဖန်အကြံပြုချက်များတွင် 'ချစ်သူစုံတွဲများ ချိန်းတွေ့ရန်အတွက် သင့်တော်သည်' ဆိုသောနေရာ၌ ထိပ်ဆုံးတစ်နေရာအဖြစ် သတ်မှတ်ခံရသော ဆိုင်ဖြစ်သည်။အဲ့ဒီတစ်ခါတုန်းက မဲ့တုန် အများကြီးမျှော်လင့်နေခဲ့ရပေမဲ့ ကံဆိုးစွာနဲ့ သူ အပြင်းအထန် ဖျားနာခဲ့ရသဖြင့် အကုန်လုံး ပျက်စီးသွားရသည်။ 



ဒီစားသောက်ဆိုင်ကို ယန်ရှုမင်နှင့်အတူ နောင်တစ်ခါ လာဖို့အခွင့်အရေး ရလာလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မတွေးမိခဲ့ပါ။  



အနောက်တိုင်းစတိုင် စားသောက်ဆိုင်အတွင်း၌ သာယာငြိမ့်ညောင်းသော တေးဂီတကို ဖွင့်ထားပြီး စကားစမြည် ပြောဆိုမှုများကလည်း ယဥ်ကျေးသိမ်မွေ့သော အတိုင်းအတာ၌ ရှိနေသည်။အတွင်းသို့ ဝင်လိုက်သည်နှင့် သံလိုက်ဓါတ်လို ဆွဲဆောင်မှုတစ်ခုရှိနေပြီး လူတွေရဲ့ကိုယ်ဟန်အနေအထားကို အလိုလို ဖြောင့်မတ်နေစေ၏။ 



တနင်္ဂနွေ ညနေခင်းလည်း ဖြစ်ရာ သူတို့မှ လွဲ၍ တစ်ဆိုင်လုံးတွင် ချစ်သူစုံတွဲများ အပြည့်ရှိနေသည်။ စားပွဲတိုင်းတွင် ဖယောင်းတိုင်မီးများ ထွန်းညှိထားပြီး လိင်တူ၊ လိင်ကွဲ စုံတွဲများစွာက ဖယောင်းတိုင်မီး အလင်းရောင်ကို ဖြတ်၍ အချင်းချင်း ငေးကြည့်နေကြသည်။ 



ဝိတ်တာက သူတို့နှစ်ယောက်ကို ဆိုင်အတွင်းသို့ လိုက်လံပို့ဆောင်ရင်း ပါးနပ်စွာ မေးလိုက်သည်။

"လူကြီးမင်းတို့ရဲ့ စားပွဲမှာ ဖယောင်းတိုင်မီး ထွန်းညှိချင်ပါသလား ခင်ဗျာ?" 



ယန်ရှုမင်က ကုတ်အင်္ကျီကို ချွတ်၍ သူ့ဘေးမှာ ချထားပြီးမှ ပြေပြစ်စွာ တုံ့ပြန်၏။

"ဟုတ်ကဲ့ ၊ကျေးဇူးပြုပြီး ။ ကျေးဇူးတင်ပါတယ်" 



ဝိတ်တာက ချက်ချင်းပဲ နားလည်လိုက်ပြီး ပြောလေသည်။

"သေချာတာပေါ့ ခင်ဗျာ၊ မလိုအပ်တဲ့ မေးခွန်းအတွက် တောင်းပန်ပါတယ် ခင်ဗျ" 



ယန်ရှုမင် ပြုံးလိုက်သည်။

"ကိစ္စမရှိပါဘူး" 



မဲ့တုန် တစ်လမ်းလုံး စိတ်လှုပ်ရှားနေခဲ့သည်။ သူ နောက်ထပ် သူရဲဘောကြောင်တဲ့သူ မဖြစ်ချင်တော့ဘူးဆိုပြီး ယန်ရှုမင်က သူ့ကို ဖွင့်ပြောမှာကို ဘာကြောင့်များ စောင့်နေရသေးတာလဲ? ဒါပေါ့ ၊အတွေ့အကြုံရင့် တစ်ဖက်သတ် တိတ်တခိုး မြတ်နိုးနေရသူတစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင် တစ်ဖက်လူက ကိုယ့်ကို ဖွင့်ပြောလာခဲ့တာက တစ်ဖက်သတ် မြတ်နိုးနေရသူတွေတိုင်းရဲ့ အဖြစ်ချင်ဆုံး၊ အလိုချင်ဆုံးဆန္ဒတစ်ခု ဖြစ်သည်လေ။ အထူးသဖြင့် ပထမဆုံးအကြိမ် ဖွင့်ဟဝန်ခံမှု လုပ်ဖို့ ဖြစ်လာခဲ့ရင် တွဲကြမဲ့ ဆက်ဆံရေးတစ်ခုကို အစပြုဖို့ အရင်ဆုံး ဖွင့်ဟပြောရမဲ့သူ ဖြစ်လာဖို့ မဲ့တုန်မှာလည်း ဆန္ဒရှိဖူးပါသည်။ 



လာရာလမ်း တစ်လျှောက်လုံး ယန်ရှုမင်က သူ့ကို ဦးဆောင်ခေါ်လာပေးခဲ့၍ သူကတော့ အစပြုရမည့် စာသားများကို စိတ်ထဲတွင် အကြိမ်ကြိမ် အစမ်းလေ့ကျင့်နေခဲ့သည်။ 



"စီနီယာ ၊ ခင်ဗျားက ကျွန်တော့်ရဲ့ ခံစားချက်တွေကို သိနေခဲ့ရင်တောင်မှ ကျွန်တော် ခင်ဗျားကို လူချင်းတွေ့ပြီး ပြောပြချင်နေတုန်းပဲ၊ ကျွန်တော် ခင်ဗျားကို လေးနှစ်ကြာအောင် ကြိုက်ခဲ့တယ်၊ ဒါကြောင့် ခင်ဗျားက ကျွန်တော့်ရဲ့ချစ်သူကောင်လေး ဖြစ်ပေးလို့ ရမလား?" 



"စီနီယာ၊ ကျွန်တော်က သတ္တိနည်းတဲ့ လူတစ်ယောက်ပါ၊ဒါပေမဲ့ တစ်သက်လုံး သတ္တိနည်းနေလို့ မရဘူးလို့ ကျွန်တော် ထင်တယ်။ ခင်ဗျားက ကျွန်တော့်ရဲ့ ဒိုင်ယာရီကို ရှာမတွေ့ခဲ့ရင် ကျွန်တော်လည်း သတ္တိနည်းနေဦးမှာပဲ၊ ဒါပေမဲ့ အရာအားလုံးက အခုတော့ ပြောင်းလဲသွားပြီ၊ ကျွန်တော် ခင်ဗျားကို ကြိုက်တယ်၊ ကျွန်တော် ခင်ဗျားကို ဟိုးအရင်ထဲက ကြိုက်ခဲ့တာပါ" 



အတွေးအမျိုးမျိုးက မဲ့တုန်၏ ခေါင်းထဲတွင် လည်ပတ်နေခဲ့သည်မှာ သူ ယန်ရှုမင်နှင့် မျက်နှာချင်းဆိုင်တွင် မထိုင်ခင် အထိပင် ဖြစ်သည်။ ဝိတ်တာက သူတို့နှစ်ယောက်ကြားရှိ အနုစိတ် ပုံဖော်ထွင်းထုထားသော ဖယောင်းတိုင်ကို သေသပ်ကျနစွာ မီးထွန်းညှိလိုက်သည်၊ ထို့နောင် ဖယောင်းတိုင်မီးတောက်လေးက ကခုန်နေပြီး ယန်ရှုမင်၏ မျက်နှာအစိတ်အပိုင်းများပေါ်ကို အရိပ်များ စွန်းထင်လာစေတော့သည်။ မဲ့တုန် သူ့ပါးစပ်ကို ဖွင့်လိုက်သည်၊ သို့သော် စကားလှိုင်းလုံးကြီးက သူ့လျှာထိပ်ဖျားတွင် အသေကပ်တွယ်နေလေသည်။ 



ယန်ရှုမင်က မီနူးကို ကမ်းပေးသည်။

"အရင် မှာလေ" 



မဲ့တုန်က မှာရန် ခေါင်းငုံ့လိုက်ပြီး သူ့မျက်လုံးများက မီနူးထဲရှိ ဟင်းလျာနာမည်များပေါ်တွင် ပြေးလွှားနေခဲ့သည်၊ သူ့ စိတ်ကတော့ အပြည့်အဝ အာရုံရှိမနေပေမဲ့ပေါ့။ သူ ကြုံရာကျပန်း ရွေးချယ်မှု ပြုလိုက်ပြီး မီနူးကို ယန်ရှုမင်ထံသို့ ပြန်ပေးလိုက်သည်။ 



သူ့နှလုံးသားက ဝရုန်းသုန်းကားဖြစ်နေပြီး ငှက်ကလေးတစ်ကောင် က သူ့ဘေးနားတွင် တဖျတ်ဖျတ် ပျံဝဲလျက် မရပ်မနားတမ်း တကျည်ကျည် တကျာကျာ အော်မြည်နေသလိုမျိုး၊ စိုးရိမ်မှုတွေနဲ့ ချိုမြိန်မှုတွေက ရောထွေးနေသည်။ သူ့စိတ်က အတွေးများကို အလျင်အမြန် တွေးလိုက်၊ ဗလာနတ္ထိ ဖြစ်သွားလိုက်နှင့် လူးလာလှုပ်ရှားနေခဲ့သည်။ ရုတ်တရတ် ထိုးထွင်းသိမြင်သွားရသည့် အတွေးစလေးက သူ့ကို သဘောပေါက်သွားစေ၏။

အရင်တစ်ခါ ဒီဆိုင်မှာ ညစာအတူစားဖို့ သူ့ကို ဖိတ်ခဲ့တာက ယန်ရှုမင်မှာ ဖွင့်ပြောဖို့ အကြံအစည် ရှိနေလို့များလား? 



ဝိတ်တာက မီနူးကို ထား၍ ထွက်သွားပြီး သူတို့နှစ်ယောက်ထဲ တစ်ကမ္ဘာ အဖြစ် ချန်ထားခဲ့သည်။ 



မဲ့တုန်၏ အလွန်လေးနက်နေသော အကြည့်များအောက်မှာ ယန်ရှုမင်တစ်ယောက် ရယ်မောချင်တာကို မထိန်းချုပ်နိုင်တော့ပေ။ 

"အထက်တန်းကျောင်း စပြီး တက်ရတဲ့နေ့ကို မင်းမှတ်မိသေးလား?" 



သူက ခေါင်းစဥ်တစ်ခုကို ရုတ်တရတ် ရွေးချယ်လိုက်၍ မဲ့တုန် အံ့ဩသွားရသည်။ သူ့စိတ်ကလည်း တစ်ခုခုကို ပြန်မှတ်မိနိုင်ဖို့ အသည်းအသန် ကြိုးစားနေရသည်။အထက်ကျောင်း စတက်တဲ့နေ့မှာ ဘာတွေဖြစ်ခဲ့လဲ? ထူးထူးခြားခြားတော့ မရှိပါ - ယန်ရှုမင်က စီနီယာကျောင်းသား ကိုယ်စားလှယ်အဖြစ်နဲ့ မိန့်ခွန်းပြောရပြီးတော့ကျောင်းသားသစ်များဆီက အားပေးမှုနဲ့ ကောင်းချီးဩဘာများ ရရှိခဲ့သည်လေ။အဲ့ဒီအချိန်မှာ မဲ့တုန်က အောက်ဘက်တွင် ထိုင်ရင်း ယန်ရှုမင်ကို သူကြိုးစားဖို့အတွက် ပညာရေးရည်မှန်းချက် ပန်းတိုင်တစ်ခုအနေနဲ့ ကြည့်နေမိခဲ့သည်။ သူ့အတွေးများမှာ ရိုးသားဖြူစင်ပြီး ယန်ရှုမင်အပေါ် ချစ်မှုရေးရာ လိုအင်ဆန္ဒများ လုံးဝ မရှိခဲ့ပေ။ 



မဲ့တုန် ခေါင်းခါလိုက်သည်။

"ဘာကိစ္စများလဲ? ပထမဆုံးနေ့မှာ ဘာမှ များများစားစားမဖြစ်ခဲ့သလိုပဲ၊ ခင်ဗျားက ကျောင်းသားကိုယ်စားလှယ် ဖြစ်ခဲ့တာကိုတော့ ကျွန်တော် သိတယ်လေ" 



သို့သော် ယန်ရှုမင်က ပြန်ဖြေသည်။

"ကိုယ်က စီနီယာ ကျောင်းသားကိုယ်စားပြု ဆိုတော့ ကျောင်းသားသစ်တွေရဲ့ ကိုယ်စားပြု ကရော?" 



သူက ကျောင်းသားသစ်များ၏ ကိုယ်စားပြု ဖြစ်ခဲ့တာကို မဲ့တုန် လုံးဝ မမေ့ပါ။ အထက်တန်းကျောင်းကို အမှတ်အမြင့်ဆုံးဖြင့် ဝင်ခွင့်ရသူဖြစ်၍ သဘာဝကျစွာပဲ ထိုနေရာက သူ့အတွက် ဖြစ်လာခဲ့သည်။သို့သော် မဲ့တုန်က သူပြောရမည့် မိန့်ခွန်းနှင့် ပတ်သက်၍ သိပ်များများ တွေးမထားပေ။ သူက ဒီလို လှုပ်ရှားမှုတွေမှာ ပါဝင်ရတာကို မကြိုက်သလို၊ မိန့်ခွန်းအတွက် ရေးရင်း အချိန်ကုန် မခံချင်တာကြောင့် အင်တာနက်ကနေ မိန့်ခွန်းတစ်ခု ရှာပြီး copy ၊ paste လုပ်ခဲ့တာ ... 



ယန်ရှုမင်က အရူးလေးတစ်ယောက်ကို တွေ့လိုက်ရပုံဖြင့် မဟန်နိုင်လောက်အောင် ရယ်မောမိတော့သည်။

"မဲ့တုန်၊မင်း အင်တာနက်ကနေ copy ယူလာတဲ့ မိန့်ခွန်းက ကိုယ် ရေးထားတာလေ" 



မဲ့တုန် မတ်မတ် ထိုင်မိသွား၏။

"အာ?" 



ဘုရားရေ အာ 



မဲ့တုန်သည် သူ့ခေါင်းကို တစ်နေရာရာမှာ ဖွက်ထားလို့ရရင် ကောင်းမှာပဲဆိုတဲ့ စိတ်ကူးရလိုက်သော်လည်း ဤအနောက်တိုင်းစတိုင် စားသောက်ဆိုင်အတွင်း ရှိ လေထုက အရမ်းခမ်းနားလွန်းနေသည်။လူတိုင်းက ဖြောင့်မတ်စွာ ထိုင်နေကြပြီး မဲ့တုန် ဝတ်လာသော ဝတ်စုံကလည်း တင့်တယ်နေသဖြင့် သူ့မှာ လှုပ်ရှားမှုလေးတစ်ခုကိုပင် မပြုလုပ်နိုင်ပါ။ 



သူ၏ ပါးပြင်များနှင့် နားရွက်များက နီရဲလာတော့သည်။

"တကယ်လား? ကျွန်တော် ... ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော်လည်း ဘာအတွေးမှ မရတာနဲ့၊ မိန့်ခွန်းရေးဖို့ကို အရမ်းပျင်းနေခဲ့တာနဲ့ တွေ့တဲ့ မိန့်ခွန်းတစ်ခုကို ကူးယူမိသွားတယ်။အိုး မဖြစ်နိုင်တာ၊ ဘာလို့ ဒီလောက်ထိ တိုက်ဆိုင်နေရတာလဲ! အဲ့ဒီတုန်းက ကျွန်တော့်ရဲ့ အတန်းပိုင်ဆရာမကို ပြခဲ့သေးတယ်၊ပြီးတော့ သူမက ကျွန်တော် ကောင်းကောင်းလုပ်ခဲ့တယ်တဲ့ ... ပြီးတော့ မိန့်ခွန်းပြောတုန်းကလည်း ချောချောမွေ့မွေ့ပဲ၊ ဘယ်သူကမှ ဒါကို သတိမထားမိသလိုမျိုးလေ" 



ယန်ရှုမင်က ခပ်တိုးတိုး ရယ်ပြီးနောက် စကားဆက်ပြောသည်။

"အဲ့ဒါက ကိုယ် ကျောင်းသားသစ်ကိုယ်စားပြု ဖြစ်ခဲ့တဲ့ အထက်တန်းပထမနှစ်တုန်းက ရေးထားတဲ့ မိန့်ခွန်း၊ အတန်းပိုင်ဆရာက အဲ့ဒါကို ချီးကျူးခဲ့ပြီး ကိုယ့်အတွက် အဲ့ဒီမိန့်ခွန်းက အတော်လေး အဆင်ပြေတယ်လို့ အခိုင်အမာ ပြောနေခဲ့သေးတယ်၊ ဒါပေမဲ့ ကိုယ်က သိပ်ဂရုမထားခဲ့မိဘူး။တစ်နှစ်လောက် ကြာပြီဆိုတော့ လူတိုင်း မေ့သွားလောက်ပြီပေါ့။မင်း အဲ့ဒါကို ကူးတုန်းက သေချာ စေ့စေ့စပ်စပ် ကြည့်မယ်ဆိုရင် ကိုယ့်နာမည်ကို ရေးသားသူအဖြစ်နဲ့ အောက်ဆုံးမှာ မင်းတွေ့ရမှာပဲ" 



မဲ့တုန်က လက်နှစ်ဖက်ကို ယှက်၍ ပူးကပ်လိုက်ပြီး မျက်လုံးများကို မှိတ်ကာ အသနားခံလာသည်။

"ကျွန်တော် တောင်းပန်ပါတယ်၊ကျွန်တော့်ကို ခွင့်လွှတ်ပါနော်! ခင်ဗျားဆီက ခိုးချဖို့ ကျွန်တော် တစ်ခါမှ မရည်ရွယ်ခဲ့ပါဘူး!" 



ယန်ရှုမင်က ခေါင်းငြိမ့်သည်။

"ဒါပေါ့ ကိုယ်သိတယ်"

သူက ဆက်ပြောနေပါသည်။

"မင်း မိန့်ခွန်း ပြောနေတုန်းက ကိုယ် စင်နောက်မှာ ရှိနေခဲ့တယ်၊ အမှန်တော့ ကိုယ်လည်း အစ စာကြောင်းနည်းနည်းလောက်အထိ သတိမထားမိသေးဘူး၊ ကိုယ် အဲ့ဒါကို လုံးဝ မေ့နေတာ၊ နည်းနည်းကြာတော့မှ ဒီမိန့်ခွန်းကို ကိုယ် တဖြည်းဖြည်း ပိုပိုပြီး ရင်းနှီးနေတယ်ဆိုပြီး သဘောပေါက်သွားတယ်၊အဲ့ဒါနဲ့ ကိုယ့်ဘေးမှာ ရှိတဲ့ အတန်းဖော်တွေကို ကျောင်းသားသစ်ကိုယ်စားလှယ်က ဘယ်သူလဲလို့ မေးကြည့်တော့ သူတို့က မင်းနာမည်ကို ကိုယ့်ဆီ ပြောပြတယ်လေ" 



မဲ့တုန်သည် ကသိကအောက်နှင့် အူကြောင်ကြောင် ဖြစ်နေမိပြီး ဒီလောက်အထိ တိုက်ဆိုင်တာမျိုးက ကမ္ဘာပေါ်မှာ ဘယ်လို ဖြစ်လာရတာလဲဆိုပြီး အံဩနေရ၏။သူက လူကြိုက်များ၊လူသိများသည့် စာသားများကို ရှောင်ရှားရန်အတွက် အင်တာနက်တွင် သိပ်မထင်ပေါ်သည့် ဝက်ဆိုဒ်ကို တမင်တကာ ရှာဖွေ၍ ထိုဝက်ဆိုဒ်မှ စာကို သူ အလွယ် ကူးရေးလိုက်ခြင်း ဖြစ်ပါ၏။

ကမ္ဘာပေါ်တွင် လူတွေ ဒီလောက် အများကြီး ရှိတဲ့အပြင် ကျောင်းသားသစ် မိန့်ခွန်းတွေကလည်း အင်တာနက်ပေါ်မှာ အမြောက်အမြား ရှိနေတာကို ဘယ်လိုဖြစ်ပြီး ယန်ရှုမင်ရဲ့စာကိုမှ သူက မတော်တဆ ကူးရေးမိသွားတာလဲ! 



တစ်ချိန်တည်းမှာပဲ သူ အထက်တန်းကျောင်း ပထမဆုံး စတက်ရတဲ့ နေ့မှာထဲက ယန်ရှုမင် သူ့နာမည်ကို သိနေပြီးသားဆိုတာ သူ သိသွားရပါသည်။ သို့သော်လည်း ယန်ရှုမင်က သူ့ကို ပျင်းရိတဲ့ အချောင်သမား သူခိုးတစ်ယောက်အဖြစ် မြင်သွားပြီး သူ့အပေါ် အထင်အမြင်ကောင်း မရှိနိုင်တော့လောက်ဘူးလို့ စဥ်းစားမိသဖြင့် မဲ့တုန်၏ တဒင်္ဂစိတ်လှုပ်ရှားမှုက အမြန်ပဲ မှေးမှိန်သွားရသည်။အတိတ်က သူ့ရဲ့ပျင်းရိမှု၊ စိတ်ဝင်တစားမရှိမှုတို့ကို ပြန်တွေးရင်း ဝမ်းနည်းနေခဲ့ပြီး မဲ့တုန်မှာ နောင်တရသော၊ရှုံးနိမ့်သော ခံစားချက်များ ရောထွေးနေခဲ့သည်။ 

ကျောင်းသားသစ် မိန့်ခွန်းက သူ အလွယ်လေး ရေးလို့ ရနေတာပဲ၊ဘာလို့များ အဲ့လောက် အပျင်းတက်နေခဲ့တာပါလိမ့် အာ! 



"အဲ့ဒီအချိန်တုန်း မင်းရဲ့အကြောင်းကို ကိုယ် အရမ်းသိချင်နေခဲ့တာ၊ ပြီးတော့ မင်းက အတော်လေး ကြည့်ကောင်းတာပဲလို့ တွေးမိတယ်"

ယန်ရှုမင်က ပြောသည်။ 



မဲ့တုန်မှာ နောင်တထဲတွင် နစ်မြုပ်နေဆဲဖြစ်၍ ယန်ရှုမင်၏ စကားကို တုံ့ပြန်ဖို့ နည်းနည်းကြာသွားသည်။သူ က တွန့်ဆုတ်စွာဖြင့် ပြောသည်။

"အာ ? ကျွန်တော်က ခင်ဗျား ဒေါသဖြစ်သွားမယ်လို့ ထင်နေတာ ..." 



ယန်ရှုမင်က စိတ်ရှုပ်သွားဟန်ဖြင့် သူ့ကို ကြည့်သည်။

"ဒေါသဖြစ်တယ်? မင်းက ကိုယ့်မိန့်ခွန်းကို ယူသုံးလိုက်လို့လား?"

ထို့နောက် သူ ရယ်လေသည်။

"လုံးဝ မဟုတ်ဘူးပေါ့၊ မင်းရဲ့ အမှတ်တွေ၊အဆင့်တွေနဲ့ဆို ဒီလောက်က မင်းဘာသာ ရေးဖို့ လွယ်လွယ်လေးပဲ၊ပျင်းနေလို့သာ ကူးရေးလိုက်တယ်ဆိုတာ ကိုယ် ခန့်မှန်းနိုင်ပါတယ်၊ပြီးတော့ မင်းက ဟန်ဆောင်တာလည်း တအားညံ့တယ်၊ မိန့်ခွန်းပြောတဲ့ စင်မြင့်ပေါ်မှာ ရပ်ပြီး ကိုယ့်မိန့်ခွန်းကို စိတ်မရှည်တဲ့ အမူအရာနဲ့ ဖတ်နေတာများ၊ ကိုယ့်ရဲ့ မိန့်ခွန်းက အရမ်းဆိုးရွားနေလို့ မင်း ဆက်သည်းမခံနိုင်တော့တာလားဆိုပြီး ကိုယ် သံသယဝင်မိသေးတယ်" 



မဲ့တုန် 'ကယ်ကြပါ'လို့ စိတ်ထဲတွင် အော်နေမိသည်။ သူက အဲ့ဒီပုံစံ ဖြစ်နေမယ်လို့ တစ်ခါမှ မတွေးမိဘူး အာ! သူ လုပ်ရတာ မကြိုက်တဲ့အရာတစ်ခုကို လုပ်နေရတဲ့အတွက် စိတ်ခံစားချက်မရှိတဲ့ ဗလာသက်သက် မျက်နှာထားဖြစ်နေမယ်လို့ ထင်တာလေ။ သူ့မှာ မလုပ်ချင်၊ လုပ်ချင်နဲ့ မိန့်ခွန်းပြောရတာကို ပြုံးပြုံးရွှင်ရွှင် ပြောနေဖို့ကျတော့ အရမ်းများသွားပြီလို့ ! 



မဲ့တုန် ရှင်းပြသည်။

"မဟုတ် ၊ မဟုတ်ပါဘူး ... ကျွန်တော်က မိန့်ခွန်း မပြောချင်လို့ပါ၊ကျောင်းသားသစ်တွေထဲမှာ ကိုယ်စားပြု လုပ်ချင်တဲ့သူတွေ အများကြီးရှိပါတယ်ဆိုပြီး အတန်းပိုင်ဆရာမကို ကျွန်တော် ပြောပြပါသေးတယ်။ဘာလို့များ ကျွန်တော့်ကိုပဲ အတင်းလုပ်ခိုင်းနေတာလဲ? သူမက ကျွန်တော့်ကို မျက်နှာထား တင်းတင်းနဲ့ တစ်ချက်ကြည့်ပြီးတော့ ဒီလို ကောင်းတဲ့အခွင့်အရေးမျိုးကို လက်လွှတ်လို့ မရဘူးလို့ ပြောပြီး မိုက်မဲမနေဖို့ ဆုံးမလိုက်တယ်လေ" 



ယန်ရှုမင်က အကြောင်းအရာကို ပြောင်းလိုက်သည်။

"မဲ့တုန်၊ မင်းက ကိုယ်နဲ့ ရင်ဆိုင်ရတိုင်း အမြဲတမ်း သိမ်ငယ်သလို ခံစားရတယ်လို့ မင်းရဲ့ဒိုင်ယာရီထဲမှာ ရေးထားခဲ့တယ်၊မင်း အဲ့လို ရေးထားတာကို ပထမဆုံးတွေ့တော့ စင်နောက်မှာတုန်းက ကိုယ့်မိန့်ခွန်းက မကောင်းလို့များလားဆိုပြီး ကိုယ်တွေးနေမိတာကို ပြန်သတိရသွားတယ်။ကိုယ့်ကိုကိုယ် ပထမဆုံး မေးခွန်းထုတ်မိတာ ကိုယ့်ဘဝမှာ အဲ့ဒါ ပထမဆုံးအကြိမ်ပဲ ဖြစ်လိမ့်မယ်" 



မဲ့တုန် ပါးစပ်ဟပြီး တစ်ခုခု ပြောချင်သော်လည်း ဘယ်လိုစရမလဲ မသိဖြစ်နေသည်။ 



ယန်ရှုမင်က သူ့ဘာသာ ဆက်ပြောနေခဲ့သည်။

"ဟုတ်တာပေါ့ ၊ကောလိပ် ရောက်တော့ မင်းက အရင်ကနဲ့ အတူတူပဲ၊ အရမ်းထူးချွန်တယ် ။ ကိုယ်ကတော့ အမှတ်တွေကို လွယ်လွယ် ပေးပစ်တတ်တဲ့ ပါမောက္ခတွေရဲ့ဘာသာရပ်ကလွဲလို့ မေဂျာဘာသာရပ်တွေမှာ အမှတ်ကောင်းကောင်းဆိုတာ ရခဲတယ်။ဒါတောင် မင်းက သိမ်ငယ်နေတုန်းပဲဆိုရင်၊ တခြားသူတွေဆို ဘယ်လိုနေမလဲ?" 



မဲ့တုန် လေးလေးနက်နက်တွေးပြီးနောက် ပြန်ဖြေသည်။

"အခြားသူတွေနဲ့ဆိုရင်တော့ ကျွန်တော် သိမ်ငယ်တယ်လို့ မခံစားရပါဘူး။ကျွန်တော်ရဲ့ မိသားစုနောက်ခံက ကောင်းတယ်၊ ရုပ်ရည်ကလည်း အသင့်အတင့်ပဲ၊ အဆင့်တွေကလည်း ကောင်းတယ်ဆိုတာ ကျွန်တော် သိတယ်လေ။ခင်ဗျားတစ်ယောက်ထဲရဲ့ ရှေ့မှာပါပဲ၊ ခင်ဗျားက အဲ့ဒီလိုပါလို့ ပြောပြရင်တောင်မှ ခင်ဗျားက အထူးချွန်ဆုံးတစ်ယောက်လို့ပဲ ကျွန်တော် ဆက်တွေးနေဦးမှာ" 



ယန်ရှုမင်က သူ ပြောပြချင်တာကို ဆက်မပြောနိုင်တော့ပေ။ မဲ့တုန်ကို စကားပြန်မပြောခင် အချိန်ခဏကြာအောင် ငေးကြည့်နေခဲ့သည်။

"ကိုယ့်ကို အရမ်း မြင့်မြင့်မားမားတွေ မတွေးထားပါနဲ့" 



မဲ့တုန်က ခေါင်းမာမာဖြင့် ခေါင်းခါလိုက်၏။

"ကျွန်တော် လျှောက်တွေးနေတာ မဟုတ်ဘူး၊ ဒါက အမှန်ပဲဟာ" 



မဲ့တုန် ဆက်ပြောမည် အလုပ် ယန်ရှုမင်၏ ဖုန်းက ရုတ်တရက် အသံမြည်လာသည်။သူလည်း သူ့လျှာဖျားက စကားလုံးတွေကို မြိုချလိုက်ပြီး ယန်ရှုမင် ဖုန်းပြန်ဖြေနေတာကို စောင့်နေလိုက်သည်။ အနည်းငယ် စကားပြောပြီးနောက် ယန်ရှုမင်က နံပါတ်တစ်ခုကို ပြောလိုက်သည်။ ထိုသူ ဖုန်းပြောနေစဥ်အတွင်းမှာ ဝိတ်တာတစ်ယောက်က လိမ္မော်ရောင် နှင်းဆီပန်းများအပြည့်နှင့် ပန်းစည်းအကြီးကြီးကို ကိုင်ရင်း သူတို့အနား ရောက်လာသည်ကို မဲ့တုန် သတိထားမိသွားသည်။ 



ထိုအခိုက်အတန့်၌ မဲ့တုန်တစ်ယောက် အခြေအနေကို အပြည့်အဝ သဘောမပေါက်သေးပေ၊သို့သော် သူ့ရှေ့တွင် ထိုင်နေသော ယန်ရှုမင်က လက်မြှောက်လိုက်သည်ကို သူ တွေ့လိုက်သည်။ 



သိပ်မကြာပဲ ထိုနှင်းဆီပန်းစည်းကို သူ့ရှေ့သို့ ရောက်လာသည်။ဝိတ်တာက လှလှပပ ပြုံးလိုက်ပြီး ဆုမွန်ကောင်းတောင်းပေးသည်။

"လူကြီးမင်း ပျော်ရွှင်ပါစေလို့ ကျွန်တော်တို့ ဆုတောင်းပေးပါတယ်ခင်ဗျာ"

မဲ့တုန် ထိုင်နေသော်လည်း တစ်ယောက်ယောက်က အမှားလုပ်ပြီး သူ့ဆီကို ပန်းစည်းလာပို့တာလို့ ခံစားနေရသဖြင့် မှင်တက်မိနေတုန်းပင်။ 



သူ ကတုန်ကရင်နဲ့ပဲ နှင်းဆီပန်းစည်းကြီးကို ပွေ့ပိုက်ထားရင်း နောက်ဆုံးတော့ သူ့ရှေ့မှာ ထိုင်နေသော ယန်ရှုမင်ကို ကြည့်လိုက်တော့သည်။ 



ထိုစဥ် ရှေ့က လူက ယခုလို ပြောလာသည်ကို သူကြားလိုက်ရ၏။ 

"မဲ့တုန်၊ မင်း ကိုယ်နဲ့ အတူရှိချင်လား?" 



မဲ့တုန် အလိုအလျောက် မေးလိုက်သည်။ "ဘာကိုလဲ?" 



ယန်ရှုမင်က စိတ်ရှည်လက်ရှည် ရှင်းပြပါသည်။

"မင်းရဲ့ ဒိုင်ယာရီထဲက 'ငါ သူ့ကို တကယ်ကြိုက်တယ်' ဆိုတာတွေ အားလုံးကို 'ငါတို့ အတူရှိနေရတာကို တကယ်ကြိုက်တယ်' လို့ ပြောင်းလဲပစ်လို့ ရအောင်၊ ပြီးတော့ 'မှောင်မည်းတဲ့ ထောင့်တစ်နေရာကနေ သူ့ကို ကြိတ်ကြိုက်နေရတဲ့ ကိုယ့်ကိုကိုယ် တန်ဖိုးမထားတတ်တဲ့ မှိုပွင့်လေး' အဖြစ်ကနေ 'သူ့ရဲ့ချစ်သူကောင်လေး' ဆိုပြီး ပြောင်းလဲပစ်ဖို့အတွက် ကိုယ်တို့ကြားမှာ ဆက်ဆံရေးအသစ်တစ်ခု စကြရအောင်၊ ကိုယ်နဲ့ အတူရှိပေးပါ" 



"အဆင်ပြေမလား?"

++++++++