Chapter 15
Viewers 4k

Chapter 15




အဆောင်ထဲ ပြန်ရောက်သည့်တိုင် မဲ့တုန်သည် ယန်ရှုမင် pin ထောက်ခဲ့သော မက်ဆေ့အားလုံး၏ ထိပ်ဆုံးနေရာကို ကြည့်မိနေမိပြီး အချိန်နှောင်းသွားမှသာ သူ သဘောပေါက်လာတော့သည်။ ယန်ရှုမင်က သဝန်တိုနေတာများ ဖြစ်နိုင်မလား? အတိတ်တုန်းကတော့ မဲ့တုန်ထံတွင် ထိုသို့ ရဲတင်းလှသော အတွေးများ ဖြစ်မလာခဲ့ဖူးပါ ၊သို့သော် အခုက အရင်နဲ့မှ မတူတော့ဘဲလေ။သူတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးက ဟိုလိုလို ဒီလိုလို မရေမရာအခြေအနေဆိုတော့၊ယန်ရှုမင် အနေနဲ့ ဒါကို သဝန်တိုတယ်ဆိုတာက ဖြစ်နိုင်တာပဲ၊ ဟုတ်တယ်မလား? 



မဲ့တုန် ဒီအတိုင်း လျှောက်တွေးကြည့်ရုံပဲတတ်နိုင်ပါသည်၊ ယန်ရှုမင်ကိုတော့ အဲ့လို တကယ် ဟုတ်၊မဟုတ် သူ သွားမမေးရဲပါလေ။ 



လမ်းဖြတ်ကူးတုန်းက ဖြစ်ပျက်ခဲ့တဲ့ကိစ္စကြောင့် အပြန်လမ်းမှာ ယန်ရှုမင်က စိတ်ဆိုးနေသည်လို့ တွေးမိခဲ့တာကို သူ နည်းနည်း စိတ်မကောင်းဖြစ်သွားရတော့သည်။ အခု ပြန်တွေးကြည့်တော့ အဲ့ဒါက အရမ်းချိုမြိန်တာပဲလို့။ သူ့ဖုန်းလေးကို ပွေ့ဖက်ထားခဲ့ပြီး pinထောက်ထားသည့် စကားပြောရာ နေရာလေးကို တော်တော်ကြာသည်အထိ ကြည့်နေမိ၏။ 



မဲ့တုန်၏ WeChat တွင် မက်ဆေ့ဝင်သည့်အသံများ ဆက်လက်ထွက်ပေါ်နေဆဲဖြစ်သည်။ နိုင်ငံခြားကျောင်းသားတွေက တော်တော်ကို တက်ကြွနေကြတာပဲ။ ဒီတက္ကသိုလ်မှာ သူ့လောက် အသက်အရွယ်နဲ့ ဂျာမန်လို ကောင်းကောင်းပြောတတ်တဲ့သူက တွေ့ရနည်းလို့ ထင်တယ်၊ဒါကြောင့် ထူးထူးခြားခြားပဲ သူတို့က မေးခွန်းတွေ အများကြီး မေးနေကြတာ ဖြစ်မယ်။ 



တရုတ်နိုင်ငံ၏ အခွန်ကောက်ခံမှု အကြောင်း၊ တက္ကသိုလ် အနီးဝန်းကျင်ရှိ စားကောင်းသောက်ဖွယ်များနှင့် ဖျော်ဖြေရေးနေရာများ ၊အနီးအနား မြို့များသို့ ခရီးသွားရန် သင့်၊မသင့် အကြံပြုချက်များ စသဖြင့် အရာရာတိုင်းအတွက် မေးခွန်းများ မေးနေကြသည်။ 



မဲ့တုန်မှာ နိုင်ငံခြားသားများအတွက် ပညာသင်ကြားရေးဆိုင်ရာ ဝန်ဆောင်မှုဌာနတစ်ခုလို ဖြစ်လာသဖြင့် ကြာလာတော့ သူလည်း စိတ်သိပ်မရှည်နိုင်တော့ပါ။ ဒါပေမဲ့ သူ၏စိတ်မရှည်မှုက တရုတ်နိုင်ငံသားများ၏ ဂျာမန်ကျောင်းသားများအပေါ် ထားရှိကြသော သဘောထားအပေါ် သွားပြီး သက်ရောက်နိုင်ကြောင်း တွေးမိသွားသည်။ သူ့မှာ တစ်ယောက်ပြီး တစ်ယောက်ကို စိတ်ရှည်လက်ရှည် ဖြေကြားပေးနေဖို့သာ ရှိ၏။ 



ယန်ရှုမင်နှင့် စကားပြောခန်းလေးကတော့ မက်ဆေ့အားလုံး၏ ထိပ်ဆုံးတွင် pin ထောက်လျက်သားလေး ရှိနေခဲ့ပါသည်။ 



ဒါပေါ့ ၊မဲ့တုန်လည်း ဒီလို Pin ထောက်ထားဖို့ အကြိမ်များစွာ တွေးမိခဲ့ပါသည်။သူ မလုပ်ဖြစ်ခဲ့သည့် အကြောင်းရင်းကတော့ တစ်ခြားတစ်ယောက်ယောက် တွေ့သွားမှာစိုး၍ ဖြစ်ပါသည်။ pin ထောက်ထားတဲ့စာက လွယ်လွယ်ကူကူ မြင်နိုင်တယ်လေ။ မဲ့တုန် သူ့ကိုသူ သိပ်အရေးမစိုက်တတ်ပေမဲ့ ယန်ရှုမင်ကိုတော့ သူ ဒီလိုလုပ်မိပါတယ်ဆိုပြီး မျက်နှာချင်းဆိုင် ရှင်းမပြချင်ခဲ့လို့ ဖြစ်သည်။





အခုတော့ ယန်ရှုမင်က သူ့ဘာသာ pin ထောက်သွားခဲ့ပြီ။ မဲ့တုန်လည်း pin ထောက်ထားသည့် နေရာကို လူတိုင်းတွေ့သွားတာကို မစောင့်နိုင်တော့ဘူး။ 



သူတို့နှစ်ယောက် ကိုယ့်အဆောင် ကိုယ်ပြန်တော့ ယန်ရှုမင်က နည်းနည်း ပျော်မနေတဲ့ပုံ ပေါက်သည်။တခြားတစ်ဖက်တွင် မဲ့တုန်ကတော့ ယန်ရှုမင်နဲ့ ဝေးသွားပြီဆိုတာနဲ့ သူ့IQ က ပုံမှန်အခြေအနေကို ပြန်ရောက်လာတော့သည်။မအိပ်မခင်လေးမှာ သူ ယန်ရှုမင်ကို စာပို့ဖို့ စတင်ပါတော့သည်။ 



မဲ့ဇီ : " ကောင်းသောညပါ စီနီယာ၊ဒီနေ့ ကျွန်တော်မှားသွားပါတယ်၊ကျွန်တော်တို့ နှစ်ယောက်အတူ လမ်းလျှောက်နေတဲ့အချိန်မှာ တခြားသူတွေရဲ့ စာတွေကို ကျွန်တော် စာပြန်နေခဲ့မိတယ်၊ဒါပေမဲ့ စီနီယာကို လျစ်လျူရှုထားမယ်ဆိုပြီး ရည်ရွယ်ချက် ကျွန်တော့်မှာ မရှိပါဘူး။ စီနီယာဘက်က ကျွန်တော့်ကို အရင်လာရှာတာကြောင့်သာ ကျွန်တော် ဒီကိစ္စကို သဘောတူခဲ့မိတာပါ" 



အခြားတစ်ဖက်က အဖက်မလုပ်သလိုနှင့် စာပြန်လာပါ၏။

"နောက်နေ့ကျရင် ကိုယ့်ကို ဒိုင်ယာရီပေး" 



မဲ့တုန်မှာ ဖုန်းကို ကိုင်ထားရင်း တခိခိနဲ့ ရယ်နေမိတော့သည်။

"သေချာပေါက် ပေါ့" 



ယန်ရှုမင် : "ကောင်းသောညပါ" 



လူတိုင်းကလည်း တနင်္လာနေ့မှ သောကြာနေ့အထိ အတန်းများ ရှိနေတာကြောင့် နှစ်သစ်ကူးနေ့ စကားရည်လုပွဲအတွက် ပြင်ဆင်ဖို့ရာ အချိန်လည်း သိပ်မရှိခဲ့ပေ။ မဲ့တုန်ကတော့ အချက်အလက်မျိုးစုံကို ဒီရက်တွေထဲက ဘာသာပြန်ထားပြီး ဖြစ်သည်။ဒီတခါ စကားရည်လုပြိုင်ပွဲခေါင်းစဥ်က သူတို့အတွက် ခက်ခဲပြီး ဒြပ်မဲ့စိတ္တဇနှင့် ဒဿနိက အတွေးအခေါ် နှစ်မျိုးလုံးပါသည့် 'အခြေအတင် ဆွေးနွေးကြခြင်းဖြင့် အမှန်တရားသည် ပို၍ ရှင်းလင်းလာပါသလား?' ဟု ဖြစ်သည်။ 



နိုင်ငံတကာ စကားရည်လုပြိုင်ပွဲ အသင်းခေါင်းဆောင်က အတော်လေး ခက်ခဲနေသည့် အနေအထား ဖြစ်နေပြီး မဲ့တုန်ကို ဆက်ပြောလာသည်။

"တကယ်တော့ ဒီတစ်ကြိမ် ဒီလိုခေါင်းစဥ်မျိုး ရလာလိမ့်မယ်ကို မထင်ထားတာ ၊ငါတို့အနေနဲ့ ပြင်ပအကူအညီအတွက် ရှာဖွေကြည့်ဖို့တောင် မလိုအပ်တော့ဘူး၊ ဒါက တကယ်ကို ... အိုက်ယိုး ၊ f*ck ၊ ဒီခေါင်းစဥ်က ငါတို့ဘာသာစကားနဲ့ ဆိုရင်တောင်မှ ရှင်းပြဖို့ မလွယ်တာကို၊ မင်းအတွက် တော်တော် ခက်ခဲနေတော့မှာပဲ မဲ့တုန်ရာ" 



မဲ့တုန်လည်း အခုတလော ဒီကိစ္စနဲ့ပဲ အလုပ်ရှုပ်နေခဲ့တာ ဖြစ်သည်။ပိတ်ရက်တွေကိုလည်း နိုင်ငံတကာ စကားရည်လုပြိုင်ပွဲအသင်း၏ နားနေခန်းထဲတွင်သာ ကုန်ဆုံးဖြစ်၏။ ဂျာမန်ဘာသာမှာ ကျွမ်းကျင်သော်ငြားလည်း စကားရည်လုပြိုင်ပွဲခေါင်းစဥ်က အတော်ကို လေးလေးနက်နက်ရှိသည်။ မဲ့တုန်က ဒုတိယနှစ်ကျောင်းသားလေးသာ ဖြစ်သောကြောင့် ရံဖန်ရံခါ နားကြပ်တပ်ထားရင်း သူ့ဖွားဖွားဆီ အကူအညီ လှမ်းတောင်းရသေးသည်။ 



သူတို့နှစ်ယောက်က ဂျာမန်လို ပြောနေကြပြီး နိုင်ငံတကာကျောင်းသားအနည်းငယ်က မဲ့တုန်၏ ဘေးတွင် ထိုင်ကာ သူ ဂျာမန်လို စကားပြောတာကို နားထောင်နေကြသည်။ 



"ဒီစကားစုက တရုတ်စကားပုံ တစ်ခု ဟုတ်တယ်မလား? ' ဗုံကို မတီးခတ်ပါက အသံမထွက်နိုင် ၊ တွေးခေါ်မျှော်မြင်မှုကို အခြေအတင် မဆွေးနွေးပါက ရှင်းရှင်းလင်းလင်း မဖြစ်နိုင်' ဆိုတာလေ။ ကျွန်တော်လည်း ဒါကို တိုက်ရိုက်အဖြစ်ဆုံးနည်းနဲ့ပဲ ဘာသာပြန်နိုင်တယ်ဗျ၊ ကွက်တိကျအောင် လုပ်နိုင်လာဖို့ဆိုရင် ကျွန်တော် အခုထိ တစ်ချို့ကျွမ်းကျင်မှုတွေ လိုနေသေးတယ် ... အာ ဟုတ်တာပေါ့ ၊ ဖွားဖွားကတော့ ကျွန်တော့်ထက် အများကြီး ပိုကျွမ်းကျင်၊ ပိုတတ်မြောက် တာပေါ့ဗျာ" 



"ကျောင်းပေါင်းတစ်ရာ၏ အတွေးများနှင့် ယှဥ်ပြိုင် ... ဟုတ်ကဲ့၊ တိကျပြီး လှပတဲ့ စကားအသုံးအနှုန်းတွေကို တရုတ်လိုပဲ သိသေးလို့ ကျွန်တော် အခု နောင်တရနေပါပြီ၊ ဟုတ်တာပေါ့ ၊ နောင်တရတာချည်းပဲတော့ မဟုတ်ပါဘူး၊ ဂုဏ်ယူနေရတာက ပိုများပါတယ်ဗျာ" 



သူ့ဖွားဖွားနဲ့ နာရီဝက်ခန့် စကားပြောပြီးနောက် မဲ့တုန် ဖုန်းချလိုက်ပြီးမှပဲ သူ့အနားမှာ လူများ ဝိုင်းအုံနေသည်ကို သတိထားမိတော့သည်။သူ ချက်ချင်းပဲ နည်းနည်း ထိတ်လန့်သွားပြီး အလိုအလျောက် သူ့ကိုယ်က အနည်းငယ် နောက်တွန့်သွားရသည်။ အများစုက တရုတ်မဟုတ်သော မျက်နှာများဖြစ်နေတာကို တွေ့ပြီး သူ ဂျာမန်လိုပဲ မေးလိုက်သည်။

"ဘာတွေ ဖြစ်နေတာလဲ?" 



"မဲ့ ၊ မင်းက မင်းမိသားစုနဲ့ ဖုန်းပြောနေတဲ့အချိန်ဆို တခြားအချိန်နဲ့ မတူတဲ့ ဆွဲဆောင်မှုတစ်ခုရှိတယ်။ အဲ့ဒါက မင်းတို့ တရုတ်စကားလုံးတွေထဲဆို 'စာပေဂုဏ်သတင်းကြီးမားသော အိမ်တော်၏ အိမ်သူအိမ်သားများ' ဆိုတဲ့ စာလုံးလိုပဲ" ဟု မျက်နှာတစ်ခုလုံးတွင် မှဲ့ခြောက်များရှိသော ဂျာမန်ကျောင်းသားက ပြောသည်။'စာပေဂုဏ်သတင်းကြီးမားသော အိမ်တော်၏ အိမ်သူအိမ်သားများ'ဆိုသော စကားစုကို တရုတ်ဘာသာအီဒီယံများတွင် ရေးသားဖော်ပြထား၏။ 



နိုင်ငံခြားသားများက သူတို့၏ စိတ်ခံစားချက်များကို ခံစားရသည့်အတိုင်း ပွင့်ပွင့်လင်းလင်း တည့်တိုးဖော်ပြတတ်ပြီး၊သူတို့အနေနဲ့ ဂုဏ်ယူမိတာဖြစ်ဖြစ်၊စေတနာထားတာကို ဖြစ်ဖြစ် ပြသဖို့ ဘယ်တော့မှ တွန့်ဆုတ်နေလေ့ မရှိမှန်း မဲ့တုန် သိသည်။ဤသို့ ပြောဆိုလာခြင်းကိုက သိမ်မွေ့သော အသုံးအနှုန်း ဖြစ်နေပြီးသား ဖြစ်သည်။ မဲ့တုန်ကတော့ ဒါကို ကျင့်သားမရသေးပေ၊ သို့သော် ပြုံးရုံလေး ပြုံးလိုက်ပြီး "ကျေးဇူးပါ" လို့ ပြောလိုက်၏။ 



သို့သော် မဲ့တုန်က နိုင်ငံခြားသား သူငယ်ချင်းများ၏ ထက်သန်တက်ကြွမှုနှင့် ပွင့်လင်းမှုကို လျှော့တွက်ထားမိသည်ပင်။ 



တရုတ်မှာတော့ 'ကျေးဇူးပါ'လို့ ရိုးရိုးလေး ပြောလိုက်တာနဲ့ကို လုံလောက်ပြီ ဖြစ်ပြီး အပြန်အလှန် စကားပြောဆိုခြင်း အဆုံးသတ်ပြီဟု ယူဆနိုင်၏။အလွန်အမင်း အမွှန်းတင်ခြင်းနှင့် မြှောက်ပင့်ပြောဆိုခြင်းက တစ်ဖက်လူအပေါ် စိတ်ရင်းမဟုတ်သလို၊ အတင်းအကြပ်လုပ်ယူနေရသလို ထင်သွားရစေနိုင်၏။ သို့သော် ဂျာမန်ကျောင်းသားများအတွက်ကတော့ အဲ့လိုလုံးဝမဟုတ်ပါ။ 



တခြားသူတွေက သိပ်မချီးကျူးကြဘူးဆိုတော့ သူတို့က မဲ့တုန်ကို ဘယ်လိုမျိုး ချီးကျူးပေးကြရင်ကောင်းမလဲ? 



ထိုသို့နှင့် လူအနည်းငယ်က အတူတူစု၍ လာကြပြီး မဲ့တုန်အတွက် ဂုဏ်ယူမိကြောင်း ပြသကြသည်။တစ်ယောက်ချင်းဆီက သူတို့၏လေးစားမှုကို အတော်လေး တက်တက်ကြွကြွနဲ့ ဖော်ပြကြပြီး၊ ထူးထူးခြားခြား အပြုအမူပါ တစ်ခုတစ်လေ ပါလာသေး၏။ 



"မဲ့ ၊ အရင်တစ်ခါ ငါတို့အတူ ညစာစားတုန်းကလေ မင်းက အတော်လေး တည်ကြည်နေတာ၊ ကြက်ပေါက်စလေးကျနေတာပဲ၊ ဒါပေမဲ့ အခုကျတော့ မတူတော့ဘူး၊ငါက မင်းရဲ့ ဆွဲဆောင်မှုရှိတဲ့ ရှုထောင့်တွေကို ငါ အကုန် ရှာတွေ့ထားပြီ။ပြီးတော့ မင်းဆီမှာ ငါမမြင်ဖူးသေးတဲ့ အရည်အချင်းကောင်းတွေ အများကြီးရှိနေမယ်လို့ ငါ ယုံကြည်တယ်၊ငါ အဲ့ဒါတွေကို ထပ်ပြီး ရှာကြည့်ဦးမယ်" 



"မင်းက နတ်ဘုရားတစ်ပါး သက်ဆင်းလာသလိုပဲ၊ မဲ့ ၊မင်း အဲ့ဒါကို သိလား? ငါတို့ ခေါင်းစဥ်အကြောင်းအရာကို တွေ့တော့ ငါတို့ရဲ့ကမ္ဘာက အဆုံးသတ်သွားပြီလို့ ထင်ထားတာ၊အရမ်းပဲ ခက်လွန်းတယ်လေ၊ ဒါပေမဲ့ မင်းရဲ့ ထွက်ပေါ်လာမှုက ငါတို့ကို ကယ်တင်လိုက်ပြီ၊ငါ မင်းကို ချစ်တယ်!" 



ထိုစကားကို ပြောလိုက်သူက ရွှေအိုရောင်ဆံပင်နှင့် ယောကျ်ားလေးတစ်ယောက်ဖြစ်ပြီး အတော်လေးကို အရပ်ရှည်သည် -- 1.9m နီးနီးပင် ၊ မဲ့တုန် မြင်ဖူးသမျှထဲမှာ အရပ်အမြင့်ဆုံး ဖြစ်၏။ ထိုသူက သူ့၏ လေးစားသော စိတ်သဘောထားကို ဖော်ပြရန်အတွက် 'ငါ မင်းကို ချစ်တယ်' ဆိုသည့်စကားကို တရုတ်စကားလုံးများ သုံး၍ ကြည်လင်ပြတ်သားစွာဖြင့် ပီပီသသကြီး ပြောချလိုက်လေသည်။ 



ယန်ရှုမင်က အသင်း၏ နားနေခန်းတွင်းသို့ ဝင်လာချိန်တွင် 'မဲ့ ၊ ငါ မင်းကို ချစ်တယ်' ဆိုသော ထိုစကား လေးလုံးကို ကြားသွားတော့သည်။ 



တစ်ယောက်ယောက် ဝင်လာတာကို ကြားလိုက်ရသဖြင့် အားလုံးက လှည့်ကြည့်မိသွားကြသည်။ညစာစာတုန်းက မဲ့တုန်ကို WeChat တွင် ပထမဆုံး လာadd သော မိန်းကလေးက ပြုံးပြီး ဂျာမန်လို ပြောသည်။

"မဲ့၊ မင်းရဲ့ချစ်သူကောင်လေး လာပြီ၊ ငါတို့သွားတော့မယ်နော်၊ တရုတ်မှာ 'မီးသီး'လို့ ခေါ်တဲ့ ဝေါဟာရတစ်ခု ရှိတာကို ငါသိပါတယ်" 



မဲ့တုန် အလျင်အမြန်ပဲ ရှင်းပြလိုက်သည်။

"မဟုတ်ဘူး ၊ သူက ငါ့ရဲ့ချစ်သူကောင်လေး မဟုတ်ပါဘူး" 



ကံဆိုးစွာနဲ့ သူ ရှင်းပြတာကို ဘယ်သူကမှ အာရုံစိုက်မနေကြပေ။ အချိန်ဘယ်လောက်မှ မကြာလိုက်ရပါပဲ သူ့ကို 'စိတ်အားထက်သန်စွာ ဖွင့်ဟပြောဆိုခဲ့' သူများက အကုန်လုံး ထွက်သွားကြပါ၏။ 



ယန်ရှုမင်က အသားကင်နှင့် ထမင်းပါသော ဘူးကို ကိုင်လာခဲ့ပြီး ထိုဘူးကို စားပွဲပေါ်တွင် တင်လိုက်သည်။ ထိုင်လိုက်ပြီးနောက် ယန်ရှုမင်က မျက်ခုံးတစ်ဖက်ကိုပင့်၍ ပြောလေသည်။

"ကိုယ် ဒီကိုလာတာ နည်းနည်းတော့ နောက်ကျသွားတယ်၊ မင်္ဂလာပွဲမှာ ဝေတဲ့ ချိုချဥ်လေး တစ်လုံး၊နှစ်လုံးလောက် ရနိုင်ဦးမလား?" 



မဲ့တုန် လည်ချောင်းကို ရှင်းလိုက်ပြီး အသားကင်ထမင်းဘူးကို ယူလိုက်၏။

"မဟုတ်ပါဘူး ၊ နိုင်ငံခြားသားတွေက အဲ့လိုမျိုးပဲလေ" 



ဒီနေ့က စနေနေ့ ဖြစ်သည်။ဆယ်နာရီလောက်တုန်းက ယန်ရှုမင်က မဲ့တုန်ကို WeChat message ပို့ခဲ့ပြီး စကားရည်လုပြိုင်ပွဲအသင်း၏ နားနေခန်းမှာ ရှိနေလားလို့ မေးသည်။ မဲ့တုန်က ရှိကြောင်း အတည်ပြုလိုက်သောအခါ သူက မဲ့တုန်အတွက် နေ့လည်စာ ယူလာပေးမယ်လို့ ပြောခဲ့သည်။အခုတော့ ထမင်းစားချိန် ရောက်ပြီဖြစ်၍ မဲ့တုန်၏ အစာအိမ်က တဂွီဂွီ အော်မြည်နေလေသည်။သူ အသားကင်ထမင်းဘူးကို ဖွင့်လိုက်ပြီး နှစ်လုတ်ခန့် စားလိုက်၏။ ထို့နောက် တွန့်ဆုတ် တွန့်ဆုတ်နဲ့ပဲ ကျောပိုးအိတ်ထဲက ဒိုင်ယာရီစာအုပ်အဟောင်းကို ယူ၍ တွန်းပေးလိုက်သည်။ 



"အမ်း ... ကျွန်တော် အရင်တစ်ခါက ခင်ဗျားကို ဒီစာအုပ် ပြမယ်လို့ ပြောထားတယ်လေ"

မဲ့တုန်က ပြောသည်။ 



ယန်ရှုမင်က ဘာမှ မပြောပေ။ မဲ့တုန် ထမင်းစားနေစဥ်တွင် သူက မဲ့တုန်ဘေးမှာထိုင်၍ ဒိုင်ယာရီကို ဖွင့်လိုက်လေသည်။ 



မဲ့တုန်က စာအုပ်ကို အမြန် ဖိပိတ်လိုက်ပြီး ပြောသည်။

"အဲ့ဒါကို ဒီမှာ မဖတ်နဲ့လေ" 



ယန်ရှုမင်၏ လေသံက တည်ငြိမ်နေသည်။

"ကိုယ် သဝန်တိုနေတာကို မင်း ကောင်းကောင်း သိတာပဲ" 



မဲ့တုန်အတွက် ဒီနေ့က သမားရိုးကျ မဟုတ်ဘဲ တော်တော်လေး အိမ်မက်ဆန်ဆန် ဖြစ်နေသည်။ ပထမဆုံး သူက ရိုးရိုးစင်းစင်း ရှိသော နိုင်ငံခြားသား တစ်အုပ်စုကို ရင်ဆိုင်ဖြေရှင်းခဲ့ပြီး အခုတော့ အတော်လေး တည့်တိုးဆန်သူ ယန်ရှုမင်နှင့် ဖြစ်ပါ၏။နိုင်ငံခြားသား သူငယ်ချင်းတွေက သူ့အတွက် ကိုင်တွယ်ဖို့ လွယ်ကူလွန်းသည်၊မဲ့တုန် သူတို့ကို သိပ်ဂရုမထားပါ။ သူတို့ ဘာပဲပြောပြော နားထောင်ခြင်း၊ မနားထောင်ခြင်း - အဲ့လောက်သာ ဖြစ်သည်။ 



ဒါပေမဲ့ ယန်ရှုမင်ကတော့ မတူပါ။ သူသာ အဲ့ဒီလို စကားတွေ ပြောလာခဲ့မယ်ဆိုရင် မဲ့တုန်၏ နှလုံးသားထဲကနေ ပန်းရောင်ပူဖောင်းလေးတွေ ပလုံစီနေအောင် ထလာပြီး သူနဲ့ ယန်ရှုမင်က ချစ်ကြည်နူးဖွယ် ဆက်ဆံရေးတစ်ခု ရနေကြပြီလို့ ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်နိုင်လေသည်။ 



သူ အမြန်ပဲ လွယ်လွယ် သဘောတူလိုက်ပြီး ယန်ရှုမင်ကို သူ့ဘေးမှာထိုင်ရင်း ဒိုင်ယာရီဖတ်ခွင့် ပေးလိုက်ရသည်။ မတော်တဆဖြစ်စေ၊တမင်တကာရည်ရွယ်ပြီးဖြစ်စေ ၊ ယန်ရှုမင်က တစ်ခုပြီးတစ်ခု ဖတ်နေရင်း မှတ်ချက်များ ဆက်တိုက် ပေးနေ၏။ 



"ဘတ်စ်ကတ်ဘောပြိုင်ပွဲမှာ ကိုယ့်ကို ရေဝယ်ပေးတဲ့ ကောင်မလေးက ကိုယ်တို့ကလပ်အသင်းက ဂျူနီယာပါ။ သူက ကိုယ့်ကို လုံးဝ စိတ်မဝင်စားပါဘူး။ ကိုယ့်မှာ ရေဝယ်တိုက်ပေးမဲ့ ချစ်သူတစ်ယောက် မရှိလို့ သူက သနားခဲ့ရုံပါပဲ" 



"ကိုယ်နဲ့ စားသောက်ဆိုင်မှာ ထမင်းအတူစားတဲ့ တစ်ယောက်ကလည်း ကိုယ့်ကို စိတ်ဝင်စားနေတဲ့သူ မဟုတ်ပါဘူး။သူက ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်သစ်လေး တစ်ယောက်လေ။ ပွဲတစ်ခုကို သူပထမဆုံး ကိုင်တွယ်ကျင်းပရမှာ၊ ပြီးတော့ အတွေ့အကြုံလုံးဝ မရှိလို့ ၊ကိုယ်က အဆင်ပြေမဲ့အချက်တစ်ချို့ ပြောပြပေးနေတာပါ" 



"မင်း ရေးထားတဲ့ လူအကြောင်း ကိုယ် ဘာလို့ မမှတ်မိရတာလဲ? သူတို့ကို ကိုယ့်ကို ဖွင့်မပြောခဲ့ပါဘူး၊တစ်စုံတစ်ယောက်က ကိုယ့်ဆီ ဝန်ခံခဲ့ဖူးတာက တော်တော်လေးကို ကြာခဲ့ပါပြီကွာ" 



မဲ့တုန်၏ မျက်နှာမှာ အသားကင်ထမင်းထဲတွင် မြုပ်လုမတတ်ဖြစ်နေပြီး ခုခံသည့်အနေဖြင့် တိုးတိုးလေး ပြောလာသည်။ 



"ကျွန်တော်က ဒီအတိုင်း ရေးလိုက်မိတာ၊ အတည်ပေါက်ကြီး မမှတ်ပါနဲ့ဆို၊ ခင်ဗျားလည်း သိမှာပဲ၊ လူတစ်ယောက်က သူ့မှာ တစ်ဖက်သတ်ကြိုက်နေရတဲ့သူ ရှိပြီဆိုရင် သူ့ရဲ့အတွေးစိတ်ကူးတွေက အရိုင်းဆန်ဆန် ဖြစ်ချင် ဖြစ်နေမှာပဲလေ" 



ယန်ရှုမင်က ဒိုင်ယာရီကို ဆက်တိုက် လှန်လှောနေပြီး သာမန်ကာ လျှံကာ မေးလိုက်သည်။

"အမ်း ၊ အခုကရော?" 



မဲ့တုန်၏ နှလုံးသားက တစ်ချက် ဆောင့်ခုန်သွားသည်။

"ဟင် ?" 



ယန်ရှုမင်က မေးသည်။

"အခုလည်း မင်းရဲ့အတွေးစိတ်ကူးတွေကို အရိုင်းဆန်ဆန် ဖြစ်ခွင့် ပြုထားတုန်းပဲလား?" 



မဲ့တုန် နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။ပါးစပ်အပြည့် ထမင်းလုတ်ကို ဝါးရင်း တစ်ချက်ထဲနဲ့ မြိုချမိလိုက်သဖြင့် သူ့လည်ချောင်းထဲက 'ဂလု'လို့ အသံထွက်သွားတာကို ပီသစွာ ကြားလိုက်ရ၏။ သူက သူ့ပါးစပ်ကို ဟလိုက်ပြီး အတော်ကြာမှ တုံ့ပြန်သည်။

"တစ်ခါတစ်လေမှ ပါ" 



ယန်ရှုမင် ခေါင်းငြိမ့်လိုက်ပြီးနောက် ခေါင်းကို မော့၍ မဲ့တုန်ကို ကြည့်လာခဲ့သည်။ 



နားနေခန်းထဲမှာ သူတို့နှစ်ယောက်က လွဲ၍ ဘယ်သူမှ မရှိပါ။ဆောင်းရာသီ နေ့ခင်း၏ နေရောင်ခြည်က ပြတင်းပေါက်များကို ဖြတ်၍ နွေးထွေးသော ဝါဖျော့ဖျော့အလင်းကို ဖြစ်စေပေမဲ့ အပူချိန် မြင့်မားခြင်း မရှိပါ။ သူတို့နှစ်ယောက်လုံးက အဝတ်အစားထူထူ ဝတ်ထားကြသည်။ 



ယန်ရှုမင်က မဲ့တုန်၏ အနားကို အနည်းငယ် တိုးကပ်လာပြီး ညင်သာစွာဖြင့် မေးလေသည်။

"ကိုယ် မင်းကို နမ်းလို့ ရလား? ရုတ်တရက် ဆန်လွန်းတယ်လို့ မင်း ထင်လားဟင်?" 



မဲ့တုန် တစ်ကိုယ်လုံး အေးခဲသွား၏။ သူ့လည်ပင်းက တင်းကြပ်နေပြီး သူ့အသံက ပင်ပန်းနွမ်းနယ်နေပြီး တုန်ယင်နေ၏။

".... ဟင် ?" 



ယန်ရှုမင်က သူ့ဘက်သို့ တဖြည်းဖြည်း ကိုင်းညွှတ်လာခဲ့ပြီး သူတို့၏ နှုတ်ခမ်းများက နီးသထက် နီးလာကြသည်။ မဲ့တုန်နှင့် အဆက်အသွယ်ပြတ်သွားသော ဦးနှောက်က ရုတ်တရက် ပြန်လည်ချိတ်ဆက်လာခဲ့သည်။ သူ၏ မျက်နှာကလည်း သူ့ကိုယ်ပိုင်မျက်နှာလို့ မထင်ရတဲ့အထိ နီရဲလို့ နေလေသည်။ သို့သော်လည်း မဲ့တုန်က နောက်ဆုံးလက်ကျန် ဆင်ခြင်တုံတရား အပိုင်းအစလေးကို သုံး၍ မြန်မြန် ရှောင်တိမ်းလိုက်ပြီး သေးငယ်တိုးညှင်းသော အသံလေးဖြင့် တီးတိုးပြောလာခဲ့သည်။ 



"မလုပ်ပါနဲ့ ... ကျွန်တော် အခုပဲ အသားကင်နဲ့ ထမင်းစားထားတာလေ T_T "

++++++++