Chapter 14
မဲ့တုန်၏ နှလုံးသားမှာ ချိုမြိန်သော ပျားရည်တွေနဲ့ ပြည့်နေသည်၊အမှန်တော့ သူ ပွင့်ပွင့်လင်းလင်းပဲ သဘောတူလိုက်ချင်ပါသည် ၊ဒါပေမဲ့ သူ သံသယဖြစ်နေသလိုလို နည်းနည်းတော့ ဟန်ဆောင်လိုက်ချင်သေးသည်။
ဒါကြောင့် သူ ပြောလိုက်သည်။
"ခင်ဗျားက ကျွန်တော့်ဆီကို လာပြောတယ်ဆိုရင်တောင်မှ ကျွန်တော် စဥ်းစားကြည့်ဖို့ လိုသေးတယ်လေ"
ယန်ရှုမင်က 'အာ...' ဟု ခပ်ဖြည်းဖြည်း ရေရွတ်ပြီးနောက် ပြောသည်။
"ထင်တဲ့အတိုင်း ကိုယ် နည်းနည်းတော့ အတ္တကြီးနေမိတာပဲ။ နောက်ဆို ကိုယ့်ရဲ့အသိအမြင်ကို ကိုယ် ပြောင်းလဲသင့်ပြီ"
ထိုသို့ ကြားရတော့ မဲ့တုန်လည်း သူ့လေသံကို ချက်ချင်း ပြောင်းလဲမိတော့သည်။
"မဟုတ်ဘူး ... ပြောင်းလဲစရာ မလိုပါဘူး၊ ခင်ဗျားက လာမေးတာ ဆိုတော့၊ ဒါပေါ့၊ ကျွန်တော် သဘောတူမှာပါ"
ထိုသို့ ပြောလိုက်တော့ ဖုန်းတစ်ဖက်ခြမ်းကနေ လှိုက်လှိုက်လှဲလှဲ ရယ်မောလိုက်သော အသံကို မဲ့တုန် ကြားလိုက်ရလေသည်။ ယန်ရှုမင်က သူ့ကို ထပ်ပြီး စနောက်နေတယ်လို့ သဘောပေါက်သွားတော့၏။
ဒါက မဲ့တုန် စိတ်လိုလက်ရ အလျှော့ပေးလိုက်မိတဲ့ ပထမဆုံးအကြိမ် တော့ မဟုတ်ပါ။ ဤသို့ ဖြစ်သွားသော အကြိမ်တိုင်းမှာ မဲ့တုန် သူ့ကိုယ်သူ နည်းနည်းတော့ သဘောမကျ ဖြစ်ရသည် -- သူက ဘယ်လိုဖြစ်ပြီး စည်းမရှိ ကမ်းမရှိ ဖြစ်သွားရတာလဲ? မဲ့တုန်က အခြားသူတွေနဲ့ ပရောပရည်လုပ်ဖူးတဲ့ အတွေ့အကြုံ လုံးဝမရှိတော့ ယန်ရှုမင်ရဲ့ အမြင်မှာ သနားစရာလေး ဖြစ်နေတာ၊ ဒါကို အခွင့်ကောင်းယူပြီး ယန်ရှုမင်က သူ့ကို အနိုင်ကျင့်နေတယ်လို့ မဲ့တုန် ခံစားမိတဲ့အထိပဲ။
မဲ့တုန်က ထပ်မေးသည်။
"ဒါပေမဲ့ ... ကျွန်တော် မှလား? တတိယနှစ် ဒါမှမဟုတ် စတုတ္ထနှစ်က စီနီယာ အစ်ကို၊အစ်မတွေကို ရှာရင် ပိုပြီး မကောင်းဘူးလား? ကျွန်တော်ရဲ့ ပညာဗဟုသုတက အဲ့လောက်ထိ မလုံလောက်သေးဘူးလို့ ကျွန်တော် စိုးရိမ်မိတယ်"
ယန်ရှုမင်က သူ့ရဲ့ အကူအညီမဲ့နေဟန် လေသံကို နောက်တစ်ခါ ထပ်ရွေးချယ်၍
"ရွှယ်ပါ့ ၊ မင်းရဲ့ အသိအမြင်က ဘယ်လိုတောင်များလဲကွာ? အထက်တန်းကျောင်းမှာထဲက ဂျာမန်ဘာသာကို မင်း အရမ်းကျွမ်းကျင်တယ်လေ၊ကိုယ် ဒီအကြောင်းပြချက်ကို အရင်က မတွေးမိပေမဲ့ မင်းရဲ့ ဖွားဖွားက သံတမန်တစ်ယောက်ဆိုပြီး မင်းပြောပြခဲ့တယ်၊ ပြီးတော့ ဒီလိုတွေးမိတာ အဲ့ဒီအကြောင်းကြောင့်ပဲလို့ ကိုယ် မှန်းဆမိတယ်"
မဲ့တုန် ပထမတော့ ဒီတိုင်း ခေါင်းငြိမ့်လိုက်ပြီး နောက်မှ သူ့မျက်လုံးများက ချက်ချင်းပဲ ဝိုင်းစက်လာ၏။
"အထက်တန်းကျောင်း ... ခင်ဗျား ကျွန်တော့်ကို သိခဲ့တာလား?"
မဲ့တုန် ထိုမေးခွန်းကို မေးလိုက်တော့ ဖုန်း၏ အခြားတစ်ဖက်က ခဏကြာအောင် တိတ်ဆိတ်သွားခဲ့၏။ချက်ချင်းပင် ယန်ရှုမင်က ပြောလာသည်။
"ထားလိုက်ပါတော့၊ မင်း စောစောအိပ်ရာဝင်တော့လေ"
မဲ့တုန် အမြန်ပဲ ဝင်ပြောလိုက်၏။
"ဟေး၊ခဏလေး နေပါဦး"
သို့သော် သူ စကားဆုံးအောင် မပြောရသေးခင်ပဲ တစ်ဖက်က ဖုန်းချသွားတော့သည်။
ယန်ရှုမင်က ဒီအတိုင်း ထားလိုက်သော်လည်း မဲ့တုန်အတွက် အိပ်ရေးပျက်ခဲ့ရသည့် ညတစ်ည ဖြစ်ခဲ့လေသည်။
ယန်ရှုမင် သူ့ကို အထက်တန်းကျောင်းမှာထဲက သိနေခဲ့တာကို သူ အံ့ဩမိနေဆဲပင်။သူ အပြင်းအထန် စဥ်းစားခဲ့ပေမဲ့၊ အားကစားပွဲနေ့မှာ သူ လဲကျခဲ့တဲ့ အချိန်တစ်ခုက လွဲပြီး ၊ သူတို့နှစ်ယောက်က အမှန်တကယ်တမ်း အဆက်အဆံ မရှိခဲ့ဖူးပေ။အကယ်၍ တစ်နေရာရာမှာဆုံစည်းရတယ် ဆိုရင်တော့ အတန်းတိုင်း၏ နောက်ဆုံးစာမေးပွဲများ ပြီးနောက် ထူးချွန်သူများကို ဂုဏ်ပြုသည့် နံရံပေါ်တွင် ချိတ်ထားသော ဓါတ်ပုံများမှာသာ ဖြစ်လိမ့်မည်။
အထက်တန်းကျောင်းမှာ အတန်းက စုစုပေါင်းသုံးတန်း ရှိသဖြင့် ဓါတ်ပုံရိုက်သည့် အခန်းထဲမှာ လူသုံးယောက်သာ ရှိသည်။
မဲ့တုန်က ယန်ရှုမင်ကို မသိသလို ဟန်ဆောင်နေသော်လည်း ယန်ရှုမင်ကတော့ မသိချင်ယောင်ဆောင်နေပုံ မရပါ။ သူက မဲ့တုန်ကို မမှတ်မိတာ သိသာသည်၊ ပြီးတော့ ထိုနှစ်ယောက်က 'ဟယ်လို' လို့တောင် အပြန်အလှန် နှုတ်ဆက်မလာကြပေ။
ဒါကြောင့် မဲ့တုန်က သူ အထက်တန်းကျောင်းမှာ ဂျာမန်စကားပြောခဲ့သည့် အချိန်ကို ထပ်တွေးကြည့်သည်။အထက်တန်းကျောင်း ပထမနှစ်မှာ သူ့ အတန်းပိုင်ဆရာက အတင်းအကြပ် ဝင်ပြိုင်ခိုင်းသည့် အင်္ဂလိပ်စကားပြောပြိုင်ပွဲတွင် ဖြစ်လိမ့်မည်ထင်သည်။
မဲ့တုန်သည် ကလေးဘဝမှ မြီးကောင်ပေါက်ရောက်လာသည်အထိ သင်ခန်းစာပြင်ပ ပြိုင်ပွဲများနှင့် လှုပ်ရှားမှုများကို လုံးဝ စိတ်မဝင်စားခဲ့ပေ။အထက်တန်းကျောင်း ရောက်တော့ သူ မငြင်းနိုင်တော့ပေ၊သူ နဲ့သူ့ ထိုင်ခုံဖော်တို့ ခြေသုံးချောင်းထောက် အပြေးပြိုင်ပွဲမှာ ဝင်ပြိုင်ရန် အတင်းအကြပ် စေခိုင်းခံရသလိုမျိုးပင်။
မကျေမနပ်နဲ့ပဲ မဲ့တုန် ပြိုင်ပွဲမှာ ပြက်တီးပြက်ချော် လုပ်ချလိုက်တော့သည်။ အခြားသူများက အင်္ဂလိပ်ဘာသာဖြင့် မိန့်ခွန်းများ ပြောနေကြစဥ် သူက ယုံကြည်မှုအပြည်နှင့် ' ပညာရေး၏ စစ်မှန်တဲ့ အဓိပ္ပါယ်က ကျောင်းသားများ လွတ်လွတ်လပ်လပ် တိုးတက်ဖွံဖြိုးလိုသော စိတ်ဆန္ဒအပေါ် မူတည်သည်'ဆိုသော အကြောင်းအရာ ခေါင်းစဥ်ကို ဂျာမန်ဘာသာစကား စစ်စစ်ဖြင့် ကျွမ်းကျွမ်းကျင်ကျင် ပြောချပစ်လိုက်တော့၏။ အကဲဖြတ်ဒိုင်များက တစ်လုံးမှ နားမလည်သဖြင့် သူ သုညပဲ ရခဲ့သည်။မဲ့တုန်ကို ပထမတစ်ပွဲမှာထဲက ထုတ်ပယ်လိုက်ကြလေသည်။
အဲ့ဒါကို ပြန်တွေးရင်း မဲ့တုန် ရှက်လာတော့သည်။အဲ့ဒီအချိန်က သူမှ မရင့်ကျက်သေးပဲ ၊အခုအချိန်မှာသာ ဖြစ်လာခဲ့တယ်ဆိုရင်တော့ သူ အရင်ကလို လုပ်မှာ မဟုတ်တော့ပါ။
ထိုအဖြစ်အပျက်ကို သူ မှတ်မိသွားခဲ့ပေမဲ့ ယန်ရှုမင်က စကားပြောပြိုင်ပွဲမှာ ဝင်မပြိုင်ခဲ့။အဲ့ဒီအချိန် ယန်ရှုမင်က ရူပဗေဒပြိုင်ပွဲတစ်ခုအတွက် ကြိုတင်ပြင်ဆင်နေရတာ ဖြစ်သည်၊ဒါဆို သူက ဘယ်လိုများ သိတာပါလိမ့်?
နောက်နေ့မနက် စောစောတွင် မဲ့တုန် အိပ်ရာမှ နိုးလာပြီးနောက် ဖုန်းစကရင်တစ်ခု အပြည့် ကျေးဇူးတင်ကြောင်း စာများကို တွေ့လိုက်ရတော့သည်။ စာပို့တဲ့သူသည် လွန်ခဲ့တဲ့တစ်လက မဲ့တုန်ကို လာadd ခဲ့သော စီနီယာဖြစ်၏။ ထိုစီနီယာက မဲ့တုန်ကို စကားရည်လုပြိုင်ပွဲ အသင်း group chat ထဲသို့ ထည့်လိုက်သဖြင့် ထို groupထဲရှိ လူတိုင်းက 'စာပေလေ့လာခြင်းနတ်ဘုရားကို ကိုးကွယ်' နေကြသည်။
မဲ့တုန်သည် ထိုအခြေအနေ၏ လွှမ်းမိုးခြင်းကို ခံလိုက်ရပြီး group ထဲတွင် စကားမပြောရဲခဲ့ပေ။အဲ့ဒီအစား သူက ရိုးရိုးပဲ 'ရပါတယ်'လို့ ထိုစီနီယာကို သီးသန့်စာပို့လိုက်သည်။သူက အမှန်ကို လူစုလူဝေးတွေကို မကြိုက်ပေမဲ့၊ အခြားသူတွေရဲ့ မျက်လုံးထဲမှာ သူက 'ကောင်းလန်' တစ်ယောက်ဟု နာမည်အတပ်ခံထားရမယ်လို့လဲ ထင်မထားခဲ့ပေ။
[gao leng - အေးအေးစက်စက် နေတတ်သူ]
တချို့တွေဆို သူ့အကြောင်း လျှို့ဝှက်စွာ ဆွေးနွေးကြပြီး၊ မဲ့တုန်က တကယ်ကြီး ကောင်းလန် ဖြစ်နေတာလားလို့ အချင်းချင်း တိုးတိုးကြိတ်ကြိတ် မေးနေကြသေး၏။ သူတို့က သူ့ကို နွေးထွေးစွာ ကြိုဆိုကြပေမဲ့ သူကတော့ စကားတစ်လုံးပင် ပြန်မပြောရဲသေးပါ။
ညနေခင်းမှာတော့ စကားရည်လုပြိုင်ပွဲအသင်းက မဲ့တုန်ကို ကျေးဇူးတင်သည့်အနေနဲ့ ညစာအတူစားရန် ဖိတ်ကြားလာခဲ့သည်။
မဲ့တုန်အနေနဲ့ တကယ် မသွားချင်ခဲ့ပါ။အခြားသူတွေကတော့ လူတွေနဲ့ သိုက်သိုက်ဝန်းဝန်းနေရတာကို ကြိုက်ကြသည် ၊ဒါက သူတို့ရဲ့ စိတ်ကို အားပြန်ဖြည့်တဲ့ နည်းလမ်းပဲ။ ဒါပေမဲ့ လူတွေနဲ့ အရောတဝင် ဆက်ဆံနေရတာက မဲ့တုန်အတွက်တော့ အားကုန်စေတဲ့ကိစ္စသာဖြစ်သည်။
မဲ့တုန်က ယန်ရှုမင်ကို ညစာစားပွဲအကြောင်း ပြောပြလိုက်ပြီး သူကမသွားချင်ပေမဲ့၊ လူတိုင်းက အရမ်းစိတ်အားထက်သန်နေတာကြောင့် စိတ်ကသိကအောက် ဖြစ်နေမိတယ် ဆိုပြီး မသိမသာ ဝန်ခံလိုက်သည်။
မဲ့ဇီ : " သူတို့က ကျွန်တော့်ကို ကျေးဇူးတင်ချင်တယ် ဆိုရင်တောင်မှ ညစာဖိတ်ကျွေးနေစရာတော့ မလိုဘူးလေ၊ အာ အာ အာ T_T"
ယန်ရှုမင် : "မင်းကသာ အတူညစာလိုက်မစားရင် သူတို့ကို အမှန်တကယ် ကူညီပေးချင်တဲ့စိတ် မရှိလောက်ပါဘူးလို့ သူတို့ တွေးလိုက်နိုင်တယ်"
မဲ့ဇီ : "ကျွန်တော် သိတယ်၊ အဲ့ဒါကြောင့် ကျွန်တော် မငြင်းလိုက်နိုင်ခဲ့တာပဲ"
ယန်ရှုမင် : "ကိုယ် မင်းနဲ့ အတူ လိုက်ပေးရမလား?"
မဲ့ဇီ : "အဆင်ပြေလို့လား? ခင်ဗျား အရမ်းကို အလုပ်များနေတာ မဟုတ်ဘူးလား?"
ယန်ရှုမင် : "အလုပ် မများပါဘူးကွာ"
မဲ့ဇီ : "ဟီးဟီး ၊ကောင်းပြီလေ"
မဲ့တုန် သူ့ကိုယ်သူ အလွယ်လေး ချော့လိုက်နိုင်သည် ။ယန်ရှုမင်ကသာ ညစာစားပွဲမှာ ရှိနေမယ်ဆိုရင်၊ သူ့အတွက်တော့ အားပြန်ဖြည့်လို့ ရနိုင်တဲ့ နည်းတစ်ခုပဲလို့ တွေးလိုက်သည်။
ထို့နောက် မနေ့ညက သူအိပ်မပျော်ခဲ့ရခြင်း၏ အကြောင်းရင်းကို သတိရသွားပြီး ယန်ရှုမင်ကို မေးတော့သည်။
မဲ့ဇီ : "ခင်ဗျား ကျွန်တော့်ကို အထက်တန်းကျောင်းမှာထဲက သိတာလား?"
ယန်ရှုမင် : "အင်္ဂလိပ်စကားပြောစွမ်းရည် ပြိုင်ပွဲမှာ ဂျာမန်လို ပြောပြီး အကဲဖြတ်ဒိုင်တွေ အားလုံးကို ရှုပ်ထွေးသွားအောင် လုပ်ခဲ့တာပဲလေ၊ မင်းကို လူတိုင်း သိတယ်"
မဲ့ဇီ : "အာ ?"
သူ့ဘဝလမ်းကြောင်းက နည်းနည်းလေး တိမ်းစောင်းနေတယ်လို့ မဲ့တုန် အခုမှပဲ သဘောပေါက်တော့သည်။
သူက အမြဲကို ခပ်လျှိုလျှိုနေတတ်ပြီး လူမှုရေးဆို ဘာသိဘာသာ နေတတ်တဲ့ ဖြတ်သွားဖြတ်လာတစ်ယောက်ဟု သူ အမြဲတွေးထားခဲ့သည်။ သို့ပေမဲ့ အခြားသူတွေကတော့ သူ့ကို အဲလို ရှုမြင်ကြပုံ မရသလိုပင်။ တကယ်တော့ မဲ့တုန်ကိုယ်တိုင်က လိုက်လျောညီထွေဖြစ်အောင် ဘယ်လိုနေရမလဲဆိုတာ မသိခြင်းဖြစ်သည်။
စဥ်းစားကြည့်ရအောင်။ သူ ယန်ရှုမင်အပေါ်မှာ ခံစားချက်တွေ မရှိခင်ကတည်းက ယန်ရှုမင်သည် အတန်းထဲတွင် ထိပ်ဆုံးကျောင်းသားဖြစ်ပြီး မြင့်မြတ်တဲ့ အရှိန်အဝါ ရှိနေခဲ့ပါ၏။သူက မဲ့တုန် လိုက်ချင်တဲ့သူ ဖြစ်လာခဲ့ပြီးနောက်၊ မဲ့တုန် ကိုယ်တိုင်ကလည်း အတန်းထဲတွင် ထိပ်ဆုံးအဆင့်ရသူ ဖြစ်သည်။ အခြားသူတွေရဲ့ မျက်လုံးထဲမှာ သူကို သာမန် ဖြတ်သွားဖြတ်လာတစ်ယောက်လို့ ဘယ်လိုလုပ်ပြီး မြင်နိုင်ပါ့မလဲ?
ယန်ရှုမင်နောက် လိုက်ဖို့ပဲ သူက အမြဲ အာရုံစိုက်နေခဲ့လို့ ၊အခြားလူတွေအတွက်တော့ သူက ပစ်မှတ်တစ်ခု ဖြစ်နေနိုင်တယ်ဆိုတာကို သူက လုံးဝ သတိမမူမိခဲ့တာပဲ။
နောက်တစ်နည်း ပြောရရင် ယန်ရှုမင်က သူ့ကို အထက်တန်းကျောင်းမှာထဲက သေချာပေါက် သိကိုသိတာပေါ့။
အဲ့ဒီခံစားချက်က တကယ်ပဲ ထူးဆန်းသည်။ မဲ့တုန်က သူ့ကိုယ်သူ သတိမထားနိုင်လောက်တဲ့ ထောင့်တစ်နေရာကနေ တိတ်တိတ်လေး လိုက်နေခဲ့ရတဲ့ လူတစ်ယောက်လို့ အမြဲ ထင်နေခဲ့တာ။ တစ်ဖက်လူကလည်း သူ့ကို သတိထားမိနေနိုင်သည်ဟု ရုတ်တရက် နားလည်သွားမိတာက အိပ်မက်ထဲကနေ လန့်နိုးလာရတာနဲ့ တူသည်။ပြီးတော့ အခြားသူရဲ့ အိပ်မက်ထဲမှာ သူကလည်း ရှိနေနိုင်သည်လို့ ရှာဖွေတွေ့ရှိသွားတော့သည်။
ညနေခင်းတွင် စကားရည်လုပြိုင်ပွဲ အသင်းနှင့် ညစာစားသောအခါ လူတိုင်းက စိတ်အားထက်သန်စွာဖြင့် မဲ့တုန်၏ ဘေးတွင် ဝိုင်းနေကြပြီး ဘာလို့များ ဂျာမန်လို ကောင်းကောင်း ပြောတတ်ရတာလဲဆိုတဲ့ မေးခွန်းများဖြင့် တရစပ် ထိုးနှက်နေတော့သည်။
မဲ့တုန် တော်တော် ရှက်နေခဲ့ပြီး သူ့မိသားစုဝင်တိုင်းက ဂျာမန်လို ပြောနိုင်ကြပါကြောင်းနှင့် သူ့အဖွားက သံတမန်တစ်ယောက်ဖြစ်ကြောင်း ရှင်းပြရတော့၏။
လူတိုင်းက အံ့ဩသွားကြပြီး မဲ့တုန်ကို အခြားကမ္ဘာက လာခဲ့သော အရှင်သခင်တစ်ပါးကဲ့သို့ ကြည့်နေမိလေ၏။ ညစာစားပွဲတက်ရောက်လာသော စကားရည်လုပြိုင်ပွဲ အသင်းသားအများစုမှာ ဂျာမနီနိုင်ငံမှ လာသော ကျောင်းပြောင်းကျောင်းသားများ ဖြစ်သည်။သူတို့ရဲ့ မိခင်ဘာသာစကားကို အသုံးပြု၍ မဲ့တုန်နှင့် စိတ်လှုပ်ရှားစွာ စကားပြောနေကြပြီး မဲ့တုန်ကလည်း အားစိုက်စရာမလိုပဲ တုံ့ပြန်နေခဲ့သည်။တခြားသူတွေရဲ့ ဘာသာစကားကို သုံးပြီး စကားပြောနေရသည့်ဆိုသော သူတို့ ရှက်ရွံ့မှုကို ခွာချလိုက်နိုင်သလို လူမှုဆက်ဆံရေးတွင် စိတ်ဖိစီးမှုများက တချို့တဝက် လျော့နည်းသွားတော့သည်။ အံ့ဩစရာကောင်းအောင်ပင် သူတို့မှာလည်း ပျော်ရွှင်စွာဖြင့်အပြန်အလှန် စကားပြောခဲ့ရပါ၏။
ယန်ရှုမင်က မဲ့တုန်၏ ဘေးတွင် ထိုင်နေခဲ့ပြီး တိတ်ဆိတ်နေသည့် ပုံစံပင်။ သူအနေနဲ့ ထိုဆွေးနွေးနေတာကို နားမလည်အပြင် သူတို့စကားဝိုင်းမှာလည်း ဝင်ပြောဖို့ အခွင့်အရေးမရတာကြောင့် ဖြစ်သည်။
နိုင်ငံတကာ ကျောင်းသားတစ်ယောက်က မဲ့တုန်ကို ဆက်သွယ်လို့ရမည့် အချက်အလက်ကို မေးမြန်းလာခဲ့သည် ၊ မဲ့တုန် မငြင်းနိုင်ခဲ့ဘဲ သူ့ QR Code ကို share ပေးမည်အလုပ်တွင် ယန်ရှုမင်က တားလိုက်သည်။
မဲ့တုန်က ချက်ချင်း သဘောမပေါက်ဘဲ ယန်ရှုမင်ဘက်သို့ လှည့်လိုက်သည်။ "ဘာဖြစ်လို့လဲ?"
ယန်ရှုမင်က စားစရာတစ်ခုကို တူဖြင့် ညှပ်၍ မဲ့တုန်အတွက် ထည့်ပေးပြီးမှ ခပ်တည်တည် ပြောသည်။
"မင်းရဲ့ WeChat ကို လွယ်လွယ်ကူကူပဲ ပေးနေတယ်ပေါ့?"
မဲ့တုန် မျက်တောင်ခတ်လိုက်မိသည်။
"အဲ့ဒီလို ထုံးစံ ရှိတယ်လား? ဘာဖြစ်လို့ ကျွန်တော်က ပေးလို့ မရနိုင်တာလဲ?"
ယန်ရှုမင်က မဲ့တုန်၏ တုံ့ပြန်တာနှေးကွေးမှုကြောင့် တားမြစ်ခံလိုက်ရပြီး ဘာမှ ထပ်မပြောတော့ဘဲ၊ ထိုသူနှစ်ယောက် WeChat တွင် အချင်းချင်း အောင်အောင်မြင်မြင် add လိုက်နိုင်တာကို ကြည့်နေခဲ့သည်။
လူတိုင်းက မဲ့တုန်၏ WeChat ကို လိုချင်ကြပြီး တစ်ယောက်က အရင် စတင်ပြီး လုပ်လိုက်ခဲ့သဖြင့် ဖုန်းပေါင်းများစွာ တသီတတန်းကြီးဝန်းရံလာပြီး အစက ခပ်တန်းတန်း နေခဲ့သူများပါ သူနဲ့ရင်းနှီးချင်လာကြသည့်နှယ်။
"ဟေး မဲ့ဇီ၊ ငါတို့လဲ အချင်းချင်း add ရအောင်လေ? ငါတို့ မင်းရဲ့အကြောင်းကို ခဏလေးပဲ ကြားရသေးတာ၊ ငါတို့ကို WeChat မှာ add လိုက်ပါလား၊ မင်း အကူအညီလိုရင် ငါတို့ကို ဒီတိုင်းပြောလိုက်၊ငါတို့ သေချာပေါက် ကူညီမယ်" လို့ ပြောလာကြသည်။
ညစာစားပြီးနောက် မဲ့တုန်တွင် WeChat friends အသစ် ၇ယောက်၊၈ယောက်အထိ ရလာတော့သည်။အားလုံးကလည်း စိတ်အားထက်သန်တက်ကြွကြသည်။
အဆောင်သို့ ပြန်လာရာ လမ်း၌ မဲ့တုန်က စာပြန်ရင်း ဖုန်းတစ်လုံးနှင့် အလုပ်များနေဆဲပင်။ အမှန်တကယ်တော့ သူလည်း အခုလို ရောရောထွေးထွေးနေရတာမျိုး မလိုချင်ပါ၊ သူကို စာပို့နေကြသော လူတွေထဲက တစ်ယောက်မှာ ယန်ရှုမင်၏ သူငယ်ချင်းဖြစ်နေသဖြင့် မဲ့တုန်က ထိုလူနဲ့ ဆက်ဆံရေးကောင်းချင်နေမိသည်။
လမ်းဖြတ်ကူးတိုင်း ယန်ရှုမင်က သူ့လက်ကောက်ဝတ်ကို ကိုင်ထားပေးခဲ့သည်။ အတူတူ လက်ကိုဆွဲပြီး လမ်းဖြတ်ကူးပေးတာက အခုမှ ဒုတိယအကြိမ်သာ ဖြစ်သော်လည်း မဲ့တုန်ကတော့ သူ့အပေါ် မှီခိုနေချင်တဲ့ အကျင့်လေး ဖြစ်လာလေသည်။
သူက ယန်ရှုမင် ရှေ့ကသွားသည့် နောက်ကို တကောက်ကောက် လိုက်နေဖို့သာ အာရုံရပြီး သူ့ခေါင်းကတော့ ဂျာမန်ကျောင်းသားတစ်ယောက်၏ စာကို ပြန်ဖို့ ငုံ့နေခဲ့သည်။
"တရုတ်နှစ်သစ်ကူးနေ့မှာ ရိုးရာအနေနဲ့ ဖက်ထုပ်စားကြတယ်လေ၊ ငါက ဖက်ထုပ်ဆို အရမ်းကြိုက်တာ၊မင်းလည်း တစ်ခါလောက် စားကြည့်သင့်တယ်၊စားသောက်ဆိုင်က ဖက်ထုပ်ရဲ့အရသာက သိပ်မကောင်းဘူး၊ ဒါပေမဲ့ တက္ကသိုလ်အနီးအနားကနေ မင်းမှာစားလို့ရမဲ့နေရာကို ငါ အကြံပေးနိုင်တယ်"
သူတို့ လူကူးမျဥ်းကြားအတိုင်း ကူးနေရင်း တစ်ဝက်အရောက်မှာ လမ်းကူးရန် အချက်ပြမီးက စိမ်းနေရာမှ နီသွားသည်။ မဲ့တုန်လည်း ဆောင့်ဆွဲခံလိုက်ရပြီး သူ့ဖုန်းမှာ လက်ထဲက လျှောကျသွားတော့မတတ်ပင်။ ထိတ်လန့်မှုကြောင့် မူးဝေနေသဖြင့် မဲ့တုန်က ယန်ရှုမင်ကို စကားပြောဖို့ ခြေလှမ်းအနည်းငယ်ခန့် ပြေးလိုက်ခဲ့ရသည်။
"အိုး ၊ တောင်းပန်ပါတယ်၊ ကျွန်တော် မီးနီသွားတာ မမြင်လိုက်ဘူး"
ယန်ရှုမင်က စကားတစ်လုံးသာ ပြန်ပြော၏။ "အမ်း"
မဲ့တုန် ချက်ချင်းပဲ ဖုန်းကို သိမ်းလိုက်သည်။
"ခင်ဗျား စိတ်ဆိုးသွားတာလား? ကျွန်တော် တောင်းပန်ပါတယ်၊ လမ်းဖြတ်ကူးရင်း ကျွန်တော် ဖုန်းကြည့်မနေသင့်ဘူး"
ယန်ရှုမင်က နောက်ထပ် သုံးလုံး ထပ်ပြောသည်။
"မဆိုးဘူး"
သူ မပျော်နေဘူးဆိုတာ မဲ့တုန်သိသည်။ လမ်းဖြတ်ကူးရာတွင် သေချာမကြည့်ဘဲ ယန်ရှုမင်၏ နောက်ကိုသာ လိုက်နေမိတာက သူ့အတွက် ဒုက္ခဖြစ်စေနိုင်တယ်လို့ ခံစားမိသည်။ သူက အစထဲက လူတွေနဲ့ ရင်းရင်းနှီးနှီးနေရတာကို မကြိုက်ဘူး၊အဲ့ဒါကြောင့် ယန်ရှုမင်က 'လိုက်ခဲ့ပေးရမလား'လို့ မေးလာတော့ သူက သဘောတူလိုက်မိထဲက သူ နည်းနည်းမှားနေပြီလို့ ခံစားခဲ့ရသည်။ လမ်းဖြတ်ကူးတာကို သေချာ အာရုံမစိုက်ခဲ့ဘဲ တစ်ဖက်လူကို အဆင်မပြေဖြစ်စေမိတာကြောင့် သူတကယ်ကို လုံးဝမှားတယ်ဆိုတာ ဝန်ခံပါသည်။
သူ ဘာတစ်ခုမှ ထပ်မပြောနိုင်သဖြင့် ခေါင်းထဲတွင် မွန်းကြပ်နေပြီး ယန်ရှုမင်၏ နောက်ကိုသာ လိုက်နေမိသည်။
ယန်ရှုမင်က မဲ့တုန်ကို အဆောင်ဝင်ပေါက်အထိ လိုက်လံပို့ဆောင်ပေးခဲ့ပါ၏။ မဲ့တုန် သူ့ကို တက်ကြွစွာ ကြည့်လိုက်ပြီး ကောင်းသောညပါလို့ ပြောချင်ပေမဲ့ ယန်ရှုမင်၏ မျက်နှာက အေးစက်နေပြီး အခုထိ စိတ်ဆိုးနေသေးတဲ့ပုံပေါ်နေ၏။
မဲ့တုန် သူ့စကားများကို ပြန်မျိုချလိုက်ပြီး ထွက်ခွာဖို့ တွန့်ဆုတ်နေတော့သည်။အတွေးတချို့ တွေးပြီးနောက် သူ ယန်ရှုမင်ကို နှစ်သိမ့်ပေးနိုင်တဲ့ နည်းလမ်းကို ရှာတွေ့သွားပြီး ပြောလိုက်တော့သည်။
"ခင်ဗျား ... ကျွန်တော့်ရဲ့ဒိုင်ယာရီကို ဖတ်ချင်လား ? အရင်စာအုပ်လေ ၊ကျွန်တော် ခင်ဗျားကို ပြမယ်၊ ဟုတ်ပြီလား?"
ယန်ရှုမင် ကျိန်းသေ သဘောတူမယ်လို့ မဲ့တုန် ထင်သည်။တကယ်တော့ သူက မဲ့တုန်ရဲ့ ဒိုင်ယာရီကို ဖတ်ချင်တယ်လို့ ပြောနေခဲ့တာ မဟုတ်လား?
သို့သော်လည်း အံ့ဩဖွယ်ပင်၊ယန်ရှုမင်က စိတ်ဝင်တစား လုံးဝမရှိသောလေသံဖြင့် ငြင်းပယ်လိုက်သည်။
"မလိုတော့ဘူး ၊ ပြန်တော့"
မအောင့်အီးနိုင်တော့၍ မဲ့တုန် နောက်ဆုံးတော့ မေးလိုက်မိသည်။
"ခင်ဗျား အခုထိ စိတ်ဆိုးနေတယ် မဟုတ်လား? ကျွန်တော် နောက်တစ်ခါကျရင် ပိုဂရုစိုက်ပြီး ကိုယ့်ဘာသာ လမ်းကူးမှာပါ၊ ခင်ဗျား ကျွန်တော့်ကို ရှေ့က ခေါ်သွားပေးစရာ မလိုတော့ဘူးပေါ့"
ယန်ရှုမင်က သူ့ကို စိုက်ကြည့်နေသည်။ သူတို့ကြားတွင် ၂မီတာခန့်သာ ဝေးသော်လည်း သူက မဲ့တုန်ကို 'ဒီကို လာခဲ့'ဆိုသော အမူအရာဖြင့် လက်ယပ်ပြီး ရုတ်တရက်ကြီး လှမ်းခေါ်လာသည်။
မဲ့တုန် ခြေနှစ်လှမ်း ရှေ့တိုးလိုက်သည်။
ယန်ရှုမင်က လက်ကို ဆန့်ထုတ်လိုက်သည် "ဖုန်း"
ဘာဖြစ်နေလဲ မဲ့တုန် သဘောမပေါက်ပေမဲ့ နာခံစွာနဲ့ သူ့ဖုန်းကို ယန်ရှုမင်အား ကမ်းပေးလိုက်သည်။ ယန်ရှုမင်က တစ်ခုခုကို နှိပ်လိုက်ပြီးနောက် ဖုန်းကို မဲ့တုန်ဆီ ပြန်ပေး၏။မဲ့တုန် WeChat စကားပြောခန်းကို ကြည့်လိုက်တော့ ယန်ရှုမင်၏ အကောင့်ကို အခုပဲ သူ့စကားပြောခန်းထိပ်ဆုံးနေရာတွင် pin ထောက်ထားသည်ကို တွေ့ရသည်။
မဲ့တုန်က ထိုအခြေအနေကို နားမလည်နိုင်ဘဲ ဆက်မေးပြန်သည်။
"ဒါက ခင်ဗျား ထပ်ပြီး စိတ်မဆိုးတော့ဘူးလို့ ဆိုလိုတာလား?"
++++++++