ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ
အပိုင်း (၂၁)
ငါ ဘာလုပ်ရမလဲ။
ကျွန်မ အခန်းထဲတွင် ဟိုဘက် သည်ဘက် လမ်းလျှောက်နေမိသည်။
[ငါက သောက်ကျိုးနည်းဟာသတွေလုပ်နေတယ်လို့ မင်းထင်နေလား။]
ကျွန်မ ခိုးထွက်သည်ကို သူသိသွားခြင်း ဖြစ်မည်။သူ တစ်နေရာရာက ဒါကို သိသွားခြင်းဖြစ်မည်။
သူတို့တွေက ဘယ်သူ့ကိုမှ ပြန်မပြောပါဘူးလို့ ပြောခဲ့တယ်လေ။သူတို့က ငါ့ကို မကြောက်ဖူးလား။
လမ်းပေါ်မှ လူတွေ၏ ရိုးသားသော မျက်နှာများကို ပြန်တွေးကြည့်ရင်း ကျွန်မ သက်ပြင်းချလိုက်မိသည်။
"ငါ ဘာလုပ်သင့်လဲ။"
ကျွန်မ စာကို ကိုင်ရင်း ကျွန်မမျက်နှာအနားသို့ ကပ်လိုက်ချိန်တွင် ကယ်လီယန်၏ ရေမွှေးရနံ့သည် တစ်ခန်းလုံးတွင် လေနဲ့အတူ ပျံ့နှံ့နေသည်ကို အနံ့ခံမိလိုက်သည်။ကျွန်မ မျက်မှောင်ကြုတ်ရင်း စာကိုင်ထားသည့် လက်ကို အဝေးသို့ ဆန့်လိုက်ရ၏။
"ဘာပဲဖြစ်ဖြစ် ငါ စာပြန်ရမှာပဲ"
ငါက ဘာပြောရမှာလဲ။ဟုတ်ပါတယ်၊ကျွန်မ အိမ်ပြင်ထွက်မိပါတယ် ဆိုပြီးတော့လား။အဲ့လိုတော့ မဟုတ်ဘူးပေါ့။
ထိုအချိန်တွင် ကျွန်မတွင် အကြံကောင်းတစ်ခု ဖျတ်ခနဲရလာခဲ့သည်။သည်စာကို ကျွန်မ ဘယ်တုန်းကမှ မရခဲ့ဖူးသလို ဟန်ဆောင်ရမည်။စာက ကျွန်မဆီသို့ ရောက်မလာခဲ့ဟုဆိုပြီး အကြောင်းပြချက်အနည်းငယ်သာ ပြောရန်လိုအပ်သည်။
"ဟုတ်ပြီ၊ ငါ အဲ့ဒီလို လုပ်မယ်။"
စာကို ကိုင်မြှောက်ထားသော လက်ကို ပြန်ချလိုက်ပြီး ကျွန်မ မီးလင်းဖိုအနားသို့ တရွေ့ရွေ့တိုးသွားလိုက်သည်။ချက်ချင်းဆိုသလို စာကို မီးထဲသို့ ပစ်ထည့်လိုက်ပြီး စာရွက်လောင်ကျွမ်းသွားသည့် တဖျစ်ဖျစ်မြည်သံကို နားထောင်နေလိုက်သည်။ကျွန်မ ဖြည်းဖြည်းချင်း နှာမှုတ်လိုက်ပြီးနောက် အကျယ်ကြီး အော်ရယ်မိတော့သည်။ဒါဆို လုံလောက်သည်။စာကို ယူလာပေးသော အိုင်ရင်းကသာ ဤစာရောက်လာသည်ကို သိလိမ့်မည်။ကျွန်မကတော့ ဘာတစ်ခုမှ မရခဲ့သလို ဟန်ဆောင်နေလိုက်မည်။ထိုသို့တွေးပြီး ကျွန်မ ငြိမ်းချမ်းစွာ အိပ်ရာဝင်ခဲ့သည်။
စိုးရိမ်စရာ မည်သည့်ကိစ္စမှ မရှိတော့ပေ။
နောက်နေ့ မနက် သတင်းစာ ခေါင်းကြီးပိုင်းတွင် ကျွန်မ၏နာမည်ကို မတွေ့ခင်အထိ ဖြစ်သည်။
[အိုဖီလီယာ ရိုင်ဇန်မှာ ကလေးတစ်ယောက်ကို ကယ်တင်ပေးသည့်သူရဲကောင်း ဖြစ်လာခဲ့။]
"ငါ့ကို လာနောက်နေတာလား။"
ကျွန်မ ယခုလို ဖြစ်လာလိမ့်မည်ဟု မသိခဲ့ပေ။ဘာကြောင့်၊ဘာကြောင့်များ ဖြစ်မည်နည်း။ထို့နောက် ကျွန်မ ကောက်ချက်ချလိုက်နိုင်သည်။ကျွန်မက ကျွန်မ ဖြစ်နေ၍ပင်။
ကျွန်မ သက်ပြင်းမောကြီး ချလိုက်မိပြီး မျက်နှာကို လက်ဖြင့် အုပ်ထားမိတော့သည်။
"ဝါး မဒမ်ရေ၊မဒမ့်အကြောင်း သတင်းစာထဲမှာ ပါလာတယ်။"
အိုင်ရင်း၏ ရွှင်မြူးနေသော စကားလုံးများသည်ပင် ကျွန်မနားထဲသို့ ရောက်မလာနိုင်တော့ပေ။
*
ထိုအချိန်၌ မြို့တော်အကျဥ်းထောင် ရှေ့၌ ရပ်လိုက်သော ရထားလုံးပေါ်မှ ဆိုဗက်စ်စတာ ရိုင်ဇန်က ဆင်းလာခဲ့သည်။ဤနေရာတွင် အိုဖီလီယာအပေါ်သို့ သူ့လက်ကို တင်ရဲပြီး သူမကို ခြိမ်းခြောက်ပြောဆိုခဲ့သော အီလ်ဘတ် ရိုက်ဒ်ကို ဖမ်းဆီး ချုပ်နှောင်ထားသည်။
"မည်သူမည်ဝါ ဖြစ်ကြောင်း အချက်အလက် ပြဖို့ လိုပါတယ်။"
စစ်သည်တော်တစ်ယောက်က ထိုသို့ ဆိုရင်း ဆိုဗက်စ်စတာ ဝင်လာသည့် လမ်းတည့်တည့်၌ ပိတ်ဆို့တားမြစ်လာ၏။ဆိုဗက်စ်စတာသည် ခေါင်းကို ညင်သာစွာ စောင်းငဲ့လိုက်ပြီး ထိုစစ်သည်ကို ကြည့်လိုက်သည်။သူက လူသစ်တစ်ယောက်သာ ဖြစ်လိမ့်မည်၊မဟုတ်ပါက ဆိုဗက်စ်စတာ၏ မျက်နှာကို မမှတ်မိစရာ အကြောင်း မရှိပေ။
"ရယ်စရာပဲ"
သူ ဆံပင်ကို သပ်တင်လိုက်ပြီး မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ပွင့် တပ်ဆပ်လိုက်သည်။သူ၏ အပြာရောင်မျက်ဆန်များမှာ ခရမ်းရောင်အဖြစ်သို့ စတင်ပြောင်းလဲလာ၏။
ကြောက်မက်ဖွယ် စွမ်းအင်တစ်ခုက စစ်သည်တော်၏တစ်ကိုယ်လုံးပေါ် တရွေ့ရွေ့ တက်လာပြီး လွှမ်းခြုံဖုံးအုပ်လာသည်။သူ အသက်ရှူ၍ မရတော့ပေ။တစ်ဖက်လူက ဘာတစ်ခုမှ မလှုပ်ရှားလာသော်ငြား သူကတော့ လည်မျိုကို အညှစ်ခံနေရသည်ဟု ခံစားနေရသည်။
"အ..အစ်"
စစ်သည်တော်မှာ အသက်ရှုကြပ်စွာဖြင့် ရုန်းကန်နေခဲ့သည်။
ဆိုဗက်စ်စတာသည် သူ့ကို မထီမဲ့မြင် ပုံစံဖြင့် ကြည့်လိုက်ပြီး
"ဖွင့်လိုက်"
နောက်ဖေးလမ်းကြားတို့၏ အရှင်သခင် ဟူသော ဂုဏ်ပုဒ်နှင့် အညီပင် ဆိုဗက်စ်စတာသည် သူ့အပြုအမူများကို တွေးတောမနေတတ်ဘဲ စိတ်အလိုအလျောက် ရက်စက်ကြမ်းကြုတ်သော အပြုအမူများကို ကျင့်သုံးတတ်မြဲ ဖြစ်သည်။
"မင်း မသေချင်သေးရင်ပေါ့"
"အဟွတ် ... အာ့"
ယခုမှသာ အသက်ရှူနိုင်သော စစ်သည်တော်သည် ချောင်းဆိုးရင်း ပစ်လဲသွားတော့သည်။သူ့အပေါ် လွှမ်းမိုးထားသော အလွန်ထူးကဲသည့် စွမ်းအင်သည် သူ့အသက်ကို သူ့မျက်စိရှေ့မှာပင် ဖျတ်ခနဲ နုတ်ယူသွားနိုင်လောက်သည်။စစ်သည်တော်သည် ကြောက်ရွံ့စွာဖြင့် တံတွေး မြိုချလိုက်ပြီး
"ဒါ ...ဒါပေမဲ့ ခင် ...ခင်ဗျား ဝင်လို့ မရဘူး။"
စစ်သည်တော်သည် ထိုသို့ပြောရင်း လက်နှစ်ဖက်ကို ဆန့်တန်းကာ ဝင်ပေါက်ကို ပိတ်ဆို့ထားလိုက်သည်။
"ခွင့်ပြုချက်မပါတဲ့ သူတွေကို ဝင်ခွင့်မပေးပါဘူး။"
ကောင်းပြီလေ၊အဲ့ဒါကိုပဲ ကြည့်တော့။
ဆိုဗက်စ်စတာ၏မျက်ခုံးများ မြင့်တက်သွားသည်။ထိုအချိန်တွင် တိတ်ဆိတ်နေသည့်ကြားမှ ဓါးကို ဓါးအိမ်ထဲမှ ဆွဲထုတ်လိုက်သော သတ္ထုရိုက်ခတ်သံက တရွှမ်းရွှမ်းနှင့် ထွက်ပေါ်လာသည်။သူက စစ်သည်တော်ကို သတ်ပစ်လိုက်ရန် တွေးမိပြီး သူရှေ့တွင် ရှိသော ရွေးချယ်ပိုင်ခွင့်ကို သေချာချင့်ချိန်စဥ်းစားကြည့်နေသည်။သို့သော် သူ မကြာခင်ဘဲ ဆုံးဖြတ်ချတစ်ခု ချလိုက်ရပါ၏။အဘယ်ကြောင့်ဆိုသော် စစ်သည်တော်များ၏ အကြီးအကဲက တံခါးနောက်မှ ထွက်ပေါ်လာ၍ ဖြစ်သည်။
"အာ ၊မြို့စားကြီး ရောက်ရှိလာပါပြီလား။"
စစ်သည်အကြီးအကဲက ဆိုဗက်စ်စတာကို အင်မတန် စိတ်အားတက်ကြွစွာဖြင့် နှုတ်ဆက်လိုက်လျှင် အသစ်စက်စက် စစ်သည်တော်လေးမှ သူ၏ဓါးကို ဓါးအိမ်ထဲသို့ အမြန် ပြန်ထည့်လိုက်ရသည်။ဆိုဗက်စ်စတာသည် စစ်သည်အကြီးအကဲနှင့်အတူ ဘေး၌ ရပ်နေသော မျက်နှာတွင် ကြောက်ရွံ့ထိတ်လန့်မှုများ အပြည့်ဖြင့် စစ်သည်တော်ကို ကြည့်ရန် ခေါင်းကို လှည့်လိုက်သည်။
"မြို့စားကြီး လာခဲ့တဲ့လမ်းမှာ အရမ်းအေးမနေဘူးလား။အထဲကို ကြွပါ ခင်ဗျ၊ကျွန်တော်တို့ နွေးထွေးနေအောင် စီစဥ်ထားပါတယ်။"
"ကောင်းပြီ"
ယခုတော့ ဆိုဗက်စ်စတာမှာ အထဲဝင်ရန် ဆုံးဖြတ်လိုက်ပြီး တောင့်တောင့်ကြီး ရပ်နေသော စစ်သည်တော်ကို ဒီတိုင်း ထားခဲ့လိုက်သည်။အထဲသို့ ဝင်ပြီးနောက် ဆိုဗက်စ်စတာသည် သူ၏အပေါ်ဝတ်ရုံရှည်ကို အနည်းငယ် ဖွင့်ဟလိုက်ပြီး စစ်သည်အကြီးအကဲကို မေးခွန်းထုတ်သည်။
"တံခါးစောင့်တဲ့ စစ်သည်က ဘယ်သူလဲ။"
ထိုသူက အလျင်အမြန် တုံ့ပြန်သည်။
"သူက ဘန် လို့ခေါ်ပါတယ်။အသစ်ခန့်ထားတဲ့ စစ်သည်ပါ။"
"အဲ့လိုလား"
ဆိုဗက်စ်စတာသည် ခါးသက်စွာ ပြုံးလိုက်ပြီး ချက်ချင်းပင် လည်ပင်းကို လက်ချောင်းဖြင့် လှီးဖြတ်ပြသည့် ပုံစံကို လုပ်လိုက်သည်။
"ဖြတ်ပစ်လိုက်။သူက အရူးနဲ့တူတယ်။"
"ခင်ဗျာ!"
စစ်သည်အကြီးအကဲမှာ ထိတ်လန့်အံ့ဩစွာဖြင့် မျက်လုံးများ ပြူးကျယ်သွားသည်။သို့သော် ချက်ချင်းပဲ ခေါင်းငြိမ့်လိုက်ပြီး မတတ်နိုင်စွာဖြင့် ဆိုဗက်စ်စတာ၏ စကားများကို လက်ခံလိုက်ရ၏။
"ဟု..ဟုတ်ကဲ့ပါ။ကျွန်တော် နားလည်ပါပြီ။"
မှိုင်တွေငေးငိုင်နေသော စစ်သည်အကြီးအကဲကို ထားပစ်ခဲ့ပြီး ဆိုဗက်စ်စတာက သူ၏ကိုယ်ရံတော် စစ်သည်ရဲမက်ကို အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။
"စစ်သည်တော်ကို ငါတို့ဆီ ခေါ်လာခဲ့ချေ။"
သူက ထပ်ပေါင်းပြောသေးသည်။
"ဒီလို ရဲစွမ်းသတ္တိရှိတဲ့လူကို ဒီလို နေရာမျိုးမှာ ပုပ်သိုးဆွေးမြေ့ခွင့်ပေးလိုက်ဖို့က ဖြုန်းတီးရာရောက်တယ်။"
"ဟုတ်ကဲ့၊ကျွန်တော် နားလည်ပါပြီ။"
ဆိုဗက်စ်စတာသည် ထိုကဲ့သို့ လူစားမျိုး ဖြစ်သည်။သူ မျက်စိကျသွားပြီဆိုလျှင် ဘယ်သူပိုင်ဆိုင်သည့် အရာပင်ဖြစ်စေ မရရအောင် ယူတတ်သည်။သူက သူတို့ကို သူ့လူဖြစ်အောင် လုပ်မည်ဖြစ်ပြီး ဘယ်တော့မှ ထွက်သွားခွင့် မပေးတော့ပေ။ထာဝရပင်။သူပိုင်ဆိုင်သမျှ အရာတိုင်းကိုလည်း ဘယ်သူကိုမှ ယူသွားခွင့် မပေးတတ်ပေ။အထူးသဖြင့် သူ့လူများ ဖြစ်သည်။
အိုဖီလီယာကို ငါ သတိရသွားမိပြီ။
ဆိုဗက်စ်စတာသည် နက်ခ်တိုင်ကို ဖြေလျှော့လိုက်ရင်း ဆုပ်ညှစ်ထားမိသည်။သူမသည် လှပပြီး ပျော်တတ်ကာ အသုံးဝင်သော မိန်းမတစ်ယောက်ဖြစ်သည်။ထို့ကြောင့် သူသည် သူမကို အမှန်တကယ်ပင် လွှတ်ပေးလိုစိတ်မရှိပေ။ထိုအဓိပ္ပါယ်မှာ သူ့အနေဖြင့် တခြားသူများက သူမအပေါ် အန္တရာယ်ပြုခွင့် မပေးနိုင်ဟု ဆိုလိုသည်။သူရှေ့တွင် ရှိနေသော အီလ်ဘတ် ရိုက်ဒ်ကို သူ ငုံ့ကြည့်လိုက်သည်။
"မြို့ ...မြို့စားကြီး"
လက်များကို ကျောဘက်တွင် ချည်နှောင်ထားပြီး ဆွဲခေါ်ခံလာရသူ အီလ်ဘတ်သည် ဆိုဗက်စ်စတာကို မျှော်လင့်တကြီး မျက်ဝန်းများဖြင့်မော့ကြည့်လာသည်။သူသည် ရိုင်ဇန်မြို့စားကြီး၏ လက်အောက်ခံ ရိုက်ဒ်မိသားစုမှ ဒုတိယသားမျှသာ ဖြစ်သည်။အိုဖီလီယာအပေါ် သူက ဘယ်လောက်များများ အန္တရာယ်ပေးခဲ့သည် ဖြစ်စေ သူ ဘာကိုဖြစ်ဖြစ် ဂရုစိုက်နေမည် မဟုတ်ပေ။သို့သော် တစ်စုံတစ်ရာက သူ့ကို ထိုးနှက်နေသလို ခံစားရသည်။
"အား"
အီလ်ဘတ် လဲကျသွားခဲ့သည်။သူ့လက်များက ချည်နှောင်ထားသဖြင့် သူ့ဘာသာ ခန္ဓာကိုယ်ကို ပြန်မမတ်နိုင်ဘဲ ရုန်းကန်နေရသည်။
ဆိုဗက်စ်စတာသည် အီလ်ဘတ်အနားသို့ တိုးသွားပြီး သူ့ဆံပင်များကို လက်ဖြင့် ဆောင့်ဆွဲလိုက်သည်။
"မင်းက ငါ့ဇနီးပေါ်မှာ မင်းရဲ့လက်တွေ တင်ခဲ့တယ်လို့ ငါ ကြားမိတယ်။"
အီလ်ဘတ်၏ မျက်လုံးများမှာ အကြောက်တရားများနှင့် ပြည့်နေသည်။
"ကျ..ကျွန်တော် မသိခဲ့လို့ပါ။"
သူ အမြန်ပဲ အော်ဟစ်နေခဲ့သည်။
"ကျွန်တော် တကယ်ပဲ မသိခဲ့လို့ပါ။ကျွန်တော်သာ သိခဲ့ရင် မဒမ့်ကို မြင်တာနဲ့ ကျွန်တော် ဒူးထောက်မိမှာပါ။"
ဆိုဗက်စ်စတာက လှောင်ပြုံးလေးတစ်ခု ပေးလိုက်ပြီး ဆံပင်ဆောင့်ဆွဲထားသည့် လက်ကို လွှတ်ပေးလိုက်သည်။
"ဒါက တစ်ကြိမ်ထက်ပိုပြီး ဖြစ်ခဲ့ရင်..."
အီလ်ဘတ်က အရက်သေစာသောက်စားပြီး လမ်းပေါ်တွင် အရှုပ်အထွေးများ ပြုလုပ်ကာ အပြစ်မရှိသည့် ပြည်သူများကို စိတ်အနှောင့်အယှက် ပေးသည့်ကိစ္စအားလုံးကို သူ သိထားပြီးသား ဖြစ်သည်။
"ဒီလိုမျိုး သောက်ရေးမပါတဲ့ဟာကို ငါက ဒီအတိုင်း လွှတ်ပေးလိုက်မယ်လို့ မင်း ထင်နေလား။"
ဆိုဗက်စ်စတာ ဘာမှ မလုပ်ဘဲ တိတ်ဆိတ်စွာ နေပေးခဲ့သည်မှာ ရိုက်ဒ်မိသားစု တစ်စုလုံးကို တစ်ချက်တည်းနှင့် ဖြတ်တောက်ဖယ်ရှားပစ်ရန် အကြောင်းပြချက်တစ်ခုကြောင့်သာ ဖြစ်သည်။
"မင်းအတွက် ကောင်းသွားတာတစ်ခုက ငါက မင်းတို့တစ်မိသားစုလုံးကိုပါ တာဝန်ယူခိုင်းဦးမယ်လေ။"
ရိုက်ဒ်မိသားစုသည် သူ့ဆီမှ ငွေများကို မည်သို့ အလွဲသုံးစားလုပ်နေကြောင်း ဆိုဗက်စ်စတာ သိထားသည်။ပိုဆိုးသည်က သူတို့ အလွဲသုံးစား လုပ်၍ ရလာသော ငွေကြေးများကို သုံး၍ အိမ်ရှေ့စံမင်းသားကို လာဘ်ထိုးနေခဲ့ခြင်းပင်။ဆိုဗက်စ်စတာက ဒုတိယမင်းသားကို ထောက်ခံအားပေးကြောင်း သူတို့က သိနေလေရာ သူ၏ဆန္ဒကို ဆန့်ကျင်ပြီး လုပ်ဆောင်နေသည့် လက်အောက်ခံမိသားစုတစ်စုကို သူ ထပ်မလိုချင်တော့ပေ။ထို့ကြောင့် ဆိုဗက်စ်စတာသည် အပြတ်ရှင်းနိုင်မည့် အခွင့်အရေးတစ်ခု ရရန်အတွက် ရိုက်ဒ်မိသားစုကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။သို့သော် ယခုကဲ့သို့ တိုက်တိုက်ဆိုင်ဆိုင် အဖြစ်အပျက်တစ်ခု ဖြစ်လာခဲ့သောအခါ ဆိုဗက်စ်စတာအတွက်တော့ ကျေနပ်စရာပင်။ထို့ကြောင့်သူ အိုဖီလီယာကို အနည်းငယ် ကျေးဇူးတင်မိသည်။
ဆိုဗက်စ်စတာ စကားပြောလိုက်သဖြင့် နှုတ်ခမ်းလေးများက တွန့်ကွေးသွားသည်။
"ဒီနေ့က စပြီးတော့ ရိုက်ဒ်မိသားစုနဲ့ပတ်သက်သမျှ အထောက်အပံ့အားလုံးကို ငါ ဖြတ်တောက်ပစ်လိုက်ပြီ။"
"မြို့ ...မြို့စားကြီး"
အီလ်ဘတ်သည် အော်ဟစ်ငိုယို၍ ဆိုဗက်စ်စတာ ရှိရာသို့ ဒူးထောက်လျက်ဖြင့် တရွေ့ရွေ့ တိုးကပ်လာလေသည်။
သို့သော် ဆိုဗက်စ်စတာကတော့ အဖက်မလုပ်ပေ။
"ပြီးတော့ နောက်ထပ်တစ်ခုက ပြည်နှင်ဒဏ် ထုတ်ပြန်လိုက်ပြီ။ဒီလိုဆိုတော့ မင်းက ဒီအင်ပါယာကို နောက်ထပ် ဘယ်တော့မှ ခြေချလို့ မရတော့ဘူး။"
"မြို့စားကြီး၊ကျွန်တော့်ကို တစ်ကြိမ် တစ်ခါတော့ သက်ညှာပေးပါဦး ခင်ဗျာ။"
"အီလ်ဘတ် ရိုက်ဒ်"
ဆိုဗက်စ်စတာသည် အီလ်ဘတ်၏ မေးစေ့ကို လက်ချောင်းလေးများဖြင့် ပင့်မလိုက်သည်။
"မင်းက မင်းရဲ့အပြစ်ကို ပေးဆပ်ဖို့ စစ်တပ်ထဲကို သွားရလိမ့်မယ်။အယုတ်တမာလေး။"
သူ့မျက်လုံးများက အေးစက်စွာဖြင့် တောက်ပနေခဲ့သည်။
"ဒါကြောင့် မင်းက ဘာလို့ ဘဝကို ကောင်းကောင်းမွန်မွန် နေလို့ မရမှာလဲ။"
ဒါပေါ့။သူ့လို လူမျိုးက ဒီလို ပြောဖို့ မသင့်တော်ဘူး ဆိုပေမဲ့လေ။
ဆိုဗက်စ်စတာ သူ့ဘာသာ ပြုံးလိုက်ရင်း သူ့လူများကို လက်ဖြင့် အမူအရာ ပြလိုက်သည်။
"သူ့ကို ခေါ်သွားကြ"
"အား၊မြို့စားကြီး၊ကျေးဇူးပြုပြီး ကျွန်တော့်ကို အခွင့်အရေး တစ်ခါလောက် ထပ်ပေးပါဦး။"
အော်ဟစ်မြည်တမ်းနေသော အီလ်ဘတ်နှင့် အစောင့်များကို ဆိုဗက်စ်စတာ ချန်ထားခဲ့လိုက်သည်။
*
သူ့ အလုပ်များ ပြီးသွားသည်နှင့် ဆိုဗက်စ်စတာသည် အားရကျေနပ်စွာဖြင့် အိမ်တော်သို့ ပြန်လာခဲ့သည်။ဘယ်အရာက သူ့ကို စောင့်ဆိုင်းနေမည်ဟု သူ အနည်းငယ် သိထားသည်။
"သ ...သခင်"
လက်ထောက်ဖြစ်သူ နေးလ်က သူ့အနား ရောက်လာခဲ့သည်။
"ဘာကိစ္စလဲ"
နေးလ်က ပြန်မဖြေဘဲ သူကိုင်ထားသော သတင်းစာကို ဆိုဗက်စ်စတာထံ လှမ်းပေးလိုက်သည်။ဆိုဗက်စ်စတာက သတင်းစာကို ယူလိုက်ပြီး မျက်မှန်ကို တပ်၍ သတင်းများကို ဖြည်းဖြည်းချင်း ဖတ်လိုက်သည်။
နေးလ်က သူ့ကို သတင်းစာ ပေးရခြင်း အကြောင်းအရင်းမှာ ဒုတိယ စာမျက်နှာကြောင့် ဖြစ်သည်။
[အိုဖီလီယာ ရိုင်ဇန်မှာ ကလေးတစ်ယောက်ကို ကယ်တင်ပေးသည့်သူရဲကောင်း ဖြစ်လာခဲ့။]
"ဟမ့်"
ဆိုဗက်စ်စတာသည် အကြောင်းအရာ အသေးစိတ်ကို အလျင်အမြန် ဖတ်ကြည့်လိုက်သည်။၎င်းက သူ မနေ့က ကြားခဲ့သည့်အတိုင်း အတိအကျပင် ဖြစ်သည်။အိုဖီလီယာက ကလေးတစ်ယောက်ကို ကယ်ဖို့အတွက် မောင်းနှင်လာတဲ့ ရထားလုံးရဲ့အရှေ့ကို ဖြတ်ဝင်သွားခဲ့သည် ဟူ၍။ထိုသတင်းအကြောင်းအရာမှာ မှားယွင်းခြင်းမရှိပေ။သို့သော် ဤအကြောင်းအရာကို ထုတ်ဝေပုံနှိပ်လိုက်ခြင်းက တော်ဝင်မိသားစုအကြားတွင် မေးခွန်းထုတ်ချင်စရာ ကောလာဟာလများ ပျံ့နှံ့သွားလောက်သည်။
"ငါကတော့ အိမ်ရှေ့စံမင်းသား ဘယ်လို တုံ့ပြန်မလဲဆိုတာ သိချင်နေပြီ။"
ဆိုဗက်စ်စတာက ထိုသို့ ရေရွတ်လိုက်လျှင် နေးလ်က အလျင်အမြန် ပြောသည်။
"သူ ဒီကို ရောက်နေပါပြီ။"
"ဘယ်သူလဲ"
"အရှင့်သား ၊ အိမ်ရှေ့စံမင်းသား ပါ။"
အာ၊ ဘယ်လိုတောင် နာကျင်သွားလိမ့်မလဲ။
ဆိုဗက်စ်စတာသည် ဂိတ်တံခါးကို ဖွင့်ပြီး ဥယျာဥ်ထဲသို့ သွက်သွက်လက်လက် လျှောက်လာခဲ့သည်။သို့သော် ဥယျာဥ်အတွင်းရှိ လေထုထဲ၌ တစ်ခုခု ထူးဆန်းနေသည်ကို သူ အမြန် သတိထားမိသွားသည်။
TK Team
++++++++