Chapter 20
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၂၀)

လူများသည် ရင်တထိတ်ထိတ်ဖြင့် အီလ်ဘတ်ကို တစ်လှည့်၊ အမျိုးသမီးလေးကို တစ်လှည့် အပြန်ပြန် အလှန်လှန် ကြည့်နေကြသည်။သူမ၏ဦးထုပ်မှာ မျက်နှာအစိတ်အပိုင်းများကို ဖုံးအုပ်ထားလေရာ သူမ၏ နှုတ်ခမ်းကိုသာ မြင်ရသည်။ထို့နောက် လူတိုင်းက သူမ ပြုံးနေသည်ကို တွေ့လိုက်ရသည်။သူတို့ လုံးဝ အထင်မှားခြင်း မဟုတ်ပေ။သူမက အားရပါးရ ရယ်မောလိုက်သည်။

သူမက တော်တော် သတ္တိရှိနေတာပဲ။သူမရဲ့ အင်္ကျီလက်ထဲမှာ ကတ်တစ်ကတ် ရှိနေလို့လား။ဖုံးကွယ်ထားတဲ့ အစွမ်းတို့ ဘာတို့လေ။

လူတိုင်းက အမျိုးသမီးလေးကို တအံ့တဩဖြင့် ကြည့်နေခဲ့သည်။

"ဘာ၊ မင်းက ရယ်နေတယ်ပေါ့။"

ထိုသို့ ရယ်နေသဖြင့် သူ့ဒေါသများ တလိပ်လိပ်တက်လာပြီး အီလ်ဘတ်သည် သူမ၏ အင်္ကျီကော်လာကို ကိုင်၍ သူမကို ဆွဲမလိုက်တော့သည်။

"ဒီကောင်မက ဘယ်လိုဟာမျိုးလဲ။"

သူက လက်ကို မြှောက်လိုက်ပြီး သူမ၏ မျက်နှာကို ထပ်ရိုက်ရန် လုပ်လိုက်သည်။သူ့လက်က သူမ၏ မျက်နှာနားသို့ ရောက်ခါနီးတွင် သူမက ခေါင်းကို လှည့်၍ ရှောင်လိုက်ရာ အီလ်ဘတ်၏ လက်က သူမ၏ ပါးပြင်နားမှ ကပ်၍ လွဲသွားပြီး သူမ၏ဦးထုပ် ကျွတ်ကျသွားအောင် ရိုက်ချလိုက်မိသည်။

ဦးထုပ်က မြေပြင်ပေါ် ကျသွားသည်နှင့် တလက်လက် တောက်ပသော ငွေဖြူရောင် ဆံနွယ်များက တလိမ့်လိမ့်ဖြင့် ဝေ့ဝဲကျဆင်းလာတော့၏။

"မ ... မဟုတ်ဘူး"

"မ... ဖြစ်နိုင်တာ"

လူတိုင်း အငမ်းမရ လိုချင်နေကြသော ငွေဖြူရောင်ဆံနွယ်များ အကြောင်းကို သူတို့သိသည်။ထိုဆံနွယ်များကို ဤနယ်မြေ၏ အရှင်သခင်ဖြစ်သူ ရိုင်ဇန် မြို့စားကြီးကတော် အိုဖီလီယာ ရိုင်ဇန်က ပိုင်ဆိုင်သည်။

ဒါပေမဲ့ အားလုံးထဲမှာ အိုဖီလီယာ ရိုင်ဇန်က အဆိုးရွား အယုတ်မာဆုံး မဟုတ်ဘူးလား။သူမ အသက်ရှူတိုင်း လူတွေကို ရိုက်နှက်တတ်တဲ့ မကောင်းဆိုးဝါး တစ်ယောက်လေ။အဲ့လို ဆိုးရွားတဲ့ မိန်းမတစ်ယောက်က အခုလို သူရဲကောင်းဆန်တဲ့ အလုပ်ကို လုပ်ပါ့မလား။

လူတွေလည်း ယုံရခက်နေကြသည်။

ဒါပေမဲ့ ဒီလောက်ထိ ထူးခြားလှပနေတာ။အိုဖီလီယာ ရိုင်ဇန်မှ မဟုတ်ရင် ဘယ်သူ့မှာ ဒီလို မျက်နှာမျိုး ရှိမှာလဲ။ဒါတောင် သူမရဲ့ မျက်နှာပေါ်က အထက်စီးဆန်တဲ့ အပြုံးကို ထည့်မပြောရသေးဘူးနော်။

"သူ ...သူမက မြို့စားကြီးကတော်ပဲ။"

တစ်ယောက်က ထုတ်ပြောလိုက်သည်နှင့် လူအုပ်ကြီးထဲတွင် ပွက်လောရိုက်သံများ တစ်စတစ်စ ကျယ်လောင်လာတော့သည်။

"ဟ...ဟမ်"

အီလ်ဘတ်သည် နေရာမှာပင် တောင့်ခဲ နေတော့သည်။သူမ၏ဦးထုပ် အောက်ကျသွားကတည်းက သူ အဆုံးသတ်သွားပြီ ဟူသည့် မကောင်းသော ခံစားချက်တစ်ခု သူ့မှာ ရှိနေခဲ့သည်။သူက အိုဖီလီယာနဲ့ မဆုံဖူးသော်လည်း သူမကို တစ်ခါတစ်လေ အဝေးမှ မြင်ဖူးသည်။ထို့ကြောင့် သူမ၏ မျက်နှာကို သူ ရင်းနှီးနေခြင်း ဖြစ်သည်။သူမ၏ ကော်လာကို ဆွဲထားသည့် လက်ကို လွှတ်လိုက်ရမည်ဟု သူ့ခေါင်းထဲတွင် သိနေသော်လည်း အကြောင်းတစ်ချို့ကြောင့် သူ မလုပ်ဖြစ်ပဲ နေခဲ့သည်။

ငါ အခု ဘာတွေ လုပ်လိုက်မိတာလဲ။မြို့စားကြီးကတော်ရဲ့ အင်္ကျီကော်လာကို ဆွဲမိရုံမက သူမကိုပါ ရိုက်ခဲ့သေးတယ်။

သူ အရက်မူးပြေသွားပြီး တုန်ယင်နေသော လက်များကို မနည်း ထိန်းချုပ်ထားလိုက်ရသည်။ အိုဖီလီယာက အီလ်ဘတ်ကို စိုက်ကြည့်နေပြီး သူမ၏ မြစိမ်းရောင် မျက်ဝန်းများက အေးစက်ပြီး အဓိပ္ပါယ် မဖွင့်နိုင်သည့် အငွေ့အသက်များဖြင့် တဖျတ်ဖျတ် လက်နေခဲ့သည်။

အီလ်ဘတ်မှာ ကြောက်လန့်တကြားဖြင့် ကြို့ထိုးနေတော့သည်။

အိုး ၊နတ်ဘုရားရေ၊ကျွန်တော့်ကို ကယ်ကြပါဦး။ကျွန်တော် အရက် ထပ်မသောက်တော့သလို လူတွေကိုလဲ ထပ်မရိုက်တော့ပါဘူး။

အီလ်ဘတ်သည် မျက်ရည်များကို သုတ်လိုက်ပြီး မရှိသော နတ်ဘုရားကို ဆုတောင်းနေတော့သည်။

"ဟင်း"

အိုဖီလီယာသည် အသံနိမ့်နိမ့်ဖြင့် ရေရွတ်လိုက်သည်။သူမ၏ ရက်စက်ကြမ်းကြုတ်သော အကြည့်များက သူ့မျက်နှာထက်တွင် ဝေ့ဝဲနေသည်။ထို့နောက် အိုဖီလီယာ၏မြို့စားကြီးကတော်ဟူသော အဆင့်အတန်းကြောင့် ကြက်သေသေရင်း မတ်တပ်ရပ်နေသော သီယိုဆီသို့ တဖြည်းဖြည်း အကြည့်လွှဲသွားခဲ့သည်။

"နင် အရင်သွားပြီး ဆေးကုလိုက်။"

"ဟု..ဟုတ်ကဲ့ပါ။"

"သွေးတွေ အများကြီး ထွက်နေပြီ။မြန်မြန်သွား။"

သူမစကားကို နားထောင်ရန် အတိအကျ ဆုံးဖြတ်လိုက်သည်အထိ သီယို၏ မျက်လုံးများမှာ ဟိုကြည့် သည်ကြည့် လုပ်နေခဲ့သည်။သူက အဝေးသို့ ယိုင်တိုင် ယိုင်တိုင်ဖြင့် သွားနေလေရာ အိုဖီလီယာ၏ မျက်မှောင်ကြုတ်ထားမှုမှာ ပိုဆိုးရွားလာတော့သည်။

အနာဂတ်ရဲ့ ဓါးစွမ်းရည်ပိုင်ရှင် ဓါးသမားလေးက အီလ်ဘတ် ဆိုတဲ့ ဒီလူကြောင့် ဒဏ်ရာရသွားရပြီ။

အိုဖီလီယာက ခေါင်း ပြန်လှည့်လာပြီး အီလ်ဘတ်ကို ကြည့်လိုက်သည်။

"ပြီးတော့ နင်"

အီလ်ဘတ်သည် သူ့ကို ရိုက်နှက်တော့မည့် လက်များကို ကြောက်ရွံ့နေသဖြင့် ပခုံးကို အလျင်အမြန် တောင့်ထားလိုက်မိသည်။သူက မိုးရွာတဲ့နေ့မှာ ဖုန်မှုန့်လိုမျိုး သူ အရိုက်ခံရတော့မည်ဟု သူတွေးနေပြီး သာမန်အရပ်သားများ၏ ရှေ့တွင် အပြစ်ပေးခံရမည်ကို တွေးရင်း ငိုကြွေးမိတော့သည်။

"ဒူးထောက်လိုက်"

သူမက သူ့ကို မရိုက်ခဲ့ပေ။

"မြန်မြန်"

သူမက သူ့အပေါ် ကျိန်စာလည်း မတိုက်ခဲ့ပေ။ ဘာကြောင့် ဖြစ်မည်နည်း။

အီလ်ဘတ်သည် ဒူးထောက်လျက်ရှိပြီး အိုဖီလီယာက သူ့ကို ဒီအတိုင်ယထား၍ သူတို့ကို ဝိုင်းအုံနေသည့် လူအုပ်ကြီးကို စကားပြောရန် လုပ်လိုက်သည်။

"ကျေးဇူးပြုပြီး အစောင့်တွေကို ခေါ်ပေးကြပါ။ကျွန်မတို့ ဒီလူယုတ်မာကို ဝေးဝေး ခေါ်သွားခိုင်းရမယ်။"

"အာ၊ဟုတ်ကဲ့၊ကျွန်တော် နားလည်ပါပြီ။"

အိုဖီလီယာကို မြို့စားကြီးကတော်ဟု စပြောခဲ့သည့် လူက အစောင့်များကို ခေါ်ရန် ကမန်းကတမ်း ပြေးထွက်သွားသည်။သူမက လက်ပိုက်ရင်း အီလ်ဘတ်ကို ငုံ့ကြည့်နေလိုက်သည်။

သူကြောင့်သာ မဟုတ်ရင် ငါ ဘယ်သူလဲဆိုတာ ပေါ်သွားမှာ မဟုတ်ဘူး။

ကောင်းပြီ။ဆိုဗက်စ်စတာက သူ့ကို ကိုင်တွယ်လိမ့်မယ်။

အိုဖီလီယာသည် ဆုံးဖြတ်ချက် ချလိုက်ဟန်ဖြင့် သူမရှေ့က လူကို ငုံ့ကြည့်လိုက်သည်။

"မြို့စားကြီးကတော်က ကျွန်တော့်ကို ရိုက်တော့မှာလား။"

"ငါက နင့်ကို ရိုက်ပြီးပြီ မဟုတ်ဘူးလား။"

"ဒါက လုံလောက်ပါပြီလား ဗျ။"

"ကောင်းပြီလေ၊ နင်က အရိုက်ခံရတာ သဘောကျလား။ငါ ထပ်ပြီး ရိုက်ပေးမယ်။"

"မလုပ်ပါနဲ့ဗျာ"

ဘယ်သူက နင့်ကို အမဲဖျက်ချင်နေလို့လဲ။

"ဒီနေ့ နင်က မိသားစုရဲ့ နာမည်ကို အသရေဖျက်တဲ့အတွက် နင့်ကို ငါ ကြီးလေးစွာ အပြစ်ပေးရမယ်။"

"ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် ခင်ဗျာ။"

နင်က ဘာတွေ ကျေးဇူးတင်နေရတာတုန်း။

အတိတ်ကာလတွင် အိုဖီလီယာသည် သူမကို မမှတ်မိသဖြင့် နှုတ်ဆက်ခြင်း မပြုမိသော လူများကို ဂိတ်တံခါးဝ၌ ဇောက်ထိုးဆွဲထားစေခဲ့သည်။ထို့အပြင် သူမ ရုပ်ဖျက်၍ သွားလာနေစဥ် တစ်စုံတစ်ယောက်က သူမကို မတော်တဆ ဝင်တိုက်မိသွားသောကြောင့် ထိုလူ၏ မိသားစုကိုလည်း မတော်တဆ ဟုဆိုကာ ဖျက်ဆီးပစ်ခဲ့သည့် အဖြစ်အပျက်လည်း ရှိခဲ့ဖူးသည်။သို့သော်ငြား လက်ရှိအိုဖီလီယာသည် ထိုကိစ္စများကို လုံးလုံးလျားလျား မသိပေ။ထို့ကြောင့် သူမက အီလ်ဘတ်၏ ကျေးဇူးအနန္တ တင်ရှိနေမှုကို နားမလည်နိုင်ဘဲ ဖြစ်နေရသည်။

"ကျေးဇူး အများကြီးတင်ပါတယ်၊ကျေးဇူးပါ ခင်ဗျာ။"

ဘာလဲဟ ...ဒီလူက အပြစ်ပေးခံရတာကို ကြိုက်နေတာလား။

*

ကျွန်မ အီလ်ဘတ်ကို အစောင့်များဆီသို့ လွဲပြောင်းပေးလိုက်ပြီး သူ့ကို မြို့တော်ရှိ အစောင့်များဆီသို့ ပို့၍ ထိုက်သင့်သော အပြစ်ဒဏ် ခံယူစေရန် ပြောလိုက်သည်။ဤကိစ္စက သည်လောက် အရေးမပါပေ။ပြဿနာအစစ်အမှန်မှာ လူအုပ်ကြီးက တောက်ပသောမျက်လုံးများနှင့် ကျွန်မကို ဝိုင်းအုံကြည့်နေကြခြင်း ဖြစ်သည်။

သူတို့ တွေ့သွားသည်။သူတို့ ကျွန်မကို တွေ့သွားခဲ့သည်။

"အားလုံးပဲ နားထောင်ကြပါ။"

ကျွန်မ လက်ခုပ်တီးလိုက်ပြီး အားလုံး၏ အာရုံကို ဆွဲဆောင်လိုက်သည်။

"ဒီနေ့ ဖြစ်ခဲ့သမျှကိစ္စတွေကို တိတ်တိတ်လေး ထိန်းသိမ်းထားပေးကြပါ။"

ထိုသို့ကြားရသဖြင့် လူတိုင်းက အံ့ဩသွားသော အမူအရာကို ပြလာကြသည်။

"ဒါပေမဲ့ မဒမ်က လူတစ်ယောက်ကို ကယ်တင်ပေးခဲ့တယ်လေ။"

"ဟုတ်ပါတယ်၊ မဒမ်က သီယိုကို ကယ်တင်ဖို့ အန္တရာယ်ကြားက ကြိုးစားခဲ့တာပါ။"

"မဒမ်သာ မရှိခဲ့ရင် သီယိုက သေသွားနိုင်ပါတယ်။"

"တော်တော့၊တော်ကြတော့။"

ကျွန်မ သူတို့ကို ငြိမ်သက်စေလိုက်ရသည်။

"ဘာပဲဖြစ်ဖြစ် မပြောရဘူး။ဒီနေ့ ဖြစ်ပျက်သမျှကို တခြားဘယ်သူမှ သိလို့ မရဘူး။"

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ကျွန်မ ကောင်းသည့်ကိစ္စတွေ ပြုလုပ်နေသည် ဟူသော ကောလာဟာလများက အနီးအနားနေရာတွေအထိ ပျံ့နှံ့သွားစေချင်သည်တော့ အမှန်ပင်။သို့သော် ကျွန်မတွင် အိမ်ရှေ့စံမင်းသား၏ တားမြစ်ပိတ်ပင်ထားသော ပြစ်ဒဏ် ရှိသေးသည်။သူ၏ တိုက်ရိုက်အမိန့်ကို ကျွန်မက လွန်ဆန်ခဲ့ကြောင်း မိသွားပါက ကျွန်မ အကြီးအကျယ် ဒုက္ခရောက်ရလိမ့်မည်။ထို့ကြောင့် ကျွန်မမှာ ဤသို့ ပုန်းလျှိုးကွယ်လျှိုး လုပ်နေရခြင်း ဖြစ်သည်။

"အကယ်၍ တစ်ယောက်ယောက်ကသာ ဒီနေ့ ဖြစ်ပျက်သမျှကို ပေါက်ကြားစေမယ်ဆိုရင်..."

ကျွန်မ လည်ပင်းကို လက်ဖြင့် လှီးဖြတ်သည့် ပုံစံ လုပ်ပြလိုက်ရာ အာလုံးမှာ နောက်ကို ဆုတ်သွားပြီး အသက်အောင့်ထားလိုက်ကြသည်။

အားလုံးက တညီတညွတ်တည်း ခေါင်းငြိမ့်ကြသည်။

"ကျ ...ကျွန်တော်တို့ နားလည်ပါပြီ။"

"ရှူး ...တိုးတိုး"

"ကောင်းပြီ"

ကျွန်မ ဘေးနားရှိ လူတွေကို ပြောလိုက်၏။စိတ်ထဲတွင်တော့ ပျော်ရွှင်စွာဖြင့် သီချင်းဆိုနေသည်။

"သီယိုကို မနက်ဖြန် ချိန်းဆိုမှုအကြောင်း မမေ့ဖို့ ကျေးဇူးပြုပြီး ထပ်ပြောပေးလို့ရမလား။"

"ဟုတ်ကဲ့၊မဒမ်ရဲ့ စကားကို တစ်ဆင့် ပြောကြားပေးဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပြီးသားပါ။"

"ဟုတ်ပြီ"

အခြေအနေက အနည်ထိုင်သွားသည့် ပုံရ၏။

"ဒီကလေး ဘေးကင်းမယ်လို့ မျှော်လင့်ပါတယ်။"

ကျွန်မ သက်ပြင်းချရင်း ညည်းညူလိုက်သည်။

အနာဂတ်မှာ ထွန်းတောက်လာမဲ့ ဓါးသမားလေး၊ကျေးဇူးပြုပြီး မထိခိုက်ပါစေနဲ့။

အမှန်တော့ ကျွန်မ ဤသို့ ဆိုလိုချင်ခြင်း ဖြစ်သည်။

"အိုး ၊မဒမ်ရယ်"

"မဒမ်က ကျွန်တော်တို့လို လူတွေအတွက် စိုးရိမ်ပူပန်ပေးနေတာလား။"

"မဒမ်!"

သူတို့မှာ ကျွန်မ၏ ကွယ်ဝှက်ထားသော အကြောင်းရင်းကို မသိကြငြား ကျွန်မကို ထူးခြားဆန်းကြယ်သလို ကြည့်လာကြသည်။ကျွန်မလည်း မမျှမတ လုပ်မိသလို ခံစားချက်ကြောင့် အော်ဟစ်ပစ်ချင်လာတော့၏။

*

ကျွန်မ စံအိမ်တော်သို့ မောပန်းနွမ်းနယ်စွာဖြင့် ပြန်ရောက်လာခဲ့သည်။ကျွန်မ၏အခန်းထဲသို့ သွားပြီး ချက်ချင်း အနားယူလိုက်ချင်သော်လည်း ကျွန်မ ပြန်ရောက်ရောက်ချင်း တစ်စုံတစ်ယောက်က ကျွန်မကို ကြိုဆိုနေခဲ့၏။ဆိုဗက်စ်စတာပင် ဖြစ်ပေသည်။

"အပြင် ရောက်ရောက်ချင်း လူအုပ်ကြီးဆီမှာ ဖမ်းမိသွားတဲ့ အိုဖီလီယာ ရိုင်ဇန်အတွက် လက်ခုပ်ဩဘာလေး ချီးမြှင့်လိုက်ရအောင်လား။"

ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း 

အစေခံများမှာ ကြောက်ရွံ့နေသော အပြုံးများဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ဆိုဗက်စ်စတာ တစ်ဦးတည်းကသာ စိတ်အားတက်ကြွစွာဖြင့် လက်ခုပ်တီးပေးနေလေသည်။ထိုအခြေအနေက တကယ်ပင် ရယ်ချင်စဖွယ် ကောင်းလှသည်။

"ရှင်က ကျွန်မလုပ်တဲ့အတိုင်း လိုက်အတုခိုးနေတာလား။"

"အမှန်ပဲ"

ဆိုဗက်စ်စတာက သူ့မျက်လုံးကို လှိမ့်လိုက်သည်။

"ပျော်ရွှင်စရာကောင်းသလို နည်းနည်းလဲ စိတ်ပျက်စရာကောင်းတယ်။မင်းက တစ်နေ့ထဲနဲ့ ဘယ်လိုဖြစ်ပြီး လူမိသွားတာလဲ။"

"ကျွန်မကရော လူမိတာ ခံချင်နေလိမ့်မယ်လို့ ရှင် ထင်လား။"

ဆိုဗက်စ်စတာက ပခုံးတွန့်ပြလာသည်။

"မင်း ကောင်လေးတစ်ယောက်ကို ကယ်လိုက်တယ်လို့ ကိုယ် ကြားမိတယ်။"

ဆိုဗက်စ်စတာသည် ထိုသတင်းကို အစောင့်များမှ တစ်ဆင့် ကြားလာခြင်း ဖြစ်မည်။

ကျွန်မ ခေါင်းငြိမ့်လိုက်သည်။

"အဲ့လို ဖြစ်သွားတယ်"

"ဘာကြောင့်လဲ"

ဆိုဗက်စ်စတာသည် အမှန်တကယ် သိချင်စိတ် ပြင်းပြနေဟန်ဖြင့် မေးလာသည်။

ကျွန်မ၏မျက်လုံးများကို မှေးလိုက်ပြီး ပြန်ဖြေလိုက်သည်။

"ဘာကြောင့်လဲလို့ ရှင် မေးတာလား။ဒီနေ့ ကျွန်မ ကယ်ခဲ့တဲ့ကလေးက ရှင့်ကို ပြောပြဖူးတဲ့ တစ်ယောက်ပဲ။ကြီးမြတ်တဲ့ ဓါးသမားတစ်ယောက် ဖြစ်ဖို့ အလားအလာကောင်းတွေ ရှိတဲ့ တစ်ယောက်လေ။"

ဆိုဗက်စ်စတာက အလျှော့ပေးလိုက်ဟန်ဖြင့် ခပ်နိမ့်နိမ့် နှာမှုတ်သံတစ်ခု ပြုလိုက်သည်။

"ဒါဆို မင်းက ဒီတိုင်း သဘောရိုးနဲ့ ကယ်တင်ခဲ့တာ မဟုတ်ဘူးပေါ့၊ အဲ့လိုလား။"

"ကျွန်မက သဘောရိုးနဲ့ ကယ်တင်ချင်ရုံနဲ့ ကိုယ့်ဘဝကိုယ် ဒုက္ခရောက်အောင် မလုပ်ဘူး။"

ကျွန်မ၏ဘဝက အလွန်တရာ တန်ဖိုးကြီးလှသည်။ ကျွန်မ ခေါင်းခါလိုက်ရင်း ကိုယ့်ကိုကိုယ် ပြန်လည် ပွေ့ဖက်ထားလိုက်သည်။

ဆိုဗက်စ်စတာ၏နှုတ်ခမ်း ထောင့်စွန်းလေးများ ကွေးတက်သွားသည်။

"ဒီတိုင်း သဘောရိုးနဲ့ ကယ်တင်လိုက်တာ ဆိုရင်တော့ ကိုယ်မင်းအပေါ် အကြီးကြီး စိတ်ပျက်မိသွားမှာပဲ။"

"ဘာကိုလဲ"

"ထင်ထားတဲ့အတိုင်းပဲ မင်းက ..."

"ဟင်"

"မင်းက ကိုယ့်ရဲ့ဇနီးလေးပဲ။"

သူက အမြဲတမ်း ဤသို့ ပြောတတ်သည်။သူ ထိုသို့ ပြောလာတိုင်း ကျွန်မလည်း သူ့ခေါင်းထဲသို့ ခွဲခြမ်းလေ့လာကြည့်ချင်စိတ် ပိုများလာတတ်သည်။

*

တစ်နေကုန် ဖုန်တောထဲတွင် လူးလိမ့်နေရသဖြင့် ကျွန်မ၏ခန္ဓာကိုယ်ကို သန့်ရှင်းအောင် ဆေးကြောခဲ့ရသည်။ကျွန်မ ရေချိုးခန်းမှ ထွက်လာချိန်တွင် စားပွဲပေါ်၌ စာတစ်စောင် ရောက်ရှိနေသည်။

ဘယ်သူ့ဆီက ပါလိမ့်။

ကျွန်မ စာပို့သူနေရာကို ကြည့်လိုက်သည်။

"ကယ်လီယန် လား"

ကျွန်မ၏ပါးစပ်မှာ ခြောက်ကပ်သွားပြီး စာကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်ရသည်။အကြောင်းအရာမှ အလွန် ရိုးရှင်း၏။

[ငါက သောက်ကျိုးနည်းဟာသတွေလုပ်နေတယ်လို့ မင်းထင်နေလား။]


TK Team
++++++++