Chapter 18
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၁၈)

"အမှန်တကယ်ကို စာတစ်စောင် ကျန်ပါသေးတယ်။အဲ့ဒါက တော်ဝင်မိသားစုထဲမှာ ရှိပါတယ်။"

စုစုပေါင်း စာသုံးစောင် ရှိလေသည်။ကျွန်မ၏ အစီအစဥ်အတွက် ထိုတတိယမြောက်စာကိုလည်း အသုံးချရန် စီစဥ်ထားပါ၏။သို့သော် ထိုစာကို သူ့ဘာသာ ရှာခိုင်းလိုက်လျှင် ပိုကောင်းမည်ဟု ကျွန်မ ထင်မိသည်။ကျွန်မက ဆင်ခြင်သုံးသပ်မှု အပြည့်ပါသော လေသံဖြင့် သူ့ကို ပြောလိုက်လျှင် ကယ်လီယန်က မျက်ခုံးကို ပင့်ရင်း ကျွန်မကို ကြည့်လာခဲ့သည်။

"နောက်ထပ်စာတစ်စောင်က တော်ဝင်မိသားစုဆီမှာ ရှိတယ်ဆိုတဲ့ အချက်ကလွဲရင် ကျွန်မလည်း များများစားစား မသိထားပါဘူး။ဒီထက်ပိုပြီး ပြောမပြနိုင်ခဲ့လို့ ကျွန်မ အားနာမိပါတယ်။"

ငါ ပြောနိုင်တာ ဒါ အကုန်ပဲလို့ ထင်တယ်၊ဟုတ်တယ်မလား။

ကျွန်မ ကယ်လီယန်ကို ပြုံးပြလိုက်ပြီး ပြန်လှည့်လိုက်သည်။

"မင်းက ဘယ်သူလဲ။"

မင်းသား၏ အသံက ကျွန်မ၏အနောက်ဖက်မှ ထွက်ပေါ်လာသည်၊ကျွန်မ ခေါင်းကို ဖြည်းညင်းစွာ ပြန်လှည့်လိုက်သည်။

"ငါ့မယ်တော်ရဲ့စာက ဘယ်နေရာမှာ ရှိတယ်ဆိုတာကို မင်းက ဘယ်လိုလုပ်ပြီး သိနေတာလဲ။"

ကျွန်မလည်း သူ ထိုသို့ မေးခွန်းထုတ်လာမည်ကို သိထားသည်။သို့သော် ယခုအချိန်တွင် ကျွန်မ မရှင်းပြဘဲ နေလိုက်လျှင် ကယ်လီယန်က ကျွန်မအပေါ် သံသယဝင်သွားလိမ့်မည်။ထို့ကြောင့် ကျွန်မ ဖြေပေးနိုင်သလောက်အထိ တည်ငြိမ်စွာ ပြန်ဖြေခဲ့သည်။

"ဘာကြောင့်လဲဆိုတော့ ကျွန်မက ဧကရီအရှင်မဟောင်းနဲ့ ဆုံတွေ့ခဲ့ဖူးလို့ပါ။"

ထိုကိစ္စက အမှန်တရားပင်။အိုဖီလီယာသည် ဧကရီဟောင်းနှင့် တစ်ကြိမ်ဆုံတွေ့ဖူးပြီး သူမတို့က အတော်လေး နီးစပ်ခဲ့ကြသည်။

"အရှင်မက ဒီစာတွေကို အရှင့်သားထံ ပို့ဆောင်ပေးဖို့ ကျွန်မကို ပြောထားခဲ့ပါတယ်။"

"ဘာဖြစ်တယ်"

ကယ်လီယန်သည် မယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်သည်။

"ဘာကြောင့် မင်းမှလဲ။"

နင်က ငါ့လို အရူးမကိုမှ သူမက တစ်ဆင့် စာပို့ခိုင်းရတာလဲလို့ ဆိုလိုချင်တာ မဟုတ်လား။ဒါကို ငါ ဘယ်လိုခန့်မှန်းမိလဲ။ကောင်းပြီလေ၊ ကယ်လီယန်ရဲ့ မျက်နှာပေါ်မှာ အဲ့လို ပြူးနေအောင် ရေးထားတယ်လေ။ဒီလို ငတုံးကတော့။

ကျွန်မ ခန္ဓာကိုယ်ကို မတ်မတ်ထားလိုက်ပြီး ကယ်လီယန်ကို စိုက်ကြည့်ရင်း ရှင်းပြလိုက်သည်။

"အရှင်မက ကျွန်မကို သဘောကျလို့ပါ။"

ကျွန်မ ပေါ့ပေါ့ပါးပါး လိမ်ညာလိုက်သော်လည်း အမှန်တော့ လိမ်ညာနေခြင်း မဟုတ်ပေ။အိုဖီလီယာ ဆိုးသွမ်းပျက်စီးခြင်း မဖြစ်မီက ဧကရီအရှင်မဟောင်းသည် သူမကို အတော်လေး နှစ်သက်သဘောကျခဲ့သည်။သူမ သေဆုံးချိန်အထိ အိုဖီလီယာကို သဘောကျနေဆဲဖြစ်၏။လူအများစုက ထိုအရာကို သတိမထားမိကြသော်လည်း အမှန်တရား ဖြစ်နေသည်။အကယ်၍ ကယ်လီယန်သာ ထိုကိစ္စကို တိတ်တဆိတ် စုံစမ်းကြည့်လျှင်လည်း ကျွန်မ လိမ်နေတာ မဟုတ်ဟု သူ ရှာတွေ့မည် ဖြစ်သည်။

"အင်း ၊ငါသိပြီ။"

ကယ်လီယန်သည် အတွေးထဲ နစ်မြောနေပုံပင်။ကျွန်မ ဘာတစ်ခုမှ မပြောဘဲ သူ့ကို ကြည့်နေလိုက်သည်။

"ကောင်းပြီ၊ မင်းကို ကျေးဇူးပဲ။ငါ့မယ်တော်အကြောင်း အသစ်တစ်ခု ထပ်သိခဲ့ရပြီ။"

တော်တော်ကို ဖော်ရွေတဲ့ လေသံပါလား။

အိုး...

ဟုတ်ပါ့မလား။

သူက နွေးထွေးတတ်လာပြီး ကျွန်မအပေါ် ချစ်လာလိမ့်မည်ဟု ကျွန်မ မျှော်လင့်သည်။သို့သော်...

"ဒါပေါ့၊မယ်တော်က ဘာပဲပြောပြော ငါကတော့ မင်းကို ကြိုက်မှာ မဟုတ်ဘူး။"

ထင်ထားသည့်အတိုင်း ကယ်လီယန်က ကယ်လီယန်သာ ဖြစ်သည်။

ကျွန်မ နှုတ်ခမ်းထောင့်များကို မနည်းပင့်တင်ပြီး ပြုံးလိုက်ရသည်။

"ဒါဆိုရင် ကျွန်မတို့ စကားပြောတာကို ဒီနေရာမှာ ရပ်တန့်သင့်ပါပြီလား။"

ကျွန်မ အိမ်အမြန်ပြန်ချင်သည်။ကျွန်မကို သေခြင်းတရား၏ အနက်ရောင်တွင်းပေါက်ကြီးထဲသို့ စုပ်ယူနေသလို ခံစားရစေသည့် သည်နေရာတွင် ဆက်မနေချင်တော့ပေ။ကျွန်မကို သတ်ပစ်ချင်သည့် တစ်စုံတစ်ယောက်နှင့် တစ်ခန်းထဲအတူ ဆက်နေရသည်အထိ ကျွန်မမှာ သတ္တိအလုံအလောက် မရှိသေးပေ။ကျွန်မ ထွက်ပြေးရမည်။

သို့သော်ငြား…

"တစ်ခုခု ပြောင်းလဲသွားသလိုပဲ။"

ကယ်လီယန်က ကျွန်မကို ပြန်ခွင့်မပေးချင်သေးသည့်ပုံပင်။

"နေအိမ်အကျယ်ချုပ်ချမယ်လို့ ငါ ပြောလိုက်ရင် မင်းက ဝေလငါးတစ်ကောင်လို အော်ဟစ်နေမှာပဲလို့ ထင်ထားတာ။"

ကျွန်မ တကယ်ကို အော်ချင်ပါသည်။နည်းနည်းပင် ဖြစ်ဖြစ်။ကျွန်မ ကိုယ့်ဘာသာပင် မသိလိုက်ပဲ ယပ်တောင်ကို ပိတ်လိုက်မိသည်။

"မင်းက ကြမ်းပြင်ပေါ်မှာ လူးလှိမ့်ပြီးတော့ သေရမယ်ဆိုရင်တောင် ထွက်မသွားဘူးလို့ အော်ဟစ်နေကျလေ။"

အိုဖီလီယာရေ...

"မင်းက တိရစ္ဆာန်တစ်ကောင်အတိုင်းပဲ၊ မင်းကို ဆွဲထုတ်ဖို့ လုပ်တဲ့အစေခံရဲ့ လက်မောင်းကိုလည်း ကိုက်ပစ်ဖို့ ကြိုးစားတတ်တယ်။"

နင်က သိက္ခာမရှိတဲ့ မိန်းမပဲ။

ကျွန်မ သက်ပြင်းချရင်း နဖူးကို ပွတ်လိုက်မိသည်။

"ကျွန်မ ဒီလို ထပ်မလုပ်တော့ပါဘူး။"

သံသယမျက်လုံးများဖြင့် ကြည့်နေသော ကယ်လီယန်ကို ကျွန်မ ပြောလိုက်သည်။

"အရှင့်သား ပြောသလိုပါပဲ ကျွန်မက ပြောင်းလဲသွားပါပြီ။အခုကစပြီး ကျွန်မက အရင်လို ကလေးဆန်တဲ့ အပြုအမူတွေ နောက်ထပ် လုပ်တော့မှာ မဟုတ်ပါဘူး။"

ကယ်လီယန် မျက်မှောင်ကြုတ်လိုက်သည်။

"ဒါဆို မင်းက ငါ့အပေါ် လက်လျှော့လိုက်ပြီလို့ ဆိုလိုတာလား။"

"မဟုတ်ပါဘူး။"

ကျွန်မ ဆိုဗက်စ်စတာနှင့် အပေးအယူ လုပ်ထားခဲ့သည်။

"ကျွန်မက အရှင့်သားအပေါ် စိတ်အနှောင့်အယှက် မဖြစ်စေရမဲ့ တခြားနည်းလမ်းနဲ့ပဲ သဘောကျနေချင်ပါတယ်။"

ထိုအခိုက်အတန့်၌ ကယ်လီယန်၏ မျက်လုံးများ တဖျတ်ဖျတ် လှုပ်ခတ်သွားသည်။ကျွန်မ သူ့ကို နောက်ဆုံးတစ်ခေါက် ပြုံးပြလိုက်သည်။

"ဒါဆို တစ်လကြာပြီးမှ ထပ်တွေ့ကြပါမယ် အရှင့်သား။"

ထို့နောက် ကျွန်မ ပန်းချီခန်းထဲမှ တန်းတန်းမတ်မတ် ထွက်လာခဲ့သည်။

လုံးဝ နောက်ပြန်လှည့်မကြည့်ဘဲနှင့်။

*

"အဲ့ဒီတော့..."

ဆိုဗက်စ်စတာသည် လက်တင်ကုလားထိုင်ပေါ်တွင် ထိုင်ချလိုက်ရင်း ရှည်လျားသော ခြေတံများကို ချိတ်လိုက်ကာ လက်ချောင်းများကို လက်တန်းပေါ်တွင် တင်ထားလိုက်သည်။

"မင်းက နေအိမ်အကျယ်ချုပ် ချခံရတာကို ဂုဏ်ယူနေသလိုမျိုး ပြောနေတာလား။"

ဆိုဗက်စ်စတာသည် ကျွန်မ ကယ်လီယန်နှင့် လုပ်ခဲ့သည့် အပေးအယူကို သဘောကျပုံ မရပေ။

"ဒါပေမဲ့ ကျေးဇူးတင်ရမှာက တရားစွဲဆိုတာကို ရုပ်သိမ်းလိုက်တယ်လေ။"

ကျွန်မ၏ မျက်နှာထက်တွင် ခါးသက်သက်ပုံစံ ဖြစ်နေ၏။

ဆိုဗက်စ်စတာက ကျွန်မကို ကြည့်လိုက်သည်။

"မနက်ဖြန် သတင်းစာ ခေါင်းကြီးပိုင်းမှာ ပါလာလိမ့်မယ်။ 'အိုဖီလီယာ ရိုင်ဇန်က ပထမဆုံး တားမြစ်ပိတ်ပြင်ခြင်း အမိန့်ချမှတ်ခံရသော အမျိုးသမီး ဖြစ်လာတယ်' ဆိုပြီးတော့။"

"ဒီသတင်းက ဘယ်နေရာကိုမှ မပျံ့နှံ့စေရဘူးလို့ ကျွန်မကို ကတိပေးလိုက်ပြီးသား။ဘယ်သူမှ သိမှာ မဟုတ်ဘူး။"

"မင်းက ဒါကို ယုံတယ်ပေါ့။"

"ကျွန်မက ယုံရမှာပဲလေ။တခြား ဘာများ တတ်နိုင်လို့လဲ။ဒါ့အပြင် တားမြစ်ပိတ်ပြင်ခံရတာက ဒဏ်ငွေဆောင်ရတာထက်တော့ ပိုကောင်းတယ်လေ။"

"ရယ်ချင်စရာပဲ"

ဆိုဗက်စ်စတာသည် ချိတ်ထားသော ခြေထောက်များကို ဆန့်လိုက်ပြီး ရှေ့ဖက်သို့ ကိုယ်ကို ကိုင်းလိုက်သည်။

"တရားရုံးက အမိန့်ချမှတ်တာကို လိုက်နာတာနဲ့ အိမ်ရှေ့စံမင်းသားရဲ့အမိန့်ကို နာခံတာက လုံးဝ တခြားစီပဲ။"

ဒါက အိမ်ရှေ့စံမင်းသားအပေါ် ကျွန်မက မယုံကြည်သင့်ဘူးဟု ဆိုလိုသည်။

ကျွန်မ၏မျက်လုံးများကို မှေးလိုက်ပြီး

"ရှင်က ရှင့်ရဲ့နာမည်ဂုဏ်သတင်းကိုပဲ တွေးတတ်တာလေ။မဟုတ်လို့လား။"

"အဲ့ဒီအကြောင်းကလွဲရင် ကိုယ့်မှာ တခြား ဘာများတွေးစရာရှိလဲ။"

မျှော်လင့်ထားသည့်အတိုင်း ကျွန်မ၏ခန့်မှန်းချက်က မှန်လေသည်။

ရှင်က ဒီလိုလူယုတ်မာတစ်ယောက်ပဲ။

"ရှင်က ကျွန်မနဲ့ပတ်သက်ပြီး လုံးဝ မစိုးရိမ်ပါဘူး။ဟုတ်တယ်မလား။အကယ်၍ ရှင်က စိုးရိမ်တယ်ဆိုရင် ရှင် အရင်ကလို ကျွန်မအကြောင်းကို လိုက်ပြီး ဟာသလုပ်နေမှာ မဟုတ်ဘူး။"

ကျွန်မ တရားစွဲဆိုသည့်စာကို ဖတ်လိုက်ရစဥ်က ကျွန်မကိုယ် ကျွန်မတာဝန်ယူသင့်သည်ဟု သူ နောက်ပြောင်ခဲ့တာကို သတိရသွားသဖြင့် ထိုသို့ ကျွန်မ ပြောလိုက်သည်။

"ကျွန်မ ဒီနေ့ အရမ်းကို ခက်ခဲခဲ့ရတယ်။ကိုယ့်ကို အူထဲ အသည်းထဲကနေ ခါးခါးသီးသီး မုန်းတီးနေတဲ့ လူတစ်ယောက်နဲ့ စကားစမြည်ပြောနေရတာ ဘယ်လောက် ရူးချင်စရာကောင်းလဲ ရှင် သိလား။"

ဆိုဗက်စ်စတာက ခနဲ့သလို ပြုံးလိုက်ပြီး သူ့ဆံပင်ကို သပ်တင်လိုက်သည်။

"မင်းက ကိုယ့်ကို မင်းအတွက် စိုးရိမ်ပေးစေချင်တာလား။"

"ဟုတ်တယ်"

ထို့နောက် ဆိုဗက်စ်စတာ၏ မျက်လုံးများက ပြောင်းလဲသွားသည်။သူက ကျွန်မ မြင်ဖူးသမျှတွင် အချိုသာဆုံး မျက်နှာထားအဖြစ် ပြောင်းသွားပြီး ကျွန်မအနားသို့ ရောက်လာခဲ့သည်။

"ကိုယ့်ရဲ့ချစ်လှစွာသော ဇနီးလေး၊မင်းက အိမ်ရှေ့စံမင်းသားလို ယောကျ်ားတစ်ယောက်နဲ့ စကားပြောခဲ့ရတာ အရမ်းကို ခက်ခဲခဲ့မှာပဲ။ဒီလောက်တောင် ခက်ခဲတာကို။မင်းက တကယ်ကို အံ့ဩဖို့ ကောင်းတာပဲ။"

ထို့နောက် သူက ကျွန်မ၏လက်ဖမိုးကို ဖွဖွလေး ပုတ်လိုက်သည်။ထိုအပြုအမူလေးက အလွန်ညင်သာသည်။အေးစက်လှသည့် ရေခဲတောင်၏ထိပ်စွန်းတွင် နေမင်းကြီး မြင့်တက်လာသည်ကို မြင်လိုက်ရသလို ကျွန်မ၏နှလုံးသားမှာ ပျော်ရွှင်မှုများ ပြည့်နှက်လာပြီး ထိုခဏလေးတွင် ကျွန်မ၏နှလုံးခုန်သံကို ကျွန်မ ပြန်ခံစားမိနေသည်။

"ဝါး..."

ကျွန်မ အမှန်တကယ်ပင် လေးစားသွားဟန်ဖြင့် အသံထွက်သွားမိ၏။

"ရှင်က ဒီလိုပြုမူတဲ့နေရာမှ အရမ်းတော်တာကို ဘာကြောင့် အဲ့လိုမနေရတာလဲ။"

ဆိုဗက်စ်စတာ သက်ပြင်းချလိုက်ရင်း ကျွန်မ၏လက်ကို လွှတ်ပေးလိုက်သည်။ထို့နောက် သူက ခြေထောက်ကို ပြန်ချိတ်လိုက်ပြီး ထိုင်ခုံပေါ်တွင် အားရပါးရ ထိုင်ချလိုက်သည်။

"ဒါက စိတ်ညစ်စရာကောင်းလို့လေ"

သူက ပြောရင်း ခေါင်းခါလိုက်သည်။

"ပြီးတော့ ကိုယ်က ဒီလိုတကယ် ဆိုလိုချင်တာမဟုတ်ဘူး။ဒါက အဲ့လောက် မကောင်းဘူး။မင်းက နေအိမ်အကျယ်ချုပ် ချခံလိုက်ရတယ်လေ၊ ဒါက လုံးဝကို ကောင်းတဲ့ကိစ္စမှ မဟုတ်တာ။"

ထိုအခိုက်အတန့်တွင် စိတ်လှုပ်ရှားသွားခဲ့ရသည့် ကျွန်မကိုယ် ကျွန်မ ပြန်လည် ဆင်ခြင်သုံးသပ် နေမိသည်။ကျွန်မ တတွတ်တွတ် ရေရွတ်ရင်း ဆိုဗက်စ်စတာကို ကြည့်လိုက်သည်။

"ရှင့်ရဲ့စကားလုံးလေးတွေက အရမ်းကို လှပပါပေတယ်။ကောင်းလိုက်တာ။ လက်ခုပ်တီးပြီးတော့ ချီးကျူးသင့်တယ်။"

ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း

"ကိုယ် ခုနကလဲ ဒါပဲ ပြောနေတာလေ။ဒါက အမှန်တကယ် ချီးမွမ်းလား၊ မချီးမွမ်းတာလား။"

"လုံးဝကို ဟုတ်မနေဘူးပေါ့။ရှင် ဘာကိုမှ ဂရုမစိုက်ဘူးလို့ ပြောနေတာကို လူတိုင်း ကြားနေရတာပဲ မဟုတ်ဘူးလား။"

"...အာ"

ဆိုဗက်စ်စတာသည် အနည်းငယ် ဒွိဟဖြစ်နေဟန် မျက်နှာထားဖြင့် ပြန်ဖြေသည်။သူ့ပုံစံက ရယ်ချင်စရာ ကောင်းသဖြင့် ကျွန်မ အကျယ်ကြီး ရယ်မိသွားပြီး သူလည်း ကျွန်မနှင့်အတူ လိုက်၍ ရယ်မောလာခဲ့သည်။

"ဘာပဲဖြစ်ဖြစ်ပါ"

ရယ်မောနေသော ဆိုဗက်စ်စတာက လက်ခုပ်တီးလိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။

"အခု ဖြစ်ပျက်သွားတာနဲ့ ပတ်သက်ပြီး ကိုယ်လဲ ဘာတစ်ခုမှ မလုပ်နိုင်ဘူးလေ။"

သူက မေးထောက်ပြီး ကျွန်မကို ကြည့်လာသည်။

"ဒါဆို မင်းက အပြင်ကို တစ်လတိတိ မထွက်ရတော့ဘူးပေါ့။"

ကျွန်မ ခေါင်းကို စောင်းငဲ့လိုက်သည်။သူက ထိုသို့ ထူးဆန်းသော မေးခွန်းအား ဘာကြောင့် မေးသည်ကို ကျွန်မ မသိပေ။

"မဟုတ်ပါဘူး။ကျွန်မက အဲ့လို ဘာလို့နေရမှာလဲ။"

ကျွန်မ ပေါ့ပါးစွာ ပြန်ဖြေလိုက်သည်။

"ကျွန်မမှာ လုပ်စရာကိစ္စတွေ အများကြီး ရှိတယ်။"

မိဘမဲ့ဂေဟာ တည်ထောင်မည့် နေရာကို ကျွန်မ သွားရောက်ကြည့်ရှုပြီး အပြောင်းအလဲ လုပ်သင့်တာကို လုပ်ရမည်။

သည်ကိစ္စမှာ များများစားစား မဟုတ်သော်လည်း အချိန်တစ်လက အလျင်အမြန် ကုန်သွားနိုင်သည်မှာ သိသာသည်။

"ကျွန်မက ခိုးထွက်ရင်ရော မရလို့လား။ကျွန်မကို ဖမ်းမမိသရွေ့ အဆင်ပြေတယ်။"

"ကိုယ် သိသားပဲ"

ဒါကို အစကတည်းက ခန့်မှန်းမိသည့်ပုံဖြင့် ဆိုဗက်စ်စတာက ပြောသည်။

"ထင်ထားတဲ့အတိုင်း မင်းက နောက်ဆုံးတော့ ရိုင်ဇန် မြို့စားကြီးကတော်ပုံစံ ဖြစ်လာပြီပဲ။နောက်လဲ ဒီအတိုင်းပဲ ဆက်လက်ပြုမူပါ။"

အိမ်ရှေ့စံမင်းသား၏အမိန့်ကို မနာခံရန် အကြံပြုသည့် ခင်ပွန်းဖြစ်သူ ဆိုဗက်စ်စတာသည် ဘယ်နည်းနှင့်မဆို လူကောင်းတစ်ယောက် ဖြစ်သည်။

"ကောင်းပြီလေ၊ကျွန်မက မြို့စားကြီးကတော်တစ်ယောက်အတိုင်း ပြုမူနေထိုင်တော့မှာ။'ဒီအတိုင်းပဲ 'ဆိုတာက ရှင် ဘာကို ဆိုလိုတာလဲ။"

"မင်း အခုလို လုပ်တဲ့အတိုင်း ဘယ်သူ့စကားမှ နားထောင်မနေဘဲနဲ့ မင်းဘဝကို မင်းစိတ်ကြိုက် နေထိုင်လေ။"

ဤအခိုက်အတန့်တွင် ကျွန်မ၏နှလုံးသားက နောက်တစ်ကြိမ် ခုန်ပေါက်လာပါ၏။ကျွန်မ၏ အရင်ဘဝတွင် ကျွန်မ အမြဲအိပ်မက်မက်ခဲ့ရသည့်အတိုင်း သူက ပြောလာခဲ့၍ပင်။

မင်းစိတ်ကြိုက် နေပါ။

မင်းစိတ်ကြိုက် နေထိုင်လေ။

ကျွန်မလည်း ထိုသို့ နေချင်ပါသည်။

ကျွန်မ၏ အရင်ဘဝတွင် တစ်ချိန်လုံး ဖျားနာနေရသဖြင့် ဘာတစ်ခုမှ မလုပ်နိုင်ခဲ့ပေ။ယခုတော့ အရင်ထက် ပိုကောင်းလာခဲ့ပြီ ဖြစ်သည်။

"ဘဝမှာ တစ်ကြိမ်တစ်ခါပဲ အသက်ရှင်ရမှာကို မင်း နေချင်တဲ့အတိုင်း နေသင့်တာ မဟုတ်လား။"

ဆိုဗက်စ်စတာက ကျွန်မကို ထိုသို့ ပြောလာသဖြင့် ကျွန်မမှာ စိတ်ထက်သန်တက်ကြွလာသလို စိတ်လှုပ်ရှားနေမိသည်။

ငါက တကယ်ပဲ ဒီလို နေခွင့် ရှိတာလား။

ကျွန်မ၏လက်များမှာ ချွေးအေးများ ထွက်နေသော်လည်း ကျွန်မ လက်ခုပ်တီးလိုက်မိသည်။

"မင်း ဘာဖြစ်နေတာလဲ။အရမ်းကို စိတ်လှုပ်ရှားနေတဲ့ပုံပဲ။"

"နည်းနည်းပါ"

ကျွန်မ ဆက်ပြောလိုက်သည်။

"စည်းကမ်းသတ်မှတ်ချက်တွေအတိုင်း လိုက်ပြီး မနေတော့တဲ့ကိစ္စကို နည်းနည်း စိုးရိမ်နေတာပါ။"

"ဟမ် ၊မင်းက အမြဲတမ်း အဲ့လိုမျိုး လုပ်နေကျပဲလေ။"

"အင်း ၊မှန်တယ်လေ။"

အိုဖီလီယာ လုပ်ခဲ့ခြင်းဖြစ်သည်။ကျွန်မ မဟုတ်ပေ။ကျွန်မက သာမန် ပြည်သူတစ်ယောက်သာ ဖြစ်သည်။

"အခု ကျွန်မက နည်းနည်း ... နည်းနည်းလေး ကြောက်နေတာပါ။ရှင်က ဘာလို့ သဘောကောင်းနေရတာလဲ။"

"မင်း ဘာကို ကြောက်နေတာလဲ။"

"သေရမှာကို"

ဆိုဗက်စ်စတာသည် သူ့နဖူးသူ ကိုင်ရင်း အော်ရယ်နေတော့သည်။သူက ခေါင်းယမ်းလိုက်ရင်း ကျွန်မ၏လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်သည်။

"သတိရပါဦး၊မင်းက ရိုင်ဇန် မြို့စားကြီးကတော်လေ။"

သူ့လက်က ကျွန်မအပေါ် တွယ်တက်လာပြီးနောက် ကျွန်မ၏ခါးနေရာအရောက်တွင် လက်များကို သိုင်းယှက်၍ ဆွဲယူပွေ့ဖက်လိုက်လေသည်။

"ဘယ်သူကမှ မင်းကို ထိခိုက်အောင် မလုပ်နိုင်ဘူး။"

"..."

"ဒါကြောင့်မို့လို့ မင်း သဘောကျတဲ့အတိုင်းသာ နေပါ။ကိုယ်က ဒီလိုပဲ ဖြစ်စေချင်တယ်။"

အရင်တစ်ခါ စကားပြောဖြစ်သည်ကို ပြန်တွေးမိလျှင် ဆိုဗက်စ်စတာက ကျွန်မအပေါ် အခွင့်ကောင်းယူဖို့ ဤစကားများကို ပြောနေသကဲ့သို့ ထင်ရသည်။ကျွန်မ အမှား ပိုလုပ်လေလေ၊ကျွန်မက ဆိုဗက်စ်စတာကို အကျိုးပိုရှိစေလေလေ ဖြစ်၍ပင်။ဒါကြောင့် ဤသို့ သူ ပြောရသည်လည်း ဖြစ်နိုင်သည်။ကျွန်မ သိပါ၏။သို့သော်လည်း ကျွန်မ သိနေသည့်တိုင် ကျွန်မကိုယ်တိုင်က ထိုသို့သာ နေထိုင်ချင်ပါသည်။

ထို့နောက် နောက်တစ်နေ့အရောက်တွင် ကျွန်မ မတော်တဆတစ်ခု ဖြစ်ခဲ့လေသည်။


TK Team
++++++++