ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ
အပိုင်း (၁၇)
ကယ်လီယန် ဖြစ်နေသည်။
ဒီ အယုတ်တမာကောင်ကတော့!
ကျွန်မ၏လက်များ စတင် တုန်ရီလာသဖြင့် ကျွန်မလက်ထဲမှ စာရွက်ကို ဆိုဗက်စ်စတာက ဆတ်ခနဲ ဆွဲယူလိုက်သည်။
"ကိုယ် သိပြီ။"
သူ့နှုတ်ခမ်းထောင့်များသည် ရယ်မလိုဟန်ဖြင့် ကွေးတက်လာလေရာ ကျွန်မကို ထပ်ပြီး စိတ်တိုလာစေတော့သည်။
"ရှင့်ဇနီးတစ်ယောက်လုံး တရားစွဲခံရတာကို ရှင်က ရယ်နေတယ်ပေါ့။"
"ဟုတ်တယ်လေ"
"ဝါး ၊ရှင်က ချီးကျူးလောက်စရာ ခင်ပွန်းတစ်ယောက်ပါလား။လက်ခုပ်ဩဘာလေးတွေ ချီးမြှင့်ရမှာပဲ။"
ဖြောင်း ဖြောင်း ဖြောင်း
ကျွန်မ တမင်တကာ လက်ခုပ်တီးလိုက်သည့်တိုင် ဆိုဗက်စ်စတာကတော့ သူ့ကို တကယ်ချီးမွမ်းနေသည်ဟု ထင်သွားသလိုပင်။သူက ပြုံးလိုက်ပြီး ကျွန်မကို ချိုသာစွာ ကြည့်လာသည်။
မျက်နှာပြောင် တိုက်တတ်လိုက်တာများ။
"ဒါကို ကျွန်မတို့ ဘာလုပ်သင့်လဲ။"
ကျွန်မ မေးလိုက်သည်။
"ကောင်းပြီ၊ ကိုယ်လဲ မသိဘူး။"
မသိဘူး။အဲ့ဒါက ဘာကို ပြောချင်တာလဲ။သူရဲ့ နောက်ဆုံးအဖြေလား။
"မဟုတ်သေးဘူး။ ဟန်နီ၊ ရှင် ဒါကို ဘယ်လိုမျိုး ဖြေရှင်းပေးပါမယ်ဆိုပြီး ပြောရမှာ မဟုတ်ဘူးလား။"
"ကိုယ်က ဘာလို့လဲ။"
"ရှင်က ဘာလို့လဲ ဟုတ်လား။"
ကျွန်မ စားပွဲပေါ် လက်တင်လိုက်သည်။
"ဒါဆို ရှင်က ကျွန်မဘာသာ ဒါကို ဖြေရှင်းစေချင်တာလား။"
"ဟုတ်တယ်၊ဒါကို မင်းပဲ တာဝန်ယူရမှာလေ။"
"ဘုရားသခင်"
သူက ဘာလို့ ဒီလောက်တောင် ယုတ်မာရတာလဲ။
ကျွန်မမှာ ကြားရသည်ကို မယုံနိုင်သဖြင့် မျက်နှာကို လက်ထဲတွင် ဖွက်ထားမိသည်။ကျွန်မ စိတ်သောကဖြစ်နေသည်ကို မြင်လျှင် ဆိုဗက်စ်စတာက ထရယ်လေသည်။
"ကိုယ်က နောက်လိုက်တာပါ။စကားမစပ် မင်း ဒီလိုမျိုး တုံ့ပြန်တာကို မြင်ရတော့ ကိုယ် အံ့ဩသွားတာပဲ။ကိုယ် ဒီလိုမျိုး ဟာသတွေ မကြာခဏ လုပ်သင့်တယ်။"
စနောက်နေသည်ဟု သိရသဖြင့် ကျွန်မဝမ်းသာပါသည်။သို့သော် ကျွန်မ သူ့ကို ဆဲဆိုပစ်လိုက်ချင်တုန်းပင်။
ကျွန်မ မျက်လုံးကို ပြူးပြလိုက်သည်။
"ရှင် ဒီလိုမျိုး နောက်တစ်ခါ စနောက်မယ်ဆိုရင် ကျွန်မ အိမ်ကနေ ထွက်ပြေးရလိမ့်မယ်။"
"မင်းမှာ ပိုက်ဆံ ရှိတယ်ပေါ့။"
"ကျွန်မ ပိုက်ဆံခိုးပြီးမှ အိမ်က ထွက်ပြေးမှာ။"
"ရိုင်ဇန်အိမ်တော်မှာ သူခိုးတစ်ယောက် အသက်ရှင်နေတာကို မင်း တွေ့ဖူးလား။"
"ကောင်းပြီ၊ကျွန်မက ငြိမ်ငြိမ်သက်သက်လေး နေလိမ့်မယ်လို့ ရှင် ထင်လား။"
ကျွန်မ အောက်နှုတ်ခမ်းကို ကိုက်ရင်း သူ့ကို ကြည့်လိုက်သည်။ဆိုဗက်စ်စတာမှာ နောက်တစ်ကြိမ် အကျယ်ကြီး ထရယ်ပြန်သည်။
"ဘာပဲဖြစ်ဖြစ် ကိုယ် မင်းအတွက် ရှေ့နေကောင်းကောင်း ငှားပေးမယ်။အင်း ၊ ပြီးတော့ ဒီကိစ္စက မင်းအတွက် ဒဏ်ငွေ ဆောင်လိုက်ရုံနဲ့ ပြီးသွားမှာပါ။"
ကျွန်မ စိတ်သက်သာရာရသွားသည်။သို့သော် ကျွန်မ တစ်ခု သိချင်သေးသည်။
"ဒီမှာ ဒဏ်ငွေ အရိုက်ခံရတဲ့ မင်းမျိုးစိုးမျိုးတွေ ရှိလား။"
"မရှိဘူး၊အထက်တန်းလွှာတွေက ဂုဏ်သိက္ခာကို ရှေ့တန်းတင်ကြတဲ့လူတွေပဲ။ဒါပေမဲ့ ကိုယ် ဒါကို ဘယ်လို ဖုံးကွယ်ထားရမလဲ မသိဘူး။ဒါကြောင့် မင်းက ပထမဆုံး ဖြစ်မှာပဲ။ ဂုဏ်ယူပါတယ်။"
ကြားလို့တော့ သိပ်မကောင်းပေ။
ပထမဦးဆုံး ဒဏ်ငွေ အရိုက်ခံရတဲ့ အထက်တန်းလွှာ အမျိုးသမီး အိုဖီလီယာ ရိုင်ဇန်
ဒီဂုဏ်ပုဒ်က ကျွန်မ၏ အစီအစဥ်တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်နိုင်သည်။ကျွန်မ၏ နာမည်ဂုဏ်သတင်းကို ပြင်ဆင်ဖို့ မနည်း ကြိုးစားနေရသည်။ကျွန်မကိုယ် ကျွန်မ ဗီလိန်ဇာတ်ကောင် တစ်ယောက်အစား ဂုဏ်သရေရှိအမျိုးသမီးတစ်ဦးအဖြစ် လူသိရှင်ကြား ကြေညာဖို့ လိုအပ်သည်။ကယ်လီယန်က တရားစွဲဆိုမှုကို တစ်နည်းတစ်ဖုံဖြင့် ရုပ်သိမ်းပေးလာရန် ကျွန်မ လုပ်ရမည်။
"ဟန်နီ၊ ကျွန်မ ရှင့်ကို တစ်ခု မေးချင်လို့။"
"မင်း ဒီနေ့ ဘာလို့ ဒီလောက်များများ တောင်းဆိုနေရတာလဲ။ပယ်ချတယ်။"
"အိုး ၊ရှင်က ဒီလိုမျိုး တကယ်လုပ်တော့မှာလား။"
ကျွန်မ ဆိုဗက်စ်စတာကို ကြည့်ရင်း ဒေါသကြောင့် အသက်ရှူမြန်လာတော့သည်။ဆိုဗက်စ်စတာတွင် အလွန်ထူးဆန်းသော အမူအရာတစ်ခု ရှိနေသည်။သို့သော် ကျွန်မ တစ်ခုခုကို တွေးဖို့ မလုပ်နိုင်သည်အထိ အင်မတန် ဒေါသဖြစ်နေခဲ့သည်။
"လာခဲ့။ကျွန်မတို့ စာတစ်စောင် ရေးဖို့လိုတယ်။"
"ဘာစာလဲ"
"အိမ်ရှေ့စံမင်းသားအတွက် စာ"
ကျွန်မ ရေတစ်ငုံ သောက်ရင်း စိတ်ပိုင်းဖြတ်လိုက်ပြီး ပြောလိုက်သည်။
"သူ့ဆီ အခု သွားကြည့်ရအောင်။"
*
ယခုအကြိမ်တွင် ကျွန်မ ကယ်လီယန်နှင့် တွေ့ဆုံခွင့်ကို ချက်ချင်း ရရှိခဲ့သည်။ရိုင်ဇန်မိသားစု၏ စည်းတံဆိပ် ခတ်နှိပ်ထားသောစာက အလုပ်ဖြစ်ခဲ့သည်။တံခါး အပြင်ဖက်မှာ တိတ်ဆိတ်စွာ ရပ်စောင့်နေပြီး နောက်ဆုံးတွင် အစေခံတစ်ယောက်ထံမှ ထွက်သွားဟု အပြောခံလိုက်ရသည်ထက် အများကြီးပိုကောင်းသည်။ထိုအစေခံသည် ကံကောင်းထောက်မစွာဖြင့် ဆိုဗက်စ်စတာ၏ ဆုံးမမှုကို ခံလိုက်ရသည်။အကယ်၍ ကျွန်မသာ မူလ အိုဖီလီယာ ဖြစ်နေလျှင် ထိုသူက သေနှင့်ပြီးသား ဖြစ်နေလိမ့်မည်။
ကျွန်မ ကုပ်ပိုးကို လက်ဖြင့် ပွတ်သပ်ရင်း သူ့ကို ကြည့်လိုက်လျှင် ထိုသူက သနားစရာ အသွင်အပြင်ဖြင့် အနောက်ဖက်ကို ဆုတ်သွားခဲ့သည်။ကျွန်မ နှာမှုတ်လိုက်ပြီး ခေါင်းကို လှည့်၍ အခန်းအတွင်းသို့ စူးစမ်းကြည့်ရှုနေလိုက်သည်။ပုံမှန်အားဖြင့် ဧည့်ခန်းများသည် အဝင်ဝတွင် အလံများဖြင့် တန်ဆာဆင်ထားတတ်ပြီး အခန်းတွင်းအပြင်အဆင်မှာလည်း အလွန် ကိန်းကြီးခမ်းကြီး နိုင်တတ်သည်။သိူ့သော် သည်အခန်းက မတူပေ။အခန်းအလယ်တွင် လက်ဖက်ရည်စားပွဲတစ်လုံးနှင့် ဆိုဖာတစ်ခုသာ ရှိပြီး တခြား ဘာမှမရှိဘဲ အတော်လေး ရိုးရှင်းသည်။ဤသည်မှာ အမျိုးသမီးဇာတ်လိုက် ဖလဲရ်ကြောင့် ဖြစ်မည်။သူမသည် ခြိုးခြံချွေတာတတ်သည့် အမျိုးသမီးဖြစ်ပြီး ဇိမ်ခံပစ္စည်းများကို ရှောင်ကြဥ်၍ လွန်လွန်ကဲကဲ နေထိုင်တတ်လေ့ မရှိပေ။အတွင်းပိုင်း အပြင်အဆင်မှာလည်း သူမ၏ဆန္ဒကြောင့်ပင် ဖြစ်ရမည်။
တော်တော်လေး အရုပ်ဆိုးတာပဲ။
ကျွန်မ ပြုံးလိုက်ရင်း ဘေးဖက်ရှိ ဈေးပေါသော စားပွဲခုံကို ထိတွေ့လိုက်သည်။ဖလဲရ်သည် မကောင်းသော သူတစ်ယောက်ဆိုတာ ကျွန်မ သိသည်။ထို့ကြောင့် သူမ၏ အပြုအမူအားလုံးကို သဘောကျနေခြင်းအား ရပ်တန့်လိုက်သည်။
သူမက ခြိုးခြံချွေတာချင်ယောင်ဆောင်နေတာ ဖြစ်နိုင်တာပဲ။
ထိုသို့ နေထိုင်မှသာ သူမက အခြားသူများကြားမှ ကွဲထွက်နေလိမ့်မည်။
ဒါမှမဟုတ် ငါကပဲ အကျင့်ယုတ်နေတာလား။
သူမက မူလဇာတ်ကြောင်းနဲ့ ကွဲထွက်နေတယ်ဆိုတာကို ဘယ်သူမြင်မြင်၊သူတို့လည်း ယခုကဲ့သို့ တူညီစွာ တွေးတောမိမည်ပင်။ကျွန်မလည်း အစက ထိုသို့ ယုံကြည်ခဲ့သဖြင့် သူမ၏စိတ်သဘောထားက ကျွန်မကို အကြီးအကျယ် တုန်လှုပ်ခြောက်ခြားသွားစေခဲ့သည်။
သူမက ဘယ်လိုဖြစ်ပြီး မကောင်းတဲ့သူ ဖြစ်သွားရတာလဲ။အခု ငါတော့ နင့်ကို မုန်းလိုက်ပြီ။
ဒါပေါ့။ငါ နင့်ကို ထပ်ပြီး အနှောင့်အယှက် မပေးတော့ဘူး။
ကျွန်မသည် မူလ အိုဖီလီယာ လျှောက်ခဲ့သည့် လမ်းကြောင်းအတိုင်း ဆက်လျှောက်မည် မဟုတ်သဖြင့် ကျွန်မ တတ်နိုင်သမျှ ဖလဲရ်ကို ရှောင်ကြဥ်ရမည်ဟု ဆိုလိုသည်။
"အရှင့်သား ကြွလာပါပြီ။"
အစေခံများက ဆိုသည်။
ကျွန်မ ခြေထောက်ချိတ် ထိုင်နေရာမှ ခြေထောက်ကို ပြန်ချလိုက်ပြီး ခါးကိုမတ်မတ်ထားလိုက်ကာ ဖြည်းညှင်းစွာ ပွင့်လာသော တံခါးကို ကြည့်နေလိုက်သည်။ကယ်လီယန်သည် ရွှေကြိုးမျှင်များ ထိုးထားသည့် အဖြူရောင် ဝတ်စုံကို ဝတ်ထားခဲ့သဖြင့် သူ၏ တောက်ပပြီး မျက်စိကျိန်းလောက်စရာ ငွေရောင်ဆံပင်နှင့် လိုက်ဖက်ညီနေခဲ့သည်။
ကျွန်မ ထိုသို့ ဝန်ခံရမည်ကို မုန်တီးသော်လည်း ကယ်လီယန်မှာ အလွန်ခန့်ညားချောမောပါသည်။သို့သော် ...
"သေစမ်း၊ဒီလိုရုပ်ဆိုးတဲ့ မျက်နှာကို ငါ ထပ်မြင်ရပြန်ပြီ။"
သူက အလိုလိုက်ခံရပြီး ပျက်စီးနေသော ကောင်စုတ်လေးတစ်ယောက်ပင်။ကျွန်မ၏ မျက်နှာအမူအရာကို ထိန်းထားလိုက်ပြီး ကယ်လီယန်ကို ပြုံးပြလိုက်သည်။
"မတွေ့ရတာ ကြာပါပြီ အရှင့်သား။"
"အတော်ကြာပြီ၊ ဘာပဲဖြစ်ဖြစ် မင်းပြောချင်တာကို ပြောပြီး ဒီနေရာက ထွက်သွားတော့။ဒါပေမဲ့ မင်းက တရားစွဲဆိုတာကို ဖျက်သိမ်းပေးဖို့ တောင်းဆိုမယ်ဆိုရင်တော့ ငါက ငြင်းပယ်ရမှာပဲ။"
"ဘုရားသခင်"
ကျွန်မ ယပ်တောင်ကို ညင်သာစွာ ခပ်လိုက်ရင်း ပါးစပ်ကို အုပ်ထားလိုက်သည်။အကယ်၍ ကျွန်မ ထိုသို့ မလုပ်လျှင် ကျွန်မ၏နှုတ်ခမ်းများ တုန်ယင်နေသည်ကို သူတို့တွေ့သွားလိမ့်မည်။
"ကျွန်မ ဘာလုပ်ရပါ့မလဲ။ကျွန်မက ဒီကိစ္စအကြောင်း အရှင့်သားနဲ့ စကားပြောဖို့ လာခဲ့တာပါ။"
"ဒါဆို အဖြေကတော့ မရဘူးပဲ။တရားစွဲဆိုထားတာကို ငါ့ဘက်က ရုပ်သိမ်းဖို့ အစီအစဥ် မရှိဘူး။"
နင် ဒီကိစ္စကို ဒီလောက်ထိ အလေးအနက် လုပ်နေစရာ မလိုဘူးလေ။
ကျွန်မ အသက်ပြင်းပြင်း ရှူလိုက်ရင်း ကယ်လီယန် ကျွန်မအပေါ် ဘယ်လောက် မုန်းတီးနေသည်ကို ပြန်တွေးနေမိသည်။
"ကျွန်မက ဧကရီအရှင်မရဲ့စာကို အရှင့်သားဆီ ဆက်သခဲ့တာတောင်မှပဲလား။"
ကယ်လီယန်၏မျက်လုံးများ ကျဥ်းမြောင်းသွားသည်။
"ဒီစာက ဘယ်လမ်းကြောင်းကနေ ဘယ်လို ရောက်လာတာလဲဆိုတာ ငါ ရှာကြည့်ဖို့ လုပ်သေးတယ်။"
"အဲ့ဒီတော့"
"မင်း ဒါကို ဘယ်လို ရှာတွေ့တာလဲ။"
နင် အစွမ်းကုန်ကြိုးစားရင်တောင်မှ ဒါကို ရှာတွေ့မှာ မဟုတ်ဘူး။ဧကရီဟောင်းက ဒီစာကို စသလိုနောက်သလိုလုပ်ပြီး ဖွက်ထားခဲ့တာ။ငါက ဒီစာအုပ်ကို ဖတ်ထားမိလို့သာ ရှာတွေ့ခဲ့တာလေ။ငါက စာကို တစ်နေရာရာကနေ ခိုးလာတာလို့ နင်ထင်မှာပဲ။ဒါပေမဲ့ ငါ မခိုးခဲ့ဘူး။ငါက ပန်းချီကားကို လုယက်လာတာ အမှန်ပဲ။
"ကျွန်မက အရှင့်သားကို ပြောပြလိမ့်မယ်လို့ ထင်နေပါသလား။"
ကျွန်မ ပြုံးလိုက်ပြီး ယပ်တောင်ကို ဖြည်းဖြည်းချင်း ခပ်လိုက်သည်။
"အမှန်တော့ စာက နောက်ထပ်တစ်စောင် ရှိပါသေးတယ်။"
"ဘာ"
ကယ်လီယန်မှာ မတ်တပ် ထရပ်မိသွားသည်။သူက ကျွန်မကို ငုံ့မိုးကြည့်နေသော်လည်း ကျွန်မ လုံးဝ မကြောက်ပေ။ကျွန်မက မြို့စားကြီးကတော် ဖြစ်လေရာ သူ ကျွန်မအပေါ် ဘာတစ်ခုမှ အလွယ်တကူ လုပ်၍မရဟု ကျွန်မ ခန့်မှန်းထားသည်မှာ အမှန်ပင်။ကယ်လီယန်သည် ဆိုဖာပေါ်သို့ ဖြည်းဖြည်း ပြန်ထိုင်ချလိုက်ပြီး မနည်း အသက်ရှူနေရသည်။
"မင်း အဲ့ဒါကို ယူလာခဲ့လား။"
သူက ပို၍တည်ငြိမ်သော လေသံဖြင့် ပြောသည်။ကျွန်မ ခေါင်းကို ခါလိုက်၏။
"အရှင့်သားက တရားစွဲဆိုတာကို ပြန်ရုပ်သိမ်းပေးတာနဲ့ ကျွန်မ အရှင့်သားဆီ လွှဲပြောင်းပေးအပ်မှာပါ။"
ကယ်လီယန်မှာ ကြက်သေသေနေပုံဖြင့် ပါးစပ်ဟနေပြီးမှ ပါးစပ်ကို ပြန်ပိတ်လိုက်သည်။
"ငါက မင်းကို ဘယ်လို ယုံရမှာလဲ။"
"ဘာကိုလဲရှင်"
"ငါက ဘာကို ယုံပြီး မင်းအပေါ် တရားစွဲထားတာကို ရုပ်သိမ်းပေးရမှာလဲ။စာက အစစ် ဟုတ်ချင်မှ ဟုတ်မှာ။"
သူ မှန်ပါသည်။ ကျွန်မ ထိုစာကို ယူလာခဲ့လျှင် အခြေအနေက တစ်မျိုး ပြောင်းသွားလောက်သည်။သို့သော် ကျွန်မမှာ အခုချိန်ထိ ထိုစာ မရှိသေးပေ။ထိုစာကို အိမ်တော်ကြီး၏ တစ်နေရာတွင် သိမ်းဆည်းထားဆဲ ဖြစ်သည်။သူက ကျွန်မအပေါ် မယုံကြည်သည်မှာ သဘာဝကျသည်။ထို့အပြင် သူ မယုံကြည်ရသူများ စာရင်းတွင် ကျွန်မက ထိပ်ဆုံးတစ်ယောက် ဖြစ်နေသည်။
"အရှင့်သား ကျွန်မကို မယုံကြည်နိုင်ဘူးဆိုတာ ကျွန်မ သိပါတယ်။"
ကျွန်မ ရှင်းလင်းစွာ ဖြေလိုက်သည်။
"ကျွန်မ မှန်းကြည့်ရသလောက်တော့ အရှင့်သား ဒီစာကို ရှာတွေ့နိုင်မှာ မဟုတ်ပါဘူး။"
ကျွန်မက လက်ရှိတွင် အသာစီးရနေသူ ဖြစ်သည်။ထိုစာ ဘယ်နေရာတွင် ရှိနေသည်ကို သိသူက ကျွန်မတစ်ယောက်တည်းသာ ရှိသည်။
"ကျွန်မ ဒါကို သိမ်းထားပေးရုံပါ။ကောင်းပါပြီ၊ ဒါက ကျွန်မအတွက် သိမ်းထားလဲ အသုံးမဝင်ဘူး ဆိုပေမဲ့ အရှင့်သားက တရားစွဲဆိုတာကို ပြန်ရုပ်သိမ်းပေးလိုစိတ် မရှိတာတော့ ကျွန်မလဲ မတတ်နိုင်ဘူးလေ။ဆက်သိမ်းထားရဦးမှာပဲ။"
"အိုဖီလီယာ ရိုင်ဇန်!"
"ဟုတ်ကဲ့ရှင့်"
ကယ်လီယန်သည် မေးရိုးများ တင်းနေသည်အထိ အံကြိတ်ထား၏။ကျွန်မ ရယ်မောလိုက်ပြီး ယပ်တောင်ကို ခတ်လိုက်သည်။
"အပေးအယူ လုပ်မယ်။"
သူက အလွန်အမင်း ဝန်လေးနေဟန်ဖြင့် ဆိုသည်။
"ငါ တရားစွဲတာကို တားမြစ်ပိတ်ပင်ချက် ထုတ်ပြန်တာနဲ့ ပြောင်းလဲပေးမယ်။"
"တားမြစ်ပိတ်ပင်ချက် ဟုတ်ပါသလား။"
"အခြေအနေအရ တရားစွဲဆိုတာကို ငါ ရုပ်သိမ်းပြီး မင်းကို နေအိမ်အကျယ်ချုပ် တစ်လတိတိ ချမှတ်လိုက်မယ်။ဒါပဲ။"
"အိုး ..."
ကျွန်မ၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။
"ဒီတော့ အရှင့်သားက စာကို လိုချင်ပါသလား။"
ကယ်လီယန်က ခေါင်းငြိမ့်လိုက်သည်။ ကျွန်မ ပို၍ ရှက်ရွံ့လာသဖြင့် အတုအယောင် ရယ်သံတစ်ခု လုပ်လိုက်ရသည်။
"ဒါက အခြေခံအားဖြင့်တော့ လုယက်သလိုပဲ၊ဟုတ်တယ် မလား။"
"မင်း ဘာပြောတယ်။"
"မဟုတ်ပါဘူး။ကျွန်မ ဘာမှ မပြောပါဘူး။ဒီအတိုင်း ပြောလိုက်တာပါ။"
ကယ်လီယန်၏ မျက်လုံးများ ကျဥ်းမြောင်းသွားသည်။သူက ဒေါသကို ထိန်းထားလိုသဖြင့် အသက်ပြင်းပြင်း ရှူလိုက်သည်။
"အခြေအနေတစ်ခုတော့ ရှိတယ်။ငါက ဒီထက် ပိုပြီးတော့ လျှော့ပေါ့ပေးလို့ မရဘူး။"
သူက ဆက်ပြောသည်။
"ဥပဒေအရ ပြစ်ဒဏ် စီရင်တာကို မင်း မလိုချင်ဘူးဆိုရင် မင်းက ဘာလို့ ဒီတိုင်း လက်မလျှော့လိုက်ရတာလဲ။"
ဤအချက်လည်း မှန်ပေသည်။သို့သော် ကျွန်မတွင် ကိုယ်ပိုင်အကြောင်းပြချက် ရှိသည်။
"ဟုတ်ကဲ့၊ကောင်းပါပြီရှင်။"
ကျွန်မ ပခုံးတွန့်လိုက်သည်။
"အဲ့ဒီအစား ကျွန်မအပေါ် တားမြစ်ချက်ကို အရှင့်သားအနေနဲ့ လူသိရှင်ကြား မကြေညာရင်ပဲ ရပါပြီ။"
"ငါက ဘာလို့ အဲ့လိုလုပ်ပေးရမှာလဲ။"
"မင်းဆွေစိုးမျိုးတစ်ယောက် အပြစ်ပေးခံရတာကို လူတကာ သိသွားမယ်ဆိုရင် အထက်တန်းလွှာအသိုင်းအဝိုင်းမှာ ကြီးမားတဲ့ အရှက်ရခြင်း ဖြစ်နိုင်တာကြောင့်ပါ။"
"မင်းက အရှက်ရမှာကို ဘယ်အချိန်ထဲက ဂရုစိုက်နေရတာလဲ။"
ဆိုဗက်စ်စတာလည်း ထိုသို့ မေးခဲ့ဖူးသည်။
ဒီလို ကျင့်ဝတ်မရှိတဲ့ လူနှစ်ယောက်ကတော့လေ ...
"အခုအချိန်က စပြီးတော့ပါ။"
ကယ်လီယန်သည် ပါးစပ်ဟလျက်သားဖြင့် ကျွန်မကို ကြည့်လာသည်။သူက ကူကယ်ရာမဲ့နေသော အသွင်ဖြင့် ကျစ်ခနဲ စုတ်သပ်၍
"ကောင်းပြီလေ၊ ငါ နားလည်ပြီ။ငါ အဲ့ဒီလို လုပ်ပေးမယ်။"
"အရှင့်သားကို ကျေးဇူးတင်ပါတယ်"
ကျွန်မသည် အိမ်ရှေ့စံမင်းသား၏ ပြစ်ဒဏ်အပေါ် အနည်းငယ် ရမယ်ရှာရန် ဆုံးဖြတ်လိုက်သည်။
"ဒါဆိုရင် တစ်လကြာတဲ့အထိ အရှင့်သား စာကို ရဦးမှာ မဟုတ်ပါဘူး။"
"ဘာကြောင့်လဲ"
"ကျွန်မက အိမ်ပြင်ကို တစ်လတိတိ ထွက်လို့ မရပါဘူး၊အရှင့်သား မှတ်မိပါသလား။"
ကျွန်မသည် အပြုံးတစ်ပွင့်ဖြင့် ခေါင်းကို မော်ထားလိုက်သည်။ကယ်လီယန်ကတော့ ကျွန်မ၏ မျက်နှာတည့်တည့်ကို လက်သီးဖြင့် ပိတ်ထိုးချင်နေသည့် ပုံစံဖြစ်နေသဖြင့် ကျွန်မ ကျေနပ်နေရသည်။သို့သော် အခြားတစ်ဖက်တွင်မူ ကယ်လီယန်ကို သွေးဆောင်ဖြားယောင်းရန်အတွက် ကျွန်မ စိုးရိမ်ပူပန်နေမိသည်။သည်ကိစ္စကို သည်အတိုင်းထားခဲ့ပါက ကျွန်မအပေါ် ကယ်လီယန်၏ရန်ငြှိုးမှာ ပိုနက်ရှိုင်းလာနိုင်သည်။ထို့ကြောင့် ကျွန်မ ခေါင်းကို လှည့်ပြီး အိမ်ရှေ့စံမင်းသားကို ကြည့်လိုက်သည်။
ကျွန်မ ပါးစပ်ကို ဟလိုက်၏။
TK Team
++++++++