Chapter 18
Viewers 2k

>ဇာတ်လိုက်လား? ငါသူ့ကို မလိုချင်ပါဘူး > Ch 18


'ဘာလို့ ဒီလူတိုင်းကဒီလောက် ရက်ရောနေကြတာလဲ'

လူနာသည် သက်ပြင်းချလိုက်ပြီး ခေါင်းကို ပွတ်လိုက်သည်။ သူမ စိတ်မဆိုးသလို အန်းသန့်စ်ကို တားဖို့လည်း ရည်ရွယ်ချက် မရှိပေ။ ဆန့်ကျင်ဘက်အနေနှင့် သူမသည် သူ့အားအလွန်ကျေးဇူးတင်မိပေသည်။

ခဏအကြာတွင် လူနာသည် အန်းသန့်စ်၏ဇိမ်ခံရထားဖြင့် ဆိုင်ယာ၏အိမ်သို့ရောက်သွားခဲ့သည်။ အန်းသန့်စ်သည် သူမနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေခဲ့သည်။ သူကိုယ်တိုင်မောင်းမည်ဟု အခိုင်အမာပြောခဲ့သော်လည်း ရထားကို မောင်းနှင်သောသူမှာ ဟင်နရီပင်ဖြစ်ပါသည်။

"ရှင်ပဲပြောတော့ မားချက်စ်အသင်းကလွဲပြီး ဘယ်သူမှရထားကို မမောင်းနိုင်ဘူးဆို။ဒါဆို အခုဘာလို့မောင်းလို့ရနေတာလဲ" 

လူနာက မျက်ခုံးပင့်ကာ မေးလိုက်သည်။

အန်းသန့်စ်က ပေါ့ပေါ့ပါးပါး ပြန်တုံ့ပြန်လာခဲ့သည်။

"အဲ့တာမှန်တယ်လေ။အခု ကိုယ်ကအထဲမှာ ပါနေလို့ အဆင်ပြေသွားတာ။ ကိုယ်သာဒီမှာမရှိကြည့်ပါလား ပရမ်းပတာဖြစ်သွားမှာ"

လူနာလည်း မကူညီနိုင်ဘဲ မေးလိုက်သည်။

"တကယ်ကြီးလား… ရှင်လူရောဟုတ်ရဲ့လား အရမ်းမျက်နှာပြောင်တိုက်တာပဲ"

ဤကမ္ဘာပေါ်တွင် လူအမျိုးမျိုးရှိပေသည်။ အန်းသန့်စ်သည် ဖယ်ဆန်နှင့် ပြီးပြည့်စုံတာချင်း တူညီသော အဆင့်တွင် ရှိေသည်။ ဖယ်ဆန်သည် ပြောဆိုဆက်သွယ်ရန် ခက်ခဲသောဆိုပါက အန်းသန့်စ်သည် တစ်စုံတစ်ရာပြန်ငြင်းခြင်းမရှိဘဲ အရှက်မရှိပြန်တုံ့ပြန်တတ်သူဖြစ်သည်။

အန်းသန့်စ်တွင် ဆွဲဆောင်နိုင်သောအာဏာမရှိသောကြောင့် သူ၏အသွင်အပြင်ကိုသာ အားကိုးနိုင်သည်။ ကံမကောင်းစွာပဲ လှပသောအသွင်အပြင်ထက် ဆွဲဆောင်မှုရှိ‌သောအရာသည်ရှိမနေပေ။ လူနာသည် အကူအညီရယူနေသည့် အနေအထားတွင် ရှိနေသောကြောင့် များစွာ ငြင်းခုံနိုင်ခြင်း မရှိပေ။

အန်းသန့်စ်သည် လူတွေကိုကူညီပေးနိုင်သော်လည်း စိတ်မသက်မသာဖြစ်အောင် လုပ်နိုင်သည့် ထူးဆန်းသောလူတစ်ယောက်ဖြစ်သည်ဟု သူမဘာသာတွေးလိုက်သည်။ လူနာသည် ပြတင်းပေါက်အပြင်ဘက်သို့ အကြည့်လွှဲလိုက်သည်။

ထို့နောက်တွင် သူမ၏ကိုယ်ရေးကိုယ်တာအကြောင်းကို သိချင်နေသကဲ့သို့ တလျှောက်လုံးစေ့စေ့ကြည့်နေသော အန်းသန့်စ် သည် သူ့နှုတ်ခမ်းကို ဖွင့်ဟလိုက်သည်။

"ဒါဆို မင်းက လေဒီဂရန်းဒါဆီက ပိုက်ဆံချေးခဲ့တာလား။ မထင်ထားဘူး။ မင်းတို့နှစ်ယောက်က ရင်းနှီးကြတဲ့ပုံပဲ"

ဒါက သူမရှောင်လွှဲလို့မရနိုင်သည့် မေးခွန်းတစ်ခုပင်ဖြစ်သည်။ 'ဟုတ်တယ်' လို့ ပြောဖို့ကလည်း မမှန်နေသလို 'မဟုတ်ဘူး' လို့ပြောရင်လည်း ရှင်းပြဖို့က လိုလာလိမ့်မည်ဖြစ်သည်။သူမ မနေ့ညက ယောင်ဝါးဝါး ငြင်းခဲ့သည့် ထိုမေးခွန်းကို သူထပ်မေးရသော အကြောင်းရင်းမှာ ရိုးရှင်းပေသည်– အသေးစိတ် အချက်အလက်များကို သူ သိချင်နေတာဖြစ်သည်။

"သူမက ကျွန်မကိုတောင်မမေးဘဲပိုက်ဆံလာပေးခဲ့တာ"

"ဘာလို့လဲ" အန်းသန့်စ် အမှန်အတိုင်း သိချင်နေကာ ထပ်မေးလာခဲ့သည်။

လူနာသည် ခဏလောက် တုံ့ဆိုင်းသွားကာ သူမ၏ ကံမကောင်း အကြောင်းမလှသော အခြေအနေများကို သူ့အား ရှင်းပြရမလားဟုတွေးလိုက်သည်။မည်သို့ပင်ဖြစ်စေ ဆိုင်ယာ၏ အိမ်ကြီးရှေ့ကိုပင် အတူတူရောက်နေပြီးဖြစ်သောကြောင့် ဘာတစ်ခုမှဖုံးကွယ်စရာ မရှိတော့တာကို သူမ သဘောပေါက်လိုက်သည်။

"သူမက ကျွန်မ‌ကို ဒီပိုက်ဆံတွေကို ယူပြီး ဖယ်ဆန်နဲ့ ဝေးဝေးကိုထွက်သွားဆိုပြီးပြောလာတာ"

"ဘယ်လို"

"သူမက ကျွန်မကို ဖယ်ဆန့်ကိုကပ်နေတာပိုက်ဆံကြောင့်လားလို့မေးခဲ့တယ်။ ပြီးတာနဲ့ ပိုက်ဆံပို့ပြီးထွက်သွားဖို့ပြောလာတယ်လေ။အဲ့တာနဲ့ ကျွန်မလည်း ဒေါသအရမ်းထွက်ပြီးတော့ လက်စားချေဖို့ ဆုံးဖြတ်လိုက်တာ။ ဒါပေမယ့် နောက်ဆုံးကျ လက်စားချေဖို့အတွက် ပိုက်ဆံကမရှိဖြစ်နေရော"

"အော်...ဒါကြောင့် လေဒီပဲလ်က ကိုယ့်ကို ငွေကြိုရှင်းပေးဖို့ တောင်းဆိုရတာကိုး"

အန်းသန့်စ်က မေးလာခဲ့ကာ သူ၏အကြည့်များက အေးစက်သွားခဲ့သည်။

သူမကိုယ်စား သူကဒေါသကို ထုတ်ဖော်ပြနေသလိုမျိုးပင် ထူးဆန်းလှသည်။ လူနာသည် ဘယ်ရွန်စံအိမ်၏အစေခံများအပြင် ထိုသို့သောပြုမူသူအား မမြင်ဖူးခဲ့ပေ။

သူတို့က ဖယ်ဆန်ပါ၀င်သမျှ ရှုပ်ထွေးမှုများကို ဂရုဏာသက်ကြမှာမဟုတ်ပေ။ လူနာသည် ကို့ရို့ကားယားပြုံးပြီး ပြန်ဖြေလိုက်သည် ။

"အင်း...အဲ့တာ မှန်တယ်။ အဲဒါကြောင့် ကျွန်မကြိုတင်ငွေကို တောင်းဆိုခဲ့ရတာ။ ရိုးရိုးသားသားပြောရရင် ဒါကရင်နင့်စရာကောင်းတယ်မလား။ ဒီလိုအသေးအဖွဲကိစ္စလေးအတွက် ရွှေတူးဖို့ ပဲလ်နယ်မြေကို တောင်သွားခဲ့ရတယ်။ကျွန်မရဲ့စိတ်ပျက်မှုကို ဖြေဖျောက်ဖို့အတွက်နဲ့လေ။ ကျွန်မသာ ဒီတိုင်းလွှတ်ထားခဲ့လိုက်ရင်.."

"မဟုတ်ဘူး၊ အဲ့လို မဟုတ်ဘူး"

ဟုတ်ပါတယ်၊ လူနာလည်း သူဒီလိုဖြေလိမ့်မည်ဟု ထင်ခဲ့ပေသည်။

ရိုးရိုးသားသား ပြောရလျှင် သူမက သူ့အဖြေကို ကြားချင်သောကြောင့် ထိုကဲ့သို့ ရည်ရွယ်ချက်ရှိရှိ ပြောခဲ့ခြင်း ဖြစ်သည်။ ဒါပေမယ့် အန်းသန့်စ်က ဒီလိုမျိုးဒေါသကို ထုတ်ပြလာတာကို သူမတွေ့လိုက်ရတော့ စိတ်သက်သာရာရသွားသလို ခံစားလိုက်ရသည်။

"ကိုယ်သာဆိုရင် သူတို့လည်ပင်းကို အဲဒီနေရာမှာပဲ ချက်ချင်းချိုးလိုက်မိမှာ။ အာ ပြောရရင်အခုက ရှားရှားပါးပါး အခွင့်အရေးပဲ ကိုယ့်တို့ သူမကို လက်စဖျောက်လိုက်ကြမလား....ပြောရရင်ဒါကမဆိုးဘူးနော်"

အန်းသန့်စ်၏အမူအရာသည် ပို၍ အေးစက်လာခဲ့သည်။

'အယ်...မဟုတ်ဘူး မဟုတ်ဘူး၊ မလုပ်လိုက်နဲ့!'

ဖယ်ဆန်ကသာ အကြောင်းအရင်းကို ဖြစ်စေခဲ့သူဖြစ်သောကြောင့် လူနာသည် သားကောင်ဖြစ်ခဲ့သော ဆိုင်ယာအား ဘာမှမလုပ်ချင်နေပေ။ ထို့ကြောင့် သူမသည် အန်းသန့်စ် စိတ်တည်ငြိမ်စေရန် လက်ကိုဆန့်ထုတ်ကာ အမြန်ပြောလိုက်သည်။

"မဟုတ်ဘူး...ဒါက အဆင်ပြေတယ်။ ဒီနေ့တော့ ကျွန်မ သူမကိုချက်လက်မှတ်နဲ့ ပစ်ပေါက်လိုက်ပြီးတော့ ပြင်းပြင်းထန်ထန် သတိပေးလိုက်မယ်။ပြီးတော့ သူမ ကျွန်မကို ဒီလိုမျိုးနောက်တစ်ကြိမ်ထပ်မလုပ်နိုင်တော့ဘူးဆိုတာသေချာစေရမယ် ဘာလို့ဆို ကျွန်မ ကိုယ်ရံတော်ရှာတော့မှာလေ"

"ဟမ် ကိုယ်ရံတော်လား... ဘာလို့သူ့ကိုလိုအပ်မှာလဲ။ဒီတိုင်း ကိုယ်နဲ့သာနေလိုက်လေ"

"စလာပြန်ပြီ"

သူမကို ဒေါသထွက်မယ့်အစား နှစ်သိမ့်လာသောကြောင့် အန်းသန့်စ်၏စကားများက သူမအတွက် ကျေးဇူးတင်စရာ‌ေကာင်းတယ်လို့ ခံစားနေရစဉ်မှာပဲ မဟုတ်ကဟုတ်ကစကားများကို နောက်တစ်ခါထပ်ပြောလာပြန်သည်။

သူ၏ အဓိပ္ပာယ်မရှိ‌ေသာစကားကြောင့် လူနာ စိတ်ရှုပ်သွားပြီး ပြတင်းပေါက်အပြင်ဘက်ကို အကြည့်လွှဲလိုက်သည်။

အန်းသန့်စ်သည် အပြုံးတစ်ခုဖြင့် တိုးတိုးလေးရေရွတ်လိုက်သည် "အတည်ပြောတာကို..."

"အဲ့တာဆို ပိုကောင်း..."

"တော်လို့ရပြီလို့!"

ရထားအငှားဂိတ်ကို ရောက်တဲ့အထိ သူတို့ ဆက်စကားပြောနေခဲ့ကြသည်။ ဟင်နရီသည် ထိုနေရာ၌ ဆင်းခဲ့ပြီး လူနာသည် အန်းသန့်စ်မောင်းနှင်သော ရထားဖြင့် ဆိုင်ယာ၏အိမ်သို့ ဦးတည်သွားခဲ့သည်။

'အခု ငါ့မှာ ပိုက်ဆံရှိနေပြီဆိုတော့ ငါ့ဒေါသကို ပြတ်ပြတ်သားသား ထုတ်ဖော်ရမယ်"

ရထားပေါ်မှ မဆင်းလာခင်အထိ သူမစိတ်ထဲတင်းခဲ့သော်လည်း တစ်ညလုံး ငိုထားသကဲ့သို့ မျက်လုံးများ နီမြန်းနေသော ဆိုင်ယာအား မြင်လိုက်ရသောအခါမှာတော့ သူမ ဘာမှ မပြောနိုင်တော့ပေ။

"ဘာဖြစ်..."

လူနာသည် 'နင် ဘာဖြစ်ခဲ့တာလဲ' ဟုမေးချင်သော်လည်း သူမနှင့် ဆိုင်ယာကြားတွင် ဒီလို စကားမျိုး ပြောနိုင်မည်မထင်ပေ။

တစ်ခုခု ဆိုးဆိုးရွားရွားဖြစ်ခဲ့သည့်ပုံဖြင့်ဆိုင်ယာ၏မျက်နှာကိုမြင်လိုက်ရတော့ လူနာသည် အလွန်စိတ်မသက်မသာဖြစ်မိသွားသည်။

သို့သော်လည်း သူမ လှည့်ထွက်သွားရုံနှင့် မပြီးနိုင်ပေ။ လူနာသည် ပျက်စီးသွားသော ရထားနှင့် သူမ၏ဖခင်ကို ပြန်သတိရလိုက်ပြီး ဆိုင်ယာကို ပြတ်ပြတ်သားသား တုံ့ပြန်ရန်ဆုံးဖြတ်လိုက်သည်။

"ဒီမှာ ငါကတိပေးခဲ့တဲ့အတိုင်း နင်ငါ့ကိုပေးခဲ့တဲ့ ချက်လက်မှတ်ရဲ့သုံးဆကို ငါယူလာခဲ့တယ်"

လူနာသည် သူမ၏အိတ်ကပ်မှ ချက်လက်မှတ်များကို ဆိုင်ယာ၏ရင်ဘတ်ဆီသို့ ပစ်ပေါက်လိုက်သည်။

အကယ်၍ ချက်လက်မှတ်များသာအပိုင်းအစများဖြစ်နေပါက သူမသည် ဆိုင်ယာ ၏ မျက်နှာပေါ် လွှင့်ပစ်လိုက်မည်ဖြစ်သည်။

ဒါပေမယ့် သူမကို ချက်လက်မှတ်များဖြင့် အရင်ကပစ်ပြီးကတည်း လူနာသည် သူမကိုယ်သူမဖြေသိမ့်ရင်း အဆင်ပြေသလို ဟန်ဆောင်ခဲ့သည်။

"ဒါကြောင့် နောက်ဆိုဒီလိုစျေးပေါတဲ့လှည့်ကွက်တွေနဲ့ ငါ့ကို ဘယ်တော့မှထပ်လုပ်ဖို့မကြိုးစားနဲ့။ ငါ့က ဒီလိုမျိုးဆက်ဆံခံရတဲ့အထိ အရေးမပါတဲ့သူမဟုတ်ဘူး ။ ငါအရင်ကပြောခဲ့သလိုပဲ ငါ ဖယ်ဆန်ကို လုံးဝစိတ်မဝင်စားဘူး။ ဒါကြောင့် ကိုယ့်ကိုကိုယ် လှည့်စားနေတာကို ရပ်လိုက်တော့။ သူက နင့်မျက်လုံးထဲမှာ ဆွဲဆောင်မှုရှိနိုင်ပေမယ့် ငါ့အတွက်တော့ မဟုတ်ဘူး"

ဆိုင်ယာက သူမရှေ့တွင် ပြန့်ကျဲနေသော ချက်လက်မှတ်များကို ငုံ့၍ခဏမျှ စိုက်ကြည့်နေခဲ့သည်။ ထိုအချိန်တွင် ဆိုင်ယာ၏ ကိုယ်ရံတော်က သူ၏ဓားကိုဆွဲထုတ်ကာ လူနာအား ပိုးမွှားတစ်ကောင်ကဲ့သို့ ဆက်ဆံလာခဲ့သည်။

"ဘာလုပ်တာလဲ"

"မင်းကရော ဘာလုပ်နေတာလဲ။ ဒီမှာ ငါတို့ စကားပြောနေကြတာမမြင်ဘူးလား။ ပြီးတော့ လေဒီလူနာလည်း စကားပြောနေတယ်လေ မင်းလက်ကောက်ကိုမကျိုးစေချင်ရင် ခေါင်းစဉ်ပြောင်းဖို့မကြိုးစားနဲ့ ဟုတ်ပြီလား"

အန်းသန့်စ်သည် ကိုယ်ရံတော်၏ လက်ကောက်ဝတ်ကို လျင်မြန်စွာ ဆုပ်ကိုင်ပြီးပြောလိုက်သည်။အန်းသန့်စ်က လက်ကောက်ဝတ်ကိုသာ ဖမ်းကိုင်ထားသော်လည်း ကိုယ်ရံတော်သည် မလှုပ်ရှားနိုင်ဖြစ်သွားကာ အော်သံထွက်လာသည်။

ဆိုင်ယာသည် လက်ကောက်ဝတ်ကို ချုပ်ကိုင်ခံထားရသော ကိုယ်ရံတော်ကို လျစ်လျူရှုလိုက်ကာ မျက်လုံးနီရဲရဲများဖြင့် လူနာဘက်ကို လှည့်လိုက်သည်။သူမက ရောင်နေသော မျက်လုံးများကို ပွတ်သပ်ကာ မေးလာသည်။

"ငါမေးချင်တာတစ်ခုရှိတယ်"

"…ဘာလဲ"

"နင် မနေ့က ဖယ်ဆန်ကို ဘာလို့ခေါ်တာလဲ။ မဟုတ်ဘူး။ဟိုးအရင်ရဲ့ အရင်ကရော ဖယ်ဆန်ကို ဘာလို့ဆက်ခေါ်နေရတာလဲ။ နင် သူ့ကို မကြိုက်ဘူးလို့ပြောခဲ့တယ်လေ! နင် သူနဲ့တွေ့မှာမဟုတ်ဘူးလို့ပြောခဲ့တယ်လေ! ဘာလို့... ဘာလို့ ဆန့်ကျင်ဘက်တွေဆက်လုပ်နေရတာလဲ။ ငါ့ကို နှိပ်စက်ချင်နေတာလား။မလုံလောက်သေးဘူးလား။နင် အခု ရပ်လိုက်လို့ရမလား!"

ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ဘဲ လူနာသည် မကူညီနိုင်ဘဲ ပြုံးလိုက်ကာ ဆိုင်ယာအား မေးမြန်းစစ်ဆေးနေပုံရသည့် အကြည့်ဖြင့်ကြည့်လိုက်သည်။

"ငါကလား။ငါ ကောင်းကင်ကိုတောင် ကျိန်ဆိုနိုင်တယ်။ငါ ဖယ်ဆန်ကို တစ်ခါမှ မခေါ်ဖူးဘူး။ ငါက ဘာလို့ သူ့ကို ခေါ်ပြီးတော့ ငါ့ကိုငါ နားလည်မှုလွဲမှား‌တဲ့ကောလဟာလတွေထွက်အောင် လုပ်ရမှာလဲ။ ငါ ဖယ်ဆန်ကို ခေါ်ခဲ့တယ်ဆိုတာကို နင်ကိုယ်တိုင် သက်သေပြနိုင်လား"

ဆိုင်ယာက တုံ့ပြန်မှု မပြလာသောကြောင့် လူနာက ဆက်ပြောခဲ့လိုက်သည်။

"မဟုတ်ဘူး။နင် ပြောတာတွေက တစ်ခုမှမမှန်ဘူး။ငါ အဲ့လိုမျိုး တစ်ခါမှ မလုပ်ဖူးဘူး။ နင်လည်း တစ်ခါမှ မမြင်ဖူးဘူးမလား။ ငါပြောခဲ့သလိုပဲ ဖယ်ဆန်ကို ငါတကယ်မကြိုက်ဘူး။မဟုတ်ရင် သူ့ကိုမကြိုက်ဘူးဆိုတာ သက်သေပြဖို့အတွက်နဲ့ ဘာလို့ ဒီလောက် အခက်အခဲတွေ အားလုံး ဖြတ်ကျော်ပြီးတော့ ဒီပိုက်ဆံတွေသွားရှာရမှာလဲ"

ဆိုင်ယာသည် ခါတိုင်းကဲ့သို့မဟုတ်နေဘဲ အောက်နှုတ်ခမ်းကိုကိုက်ကာ တိတ်ဆိတ်နေခဲ့သည်။ သူမ မတုံ့ပြန်သေးသောကြောင့် လူနာသည် ရှားရှားပါးပါး အခွင့်အရေးဟု ခံစားလိုက်ရ၍ ထိုအခိုက်အတန့်ကို ဆုပ်ကိုင်ကာ စကားထက်ဆက်လိုက်သည်။

"ငါက သူ့ကိုခေါ်ခဲ့တယ်ထားပါတော့၊ အဲ့လိုဆိုရင်တောင် ဖယ်ဆန် ရောက်ရောက်လာတာက မထူးဆန်းဘူးလား။သူကဘာလို့ သူ့ချစ်သူ နားလည်မှုလွဲစေနိုင်တဲ့အပြုအမူကိုလုပ်ရတာလဲ။ နင် ဖယ်ဆန်နဲ့ အတူရှိနေချိန်မှာ တခြားယောက်ျားက နင့်ကို ခေါ်မယ်ဆိုရင်သွားတွေ့မှာမဟုတ်ဘူးမလား။ အဲ့တော့ သူကိုက ပုံမှန်မဟုတ်နေတာလေ"

"…"

"နင့်ဘာသာနင် ဒေါသထွက်ချင်ရင် ဖယ်ဆန်ကိုသွားထွက်နေလိုက်။ငါ့ကို နင့်ဒေါသတွေလာပုံမချနဲ့။ ဦးနှောက်လေး ဘာလေး သုံးသိလား။ ဒီရှုပ်ထွေးတဲ့ အခြေအနေတွေရဲ့ တကယ့်ပြဿနာက ဘယ်သူလဲဆိုတာလေးသိအောင်လုပ်။ သေချာတာကတော့ ငါ ဖယ်ဆန်ကို ဘာမှ မလုပ်ဖူးဘူး။ လုံးဝဘဲ။ ငါ့ကို ဘယ်တော့မှ အထင်လာမလွဲနေနဲ့။ငါက အပြစ်ကင်းတယ်။ဒီကမ္ဘာမှာယောက်ျားတစ်ယောက်ပဲရှိရင်တောင်မှ ငါ ဖယ်ဆန့်ကို ကြိုက်မယ့်အစား တစ်ယောက်တည်းပဲ ထာဝရနေလိုက်မယ်"

လူနာသည် နားလည်မှုလွဲမှားခြင်းများကို ရပ်တန့်ရန် ဒေါသကို ထုတ်ပြပြီးနောက် ရှည်လျားသော ရှင်းပြချက်တစ်ခုကို ထည့်သွင်းခဲ့သည်။ မကျေနပ်ချက်များကို ကြိုးပမ်းကာဖွင့်ထုတ်ခဲ့ကောင်းသော်လည်း ဆိုင်ယာမှာ နှုတ်ဆိတ်နေဆဲဖြစ်သည်။

သံသယ သို့မဟုတ် ဒေါသဖြစ်မည့်အစား သူမ၏အမူအရာမှာ ဒဏ်ရာရနေဟန် ကွဲကြေနေဟန်ဖြစ်နေသည်။

'ဘာ..ဘာဖြစ်သွားတာလဲ…ငါ အရမ်းကြမ်းကြမ်းတမ်းတမ်း များပြောခဲ့မိလို့လား'

ထိုကဲ့သို့ ဟုတ်သော်ရှိ မဟုတ်သော်ရှိ သူမ အနည်းငယ်ရှက်သွားမိသည်။

မမျှော်လင့်စွာပင် ဆိုင်ယာ၏ လှပသော မြစိမ်းရောင် မျက်ဝန်းများမှ မျက်ရည်များ တသွင်သွင်စီးကျလာပြီး သူမ၏ပါးပြင်ပေါ်သို့ တလိမ့်လိမ့်ကျဆင်းလာခဲ့သည်။

"ဟင့်…"

ဝမ်းနည်းမျက်ရည်အနည်းငယ်ကျလာပြီးနောက် ဆိုင်ယာသည် သူမ၏ခံစားချက်များကို မထိန်းနိုင်တော့ဟန်ဖြင့် ထိန်းမနိုင်သိမ်းမရ ငိုကြွေးလာကာ ကြမ်းပြင်ပေါ်သို့ လျှောကျလာတော့သည်။

'ငါ့ကြောင့်လား'

လူနာသည် မထင်မှတ်ထားသော အခြေအနေကြောင့် လန့်ဖျပ်သွားကာ နောက်ပြန်ဆုတ်မိသွားသည်။

'သူမ ဘာလို့ဒီလိုငိုနေရတာလဲ'

ဆိုင်ယာ၏ အစေခံမလေးများက ဘာလုပ်ရမှန်းမသိစွာ ချက်ချင်းပြေးလာကြပြီး ဆိုင်ယာ၏ ပုခုံးကိုကိုင်၍ နှိမ့်သိမ့်ပေးဖို့ကြိုးစားလာကြသည်။

"ဟ မင်းဘာလို့ ငါတို့ကပဲ မကောင်းတာလုပ်လိုက်သလို ငိုနေရတာလဲ။ဒီမှာ ငိုသင့်တဲ့သူက ဘယ်သူလဲ။ မင်းမှာ ဒီလောက်ရဲတင်းမှုရှိတယ်ဆိုရင် လေဒီလူနာကို ဘာလို့ မတောင်းပန်နိုင်ရတာလဲ"

ဆိုင်ယာ၏ငိုရှိုက်သံကြောင့် ကိုယ်ရံတော်၏လက်ကောက်ဝတ်ကို ပြင်းထန်စွာ ဆုပ်ကိုင်ထားသော အန်းသန့်စ် သည် ဒေါသထွက်သွား၍ ဆိုင်ယာကို ရွံရှာကြောင်း ဖော်ပြလာခဲ့သည်။

တုံ့ပြန်သည့်အနေဖြင့် ဆိုင်ယာသည် သူမကို ဘာကြောင့်ဒီလိုဆက်ဆံရတာလဲဟု မေးနေသလိုမျိုး အစေခံ၏ရင်ခွင်ထဲ သူမမျက်နှာကို မြှုပ်ထားလိုက်တော့သည်။

'ငါ သူမကိုဒီလိုငိုအောင်ဘာလုပ်ခဲ့လို့လဲ။ဒါက ရူးချင်စရာပဲ'

ကံမကောင်းစွာပဲ ငိုခြင်းသည် အကောင်းဆုံးလက်နက်ပင်ဖြစ်သည်။ ငိုနေသောလူကို အနိုင်ယူဖို့ နည်းလမ်းမရှိနေပေ။

ကိုယ်ချင်းစာတရားသည် ပြစ်မှုကျူးလွန်သူနှင့် ကျူးလွန်ခံရသူကြားတွင် မျက်ရည်ကျနေသူဆီသို့သာ သဘာဝအတိုင်း စီးသွားတတ်ပေသည်။

အန်းသန့်စ် မည်မျှပင် ခွန်အားကြီးပါစေ ကံဆိုးမိုးမှောင်ကျခဲ့သော ကိုယ်ရံတော်ကို အနိုင်ယူနိုင်သော်လည်း ငိုနေသည့် ဆိုင်ယာကိုတော့အနိုင်မယူနိုင်ပေ။ စကားလုံးများဖြင့် ပြောဆိုခဲ့မည်ဆိုရင်တောင် တကယ့်တိုးတက်မှုရှိလာမှာမဟုတ်ဘဲ ခဏတာမျှ သူ့ကိုစိတ်ကျေနပ်စေမှာပဲရှိသည်။

လူနာသည် သက်ပြင်းချလိုက်ပြီး မျက်တောင်ခတ်လိုက်သည်။ ထိုအခိုက်တန့်တွင် အမြဲတမ်းစူးရှမှုတို့ဖြင့် ပြည့်နှက်နေသော သူမ၏မျက်လုံးများထဲတွင် မမျှော်လင့်စွာ စိတ်ပျက်မှုများနှင့်သာ ပြည့်နှက်နေသည်။

အဆုံးတိုင်အောင် စိတ်ပျက်စရာခံစားချက်များသာရခဲ့သည်။ လက်စားချေခြင်းပြီးသွားသလိုမျိုး မခံစားရသော လက်စားချေမှုပင်။ သူမတွင် ဘာမှထပ်ပြောစရာအကြောင်းပင်မရှိတော့ပေ။ရှိရင်တောင်မှ ဆိုင်ယာသည် အလေးအနက်ထားမည်မဟုတ်ပေ။

"အခု…ကြည့်ရတာ နင်သဘောပေါက်သွားတဲ့ပုံပဲ။ဒါဆို ငါသွားတော့မယ်။နင့်ဟာနင် ကြိုက်သလောက် စစ်ဆေးမှုတွေလုပ်ချင်လုပ်။ လေဒီဆိုင်ယာရဲ့ စျေးပေါတဲ့ ကိုယ်ချင်းစာမှုကိုကျေးဇူးတင်ရမယ်။အဲ့တာကြောင့်ပဲ အခု ငါက ရွှေတွင်းကို ရှာတွေ့တဲ့ သူဌေးမတစ်ဦး ဖြစ်လာပြီလေ။ ငါဒီလောက်အသိအမှတ်ပြုနိုင်တယ်။ ဘယ်တော့မှ ပြန်မဆုံနိုင်ဖို့ မျှော်လင့်ပါတယ်"

လူနာသည် ရွဲ့စောင်းသော မှတ်ချက်တစ်ခုကို နောင်တမရှိစွာ သူမ၏ နောက်ဆုံးစကားအဖြစ် အသုံးချခဲ့ပြီး နောက်ပြန်လှည့်ထွက်သွားခဲ့သည်။

ဤနည်းဖြင့် သူမသည် ဆိုင်ယာ၊ ဖယ်ဆန်တို့နှင့် လုံးဝကင်းကွာသော ဘဝတစ်ခုကို ရရှိနိုင်မည်ဖြစ်သည်။ ဆိုင်ယာသည်လည်း ဖယ်ဆန်ထံမှ လွတ်မြောက်ပြီး သူမ၏ကိုယ်ပိုင်ဘဝဖြင့် နေထိုင်နိုင်မည်ဟု မျှော်လင့်မိသည်။

TK Team