Chapter 17
Viewers 2k

> ဇာတ်လိုက်လား? ငါသူ့ကို မလိုချင်ပါဘူး > Ch 17


ဖယ်ဆန် စံအိမ်ကြီးဆီသို့ပြန်ရောက်လာကြောင်းသတင်းကြားကြားချင်းပင် ဆိုင်ယာ သည် အဝတ်ပင်မလဲနိုင်ဘဲ မြို့စားကြီး၏စံအိမ်သို့ အမြန်သွားခဲ့သည်။

ဖယ်ဆန်သည် သူမအတွက် စာတစ်စောင်သာ ချန်ထားခဲ့၍ ရုတ်တရက် ထွက်သွားသောကြောင့် သူမ မစိုးရိမ်ဘဲ မနေနိုင်ခဲ့ပေ။ သူမသည် ဆယ်ရက်ဆက်တိုက် အပြင်မထွက်ဘဲ အခန်း၌သာနေကာ အစာလာပို့သည်ကိုစောင့်ခဲ့သည်။ဖယ်ဆန် ဘေးကင်းစွာ ပြန်လာမည်ဟု သူမ မျှော်လင့်ခဲ့သည်။ မျှော်လင့်စွာဖြင့်ပင် စောင့်မျှော်နေခဲ့သည်။

ဆိုင်ယာသည် ရင်ခုန်စိတ်လှုပ်ရှားမှုများဖြင့် မြို့စားကြီးစံအိမ်တော်သို့ရောက်ရှိလာခဲ့သော်လည်း မမျှော်လင့်ထားသောသတင်းတစ်ခုကြောင့် သူမ၏စိတ်တစ်ဖန်ပြန်လည်ထိခိုက်သွားခဲ့ရသည်။

"သူထွက်သွားတာလား။ဘယ်ကိုလဲ"

"အမ်…အဲ့ဒါ…အဲ့ဒါက"

အိမ်တော်ထိန်းသည် စကားထစ်ကာ ပြန်မဖြေနိုင်တော့။ သူဘယ်သွားမှန်း မသိသောကြောင့်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် သူဘယ်ကိုသွားတယ်ဆိုတာ ပြောဖို့ခက်သောကြောင့်ပင်။

ဗင်းဆင့်နယ်မြေမှပြန်လာပြီးနောက်လေဒီပဲလ်မှ သူ့ကိုခေါ်ခဲ့သည်မှာသေချာသည်။

'ဘာလို့လဲ'

ဘာလို့ သူမက ဖယ်ဆန်နှင့်သူမ ကြားဒီလောက် အနှောင့်အယှက်ပေးနေရတာလဲ။ ဘာမှားခဲ့လို့လဲ။

ပထမတော့ သူမသည် သတိမထားမိခဲ့ပေ။ သူတို့သည် ငယ်စဥ်ကတည်းက ခင်မင်ရင်းနှီးခဲ့ကြသော သူငယ်ချင်းများဖြစ်သောကြောင့် သူမဒီလိုတွေးခဲ့သည်။

'အိုး နားလည်ပါတယ်။ သူမက ငါ့ရည်းစားရဲ့ သူငယ်ချင်းဆိုတော့ ငါလည်း သူမကို ခင်မင်သင့်တယ်'

သူမ ဘယ်လောက်တောင်မှရူးခဲ့တာလဲ။

ဒါပေမယ့် သူမတစ်ဦးတည်းကသာထိုကဲ့သို့တွေးမြင်ခဲ့ကာ သူမပတ်ဝန်းကျင်ရှိလူတိုင်းကမူ လူနာအားသံသယများဖြင့်ကြည့်ခဲ့ကြသည်။

သူတို့က သူမကို သနားနေကြပြီး ဘာကြောင့် သူမက ဘာမှမပြောတာလဲ၊ ကောက်ကျစ်သော မြေခွေးလိုအမျိုးသမီးက သူမ နှင့် ဖယ်ဆန်ကြားခွဲဖို့ ကြိုးစားနေတာကို ဘာလို့မမြင်နိုင်ရတာလဲဟု မေးလာခဲ့ကြသည်။

ထိုအချိန်မှစ၍ သူမ မမြင်နိုင်ခဲ့သောအရာများကို မြင်လာခဲ့သည်။ သူမကိုယ်တိုင် သတိထားမိခဲ့သော အမှန်တရားကိုပင်။

ဥပမာအားဖြင့် လူနာသည် ဖယ်ဆန်၏စိတ်ထဲ စိုးရိမ်ပူပန်မှုများကို စိုက်ပျိုးထားသောကြောင့် ဖယ်ဆန်သည် ထိုမိန်းမ‌အကြောင်းအားမလိုအပ်ဘဲတစ်နေ့လုံးတွေးနေတာမျိုး၊ ဒါမှမဟုတ် သူတို့နှစ်ယောက် မဆုံနိုင်အောင် တွေ့ဖို့ခေါ်ခဲ့တာမျိုး။ ဒါမှမဟုတ် သူမ၏ မိသားစုနှင့် ဖယ်ဆန်အကြား အလွန်ရင်းနှီးသော ဆက်ဆံရေးရှိကြောင်း တမင်တကာပြသလာခဲ့သော လွန်စွာ နာကျင်စေခဲ့သည့် နောက်ဆုံးတစ်ကြိမ်ကလိုမျိုးပင်။

ဤအရာများနှင့် တခြားလုပ်ဆောင်ချက်များသည် သူမစိတ်ထဲ တဖြည်းဖြည်း ထင်ရှားလာခဲ့သည်။

ထို့အတွက်ကြောင့် သူမသည် လူနာကိုမုန်းတီးလာခဲ့သည်။ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ဖြစ်ခဲ့လျှင် သူမစိတ်မ၀င်စားသော်လည်း အကြိမ်ပေါင်းများစွာဖြစ်လာချိန်မှာတော့ ဆိုင်ယာသည် သူမအပေါ်မမုန်းတီးရန်မှာမဖြစ်နိုင်တော့ပေ။

သို့သော်လည်း ဖယ်ဆန်ရှေ့တွင်တော့ သူမသည်ထိုကဲ့သို့ မနာလိုစိတ် အသေးအမွှားလေးများကို မဖော်ပြနိုင်ခဲ့ပေ။ သူမ၏ ကျဉ်းမြောင်းသော စိတ်ထားကြောင့် သူမကို အထင်သေးသွားမည်ကို စိုးရိမ်ပေသည်။

ဖယ်ဆန်သည် တရားမျှတပြီး ဖြောင့်မတ်သူတစ်ဦးဖြစ်သောကြောင့် ဤကဲ့သို့အသေးအဖွဲပြဿနာများနှင့် သေးငယ်သော မနာလိုစိတ်များအပေါ် အမှန်ပင် ရှုတ်ချမှာဖြစ်သည်။

ဤရှုပ်ထွေးပြီး မပျော်မရွှင်ခံစားချက်ကြီးဖြင့် သူမသည် ဖယ်ဆန်ကို သုံးနာရီကြာ စောင့်ဆိုင်းခဲ့သည်။ ညစာစားချိန်ကျော်လာခဲ့သည်နှင့်အမျှ သူမ မငြိမ်မသက်ဖြစ်လာသော်လည်း နောက်ဆုံးတွင် သူမစောင့်မျှော်နေသောဖယ်ဆန်သည် အိမ်ကြီးဆီသို့ ပြန်ရောက်လာခဲ့သည်။

ဆိုင်ယာသည် ဖယ်ဆန်နှင့်လူနာတို့နှစ်ဦးကြားရှိခဲ့မည့် မတူညီသော စကားပြောဆိုမှုများနှင့် အပြုအမူများစွာကို စိတ်ကူးမိသွားပြီး သူမ၏စိတ်ခံစားချက်များက ပွက်ပွက်ဆူလာခဲ့သည်။ သူမက ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ကာ သူ့ကို စိတ်အားထက်သန်စွာ ကြိုဆိုလိုက်သည်။

"ဖယ်ဆန်! ကျွန်မ ရှင့်ကို စောင့်နေခဲ့တာ။ရှင် တစ်နေရာရာ ထိခိုက်လာခဲ့သေးလား"

"…ဆိုင်ယာ! မင်းဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ"

သို့သော် ဖယ်ဆန်သည် ဆိုင်ယာအားဆက်သွယ်ခဲ့သည်ကို မေ့သွားပုံရပြီး သူ၏တုံ့ပြန်မှုမှာ ထူးဆန်းနေသည့်မျက်နှာနှင့် ကိုးရိုးကားယားနိုင်‌ေသာအဖြေတစ်ခုသာဖြစ်သည်။ ဆိုင်ယာသည် ကြောင်အသွားကာ နှုတ်ခမ်းများဟသွားသည့်အချိန်တွင် ဘေးနား၌စောင့်ကြည့်နေသော အိမ်တော်ထိန်းက ရှင်းလင်းချက်တစ်ခုဖြင့် မြန်မြန်ကြားဝင်လာခဲ့သည်။

"သခင်လေး စောနကအိမ်ကို ခဏပြန်လာတုန်း ကျွန်တော် လေဒီဆိုင်ယာ့ကိုဆက်သွယ်ခဲ့တာပါ"

"…အာ!"

နောက်ဆုံးတော့ ဖယ်ဆန်သည် အိမ်တော်ထိန်းက ဆိုင်ယာအား ဆက်သွယ်လို့ အဆင်ပြေလားဟု မေးခဲ့သည် ပြန်သတိရသွားသည်။ ဒါက လိမ်ညာခြင်းမဟုတ်သော်လည်း သူမဒီကိုရောက်နေပြီဖြစ်သောကြောင့် သူမကို ပြန်သွားခိုင်းလို့မရပေ။

"တောင်းပန်ပါတယ် ဆိုင်ယာ။ကိုယ့်မှာ ကိစ္စတစ်ခုအရေးတကြီး ပေါ်လာလို့ ဘယ်ရွန်စံအိမ်ကို ခဏသွားခဲ့လိုက်တာ"

"…"

ဆိုတော့ သူသည် ဘယ်ရွန်စံအိမ်သို့ သွားရောက်ခဲ့သည်မှာအမှန်ပင်ဖြစ်သည်။ သူမအစထဲစ လူနာပဲလ်ပြောသမျှကိုမယုံခဲ့မိတာအမှန်ဖြစ်သွားသည်။ ထိုမိန်းမပျိုပြောသမျှက အလိမ်အညာတွေချည်းပေ။

ဆိုင်ယာသည် စိတ်တည်ငြိမ်မှုပြန်ရဖို့ မနဲကြိုးစားလိုက်ရင်း နက်နဲသော ခံစားချက်များကို ဖုံးကွယ်လိုက်ကာ ပြန်ပြောလိုက်သည်။

"…သိပါပြီ။ဒါဆို အခုအားလုံးအဆင်ပြေသွားပြီလား"

"မပြေဘူး။ပိုတောင်ဆိုးလာသေးတယ်။ ဒါက တကယ်ဆိုးရွားတဲ့ ပြဿနာပဲ"

ဆိုင်ယာသည် အသေးစိတ်အချက်အလက်များကို မမေးခဲ့သော်လည်း ဖယ်ဆန်သည် သူရင်ဆိုင်ခဲ့ရသမျှ ဒုက္ခများကို လျင်မြန်စွာ ဒေါသတကြီး ပြန်ပြောပြလာခဲ့သည်။

"အန်းသန့်စ်! အဲ့မျိုးမစစ်ကောင်က ရိုးသားတဲ့ လူနာကို လုံးဝဖြားယောင်းထားတဲ့ပုံပဲ။ ရွှေတွင်းအကြောင်းတွေရော အကုန် အကုန်လူနာ့ကို လှည့်စားပြီးသိမ်းသွင်းထားတာ! သူ့အပြောအဆိုက ရိုင်းစိုင်းကြမ်းတမ်းပြီးတော့ တစ်ယောက်ယောက်ကို အတုယူထားသလို မျိုး…"

ဆိုင်ယာ : "…"

"ဒီကောင်က ဘယ်လောက်တောင်လှည့်စာလိုက်တဲ့ကောင်လဲဆိုတာ ကိုယ်တောင်မသိနိုင်ဘူး။ပြီးတော့ သူမက...သူမက အဲ့ကောင်နဲ့ ညတွေကိုအတူတူကုန်ဆုံးခဲ့ပြီးပြီ...! အား တကယ်ပဲဘာလုပ်ရမှန်း မသိတော့ဘူး"

မကောင်းဆိုးဝါးလိုလူသည် လူနာ၏ အပြစ်ကင်းစင်မှုကို ယူဆောင်သွားခဲ့သည်ဟု ဖယ်ဆန်က ဒေါသတကြီး ပြောလာခဲ့သည်။ ဖယ်ဆန်ပြောသမျှစကားတိုင်းသည် မှန်ကန်သည်ဆိုပေမယ့် ဒီတစ်ကြိမ်မှာတော့ တစ်ခုခုတော့လွဲနေပြီလို့ ဆိုင်ယာမတွေးဘဲမနေနိုင်ခဲ့ပေ။

'သူကဘာလို့ ဒီအကြောင်းကိုဒေါသထွက်နေရတာလဲ...'

ဖယ်ဆန်သည် လူနာကို ငယ်သူငယ်ချင်းအဖြစ် သဘောကျကြောင်း ဆိုင်ယာသိသော်လည်း သူမ၏ အပြစ်ကင်းစင်မှု ဆုံးရှုံးခြင်းကြောင့် သူက အရမ်းမခံချိမခံသာဒေါသထွက်နေပုံရသည်မှာ ထူးဆန်းလှပေသည်။

'အခုစဉ်းစားကြည့်မှ သူက သူကိုယ်တိုင်ကလွဲပြီးတော့ လူနာပဲလ်အကြောင်း တခြားတစ်ယောက်က ပြောတာကိုမကြိုက်ဘူးပဲ'

သူမသည် အရင်အကြောင်းအရာများကို ပြန်အမှတ်ရမိသွားသည်။ဆိုင်ယာသည် လူနာအကြောင်း သိချင်မိသည့်အချိန်တိုင်း သို့မဟုတ် လူနာအကြောင်း နောက်ပြောင်ပြောသည့်အခါတိုင်း ဖယ်ဆန်သည် သူမအား တင်းမာသောမျက်လုံးများဖြင့် ကြည့်ခဲ့တတ်သည်။

ထို့အကြောင်းများကြောင့် ဆိုင်ယာသည် ချက်ချင်းပင် မငြိမ်မသက်ဖြစ်မိသွားသည်။ သူမသည် စိုးရိမ်စိတ်ဖြင့် တုန်ရီနေသော လက်များကို နောက်ကျောတွင် ဝှက်ထားပြီး မေးလိုက်သည်။

"လေ..လေဒီပဲလ်က လူတော်ပါ.. ဒါကြောင့်မို့ သူက သခင်လေးဗင်းဆင့်ဆီက လှည့်ဖျားခံရတာတော့မဖြစ်နိုင်ဘူးမလား။ ရှင့်ရဲ့ရာထူးနေရာ မစိန်ခေါ်တော့အောင်လို့သူ့ကို စည်းရုံးလို့ရလောက်တယ်မလား။ မားကွစ်ဗင်းဆင့်မြို့စားကြီးမှာ ကြွယ်ဝချမ်းသာမှုရှိတယ်...ဒါကြောင့် ဘယ်ရွန်မိသားအတွက် ကောင်းမွန်တဲ့ ပေါင်းစပ်မှုတစ်ခုဖြစ်လာနိုင်တာပဲလေ..."

"မဟုတ်ဘူး! လုံးဝမဟုတ်ဘူး"

ဆိုင်ယာသည် ယုံကြည်စိတ်ချရသော အဆိုပြုချက်ကိုပြောခဲ့သော်လည်း ဖယ်ဆန်က ပြတ်ပြတ်သားသား ငြင်းဆိုလာခဲ့သည်။ 

သူမ၏ စိုးရိမ်စိတ်များက တဖြေးဖြေး နက်ရှိုင်းလာခဲ့သည်။

"အာ… ဒါဆိုရင် ရှင်က သူ့ကို သင့်တော်တဲ့ မြို့စားငယ်တွေနဲ့ မိတ်ဆက်ပေးချင်လို့လား။ သခင်လေးဗင်းဆင့်ကို မေ့သွားလောက်တဲ့ အံ့သြစရာကောင်းတဲ့သူတစ်ယောက်ကိုလေ"

"ဒါလည်း အလုပ်မဖြစ်ဘူး။ဒီအင်ပါယာထဲမှာ လူနာနဲ့လိုက်ဖက်မယ့်လူ ဘယ်သူမှမရှိဘူး။ သူမက တစ်ယောက်တည်းရှိနေသင့်တယ်။ လူနာက တစ်ယောက်တည်းနေတာ အကောင်းဆုံးပဲ"

ဆိုင်ယာ"…"

ထိုသည်ကိုကြားရသောကြောင့် ဆိုင်ယာသည် တခြားဘာမှ ထပ်မပြောနိုင်တော့ပေ။ လူတစ်ယောက်နဲ့မှ မကျေနပ်နိုင်ဘဲ ပြတ်ပြတ်သားသား ငြင်းဆန်သော ဒီလိုသဘောထားကို သူမကဘယ်လိုလုပ် တုံ့ပြန်နိုင်မှာလဲ။

ဒါကသာမာန်တုံ့ပြန်မှုမဟုတ်နေပေ။ ဖယ်ဆန်သည် လူနာအား သူ့ညီမလေးကဲ့သို့ သတ်မှတ်ထားသည်ဆိုရင်တောင်မှထူးဆန်းနေသေးသည်။

ဆိုင်ယာသည် အတွေးများပျောက်ဆုံးနေကာ သွားနေရင်း လမ်းတွင်ရပ်သွားသော်လည်း ဖယ်ဆန်သည် သူ့ဒေါသကို ဆက်လက်ဖော်ပြနေခဲ့ပြီး အခန်းဆီသို့သွားရန် လှေကားထစ်ကိုတက်ခဲ့သည်။ သူ့နောက်မှ မလိုက်သွားခဲ့သောဆိုင်ယာသည် သူ့စကားများကိုအာရုံစိုက်မနေခဲ့ပေ။သူ‌မ၏အာရုံများသည် လူနာအပေါ်ရောက်နေခဲ့သည်။

ဆိုင်ယာသည် နာကျင်သောခံစားချက်များဖြင့် သူ့နောက်ကျောကိုကြည့်လိုက်ရင်း နှုတ်ခမ်းကိုကိုက်လိုက်ကာ နောက်ဆုံးတွင်ဦးတည်ရာကိုပြောင်းလိုက်ပြီး ဖယ်ဆန်နှင့်ဝေးရာသို့ထွက်သွားခဲ့သည်။

သူမမျက်လုံးများက ပူလောင်နေပြီး နှာဖျားထိပ်သည်စူးရှ‌ရှခံစားနေရသည်။သူမ သိဖို့မလိုသောအရာတစ်ခုအား သိလိုက်ရခြင်းအတွက် စိတ်ဆင်းရဲကာ ဝမ်းနည်းနေမိသည်။ အကြောင်းအချို့ကြောင့် သူမသည် ယနေ့တွင်တော့ ဖယ်ဆန်နှင့် အတူမနေချင်တော့ပေ။

* * *

နောက်တစ်နေ့နံနက် ဆိုင်ယာ၏စံအိမ်သို့ နံနက်စောစောသွားရန်ကြံနေသောလုနာသည် ဆင်းရဲမှုကြောင့် ဖြစ်သော မမျှော်လင့်ထားသည့် ပြဿနာတစ်ခုကြောင့် အနှောင့်အယှက်ဖြစ်ခဲ့ရသည်။

"အိုး...သခင်‌မလေး ဘယ်ရွန်မြို့စားက သခင်လေးဖယ်ဆန် နဲ့ အတူ စီးလာခဲ့ပြီးတော့ ရထားတွဲကိုမြို့စားကြီးစံအိမ်မှာ ကျန်ခဲ့တဲ့ပုံပဲ"

ဒါတွေအားလုံးက ဖယ်ဆန်အလျင်စလိုရောက်လာတာကြောင့်ပဲ။သူက သူမကိုနည်းအမျိုးမျိုးဖြင့် စိတ်အနှောင့်အယှက်ဖြစ်စေပေသည်။

အပြင်သို့ သွားလာဖို့ရာမည်သည့်သယ်ယူပို့ဆောင်ရေးမှမရှိနေပေ။ လူနာသည် ထီးကိုလှည့်ပတ်နေချိန်တွင် ဟင်နီရီသည် ကုတ်အင်္ကျီဝတ်ကာ အိမ်ကြီးထဲမှ ထွက်လာခဲ့သည်။

"ကျွန်တော် ရထားငှားလိုက်မယ်"

လမ်းလျှောက်ပြီးတော့လား... ဟင်နရီသည် ကိုယ်လုံးကိုယ်ပေါက် ကောင်းမွန်သောကြောင့် ပြေးလွှားနိုင်ပေသည်။ သို့သော်လည်း ဘယ်ရွန်စံအိမ်သည် မြို့လယ်ခေါင်မှ အလွန်ကွာဝေးသောကြောင့် သူပြေးသွားလျှင်ပင် အနည်းဆုံး နှစ်နာရီမျှကြာမည်ဖြစ်သည်။

ဟင်နရီကို မလိုအပ်ဘဲ ဒုက္ခမပေးချင်ပေ။

'ငါ ရထားတစ်စင်း အရင်ဝယ်ခဲ့သင့်တယ်'

ဘာလို့ သူမဂါဝန်အရင်ဝယ်ခဲ့ရတာလဲ။ ဆိုင်ယာ၏မျက်နှာကို ချက်လက်မှတ်ဖြင့်ပစ်ပေါက်ခြင်းက ဘာများအရေးကြီးနေလို့လဲ။

သူမသည် သူမကြောင့်ရထားပျက်စီးသွားရရ၍ မြို့စားဘွဲ့နှင့်ပင်မလိုက်ဖက်သော ရထားအိုကို သုံးနေရသော သူမအဖေအားစဉ်းစားသင့်ပေသည်။

အခုမှနောင်တရသည်က အရမ်းနောက်ကျနေပြီဖြစ်သည်။ ဘယ်ရွန်မြို့စားအတွက်သာမက သူမအတွက် ရထားတစ်စင်း မရှိပေ။

ထို့ကြောင့် သူမသည် ထိုနေရာသို့ လျှောက်သွားသင့်သည်လားဟု တွေးကာ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည့်အချိန်မှာပင်…

"မင်္ဂလာနံနက်ခင်းပါ"

မသာယာသော နံနက်ခင်းကိုပင် တောက်ပစေနိုင်သော အပြုံးများဖြင့် အန်းသန့်စ်ကပေါ်လာခဲ့သည်။

သူက မနက်စောစောအိပ်ယာထပြီးပြီးချင်းတောင်မှ ဘာလို့အရမ်းချောနေရတာလဲ။

အမ်မာသည် သဘောကျစွာ သက်ပြင်းချလိုက်မိသည်။

"အာ ဘာဖြစ်နေတာလဲ"

"အိုး၊ မစ္စမှာစီးဖို့ လှည်းရထားမရှိလို့ပါ"

"လှည်းရထားလား"

"ဟုတ်ပါတယ်…တကယ်တော့…"

လော်ရာသည် အခွင့်အရေးကို ဆုပ်ကိုင်ကာ အိမ်ကြီး၏ အခြေအနေများကို စတင်ရှင်းပြလိုက်သည်။ အမ်မာသည်လည်း ခေါင်းညိတ်ကာထောက်ခံလာခဲ့သည်။ ဟင်နရီ၏ မျက်လုံးများသည်လည်း စူးစမ်းလိုစိတ်များဖြင့် တောက်ပြောင်နေခဲ့သည်။

အန်းသန့်စ်သည် စံအိမ်ရှိလူတိုင်းအပေါ် ဆွဲဆောင်နိုင်ခဲ့သည်။ ထိုအရာများမှာ မနေ့ညက အန်းသန့်စ်သည် လူနာအားသူ့ရည်းစားဖြစ်ရန် တောင်းဆိုသည့်စကားကြောင့် အန်းသန့်စ်သည် စံအိမ်ရှိလူများထံမှ သဘောကျမှုကိုရရှိခဲ့တာဖြစ်နိုင်ပေသည်။

လော်ရာ၏ရှင်းပြချက်များကို ဖြည်းညှင်းစွာနားထောင်ရင်း အန်းသန့်စ်သည် ကိစ္စမရှိသည့်နှယ်ဖြင့် ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

"မင်း ကိုယ့်ရထားကိုသုံးလို့ရတယ်"

ထမင်းမရှိပါက ပေါင်မုန့်စားပါ။ ပေါင်မုန့်မရှိပါက ကွတ်ကီးစားပါ။ မင်းမှာ ကွတ်ကီးမရှိရင် ကိုယ်ပေးမယ်!

ဒါက ဘယ်လိုဒရာမာမျိုးလဲ!

ထိုကဲ့သို့သောလေသံဖြင့်ပြောလာခဲ့သော အန်းသန့်စ်ကြောင့် အမ်မာသည် သူမ၏လက်များကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်မိသွားပြီး ပီတိများဖြစ်မိသွားသည်။ သူမ အရမ်းမတုန်မလှုပ်ဟန်ဆောင်ချင်ပေမယ့် လူနာသည် အန်းသန့်စ်အား ကူညီပေးသည့်အတွက် ကျေးဇူးတင်ကြောင်း စိတ်ရင်းဖြင့် ဖော်ပြလာခဲ့သည်။

"ဒီလိုလုပ်ပေးတာ ကျေးဇူးတင်ပါတယ်။ဒါပေမယ့်...တကယ်အဆင်ပြေလို့လား"

"သေချာတာပေါ့။ လေဒီလူနာရဲ့ မျက်နှာသာရဖို့ ဒီအခွင့်အရေးရတဲ့အတွက် ကိုယ်ကတောင်ဝမ်းသာရအုံးမယ်"

အန်းသန့်စ်သည် မနေ့ညကကဲ့သို့ သူ၏ အမျိုးသမီးများကိုခြွေချနိုင်သော ဆွဲဆောင်မှုကို အသုံးပြု၍ စကားပြောလာခဲ့သည်။

"အပြန်အလှန်အားဖြင့် ကိုယ်က ရထားကို မောင်းပေးမယ်။ လှည်းကကြီးတယ်။မင်းမောင်းနိုင်မှာမဟုတ်ဘူး။ ပြီးတော့ မားချက်စ်ကလူတွေက ကိုယ့်အမိန့်ကလွဲပြီး အခြားသူအမိန့်ကိုမနာခံတတ်ကြဘူး။ အခုကလည်း မနက်အစောကြီးပဲရှိသေးတော့ ကိုယ် ရထားထိန်း မနှိုးလိုက်နိုင်ဘူး..."

"…အယ် ဘယ်လို"

...သူက အခုရထားမောင်းဖို့ ဆင်ခြေပေးနေတာလား။ဒါက ကိုယ်ရေးကိုယ်တာအတွက် မဟုတ်ဘူးဆိုတာသေချာရဲ့လား။ လူနာသည် သူ၏အဓိပ္ပါယ်မဲ့သော ဆင်ခြေကို တုံ့ပြန်တော့မည်ဖြစ်ချိန်တွင် အခြားလူများများ ဝမ်းသာအားရပြောလာခဲ့ကြသည်။

"အို...ဘုရား‌ရေ။သခင်လေးက ဘာလို့ဒီလောက်တောင် ကိုယ့်ကိုကိုယ်ဒုက္ခအရောက်ခံပြီး ကြင်နာတတ်ရတာလဲ"

"သခင်မလေး ဒါက သတင်းကောင်းပဲ!"

"...ကျေးဇူးအများကြီးတင်ပါတယ် သခင်လေး။ ဒါဆိုရင် ကျွန်တော်‌လည်း ရထားအငှားဘူတာအထိလိုက်ခဲ့လို့ရမလား။ ဘယ်ရွန်မြို့စားအတွက် လည်း ရထားတစ်စီးကို ငှားဖို့ လိုနေလို့"

"ကောင်းပါပြီ"

အန်းသန့်စ်သည် အိမ်ကြီးရှိလူတိုင်း၏ ဧည့်ဝတ်ကျေပွန်မှုကို ခံယူရင်း သူ၏ အပြင်ထွက်ဝတ်စုံကို ဝတ်ဆင်ကာ ပြန်လာမည်ဟု ကတိပြု၍ ဧည့်ခန်းဆီမှ အပြင်သို့လှမ်းထွက်သွားခဲ့သည်။ ကျဉ်းမြောင်းသောအိမ်ကြီးထဲရှိ အစေခံသုံးယောက်သည် ပီတိဖြစ်စွာဖြင့်လက်ခုပ်တီးကြကာ သူ၏ခြေလှမ်းများကို ကောင်းချီးပေးကြလေသည်။

TK Team