👾Chapter 97
(ဗိုလ်ချုပ် ကျွန်တော့်ကို မေ့သွားတာလား)
ထိုနေ့၌ ကိစ္စများစွာ ဖြစ်ပျက်သွားခဲ့၏။ ဉပမာအားဖြင့် ဝမ်ထျန်းယောင်သည် အရပ်သားနယ်မြေမှ လူများ၏ အခက်အခဲကို တွေ့ကြုံခဲ့ပြီးနောက် အဓိကနယ်မြေသို့ မိန့်ခွန်းပြောရန် ပြန်လာခဲ့သည်။ သို့မဟုတ် ကြူ ဒေသတွင် သတ္တဝါအသစ်များကို တိရစ္ဆာန်ရုံသို့ ပို့လွှတ်ခဲ့ကြသည်။ စိတ်ဝင်စားသူများကို လာရောက်ရန် ဖိတ်ကြားခဲ့သည်။ အစရှိသည်ဖြင့် …
အခြား ဉပမာတစ်ခုမှာ သိပ္ပံပညာရပ် ခေါင်းဆောင် ရှုကျစ်ဟန်သည် သူ၏ ကျောင်းသားများကို တော်ဝင်စစ်တက္ကသိုလ်၌ ပို့ချပေးခဲ့သည်။
လင်းဟန် အသက်အောင့်လိုက်မိ၏။
သူက ထိုပို့ချချက်ကို နားထောင်ခဲ့ဖူးသည်။
သူသည် ကျောင်းသားဖြစ်ခဲ့စဉ်က ရှုကျစ်ဟန်၏ ပို့ချချက်များကို နားထောင်ခဲ့ဖူး၏။ သူ အလုပ်ခွင်သို့ ဝင်ရောက်သည့်အခါတွင်လည်း စစ်တက္ကသိုလ်အနီး၌ နေထိုင်ခဲ့သည်။ ထိုစဉ်က သူသည် ဌာနသို့ ဝင်ရောက်ခါစသာ ရှိသေး၏။ သူက နေ့စဉ် အလုပ်များနေပြီး နေ့ထူးနေ့မြတ် အားလပ်ရက်များတွင်သာ အားလပ်ချိန်ရလေ့ရှိသည်။ ထို့ကြောင့် သူက မတုံ့ဆိုင်းပဲ ပုံမှန်အတိုင်း ရှုကျစ်ဟန်၏ ဟောပြောပွဲထံသို့ သွားရောက်ခဲ့မည်သာ။
ထိုစဉ်က လက်ထောက်ပရော်ဖက်ဆာ တစ်ဦးသည် ရှုကျစ်ဟန်အား စီစဉ်စရာရှိသည်များကို ကူညီစီစဉ်ပေးခဲ့သည်။ ထိုစဉ်က မှတ်တမ်းထဲတွင် ရှုကျစ်ဟန် အနှစ်သက်ဆုံး ကျောင်းသား အမည်ပင် ပါဝင်ခဲ့သည်။
ထိုသူ၏ အမည်မှာ ရှီးယွမ်ဖြစ်၏။
လင်းဟန်၏ အကြည့်က ထိုကာလအတွင်း ဖြစ်ပျက်ခဲ့သည့် ဖြစ်စဉ်များပေါ်သို့ ကျရောက်နေခဲ့သည်။ ဟယ့်ယွင်ထင်၏ မှတ်ဉာဏ်ပျောက်ဆုံးမှုသည် ရှုကျစ်ဟန်နှင့် ဆက်စပ်နေခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ရှီးယွမ်သည် ထိုစဉ်ကတည်းက အခြားအတွေးများ ရှိနေခဲ့ကြောင်း သူ အလိုလိုခံစားမိလိုက်၏။ ထိုနေ့က သူသည် အာဟာရဓာတ်စာယူရန် မေ့ခဲ့သည်။ သို့သော် သူက စာသင်ခန်းထဲမှ ချက်ချင်း ထွက်မသွားလိုခဲ့ချေ။ သူသည် ထောင့်တစ်ထောင့်ကို မှီရင်း မတော်တဆ အိပ်ပျော်သွားခဲ့၏။
သူနိုးလာချိန်၌ ပို့ချမှု ပြီးဆုံးသွားပြီဖြစ်၏။ ထိုနေရာ၌ ကျောင်းသားအချို့သည် စကားတပြောပြောနှင့် ရှိနေခဲ့ကြသည်။ သူက ပို့ချခြင်းတစ်ဝက်တွင် အိပ်ပျော်သွားခဲ့သည့်အတွက် အနည်းငယ် ရှက်သွားခဲ့၏။ သို့သော် များများစားစား မတွေးပဲ တက္ကသိုလ်မှ အိမ်သို့ ပြန်လာခဲ့သည်။ ထို့နောက် သူ့ဘဝသည်လည်း ပုံမှန်အတိုင်း ဆက်သွားနေခဲ့၏။
လင်းဟန်၏ နှလုံးသားသည် ရုတ်တရက် လျင်မြန်စွာ ခုန်ပေါက်လာခဲ့သည်။
ဟယ့်ယွင်ထင်၏ ကျောင်းသားစာရင်းသည် မပိတ်ရသေးချေ။ လင်းဟန်က ထိုလူအမည်းငယ်ကို ကြည့်လိုက်၏။ ထိုအထဲတွင် ဟယ့်ယွင်ထင်သည် လုအန်းဟယ်၏ တင်ပြချက်ကိုလည်း ထည့်သွင်းရေးသားထားလေ့ရှိသည်။ သို့သော် ထိုနေ့၌ လုအန်းဟယ်၏ တင်ပြချက် မပါရှိခဲ့ချေ။
အခြားစကားဖြင့် ဆိုရပါက သူတို့နှစ်ဦးသည် ထိုနေ့၌ ဌာနမှအတူတူ ထွက်ခွာခဲ့ခြင်း ဖြစ်ပုံရ၏။
လင်းဟန်က နှုတ်ခမ်းကိုကိုက်လိုက်သည်။ သူ့စိတ်ထဲတွင် အတွေးတစ်ခုထွက်ပေါ်လာ၏။
အဲဒီ့အချိန်တုန်းက ဟယ့်ယွင်ထင်လည်း ဟောပြောပွဲမှာ ရှိနေခဲ့တာလား …
လုအန်းဟယ်က တစ်ခုခုကို သိနေပေမယ့် အကြောင်းရင်းတချို့ကြောင့် ဟယ့်ယွင်ထင်ကို မပြောနိုင်တာလား …
လင်းဟန်၏ ရင်အစုံက လှုပ်ခတ်လာခဲ့သည်။
ဟယ့်ယွင်ထင်ရဲ့ မှတ်ဉာဏ်က သူနဲ့ဆက်စပ်နေတာများလား …
….
နောက်ထပ်နှစ်ရက်အကြာ၌ အဖွဲ့တစ်ခုလုံး ပြန်ရောက်လာခဲ့ကြသည်။
ပဋိဇီဝဆေးများ ကျဲချခဲ့သည့် နေရာများသည် ဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာကြ၏။ လူအမြောက်အများက ပုံမှန်အတိုင်း ပြန်မဖြစ်လာသေးသော်လည်း လူသားများအပေါ် ရန်လိုခြင်း မရှိကြတော့ချေ။
နေထိုင်သူများက သူတို့အား ဂြိုဟ်သားများဟု မခေါ်တော့ပဲ သာမန်လူနာများအဖြစ် ဆက်ဆံနေပြီဖြစ်၏။ မည်သို့ပင်ဖြစ်စေ၊ သတိကိုမူ မလျှော့ချကြချေ။ မြို့သုံးမြို့အား ပြန်လည်ထူထောင်ခြင်းကိုမူ ယာယီဆိုင်းငံ့ထားဆဲဖြစ်၏။ ဗွီပရိုတွန်က ကူးစက်ခံရသူများအားလုံး ပြန်လည်ကောင်းမွန်လာမှသာ ပြန်လည်ထူထောင်ခြင်းကို စတင်မည်ဟု ဆုံးဖြတ်ခဲ့ကြသည်။ လက်ရှိအချိန်၌ တည်ငြိမ်သော အနေအထားကိုသာ ဦးစားပေးရပေလိမ့်မည်။
ရှုကျစ်ဟန်က နှစ်ရက်အတွင်း မျက်လုံးများကို တစ်ချက်ပင် မမှိတ်ခဲ့ချေ။ သူက ထွက်ခွာရချိန်၌ပင် ကိစ္စများ တစ်စုံတစ်ခု ချွတ်ချော်သွားမည်ကို စိုးရိမ်နေခဲ့သည်။ သူက ဗွီပရိုတွန်ရှိ ကျွမ်းကျင်သူများအား အချက်တစ်ခုကိုပင် လစ်လပ်ခြင်း မရှိစေရန် အထပ်ထပ် အခါခါ မှာကြားခဲ့၏။
မည်သူကမှ မည်သည့်အချိန်က အခွင့်အလမ်း ထွက်ပေါ်လာခဲ့သည်ကို မသိကြချေ။ သူတို့က ဟယ့်ယွင်ထင်သာ မြို့တစ်မြို့လုံးကို သတ်ဖြတ်ရန် အမိန့်မပေးခဲ့လျှင်၊ ရှုကျစ်ဟန် မလိုက်နာခဲ့လျှင်၊ ဆယ်ကျော်သက်လေး ထွက်ပေါ်မလာခဲ့လျှင် ဗွီပရိုတွန်သည် မြို့တော်တစ်ခုထဲ ကျန်ရှိတော့မည်ဖြစ်ကြောင်းကိုသာ သိကြ၏။
ထို့ကြောင့် မည်သူကမှ အထွန့်တက်ခြင်းမရှိပဲ လက်ရှိငြိမ်းချမ်းရေးကိုသာ သိမ်းဆည်းလိုခဲ့သည်။ သို့သော် ဆက်သွယ်ရေးစနစ်များ ဖွင့်လှစ်လိုက်သည့်အခါ သတင်းများက လျင်မြန်စွာ ပျံ့နှံ့သွားပြီး ထိုကိစ္စသည်လည်း အင်ပါယာသို့တိုင် ရောက်ရှိသွား၏။ ထိုအခါ သူတို့နှင့်အတွေးမတူသူ များစွာ ရှိလာခဲ့သည်။ လင်းဟန်ထင်သည့်အတိုင်းပင် နှစ်ရက်အတွင်း အဓိက မီဒီယာက ထိုဖြစ်ရပ်နှင့်ပတ်သတ်၍ တားမြစ်ထားသည့်တိုင် အမျိုးမျိုးသော ကောလဟာလများ ပျံ့နှံ့လာခဲ့၏။
ဌာနရှိ လုပ်ဖော်ကိုင်ဖက်များဖြစ်စေ၊ အင်တာနက်ပေါ်တွင် ဖြစ်စေ၊ ဗွီပရိုတွန် ကယ်ဆယ်ရေးနှင့် ပတ်သတ်၍ အမျိုးမျိုး မှတ်ချက်ပေးနေကြ၏။
ဗွီပရိုတွန်ရှိ လူများနှင့်မတူပဲ အင်ပါယာရှိ လူများသည် လိင်သုံးမျိုး ကွဲပြားနေသည့်အလျောက် မတူညီသည့် တွေးခေါ်ပုံများ ရှိကြ၏။ အချို့က သဘောတူကြသည်။ အချို့က ဟယ့်ယွင်ထင်၏ လှုပ်ရှားမှုသည် အမှားအယွင်းမဟုတ်ဟု ထင်ကြ၏။ အချို့က သူသည် အလွန်ရက်စက်သည်ဟု တွေးကြသည်။ အချို့က လိင်ပြဿနာကို ဖော်ထုတ်လာခဲ့ပြီး ဧကရာဇ်သည် ထိုမျှရက်စက်သော အယ်လ်ဖာတစ်ဦးကို မြင့်မားသောနေရာ၌ မထားသင့်ကြောင်း ထောက်ပြလာကြသည်။ သဘာဝကျစွာဖြင့် ထိုသို့သော အချက်အလက်များသည် ဌာနအတွင်းသို့ စီးဆင်းသွားကြ၏။
အဖွဲ့က ထိုသို့သော ကိစ္စမျိုးကို ကြုံတွေ့ရသည်မှာ ပထမဆုံးအကြိမ် မဟုတ်ချေ။ သူတို့အားလုံးက လုအန်းဟယ် ပြောစရာပင် မလိုပဲ ပါးစပ်ပိတ်လျှက်ရှိကြ၏။ သို့သော် ဟယ့်ယွင်ထင်၏ မျက်ခုံးများနှင့် မျက်နှာထားသည် ယခင်ထက်ပို၍ အေးစက်နေကြောင်း သူတို့အားလုံး ခံစားမိခဲ့ကြသည်။
သူတို့ထွက်ခွာလာချိန်၌ ချန်းလင်နှင့် ဗွီပရိုတွန်ရှိ လူတစ်စုသည် လိုက်ပါပို့ဆောင်လိုကြောင်း ပြောခဲ့ကြ၏။ လုအန်းဟယ်သည် သူတို့နှင့် ပြိုင်မငြင်းနိုင်ကြောင်း သိနေသဖြင့် ထိုသူတို့နှင့်အတူ သွားခဲ့လေသည်။ သို့သော် အင်ပါယာသို့ ပြန်ရောက်ရောက်ချင်း ဆောက်ဖြင့်ထွင်းခံရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။
မက်ခါများသည် ကျေးဇူးတင်မှု၊ ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်နေသည့် အကြည့်များအောက်၌ အမိမြေသို့ တစ်စီးပြီးတစ်စီး ပျံသန်းလာခဲ့၏။
ဟယ့်ယွင်ထင်သည် ဧကရာဇ်အား အစီရင်ခံရန် ဦးစွာ သွားရောက်လေ့ရှိ၏။ ထို့နောက် ရက်အနည်းငယ်ခန့် အနားယူပြီးသည်နှင့် ဌာနသို့ပြန်ကာ သူလုပ်စရာရှိသည်များကို ဆက်လက်ဆောင်ရွက်လေသည်။ အဖွဲ့က ဤတစ်ကြိမ်၌ အစွန်အဖျားဒေသရှိ ရပ်နားစခန်းတွင် ရပ်နားမည့်အစား L ဇုန်အား ဖြတ်သန်းသွားခဲ့၏။ ထို့နောက် အဓိကနယ်မြေအား ကိုယ်စားပြုသည့် ရုပ်ထုကို ဖြတ်သန်းပြီးသည့်နောက် ၎င်း၏ ဦးတည်ရာသို့ ဆက်လက်ခရီးဆက်ခဲ့လေသည်။
လင်းဟန်က ရုပ်ထုနံဘေး၌ ရှိနေ၏။
ရုပ်ထုသည် အလွန်ခမ်းနား၏။ ၎င်းက စစ်တပ်၏ အောင်ပွဲအတွက် ဖန်တီးထားခဲ့ခြင်းဖြစ်၏။ လင်းဟန်သည် ၎င်းကို တီဗီထဲ၌သာ တွေ့ဖူးခဲ့သည်။ လူများက သူတို့၏ သူရဲကောင်းများ ပြန်လာသည်ကို တခမ်းတနား ကြိိုဆိုကြလေ့ရှိသည်။ သူက ဟယ့်ယွင်ထင်အား အခြား နိုင်ငံသားအချို့နှင့်အတူ နှုတ်ဆက်ရန် ဤနေရာသို့ ပထမဆုံးအကြိမ် လာရောက်ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ သူက ဟယ့်ယွင်ထင်နှင့် တွေ့ရန် မစောင့်နိုင်တော့ချေ။ သူ၏ မက်ခါကိုသာ တွေ့ရသည်ဖြစ်စေ၊ လင်းဟန် တစ်ဖက်လူအား တွေ့လိုစိတ်စောနေမိသည်။
လင်းဟန်က ဟယ့်ယွင်ထင်၏ ပြန်အလာကို စောင့်ကြိုမည့် ပုံစံအား များစွာ စိတ်ကူးယဉ်ခဲ့ဖူး၏။ ပန်းစည်းများ ကိုင်ထားသည့် လူများသည် အဖွဲ့ဖြတ်သန်းသွားရာတစ်လျှောက်လုံး ဗိုလ်ချုပ်၏ အမည်ကို ခေါ်ဆိုကာ အားပေးကြပေလိမ့်မည်။ စကားလုံးတစ်ခုချင်းစီက အားလုံး၏ နှလုံးသားထဲရှိ နတ်ဘုရားဖြစ်သော ဗိုလ်ချုပ်အတွက် လေးစားမှု၊ စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပေလိမ့်မည်။
သို့သော် ထိုသို့ဖြစ်မလာခဲ့ချေ။
သူ့အနီးတွင် လူအချို့ရှိနေသည့်တိုင် ထိုသူတို့က ဟယ့်ယွင်ထင် ထိုသို့ မလုပ်သင့်ကြောင်း ပြောနေကြ၏။ အချို့က မက်ခါများ ဖြတ်သန်းသွားမည်ကို စောင့်ဆိုင်းရင်း လူသားချင်းစာနာမှု ဟူသည့် ဆောင်ပုဒ်အတွက် မေးခွန်းထုတ်လိုလျှက်ရှိနေကြသည်။
ရာသီဉတုက ပူလောင်နေသည့်တိုင် လင်းဟန်ကမူ အေးစက်မှုကိုသာ ခံစားနေရသည်။
အဆုံးသတ်တွင် အချိန်မည်မျှ ကြာသွားသည်မသိ၊ သူ့အရှေ့ရှိလူတစ်ဦးက ထအော်လိုက်၏။
“အဖွဲ့ရောက်လာပြီ …”
မူလက တိတ်ဆိတ်နေသည့် လူစုသည်လည်း စတင်အသက်ဝင်လာသည်။
လင်းဟန်၏ နှလုံးသားသည် တုန်ယင်သွား၏။ သူက ရင်းနှီးနေသည့် စက်သံကို ကြားလိုက်ရသည်။ သူက မော့ပင် မကြည့်ရဲလောက်အောင် ဝမ်းနည်းလာမိ၏။ သူက မည်သည့်အခါကမှ ထွက်မပြေးခဲ့ဖူးချေ။ သို့သော် လက်ရှိအချိန်၌မူ ဟယ့်ယွင်ထင်၏ မက်ခါအဖွဲ့သည် ရုပ်ထုကို ဖြတ်သန်းမသွားရန် သူဆုတောင်းနေမိတော့သည်။
“ဗိုလ်ချုပ် … ရှင်းပြစရာများ ရှိပါသလား …”
“ခင်ဗျားရဲ့ အမိန့်ကြောင့် အသက်ဘယ်လောက်များများ ဆုံးရှုံးခဲ့ရပါသလဲ …”
“သူတို့မှာ ခုခံနိုင်စွမ်းတောင် မရှိပါဘူး … ခင်ဗျားက မက်ခါကို လူသတ်စက်အနေနဲ့ …”
လူအချို့က မက်ခါများထံသို့ ပစ္စည်းများ ပစ်ပေါက်ကြသည်။ အချို့ကမူ ဗိုလ်ချုပ် ရှေ့ထွက်မလာသည်မှာ အကြောင်းရင်းရှိရမည်ဟု ပြောဆိုနေကြ၏။ သို့သော် ‘တရားမျှတမှု’ ဟူသည့် စကားလုံးသည်သာ လက်ရှိအချိန်၌ အဆူညံဆုံးဖြစ်နေခဲ့သည်။ ဆင်ခြေများသည် ဒေါသတကြီးဖြစ်နေသည့် အသံများဖြင့် ဖုံးလွှမ်းခံလိုက်ရ၏။
အလွန် ဆူညံလွန်းပေသည်။
လင်းဟန်က မော့မကြည့်ရဲသော်လည်း မော့မကြည့်ပဲ မနေနိုင်ခဲ့ချေ။ အင်ဂျင်သံ နီးကပ်လာသည်နှင့်အမျှ သူသည်လည်း ဆူညံသော လူစုထဲမှ အသက်အောင့်ကာ မက်ခါများကို ကြည့်လိုက်သည်။ ရေခဲထောင်ကြီးသဖွယ် ကြီးမားသော မက်ခါကြီးက အရှေ့သို့ မောင်းနှင်လာ၏။ ထိုမက်ခါကြီး၏ အနောက်ဘက်တွင်မူ ၎င်း၏ နောက်လိုက်မက်ခါများ လိုက်ပါလာကြသည်။ ထို့အပြင် လူများက မက်ခါတန်းရှည်ကြီး၏ ခေါင်းဆောင်ကိုသာ ရှုံ့ချကြ၏။
အလွန်ဆူညံလှသည်။
M2742 သည် သူ့ထံသို့ ဖြည်းဖြည်းချင်း ဦးတည်လာသည်။ လင်းဟန် မလှုပ်ရှားနိုင်ပဲ ၎င်းမက်ခါကြီးအား မျက်တောင်မခတ်ပဲ ကြည့်နေမိ၏။ သူနှင့်မက်ခါတို့သည် တစ်ဦးနှင့်တစ်ဦး အတန်ကြာစိုက်ကြည့်နေခဲ့ကြ၏။ သူ၏အကြည့်သာ ဖောက်ထွင်းနိုင်ခဲ့ပါက စက်ခန်းထဲရှိ ထိုင်နေသူကို လင်းဟန် တွေ့ရပေလိမ့်မည်။
ပတ်ဝန်းကျင်သည် အလွန်ဆူညံနေ၏။
ဟယ့်ယွင်ထင် သူ့ကို တွေ့ရဲ့လား …
သူအခု စိတ်အခြေအနေ ဘယ်လိုရှိနေပါလိမ့် …
သူ့အမူအရာသည် အလွန်အေးစက်နေလောက်သည်။ သူ၏ မျက်ဝန်းပြားကမူ တိတ်ဆိတ်၍ တည်ငြိမ်နေနိုင်၏။ သူက မည်သည့်အရာကိုမှ ပြောမည်မဟုတ်သလို မည်သူ့ကိုမှလည်း အပြစ်တင်မည်မဟုတ်ပေ။
သူက သူ့ကိုယ်သူကိုသာ အပြစ်တင်ပေလိမ့်မည်။
လင်းဟန်က နှုတ်ခမ်းတင်းတင်း စေ့ထား၏။ သူက နေရာတွင်ရပ်ရင်း ကြီးမားသော မက်ခါကြီး သူ့အား ဖြတ်ကျော်သွားမည်ကို စောင့်နေခဲ့သည်။
လင်းဟန်က နောက်ထပ် နာရီဝက်အကြာ၌ လုအန်းဟယ်ထံသို့ သီးသန့် ဆက်သွယ်ခဲ့သည်။
တစ်ဖက်လူက အံ့အားသင့်မသွားခဲ့ချေ။ ထိုသူက ယဉ်ကျေးစွာပြန်ဖြေခဲ့သည်။ “မစ္စတာလင်း … ဘော့စ်က လက်ရှိအချိန်မှာ ဖုန်းကိုင်လို့မရသေးပါဘူး … ချီကျားမူက ဌာနကို သတင်းပို့ …”
“ကျွန်တော် သိပါတယ် …”
လင်းဟန်က ပြန်ဖြေလိုက်သည်။
“ကျွန်တော် လက်ထောက်လုကို ပြဿနာဖြစ်စေရတော့မှာပဲ … ကျွန်တော် နေသိပ်မကောင်းလို့ … ခင်ဗျား ကျွန်တော့်ကို ဌာနဆီ လာခေါ်ပေးနိုင်မလား …”
လုအန်းဟယ်က ပြန်ဖြေသည်။
“ကောင်းပါပြီ …”
မကြာခင်မှာပင် ဟယ့်ယွင်ထင်၏ ယာဉ်ပျံသည် ဌာန၏ဝင်ပေါက်သို့ ဆိုက်ကပ်လာခဲ့သည်။
လုအန်းဟယ်က များများစားစား မမေးခဲ့ချေ။
“မစ္စတာလင်း … ခင်ဗျား တိုက်ခန်းကို ပြန်မှာလား …”
“မဟုတ်ဘူး …”
လင်းဟန်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
“သူ့အိမ်ကိုသွားပါ …”
လုအန်းဟယ်က တောင့်ခဲသွား၏။ သူက လင်းဟန် ထိုမျှ ပွင့်ပွင့်လင်းလင်း ပြောလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ သို့သော် မည်သည့်စကားမှ မဆိုပဲ လင်းဟန်ကိုသာ ပြန်ပို့ပေးခဲ့၏။ ဟယ့်ယွင်ထင်၏ အိမ်သို့ သွားရာလမ်းတစ်လျှောက်တွင် သူတို့နှစ်ဦးလုံး တိတ်ဆိတ်နေခဲ့ကြသည်။
ဟယ့်ယွင်ထင်၏ စံအိမ်သို့ ရောက်သောအခါ လုအန်းဟယ်က လင်းဟန်၏ မျက်နှာထက်ရှိ စိတ်ထိခိုက်ကို တွေ့လိုက်ရ၏။ သူက မထိန်းနိုင်ပဲ ပြောလိုက်မိသည်။
“ကျွန်တော် မကြာခင် ပြန်လာခဲ့ပါ့မယ် …”
လင်းဟန်က ခပ်တိုးတိုး ပြန်ဖြေ၏။
လုအန်းဟယ်က လင်းဟန်သည် ဟယ့်ယွင်ထင်၏ အေးစက်မှုကြောင့် မပျော်မရွှင် ဖြစ်နေသည်ဟု ထင်လိုက်၏။ သူက အမြန်ရှင်းပြလိုက်သည်။
“မစ္စတာလင်း … ဒီနေ့ ခင်ဗျား ရုပ်ထုမှာစောင့်နေတာ ကျွန်တော် တွေ့ပါတယ် … ဒါပေမယ့် ဘော့စ်က ဒီဆက်ဆံရေးကြောင့် ခင်ဗျားကို ဆွဲချမိမှာစိုးရိမ်တဲ့အတွက် …”
“ရပါတယ် …”
လင်းဟန်က စိတ်ဆိုးပုံမပေါ်ချေ။ သူ့မျက်ခုံးကြား၌ စိုးရိမ်မှုများသာ ရှိနေ၏။
လုအန်းဟယ်က သက်ပြင်းချလိုက်သည်။
“ဒါဆို ကျွန်တော် ပြန်လိုက်ပါဦးမယ် ..”
“ခဏ …”
လင်းဟန်က သူ့ကို လှမ်းခေါ်လိုက်သည်။ ထို့နောက် မျက်ခုံးကြားရှိ ခံစားချက်ကို ပြေလျော့စေလျှက် လုအန်းဟယ်အား ပြောလိုက်၏။
“ကျွန်တော် ခင်ဗျားကို မေးစရာရှိတယ် …”
လုအန်းဟယ်က ခေါင်းညိတ်လိုက်သည်။
“ကျွန်တော် ဘာများလုပ်ပေးရမလဲ … မစ္စတာလင်း …”
လင်းဟန်၏ အသံသည် သာမန်အတိုင်းရှိနေဆဲပင်။
“ဗိုလ်ချုပ်ကို စိုးရိမ်ရုံပါ …”
လုအန်းဟယ်က မေးခွန်းမထုတ်ချေ။
“ကောင်းပါပြီ …”
လင်းဟန်က အပြုံးကို ရုတ်သိမ်းလိုက်၏။ သူ့အမူအရာသည်လည်း သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
“ဗိုလ်ချုပ်က ကျွန်တော့်ကို မေ့သွားခဲ့တာလား …”
ထိုစကားများ ဆုံးသည်နှင့် လင်းဟန်က လုအန်းဟယ်၏ မျက်ဝန်းများကို တည့်တည့်ကြည့်လိုက်သည်။ သူက နောက်ထပ်မေးရမည့် စကားများကို ပြင်ဆင်နေခဲ့၏။ ဥပမာအားဖြင့် လွန်ခဲ့သော သုံးနှစ်က ဟယ့်ယွင်ထင်သည် ဟောပြောပွဲအား တက်ရောက်ခဲ့ခြင်း ရှိမရှိ၊ သူတို့ ယခင်က တစ်နေရာ၌ တွေ့ဖူးခြင်းရှိမရှိ၊ သို့မဟုတ် ဟယ့်ယွင်ထင်၌ တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့၍ ထိုနေ့က သေနတ်ပစ်လေ့ကျင့်ရေးသို့ မလာရောက်ခဲ့ခြင်းလော အစရှိသည့် မေးခွန်းများကို ပြင်ဆင်နေခဲ့မိသည်။
သို့သော် ရုတ်တရက်ဆိုသလို သူက မစောင့်ဆိုင်းချင်တော့ချေ။ သူက သူ၏ တိုက်ခန်းရှေ့၌ တစ်ညလုံး စောင့်ဆိုင်းနေသည့် ဟယ့်ယွင်ထင်အား မြင်ရမည်မဟုတ်တော့သလို တစ်ဖက်လူ၏ တွန့်ဆုတ်မှု ခါးသီးမှုတို့ဖြင့် ပြည့်နှက်နေသည့် အနမ်းကိုလည်း ခံစားရမည်မဟုတ်တော့၊ သို့မဟုတ် ကျူးလစ်ပန်းများ ပွင့်လာသည့် အချိန်ကိုစောင့်ကာ ကျေးဇူးတင်ခြင်းကိုလည်း မလုပ်နိုင်တော့ချေ။ မှတ်ဉာဏ်နက်ဗြူလာ ပျောက်ကွယ်သွားသည်နှင့် သူသည် ထိုအရာများကို မည်သည့်အခါမှ ရနိုင်တော့မည်မဟုတ်ပေ။
လင်းဟန်က ထိုမေးခွန်းမှာ ရုတ်တရက်ဆန်မှန်း သိရှိ၏။ သို့သော် သူက လုအန်းဟယ်အပေါ် အကျင့်ယုတ်ရလျှင်ပင် အဖြေကို ရလိုမိ၏။ သူက လုအန်းဟယ်၏ မျက်ဝန်းများ တုန်လှုပ်နေသည်ကို တွေ့လိုက်ရသည်။
“ကျွန်တော် ဒီအတိုင်းပြောလိုက်တာပါ …”
လင်းဟန်က နှုတ်ခမ်းထောင့်များကို ပြန်လည် မြင့်တက်စေလိုက်သည်။ သူက အတည်တစ်ဝက်၊ နောက်ပြောင်ခြင်းတစ်ဝက်ဖြင့် ပြောလိုက်၏။
“ကျွန်တော် မနေ့က ရုတ်တရက် အဲဒီ့လိုတွေးမိလာလို့လေ …”
တစ်ဖက်လူ၏ အမူအရာသည် အံ့အားသင့်မှုမှ ဖတ်ရခက်သည့်ဟန် ပြောင်းလဲသွား၏။
လုအန်းဟယ်က လင်းဟန်အတိုင်း လိုက်ပါရယ်မောလိုက်သည်။ သူ့အသံက သဘာဝကျလှ၏။
“ဘာလို့ မစ္စတာလင်းက ရုတ်တရက် မေးတာလဲ … ဘော့စ်က ဌာနမှာပဲ ရှိနေတာလေ … နောက်ဆုံးတစ်ခေါက် ဂုဏ်ပြုပွဲတုန်းကသာ မစ္စတာလင်းကို ပထမဆုံး တွေ့ဖူးတာပါ …”
လင်းဟန်က ခေါင်းညိတ်ကာ မျက်လွှာချလိုက်သည်။
“တောင်းပန်ပါတယ် …”
လင်းဟန်က ခပ်တိုးတိုး ပြောလိုက်၏။
လုအန်းဟယ်က လင်းဟန် အဘယ့်ကြောင့် တောင်းပန်ခြင်းဖြစ်ကြောင်း မသိခဲ့ချေ။ ထိုအချိန်မှာပင် တစ်ဖက်လူက ရှေ့သို့ တစ်လှမ်းတိုးကာ သူ၏လက်အား စိတ်အားထက်သန်မှုဖြင့် ဆုပ်ကိုင်လာခဲ့၏။
“မစ္စတာလင်း …”
လုအန်းဟယ်၏ မျက်ဝန်းများက နားမလည်မှုဖြင့် တုံ့ဆိုင်းသွား၏။
လင်းဟန်၏ လက်များ တုန်ခါသွားသည်။ လုအန်းဟယ်၏ အသံသည် တုန်ခါလျှက် သူ့ခေါင်းထဲ၌ မြည်ဟည်းလာ၏။
[မစ္စတာလင်း ဘာဖြစ်နေတာလဲ]
[ငါ အခုပဲ တည်တည်ငြိမ်ငြိမ်လုပ်ခဲ့တယ်လေ]
[ဒါပေမယ့် သူဘာလို့ အဲဒါကိုမေးတာလဲ]
[ငါ ဘာလုပ်ရမလဲ … မစ္စတာလင်း သိနေတာများလား]
****
ဒီစာရေးသူမှာ ပြောစရာရှိပါတယ် …
ရှောင်လင်း - အလိမ်အညာတွေ … အားလုံး က လှည့်စားထားတာတွေ …
စိတ်ထိခိုက်စရာဆိုပေမယ့် ဓားမပါပါဘူး … မလန့်ပါနဲ့ ….
👾