Chapter 96
Viewers 19k

👾Chapter 96




“လင်းလောင်ရှီး …” ချင်းကျန့်က သူ့အား ခေါ်လိုက်သည်။ သူ့အသံထဲတွင် စိတ်လှုပ်ရှားမှုများ ပါဝင်နေ၏။ 

“ဒါက လောင်ရှီးရဲ့ ယာဉ်ပျံလား …” 


လင်းဟန်က တံခါးကိုသာ ပြန်ပိတ်လိုက်ပြီး ဘာမှပြန်မပြောခဲ့ချေ။ 


ချင်းကျန့်က လင်းဟန် စိတ်ဆိုးသွားမည်ကို စိုးရိမ်စွာဖြင့် အမြန်ထပ်ပြောလိုက်၏။ 

“ကျွန်တော် တခြားမရည်ရွယ်ပါဘူး … ဒီအတိုင်း ကျွန်တော့်ယာဉ်ပျံနဲ့ မော်ဒယ်တူလို့ တစ်ချက်ကြည့်မိရုံပါ … ဒါပေမယ့် ဒါကို ကြည့်ပါဦး … ဒါက စစ်တပ်ရဲ့ ယာဉ်ပျံမဟုတ်လား … ပြီးတော့ သီးသန့်ပြေးလမ်းရှိနေသေးတယ် …” 


ချင်းကျန့်က အားကျနေမိသည်။ ဆက်ဆံရလွယ်ကူသည့် မက်ခါဆရာတစ်ဦး၌ ဤသို့သော နောက်ခံမျိုး ရှိနေမည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။ သူက ထိုသူနှင့် ပို၍ နီးစပ်ချင်လာ၏။ 


သို့သော် လင်းဟန်နှင့် သူသည် အသက်များစွာ ကွာဟနေပြီး တူညီသည့် အချက်တစ်ချက်ပင် မရှိချေ။ ချင်းကျန့်က လင်းဟန်သည်လည်း သူနှင့်သူ့အတန်းဖော်များ၏ စကားဝိုင်းကို ကြားလိမ့်မည်ဟု တွေးလိုက်၏။ အားလုံးက ဟယ့်ယွင်ထင်နှင့် ပတ်သတ်သည့် ကိစ္စတိုင်းကို စိတ်ဝင်စားမည်သာ။ သူက ပထမဆုံး သိရသူဖြစ်လေရာ ထိုအကြောင်းကို ထပ်မံအစဖော်လိုက်သည်။ 


“စစ်တပ်ဆိုတော့မှ … လင်းလောင်ရှီး ဗိုလ်ချုပ်ကို သိတယ်မဟုတ်လား … ကျွန်တော် သူအခု ဗွီပရိုတွန်မှာလို့ ကြားတယ် … မစ္စတာလင်း …” 


ချင်းကျန့်က လင်းဟန်ကဲ့သို့ သဘောကောင်းသူတစ်ဦးသည် သူ့အား လျစ်လျူရှုကာ ယာဉ်ပျံထံသို့ တန်းတန်း မတ်မတ် သွားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ သူက ရှက်သွားကာ မသိစိတ်ဖြင့် အော်လိုက်မိသည်။

“မစ္စတာလင်း …” 


ခင်ဗျားက ဒါကိုတောင် စိတ်မဝင်စားဘူးလား … 


ဝေးဝေးမရောက်သေးသည့် လင်းဟန်က ပြန်ပြောလာခဲ့သည်။ 


“ဗိုလ်ချုပ်အကြောင်း ပြောတဲ့အခါ မပြောခင်စဉ်းစားကြည့်ရဲ့လား …” 

လင်းဟန်၏ အသံသည် ကျယ်လောင်ခြင်းမရှိသလို ဒေါသအရိပ်အယောင်များလည်း မပါရှိချေ။ 


“မင်းဘာလို့ ငါနဲ့စကားပြောနိုင်တယ် ထင်ရတာလဲ …” 

လင်းဟန်က တံခါးကိုဖွင့်ရင်း ထိုသို့ ပြောလိုက်ခြင်းဖြစ်၏။ သူက မျက်နှာကိုအနည်းငယ် စောင်းငဲ့ကာ ချင်းကျန့်၏ မေးခွန်းကို အမူအရာကင်းမဲ့စွာ ဖြေပေးလိုက်သည်။ 


ချီကျားမူက လင်းဟန်၏ ရန်လိုမှုကို တွေ့လိုက်ရသဖြင့် မေးလိုက်၏။

“မစ္စတာလင်း …” 


လင်းဟန်က ခေါင်းညိတ်လိုက်သည်။ 

“ဘာမှမဟုတ်ပါဘူး …” 


မူလက လင်းဟန်သည် သူ၏ တိုက်ခန်းထံသို့ ပြန်လိုခဲ့ခြင်းဖြစ်၏။ သို့သော် ခဏကြာ မောင်းနှင်ပြီးသည့်နောက် လင်းဟန်က ဟယ့်ယွင်ထင်၏ နေရာသို့သာပို့ဆောင်ပေးရန် ပြောလိုက်သည်။ 


ချီကျားမူက သဘောတူလိုက်၏။

“ကောင်းပါပြီ …” 


သူက လင်းဟန်၏ စကားတချို့တဝက်ကို ကြားခဲ့သည်။ ထို့အပြင် ဌာန၌ ကောလဟာလအချို့ ပျံ့နှံ့နေခဲ့သည်ဖြစ်ရာ သူသည်လည်း အကြမ်းဖျဉ်း ခန့်မှန်းနိုင်လိုက်၏။ 


“ဗိုလ်ချုပ်ရဲ့ ကောလဟာလတွေကို ဌာနကလည်း သိတယ်မဟုတ်လား …” 

လင်းဟန်က ချီကျားမူ၏ အတွေးကို ခန့်မှန်းမိဟန်ဖြင့် ပြောလာ၏။ 


သို့သော် ဌာနအတွက်မူ ထိုသို့သော ကောလဟာလမျိုးက ပထမဆုံး မဟုတ်ချေ။ သူတို့က ကောလဟာလများကို မယုံကြည်ကြသလို နားထောင်ခြင်းလည်းမပြုကြချေ။ အဆိုပါ ကောလဟာလများသည် ဟယ့်ယွင်ထင်အပေါ် ရာနှုန်းပြည့်ယုံကြည်ကြသူများအကြား ရပ်တန့်သွားမည်ဟု ထင်ခဲ့၏။ သို့သော် သုတေသနဌာနသို့ပင် ပျံ့နှံ့လာလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြချေ။ ဤအတိုင်းဆိုပါက မကြာခင်မှာပင် လူများအကြား ပျံ့နှံ့သွားတော့မည်ဖြစ်၏။ 


ချီကျားမူက သူ့ကို နှစ်သိမ့်လိုခဲ့၏။ သို့သော် မည်သည့်အရာအား ပြောခွင့်ရှိမှန်း သူ မခွဲတတ်လေရာ ဂရုတစိုက် နှစ်သိမ့်လိုက်ရုံသာ တတ်နိုင်ခဲ့သည်။ 

“မစိုးရိမ်ပါနဲ့ … မစ္စတာလင်း … ဌာနကအဲဒီ့ကောလဟာလတွေကို ဂရုမစိုက်ပါဘူး…”


“ဘယ်လိုအခြေအနေမျိုးမှဖြစ်ဖြစ် ဗိုလ်ချုပ်မှာ အဲဒီ့လိုလုပ်ရတဲ့ အကြောင်းရင်း ရှိနေမှာပါ …” 

ချီကျားမူက စကားမှားပြောမိမည်ကို စိုးရိမ်လျှက်ရှိသည်။ 


လင်းဟန်သည်လည်း ချီကျားမူအား မစိုးရိမ်စေလိုခဲ့ချေ။ သူက ပြုံးလိုက်သည်။ 

“ကျွန်တော်သိပါတယ် …” 


သူတို့နှစ်ဦးက အတန်ကြာ တိတ်ဆိတ်သွားကြ၏။ ထို့နောက် ချီကျားမူသည် လင်းဟန်၏ စိတ်အခြေအနေကို ပိုကောင်းလာစေရန်အတွက် သူ ယနေ့ကြားခဲ့သည့် သတင်းအချို့ ပြောပြလိုက်သည်။ 


“မစ္စတာလင်း …”

ချီကျားမူက စကားရပ်လိုက်သည်။ 

“ဌာနကို ဗွီပရိုတွန်က သတင်းရောက်လာခဲ့တယ် … ပဋိဇီဝဆေး လေသန့်ဆေးရည်က အပြည့်အဝ ပို့ဆောင်ပြီးပြီတဲ့ … ဒီတော့ …” 


ချီကျားမူက မည်သူ့ကိုမှ သဘောမကျဖူးခဲ့ချေ။ ထို့ကြောင့် လက်ရှိအချိန်၌ လင်းဟန်၏ စိတ်အခြေအနေကို သူ မမှန်းတတ်ခဲ့ချေ။ သို့သော် ဟယ့်ယွင်ထင်က သူ့အား လင်းဟန်အပေါ် ကောင်းကောင်း ဂရုစိုက်ရန် အမိန့်ပေးခဲ့၏။ သူက ခဏတွေးကာ ဆက်ပြောလိုက်သည်။ 


“နှစ်ရက်အတွင်း ဗိုလ်ချုပ်ပြန်လာနိုင်လိမ့်မယ် … ဒါက ဘာပဲဖြစ်ဖြစ် ခင်ဗျားအတွက် သတင်းကောင်းဖြစ်မှာပါ …”


ချီကျားမူ၏ စကားကို ကြားချိန်၌ လင်းဟန်က အရင်ဆုံး အံ့ဩဝမ်းသာသွားခဲ့၏။ သို့သော် ခဏအကြာ၌ သူက အနည်းငယ် စိတ်ပျက်သွားမိသည်။ 


နှစ်ရက်ဟူသည့် ကာလသည် ချင်းကျန့်၏စကားများ အင်ပါယာတစ်ခုလုံး ပျံ့နှံ့ရန် လုံလောက်ပေသည်။


အဓိကနယ်မြေသာမက နယ်မြေအားလုံး၌ ဗိုလ်ချုပ်သည် သွေးအေးရက်စက်သူဖြစ်ကြောင်း သိရှိသွားကြမည်သာ။ ဗွီပရိုတွန်သည် ပြန်လည်မွေးဖွားလာခဲ့သော်လည်း သူက လက်ပေါ်သွေးစွန်းခံ၍ ကွပ်မျက်သူတစ်ဦး ဖြစ်လာခဲ့သည်။ သူက သူတို့နှစ်ဦး ဆက်သွယ်ခဲ့သည့် အချိန်ကို ပြန်လည်အမှတ်ရမိသည်။ ဟယ့်ယွင်ထင်သည် မည်သည့်အရာများ ဖြစ်ပျက်နေကြောင်း သူ့ကိုမပြောခဲ့ချေ။ တစ်ဖက်လူက သူ့အား အလွန်လွမ်းနေကြောင်းကိုသာ ရိုးသားစွာ ဖော်ပြခဲ့၏။


အဲဒီ့အချိန်ဖြစ်လိမ့်မယ် … သူ ကယ်တင်ခံရသင့်တဲ့ လူတွေကို သတ်လိုက်မိမှန်း နားလည်သွားခဲ့တာလေ … 


သို့သော် ဟယ့်ယွင်ထင်သည် အလွန်စိတ်ထိခိုက်နေသည့်တိုင် လင်းဟန်ကိုပင် ထုတ်မပြောခဲ့ချေ။ 


လင်းဟန်က ခပ်တိုးတိုးရယ်လိုက်၏။


သူတို့အချင်းချင်း မတွေ့ရသေးခင်၌ပင် သူက တစ်ဖက်လူ အမြန်ပြန်လာလျှင် ပိုကောင်းမည်ဟု တွေးနေမိ၏။ ဆက်သွယ်မှုအားလုံးက နက်ရှိုင်းသည့် မျှော်လင့်တောင့်တမှုများကို သယ်ဆောင်လျှက်ရှိသည်။ သူတို့နှစ်ဦးက တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ အမြန်တွေ့လိုကြ၏ တစ်ဦးနှင့်တစ်ဦး ပွေ့ဖက်နမ်းရှိုက်လိုကြသည်။ သို့သော် အလျင်လိုရန်မလိုကြောင်း သူတို့နှစ်ဦးလုံး သိကြလေသည်။


ယခုမူ သူက ထိုသို့မတွေးတော့ချေ။ 


သူက ဟယ့်ယွင်ထင်အား ဤအခြေအမြစ်မရှိသည့် ဝေဖန်မှုများကို ရောက်ရောက်ချင်း ရင်ဆိုင်ရရန် မလိုလားချေ။ သို့သော် ဟယ့်ယွင်ထင် စောစော ပြန်မလာလျှင်လည်း ဤကြက်သီးထဖွယ် ဝေဖန်မှုများကို တိုက်ရိုက်ရင်ဆိုင်ရပေလိမ့်မည်။ 


သူ တကယ့်ကို သည်းမခံနိုင်ဘူး …


အဆိုးဆုံးမှာ ဟယ့်ယွင်ထင်က ပြန်မလာသေးခြင်းဖြစ်၏။ သူက ချင်းကျန့်၏ပါးစပ်ကို ယနေ့ပိတ်နိုင်ခဲ့သော်လည်း မရေမတွက်နိုင်သည့် နိုင်ငံသားများသည် ချင်းကျန့်ကဲ့သို့ အခြေအမြစ်မရှိသော ကောလဟာလများကို ဖြန့်ကြပေလိမ့်ဦးမည်။ ထိုသို့သော အရာမျိုးသည် ကာယကံရှင် အရိပ်အမြွက် မပြသရွေ့ ရပ်တန့်ရန်မဖြစ်နိုင်ချေ။ 


“ကျွန်တော်သိပြီ …” 

သူက ချီကျားမူအား ပြုံးပြလိုက်သည်။ 

“ကျေးဇူးပါ …” 


ချီကျားမူက တစ်စုံတစ်ခုပြောရန် ပါးစပ်ဖွင့်လိုက်၏။ သို့သော် အဆုံးသတ်၌မူ ခပ်တိုးတိုးသာ ပြန်ဖြေရင်း တိတ်ဆိတ်သွားလေသည်။ ချီကျားမူက လင်းဟန်အား ဟယ့်ယွင်ထင်၏ နေရာသို့ ပို့ဆောင်ပေးကာထွက်ခွာသွားခဲ့၏။ 


လင်းဟန်က တံခါးရှေ့သို့ ဝင်လိုက်ရင်း တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားမိလိုက်သည်။ သူက ပုံမှန်ထိန်းသိမ်းရေးအတွက် တာဝန်ယူထားသူသည် ရောက်လာသည်ဟု ခန့်မှန်းလိုက်၏။ အမှန်စင်စစ် ဟယ့်ယွင်ထင် ပြန်မလာသေးသည်ဖြစ်ရာ အတွင်းဘက်၌ များများစားစား ရှင်းလင်းရန် မလိုအပ်သေးချေ။ လင်းဟန်က မြေသင်းနံ့ လတ်လတ်ဆတ်ဆတ်ကို ရှူရှိုက်လိုက်၏။ 


အင်ပါယာ၏ ရာသီဉတုသည် ယခင်ကမ္ဘာနှင့် တူညီမှု များများစားစား မရှိချေ။ ထို့ကြောင့် ကျူးလစ်ပန်းများသည်လည်း နွေနှောင်းအခါမှသာ ပွင့်လာလေ့ရှိ၏။ 


လင်းဟန်သည် လွန်ခဲ့သော ရက်အနည်းငယ်က အလွန်ကြီးမားသော ပန်းခင်းကြီးကို တွေ့ခဲ့သည်။ သူတို့ နယ်စပ်ဒေသ၌ ရှိစဉ်က ကျူးလစ်များသည် သူပြန်ရောက်ပြီး မကြာခင်မှာပင် ပွင့်လန်းလာတော့မည့် အကြောင်းနှင့် ထိုပန်းများကို ဟယ့်ယွင်ထင်နှင့်အတူ ကြည့်ချင်သည်ဟု တစ်ဖက်လူအား သူပြောခဲ့သည်ကို အမှတ်ရမိလိုက်သည်။ 


သို့သော် ပန်းများသည် မပွင့်လာသေးသဖြင့် ဟယ်ယွင်ထင်သည်လည်း ၎င်းတို့ကို သူနှင့်အတူ ကြည့်ခွင့်မရခဲ့ချေ။ 


လင်းဟန်က ပန်းခင်းထံသို့ လျှောက်သွားလိုက်သည်။ ပန်းတစ်ပွင့်ချင်းစီက ကောင်းမွန်စွာ ပွင့်လန်းနေ၏။ သူက ဤမျှကျယ်ပြောသည့် ပန်းခင်းကြီးကို တစ်ခါမှ မတွေ့ဖူးချေ။ အမှန်စင်စစ် ဟယ့်ယွင်ထင်အဘယ့်ကြောင့် ဤကဲ့သို့ များပြားလှသည့် ကျူးလစ်များကို စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်းကိုလည်း သူ မသိချေ။ အဆုံးသတ်တွင် ထိုသူက ဝါဿနာတစ်စုံတစ်ခုမှ မရှိပုံပေါ်ပြီး ပျော်ရွှင်မှုနှင့် ဒေါသကိုပင် များများစားစား ထုတ်ပြလေ့မရှိချေ။ 


သို့သော် ၎င်းက သတင်းကောင်း မရှိနေခြင်း မဟုတ်ခဲ့ချေ။ 


အနည်းဆုံး ဟယ့်ယွင်ထင် ပြန်လာချိန်၌ သူအနှစ်သက်ဆုံး ကျူးလစ်များသည်လည်း ပွင့်လန်းနေပေလိမ့်မည်သာ။ 


ကူးလုလုက သူ၏ ဘဝသစ်နှင့် အမြန်အသားကျသွား၏။ ဟယ့်ယွင်ထင်သည် ဤရက်ပိုင်းတွင် ဤနေရာ၌ မရှိနေချေ။ ထို့အပြင် သူ့အား ခြောက်လှန့်ခဲ့သော ကုတ်အင်္ကျီမှာလည်း တကယ်တမ်း၌ အခွံလွတ်တစ်ခုသာ ဖြစ်၏။ 


ဉပမာအားဖြင့် လင်းဟန် သတိမထားမိသည့်အခါမျိုးတွင် သူက ဟယ့်ယွင်ထင်၏ ယူနီဖောင်းကို ခိုးယက်နေလေ့ရှိသည်။ ထိုသူက သူ့အရှေ့၌ ပေါ်လာသည့် အချိန်မျိုးတွင် သူ့အနေဖြင့် ထိုသူအား ရင်ဆိုင်နိုင်ပေလိမ့်မည်။ အနည်းဆုံးတော့ ထိုသူ၏ အရှိန်အဝါသက်သက်ဖြင့် အနိုင်ပိုင်းခံရတော့မည် မဟုတ်ပေ။ 


ထို့နောက် လင်းဟန်က ဟယ့်ယွင်ထင်၏ စာကြည့်ခန်းထံ ဦးတည်လိုက်၏။ 


ဟယ့်ယွင်ထင်သည် မှတ်ဉာဏ်နှင့် ပတ်သတ်၍ ပြဿနာရှိနေ၏။ ပြဿနာသည် ထိုနေ့ရက်က စတင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ဟယ့်ယွင်ထင်က နေရာအနှံ့လျှောက်သွားနေမည့်လူ မဟုတ်ချေ။ ထို့ကြောင့် လင်းဟန်က မည်သည့် အကြောင်းရင်းကိုမှ ရှာမတွေ့သည့်အလျောက် ထိုနေ့ရက်မှစ၍ သံသယဖြစ်ဖွယ် သဲလွန်စများကို ရှာဖွေရန် ကြိုးစားလိုက်သည်။ 


သူက အရင်ဆုံး ဟယ့်ယွင်ထင်၏ ကျောင်းသားစာရင်းကို ကြည့်လိုက်၏။ ထိုနေ့သည် အဆိုပါနှစ်၏ ကွင်းဆင်းလေ့ကျင့်သော ရက်ဖြစ်သည်။ ဟယ့်ယွင်ထင်သည် ဆာဂျင်တစ်ဦးနှင့်အတူ ဌာန၌ရှိနေခဲ့သည်။ အဖြစ်အပျက် တစ်စုံတစ်ရာကြောင့် မဟုတ်ပါက သူသည် တစ်နေ့ခင်းလုံး ဌာနမှ ပျောက်သွားမည်မဟုတ်ပေ။ 


ဒါပေမယ့် ဘာဖြစ်ခဲ့တာလဲ … 


လင်းဟန်က လွန်ခဲ့သော သုံးနှစ်က မှတ်တမ်းများအားလုံးကို အထပ်ထပ်အခါခါ ကြည့်ခဲ့သည်။ ဟယ့်ယွင်ထင်သည် ထိုနေ့တစ်နေ့ထဲတွင်သာ ပျောက်ဆုံးနေခဲ့ခြင်းဖြစ်၏။ သူက တစ်ဖက်လူ၏ သေနတ်ပစ် လေ့ကျင့်ရေးကို ရှာဖွေခဲ့သည့်တိုင် မူမမှန်ဖြစ်နေသည့် အရာတစ်ခုကိုပင် မတွေ့ခဲ့ရချေ။ 


ဒါဆို အဲဒီ့နေ့နဲ့ပတ်သတ်ပြီး ထူးဆန်းတာ ရှိနေတာလား … 


တစ်ချိန်ထဲမှာပင် သူက ဌာန၏ မက်ခါထွက်ခွာပုံ မှတ်တမ်းကို ကြည့်လိုက်၏။ ထိုနေ့၌ မည်သည့်မက်ခါမှ ဌာနမှ ထွက်မသွားခဲ့ချေ။ လင်းဟန် အကြံကုန်သွား၏။ သူက ဌာနနှင့်ပတ်သတ်၍ အသေးစိတ် သိခွင့်မရှိချေ။ ထို့ကြောင့် သူက ဟယ့်ယွင်ထင်၏ မှတ်တမ်းများကို ပြန်ထားရန် ပြင်လိုက်၏။ ထိုအချိန်မှာပင် သူ့နှလုံးသားက တစ်ချက်ခုန်သွားခဲ့သည်။ 


သူက ဟယ့်ယွင်ထင်နှင့် မဟုတ်ပဲ အင်ပါယာနှင့် စတင်သင့်ခြင်း ဖြစ်တန်ရာ၏။ သူက ရှာဖွေစက်ကို ဖွင့်ကာ ထိုနေ့ရက်စွဲကို ရိုက်ထည့်လိုက်သည်။ ထို့နောက် သတင်းများအနက် ထူးခြားသည့် ကိစ္စရှိမရှိ ရှာဖွေလိုက်၏။ 


အင်ပါယာအတွင်းရှိ လူများသည် အချက်အလက်မျိုးစုံ ခွဲခြမ်းစိတ်ဖြာ၍ သတင်းတင်လေ့ရှိ၏။ လင်းဟန်က အဓိကနယ်မြေကိုသာမက အခြားနယ်မြေများကိုလည်း စစ်ဆေးခဲ့သည်။


👾