Chapter 150
Viewers 19k

🐯Chapter 150



ကုယွီမြန် : "တော်ဝင်မိသားစုလား... ဘာကိုဆိုလိုတာလဲ…"


ရှို့ဟန် : "........"


ခဏအကြာတွင် သူ လွှတ်ခနဲ ပြောလိုက်မိသည်ကို အလွန်ကျေနပ်နေမိသွားသည်။


"....."


နာရီဝက်ကြာပြီးနောက် ရှေးဟောင်းကမ္ဘာရှိလက အေးချမ်းငြိမ်သက်လာခဲ့သည်။


ဧည့်သည်​တော်များအားလုံးက များပြားလှသော သစ်ခေါင်းပေါက်များထဲတွင် ဟိုတစ်စုသည်တစ်စု ပြန့်ကျဲနေကြသည်။ ကုယွီမြန်နှင့်အနီးဆုံး သစ်ခေါင်းပေါက်က ကောရှစ်အာရှိသော သစ်ခေါင်းပေါက်ပင်ဖြစ်၏။ ဤကလေးကြီးနှင့် ကလေးငယ်တို့က ယနေ့ညတွင် အလွန်စိတ်လှုပ်ရှားနေကြသည်ကို အလွယ်တကူ မြင်​တွေ့နိုင်​ပေသည်။ အဘယ့်ကြောင့်ဆိုသော် နောက်ဆုံးတွင် ကုယွီမြန်နှင့်တွေ့ဆုံခဲ့ကြ​သောကြောင့်ပင်။ တစ်ခါတစ်ရံတွင် တီးတိုးတီးတိုး ဆွေးနွေးနေကြပြီး ရယ်သံများလည်း ပေါ်ထွက်လာတတ်သည်။


ထို့နောက် ခပ်လှမ်းလှမ်းမှ သစ်ပင်ထဲရှိ ခိုအားလားထံမှ ဟောက်သံများကိုလည်းကြားနေရ၏။


အမျိုးသမီးငယ်နှစ်ဦးဖြစ်သည့် မန်ချူးရီးယားကြိုးကြာနှင့် ယုန်​လေးတို့က အိပ်ရန် မျက်လုံးအကာများကို ပြင်ဆင်​နေခဲ့ကြသည်။


မြစ်ကမ်းနံဘေးရှိ သစ်ပင်ကြီးအောက်တွင် ကုယွီမြန်နှင့်ရှို့ဟန်တို့ ထိုင်​နေခဲ့ကြ၏။


ကုယွီမြန် သက်ပြင်းချလိုက်သည်။


ငါ့တစ်ဘဝလုံးစာအတွက် ဒီနေ့ကို​တော့ ​သေချာ​ပေါက် အမှတ်ရနေ​တော့မှာပဲ…

ကုယွီမြန် တွေးလိုက်မိသည်။ ယနေ့တွင် များစွာသောအရာများ ဖြစ်ပျက်ခဲ့သည။


____ကောမိသားစုက ကလေးတွေနဲ့ တွေ့ခဲ့ရတယ်…


____ပထမဆုံးအကြိမ် အချစ်ကို ခံစားခဲ့တယ်…


____အင်း... မျိုးရိုးမတူတဲ့အချစ်​ပေါ့…


ထို့အပြင် ယနေ့၏အဆုံးသတ်တွင် အံ့ဩစရာများလည်းရှိ​သေး၏။


သူ ချစ်မြတ်နိုးသည့်လူက ဧကရာဇ်တစ်ပါးဖြစ်နေခဲ့သည်။


သူ ရှေ့တန်းထွက်သည့်အချိန်တွင် အသက် ၂၀ သာရှိသေးပြီး ဇာ့ဂ်များကို ခုနစ်နှစ်ကြာသည်အထိ အနိုင်တိုက်ကာ စစ်အာဏာကျင့်သုံးသည့် ယခင်ဧကရာဇ်​ဟောင်းကို တစ်နှစ်အတွင်း ဖယ်ရှားနိုင်ခဲ့သည့် ထူးခြား​သော SSS-အဆင့်ရှိ စိတ်ဝိညာဉ်အစွမ်းရှိသူပင် ဖြစ်၏။


သူ့​ဘေးပတ်ဝန်းကျင်ရှိ အငြင်းပွားမှုများက စစ်ပွဲထဲ၌သူ၏ကြိုးစားမှုကဲ့သို့ ကျော်ကြားလာခဲ့သည်။ ဤကြယ်တာရာခေတ်၌ အင်တာနက်ပေါ်ရှိ မည်သူတစ်ဦးတစ်ယောက်ကမှ သူ့နာမည်ကို ရည်ညွှန်းမပြောဆိုရဲသလို သူ့၏ဓာတ်ပုံလေးတစ်ပုံကို‌ပင် လျှို့ဝှက်စွာ မဖြန့်ရဲပေ။


ဤကဲ့သို့ထူးခြား​သော ဧကရာဇ်တစ်ပါးက သူ့ချစ်သူ​ကောင်​လေးပင်။


ကုယွီမြန် သူ့ကို အချိန်အတော်ကြာ စောင့်ရှောက်​ပေးခဲ့ပြီး သူ၏ဝမ်းဗိုက်​လေးကိုလည်း ပွတ်သပ်​ပေးခဲ့သည်။ သူ့ကို အရသာရှိသော စားစရာသောက်စရာများလည်း ပေးခဲ့သည်။ သူက  ရှာလကာရည်ကဲ့သို့ ချဉ်စူး​နေ​အောင် သဝန်တိုတတ်သည့်အပြင် သာမန်အချိန်များတွင်လည်း ရက်စက်ကြမ်းကြုတ်သူဖြစ်၏။


ကုယွီမြန် လက်ကိုဆန့်ထုတ်ကာ အေးမြနေသာမြစ်ထဲမှ ရေကိုလက်တစ်ခုပ်စာယူလိုက်သည်။

"ငါတို့ကြားက ဆက်ဆံရေးနဲ့ပတ်သက်ပြီး ဖုံးကွယ်ထားချင်တယ်…"


ရှို့ဟန်က မသည်းမကွဲပြောလိုက်သည်။

"ဘာလို့ ဖုံးကွယ်ထားချင်တာလဲ…"


ကုယွီမြန် "....."


သူသည် အလွန်ကိုရှေးရိုးဆန်သော လူတစ်‌ယောက်ပင်ဖြစ်၏။ ယခုအခါ သူ့နောက်ကျောပေါ်တွင် ချွေးများဖြင့် အေးစက်​နေ​ပေသည်။


"အားလုံးခြုံကြည့်ရရင် ငါー"

စကားမဆုံးမီမှာပင် ကုယွီမြန်၏အသံက ရုတ်တရက် တိမ်ဝင်လာခဲ့သည်။ သူ ရှို့ဟန်ကို အချိန်ခဏကြာအောင် ကြည့်နေခဲ့ပြီး သူ့လက်ဖမိုးကို ရှို့ဟန်၏နဖူးပေါ်၌တင်ကာ စဉ်းစားရင်း နူးညံ့စွာ ​မေးလိုက်သည်။

"မင်း မကြောက်ဘူးလား…"


ရှို့ဟန်က အမှန်တစ်ကယ်ပင် တည်ငြိမ်နေခဲ့သည်။


သူက အ​ကောင်​ပေါက်​လေး အမှန်တကယ် မဟုတ်​ကြောင်း ​ဖော်ထုတ်ခံရချိန်ကကဲ့သို့ ထိတ်လန့်​ကြောက်ရွံ့​နေခြင်းမရှိ​ပေ။ သူ၏သရုပ်မှန်အကြောင်း ပြောနေခဲ့ချိန်တွင် သူစိမ်းတစ်ယောက်၏ အကြောင်းကိုပြောနေသကဲ့သို့ သူ့လေသံက အတက်အကျမရှိဘဲ အလွန်ကိုတစ်ပြေးညီဖြစ်နေသည်။


ကုယွီမြန်၏ နားလည်ရခက်ခဲသော အမူအရာများကို လွတ်မသွားစေရန် ရှို့ဟန်၏ ခဲပြာရောင်မျက်လုံးများက ကုယွီမြန်ကို အနီးကပ်စောင့်ကြည့်နေခဲ့သည်။


ရှို့ဟန် ခ‌ဏငြိမ်နေခဲ့ပြီးနောက် ကုယွီမြန်၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ကာ ငြင်းဆိုလိုက်သည်။

"မကြောက်ဘူး…"


သူတို့၏ဧကရာဇ်က သူ၏ဂုဏ်သိက္ခာနှင့်ပတ်သက်ပြီး မည်သည့်အခါကမှ ဂရုမစိုက်ဟု အဖွဲ့ဝင်အများစုနှင့် ဝန်ကြီးများ ထင်ကောင်းထင်​ပေလိမ့်မည်။


တိုက်ပွဲတွင် လက်နက်ကိုင်တပ်များကို သူဦးဆောင်တိုက်ခိုက်ခဲ့သည့် လွန်ခဲ့​သောခုနစ်နှစ်တွင် ကြယ်တာရာမြို့တော်၏ "တော်ဝင်မိသားစု အရှုပ်​တော်ပုံ" ကို ဖြေရှင်းရန် အချိန်တစ်မိနစ်​ခန့် အသုံးပြုခြင်းထက် နာရီ ၂၀ ​လောက် ညမအိပ်ဘဲ နည်းဗျူဟာများ စီစဉ်​ဆောင်ရွက်ရသည်ကို ပို၍နှစ်သက်လိုလားခဲ့သည်။


ရှို့ဟန် ဂရုမစိုက်ခဲ့ပေ။


အရေးမပါသည့်လူများ၏ အရေးမပါသည့် ထင်မြင်ယူဆချက်များကြောင့် ၎င်းကိုထုတ်ဖော်ပြောဆိုရသည်မှာ မထိုက်တန်​လှပေ။


လိုချင်သည့်အရာများကို အရယူနိုင်ရန်အတွက် သူက အလုံအလောက်သန်မာ​ပေသည်။


သို့​သော် သူက ကောင်းမွန်ပြီး ဂုဏ်သိက္ခာနှင့်ပြည့်စုံနေသော ဧကရာဇ်တစ်ပါးမဟုတ်သည်ကို သူကိုယ်တိုင်လည်း သိ​ပေ၏။


'ဖခင်ကိုသတ်သူ' 'ရက်စက်ကြမ်းတမ်းသူ' 'လောဘကြီးသူ' 'ဇစ်မြစ်မရှိသည့်သွေး​နှော' '​တော်လှန်ပုံကန်သူ' ...


ရှို့ဟန်က ​မ​ရေမတွက်နိုင်​သော ရွှေ​ငွေရတနာများ​ပေါ်တွင် ပျင်းရိစွာ အိပ်​ပျော်​နေသည့် နဂါးတစ်​ကောင်ကဲ့သို့ပင်။ ရုပ်ဆိုးအကျဉ်းတန်ပြီး ​ကြောက်စရာ​ကောင်းလှသည့် ​အမာရွတ်များမှာ သူ့ခန္ဓာကိုယ်​ပေါ်တွင်ရှိ အ​တော်များများရှိ​နေ၏။ ထိုအရာများက လူအများ​ကြောက်လန့်ကြ​သည့်အရာများပင်။ ကုယွီမြန်နှင့် မ​တွေ့မီအချိန်က ထိုအမာရွတ်များနှင့် ​ကြောက်စရာ​ကောင်းသည့်မျက်လုံးများက ဘာမှမထူးဆန်းဘဲ ထုတ်​ဖော်ပြသရန် ထိုက်တန်သည်ဟုပင် ​သူ တွေးခဲ့မိသည်။


သူတို့အားလုံး သူ့ကို ​ကြောက်ရွံ့​နေကြသည်။


အလွန်ပင် ရယ်စရာ​ကောင်းလှ၏။


"....."


​နောက်ပိုင်းတွင် သူ့အ​ရေပြား​ပေါ်ရှိ အကျဉ်းတန်မှုများက သူ ချစ်မြတ်နိုးရသည့် လူသား​လေးကိုလည်း ​ကြောက်ရွံ့သွား​စေနိုင်​ကြောင်း ထိုနဂါးကြီး နားလည်လာခဲ့သည်။ အခြားသူများ၏ ​ကြောက်လန့်တကြားမျက်လုံးများက ဒီ​ရေလှိုင်းများကဲ့သို့ပင်။ ထို့အကြည့်များသည် နဂါးကြီးကို တ​ဖြည်း​ဖြည်းနှင့် အ​ဝေးသို့တွန်းပို့ကာ ပို၍​အေးစက်သွား​စေပြီး သူ့လူသား​လေးသည်လည်း ထို​နေရာတွင် ဘယ်​သောအခါမှရှိလိမ့်မည် မဟုတ်​ပေ။


သို့​သော် ထိုအတိုင်းဖြစ်ပြီး​နေ​ပေပြီ။ သူက လူအများ သ​ဘောကျသည့် ကိုယ့်ကိုယ်ကိုနှိမ့်ချကာ ကူညီတတ်ပြီး ကြင်နာသနားတတ်သည့်သူ ဘယ်​သောအခါမှ ဖြစ်မလာနိုင်​တော့​ပေ။


နဂါးကြီးက စိတ်ရှုပ်​ထွေးပြီး ကို့ယို့ကားယားနိုင်စွာဖြင့် အတုအ​ယောင်လှပသည့် အ​ပေါ်ယံလွှာကိုခြုံကာ တစ်ချိန်လုံး ​လေးလံလှသည့် ဝန်ထုပ်ဝန်ပိုးတစ်ခုကို ထမ်းရွက်ရင်း ​နေထိုင်လာခဲ့သည်။


"....."


ရှို့ဟန်က ကုယွီမြန်အတွက် ကိစ္စအ​တော်များများကို လုပ်​ပေးနိုင်စွမ်းရှိ၏။


စကြဝဠာတစ်ခုလုံးရှိ အနူးညံ့ဆုံးပိတ်စများကို ကုယွီမြန်၏​ခြေ​ဖဝါး​အောက်တွင် စုပုံခင်း​ပေးနိုင်ပြီး ကြယ်တာရာမြို့​တော်၏ အချမ်းသာဆုံး​နေရာများတွင် ကုယွီမြန်အတွက် မီးရှူးမီးပန်းများ ညပေါင်းများစွာ​ ပေးနိုင်သည်။ ထို့အပြင် ကုယွီမြန်အား အရင်းအမြစ်များနှင့် ​ပျော်စရာ​ကောင်းသည့် ရှုခင်းများပေါများသည့် ကြယ်အစုအ​ဝေးများ​ပေါ်သို့ ပို့​ပေးနိုင်ပြီး လူတိုင်အား အချိန်အ​တော်ကြာသည်အထိ သူ့နာမည်ကို ပြန်လည်​မှတ်မိ​နေ​စေမည်။


ရှို့ဟန်က 'အကြွင်းမဲ့နီးပါး' အာဏာရှိ​ပေ၏။


သို့​သော် သူက အနီးပတ်ဝန်းကျင်မှ လူများ၏ ချီးကျူးအား​ပေးမှုကိုခံရ​သော လူတစ်​ယောက်၊ ​ကောင်းသတင်းဖြင့်​ကျော်ကြားသည့် ချစ်သူတစ်​ယောက်၊ သာမန်အဖြစ်ဆုံး လူတစ်​ယောက်ဖြစ်​သော်လည်း ကုယွီမြန်၏ကြင်နာမှုနှင့် ထိုက်တန်သည့် လူတစ်​ယောက် ဘယ်​တော့မှ ဖြစ်လာနိုင်လိမ့်မည်မဟုတ်​ပေ။


လူအများအပြားက သူ့ကို ​ကြောက်ရွံ့ကြ၏။


ဒါဆို ကုယွီမြန်က​ရော...


ကုယွီမြန်​ရော ငါ့ကို ​ကြောက်ရွံ့သွားမှာလား...


သူက အတုအယောင်အလှတရားကိုသာ ခင်းကျင်းပြသထားသည့် ညံ့ဖျင်းစွာပြုလုပ်ထားသော ထုတ်ကုန်အတုတစ်ခုပင်။ ကြောက်လန့်ဖွယ်ရာ မျက်လုံးများရှိသည့် သူ့ချစ်သူက သူ့အတွက် အိမ်ဝယ်​ပေးခဲ့​သော်လည်း သူ အိမ်ပြန်သွားရမည်ကို ​ကြောက်လန့်​နေမိသည်။ အကြွင်းမဲ့အာဏာရှိ​သော ဧကရာဇ်က ထို '​ကြောက်လန့်ခြင်း' ခံစားချက်ကို ဘယ်​သောအခါမှ နားလည်လိမ့်မည်မဟုတ်​ပေ။


သူ့လည်​ချောင်းများ ​ခြောက်​သွေ့လာသည်။


သူ့​နောက်​ကျောသည်လည်း ​တောင့်တင်း​နေ၏။


အရိုးအဆစ်များမှာလည်း ​တောင့်တင်း​နေ​ပေသည်။


ရှို့ဟန် ကုယွီမြန်ကို ခဏမျှကြည့်လိုက်သည်။

"​ကြောက်စရာမရှိပါဘူး…မင်းက ဘာကို​ကြောက်​နေတာလဲ…"


ကုယွီမြန် မျက်ခုံးများကိုပင့်လိုက်ပြီး ရှို့ဟန်ကို ကြည့်ကာ တုံ့ဆိုင်းမှုမရှိဘဲ ​ပြောလိုက်၏။

"အမ်... ဒါဆို ငါမင်းကို စီးလို့ရလား…"


ကုယွီမြန်က ထိုစကားကို တည်တည်ငြိမ်ငြိမ်နှင့် ပြော​နေကျစကားကဲ့သို့ ​ပြောလိုက်မိ၏။


"....."


"....."


ဘန်း


ရှို့ဟန်၏လက်မှာ အ​ကြောဆွဲသလို လှုပ်ရှားသွားသည်။ ပြင်းထန်​သောအားတစ်ခုနှင့်အတူ သူ၏လက်​အောက်တွင်ရှိ​သည့် ခိုင်မာ​သောသစ်ပင် ပင်စည်ကိုချိုးပစ်မိသွား၏။


ဘဝအ​ကြောင်း၊ အချစ်အ​ကြောင်းနှင့်ပတ်သက်ပြီး အ​လေးအနက် ​တွေး​တောကြံရွယ်ထားမှုများအားလုံးကရုတ်တရက် ​ပျောက်ကွယ်သွားသည်။


ကုယွီမြန် "....."


ရှို့ဟန် ​ချောင်းတစ်ချက်ဟန့်လိုက်ပြီး သူ့နားရွက်တစ်ခုလုံးက နီရဲ​နေ၏။ သူ အ​ပေါ်သို့​မော့ကြည့်ပြီး​ ကုယွီမြန်ကို ​နောက်ထပ်ပြန်ငုံ့ကြည့်လိုက်သည်။

"ဘယ်လိုမျိုးစီးတာလဲ…"


သူ ဆိုလိုချင်တာက အဲဒီပုံစံလား...


ဒီ​နေရာမှာလား... အပြင်ဘက်ကြီးမှာလား...


ငါ ​စောဒကတက်မှာ မဟုတ်ဘူး၊ ဒါ​ပေမဲ့...


ကုယွီမြန် "....."


ကုယွီမြန်လည်း ခဏမျှ ဆွံ့အသွားပြီး သူ့ကိုယ်သူ ပြန်ထိန်းကာ ​ချောင်းတစ်ချက်ဟန့်လိုက်​၏။


မင်း တစ်ခုခုဆို ​လေး​လေးနက်နက် ​ပြောလို့မရဘူးလား... ဘယ်လိုလုပ် မင်းရဲ့ဦး​နှောက်က အဲဒီ​နေရာကိုပဲ ဘူတာသွားစိုက်​နေရတာလဲ...


ဘယ်လိုလုပ်ပြီး ချစ်စရာ​ကောင်းတဲ့ရှို့ဟန်က ဒီလိုအရာ​တွေကိုပဲ ​တွေး​နေရတာလဲ...


တစ်နာရီကြာပြီး​နောက် ခန့်ညားထင်ရှား​သော နှင်းကျားသစ်ကြီးတစ်ကောင်က သူ့​ကျော​ပေါ်တွင် ကုယွီမြန်ကို သယ်​ဆောင်ရင်း ကြယ်များကြား ပျံသန်းသွားခဲ့သည်။


နှင်းကျားသစ်ကြီးက နှင်းကျားသစ်​လေးကြီးပြင်းလာသည့်ပုံနှင့် တစ်ပုံစံတည်းပင်။ သို့​သော် ကုယွီမြန် စိတ်ကူးယဉ်ထားသည်ထက် ပို၍ခန့်ညား​ပေ၏။


နူးညံ့လှပကာ ကျက်သ​ရေရှိလှသည့် ​ငွေ​ရောင်အ​မွေးများ​ပေါ်တွင် အစင်း​ကြောင်းများနှင့် ဖုံးလွှမ်း​နေကာ သွယ်လျပြီးသန်မာ​သောခန္ဓာကိုယ်နှင့်အတူ သူ့မျက်လုံးအ​ရောင်က အ​ကောင်​ပေါက်​လေးဖြစ်စဥ်ကထက် ​အ​ရောင်​ဖျော့သွား၏။ သူ့မျက်ဆံများက မ​ပြောင်းလဲဘဲ ထိတ်လန့်စရာ​ကောင်းသည့် ​ငွေမှင်​ရောင်​ဖျော့​ဖျော့​လေးပင်။


သူက ကုယွီမြန် မြင်ဖူးနေကြ ​တောရိုင်းတိရစ္ဆာန်ကြီးများထက် ပို၍ကြီးမားလှ၏။


အလွန်လည်းခန့်ညား​ပေသည်။


တည်ငြိမ်သူ...


သူ့စကားများကိုလည်း နာခံ​သေးသည်။


ကုယွီမြန် သူ့လည်ပင်းကို ကိုင်ထားပြီး သူ၏ကြီးမားသော  အမွေးထူထူဦးခေါင်းကိုလည်း ပွတ်သပ်လိုက်သည်။


နှင်းကျားသစ်က သူ့အား တည်ငြိမ်သည့် အကြည့်တစ်ချက်ကို ​ပေးလာပြီး သူ၏​အေးစက်စက် မျက်လုံးများက အနည်းငယ် နူးညံ့ပျော့ပြောင်းလာကာ အနည်းငယ် ရှက်ကိုးရှက်ကန်းအမူအရာဖြင့် အဝေးသို့အကြည့်လွှဲလိုက်သည်။


၎င်းက လူအများစု၏ဘဝတွင် တစ်ခါမျှကြုံဖူးကြလိမ့်မည် မဟုတ်သည့်အရာပင်ဖြစ်၏။


မကြာသေးမီက နှင်းကျားသစ်နှင့် ကုယွီမြန်တို့သည် ​သေးငယ်လှ​သောမြစ်မှ ည​ကောင်းကင်တစ်ခွင်လုံး နူးညံ့တိတ်ဆိတ်​သော အပြာ​ရောင်ကြယ်များဖြင့် ပြည့်နှက်​နေသည့် မြင်ကွင်းတစ်ခုသို့ ​ရောက်ရှိသည်အထိ ပျံသန်းသွားခဲ့ကြသည်။ ထို့အပြင် ထိုး​ဖောက်မြင်ရ​သော အကာအကွယ်အတားအဆီးက အဆုံးသတ်မဲ့ စကြဝဠာကြီးဆီသို့ ဖြတ်သန်းသွားရာလမ်းတစ်​လျှောက်လုံးတွင် သူတို့ကို ကာကွယ်​ပေးထားခဲ့သည်။


ကမ္ဘာဂြိုဟ်၏အနီးတစ်ဝိုက်တွင် ဂြိုလ်များစွာရှိ​ပေ၏။


၎င်းက ချမ်းသာကြွယ်ဝပြီး တောက်ပကာ အဖော်မဲ့​နေ၏။


အားလုံးသော မှိတ်တုတ်မှိတ်တုတ် ကြယ်​လေးများက ရင်သပ်ရှု​မောဖွယ်​ကောင်းလောက်အောင် တောက်ပသော နဂါး​ငွေ့တန်းထဲတွင် အတူတကွ ရောယှက်နေခဲ့သည်။ နှစ်သန်း‌ပေါင်းများစွာကတည်းက စကြဝဠာ၏အနက်ရှိုင်းဆုံးနေရာမှ တိုက်ခတ်‌နေခဲ့သောလေများက ကုယွီမြန်၏နဖူးထက်သို့ ညင်သာစွာ ဖြတ်သန်းတိုက်ခတ်သွားခဲ့သည်။


"........."


"မင်း တခြားသူတစ်ယောက်ကို​ရော ဒီလို စီးနင်းခွင့်ပေးမှာလား…"


နှင်းကျားသစ်သည် သူ့ကို အချိန်ခဏကြာသည်အထိ ဘုကြည့်ကြည့်နေခဲ့ပြီး မကျေနပ်ကြောင်း အသံပြုကာ သူ့မျက်လုံးများသည် ပျင်းရိပြီးမာနကြီး​နေ၏။ 

ဘယ်သူက ကိုယ့်ကို စီးရဲတဲ့သတ္တိရှိလဲ...


သူ ကုယွီမြန်ကို ပြန်​ခေါ်သွားကာ ​စောင်ထဲတွင် သူ့ကို ဖိထားချင်ခဲ့သည်။


သို့​သော် သူသာ သ​ဘောကျလျှင် သူလုပ်ချင်သည့်ဘယ်အရာကိုမဆို လုပ်ပစ်​ပေလိမ့်မည်။


ကုယွီမြန်က သူ့အပိုင်ဖြစ်ပြီး သူ့အ​ပေါ် လွှမ်းမိုးထားနိုင်သည်။ သူ ဒူးထောက်ကာ သူ့ကိုနမ်းလိုက်၏။


သူက ကုယွီမြန် တစ်​ယောက်တည်းကိုသာ အလျှော့ပေးထား၏။


"ဟုတ်ပါပြီ ဟုတ်ပါပြီ…"

ကုယွီမြန် ပြုံးရယ်ကာ သူ၏အ​မွေးထူထူမေးစေ့လေးကိုကုတ်ခြစ်ပေးလိုက်သည်။


ကြယ်တာရာခေတ်ထဲမှာပင် ရှို့ဟန် လုပ်ဆောင်နိုင်သောအရာများက ကုယွီမြန် စိတ်ကူးယဉ်ထားသည်ထက် ပို၍ကျော်လွန်နေသည်။ မြင့်မားသောအမြန်နှုန်းဖြင့်လွတ်လပ်စွာ စကြဝဠာကြီးကို ဖြတ်သန်းပြီးခရီးသွားနိုင်သည်။ ကောင်းကင်ယံ၌ရှိနေစဉ် ထိခိုက်လွယ်သောလူသားများအတွက် သင့်တင့်မျှတသောအပူချိန်နှင့် အောက်စီဂျင်ပါရှိသော​နေရာတစ်ခုကို ဖန်တီးပေးနိုင်သည်။ ဥက္ကာခဲများနှင့် ဆုံတွေ့ချိန်မှာပင် သူဘာမှလုပ်စရာမလို​ပေ။ သူတို့ ဥက္ကာခဲများဆီသို့ ချဉ်းကပ်သွားလိုက်သည်နှင့် ဥက္ကာခဲများက သူ့အလိုလို အမှုန့်များအဖြစ်သို့ပြိုကွဲသွားသည်။


၎င်းက ရှည်လျားသည့်ခရီးတစ်ခု မဟုတ်ခဲ့​ပေ။ သူတို့ မတူညီသောဂြိုဟ်ခုနစ်ခုဆီသို့ သွား​ရောက်ခဲ့ကြသည်။


အချို့ဂြိုဟ်ပေါ်ရှိ ညဦးယံဆည်းဆာအချိန်တွင် ဈေးထဲရှိ ဒေသခံလူများ၏ဝတ်ရုံများကို ဝယ်ခဲ့ပြီး ရှို့ဟန်၏ ငွေရောင်ဆံပင်နှင့် အပြာရောင်မျက်လုံးများကို ဖုံးအုပ်ထားကာ ရိုးရှင်းပြီး သက်ဝင်မြူးကြွနေသောလမ်းများကို ပခုံးချင်းယှဉ်၍ ဖြတ်လျှောက်လာခဲ့ကြသည်။ မညီညာသောမျက်နှာပြင်ပေါ်တွင် သစ်ပင်သေများ၊ တိုက်ခတ်နေသောလေပြင်းများနှင့်အတူ ရှေးဟောင်းကမ္ဘာကဲ့သို့ မဖွံ့ဖြိုးသေးသော ဂြိုဟ်များလည်းရှိ​သေး၏။ ဉာဏ်ရည်မြင့်မားမှုမရှိဘဲ ရက်စက်ကြမ်းကြုတ်သော သက်ရှိများနေထိုင်သည့် ဂြိုဟ်များလည်းရှိ၏။


"မင်း နားရွက်တွေကို ​ပျောက်မသွား​အောင် ထိန်းထားနိုင်လား…"


ရှို့ဟန် ကုယွီမြန်၏စကားကို နားထောင်ပြီး လူသားပုံစံသို့​ပြောင်းလာသောအခါ သူ၏နူးညံ့သည့်နားရွက်များကို မ​ပြောင်းလဲဘဲ ချန်လှပ်ထားခဲ့သည်။


သူ၏ဆံပင်များလည်း ရှည်လာခဲ့ပြီး လှပသောငွေရောင်ဆံပင်များက သူ့ခါးဆီသို့ ဖြောင့်စင်းကျနေသည်။ ရှို့ဟန် ခေါင်းကိုငုံ့လိုက်ပြီး ကုယွီမြန်အား သူ့ဆံပင်ကို ကူချည်ပေးရန် ​တောင်းဆိုခဲ့သည်။ သူက စစ်ဝတ်စုံကို ဝတ်ဆင်ထားချိန်တွင် အေးစက်စက်နိုင်ပြီး တသီးတခြားနိုင်ကာ လှပ​နေ၏။ အထူးသဖြင့် အလွန်ဂုဏ်သိက္ခာရှိပြီး မာနကြီးသည့်အပြင် ကိုယ့်ကိုယ်ကိုယုံကြည်ချက်လည်း မြင့်မားလှကာ နူးညံ့ကြင်နာမှုက ကုယွီမြန် တစ်ယောက်တည်းအတွက်သာ ရည်ရွယ်​ပေသည်။


ဤဂြိုဟ်ပေါ်တွင် နေထိုင်သူမရှိဘဲ မိုင်ထောင်ပေါင်းများစွာ ရှည်လျားသော သဲသောင်ပြင်များသာ အမှောင်ထုထဲတွင် တရှဲရှဲ​ရွေ့လျားနေသည်။


ကုယွီမြန် လက်ကို အနည်းငယ်မြှောက်လိုက်ပြီး ရှို့ဟန်၏ဆံပင်နှင့် အင်္ကျီကော်လံကို သပ်သပ်ရပ်ရပ် ဖြစ်သွားအောင် ကူညီပေးခဲ့သည်။ ရှို့ဟန် သူ့ခေါင်းကို ကို့ယို့ကားယားနိုင်စွာ ငုံ့ထားခဲ့ပြီး သူ၏နားရွက်အစုံသည်လည်း ထူးခြားလိမ္မာစွာဖြင့်ကုပ်နေသည်။


ထိုအချိန်တွင် ကုယွီမြန်နောက်ရှိ သဲသောင်ကမူမှ လောဘတကြီး ​စောင့်ကြည့်​နေသည့် သတ္တဝါတစ်ကောင် ချဉ်းကပ်လာခဲ့သည်။


ကုယွီမြန်က ကျယ်​လောင်အသံတစ်သံကိုသာ ကြားလိုက်ရပြီး​နောက် သူ့မျက်လုံးများမှာ ရှို့ဟန်၏ဖုံးအုပ်လိုက်ခြင်းကိုခံလိုက်ရပြီး သူမြင်ရသည့် မြင်ကွင်းတစ်ခုလုံးသည်လည်း အမှောင်ကျသွား၏။


ထို့​နောက် နှာခေါင်းထိပ်ဖျားမှ သွေးညှီနံ့ကို ရှူရှိုက်မိသွားသည်။


ကုယွီမြန် ​​မေးလိုက်၏။

"ရှို့ဟန်…"


ရှို့ဟန် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ခဲပြာ​ရောင် မျက်လုံးများက အသက်မဲ့​နေ​သော အ​ရောင်အ​သွေးများဖြင့် ​​လင်းလက်​နေ၏။


အဲဒီသတ္တဝါက ဟိုးအရင်ကတည်းက မျိုးတုံးပျောက်ကွယ်သွားသင့်ပြီလေ… ဘာလို့ ဒီနေရာမှာရှိနေ‌တာလဲ... ရှေးဟောင်းကမ္ဘာနားက ဒီလိုမျိုးစွန့်ပစ်ထားတဲ့ဂြိုဟ်လိုနေရာမျိုးမှာလား...


ရှို့ဟန် ပြန်​ဖြေလိုက်၏။

"ဒါက ဆင့်ပွားဇာ့ဂ်ပဲ သူ သေသွားပြီ…မကြောက်နဲ့​တော့…"



🐯🐯🐯