🐯Chapter 131
နှင်းကျားသစ်လေးသည်လည်း အိပ်ပျော်သွားသည်။ သို့သော် သူက ကောင်းကောင်းအိပ်ပျော်သည့်ပုံမပေါ်ပေ။ မျက်နှာသေးသေးလေးနှင့်အတူ သူ့လက်များက ကုယွီမြန်၏လည်ပင်းပေါ်တွင် တင်းကျပ်စွာ ဖိထားပြီး သူ့အား ဆုံးရှုံးသွားမည်ကို ကြောက်နေသည့်ပုံပင်။
"ထွမ်ထွမ်…"
ကောင်စုတ်ကလေး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလား သေချာစေရန် ကုယွီမြန် နှစ်ကြိမ်မျှခေါ်လိုက်သည်။ နှင်းကျားသစ်လေး အဘယ်ကြောင့် မပျော်မရွှင်ဖြစ်နေသည်ကို သူ မသိပေ။ ကုယွီမြန်က နှင်းကျားသစ်လေး၏မေးစေ့ကို ညင်သာစွာ ပွတ်သပ်ပေးပြီးနောက် ကျောပြင်လေးကို ပုတ်ပေးလိုက်သည်။
ထို့နောက် စုန်းမဂျန်နီ သူ့ဆီသို့ ပေးပို့လာသောစာကို ထုတ်ကာဖွင့်ဖတ်လိုက်သည်။
[ဟဲလို မစ္စတာကု
ဒီနေ့တော့ ရှင် သိကိုသိထားရမဲ့ အကြောင်းအရာတွေကို ပြောပြပေးဖို့ စာရေးလိုက်တာပါ။ ကျွန်မ ဒီစာကိုရေးခဲ့တာ ကြာပြီဖြစ်ပေမဲ့ ရှင် ဖတ်ကြည့်လိုက်တဲ့အခါကျရင် အောက်မှာပြောထားတဲ့စာကြောင်းတိုင်းက စစ်မှန်တယ်ဆိုတာ သေချာပါတယ်။
ကမ္ဘာကြီးရဲ့ကံကြမ္မာက ရှင်နဲ့အရမ်းနီးနီးကပ်ကပ်ကို ဆက်နွယ်နေတယ်။ ရှင်က သန်မာပါတယ်။ ရှင် ထင်ထားတာထက်တောင် သန်မာသေးတယ်။ ဒါကြောင့် မကြောက်ပါနဲ့။]
သန်မာတာလား...
အားနည်းရာမှ သန်မာလာခြင်း...
ထိုစကားလုံးက သူကိုယ်တိုင်နှင့် ဘယ်သောအခါကမှ ဆက်စပ်မှုမရှိခဲ့သည့် စကားပင်ဖြစ်၏။ သူ့အဖိုးအဖွားများ အပါအဝင် သူကိုယ်တိုင်၏ သူ့အပေါ်အကဲဖြတ်မှုက နူးညံ့တည်ငြိမ်ပြီး စိတ်ရှည်ကာ နှစ်လိုဖွယ်ကောင်းပေသည်။ ၎င်းတို့ထဲမှအများစက အကောင်းမြင်တတ်ခြင်းဖြစ်ပြီး 'သန်မာခြင်း' က မပါဝင်ခဲ့ပေ။
ထို့အပြင် ဂျန်နီက နောက်ထပ်အကြောင်းအရာတစ်ခုကို ရေးသားထားသေးသည်။ သူမ လုပ်ခဲ့သည့်အရာများနှင့် စာထဲတွင်ရေးသားထားသော အရာများကို သူမ ပြုလုပ်ခဲ့ပြီးနောက် ဖြစ်ပျက်ခဲ့သည့်အရာများကိုရေးသားထားသည်။ ထိုအရာများက ကုယွီမြန်၏စိတ်ကူးယဉ်ကြည့်နိုင်စွမ်းထက် ကျော်လွန်သွားပြန်သည်။
"....."
စာ၏အဆုံးသတ်တွင် သူမ ရေးသားထားသည်မှာー
[မစ္စတာကု၊ ကျွန်မ ခန့်မှန်းတာမှန်မယ်ဆိုရင် ရှင်ရဲ့အနီးတဝိုက်မှာ ဖုံးကွယ်ထားတဲ့ မုသားတစ်ခုနဲ့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲက မပြည့်ဝခဲ့တဲ့ဆုတောင်းတစ်ခုရှိတယ်။ နောက်ပြီး ကလေးနှစ်ယောက်က အကူအညီလိုအပ်နေတယ်။
နောက်ဆုံးအနေနဲ့ ကျွန်မ ရှင့်အတွက် ကြိုပြီးဂုဏ်ပြုစကား ဆိုထားချင်တယ်။ မကြာခင် မုသားတွေက ပေါ်ပေါက်လာပြီး ဆုတောင်းက အမှန်တကယ် ဖြစ်လာလိမ့်မယ်။ နောက်ပြီး ကလေးတွေလည်း ဘေးကင်းသွားလိမ့်မယ်။]
ကုယွီမြန် "ဘယ်လို..."
မုသားတစ်ခု၊ ဆုတောင်းတစ်ခုနဲ့ အကူအညီလိုအပ်တဲ့ ကလေးနှစ်ယောက်တဲ့လား...
'အကူအညီလိုအပ်တဲ့ကလေးများ' ဆိုသည်မှာ မြေခွေးလေးနှင့် ဟက်စကီလေးကို ရည်ညွှန်းခြင်းဖြစ်လိမ့်မည်။
မြေခွေးလေးက သိပ္ပံအကယ်ဒမီကျောင်း၏ အကြီးအကဲဖြစ်ကြောင်း ကုယွီမြန် သိထားသည်မှာ ကြာပြီဖြစ်၏။ သိပ္ပံအကယ်ဒမီကျောင်းကို သွားရောက်လည်ပတ်ပြီး နောက်တစ်နေ့တွင် အထက်တန်းစားနယ်မြေတွင် သူပေါ်လာခဲ့ခြင်းကြောင်း ၎င်းကို မှန်းဆရန်မခက်ခဲလှပေ။
သို့သော် အခြေအနေကို ကုယွီမြန် စစ်ဆေးစုံစမ်းပြီးနောက် မြေခွေးလေး၏အကျိုးအတွက် စဉ်းစားကာ မဖော်ထုတ်ခဲ့ပေ။
မြေခွေးလေး၏စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာပြဿနာများ၊ ဟက်စကီလေး၏ စာရေးရန်စိတ်ကူးစိတ်သန်းများ အတားအဆီးဖြစ်နေခြင်းများ၊ ၎င်းတို့က စုန်းမ ရည်ညွှန်းပြောဆိုသော 'အကူအညီလိုအပ်တဲ့ကလေးများ' ဖြစ်နိုင်သည်။ ထိုသဘောထားအတိုင်းဆိုလျှင် နှင်းကျားသစ်လေးနှင့် ထန်ယွမ်လေးတို့က 'မုသားနှင့်ဆုတောင်း' ဖြစ်ပေလိမ့်မည်။
ကုယွီမြန်၏ဦးနှောက်က အနည်းငယ် ရှုပ်ထွေးသွားရ၏။ ရှုပ်ထွေးမှုများထဲတွင် သဲလွန်စချည်မျှင်အချို့ကို ရရှိခဲ့သော်လည်း သူ ၎င်းတို့ကို ဖမ်းဆုပ်မထားနိုင်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ယောက်က သူ့အား မေ့သွားစေချင်သည့် အကြောင်းအရာများရှိနေခြင်းကြောင့်ပင်။
"နောက်ကျမှ အဲဒီအကြောင်းကို ဆက်စဉ်းစားလိုက်တော့မယ်…"
စုန်းမဂျန်နီမှာ ကုယွီမြန်က 'သန်မာတယ်' ဟူသောအချက်ကို မေးခွန်းထုတ်လိမ့်မည့်ဆိုသည်အား ခန့်မှန်းမိသည်။ ထိုကြောင့် စာထဲတွင် စစ်ဆေးနိုင်မည့်နည်းလမ်းကို ကုယွီမြန်အား ပြောပြပေးခဲ့သည်။
နှင်းကျားသစ်လေးက အိပ်မက်ဆိုးများ မက်နေသည်။ သူ့လက်ကလေးများဖြင့် ကုယွီမြန်၏လက်ဖဝါးကို စိတ်သောကရောက်စွာ ဖျစ်ညှစ်လိုက်ပြီးနောက် လည်ပင်းနှင့်နားရွက်များကို ဖျစ်ညှစ်လိုက်သည်။ ကုယွီမြန်၏တည်ရှိမှုကို အတည်ပြုပြီးမှသာ နှင်းကျားသစ်လေးက အနည်းငယ် စိတ်သက်သာရာရသွားသည့်ပုံပေါ်သော်လည်း သူ့ခန္ဓာကိုယ်တစ်ခုလုံးက တောင့်တင်းနေကာ ကုယွီမြန်၏ရင်ခွင်ထဲတွင် ခွေအိပ်နေသည်။
ထို့နောက် ကုယွီမြန် သူ့ကိုချီထားရင်း အိပ်ရာမှထကာ ပြတင်းပေါက်အပြင်ဘက်သို့ လျှောက်သွားလိုက်သည်။ ရှုခင်းကြည့်သည့်စင်္ကြန်လမ်းမှ သင်္ဘောကုန်းပတ်ပေါ်သို့ ခြေချလိုက်ပြီး သူ့နောက်ရှိသစ်သားတံခါးကို ညင်သာစွာပိတ်လိုက်သည်။
နှင်းကျားသစ်လေး၏နောက်ကျောတစ်လျှောက် ပွတ်ပေးပြီး ကုယွီမြန် နူးညံ့စွာ ချော့မြူနေလိုက်ပြီး တစ်ချိန်တည်းမှာပင် စုန်းမဂျန်နီ၏ပြောစကားအရー
[ရှင့်ရဲ့မျက်လုံးတွေကို မှိတ်ထားပြီး ရှင်က အနက်ရှိုင်းဆုံးသမုဒ္ဓရာကြမ်းပြင်မှာ လုံးဝနစ်မြုပ်နေတယ်လို့ စိတ်ကူးယဉ်ကြည့်လိုက်...]
အရင်က ထိုကဲ့သို့မြင်ကွင်းမျိုးကို စိတ်ကူးယဉ်ကြည့်ရန်မှာ ကုယွီမြန်အတွက် ခက်ခဲခဲ့သော်လည်း ယနေ့တွင် အများကြီးအားထုတ်စရာမလိုဘဲ 'ပင်လယ်ထဲသို့နစ်မြုပ်ခြင်း' ဖြစ်စဉ်ကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့သည်။ ကုယွီမြန် သူ့ကိုယ်သူ စိတ်ကူးယဉ်မှုထဲသို့ လုံးဝပြီးပြည့်စုံစွာ အစားထိုးနိုင်ခဲ့သည်။ လှိုင်းများ၊ ရေပူဖောင်းများ၏အသံများက နားစည်ကိုရိုက်ခတ်လာပြီး အရေပြားက ရေဖိအားနှင့်စိုစွတ်မှုကို ခံစားမိကာ ကမ္ဘာကြီးတစ်ခုလုံးက မည်းမှောင်သည်ထက် မည်းမှောင်လာပြီး ထို့နောက်ー
ခဏအတွင်းမှာပင် အရာအားလုံး ရုတ်တရက် လင်းထိန်သွား၏။
နွားနို့အိုးနှင့်နွားနို့ပုလင်းများ တိုက်မိကုန်ကြပြီး 'ဒင်းဒေါင်' ဟူသော အသံကိုဖြစ်စေသည်။ စားပွဲပေါ်တွင်တင်ထားသောစာရွက်က လေမတိုက်ဘဲ အလိုလိုလှုပ်ရှားသွားသည်။ ပြတင်းပေါက်အပြင်ဘက်ရှိ ပင်လယ်ရေက အဆက်မပြတ်သောလှိုင်းလုံးများကို ဖြစ်ပေါ်စေသည်။ ပင်လယ်ရေအောက်မြို့တော်ရှိ လူများအားလုံး ရပ်တန့်ကုန်ကြပြီး အပေါ်သို့မော့ကြည့်လာကြသည်။
အားကောင်းပြီး အံ့အားသင့်ဖွယ်လေထုက နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
၎င်းက အားကောင်းပြီး သာမန်မျက်လုံးဖြင့် မြင်တွေ့နိုင်သော်လည်း အလွန်နူးညံ့ကာ အန္တရာယ်မပေးတတ်သည့်ပုံပေါ်၏။ မြေခွေးလေး၊ ထန်ယွမ်လေးနှင့် ဟက်စကီလေးတို့က ငြိမ်းငြိမ်းချမ်းချမ်းဖြင့် အိပ်ရာပေါ်တွင် အိပ်ပျော်နေဆဲပင်။
ကုယွီမြန်၏ရင်ခွင်ထဲတွင် ခွေအိပ်နေသော နှင်းကျားသစ်လေးက ပို၍တင်းကျပ်စွာ မျက်မှောင်ကြုတ်လိုက်သည်။
သူ အိပ်မက်မက်နေခဲ့သည်ပင်။
၎င်းက အိပ်မက်ဆိုးလည်း မဟုတ်သလို၊ အိပ်မက်ကောင်းလည်း မဟုတ်ပေ။
"....."
လွန်ခဲ့သောနှစ်ပေါင်းများစွာက တော်ဝင်မိသားစုတွင် အချိန်အတော်ကြာသည်အထိ လွတ်လပ်စွာလက်ထပ်ခွင့်မရှိပေ။ အဘယ်ကြောင့်ဆိုသော် အင်ပါယာက ဇာ့ဂ်များနှင့် နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် တိုက်ပွဲဖြစ်နေသောကြောင့်ပင်။ စွမ်းအားအကြီးဆုံးတော်ဝင်မိသားစုဆိုသည်မှာ အင်ပါယာ၏အနာဂတ်ပင်ဖြစ်၏။ အကယ်၍ တော်ဝင်မိသားစုသာ ၁၀၀ ရာခိုင်နှုန်း လိုက်ဖက်ညီနှုန်းရှိသည့် လူများနှင့်ပေါင်းစပ်နိုင်လျှင် သူတို့၏ခွန်အားက ပို၍ကြီးထွားလာပေလိမ့်မည်။
တော်ဝင်မိသားစုနှင့် ၁၀၀ ရာခိုင်နှုန်း ကိုက်ညီသည့် လက်တွဲဖော်များက မကြာခဏဆိုသလို အထက်တန်းလွှာအသိုင်းအဝိုင်းတွင် ပေါ်ထွက်လာတတ်သည်။ လိုက်ဖက်ညီနှုန်းသာ ၁၀၀ ရာခိုင်နှုန်းဆိုလျှင် သူတို့အချင်းချင်း ချစ်မြတ်နိုးသည်ဖြစ်စေ၊ မမြတ်နိုးသည်ဖြစ်စေ အကြောင်းမဟုတ်တော့ပေ။ ၎င်းက မြောက်မြားစွာသော ရည်ရွယ်ချက်ရှိရှိလက်ထပ်ပွဲများကို ဦးတည်ဖြစ်ပေါ်စေခဲ့သည်။ ရှို့ဟန်၏မိဘများသည်လည်း ထိုကဲသို့လုံးဝလိုက်ဖက်ညီပြီး သနားစရာကောင်းသည့်စုံတွဲတစ်တွဲဖြစ်ပြီး သူသည်လည်း ထိုသို့သောလက်ထပ်ပွဲ၏ သားကောင်ဖြစ်လာခဲ့ရ၏။
တော်ဝင်မိသားစုထဲတွင် မကြာခဏဆိုသလို "မျိုးရိုးလိုက်ခြင်း" က ၁၀၀ ရာခိုင်နှုန်း လိုက်ဖက်ညီသည့်လူနှင့် တွေ့ဆုံလျှင် ခန္ဓာကိုယ်အရွယ်အစား သေးငယ်သွားခြင်းနှင့် စိတ်ခွန်အားက မွေးကင်းစကလေးတစ်ယောက်အခြေအနေသို့ ပြောင်းလဲသွားခြင်းကိုဆိုလိုသည်။ သူက လက်ထပ်ခြင်းနှင့်အချစ်ကို အလွန်ငြင်းဆန်လေ့ရှိပြီး "လိုက်ဖက်ညီနှုန်း"၊ "ကံကြမ္မာကကြိုတင်သတ်မှတ်ထားသော လက်တွဲဖော်" နှင့် "မျိုးရိုးလိုက်ခြင်း" ဟူသည့်အရာများအား ပို၍ပင် လက်မခံခဲ့ပေ။
လွန်ခဲ့သည့်လအနည်းငယ်က ကြယ်တာရာမြို့တော်မှ ကြယ်သင်္ဘောတစ်စီးက တာ့ခ်ဂြိုဟ်ပေါ်သို့ ဆင်းသက်လာခဲ့သည်။
သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် မျိုးရိုးလိုက်ခြင်းဖြစ်စဉ်ကို ကြုံတွေ့ခဲ့ရသည်။
သူ ကလေးတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ရှို့ဟန်က စွမ်းအားအလုံအလောက်မရှိသည့် ခံစားချက်ကို အလွန်မုန်းတီးပေ၏။ သို့သော် သူ့ကို ပိုပြီးစိတ်အနှောင့်အယှက်ဖြစ်စေသောအရာမှာ သူအလိုရှိသည့် တစ်ခုတည်းသောအရာက သူ့အနားတွင်ရှိမနေခြင်းပင်ဖြစ်၏။ ထို့အပြင် စိတ်ဝိညာဉ်၏ဆွဲငင်မှုနှင့် နှာခေါင်းတစ်ဝိုက်ရှိ အသက်ရှူသံနှင့် ကိုယ်အပူချိန်တို့က ထိုလူကိုရှာဖွေရန်နှင့် လွှမ်းမိုးချုပ်ကိုင်ကာ အပိုင်သိမ်းရန် ဆွဲဆောင်နေပေသည်။
မလွတ်စေနဲ့... သူ့ကို အလွတ် မပေးနိုင်ဘူး…
စိတ်သောကရောက်ကာ အနားမရဘဲ ပိုင်ဆိုင်လိုသောစိတ်ဆန္ဒများက အသက်ရှူနေသကဲ့သို့ သွေးကြောထဲသို့ဝင်ရောက်သွားပြီး တိုးပွားပျံ့နှံ့လာကာ လေပြင်းနှင့်လှိုင်းလုံးများ ဖြစ်ပေါ်လာခဲ့သည်။
"....."
ထိုအချိန်တွင် ကုယွီမြန်၏ခံစားချက်ကို ဖော်ပြရန် ခက်ခဲလှသည်။
ကမ္ဘာကြီးတစ်ခုလုံးက သူ့မျက်လုံးထဲတွင် အလွန်ရှင်းလင်းလာပြီး တိကျပြတ်သားလာသည်။ ထောင်ပေါင်းများစွာသော အကွာအဝေးမှ ရေလှိုင်းဂယက်လေးများကို မြင်နိုင်ပြီး ရေပြင်ပေါ်ရှိလှိုင်းလုံးများကို အလွယ်တကူ လိပ်နိုင်ကာ သူ စိတ်ကူးယဉ်ကြည့်သည့် ဘယ်အရာမဆို ပြုလုပ်နိုင်သည်။
သူမျက်လုံးများ မှိတ်ထားသော်လည်း မြေခွေးလေးက အိပ်ချင်မူးတူးဖြင့် အိပ်ရာအစွန်းသို့ လှိမ့်သွားသည်ကို မြင်နေရသည်။ သူ မြေခွေးလေးကို လွယ်လင့်တကူပင် 'ကောက်ယူ' လိုက်ပြီး အိပ်ရာပေါ်တွင် ပြန်ချပေးထားလိုက်သည်။
အလွန်ဆန်းသစ်လွန်းလှ၏။
ကုယွီမြန်က ပထမဆုံးအကြိမ် လမ်းလျှောက်သင်နေသည့် ကလေးတစ်ယောက်ကဲ့သို့ပင်။ အံ့အားသင့်သွားသော်လည်း ကြောက်ရွံ့ခြင်းကို မခံစားရပေ။ သူ လုပ်နိုင်မည့်အရာများကိုပင် စမ်းသပ်ချင်လာပြီး သိချင်လာမိသည်။
ထိုအချိန်တွင် သူ့အပေါ်ဘက် ခပ်ဝေးဝေးမှ ဖိအားလှိုင်းတစ်ခုက အရပ်မျက်နှာပေါင်းစုံသို့ ကင်းစင်သွားခဲ့သည်။ ပြတင်းပေါက်ကိုဖြတ်ကာ ဝင်ရောက်လာသော အလင်းရောင်နှင့် ပင်လယ်ကြမ်းပြင်၏အရိပ်က တောက်ပစွာဖြာကျနေပြီး သူတို့၏ခြေထောက်နား၌ ဘယ်ညာယိမ်းနေသည်။
နောက်တစ်စက္ကန့်တွင် သွယ်လျကာအေးစက်သော လက်တစ်စုံက ကုယွီမြန်၏လက်ကို ဆုပ်ကိုင်ထားကာ သူ့ကိုရင်ခွင်ထဲသို့ဆွဲသွင်းလိုက်ပြီး ကုယွီမြန်၏ညှပ်ရိုးနှင့် မေးစေ့ကို ပုံမှန်နှင့်မတူသောအနမ်းတစ်ခုဖြင့် တံဆိပ်ခတ်နှိပ်လာသည်။
သူ့ညှပ်ရိုးပေါ်ရှိ နှင်းဆီနှင့်ဓားတို့က ပူလောင်လာပြီး အနီရင့်ရောင်အဖြစ် လောင်ကျွမ်းသွားသည်။
ကုယွီမြန် ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး သူ့ရှေ့မှလူကို မော့ကြည့်လိုက်သည်။
ထိုလူက အရပ်ရှည်ပြီး ငွေရောင်ဆံပင်များရှိကာ ခဲပြာရောင်မျက်လုံးများ၊ နှာတံမြင့်မြင့်နှင့်အတူ မျက်မှောင်ကြုတ်ထားသည်။
"....."
အလင်းတန်းတစ်ခု ဖျတ်ခနဲလင်းလက်သွားပြီး တစ်ချိန်တည်းမှာပင် အတင်းအကျပ် လျစ်လျူရှုထားရန် ဖိအားပေးခံထားရသော သဲလွန်စများအားလုံးက အတွဲလိုက်ဆက်စပ်မိသွားသည်။ ကုယွီမြန် အံ့ဩလွန်း၍ ပါးစပ်ကိုဟကာ နှစ်ကြိမ်မျှ အသက်ရှူလိုက်သည်။ သူ့ သူငယ်အိမ်များမှာ ကျုံ့ဝင်သွားပြီး တီးတိုးရေရွတ်လိုက်သည်။
"မင်းက ထွမ်ထွမ်လား…"
🐯🐯🐯