🐯Chapter 130
ကုယွီမြန်၏စကားများကို ကြားရသောအခါ လင်းပိုင်လေး၏အမြီးရေယက်က တောင့်တင်းသွားသည်။ သူမက ကုယွီမြန်ကိုကြည့်ပြီး ရိုးသား၍ သနားစရာပုံစံဖြစ်အောင် ကြိုးစားခဲ့သည်။ သို့သော်လည်း ယခုအချိန်တွင် ကုယွီမြန်က သူမနှင့်ပတ်သတ်ပြီး စိတ်ရှုပ်ထွေးနေကာ သူက အလေးအနက်ဖြစ်နေဆဲပင်။
လင်းပိုင်လေးက လုံးဝစိတ်ဓါတ်ကျသွားခဲ့သည်။ သူမ၏ အမြီးရေယက်က ရေပြင်အားရိုက်ပြီး ပူဖောင်းအစုအဝေးကိုထုတ်လိုက်သည်။
ဒီလူက ဘာမှလည်းမသိဘူး...
ကီဗူလုလု ဒေါသထွက်စွာ စိတ်ဓါတ်ကျစွာတွေးတောနေခဲ့သည်။ ကုယွီမြန်မှာ အခြားလူများနှင့် ကွဲပြားလိမ့်မည်ဟု
ထင်ခဲ့သော်လည်း မဟုတ်ခဲ့ပေ။
သူတို့က ငါ့ကို လုံးဝ မသိကြဘူး...
ကီဗူလုလု၏မိခင်က လှပသော တရုတ်လင်းပိုင်ဖြူဖြစ်ပြီး သွယ်လျသောကိုယ်ခန္ဓာနှင့် လှပသောအသွင်အပြင်ရှိကာ ကြယ်တစ်ခုလုံးတွင် နာမည်ကြီးစူပါမော်ဒယ်တစ်ဦးဖြစ်သည်။ သို့သော် သူမအမေနှင့် မတူစွာ သူမအဖေ၏ မျိုးနွယ်က ရုပ်ရည်ကြည့်မကောင်းသည့် သာမန်အဖြစ်ဆုံး
ငါးကြင်းဖြစ်သည်။
သူမ၏အမေက အမှန်တကယ် ထက်မြက်ပြီး လှပသည်။သူမက ကီဗူလုလု၏မျက်လုံးများတွင် အမြဲတောက်ပနေခဲ့သည်။ ငယ်စဥ်ကလည်း အမေဖြစ်သူက သူမအတွက် ဖဲပွင့်လေးအားချည်ထိုးပေးဖူး၍ ၎င်းကို ယခုထိ သူမခေါင်းပေါ်တွင် ဝတ်ဆင်ထားသည်။
သူမ အသက်သုံးနှစ်အရွယ်တွင် သူမ၏မိဘများ ကွာရှင်းခဲ့သည်။ သူမက စွမ်းရည်မနိုးထသေးသောကြောင့်၊ သူမ၏ အဖေက ရွက်ကြမ်းရည်ကျိုဖြစ်သောကြောင့်၊ သို့မဟုတ် သူမအဖေ၏ အမှိုက်များကို အမွေဆက်ခံထားသောကြောင့် လူများ၏ အာရုံကို ဆွဲဆောင်နိုင်သည်အထိ မကောင်းသောကြောင့်...စသဖြင့် ထိုအကြောင်းအရင်းများစွာကြောင့်ဖြစ်သည်။
လုံလောက်စွာပိန်ပြီးလှပကာ ထက်မြက်၍ ချစ်စရာကောင်းသည့် ကလေးများရှိသည်။
ထို့ကြောင့် သူမက လှပစေရန် ကြိုးစားခဲ့ရာ လူအများက အမှန်တကယ် စတင်ချစ်ခင်လာခဲ့ပြီး သူမ၏စိတ်ကူးအား အတည်ပြုနိုင်ခဲ့သည်။
သူမက ပိုမိုလှပပြီး ပိုမိုတောက်ပြောင်လာစေရန် စတင်ကြိုးပမ်းခဲ့သည်။ သူမအသက် ခုနစ်နှစ်အရွယ်တွင်အစာငတ်ခံကာ သတ်သေမည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် သူမအဖေက သူမအား အဆိုတော်တစ်ယောက်ဖြစ်လာရန်ခွင့်ပြုပေးခဲ့သည်။ သို့သော် သူမအဖေက တွန့်ဆုတ်စွာဖြင့် သဘောတူညီချက်ပြုလုပ်ခဲ့ရခြင်းဖြစ်သည်။
သို့သော် အချို့ပရိသတ်များက သူမ၏အရောင်မှာ ကြည့်မကောင်းသလို အလွန်ဝသည်ဟု ဆိုကြသည်။ အန္တရာယ်ရှိသော ပါဝင်ပစ္စည်းများပါသော အမှုန့်ခရင်မ်ဖြင့် သူမ၏ မီးခိုးရောင်ခန္ဓာကိုယ်ကို အဖြူရောင်အဖြစ်သို့ ပြောင်းလဲချင်ခဲ့ကာ အသားမျှင်ပါးများကို နေ့တိုင်းစားချင်ခဲ့သည်။
သူမ၏အဖေက ခွင့်မပြုဘဲ တားဆီးသဖြင့် အိမ်မှ ထွက်ပြေးလာခဲ့သည်။
အဖေကဘာလဲ...သူက ဘာသိလို့လဲ...သူက ငါးကြင်းတစ်ကောင်ပဲဟာကို..ဘယ်လိုဆွဲဆောင်မှုရှိမှ အချစ်ခံရမယ်ဆိုတာ သူ မသိပါဘူး...
ဒါပေမဲ့ ဘာလို့လဲ...
လင်းပိုင်လေးက သူမ၏အမြီးအားလှုပ်ပြီး သူမ၏မျက်လုံးများတွင် မျက်ရည်များဖြင့် ပြည့်နေသည်။ သူမက ကုယွီမြန်နှင့် သူ့ဘေးမှ ကလေးလေးယောက်ကို ကြည့်လိုက်သည်။
မြေခွေးလေးက ပိန်ပိန်သေးသေးသေးလေး၊ ဟက်စကီးလေးက ရူးကြောင်ကြောင်နဲ့၊ ထန်ယွမ်လေးက အရမ်းဝတယ် ပြီးတော့ နှင်းကျားသစ်လေးမှာက ရက်စက်တဲ့မျက်လုံးတွေရှိတယ်....သူတို့ကလုံးဝ မပြည့်စုံ မတောက်ပကြဘူး... ဒါဆို သူတို့ကဘာလို့ လူတွေနဲ့ ကုယွီမြန်ရဲ့အချစ်ခံနေရတာလဲ...
သူမအတွက်မူ သူမပရိသတ်များမှအချစ်မှာ ကွဲပြားသည်။လိုအပ်ချက်များ ပြစ်ချက်များမရှိပေ။ ကီဗူလုလုသည်လည်း ယခုကဲ့သို့အချစ်ခံချင်သည်။ သူမကလည်း သူမအတွက် အထူးပြင်ဆင်ပေးထားသည့် ချစ်စဖွယ် လက်အိတ်ကလေးဝတ်ချင်သည်။ သူမ အေးလျှင် ပူလျှင် သူမအားဂရုစိုက်မည့် တစ်စုံတစ်ယောက်အား လိုချင်သည်။ သူမ ရူးသွပ်သွားတော့မည်ဟု ထင်မိသည်။
ထိုအခိုက်အတန့်တွင် ကုယွီမြန်က သူမအား ထိုမျှချစ်လိမ့်မည်မဟုတ်ကြောင်း ကီဗူလုလု နောက်ဆုံးတွင် ရှင်းလင်းစွာ နားလည်သွားခဲ့သည်။ သို့သော် သူမက ဤနေရာတွင် အနည်းငယ်ပို၍ကြာအောင် နေချင်သေးပြီး ဤကဲ့သို့ မိသားစုနှင့်ခံစားချက်အား နီးနီးကပ်ကပ်ရှိနေချင်သေးသည်။
"ဂူး..."
လင်းပိုင်လေး၏အမြီးက ရေချိုးကန်၏အစွန်းအားပွတ်ပြီးဆီးနှင်းရောင်အဖြူများက အနည်းငယ် အရောင်ကျွတ်သွားပြီးအောက်မှ နက်ပြာရောင်ပေါ်ထွက်လာသည်။ အရောင်မှာ မှိန်ပြီး ရုပ်ဆိုးသည်။ သူမ၏အမြီးရေယက်အား
သူမနောက်တွင် ချက်ချင်းဖွက်လိုက်ပြီး ရေချိုးကန်ထောင့်သို့ ကွေးသွားသည်။
"ဒါက အရမ်းကောင်းတာပဲ..."
လင်းပိုင်လေး ကြက်သေသေသွားသည်။
သူမက ကုယွီမြန်အားကြည့်လိုက်သည်။ ကုယွီမြန်၏က ရေကန်အစွန်းတွင်ထိုင်ပြီး သူမကိုသူ၏လက်ပတ်ကွန်ပျူတာမျက်နှာပြင်အား ပြလိုက်သည်။
"ငါမပြောခဲ့ဘူးလား...မင်းမှာ မင်းအဖေနဲ့ ပရိသတ်အများကြီးရှိနေတယ်လို့..."
[လုလုက အရမ်းလှတဲ့ မီးခိုးရောင်ပဲ... အဲ့ဒါကလူတွေကို မိုးသည်းစွာရွာတဲ့အချိန်ရဲ့လေကို သတိရမိစေတယ်...]
[ဒီလို ခန္ဓာကိုယ်အချိုးအစားက မဆိုးဘူး...အရမ်းချစ်ဖို့ကောင်းတယ်...ချယ်ရီသီးလေးလိုပဲ...]
[လုလုက ပိန်ပိန် ဝဝ ကြည့်ကောင်းတယ်...ကိုယ့်ကိုကိုယ်တွန်းအားမပေးပါနဲ့...]
[ငါ့သမီးလေးလုလုက ငါ့ရဲ့ဂုဏ်ဆောင်လေးပဲ...]
ငါ့သမီးလေးလုလုက ငါ့ရဲ့ဂုဏ်ဆောင်လေးပဲ...
လင်းပိုင်လေးက အစမှအဆုံးထိ အသံမထွက်ပဲ ဂရုတစိုက်နှင့် ကြည့်နေခဲ့သည်။
ကုယွီမြန်က သူမ၏ခေါင်းလေးအားထိရန် ကြိုးစားခဲ့သော်လည်း အဆုံးတွင်မလုပ်ခဲ့ပေ။ သူက တည်ငြိမ်သောအသံဖြင့် ဖြောင်းဖျပြောဆိုခဲ့သည်။
"မင်းကိုယ်မင်းမချစ်ဘူးဆိုရင် အချစ်စစ်ကိုမြင်နိုင်မှာမဟုတ်ဘူး...လုလု မင်းကကောင်းမွန်တဲ့ ကြွယ်ဝမှုတွေကို ဖြုန်းတီးပစ်တာပဲ... ရေကန်ထဲမှာမရှိတဲ့ လဆီကို လက်လှမ်းနေတယ်... ဒါပေမယ့် လက မင်းရဲ့ဘေးမှာအမြဲတမ်းရှိနေခဲ့တာ... မင်းနောက်လှည့်မကြည့်ဘူးဆိုရင် လ ကထွက်သွားလိမ့်မယ်... အဆုံးမှာ ဘာမှကျန်မှာမဟုတ်တော့ဘူး... မင်း အဲဒီလိုဖြစ်ချင်လို့လား..."
လင်းပိုင်လေးက ဘာမှမပြောခဲ့ပေ။
သူမ၏မျက်လီုးဝိုင်းဝိုင်းလေးတွင် တဖြည်းဖြည်းနှင့် မျက်ရည်များ စုပုံလာသည်။
"....."
ထိုစက္ကန့်တွင် တံခါး ဘဲလ်သံမြည်လာသည်။
"လုလု..."
ကုယွီမြန် တံခါးဖွင့်လိုက်ပြီးနောက် ကီဗူလုလု၏အဖေက အပြေးဝင်လာပြီး ရေကန်အစွန်းတွင် ဒူးတစ်ဝက်ထောက်ကာ ရူးကြောင်ကြောင် ပန်းရောင်နှင့်မီးခိုရောင် လင်းပိုင်လေးအား သူ့မျက်လုံးထဲတွင် မျက်ရည်များဖြင့် ဖက်လိုက်သည်။
လင်းပိုင်လေးက ခပ်ဝဝလက်ကလေးနှင့် ချစ်စဖွယ် ပုပုသေးသေးကောင်မလေး ဖြစ်လာသည်။ သူမက ကုယွီမြန်ကို ကျောပေးထားပြီး သူမ၏မျက်ရည်များကို မသုတ်ဘဲ မနေနိုင်ခဲ့ပေ။
နာရီဝက်ကြာပြီးနောက်
"....."
ကီဗူလုလု၏အဖေက ကုယွီမြန်အား ထပ်ခါထပ်ခါကျေးဇူးတင်ခဲ့သည်။ နောက်ဆုံးတွင် ကုယွီမြန်က သူ့လက်ဆောင်များအား ငြင်းပယ်ခဲ့သည်။ အဆုံးတွင်မူ အဖေဖြစ်သူက သူ့သမီးလေးနှင့်အတူ ထွက်သွားပြီး ဆက်သွယ်ရန် အချက်အလက်များထားခဲ့သည်။ ထိုအချိန်ထိ ကလေးမလေးက ငိုနေခဲ့သည်။ အဆုံးတွင် သူမက ကုယွီမြန်အား နှာတရှုံ့ရှုံ့နှင့် ဖက်ခဲ့သည်။ ဤတစ်ကြိမ်တွင်ကုယွီမြန်က မငြင်းပယ်ဘဲ သူမကို ငြင်သာစွာ ပွေ့ဖက်ပေးခဲ့သည်။
သူပြောသည့်အရာအား သူမ နားထောင်လိမ့်မည်ဟု မျှော်လင့်မိသည်။
ကုယွီမြန် ထိုအကြောင်းစဥ်းစားနေမိပြီး အိပ်ယာမဝင်မီကလေးများသောက်ရန် နွားနို့သွားယူခဲ့သည်။ သူ့ကျောပိုးအိတ်ထဲသို့ ရေနွေကရား ထည့်လိုက်သည့်အခါ သူ့လက်ချောင်းများက စာအိတ်ကို ထိမိသွားသည်။
"ဟုတ်သားပဲ..."
ယနေ့တွင် ကိစ္စမျိုးစုံဖြစ်ပျက်ခဲ့သည့်အတွက် ဤစာကို ဖတ်ရန် ကုယွီမြန်မေ့သွားခဲ့သည်။
မအိပ်ခင် တစ်ချက်လောက်ကြည့်ရအောင်...
-----
ကလေးများက နွားနို့သောက်ကာ ခေတ္တခဏ အနားယူပြီးနောက် အိပ်ယာမဝင်မီ ကိုယ်လက်ဆေးကြောလိုက်ကြသည်။ ဤကဲ့သို့ရှည်လျားလှသော တစ်နေ့တာသည် နောက်ဆုံး၌ အဆုံးသတ်သွားပြီဖြစ်သည်။ ကုယွီမြန် သက်ပြင်းရှည်ကြီးကိုချကာ ကလေးများနှင့်အတူ အိပ်ယာပေါ်တွင် လှဲလျောင်းလိုက်သည်။
ဟက်စကီးလေးနှင့် ထန်ယွမ်လေးတို့ ဦးနှောက်ပတ်လမ်းသေးသေးလေးများဖြင့် အဘယ်ကြောင့် အပြန်အလှန်ဆက်နွယ်မှုများ ဖြစ်ပေါ်လာသည်ကို နားမလည်နိုင်သေးပေ။ ကလေးနှစ်ယောက်က အလွန်စိတ်ရှုပ်ထွေးသွားပြီး သူ့ကို ကြည့်နေကြသည်။ မြေခွေးလေးက လင်းပိုင်လေးနှင့်သူ့အဖေ ပြန်လည်အဆင်ပြေသွားသည်ကို မြင်လိုက်ရပြီး အလွန်ကျေနပ်သွားကာ ကုယွီမြန်၏ရင်ခွင်ထဲတွင် ဝင်ထိုင်လိုက်သည်။
နှင်းကျားသစ်လေး၏ အမြီးရှည်ကြီးက ကုယွီမြန်၏လည်ပင်းတစ်ဝိုက်တွင် ရစ်ပတ်ထား၏။
"ကီဗူလုလုရဲ့အဖေက စိတ်ခံစားချက်က်ို အရမ်းထုတ်မပြတတ်တဲ့ပုံပဲ…"
ကုယွီမြန် ပြောလိုက်သည်။
ထိုကလေးမလေးက အဘယ်ကြောင့် ချစ်မေတ္တာကို မခံစားမိကြောင်း သူ နားမလည်ပေ။ သူမခေါင်းပေါ်ရှိဖဲပြားလေးက အကြိမ်ပေါင်းများစွာ ဆွဲဖြဲခံခဲ့ရသည်မှာ ထင်ရှားပေသည်။ ၎င်းကို သူမအဖေက ပြန်လည်ဖာထေးပေးခဲ့သည်။ သူမ၏ကျောပိုးအိတ်ကိုလည်း သူမအဖေက ဂရုတစိုက်ရွေးချယ်ပေးခဲ့ခြင်းဖြစ်ပြီး ဆွဲသီးလေးသည်ပင် သူမ နှစ်သက်သောအရုပ်ကလေး ဖြစ်လာခဲ့သည်။
"တစ်ခါတစ်လေကျ ထုတ်မပြောပြဘူးဆိုရင် တစ်ဖက်လူက ဘယ်တော့မှသိနိုင်မှာမဟုတ်ဘူး…"
ကုယွီမြန်က ခံစားချက်ပြင်းထန်စွာဖြင့် နှင်းကျားသစ်လေး၏ အမွေးထူထူလည်ပင်းတွင် ခေါင်းနစ်ဝင်ကာ ပွတ်သပ်လိုက်သည်။
"ဒီလိုမျိုးလွမ်းနေရတာက သနားစရာကောင်းတယ်..."
နှင်းကျားသစ်လေးလည်း အံ့ဩသွားရသည်။
လွမ်းတယ်တဲ့လား...
သူ့နှလုံးသားလေးက စိတ်လှုပ်ရှားစွာ ခုန်လှုပ်နေသော်လည်း မကြာမီမှာပင် သူကိုယ်သူ နာကျင်စွာတွေးလိုက်မိသည်။ သူနှင့် ကုယွီမြန်က တစ်ယောက်ကိုတစ်ယောက် လွမ်းလိမ့်မည်မဟုတ်ပေ။
သူ့ဆုံးဖြတ်ချက်က မှန်ကန်ပေသည်။ သူသာ 'ရွှယ်ထွမ်' အဖြစ်မှ 'ရှို့ဟန်' အဖြစ်သို့ ပြောင်းလဲသွားလျှင် ကုယွီမြန်က သဘောကျလိမ့်မည်မဟုတ်ပေ။ ထိုကဲ့သို့ဖြစ်သွားမည်ကို သူ မလိုလားပေ။
"....."
သို့သော် 'ထုတ်မပြောဘူးဆိုရင် တစ်ဖက်လူက ဘယ်တော့မှသိန်ိုင်မှာ မဟုတ်ဘူး' နှင့် 'ဒီလိုမျိုးလွမ်းနေရတာက သနားစရာကောင်းတယ်' ဟူသော စကားနှစ်ခွန်းက တစ်ချိန်လုံး သူ့စိတ်ထဲတွင် ရစ်ဝဲကျန်ရှိနေပေသည်။
၎င်းက သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေသည်။
ထန်ယွမ်လေးက အမြဲတမ်း တစ်ဖက်လူ၏စိတ်ခံစားချက်ကို နားလည်နိုင်စွမ်းရှိပြီး ခပ်ဝဝပန်ဒါလေး၏ မူလပုံစံအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ကုယွီမြန်နှင့်အတူ ငြိမ်သက်နေပြီး ရင်ခွင်ထဲတွင်လှဲကာ သူ့လက်လေးများဖြင့် ကုယွီမြန်၏လက်ကို ဆုပ်ကိုင်ထားသည်။
"ကောင်းပြီ ဒါဆို အိပ်ရာဝင်ပုံပြင်ပြောပြမယ်…ပြီးရင် အိပ်ကြမယ်…"
ကုယွီမြန် မီးများကို မှိတ်လိုက်ပြီး အိပ်ခန်းတစ်ခုလုံးတွင် ခပ်မှိန်မှိန်အပြာရောင် အလင်းရောင်နှင့် ပြတင်းပေါက်အပြင်ဘက်ရှိ နက်ရှိုင်းသောပင်လယ်ပြင်မှ အရိပ်များပင် ကျန်ရစ်ခဲ့သည်။ ထိုအရိပ်များက ရေကူးနေသောငါးလေးများကြောင့် ပြောင်းလဲနေပေသည်။
ဟက်စကီးလေးက စောင်၏အစွန်းကို ကိုက်ထားပြီး အိပ်ရာဝင်ပုံပြင်ကို စောင့်မျှော်လျှက်ရှိသည်။ သူ ယခင်က စာရေးရန် စိတ်ကူးစိတ်သန်းကောင်းကောင်းများကို မတွေးတောနိုင်သည့်အတွက် စာရေးခြင်းကို ရပ်တန့်ပစ်ခဲ့ရသည်။ သို့သော် ကုယွီမြန်၏ အိပ်ရာဝင်ပုံပြင်ကို နားထောင်ပြီး တစ်ခါတစ်ရံ စိတ်ကူးစိတ်သန်းများ ရုတ်တရက်ပေါ်လာပြီး ဇာတ်လမ်းအသစ်အတွက် မသေချာသေးသော စာမူကြမ်းကို ရရှိခဲ့သည်။
ကုယွီမြန်နှင့်မတွေ့မီက စိတ်ကူးစိတ်သန်းများ မတွေးတောနိုင်တော့သည့် ပြဿနာမှာ ပို၍ပို၍ပြင်းထန်လာခဲ့သည်။ ကုယွီမြန်အိမ်သို့ ရောက်လာမှသာ မကြာခဏဆိုသလို တစ်စုံတစ်ခုကို ရေးသားနိုင်စွမ်းရှိလာခဲ့သည်။
ထန်ယွမ်လေးနှင့် မြေခွေးလေးတို့က အလွန်ပူးကပ်နေပြီး ကုယွီမြန်၏လက်မောင်းဘေးတွင် ငြိမ်ငြိမ်ကလေး အနားယူနေကာ သူတို့၏မျက်လုံးများကို မှိတ်ထားကြသည်။
နှင်းကျားသစ်လေးတစ်ကောင်သာလျှင် တစ်စုံတစ်ရာကို စိတ်ပူနေပုံပေါက်နေ၏။ သူ၏ခဲပြာရောင်မျက်လုံးများကို မှေးကျဉ်းထားလျက် ကုယွီမြန်ကို အချိန်ကြာမြင့်စွာ ခိုးကြည့်နေခဲ့သည်။ ကုယွီမြန် လက်ဆန့်ထုတ်ကာ သူ့မျက်ခုံးမွေးလေးများကို ပွတ်သပ်ပေးလိုက်သည်။
ကုယွီမြန် သူတို့အား ရေသူမလေးပုံပြင်ကို ပြောပြခဲ့သော်လည်း အဆုံးသတ်ကို ကောင်းမွန်သောအဆုံးသတ်အဖြစ် ပြောင်းလဲလိုက်သည်။
"နောက်ဆုံးမှာ ရေသူမလေးနဲ့မင်းသားလေးက ပျော်ပျော်ရွှင်ရွှင်နဲ့ တစ်သက်လုံး အတူတူနေထိုင်သွားကြတယ်တဲ့…"
ပြတင်းပေါက်အပြင်ဘက်မှ ပင်လယ်ကြမ်းပြင်၏ အပြာရင့်ရင့်အလင်းရောင်က အိပ်ရာပေါ်တွင် အနည်းငယ် တောက်ပနေသည်။ စကားအဆုံးတွင် ကလေးများ၏အသက်ရှူသံက ငြိမ်သက်ကာရှည်လျားလာသည်။
🐯🐯🐯