🚩Chapter - 180
Arc_8.မောင်းမဆောင်နတ်ဘုရားမ [ 16 ]
_____
အောက်တိုဘာလကုန်တွင် အေးစိမ့်သည့်ဆောင်းရာသီမိုးတို့ ရွာသွန်း၏။
အေးစိမ့်နေသည့် မိုးရွာနေသော မနက်ခင်း၌ စုဝမ်က အပူပေးအဆောင်၏ ဘေးဘက်စာကြည့်ခန်းတွင် နူးညံ့သည့် ခုံရှည်ပေါ်၌မှီ၍နေနေသည်။ သူမက ဝမ်ရိပေးအပ်လာသည့် ရွှီပင်းယွဲ့၏ ဘဝအသေးစိတ်နှင့် မိသားစုအခြေအနေများအကြောင်းပါရှိသော နောက်ခံအချက်အလက်များကို လှန်လှောကြည့်နေ၏။
ထိုကလေးမလေးက ယန်ယွီချင်းကဲ့သို့ပင် တရားမဝင်သမီးတစ်ယောက်ဖြစ်သည်။ သို့သော်လည်း အိမ်တွင် အနည်းငယ်မျက်နှာသာအပေးခံရပြီး နန်းတွင်းသို့ဝင်ရောက်ရန် ဖြစ်လာခဲ့သည်။ ထိုကလေးမလေးက သူမ၏ယခု အခြေအနေနှင့် ပတ်သက်၍ လုံးဝစိတ်ကျေနပ်မှုမရှိကြောင်း သိသာလှသည်။
စုဝမ်၏မျက်လုံးများ အရောင်တောက်သွား၏။ မူလတွင် သူမက ယန်ယွီချင်းအား ဆိုးယုတ်သည့် အရံအမျိုးသမီး ဇာတ်ကောင်အဖြစ် အသုံးချရန်တွေးထားသော်လည်း ကြည့်ရသည်မှာ ရွှီပင်းယွဲ့ဆိုသည့် ကလေးမလေးက ပို၍သင့်တော်နေသည်ပင်။
မူလဇာတ်ကြောင်းအရ ယခုအချိန်သည် ယန်ယွီချင်းက ဘုရင်မင်းမြတ်နှင့် အရူးအမူးချစ်ကျွမ်းဝင်ကာ ကိုယ်လုပ်တော်လျိုအား ကျော်လှမ်းရန် တွေးတောနေရမည့်အချိန်ဖြစ်သည်။ သို့သော် ရွှီပင်းယွဲ့၏ လိုက်လျောညီထွေအောင်နေနိုင်စွမ်းက အလွန်ကောင်းလွန်းနေ၏။
စုဝမ်က နောက်ခံအချက်အလက်များကို ဘေးသို့ပို့လိုက်သည်။ ထို့နောက် ဝမ်ရိ လူတစ်ယောက်စေလွှတ်ကာ နောက်ယောင်ခံလိုက်ခိုင်းသည်မှ သိခဲ့ရသော လွန်ခဲ့သည့် ရက်အနည်းငယ်က ရွှီပင်းယွဲ့၏ အပြုအမူများကို ပြန်တွေးလိုက်၏။ သူမက ယခုတွင် ယန်ယွီနော့နှင့် အလွန်ပူးပူးကပ်ကပ်နေကာ လုမုရွှင်အရှေ့တွင် သူမကိုယ်သူမ ခဏခဏပြနိုင်ရန်အတွက် နန်းတွင်းဆေးကုသဆောင်ကို မကြာခဏသွားနေလေသည်။
ယန်ယွီနော့ ငွေစငါးရာအား အလွယ်တကူနှင့်လျင်လျင်မြန်မြန်ရှာနိုင်ခဲ့သည်မှာ ရွှီပင်းယွဲ့က လုမုရွှင်ဆီမှ ချေးငှားရန် လမ်းပြခဲ့၍ဖြစ်လိမ့်မည်။ ဤနည်းဖြင့် ယန်ယွီနော့၏ အခက်အခဲကိုလည်းဖြေရှင်းနိုင်ကာ သူမကိုယ်တိုင်လည်း နန်းတွင်းဆေးကုသဆောင်သို့ ဝင်ခွင့်ရပြီး လုမုရွှင်ကိုချဥ်းကပ်ရန် အခွင့်အရေးတို့ကို ရစေလိုက်သည်။
အနှီမိန်းကလေး၏ အကြံက အခြားအမျိုးသမီးများထက် အတော်လေးနက်ရှိုင်းကာ လေးလေးနက်နက်ရှိသည်။ သို့သော် လူတစ်ယောက်က ထိုသို့ ဖြစ်လေ၊ စုဝမ်ပိုကြိုက်လေပင်...။
စုဝမ်ကမသိမသာနှင့် လွန်ခဲ့သည့်ရက်အနည်းငယ်တွင် ရွှီပင်းယွဲ့၏ နေ့စဥ်လုပ်ငန်းတာဝန်များနှင့် သွားတတ်လေ့ရှိသည့် နေရာများကို ကြည့်ခဲ့ထားပြီးဖြစ်သည်။ သူမကလက်မြှောက်၍ စာရွက်ကိုပိတ်လိုက်ချိန်တွင် သူမအနောက်မှ နွေးထွေးမှုတစ်ခုကိုခံစားလိုက်ရပြီး ထူထဲသည့် ဝတ်ရုံတစ်ခုက သူမကိုယ်ပေါ်သို့ လွှမ်းခြုံလာ၏။
“အထိန်းတော်ဝမ်”
ဘေးတွင်စောင့်နေသော ဝမ်ရိမှ သူမကို ကူညီပေးလာသည်ဟု စုဝမ်ထင်လိုက်မိသည်။ သို့သော် သူမလှည့်ကြည့်လိုက်ချိန်တွင် စုရွေ့၏ ပြုံးရယ်နေသော မျက်လုံးများကိုတွေ့လိုက်၏။ ဝမ်ရိပျောက်သွားသည်မှာ ကြာပြီဖြစ်သည်။ ယခုအချိန်တွင် သူမအနောက်၌ရှိနေသူက နဂါးဝတ်ရုံကို ဝတ်ဆင်ထားသည့် စုရွေ့သာ ဖြစ်သည်။
“အေးနေတာကိုသတိထားလေ”
စုရွေ့က စုဝမ်၏လက်ထဲမှ အချက်အလက်စာရွက်များကို ယူလိုက်ရင်းပြောလိုက်သည်။
“မင်းရဲ့လက်မောင်း ဒဏ်ရာက သေချာမသက်သာသေးဘူး ဒီလိုလေးတာတွေမ မနဲ့”
စုဝမ် : …….
စစ်သူကြီးစု ရှင် “ပေါ့ပါးတယ်” ဆိုတာဘယ်လိုမျိုးကိုမှအဓိပ္ပာယ်သတ်မှတ်တာလဲ ပြောပြလို့ရမလား... ငှက်မွှေးလိုဟာမျိုးကိုမှ ပေါ့တယ်လို့သတ်မှတ်တာလား....။
“ရွှီပင်းယွဲ့လား”
စုဝမ်ကိုအပေါ် ဝတ်ရုံလွှမ်းခြုံပေးပြီးနောက် စုရွေ့က သူမအခုလေးတင် ကြည့်ရှုနေသည့် အချက်အလက်များကို ကြည့်လိုက်သည်။
“ဒီရွှီပင်းယွဲ့ဆိုတာ ဘယ်သူလဲ”
စုရွေ့လက်ခံရရှိသည့် မူလဇာတ်ကြောင်းတွင် ထိုဇာတ်ကောင်မပါရှိချေ။
ဟုတ်သည်။ သူမက မူလဇာတ်ကြောင်းနှင့် သက်ဆိုင်မှုမရှိသည့် ဖြတ်လျှောက်လေးတစ်ယောက်သာဖြစ်၏။
မူလဇာတ်ကြောင်းတွင် စုဝမ်နှင့် ယန်ယွီနော့တို့ ရှုဖေး၏အပြစ်ပေးခြင်းခံရသည့်ည၌ စုဝမ်က ညလယ်ခေါင်တွင် သတိမေ့သွားခဲ့သည်။ ထို့ကြောင့် ယန်ယွီနော့က စုဝမ်ကို တွဲ၍ ရှုဖေး၏အရှေ့တွင် အသနားခံခဲ့၏။
ရှုဖေးက “တာဝန်ယူတတ်သည့် လူကြီး” တစ်ယောက်နှယ်ပြုမူကာ သူတို့ကို အပြစ်ဒဏ်မှ ကင်းလွတ်ပေးလိုက်သည်။ ထို့နောက်တွင် ယန်ယွီနော့က သတိမေ့နေသော စုဝမ်ကိုတွဲ၍ ရှန့်ဖူနန်းဆောင်သို့ပြန်လာကာ သူမ သတိရလာသည်အထိ တစ်ညလုံး ပြုစုခဲ့သည်။
မူလဇာတ်ကြောင်းထဲတွင် သူတို့နှစ်ယောက်က မနက်အရုဏ်တက်အထိတောင့်မခံနိုင်ခဲ့ကြသလို၊ လမ်းများကို တံမြက်စည်းလှဲနေသည့် ရွှီပင်းယွဲ့နှင့်လည်း မတွေ့ဆုံခဲ့ကြချေ။
ယခုတွင် စုဝမ်၏ရောက်ရှိလာမှုကြောင့် အရာအားလုံးက ပြောင်းလဲသွားခဲ့သည်။ စုဝမ်က သူမကိုယ်တိုင်နှင့် ယန်ယွီနော့၏ ကံကြမ္မာကို ပြောင်းလဲခဲ့သည်။ ထို့အပြင် အခြားလူများဖြစ်သည့် ရွှီပင်းယွဲ့၊ ပိုင်မော့မော့နှင့် လူတော်တော်များများ၏ ကံကြမ္မာကိုလည်း ပြောင်းလဲခဲ့သည်။
သေချာပေါက် ထိုအရာများက အသေးအဖွဲ့လေးသာဖြစ်၏။ စစ်သူကြီးစုကသာ ကိုယ်လုပ်တော်နှစ်ယောက်နှင့် လူတော်တော်များများကို တမလွန်သို့ အရောက်ပို့ဆောင်ခဲ့တာပင်။ ၎င်းကပို၍ သိသာလွန်းလှသည့် ပြောင်းလဲမှုကြီးဟုဆိုရပေမည်...။
“ဒီရွှီပင်းယွဲ့က အသုံးဝင်လိမ့်မယ်လို့ ကျွန်မထင်တယ်...တော်တော်လေး အသုံးဝင်လိမ့်မယ်”
စုဝမ်က စုရွေ့ကိုယ်ပေါ်မှ ဝတ်ရုံကို တင်းတင်းဆွဲလိုက်ကာ အပြုံးလေးနှင့် မော့ကြည့်လိုက်သည်။
“ရှင်ရော ဘယ်လိုထင်လဲ”
“မင်းသဘောအတိုင်းပဲ”
စုရွေ့က စုဝမ်၏ ကစားကွက်များကို ကြည့်ရခြင်းအား နှစ်သက်သည်။ သူမမည်သို့ပင် ကစားနေပါစေ၊ သူကြိုက်နှစ်သက်သည်ပင်...။
အကယ်၍ စုဝမ်သာ ကစားနေရင်း ပြဿနာတစ်စုံတစ်ရာရှိလာပါ ဗိုလ်ချုပ်ကြီးစုက လှုပ်ရှားရန် သေချာပေါက် တုံ့ဆိုင်းနေလိမ့်မည်မဟုတ်ချေ။ မိန်းမအချို့သာမက ဘာပဲဖြစ်ပါနေစေ၊ ဗိုလ်ချုပ်ကြီးစုအတွက်က ယင်ကောင်သာသာမျှသာရှိသည်။
“ဒါဆိုရင် နောက်အဆင့်ကိုသွားလိုက်တာပေါ့”
စုဝမ်ကပြောပြီးသည်နှင့် သူမနှင့် အစဥ်သယ်သွားလေ့ရှိသည့် ပိုးသားအိတ်လေးထဲမှ ဂရုတစိုက်သိမ်းထားသော ချန်ရှန့်ပေ၏ စာကိုထုတ်လိုက်သည်။
“ကျွန်မ ချန်ရှန့်ပေကို စာပြန်လိုက်မယ် ပြီးရင် သူနဲ့ ရွှီပင်းယွဲ့တို့ တွေ့ရမယ့် အခြေအနေတစ်ခုဖန်တီးမယ်”
“ဟင်”
စုဝမ်က ချန်ရှန့်ပေ၏အမည်ကို ပြောလာသောအခါ စုရွေ့၏မျက်လုံးများက မသိမသာလေး လက်သွားသည်။
“ကိုယ် ချန်ရှန့်ပေကို ရာထူးတိုးပေးထားလို့ သူကအခုတလော သူ့ရဲ့ အောင်မြင်မှုတွေကို တော်တော်လေး ဂုဏ်ယူနေတယ် အဲ့လိုဆိုရင်တောင်မှ ချန်ရှန့်ပေက နန်းတွင်းအစောင့်တပ်ရဲ့ နည်းနည်း အထက်တန်းကျတဲ့ အစောင့်တစ်ယောက်ပဲရှိသေးတာ ရွှီပင်းယွဲ့ သူ့ကိုကြည့်လိမ့်မယ်လို့ ကိုယ်မထင်ဘူး”
“မှားတယ်”
စုဝမ်ကခေါင်းခါလိုက်ကာ မျက်နှာပေါ်မှ အပြုံးက ပို၍ တောက်ပသွားသည်။
“အမျိုးသားဇာတ်လိုက်ကို အမျိုးသားဇာတ်လိုက်လို့ ခေါ်ရတဲ့အကြောင်းအရင်းက သူ့မှာ အားသာချက်တွေရှိလို့လေ ကျွန်မ ချန်ရှန့်ပေကို မမြင်ဖူးသေးပေမယ့် မူလဇာတ်ကြောင်းအရဆိုရင် သူက ချောမောပြီး သာလွန်နေတဲ့ ဆွဲဆောင်မှုတွေနဲ့ လူငယ်တစ်ယောက်ပဲ လုမုရွှင်ရဲ့ ကျော့ရှင်းညင်သာမှုတွေနဲ့ယှဥ်ရင် သူ့လိုလူမျိုးက မိန်းမတွေကို ပိုဆွဲဆောင်နိုင်တယ်”
ချောမောတယ်ဟုတ်စ... သာလွန်နေတဲ့ ဆွဲဆောင်မှုတွေနဲ့...?
စုဝမ်က ချန်ရှန့်ပေအား မြှောက်ပင့်နေသည်ကို နားထောင်နေရင်း စစ်သူကြီးစု မထိန်းနိုင်စွာအကြည့်တို့နက်မှောင်သွားသည်။
“အမျိုးသားဇာတ်လိုက်ဖြစ်နေလည်း ဘာအရေးလဲ သူက ကိုယ်တို့ရဲ့ သက်ညှာမှုတွေနဲ့တန်လို့လား ကိုယ်တို့သာ သူ့ကိုအသက်ရှင်စေချင်ရင် သူအသက်ဆက်ရှင်ရမယ် ဒါပေမယ့် အကယ်၍ ကိုယ်တို့သူ့ကိုသေစေချင်တယ်ဆိုရင်တော့ သူချက်ချင်းသေရမယ်”
“အင်း သေချာတာပေါ့ အရှင်ကသာ စွမ်းအားအကြီးဆုံးပဲလေ အရှင်က အရမ်းစွမ်းအားကြီးလွန်းလို့ ကောင်းကင်ကိုတောင် ဖောက်ထွက်နိုင်တယ်”
စုဝမ်က စုရွေ့အား အပြုံးလေးနှင့် ကြည့်လိုက်၏။ သူမက ထိုစကားတို့ကို ပြောလိုက်ခြင်းအတွက် တစ်စက်ကလေးမှ အပြစ်ရှိသည်ဟုမခံစားရပေ။
ဟုတ်တယ် သူမရဲ့ခင်ပွန်းက ဒီလိုအံ့ဩဖို့ကောင်းသင့်တယ်...အရမ်းအရမ်းကို အံ့ဩဖို့ကောင်းတယ်...။
စုဝမ်၏မြှောက်ပင့်မှုများကြောင့် စစ်သူကြီးစုမှာ အပြုံးတို့ကို ထိန်းမထားနိုင်တော့ချေ။
“ရှောင်ဝမ် မင်းရဲ့ လက်မောင်းက ထိခိုက်ထားတာ စာရေးရင်အခက်တွေ့မှာပဲ ချန်ရှန့်ပေကိုစာပြန်ဖို့ ကိုယ်ကူရေးပေးမယ်”
စုဝမ်၏စကားပြန်ကိုတောင်မစောင်တော့ဘဲ စုရွေ့ကချက်ချင်း စားပွဲဆီသို့သွားကာ စာရွက်တို့ကို ထုတ်လိုက်သည်။
“ဝမ်ရိ ငါကိုယ်တော်အတွက် မှင်လာသွေးပေး”
“မှန်လှပါ”
ဝမ်ရိအသံက မနီးမဝေးမှထွက်လာကာ စားပွဲဆီသို့ ချက်ချင်းရောက်လာသည်။ သူက စုရွေ့ကအား ကူ၍ မှင်သွေးပေးရာတွင် အလွန်ကျွမ်းကျွမ်းကျင်ကျင်ရှိသည်။
တခြားဘုရင်မင်းမြတ်များတွင် သူတို့အနား၌ အလှလေးများစုပြီး အဖော်ပြုပေးကြသည်...သို့သော် ဤဘုရင်မင်းမြတ်၏အနားတွင်တော့ အိုမင်းနေသည့် အထိန်းတော်ဝမ်တစ်ယောက်သာ....။
****
နောက်တစ်နေ့ မနက်စောစောတွင်...
ပုံမှန်အတိုင်းပင် ရွှီပင်းယွဲ့က လျောင်စီးရီ၏ ညွှန်ကြားမှုများနှင့်အတူ ရှန့်ကုံးနန်းဆောင်သို့ မနက်တိုင်းသွား၍ သူတို့တွင် အရောင်ဆိုးထားသော အထည်သစ်များနှင့် ဖဲသားများ ရှိမရှိသွားကြည့်လိမ့်မည်။
ရှန့်ကုံးနန်းဆောင်က ရှန့်ဖူနန်းဆောင်နှင့် သိပ်မဝေးပေ။ ချောင်ကျသည့်လမ်းလေးအတိုင်း လျှောက်သွားသည်နှင့် သူတို့၏ နန်းဆောင်ကြီးကို တွေ့နိုင်သည်။ ရွှီပင်းယွဲ့က ထိုလမ်းကို နှလုံးသားအောက်ခြေမှပင် အမှတ်ရနေပြီဖြစ်သည်။ ပုံမှန်အားဖြင့် ယခုအချိန်တွင် မည်သူမှဖြတ်သွားလေ့မရှိပေ။ သို့သော်လည်းယနေ့တွင် လမ်း၌ ရွှီပင်းယွဲ့က အလောတကြီးသွားနေသည့် မိန်းမစိုးတစ်ယောက်နှင့် ဝင်တိုက်မိလေသည်။ တစ်ဖက်လူက နန်းတွင်းအလုပ်သမားဆောင်မှ အဝတ်အစားများဝတ်ထားသည်ကိုတွေ့သောအခါ ရွှီပင်းယွဲ့က တစ်ဖက်လူနှင့် အချင်းမများရဲချေ။ ထိုမိန်းမစိုးလေးက အလျင်စလိုနှင့် မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားတော့သည်။
“တကယ်ကံမကောင်းတာပဲ”
ရွှီပင်းယွဲ့က ဝင်တိုက်ခံရမှုကြောင့် နာကျင်သွားသော ပခုံးကိုပွတ်လိုက်သည်။ သို့သော် သူမငုံ့ကြည့်လိုက်ချိန်တွင် လမ်းပေါ်၌ စာတစ်စောင်ကိုတွေ့လိုက်သည်။
ဒါက......
သူမက တွန့်ဆုတ်စွာနှင့် စာကိုကောက်ယူလိုက်၏။ စာအိတ်အပေါ်တွင် စကားလုံးအချို့ကို ရေးထားသည်- ချန်ရှန့်ပေ၊ နန်းတွင်းအစောင့်တပ်ဖွဲ့...။
ချန်ရှန့်ပေ...
အမည်ကလှကာ စာအိတ်ပေါ်တွင်ရေးထားသည့် လက်ရေးကလည်း အတော်လေးလှပသည်။
ဘယ်သူကဒီစာကိုရေးခဲ့တာလဲ...။
နန်းတွင်းအလုပ်သမားဆောင်မှ မိန်းမစိုးလေးလာခဲ့သည့်လမ်းကြောင်းကို ကြည့်လျှင် ဒီစာက မောင်းမဆောင်မှ ဖြစ်သည်။ သို့သော် နန်းတွင်းအစေခံနှင့် နန်းတွင်းအစောင့်များက ဆက်ဆံရေးရှိရန် တားမြစ်ထားလေသည်။
တကယ်လို့ အစေခံသာမဟုတ်ဘူးဆိုရင်....။
ရွှီပင်းယွဲ့၏လက်များတုန်သွားသည်။ သူမကကိုယ်ကို ကျုံ့လိုက်ကာ လမ်းရှိ ချောင်ကျသည့်နေရာတစ်ခုသို့ သွားလိုက်သည်။ သူမလှည့်ပတ်ကြည့်လိုက်သော်လည်း နန်းတွင်းအလုပ်သမားဆောင်မှ မိန်းမစိုးလေး ပြန်ရောက်မလာသည်ကိုတွေ့လိုက်ရသည်။ နောက်ဆုံးတွင် ရွှီပင်းယွဲ့က အသက်ပြင်းပြင်းရှူလိုက်ကာ စာကို ဂရုတစိုက်နှင့် ဖွင့်လိုက်သည်။
၎င်းက ဘဝပင်။ လူအချို့နှင့် တိကျသည့်အချိန်တစ်ခုတွင် တွေ့ဆုံပြီး တိကျသည့်ဆုံးဖြတ်ချက်များ ချလိုက်မိသည်နှင့် အနာဂတ်က လုံးလုံးပြောင်းလဲသွားနိုင်သည်။
ရွှီပင်းယွဲ့က စုဝမ်မျှော်လင့်ထားသည့်အတိုင်း ပြုမူလာသည်။ သူမ၏ ရည်မှန်းချက်မြင့်မားသည့်စိတ်နှင့် အကြံတို့ပြည့်နေသည့် စိတ်များကြောင့် စာကိုဖွင့်ဖတ်လာခဲ့သည်။
အကယ်၍ စာကိုကောက်တွေ့သည့်သူသာ ယန်ယွီနော့ဆိုပါက နေရာတွင်သာ ရပ်နေပြီး ပစ္စည်းပျောက်သွားသည့်သူ ပြန်လာအရှာကိုစောင့်နေလိမ့်မည်။ သူမ ထိုလူကိုမစောင့်နိုင်လျှင်လည်း ပိုင်ရှင်ကို ရှာဖွေရန် သူမ၏အင်အားများကို နှာမြောနေလိမ့်မည်မဟုတ်ချေ။
သေချာပေါက် ထိုနေရာတွင် စုဝမ်သာ ဆိုပါက ထိုစာကို မမြင်ချင်ယောင်သာဆောင်နေမှာဖြစ်၏။
ယင်းက လူသားများကြား သဘောသဘာဝတို့ကွာခြားခြင်းပင်...။
__
🚩