💘Chapter 70
မင်းတကယ်ပြောင်းလဲသွားပြီ
တစ်ခြမ်းပဲ့လကွေးလေးက ပိုပိုမြင့်လာသည်နှင့်အမျှ ညက ပိုပိုမှောင်လာသည်။
ရှုရူရူကို အိမ်ပြန်ပို့ပြီးနောက် ဝေ့ဟွားက သူ့အတွက် အဘိုးဝေ့ စီစဉ်ပေးသော အိမ်သို့ ပြန်မသွားခဲ့ပေ။ထိုအစား သူက ဝေ့ချန်ကို ဖုန်းဆက်ပြီး ဝေ့ချန်၏အိမ်လိပ်စာကို တောင်းလိုက်၏။ထို့နောက် သူသက တက္ကစီစီးကာ ဝေ့ချန်၏အိမ်ဆီသို့ ဦးတည်သွားခဲ့သည်။
ဝေ့ဟွား ဝေ့ချန်၏အိမ်သို့ရောက်သောအခါ ဝေချန်နှင့် ချန်လီတို့က ရေချိုးပြီးနေပြီဖြစ်သည်။ဝေ့ချန်က ချန်လီကို စာလုံးများကို မှတ်မိအောင် သင်ပေးနေသည်။ချန်လီက အာရုံစူးစိုက်ကာ ကြိုးကြိုးစားစား သင်ယူနေသည်။ အချိန်တိုအတွင်း သူသည် စာလုံးရေ 500 ရှိသည့်စာစီစာကုံးကို ဘယ်သူ့အကူအညီမှမပါဘဲ ရေးသားနိုင်ခဲ့သည်။
ချန်လီ၏ စာစီစာကုံးတွင် ဖော်ပြထားသော ကမ္ဘာကြီးသည် အဓိပ္ပါယ်မဲ့ပုံပေါက်သော်လည်း တစ်ခါတစ်ရံ ဝေ့ချန်ကို ချောက်ခြားဖွယ်ခံစားချက်တစ်ခုကိုပေးစွမ်းကာ သူ့တစ်ကိုယ်လုံးကြက်သီးမွှေးညှင်းများထသွားစေခဲ့သည်။ထိုသည်က ချန်လီ၏ အတွင်းစိတ်ကမ္ဘာဖြစ်၏။ဝေ့ချန်က ၎င်းကို လက်ခံရန် အလွန်ကိုမှ ဆန္ဒရှိနေပြီး သူ ၎င်းကို ချန်လီနှင့်အတူ စူးစမ်းရန် ကြိုးစားခဲ့သည်။ ချန်လီက တစ်ခါမှ စကားမပြောဖူးပေမဲ့ ချန်လီ၏မျက်လုံးများက ဝေ့ချန်အား အဖြေများစွာပေးခဲ့၏။
"သူ စာလုပ်နေတာလား"
ဆိုဖာပေါ်တွင်ထိုင်၍ စာအုပ်တစ်အုပ်ကို စိတ်အားထက်သန်စွာဖတ်နေသည့် ချန်လီကို မြင်လိုက်ရသောအခါတွင် ဝေ့ဟွားက မျက်ခုံးပင့်လိုက်သည်။
ဝေ့ချန်က ခေါင်းညိတ်လိုက်သည်။ "တစ်ခုခုလိုအပ်လို့လား"
"အခုမှပြန်ရောက်တာဆိုတော့ နေစရာနေရာ မတွေ့သေးဘူး...ငါ ဒီကို ညအိပ်ဖို့ လာခဲ့တာ"
ဝေ့ဟွားက မျက်တောင်တစ်ချက်မခတ်ဘဲ လိမ်ညာလိုက်သည်။
"ခရီးဆောင်အိတ်"
ဝေ့ချန်က သူ၏အလိမ်အညာကို အညှာအတာမဲ့စွာ ဖော်လိုက်သည်။
ဝေ့ဟွားက စိတ်ပျက်လက်ပျက်ဖြစ်သွားသည့် မျက်နှာအမူအရာကို ဆင်မြန်းလိုက်သည်။
"ဟုတ်ပါပြီ ဟုတ်ပါပြီ... မင်းဆီကို အထူးတလည်လာခဲ့တာ... တစ်ယောက်နဲ့တစ်ယောက် မတွေ့တာကြာပြီဆိုတော့ ငါမင်းကိုလွမ်းတယ်...မင်းနဲ့အတူတူ တစ်မိုးအောက်တည်းမဟုတ်ရင် ငါ မအိပ်နိုင်ဘူး ဟုတ်ပြီလား"
သူက စပြီး ပေါက်ကရများပြောပါတော့သည်။
ဝေချန်က အေးစက်သော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေသည်။
ဝေ့ဟွားက အရေထူပြီး ဘာမှ သိပ်ပြီး မခံစားရပေ။ သူက မီးဖိုခန်းဆီ တန်းတန်းမတ်မတ် လျှောက်သွားပြီး ရေခဲသေတ္တာကိုဖွင့်ကာ အော်တော့လေသည်။
"အားချန် မင်းရဲ့ရေခဲသေတ္တာထဲမှာ ဘာလို့ ဘီယာတစ်ပုလင်းမှ မရှိတာလဲ...ငါ မင်းနဲ့ စကားစမြည်ပြောရင်း သောက် ချင်လို့ပါဆို"
"အောက်ထပ်မှာ ကုန်စုံဆိုင်တစ်ဆိုင်ရှိတယ်"
ဝေ့ချန်က ဝေ့ဟွား၏ ထူးထူးဆန်းဆန်းပေါက်ကွဲသံကို လျစ်လျူရှုကာ မီးဖိုချောင်ထဲသို့ဝင်ပြီး ရေတစ်ခွက်ငှဲ့ကာ ဝေ့ဟွားနားက ဖြတ်သွားရင်း ပြောလိုက်သည်။
ဆိုလိုသည်က သောက်ချင်ရင် ကိုယ်တိုင်သွားဝယ်ဟူ၍။
ဝေ့ဟွားက ရေခဲသေတ္တာတံခါးကိုပိတ်လိုက်ပြီး ဝေ့ချန် ကော်ဖီစားပွဲပေါ်တွင် ရေဖန်ခွက်ကို ချသည်ကို ကြည့်နေလိုက်သည်။ ထို့နောက် ချန်လီကို ဝေ့ချန်က ညွှန်ကြားလိုက်သည်အား ကြားလိုက်ရသည်။
"စာအုပ်ကို မျက်လုံးနဲ့ အရမ်းကပ်မထားနဲ့...ကိုယ် ရေကို စားပွဲပေါ်တင်ထားတယ် သောက်ဖို့ မမေ့နဲ့နော်"
ချန်လီနှင့် အတူရှိနေချိန်ရှိ ဝေ့ချန်က ပုံမှန်ဝေ့ချန်နှင့်ကွဲပြားကြောင်းကို ဝေ့ဟွား သိထားပြီးဖြစ်သော်လည်း ယခုတစ်ကြိမ်တွင် ၎င်းကို မြင်သောအခါ တုန်လှုပ်နေဆဲဖြစ်သည်။ခုနက ဝေ့ချန် ရဲ့ လေသံက တကယ် အဘွားကြီးတစ်ယောက်အတိုင်းပဲ...
"ငါ ဘီယာဝယ်ဖို့ အောက်ထပ်ကို ဆင်းလိုက်ဦးမယ်"
ဝေ့ဟွားက ပြန့်ကျဲနေသော အတွေးများကို ပြန်စုပြီး ဝေချန်ကို ပြောလိုက်သည်။ထို့နောက် သူကဖိနပ်ပြန်စီးပြီးထွက်သွားလေသည်။
ဝေ့ချန်က ဝေ့ဟွား၏ကျောပြင်ကိုကြည့်ပြီး သူ့မျက်လုံးများတွင် အပြုံးရိပ်အနည်းငယ်ရှိနေပုံရသည်။
ဝေ့ဟွားက ဝေ့ချန်ထက် နှစ်အနည်းငယ်ကြီးသည်။ သူက ဝေ့ချန်၏ဦးလေးဖြစ်သူ ၏သားဖြစ်သော်လည်း သူ့ဦးလေးက စောစီးစွာသေဆုံးသွားသဖြင့် အဘိုးဝေ့က ဝေ့ဟွားကို ပြုစုပျိုးထောင်ရန် ဝေ့မိသားစုထံ ပြန်ခေါ်လာခဲ့သည်။
ဝေ့ဟွားက အလွန်အရေထူပြီး သူများအိမ်ရောက်နေသည့် ဧည့်သည်တစ်ယောက်လို ဘယ်တုန်းကမှ မခံစားခဲ့ရပါချေ။မိသားစုတစ်ခုလုံးတွင် အဘိုးဝေ့တစ်ယောက်သာလျှင် သူ့ကို ထိန်းချုပ်နိုင်ခဲ့ပြီး အဘိုးဝေ့၏ရှေ့တွင် သူက ကြောင်တစ်ကောင်နှင့်တွေ့လိုက်ရသည့် ကြွက်တစ်ကောင်အတိုင်း ဖြစ်သည်။
သူ့အတိတ်ဘဝတုန်းက ဝေ့ချန်က ဝေ့ဟွားကို မကြိုက်ခဲ့ပေ။ဝေ့ဟွားက သူ့ကို ရန်စသည့်လုပ်ရပ် ဘာတစ်ခုမှ မလုပ်ခဲ့ပေမဲ့ ဝေ့ချန် ဘာကြောင့်မှန်းမသိ သူ့ကို မကြိုက်ခဲ့ပေ...
ဖြစ်နိုင်သည်မှာ သူ၏အတိတ်ဘဝတုန်းက ဝေ့ဟွား စိတ်ရှိသလို လွတ်လွတ်လပ်လပ် ရယ်မောနိုင်သည်ကို မုန်း၍ဖြစ်မည်။
ဝေ့ချန်က အတိတ်ကိုပြန်လည်တွေးတောနေချိန်မှာ ဝေ့ဟွားက ဘီယာတစ်ထုပ်ကို ထမ်းပြီး အပေါ်ထပ်ကို ပြန်တက်လာကာ ဝေ့ချန်၏ အနားကို ပျော်ရွှင်စွာရောက်လာပြီးဆို၏။
"လာ အားချန် ...ဒီည ငါတို့ မမူးမချင်း မအိပ်ဘူးကွာ"
"လသာဆောင်ကို သွားကြရအောင်"
ဝေ့ချန်က အကြံပြုလိုက်၏။
"ဟုတ်ပြီ"
ဝေ့ချန်က အကောင်းဆုံးမြင်ကွင်းနှင့်လသာဆောင်ကို ချန်လီ၏ စတူဒီယိုအဖြစ် ပြောင်းလဲထားပေမဲ့ ဝေ့ချန် ဤအိမ်ကို ဝယ်စဥ်က ပတ်ဝန်းကျင်နှင့်ရှုခင်းများက သူ့ကို ဆွဲဆောင်ခဲ့၍ ဖြစ်သည်။ဘယ်ဘက်ကိုကြည့်ကြည့် လှပသော ရှုခင်းများကို မြင်နိုင်လေသည်။
မှန်ပေသည်၊ဤအရာများအားလုံးက ညအချိန်မှာ အလကားပါပင်။
သို့သော်လည်း ဧည့်ခန်းနှင့် ချိတ်ဆက်ထားသော လသာဆောင်က လေရသည်။ နှစ်ယောက်သား အပြင်ကိုခြေလှမ်းချလိုက်သည်နှင့် တစ်ပြိုင်နက် ညလေညှင်းတစ်သုတ်က ဖြတ်ကျော်တိုက်ခတ်လာပြီး နွေအပူကို ပြေပျောက်စေခဲ့သည်။
"ဒီနေရာက မြင်ကွင်းက လှတယ်...မင်းမှာအမြင်ကောင်းရှိတာပဲ"
ဝေ့ဟွား ထိုသို့ပြောပြီး သူ့မျက်နှာပေါ်ရှိ ညလေညှင်း၏ သာယာသော ခံစားချက်ကို ခံစားရင်း ဘီယာဘူးကို ဖွင့်လိုက်သည်။
မျှော်လင့်ထားသည့်အတိုင်း ဝေချန်က တုံ့ပြန်ခြင်းမရှိပေ။
"အားချန်"
ဝေ့ဟွားက ဝေ့ချန်၏ရှေ့ကိုကိုင်းပြီး မေးလိုက်သည်။
"မင်းဘာလို့ ဒီလောက်အေးစက်နေတာလဲ"
"ဟုတ်လား"
ဝေချန်က မေးသည်။
“ဟုတ်တယ်... မဟုတ်ဘူးလို့ ဘယ်လိုလုပ် ပြောရမှာလဲ"
သူ့မကျေနပ်မှုများကို ဖြေဖျောက်ရန် ထွက်ပေါက်ရှာသလိုမျိုး ဝေ့ဟွား၏ ပါးစပ်က စက်သေနတ်လို တဗျစ်တောက်တောက်လုပ်ပါတော့သည်။
"ငါ မင်းကို ဆယ်ခါလောက်ပြောမှ မင်းက ဝါကျတစ်ကြောင်းပဲ... မဟုတ်ဘူး၊ တစ်ကြောင်းတောင် မဟုတ်ဘူး... စကားလုံးနည်းနည်းပဲ ပြန်ဖြေတယ်... မင်းဘာလို့ စကားပြောဖို့ ဒီလောက် ဝန်လေးနေတာလဲ"
ဝေ့ချန်က ဝေ့ဟွားကို မနှောက်ယှက်ဘဲ တိတ်တဆိတ် ကြည့်နေသည်။
"ဒါပေမဲ့ ဒီတစ်ခေါက် ငါပြန်လာပြီးတဲ့နောက် မင်းပြောင်းလဲသွားသလို ခံစားရတယ်"
ဝေ့ဟွားက ခေါင်းလှည့်ကာ ဝေ့ချန်ကိုကြည့်လိုက်ပြီး သူ့အမူအရာက အလွန်းအမင်းလေးနက်လာသည်။
"မင်းတကယ်ပြောင်းလဲသွားပြီ"
ဝေ့ချန်က သူ့လက်ထဲတွင် ဘီယာကို ကိုင်ထားရင်းဆိုလိုက်သည်။
"ဟုတ်ချင်ဟုတ်မှာပေါ့"
သူ့အကြည့်များက ဟိုးအဝေးက ညအမှောင်ထဲကိုရောက်သည်။
"သူ့ကြောင့်လား"
ဝေ့ဟွားက သူ့အကြည့်ကို ဧည့်ခန်းဆီသို့ ပို့လိုက်ရာ ချန်လီက ဝီရိယရှိရှိစာဖတ်နေဆဲဖြစ်သည်။သို့ပေမဲ့ သူက ဝေ့ချန်၏ ညွှန်ကြားချက်ကိုလည်း သတိရပြီး စာအုပ်ထဲက စာမျက်နှာများကို လက်တစ်ဖက်နှင့် လှန်လိုက်ပြီး တခြားတစ်ဖက်နှင့် ဖန်ခွက်ထဲက ရေကို မော့သောက်လိုက်သည်။
ဝေ့ချန်က နှုတ်ဆိတ်နေခဲ့သည်။
ဝေ့ဟွား သူ့စိတ်ထဲတွင် အဖြေကို ရှာတွေ့လုနီးပါးဖြစ်၍ ထပ်မမေးတော့ပေ။ "ဒါပေမဲ့ ငါ့အပေါ် မင်းရဲ့ သဘောထားက အများကြီး ပြောင်းလဲသွားတယ်လို့ ခံစားရတယ် အားချန်"
ဤနေရာအရောက်မှာ ဝေ့ဟွား၏ မျက်နှာက စိတ်လှုပ်ရှားမှုများဖြင့် တောက်ပလာပြီး ဝေ့ချန် မှတ်မိသလောက်ကို သူ့အပြုံးက အထိန်းအကွပ်မဲ့နေသည်။ သို့သော် ယခုတစ်ကြိမ်တွင် ဝေ့ချန် မနာလိုမှုအရိပ်အယောင်တစ်ခုမှ မခံစားရပေ။
"နိုင်ငံခြားကို မသွားခင်က ငါ မင်းနဲ့ ပေါင်းရတာကို ကြိုက်တယ်...ဝေ့မိသားစုမှာ ညီအကိုတွေ အများကြီးရှိတယ်၊ မင်းကိုမှ ဘာလို့ အထင်အမြင်ကောင်းရှိမှန်း ငါမသိဘူး ...ဒါက ကံကြမ္မာပဲဖြစ်ရမယ်... ငယ်ငယ်တုန်းက ငါ မင်းနဲ့ကစားရတာကြိုက်တယ်၊ မင်းက ငါ့ကိုလျစ်လျူရှုခဲ့တယ်...ငါတို့ ကြီးလာတာနဲ့အမျှ မင်းက ငါအရှက်ရမှာစိုးလို့ ငယ်ငယ်တုန်းကလို ငါ့ကို တိုက်ရိုက် လျစ်လျူမရှုတော့ပေမဲ့ အားချန်…"
ဝေ့ဟွားက ဘီယာတစ်စုပ်သောက်လိုက်သည်။
"ဒါပေမဲ့ အားချန် မင်းက ငါနဲ့ ဝေးဝေးနေပြီး ငါ့ကို မမြင်ချင်တာကို ငါခံစားမိတယ်"
၎င်းကိုကြားသောအခါ ဝေ့ချန်က သူ့ကိုယ်သူ တိတ်တိတ်လေး တွေးလိုက်မိသည်–မင်းတကယ်သိနေတာပဲ... မင်းသိမှာမဟုတ်ဘူးလို့ ငါထင်ခဲ့တာ...အဲဒါကြောင့် မင်းက အကြောင်းပြချက်မရှိဘဲ အမြဲ ငါနဲ့ရင်းနှီးဖို့ ကြိုးစားခဲ့တာကိုး...
"ဒါပေမဲ့ ဒီတစ်ခေါက် ငါပြန်လာတော့ မင်းက ငါ့ကို မခုခံတော့ပုံရတာကိုငါတွေ့လိုက်ရတယ်"
ဝေ့ဟွား၏ အပြုံးက ကြီးမားသထက် ကြီးမားလာသည်။
"ဒါကြောင့် ဒီနေ့ ငါ ပျော်တယ်...ငါအရမ်းပျော်တယ်...ပျော်လွန်းလို့ မမူးမချင်း အိမ်မပြန်ချင်ဘူး"
ဝေ့ချန်၏ နှလုံးသားက နွေးထွေးသွားပြီး ကျေးဇူးတင်မှုများဖြင့်ပြည့်နေခဲ့သည်။အကြောင်းမှာ ဤဘဝမှသာ သူ့အပေါ် တစ်သက်လုံး တကယ်ကောင်းခဲ့သောသူ ဝေ့ဟွားဖြစ်မှန်းကို သူအမှန်တကယ်သိခဲ့၍ဖြစ်သည်။သူ၏ယခင်ဘဝက သူအမြဲခုခံငြင်းဆန်ခဲ့ဖူးသော ဤလူက ကားမတော်တဆမှုအပြီးတွင် ချန်လီအပြင်ကို သူ့အား ဆေးရုံသို့လာရောက်လည်ပတ်သည့်(လူနာလာမေး) ပထမဆုံးလူဖြစ်သည်။ဝေ့ဟွားက သူ့ကို ငတုံးဟု ခေါ်ပြီး လူမှားပြီး ယုံခဲ့သည်ဟုပြောသည်။ဝူဇီခန်း နှင့် ချန်ချင်းတို့က လူကောင်းမဟုတ်ကြောင်းနှင့် သူ ထိုသူတို့၏ထောင်ချောက်ထဲသို့ မိုက်မဲစွာ ကျသွားခဲ့သည်ကို သူသိနေခဲ့လေသည်။
နောက်ပိုင်းတွင် ဝေ့ဟွား ဆေးရုံသို့လာရောက်လည်ပတ်သည့်အကြိမ်ရေက နည်းပါးလာသော်လည်း ဝေ့ဟွားက ဝေ့မိသားစု၏ကိစ္စများကို ကိုင်တွယ်ရန် အလုပ်များနေသဖြင့် လုံးလုံးလျားလျား မအားမလပ်ဖြစ်ပြီး ပင်ပန်းနေမှန်း ဝေ့ချန် သိသည်။
ဝေ့မိသားစု ရှင်သန်လွတ်မြောက်နိုင်ရဲ့လားဆိုသည် နှင့် ဝေ့ဟွားအဆင်ပြေရဲ့လားဆိုသည်ကို ဝေ့ချန် သူကွယ်လွန်ချိန်အထိ လုံးဝ မသိခဲ့ရပေ။
အတိတ်က မီးခိုးငွေ့များကဲ့သို့ လေနှင့်အတူ မှေးမိန်ကာ လွင့်ပါသွား၏။
ဝေ့ချန်က ဘီယာဘူးကိုဖွင့်ကာ ဝေဟွာ၏လက်ထဲမှ ဘီယာဗူးနှင့် အသာအယာတိုက်လိုက်သည်။
"ချီးယားစ်"
"ချီးယားစ်... ဒီည မမူးရင် မအိပ်ဘူးကွ"
လက်ကျန် ဘီယာပုလင်းတစ်ဝက်ကို မော့ချလိုက်ပြီးနောက် ဝေ့ဟွားက သူ့အတွက် နောက်တစ်ပုလင်းကို ဖွင့်လိုက်သည်။
အဆုံးတွင် ဝေ့ချန်က ဝေ့ဟွားယူလာသော ဘီယာပုလင်းတစ်ဝက်အောက်ကို သောက်ခဲ့ပြီး ဝေ့ဟွားက ကျန်သည်ကိုသောက်ပြီး မူးသွားခဲ့သည်။
ဝေ့ချန်က အရက်မူးနေသော ဝေ့ဟွားကို ပြုစုရန် ရည်ရွယ်ချက်မရှိခဲ့ဘဲ သူ့ကို ဧည့်သည််ခန်းထဲသို့ ပစ်ထည့်ကာ သူ့ကိုယ်ပိုင်ပစ္စည်းများနှင့်အတူ ထားခဲ့သည်။
ချန်လီက ဝေ့ချန်နောက်ကနေအထဲလိုက်ဝင်လာပြီး ကုတင်ပေါ်တွင် လဲလျောင်းနေသော ဝေ့ဟွားကို ကြည့်ကာ ဝေ့ချန်ကို ကြည့်လိုက်သည်။
"သူ မူးနေတာ...သူ့ကိုစိတ်မပူနဲ့"
ဝေ့ချန်က ချန်လီ၏ ခေါင်းကို ပွတ်သပ်လိုက်ကာ ချန်လီလက်ကို ဆွဲပြီး ထွက်လာခဲ့သည်။
ချန်လီက လိမ်လိမ်မာမာဖြင့် ဝေ့ချန်အား သူ့ကို အခန်းထဲသို့ ပြန်ခေါ်သွားခွင့်ပြုကာ အိပ်ရာပေါ်မှာ လှဲချလိုက်ပြီး ဝေ့ချန်ကို ကြည့်လာသည်။သူ့မျက်နှာက ဖြူစင်ပြီး ချစ်ချင်စဖွယ်ကောင်းနေကာ သူ့ကို လာရောက် အရသာခံလှည့်ပါဟု ကမ်းလှမ်းနေအတိုင်းပင်။
ဝေ့ချန်က တံတွေးမျိုချလိုက်ပြီး သူ့ဘေးရှိ စောင်ပါးကို ဆွဲယူ၍ ချန်လီကို ခြုံပေးကာပြောလိုက်သည်။
"အိပ်တော့"
သူ့အသံက အတော်လေးအက်ရှနေသည်။ချန်လီက ဝေ့ချန် အတူတူအိပ်ရန် နေရာရအောင် ကြိုးစားကာ ဘေးဘက်သို့ အနည်းငယ် ရွှေ့လိုက်သော်လည်း ဤအခြေအနေတွင် ဝေ့ချန် ကုတင်ပေါ်တက်သည်နှင့် သူ့ကိုယ်သူ မထိန်းနိုင်တော့မည်ကို စိုးရိမ်မိသည်။
"လီလီအရင်အိပ်နှင့်နော်...ကိုယ် စာရွက်စာတမ်းတချို့ ကိုင်တွယ်လိုက်ဦးမယ်"
ဝေ့ချန် သူ၏ ချန်လီကို ထိချင်သည့် ဆန္ဒကို ခက်ခက်ခဲခဲ ဖိနှိပ်ပြီး ပြောလိုက်သည်။
ချန်လီက ခေါင်းညိတ်ပြကာ စောင်ထဲမှာလှိမ့်ပြီး ဝေ့ချန်၏ရနံ့ကို သယ်ဆောင်ထားဆဲဖြစ်သော စောင်ကိုပိုက်၍ လိမ်လိမ်မာမာ မျက်လုံးမှိတ်လိုက်သည်။
ဝေ့ချန်က အခန်းထဲရှိ မီးများကိုပိတ်လိုက်ပြီး တံခါးကို အနည်းငယ် ဟထားခဲ့လိုက်သည်။လသာဆောင်ကိုသွားပြီး သန်းခေါင်ယံ လေအေးများကို ခံစားပြီးမှ သူအခန်းထဲကိုပြန်လာခဲ့သည်။
ကုတင်ပေါ်ပြန်လှဲအိပ်လိုက်သည်နှင့် တပြိုင်နက် ချန်လီက သူ့ရင်ခွင်ထဲသို့ လှိမ့်ဝင်လာကာ သူ့ကိုယ်ပေါ်တွင် လက်နှင့်ခြေများကို မဆိုင်းမတွ တင်လိုက်ပြီး ညဝတ်အင်္ကျီထဲမှ ပေါ်နေသော ဝေချန်၏ ရင်အုပ်ကို မျက်နှာနှင့် ပွတ်သပ်လိုက်လေသည်။၎င်းနောက် သူက ငြိမ်းချမ်းစွာအိပ်သွား၏။
ဝေ့ချန် ချန်လီ့ကိုဖက်ထားရင်း သူ့စိတ်ကို ဖြည်းညှင်းစွာ ရှင်းထုတ်လိုက်ပြီး နောက်ဆုံးတွင် သူ့ကိုယ်သူ ခက်ခက်ခဲခဲ ပျော်အောင်အိပ်လိုက်ရသည်။
နောက်တစ်နေ့ မိုးလင်းသည်နှင့် ဝေ့ချန်နှင့် ချန်လီ တစ်ယောက်ပြီးတစ်ယောက် နိုးလာသည်။ မနက်ခင်း အပြေးလေ့ကျင့်ခန်းများက သူတို့၏ ပုံမှန်အလေ့အကျင့်ဖြစ်လာသဖြင့် ရိုးရိုးရှင်းရှင်း မျက်နှာသစ်ပြီးနောက် အားကစားဝတ်စုံလဲပြီး မနက်ခင်းလေ့ကျင့်ခန်းအတွက် အနီးနားမှာရှိသော ပန်းခြံကို သွားကြသည်။
မနက်အစောကြီးရှိသေးပေမဲ့ ပန်းခြံက လှုပ်ရှားမှုများနှင့် စည်ကားနေလေပြီ။ လူများသည် ကခုန်ခြင်း၊ ဓားရှည်လေ့ကျင့်ခြင်း၊ ရွရွပြေးခြင်း သို့မဟုတ် လမ်းလျှောက်ခြင်းများဖြင့် နေ့ရက်တစ်ရက်ကိုတက်ကြွစွာစတင်နေကြသည်။
သူတို့ နှစ်ယောက် မနက်ခင်းလေ့ကျင့်ခန်း ပြီး၍ အိမ်ပြန်ရောက်သောအခါ ဧည့်သည်ခန်းမှ ရေစီးသံကို ကြားလိုက်ရပြီး ဝေ့ဟွား နိုးနေပြီဖြစ်ကာ လောလောဆယ် ရေချိုးနေကြောင်း ညွှန်ပြနေသည်။ဝေ့ချန်က မနေ့က စဥ်းစဥ်းစားစားဖြင့် ဝေ့ဟွားအတွက် အဝတ်အစားအသစ်များကိုပြင်ဆင်ပြီး ကုတင်ဘေးစားပွဲပေါ်တွင် တင်ထားပေးခဲ့သည်။
ဆယ်မိနစ်ခန့်ကြာပြီးနောက် ဝေ့ဟွား အခန်းထဲမှ ထွက်လာသည်။ သူ့ဆံပင်များက ရေများစိုရွှဲနေပြီး အိမ်တွင်းစီးဖိနပ်တစ်ရံစီးရင်း ကျယ်လောင်စွာ သမ်းနေသည်။
"အစောကြီး?"
ဧည့်ခန်းထဲက ဘယ်သူမှ သူ့ကို တုံ့ပြန်ခြင်း မရှိပေ၊ သူက ၎င်းကို ကိစ္စကြီးတစ်ခုမထင်ပါချေ။ထမင်းစား စားပွဲဆီသို့ လျှောက်သွားပြီး ထိုင်ခုံတစ်ခုံကို ရှာကာ အောက်ထပ်မှ ပြန်ရောက်လာခါစ ဝေ့ချန် ယူလာခဲ့သော ပေါက်စီထုပ်ထဲက တစ်လုံးကို သာမန်ကာလျှံကာ ကောက်ကိုင်လိုက်သည်။
ပေါက်စီများက မီးဖိုထဲက ထွက်လာခါစဖြစ်ပြီး အပြင်မှာ အလွန်ကြီးပူသည်ဟု မခံစားရပေမဲ့ ဝေ့ဟွားကိုက်လိုက်သည့်အခါ အတွင်းက စွပ်ပြုတ်ရည်ပူပူများ ထွက်လာပြီး သူ့အလိုအလျောက် အော်မိသွားစေသည်။
"ပူလိုက်တာ"
ဝေ့ဟွားက ထိုသို့ပြောသော်လည်း သူ့ကိုယ်သူ မတားနိုင်ပေ။ သူက အစာကို အငမ်းမရမျိုချနေပြီး ရှူသွင်းလုနီးပါး ဖြစ်နေသည်။
"နိုင်ငံခြားမှာ အကြာကြီးနေပြီးတဲ့နောက် တရုတ်က ပေါက်စီလိုမျိုး ရိုးရိုးရှင်းရှင်း တစ်ခုခုကတောင် မယုံနိုင်လောက်အောင် အရသာရှိနေသလိုခံစားရတယ်"
ထိုစကားများပြောပြီးနောက် ဝေ့ဟွားတစ်ယောက် အခြားဘာမှပြောရန် အချိန်မရှိတော့ပေ။ သူက ပေါက်စီများကို မျိုချရန်ပဲ စိတ်နှလုံးအကြွင်းမဲ့ အာရုံစိုက်ထားခဲ့သည်။
အချိန်ဘယ်လောက်မှမရှိခင်မှာပဲ သူ လေးခုကုန်သွားသည်။
သူ့ပါးစပ်ထဲက လေးပင်သောအရသာကို အရသာခံပြီးနောက် ဝေ့ဟွားက ခေါင်းလှည့်ကာ ဝေ့ချန်ကိုပြောလိုက်သည်။
"ရက်နည်းနည်းကြာရင် မင်းအဖေ မြို့တော်ကို ရောက်လာလိမ့်မယ်... သူက ဒီမှာ ငါ့ကို လုပ်ငန်းနဲ့ ရင်းနှီးအောင် ကူညီပေးမှာ... သူနဲ့တွေ့ချင်လား"
<< >>
💘