Chapter 69
Viewers 49k

💘Chapter 69  

နှုတ်ဆက်လိုက်ပါ




"ရူရူ...ရောက်ပြီလား"


ဝေ့ဟွားကအသံကိုကြား​ပြီး ရူရူဟုထင်လိုက်သည်။ထင်သည့်အတိုင်းပင်၊ရှုရူရူက သူတို့ဆီ လျှောက်လာနေသည်ကို သူမြင်လိုက်ရသည်။


"တောင်းပန်ပါတယ် ခုနက အစည်းအဝေးရှိလို့ ငါနောက်ကျသွားတယ်"


ရှုရူရူက အားတုံ့အားနာဖြင့် ဆိုလာပြီး  သူမ၏အသံက ယခင်ကအတိုင်း ချိုမြိန်​နေသည်။


"ရပါတယ်ဟာ ငါတို့ရောက်တာမကြာသေးဘူး"


ဝေ့ဟွားက မတ်တပ်ထရပ်ကာ ရှုရူရူကို အတွင်းဘက်မှာ ဝင်ထိုင်ရန် ယဉ်ကျေးစွာ လက်ဟန်ပြသည်။ရှုရူရူက ဝေ့ချန်၏ဘေးတွင်ထိုင်ရခြင်းကို သေချာပေါက် နှစ်သက်​လောက်ကြောင်း သူသိသော်လည်းပင်။


ရှုရူရူက ထိုင်ပြီးနောက် ဝေ့ချန်ကို ချက်ချင်းနှုတ်ဆက်လိုက်၏။

"နင်နဲ့ထပ်တွေ့ရဖို့ မမျှော်လင့်ထားဘူး"


ဝေ့ချန်က ယဥ်ယဉ်ကျေးကျေး ခေါင်းညိတ်ပြသည်။ရှုရူရူ ဤနေရာတွင် ပေါ်လာသည်မှာ ဝေချန်အတွက် အံ့သြစရာမဟုတ်ပေ။ဝေ့ဟွားက အခုမှပြန်ရောက်ခါစဖြစ်၍ ရင်းနှီး​သောသူငယ်ချင်းများကို သူတို့နှင်အတူဆုံရအောင် ဖိတ်ခေါ်လိုက်သည်က ပုံမှန်ပါပင်။


"ဟဲလို ချန်လီ"

ရှုရူရူက ဝေ့ချန်၏ ဥပေက္ခာပြုခြင်းကို ကျင့်သားရပြီး ဘာစိုးရိမ်မှုမှ မပြခဲ့ပေ။ ထိုအစား သူမက ချန်လီ၏ဘက်ကို လှည့်ပြီး နှုတ်ဆက်လိုက်သည်။


သူ့ပိုက်ကို သတိလက်လွတ် ဝါးနေသော ချန်လီက မိန်းမောနေသည့်အခြေအနေမှာရှိနေသည်။သူ့နာမည်ကို တစ်ယောက်ယောက် ခေါ်သံကို ရုတ်တရက် ကြားလိုက်ရချိန်မှာပင် တုံ့ပြန်ခြင်း မပြုဘဲ မိန်းမောနေသော အနေအထားမှာပဲ ရှိနေခဲ့သည်။


စိတ်ရောဂါအထူးကုဆရာဝန်တစ်ယောက်အနေဖြင့် ဤအရာက ချန်လီအတွက် လုံးဝပုံမှန်ဖြစ်စဉ်တစ်ခုဖြစ်ကြောင်း ရှုရူရူ သဘာဝကျကျနားလည်သဘောပေါက်​လေသည်။ သူမက ထိုသည်ကို​စိတ်ထဲထည့်မနေဘဲ ဝေ့ဟွားနှင့် နိုင်ငံခြားမှာ နေခဲ့သည့် နှစ်များအကြောင်းကို စတင်ပြီး ဆွေးနွေး​လေသည်။


ဝေ့ချန် နားထောင်နေရင်းနှင့် အချက်အလက်အချို့ကို ဖမ်းမိလိုက်သည်။နောက်ဆုံးမှာ ဝေ့ဟွားက နိုင်ငံရပ်ခြားမှာ ရှုရူရူနှင့် တစ်မြို့တည်းတွင် ပညာသင်ခဲ့ခြင်းဖြစ်နေသည်။တိုင်းတစ်ပါးတွင် တစ်ယောက်တည်း နေရသော ဤလူနှစ်ယောက်က တဖြည်းဖြည်း ရင်းနှီးလာသော်လည်း သူတို့ကြားတွင် မီးပွားများ မရှိဘဲ သူငယ်ချင်းကောင်းများ ဖြစ်လာကြသည်။


ဝေ့ဟွားနှင့်ရှုရူရူတို့ စကားစမြည်ပြောနေကြစဉ် ဝေ့ချန်နှင့်ချန်လီတို့က ငြိမ်သက်စွာ ထိုင်နေကြသည်။ ရံဖန်ရံခါတွင် ဝေ့ချန်က စောင်းငဲ့ကာ ချန်လီအား စကားအနည်းငယ်ပြောလေ့ရှိပြီး ထိုအခိုက်တန့်များတွင် အသက်မဲ့​နေ​သော လူငယ်လေး၏ မျက်လုံးများက အလင်းရောင် တဖျပ်ဖျပ် တောက်ပလာတတ်သည်။


ချန်လီက ပိုက်ဖြင့် လိမ္မော်ရည် အစုပ်အနည်းငယ် သောက်လိုက်ပြီးနောက် ဝေ့ချန်က သူ့ခေါင်းကို လှည့်ကာ "ကောင်းလား" ဟု မေးလိုက်သည်။


ချန်လီကပါးပြင်များ ခွက်ဝင်သွားအောင် တစ်ငုံစာ စုပ်​သောက်လိုက်ရင်း ဝေ့ချန်အား တကယ်ကောင်းကြောင်းအမူအရာဖြင့်ပြလာသည်။နွေရာသီ၏ ချစ်ချစ်တောက်ပူနေသော အပူဒဏ်က သည်းမခံနိုင်စရာဖြစ်ပြီး ဤ​ရေခဲစိမ်လိမ္မော်ရည်တစ်ခွက်က အမှန်တကယ် လန်းဆန်းအေးမြစေ​လေသည်။


"ကိုယ့်ကော်ဖီကို ​မြည်းကြည့်ချင်လား" 

ဝေ့ချန်က ဆွဲဆောင်နေသည့် အရိပ်အမြွက်များပါ​နေ​သော​လေသံဖြင့် သူ၏ ကော်ဖီကို ချန်လီဆီသို့တွန်းပို့လိုက်​သည်။


ချန်လီ၏ မျက်လုံးများ တောက်ပလာပြီး ဝေ့ချန် ဘာမှမပြောရသေးခင်မှာ ခေါင်းကိုလှည့်ကာ တစ်စုပ်သောက်လိုက်သည်။ ခါးသက်သောအရသာက ချန်လီ၏ အရသာခံအာရုံဖုများအားလုံးကို ချက်ချင်းသိမ်းပိုက်လိုက်သည်။အင်တင်တင်မျိုချပြီးနောက် ချန်လီက ချို​မြိန်သောလိမ္မော်ရည်ကို ထပ်မံသောက်လိုက်သည်။


"ထပ်သောက်ချင်​သေးလား"

ဝေ့ချန်က ပြုံးရွှင်နေသော မျက်လုံးအစုံဖြင့် မေးလိုက်သည်။


ချန်လီက ကော်ဖီခွက်ကို တွန်းဖယ်လိုက်ပြီး ကော်ဖီ၏ခါးသောအရသာကို အမှန်တကယ် မကြိုက်ကြောင်း အမူအရာပြလိုက်သည်။


ဝေ့ချန်က ချန်လီ၏ဆံပင်ကို ပျော်ရွှင်စွာ ပွတ်သပ်လိုက်ပြီး ခေါင်းငုံ့ကာ ခုနက ချန်လီ၏ နှုတ်ခမ်းများဖြင့် ထိတွေ့လိုက်သည့် နေရာက​နေ ကော်ဖီကို သောက်လိုက်သည်။


ဒါကိုလည်း သွယ်ဝိုက်အနမ်းလို့ ယူဆနိုင်တယ်မဟုတ်လား... ဝေချန်က နှာပူးတစ်ယောက်လို အနည်းငယ် ရူးနှမ်းစွာ တွေးလိုက်သည်။


ရှုရူရူက ဝေ့ဟွားနှင့် စကားပြောနေသော်လည်း၊ဝေ့ချန်၏ ဘက်ခြမ်းရှိ လှုပ်ရှားမှုများကို အာရုံစိုက်နေခဲ့ပြီး ဝေ့ချန်နှင့်ချန်လီတို့ကြားက အပြန်အလှန်ဆက်ဆံမှုကို ရှင်းရှင်းလင်းလင်း မြင်နေခဲ့သည်။ သူမ နှလုံးသားထဲမှာ ရှုံးနိမ့်သွားသည့် ခံစားချက်ကို သူမ မခံစားရဘဲမနေနိုင်ခဲ့။ 


သူမက သူနှင့်မျက်စောင်းထိုးတည့်တည့်မှာ ထိုင်နေသော်လည်း သူကအကြည့်လေး တစ်ချက်မျှ မစွန့်ကြဲခဲ့ပေ။


"ကော်ဖီရပါပြီ မဒမ်"

သူဌေးက ကော်ဖီခွက်နှင့် အနားကို ချဉ်းကပ်လာပြီး ရှုရူရူရှေ့မှာ ချကာ အနည်းငယ် ဦးညွှတ်လိုက်၏။


"ကျေးဇူးတင်ပါတယ်"

ရှုရူရူက သူမ၏ စိတ်ပျက်အားငယ်မှုကို ဖုံးကွယ်ကာ ကော်ဖီကို မော့သောက်လိုက်ပြီး လွန်ကဲသော ခါးသက်မှုကို ခံစားလိုက်သည်။


"ကျွန်တော် မင်းအတွက် သကြားတစ်ဇွန်း ပိုထည့်ထားတယ်...အရမ်းခါးရင် သကြားထပ်ထည့်လို့ရတယ်"

သူဌေးက ပြောသည်။


"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်"

ရှုရူရူက သူမ ထိုသကြားတစ်ဇွန်းကို အမှန်တကယ် လိုအပ်နိုင်သည်ဟု ခံစားရသည်။မဟုတ်လျှင် ခါးလွန်းသည်၊ တကယ်ကိုခါးသည်။


"သူဌေး ကော်ဖီတစ်ခွက် ထပ်ပေးပါ" ဝေ့ဟွားက သူ့ရှေ့က ကော်ဖီ ကုန်သွားပြီဖြစ်ကာ သူဌေးက အနီးနားတွင် ရှိနေသောကြောင့် နောက်တစ်ခွက်ကို အဆင်သင့်စွာ မှာလိုက်သည်။


ရှုရူရူ လက်ခံရရှိသောဝန်ဆောင်မှုနှင့်မတူဘဲ ​ဝေ့ဟွားနှင့် မျက်နှာချင်းဆိုင်ရသောအခါ သူဌေး၏မျက်နှာက ရှစ်ခေါက်ချိုးဖြစ်သွားခဲ့သည်။

"တစ်ခွက်လို့ ကန့်သတ်ထားတယ်"


"အရင်က ဒီလိုစည်းမျဥ်းမရှိပါဘူး"

ဝေ့ဟွားက နှစ်ကြိမ်တိုင်တိုင် ငြင်းပယ်ခံရပြီးနောက် နာကျင်ခံစားသွားခဲ့ရသည်။


"အဲဒီလို စည်းမျဥ်းမရှိဘူး"

သူဌေးက ဝန်ခံလိုက်သည်။


ဝေ့ဟွားက အလျှော့မပေးဘဲ ခေါင်းမာနေသည်။

"ဒါဆို တစ်ခွက်လို့ ဘာလို့ ကန့်သတ်ရတာလဲ"


သူဌေးက ဝေ့ဟွားကို မျက်​စောင်းထိုးကာ ကြည့်လိုက်သည်။

"အကြောင်းပြချက်မရှိဘူး" 

ထို့နောက် သူက လှည့်ထွက်သွားသည်။


ဘာကိုမှသတိမမူမိသော ဝေ့ဟွားပင် တစ်ခုခုမှားနေသည်ကို ခံစားမိသည်။သူမေးလိုက်၏။


"ငါ သူ့ကို စော်ကားမိခဲ့တာလား"


ဝေ့ချန်က အပြင်ဘက် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး ချန်လီက အသိစိတ်လွတ်စွာဖြင့် သူ့ပိုက်ကို ဆက်စုပ်​​နေကာ ရှုရူရူက ရှုပ်​ထွေးနေသော အမူအရာကို ဆင်​မြန်းထားသည်။


ဝေ့ဟွား : "…"


ဒါဆို အတိအကျ ဘာဖြစ်နေတာလဲ...


သူတို့လေးယောက် ဘလူးစ်မှာ နာရီဝက်ကျော်ကြာအောင် နေခဲ့သည်။ ကောင်းကင်က ပိုမှောင်လာသည်နှင့်အမျှ ညစာစားရန် စားသောက်ဆိုင်ရှာဖို့ ဆုံးဖြတ်လိုက်သည်။​ဝေ့ဟွားက ပိုက်ဆံသွားရှင်းသည့်အခါ မမေးဘဲမနေနိုင်ခဲ့ပေ။

"ကျွန်တော် ခင်ဗျားကို စော်ကားမိလို့လားသူဌေး" 


သူဌေးက ပိုက်ဆံကို စစ်၊အကြွေအမ်း ပြီး လျင်မြန်စွာပဲ ပြန်ဖြေသည်။ 

"တံခါးက ဟိုမှာ... မင်းထွက်သွားနိုင်ပြီ"


ရှုရူရူ တစ်ဖက်မှ မရယ်ဘဲ​မ​နေနိုင်။ သူဌေး၏စကားများက တကယ်ပညာသားပါသည်။သူ တကယ်ဝေ့ဟွားကို ထွက်သွားစေချင်ခြင်း ဖြစ်နိုင်သည်။


ဝေ့ဟွားက သဘာဝအတိုင်း နားလည်သဘောပေါက်ပြီး သူဌေးအား တစ်ခုခုပြောတော့မည်​ပြုသော်လည်း သူဌေးက အရင်ပြောလိုက်သည်။

"လိုက်ပို့စရာမလိုဘူးမလား"


ဝေ့ဟွား၏ စကားများက လည်ချောင်းထဲတွင် တစ်သွားခဲ့သည်။ သူဌေးက လှည့်သွားပြီး သူ့အလုပ်နှင့်သူရှုပ်နေသည်ကိုမြင်ရာတွင် သူ မျက်လုံးများမှေးကျဥ်းပြီးထွက်လာခဲ့၏။ဝေ့ဟွားက အပြင်သို့ရောက်သည်နှင့်  သူ့မျက်နှာထက်တွင် ဒေါသလက္ခဏာမပြသော်လည်း သူဌေး၏သဘောထားကို မကျေနပ်သဖြင့် စပြီး တောင်စဥ်ရေမရ ညည်းညူနေတော့သည်။


ရှုရူရူက မကြားချင်ယောင်ဆောင်​​​နေပေမဲ့ မျက်လုံးထောင့်ကနေ ချန်လီနှင့်ဝေ့ချန်ကို ကြည့်နေခဲ့၏။


ချန်လီနှင့်ဝေ့ချန်တို့သည် သူတို့နောက်ကနေ နီးကပ်စွာ လျှောက်လာပြီး လက်ချောင်းများ သွယ်ယှက်ထားသည်။သူတို့က စကားမဖလှယ်ကြသော်လည်း မြင့်မားသောတံတိုင်းကြီးတစ်ခုက သူတို့ကို ဝိုင်းရံထားသလို ခံစားရကာ ဘယ်သူမှဝင်မရဖြစ်စေသည်။


သူတို့အားလုံး လမ်းတစ်လျှောက်မှာ ကိုယ်စီ အတွေးများ ရှိ​နေကြပြီး ထမင်းစား​နေချိန်မှာပင် တချို့က ဆက်​တွေးနေခဲ့​ကြလေသည်။လေထုက အတော်လေး အုံ့မှိုင်းလာသဖြင့် ဝေ့ဟွားက သူတို့လေးယောက်အတွက် စိတ်လက်ပေါ့ပါးစေရန် ကြိုးစားခဲ့သည်။


သို့ပေမဲ့ အချည်းနှီးပါပင်။


နောက်ဆုံးတွင် ဝေ့ဟွား အနည်းငယ် ခွန်အားမဲ့သလို ခံစားခဲ့ရပြီး အစားအသောက်ထဲတွင်ပဲ သူ့ကိုယ်သူ နစ်မြုပ်ထားလိုက်သည်။ နိုင်ငံရပ်ခြားတွင် နှစ်အနည်းငယ်ကြာနေထိုင်ပြီးနောက် ပေါ့ရွှတ်ရွှတ်အရသာများကြောင့် သူ၏လျှာက ငှက်​တစ်ကောင်လိုဖြူဖျော့နေပြီဖြစ်သည်။ပြည်တွင်းကို ပြန်ရောက်ပြီးနောက် သူ၏ ပထမဆုံးထမင်းတစ်နပ်အတွက် တခြားဘာကိုမှ စိတ်မပူဘဲ  စိတ်နှစ်ကာ စားသောက်ခဲ့သည်။


စားပွဲဝိုင်းတွင် ဝေ့ချန်က ချန်လီကို အသေးစိတ် ဂရုစိုက်​ပေး​လေသည်။


သူတို့က ယနေ့ ပင်လယ်စာများ စားနေကြသဖြင့် ဝေချန်က ချန်လီအတွက် အခွံခွာပေး၊ပြင်ဆင်ပေးပြီး သူ့ကို တိုက်ရိုက်ခွံ့မကျွေးရုံတစ်မယ်ဖြစ်၏။ချန်လီက ဘာမှလုပ်စရာ မလိုဘဲ ပါးစပ်ဖွင့်ပြီးစားရုံရှိကာ သူ့မျက်လုံးများက တချိန်လုံး တလက်လက် တောက်ပနေသည်။သူဘာစားချင်သည်ဟု ထုတ်ပြောစရာပင် မလို​ပေ။ဝေ့ချန် က ချန်လီ၏ ဆန္ဒများကို အမြဲနားလည်ခဲ့ပြီး သူစားလိုသော ပင်လယ်စာများကို ပြင်ဆင် ကျွေးမွေးခဲ့သည်။


တချိန်လုံး သူတို့က မသိလိုက်ပါဘဲ ချစ်ခင်မှုများ ပြသနေခဲ့သည်။ဝေ့ဟွားတစ်ယောက် သူပါ သူတို့နှစ်ဦးကြားက ပန်းရောင်​​လေထုဖြင့် လွှမ်း​​ခြုံ​ခြင်းခံနေရသလို ခံစားလိုက်ရသည်။သူက ဘာမှသိပုံမပေါ်သည့် ရှုရူရူကို ကြည့်လိုက်ပြီး နောက်ဆုံးမှာ ခေါင်းငုံ့ပြီး သူ့အစားထဲမှာသူ အာရုံစိုက်ရန် ရွေးချယ်လိုက်သည်။


စားသောက်ရသည်က ဘယ်လောက်ပဲ အဆင်မပြေဖြစ်နေပါစေ အဆုံးသတ်က အမြဲရှိနေမှာပင်။ရှုရူရူက အစားအသောက်ကို အရသာမခံနိုင်ဖြစ်နေစဥ်မှာ ဝေ့ဟွားကမူ သူ့ကိုယ်သူ အတင်းအကြပ် စားခိုင်းနေသလိုခံစားရပြီး ရင်ပြည့်ခြင်းဖြင့်အဆုံးသတ်သွားရသည်။ဝေ့ချန်နှင့်ချန်လီကသာ ပုံမှန်အတိုင်းစားနေကြသူများဖြစ်၏။


ပိုက်ဆံရှင်းပြီးသောအခါ ဝေ့ဟွား သူတို့လေးဦးကြားရှိ လေထုကို ခံစားမိပြီး အတူဆုံချိန်ထပ်တိုးရန် အကြံပြုခြင်းမပြုရန် ဆုံးဖြတ်ခဲ့သည်။ ယခုလမ်းခွဲလိုက်သည်က ပိုကောင်းသည်။မဟုတ်လျှင် သူတကယ်အ​နေရခက်သလိုခံစားရလိမ့်မည်။


"အားချန် မင်းနဲ့ ချန်လီပြန်နှင့်လိုက်လေ...ငါ ရူရူကို အိမ်ပြန်ပို့ပေးလိုက်မယ်" 


ဝေ့ဟွားက စီစဉ်ပေးလိုက်သည်။


ဝေ့ချန်က သူနှင့်အတွေးတူသောကြောင့် ဝေ့ဟွားနှင့် ရှုရူရူတို့ကို ဟိုတယ်အဝင်ဝတွင် နှုတ်ဆက်ခဲ့သည်။ချန်လီ၏လက်ကို ဆွဲပြီး အစာကြေအောင် လမ်းမတလျှောက် ခဏလမ်းလျှောက်ပြီးမှ အိမ်သို့မောင်းပြန်သွားခဲ့သည်။


"ငါ နင့်ကို အိမ်ပြန်ပို့​ပေး​မယ်"

ဝေ့ဟွားက ဟိုတယ်ဝင်ပေါက်မှာ ရှုရူရူကို ပြောလိုက်သည်။


"အားဟွား ငါနဲ့အတူလမ်းလျှောက်ပေး" 

ရှုရူရူက ခေါင်းငုံ့ထားသဖြင့် ရှေ့ဆံမြိတ်များကဖြာကျနေကာ သူမ၏မျက်နှာကို ဖုံးကွယ်ထားသည်။


ဝေ့ဟွားက ခေါင်းညိတ်လိုက်သည်။


မိုးသက်မုန်တိုင်းတိုက်ပြီးနောက် ညကောင်းကင်က ​ကြည်လင်သွားကာ ရှားရှားပါးပါး ကြယ်ပွင့်များ ကောင်းကင်၌ မှိတ်တုတ်မှိတ်တုတ် ပေါ်လာသည်။


လရောင်က အရာအားလုံးကို ခြုံလွှမ်း၍ထားကာ အနည်းငယ် အေးမြမှုကို ပေးစွမ်း​နေသည်။


"အားဟွား ငါ တကယ်ကို လက်မခံချင်ဘူး"


ရှုရူရူနှင့်ဝေ့ဟွားက လမ်းဘေးတွင် ဘေးချင်းယှဉ် လမ်းလျှောက်နေကြသည်။လမ်းဘေးသစ်ပင်များက ညလေညှင်းနှင့်အတူ သူတို့၏အကိုင်းအခက်များကို လွှဲယမ်းကာ သူမ၏ လက်ရှိအခြေအနေကို ကဲ့ရဲ့လှောင်ပြောင်​နေကြသည်။


"ရူရူ လက်လွှတ်လိုက်ပါတော့" 

ဝေ့ဟွားက ရှုရူရူရှေ့မှာ ရပ်ပြီး အလေးအနက်ဆိုလိုက်၏။


"အားချန်မှာ ဒီ​နေ့လိုဘက်​ခြမ်းမျိုးရှိလိမ့်မယ်လို့ တစ်ခါမှ မထင်ခဲ့မိဘူး... သူ ချန်ကို တကယ် ဂရုစိုက်တယ်ဆိုတာ ငါပြောနိုင်တယ်"


"ငါသိတယ်" 


ရှုရူရူ၏ အသံက တိုးဝင်နေပြီး အဆုံးမဲ့​သောညှိိုးငယ်မှုများဖြင့် ပြည့်နေသည်။ စိတ်ပညာလေ့လာသူတစ်ယောက်အနေဖြင့် ဝေ့ဟွားပင်မြင်နိုင်သောအရာကို သူမက မည်သို့ မမြင်နိုင်ဘဲနေမည်နည်း။ဝေ့ချန်က ထိုနေ့တွင် ချန်လီကို ဆေးရုံသို့ ခေါ်ဆောင်လာစဥ်က သူမ သတိပြုမိခဲ့ပါသည်။သို့သော်လည်း... သူမ လက်မခံချင်ခဲ့ရုံဖြစ်၏။


"အတိတ်ကို လက်​​ပြနှုတ်ဆက်လိုက်ပါ"

ဝေ့ဟွားက ရှုရူရူကို ရင်ခွင်ထဲဆွဲသွင်းပြီး သူမ၏ဆံနွယ်ရှည်များကို ညင်သာစွာ ပွတ်သပ်၍  တိုးတိုးလေး ပြောလိုက်သည်။


မျက်ရည်များက နောက်ဆုံးတွင် ရှုရူရူ၏မျက်လုံးများမှ စီးကျလာပြီး သူမ၏ လျှာဖျားပေါ်တွင် အလွန်အမင်း ခါးသက်သော အရသာကို ချန်ထားခဲ့လေသည်။


လက်​ပြနှုတ်ဆက်ရမယ်...ဘယ်လိုလုပ် ဒီလောက် လွယ်မလဲ...


ထိုဆက်ဆံရေးသည် သူမ၏ငယ်ဘဝတစ်ခုလုံးကို သယ်ဆောင်ထားခဲ့သည်။


ဝေ့ဟွားလည်း သူ့စကားများက လွယ်လွယ်လေးပြောနေပုံပေါက်မှန်းသူသိသည်။ဒီအချစ်မျိုးကို မခံစားဖူးသူတစ်ယောက်အနေနဲ့ ရှုရူရူရဲ့နာကျင်မှုကို သူဘယ်လိုလုပ် နားလည်နိုင်မလဲ...


ရူရူက ဝေ့ချန်ကို နှစ်ပေါင်းများစွာ စောင့်မျှော်ခဲ့သော်လည်း မထင်မှတ်ဘဲ၊ သူမသည် ဝေ့ချန်၏ အချစ်​ကို မရရှိခဲ့ရုံသာမက ဝေ့ချန်က အခြားတစ်ယောက်အပေါ် သူ၏တစ်ခုတည်းသောကြင်နာယုယမှုကို ပေးအပ်ခဲ့သည်ကိုလည်း သူမ မြင်တွေ့ခဲ့ရသည်။


အိုင်း...ရှုရူရူ၏သူငယ်ချင်းတစ်ယောက်အနေဖြင့် သူလည်း သူမအတွက် စိတ်မကောင်းဖြစ်မိပါသည်။သို့သော် အချို့အရာများသည် အမှန်တကယ်ကို တစ်ဦးတစ်ယောက်၏ ထိန်းချုပ်နိုင်စွမ်းထက်ကျော်လွန်နေခဲ့သည်။ သူက ရှုရူရူကို ဂရုစိုက်ပေမဲ့ ဝေ့ချန်ကိုလည်း ဂရုစိုက်သည်။


ချန်လီက ဘယ်သူလဲဆိုသည်ကိူ သူ ဂရုမစိုက်​ပေ။​ဝေ့ချန်က ချန်လီနှင့်အတူရှိနေစဥ်မှာ တစ်ကိုယ်လုံး အသက်ဝင်နေပုံရသည်ကိုပဲ သူသိသည်။ သူ့မျက်လုံးများက အေးစက်မနေတော့သလို ခံစားချက်များကင်းမဲ့နေခြင်းမျိုးလည်းမရှိတော့ပေ။အပြုံးများနှင့် နူးညံ့မှုများဖြင့် ပြည့်နေခဲ့သည်...


ဝေ့ချန်၏အနားမှာ ထူးချွန်သော ပုဂ္ဂိုလ်များစွာဝိုင်း​နေသည့်ကြားမှ ချန်လီကိုဝေ့ချန် ဘာကြောင့် ရွေးချယ်ခဲ့သည်ကို သူမသိလို။ အထူးသဖြင့် ချန်လီလို အော်တစ်ဇင်တစ်ယောက်က ဘာကြောင့် ဝေ့ချန်၏နှလုံးသားထဲသို့ ဝင်ရောက်နိုင်ခဲ့သည်ကို  သူမသိ​ပေ။ သို့သော် အဖြေကို လည်း သူ မသိချင်ခဲ့ပါချေ။


သူသိချင်သည်က ဝေချန်က ချန်လီကြောင့် နောက်ဆုံးတွင် စက်ရုပ်တစ်ရုပ်လိုမဟုတ်ဘဲ လူသားတစ်ဦးလို အသက်ရှင်နေထိုင်လာခြင်းဖြစ်သည်ကိုပဲ ဖြစ်လေသည်။

(မေးခွန်းမဟုတ်ပါ၊သူသိချင်တာပဲသူသိမည်ဟုဆိုလို)


ညအ​မှောင်ထဲတွင် ရှုရူရူ နှင့် ဝေ့ဟွားတို့အနားမှ ကားတစ်စီး ဖြတ်သွားသည်။ နောက်ထိုင်ခုံမှာ ထိုင်နေသော တစ်စုံတစ်ယောက်က နှစ်ယောက်သား ဖက်နေသည်ကို အမှတ်မထင် မြင်ပြီး အကြည့်များက သူတို့အပေါ် တဝဲလည်လည်ဖြစ်နေ၏။


"ဖေဖေ ဘာဖြစ်လို့လဲ"

နူးညံ့အိစက်သော ပေါက်စီလုံးလေးက အ​​ဖေဖြစ်သူ၏​ပေါင်ပေါ်သို့ တက်လာကာ အ​​​​ဖေဖြစ်သူ၏ အထီးကျန်နေသော ခံစားချက်ကို ခံစားမိပုံရပြီး မျက်နှာကို နူးညံ့သောလက်ကလေးဖြင့် ညင်သာစွာ ပွတ်သပ်ကာ ကြင်ကြင်နာနာ မေး​လေသည်။


"ပေါင်ပေါင်း ဖေဖေ အဆင်ပြေပါတယ်"

ထိုလူက ပေါက်စီလုံးလေးကို ဖက်ကာ ခေါင်းငုံ့၍ ပေါက်စီလုံးလေး၏ ရင်ဘတ်ကို ပွတ်တိုက်လိုက်ရာ ပေါက်စီလုံးလေးက တခစ်ခစ်ရယ်နေလေသည်။


ထိုလူ၏အကြည့်က ပြတင်းပေါက်ဆီကို ပြန်ရောက်သွားသည့်အချိန်တွင် ကားက ထိုလမ်းကို ဖြတ်ကျော်သွားခဲ့ပြီး လူနှစ်ယောက်ကို မတွေ့ရတော့ပေ။


***


"ဝေ့ဟွား ငါအဆင်ပြေပါတယ်"

ရှုရူရူက သူမမျက်နှာပေါ်က မျက်ရည်များကို သုတ်လိုက်ပြီး ပြောလိုက်၏။


"ကောင်းပြီ"

ဝေ့ဟွားက ရှုရူရူ၏ကျောကို ပုတ်လိုက်သည်။

"ငါ နင့်ကို အိမ်ပြန်လိုက်ပို့​ပေးမယ်"



<< >>

💘

ပေါက်စီလေးနဲ့က ဘယ်သူပါလိမ့်