Chapter 164
Viewers 36k

💮Chapter 164



 

ဝမ်ချီက ကျောကျစ်နောက်မှ လိုက်လာခဲ့သည်။ သူမက သူ့အား လမ်းနှင့်မနီးမဝေးရှိ ရထားလုံးထံသို့ ဦးဆောင်သွား၏။

 

ရထားလုံးထဲ၌ မောင်းနှင်သူ ရှိမနေခဲ့ချေ။

 

ကျောကျစ်က ဝမ်ချီအား ရထားလုံးထဲသို့ ဝင်နိုင်ရန် ကူညီပေးလိုက်သည်။ ထို့နောက် သူမက စကားတစ်ခွန်းမှ မဆိုဘဲ မောင်းနှင်သူထိုင်ခုံ၌ ဝင်ထိုင်လိုက်၏။

 

ဝမ်ချီက ရထားလုံး စတင်ရွေ့လျားချိန်မှသာ နားလည်လိုက်သည်။ ကျောကျစ်က သူ့အား ရှစ်ယဲ့ထံသို့ သွားရန် မဖြောင်းဖျခဲ့သည့်တိုင် သူမ သူ့အား ရှစ်ယဲ့ရှိရာသို့ ပို့ဆောင်ချင်သည်မှာ အတန်ကြာပြီဖြစ်ကြောင်းကိုပင်။

 

လမ်းတစ်လျှောက်လုံး ရထားလုံးက လျင်မြန်စွာ ရွေ့လျားသွားခဲ့၏။

 

ဝမ်ချီက လှုပ်ယမ်းနေပြီး သူ့ကိုယ်သူ လဲမကျစေရန် ထောင့်တစ်ထောင့်၌ ကပ်နေလိုက်ရသည်။ သူက အန်ချင်စိတ်ပေါ်လာသော်လည်း နှုတ်ခမ်းကိုကိုက်ကာ သူ့စိတ်သူ ထိန်းလိုက်၏။

 

ဝမ်ချီက အင်္ကျီလက်တွင်းရှိ ကျောက်တုံးကို ထုတ်ကြည့်လိုက်သည်။ ကျောက်တုံး၏ အထိအတွေ့က သူ့ခံစားချက်ကို ပို၍ ကောင်းမွန်လာစေ၏။

 

အချိန်မည်မျှ ကြာသွားခဲ့သည်မသိ၊ ရထားလုံးက ရပ်တန့်သွားခဲ့သည်။

 

ဝမ်ချီက ကျောကျစ်၏ အကူအညီဖြင့် ရထားလုံးထဲမှ ထွက်လာလိုက်၏။

 

သူ့ခြေထောက်များက ပျော့ခွေလျက်ရှိကာ မတ်တပ်ရပ်နိုင်ရန်ပင် အတန်ကြာ အချိန်ယူလိုက်ရသည်။

 

ညလေပြင်းက ဝမ်ချီ၏ နားရွက်များကို ဖြတ်တိုက်သွားခဲ့၏။ သူက စွန့်ပစ်အိမ်တစ်လုံးနှင့် တူသည့် အိမ်ကို မော့ကြည့်လိုက်သည်။ ထို့အပြင် သူသည်လည်း ထိုအိမ်အား ရင်းနှီးနေခဲ့၏။

 

ဝမ်ချီက ကျောကျစ်အနောက်မှလိုက်ကာ အိမ်ထဲသို့ လျှောက်ဝင်လာခဲ့သည်။ ရုတ်တရက်ဆိုသလို သူက ဤအိမ်အား ရင်းနှီးနေရသည့် အကြောင်းရင်းကို တွေ့ရှိသွားခဲ့၏။ ၎င်းက ဟွားကျစ်ချန် သူ့အား ပြန်ပေးဆွဲခဲ့သော အိမ်ဖြစ်လေသည်။

 

“ဒါက …ဟွားမိသားစု စံအိမ်လား …”

ဝမ်ချီ သူမကိုမေးလိုက်သည်။


ကျောကျစ်က ဝမ်ချီ၏ အရှေ့မှ လျှောက်သွားရင်း ပြန်ဖြေသည်။

“ဟုတ်ပါတယ် …”

 

ဝမ်ချီက တစ်စုံတစ်ခုကို မေးချင်ခဲ့၏။ သို့သော် သူ့အမူအရာက ပို၍ လေးနက်လာပြီး သူ့ခြေလှမ်းများသည်လည်း ပို၍ မြန်ဆန်လာခဲ့သည်။

 

မကြာမီတွင် သူတို့က ပို၍ ရင်းနှီးလာသည့် စွန့်ပစ်အိမ်ထံသို့ ရောက်ရှိခဲ့ကြ၏။

 

ကျောကျစ်က ဝမ်ချီအား စကားတစ်ခွန်းမှမပြောဘဲ လှည့်ကြည့်လာသည်။

 

ဝမ်ချီသည်လည်း သူမအနောက်မှ လိုက်ပါလာ၏။

 

ဝမ်ချီက ဤအိမ်ထဲ၌ လျှို့ဝှက်ခန်းတစ်ခန်းရှိကြောင်း သိရှိထားသည်။ သူက လျှို့ဝှက်ခန်း၏ ကျောက်တုံးတံခါးကိုဖွင့်ရန် ခလုတ်ကိုရှာရပေမည်။

 

သို့သော် ကျောက်တုံးတံခါးက ပွင့်ဟနေသဖြင့် သူ အံ့အားသင့်သွားရ၏။ တစ်စုံတစ်ဦးက သူတို့ထွက်သွားပြီးသည့်နောက် ဤနေရာသို့ လာရောက်ခဲ့ပုံရသည်။

 

သူက ထိုနေရာသို့ မရောက်သေးမီကပင် သွေးနံ့ပြင်းပြင်းကို ခံစားမိလိုက်သည်။

 

ဝမ်ချီ ထိန်းမထားနိုင်တော့ဘဲ အန်ချလိုက်မိတော့၏။

 

သူက သူစားခဲ့သမျှ အရာအားလုံးကို ပြန်အန်မိလေသည်။ ကံကောင်းစွာဖြင့် ဤနေ့ရက်များတွင် သူ့၌ အစာစားချင်စိတ်မရှိရာ ရေများကိုသာ ပြန်အန်ထုတ်မိခဲ့သည်။

 

ကျောကျစ်က သူ့အနီးသို့ ရောက်လာပြီး သူ့ကျောပြင်အား အသာအယာ ပုတ်ပေး၏။

“သခင်လေး အဆင်ပြေရဲ့လား …”

 

ဝမ်ချီက ခေါင်းညိတ်လိုက်သည်။

”သွားရအောင် …”

 

ကျောကျစ်က ဝမ်ချီ၏ ကျန်းမာရေးကို စိုးရိမ်မိသည့်တိုင် တစ်ဖက်လူ၏ခေါင်းမာမှုကို တွေ့လိုက်ရသဖြင့် လျှို့ဝှက်ခန်းထဲသို့ ဦးဆောင်၍ သွားလိုက်လေသည်။

 

ဝမ်ချီက သူမအနောက်မှ လိုက်ပါလာခဲ့သည်။ သွေးနံ့က ဝင်ဝင်ချင်းထက်ပင် ပို၍ ပြင်းထန်လာ၏။ ထိုအနံ့က အခြားသော မနှစ်မြို့ဖွယ်အနံ့များဖြင့် ပေါင်းစပ်နေပြီး သူ့အား ပို၍ပင် အန်ချင်လာစေခဲ့သည်။

 

ကျောကျစ်က ထိုအနံ့များဖြင့် အသားကျနေပုံရသည်။ သူမက အိမ်ထဲရှိ လျှို့ဝှက်ခန်းများကို အလွတ်ရနေသည့်အလား တစ်ခန်းပြီးတစ်ခန်း ဖြတ်သန်းသွားခဲ့၏။ သူမ ဤနေရာသို့ ပထမဆုံးအကြိမ် လာရောက်ခြင်း မဟုတ်သည်မှာ သိသာလှသည်။

 

အတန်ကြာ လမ်းလျှောက်ပြီးသည့်နောက် ကျောကျစ်က ရပ်လိုက်ပြီး ဝမ်ချီအား လှည့်ကြည့်လိုက်၏။ 

“ကျွန်မတို့ ရောက်ပါပြီ …”

 

ဝမ်ချီက သူ့နှာခေါင်းသူ ပိတ်လိုက်၏။ သူ့မျက်နှာမှာ ပို၍ပင် အရုပ်ဆိုးလာခဲ့သည်။ ကျောကျစ်၏ စကားကို ကြားသည်နှင့် သူက ခြေလှမ်းများကို အရှိန်တင်လိုက်ကာ အခန်းတွင်းသို့ လျှောက်ဝင်လာလိုက်၏။

 

နောက်တစ်စက္ကန့်၌ ဝမ်ချီ အန်ရပြန်သည်။

 

ဤအခန်းက မိဖုရားဟွား၏ ရေခဲခေါင်းတလားရှိသော အခန်းဖြစ်သည်။ သို့သော် မိဖုရားဟွား၏ ရေခဲခေါင်းတလားက ချိုးဖျက်ခံထားရ၏။ သူမ၏ ခန္ဓာကိုယ်တစ်ဝက်က အခေါင်းထဲ၌ ရှိနေပြီး ကျန်တစ်ဝက်ကမူ မြေပေါ်သို့ ကျဆင်းလျက်ရှိလေသည်။

 

အခန်းထဲ၌ မိဖုရားဟွား၏ အလောင်းအပြင် ပြန့်ကျဲနေသော အလောင်းရှစ်လောင်း ကိုးလောင်းခန့် ရှိကြ၏။ ထိုအလောင်းများ၏ ခြေလက်များတွင် ဒဏ်ရာများ ပြည့်နှက်နေပြီး သွေးများ စီးကျနေကြသည်။ အလောင်းတစ်လောင်းဆိုပါက ခေါင်းတစ်ခြမ်း မရှိတော့ချေ။ ထိုအလောင်း၏မျက်လုံးများက ကြောက်ရွံ့မှုဖြင့် ပြည့်နှက်နေ၏။

 

အခန်းတစ်ခုလုံး ပြည့်နှက်နေသော သွေးနံ့မှာ အဆိုပါ အလောင်းများထံမှ ထွက်ပေါ်လာခြင်း ဖြစ်လေသည်။

 

ကျောကျစ်သည်လည်း အလောင်းများကို တွေ့၏။ သို့သော် သူမက မျက်မှောင်ပင် ကြုတ်မသွားခဲ့ဘဲ အခန်းထဲသို့သာ လျှောက်ဝင်သွားလေသည်။


ဝမ်ချီက သူ့ကိုယ်သူအားပေး၍ တံခါးထံသို့ ပြန်သွားလိုက်သည်။ ကျောကျစ်က မြေပေါ်ရှိ အလောင်းများကို နင်းလျက် အလောင်းတစ်ခုထံသို့ လျှောက်သွားလိုက်၏။

 

ကျောကျစ်က အလောင်းကို အတန်ကြာ စိုက်ကြည့်နေခဲ့သည်။ ထို့နောက် ရုတ်တရက် ထိုင်ချလိုက်၏။

 

ချက်ချင်းဆိုသလို ဝမ်ချီက အလောင်း၏ တစ်ဝက်ပွင့်နေသော မျက်ဝန်းများ မျက်လွှာပင့်ကြည့်လာသည်ကို တွေ့လိုက်ရသည်။

 

အဲဒီ့ လူက အသက်ရှင်နေတုန်းလား …

 

ဝမ်ချီက ထိတ်လန့်သွားခဲ့သည်။ သို့သော် သူက အခန်းထဲသို့ အမြန်လျှောက်ဝင်သွားလိုက်၏။

 

သူ အနီးကပ်ကြည့်လိုက်ချိန်၌ အမျိုးသားက အသက်ရှင်နေဆဲဖြစ်သည့်တိုင် အားနည်းနေကြောင်း သတိပြုမိလိုက်သည်။ ဝမ်ချီသာ အာရုံစိုက်၍မကြည့်ပါက ထိုသူ အသက်ရှင်နေကြောင်းပင် သိနိုင်မည် မဟုတ်ပေ။

 

ထို့အပြင် ထိုသူ၏ မျက်နှာမှာ ..

 

သူ ဒီမျက်နှာကို တစ်နေရာရာမှာ မြင်ဖူးသလိုပဲ …

 

“ဟွားရင်း ...”

ကျောကျစ်၏ အေးစက်သောအသံက ဝမ်ချီ၏ အတွေးများကို နှောင့်ယှက်လိုက်၏။ သူမက အမျိုးသား၏ မျက်နှာကို ကြည့်လိုက်သည်။

“အချ်ိန်သုံးရက်ပြည့်သွားပါပြီ … ကျွန်မ အဖြေလိုချင်တယ်…”

 

ဟွားရင်းလား …

 

အဲဒီ့လူက ဟွားရင်းတဲ့လား …

 

သူ အချိန်ကြာမြင့်စွာ တွေးနေခဲ့သည့်လူက သူ့အရှေ့၌ ရုတ်တရက် ထွက်ပေါ်လာလိမ့်မည်ဟု ဝမ်ချီ မျှော်လင့်မထားခဲ့ပေ။

 

ဝမ်ချီ ကြောင်အသွားသည်။

 

သူနှင့်ဟွားရင်းက တစ်ကြိမ်သာ တွေ့ခဲ့ဖူး၏။ သူက ဟွားရင်းအား ပထမဆုံးအကြိမ် တွေ့ခဲ့စဉ်က ပုံပန်းသွင်ပြင်နှင့် ယခုလက်ရှိ ပိန်ပါးသော ပုံပန်းသွင်ပြင်တို့အား မည်သို့မှ နှိုင်းယှဉ်ကြည့်၍မရချေ။

 

သို့သော် သူ့အရှေ့ရှိလူမှာ ဟွားရင်းဖြစ်သည်။

 

ရုတ်တရက်ဆိုသလို ဝမ်ချီက ထိန်းမရသည့် ဒေါသစိတ်များကို ခံစားလိုက်ရ၏။ သူက ဟွားရင်း ရှစ်ယဲ့အား အဆိပ်ခတ်ခဲ့ပုံကို ပြန်လည်စဉ်းစားလျက် ဒေါသဖြင့် တုန်ယင်လာခဲ့သည်။

 

သူ အသိစိတ်ဝင်လာချိန်တွင် ဟွားရင်း၏ အဝတ်များကိုပင် ဆွဲယူနေခဲ့နှင့်လေပြီ။

 

ဝမ်ချီက မည်သည့်နေရာမှ အားအင်များ ရရှိသွားခဲ့မှန်းပင် မသိလိုက်ဘဲ ဟွားရင်း၏ ခန္ဓာကိုယ်အား မြေပေါ်မှ ဆွဲယူလိုက်၏။

 

သူက သွေးနံ့ပြင်းပြင်းကိုပင် အာရုံမစိုက်နိုင်တော့ချေ။ သူ့မျက်ဝန်းမှ မျက်ရည်ပူများ စီးကျလာခဲ့သည်။ သူက ဟွားရင်း၏ မျက်နှာကိုကြည့်ကာ မေးလိုက်၏။

“ရှစ်ယဲ့ ခန္ဓာကိုယ်ထဲက အဆိပ်ကို ဘယ်လိုကုရမလဲ …”

 

ဟွားရင်းက သေအံ့မူးမူးဖြစ်နေခဲ့သည်။ သူက ရုန်းကန်နိုင်စွမ်းပင် မရှိဘဲ ခေါင်းကိုစောင်းလိုက်ရင်း ဝမ်ချီ၏ မျက်နှာအား ကြည့်လိုက်သည်။

 

သို့သော် သူ့အကြည့်က ဝမ်ချီ၏ မျက်နှာထက်၌ ကြာကြာမရှိခဲ့ပဲ စူထွက်စပြုနေသည့် ဝမ်းဗိုက်ထံသို့ ကျရောက်သွားခဲ့သည်။

 

ဟွားရင်းက ပါးစပ်ကိုဖွင့်ကာ ခြင်ကဲ့သို့ တိုးညှင်းသော အသံဖြင့် မေးလိုက်သည်။

“ဘယ်နှစ်လလဲ ..”

 

ဟွားရင်း၏ အင်္ကျီအား ဆွဲကိုင်ထားသည့် ဝမ်ချီ၏ လက်ချောင်းများ တင်းကျပ်သွားခဲ့သည်။ သူ၏ မျက်ဝန်းများက သွေးကဲ့သို့ နီရဲလာကာ သူ့နှာခေါင်းထိပ်သည်လည်း စတင်၍ နီရဲလာ၏။ သူက ငိုချင်လာခဲ့လေသည်။

 

ဘာလို့လဲ …

 

ဟွားရင်းက ဘာလို့ဒါကိုမေးတာလဲ …

 

ဟွားရင်းက ငါ့ကို ဒီမေးခွန်း ဘယ်လိုများ မေးနိုင်ရတာလဲ…

 

ဒီလူက အဖေမဖြစ်သင့်ဘူး … သူ့ကလေးအကြောင်းကိုလည်း မေးခွင့်မရှိဘူး …

 

“ခင်ဗျားကိုမေးမယ် …ရှစ်ယဲ့ကို ဘယ်လိုကယ်ရမလဲ …”

 ဝမ်ချီက သူ့အား နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။


ဟွားရင်းက ဝမ်ချီ၏ ဝမ်းဗိုက်ကို အတန်ကြာစိုက်ကြည့်နေရင်း နှုတ်ခမ်းထောင့်များ လှုပ်ရှားလာသည်။

“ဖြေရှင်းနည်းမရှိဘူး …”

 

ဝမ်ချီ၏ မျက်ဝန်းထဲမှ မျက်ရည်များ စီးကျလာ၏။ သူက ဟွားရင်းအား သတ်ချင်စိတ်ပင် ပေါ်လာခဲ့သည်။

 

“သူ ဘယ်မှာလဲ …”

ကျောကျစ်က မတ်တပ်ရပ်လိုက်၏။ သူမ၏ အသံမှာ အေးစက်နေပြီး သူမမျက်ဝန်းတွင်းရှိ လူသတ်ငွေ့မှာလည်း ဝမ်ချီထက် လျော့ကျခြင်းမရှိချေ။

“ရှင် ပြောပြရင် ဒီအမျိုးသမီးရဲ့ခန္ဓာကိုယ်ကို ချမ်းသာပေးလိုက်မယ်… မဟုတ်ရင်တော့ သူ့ကို အပိုင်းပိုင်းခုတ်ထစ်ပြီး ခွေးစာကျွေးပစ်မယ်…”

 

ကျောကျစ်၏ ခြိမ်းခြောက်မှုအား ကြားရချိန်၌ပင်် ဟွားရင်းက မလှုပ်မယှက် ရှိနေ၏။ သူက လှုပ်ရှားနိုင်စွမ်းပင် မရှိတော့ပုံပေါ်ပြီး နောက်တစ်စက္ကန့်အတွင်း သေဆုံးတော့မည့် လူတစ်ဦးကဲ့သို့ ထုံထိုင်းတွေဝေလျက် ရှိလေသည်။

 

ကျောကျစ်က ဒေါသတကြီးဖြင့် ခါးမှဓားကို ဆွဲထုတ်လိုက်သည်။ ဓားထိပ်ဖျားက ဝှစ်ဟူသည့် အသံနှင့်အတူ မိဖုရားဟွား၏ ဦးခေါင်းအား ဖောက်ဝင်သွားခဲ့၏။

 

မိဖုရားဟွားက မျက်ဝန်းများကို ငြိမ်းချမ်းစွာ မှိတ်ချထားလေသည်။ သူမ၏နဖူးအား စိုက်ဝင်နေသည့် ဓားကမူ သူမအား အကျည်းတန်စေလျက်ရှိ၏။

 

ဟွားရင်းက ထိုမြင်ကွင်းကို မျက်ဝန်းထောင့်မှ တွေ့လိုက်ရသည်။ သူ၏ အသက်မဲ့နေသကဲ့သို့ ငြိမ်သက်နေသော ခန္ဓာကိုယ်သည်လည်း ပြင်းပြင်းထန်ထန် တုန်လှုပ်သွားလေသည်။

 

မျက်တောင်တစ်ခတ် အတွင်းမှာပင် ဟွားရင်း၏ သွေးစွန်းနေသော မျက်နှာထက်တွင် မုန်းတီးမှုများ ထင်ဟပ်လာ၏။ သူက ရုန်းကန်ချင်သော်လည်း မရုန်းကန်နိုင်ဘဲ အသက်ရှူခြင်းကိုပင် ခက်ခက်ခဲခဲ လုပ်ဆောင်နေရ၏။

 

အဆုံးသတ်တွင် သူက လက်လျှော့လိုက်သည်။


သူ့အကြည့်က ဝမ်ချီ၏ မျက်နှာထက်သို့ ကျရောက်သွားပြီး ရက်စက်သည့်အပြုံးကို လှစ်ဟလိုက်သည်။

“ငါတို့နဲ့ တိုက်ခိုက်ပြီးတော့ သူဒဏ်ရာရသွားတယ် … သူ ကြာကြာအသက်ရှင်နိုင်မှာ မဟုတ်ဘူး …”

 

သူက ထိုသို့ပြောပြီးနောက် တစ်နေရာသို့ ခက်ခက်ခဲခဲ လျှောက်သွားလိုက်သည်။

 

ဝမ်ချီ၏ မျက်နှာထက်တွင် မျက်ရည်စများဖြင့် ပြည့်နှက်နေ၏။ သူက နှုတ်ခမ်းကို ကိုက်လိုက်ရင်း သွေးအရသာကို ခံစားမိလိုက်သည်။ သူက ဟွားရင်းအား သတ်ပစ်ချင်နေသည့် စိတ်ကို ချိုးနှိမ်လျက် ဟွားရင်း၏ အကြည့်အတိုင်း လိုက်ကြည့်လိုက်၏။

 

ထိုနေရာ၌ ကျိုးပဲ့နေသည့် ရွှံရုပ်ကလေးကို တွေ့လိုက်ရသည်။ အရုပ်ကလေး၏ ကိုယ်အပေါ်ပိုင်းသာလျှင် မြေပေါ်၌ လဲလျောင်းနေ၏။

 

ထိုရွှံ့ရုပ်ကလေး ဝတ်ဆင်ထားသည့် ဆွတ်ဆွတ်ဖြူသော အဝတ်များက ဝမ်ချီနှင့် ရင်းနှီးနေခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းကို ဝမ်ချီကိုယ်တိုင် ဝတ်ဆင်ပေးထား၍ဖြစ်၏။

 

တစ်ချိန်ထဲဆိုသလို ဟွားရင်း၏ အသံက ဝမ်ချီ၏ နားထဲသို့ ဝင်ရောက်လာသည်။

“ကံကောင်းလို့ လွတ်သွားရင်တောင် သူ အသက်ရှင်နိုင်မှာမဟုတ်ဘူး … အဆိပ်က သူ့အသက်ကို စားသုံးနေတာ ကြာပြီ … အခု သူက ဒဏ်ရာရထားတာ … မင်းအခုသွားရင်တော့ သူ့အလောင်းကို ရချင်ရမှာပေါ့ …”

 

ဟွားရင်း စကားဆုံးသည်နှင့် ဝမ်ချီက မိဖုရားဟွား၏ ခန္ဓာကိုယ်အား ဖောက်ထွင်းလျက်ရှိသော ဓားကို ဆွဲထုတ်လိုက်၏။ သူက ဓားကိုလက်ကောက်ဝတ်အားဖြင့် လှည့်ပတ်ကာ ကျောကျစ်၏ အံ့အားသင့်နေသော အကြည့်အောက်၌ပင် ဟွားရင်း၏ရင်ဘတ်အား ထိုးစိုက်လိုက်တော့သည်။

 

ထိုးဖောက်သွားသော အသံတစ်သံနှင့်အတူ ဟွားရင်း၏ ခန္ဓာကိုယ်တွင်းသို့ ဓားတစ်ချောင်းလုံး နစ်ဝင်သွားခဲ့၏။

 

ဓားဦးက ဟွားရင်း၏ခန္ဓာကိုယ်အား အောက်ဘက်သို့ ဦးတည်လျက် စိုက်ဝင်နေသည်။ သွေးများက ဓားဒဏ်ရာမှတစ်ဆင့် မြေပေါ်သို့ စီးကျလာခဲ့၏။

 

မျက်တောင်တစ်ခတ် အတွင်းမှာပင် မြေပေါ်၌ သွေးများ အိုင်ထွန်းသွားခဲ့သည်။

 

ဟွားရင်း၏ မျက်နှာက ဖြူဖျော့နေပြီး သူ့ပါးစပ်ကမူ ပွင့်ဟလျက်ရှိ၏။ သူ့မျက်လုံးများက ကြေးခေါင်းလောင်းများကဲ့သို့ ပြူးကျယ်နေသည်။ သူက ဝမ်ချီ သူ့အား သတ်လိုက်သည့်အပေါ် အလွန်ထိတ်လန့်သွားခဲ့လေသည်။

 

ဝမ်ချီက ဓားကို ဆွဲထုတ်လိုက်သည်။

 

ဟွားရင်းက မြေပေါ်သို့ လဲကျသွားပြီး သူ့ခန္ဓာကိုယ်ကမူ အကြောဆွဲနေလေသည်။

 

ဝမ်ချီက ဟွားရင်း၏ရင်ဘတ်အား ဓားဖြင့် ထပ်မံထိုးစိုက်လိုက်၏။

 

ဟွားရင်းက နားဝင်ဆိုးသော အသံဖြင့် ညည်းညူလိုက်သည်။ သူ၏ ကြေးခေါင်းလောင်းနှင့် တူသော မျက်လုံးများကမူ ဝမ်ချီအား စိုက်ကြည့်လျက်ရှိသည်။

 

“ဟွားမိသားစုရဲ့ လူသိများတဲ့ ခေါင်းဆောင်ကြီးက ကျွန်တော့်လို ဘာမဟုတ်တဲ့လူတစ်ယောက်ရဲ့ လက်ထဲမှာ သေသွားရလိမ့်မယ်လို့ ဘယ်မျှော်လင့်ထားပါ့မလဲ …”

ဝမ်ချီက ပြုံးရင်း မျက်ရည်များ ကျဆင်းလာ၏။

“ခင်ဗျားကို မသိခင်က ကျွန်တော် တစ်ယောက်ယောက်ကို သတ်နိုင်လိမ့်မယ်လို့ မထင်ခဲ့ဘူး … ခင်ဗျားက ကျွန်တော့် စည်းမျဉ်းတွေကို ချိုးဖျက်စေခဲ့တာပဲ … ကမ္ဘာပေါ်မှ ဝက်တွေခွေးတွေထက် ပိုဆိုးတဲ့ လူတွေရှိကြောင်း ခင်ဗျားက သဘောပေါက်စေခဲ့တာ …”

 

သူက ဆက်ပြောသည်။

“ခင်ဗျားသေသွားရင် ခင်ဗျားနဲ့ မိဖုရားဟွားရဲ့ ခန္ဓာကိုယ်ကို တောင်အရပ်နဲ့ မြောက်အရပ်အသီးသီးမှာ မြှုပ်နှံပေးမယ်… ခင်ဗျားတို့ အသက်ရှိတုန်းက ခင်ဗျားတို့နှစ်ဦးကြားမှာ အတားအဆီးတွေရှိခဲ့တယ်… ဒီတော့ သေသွားတဲ့အခါမှာလည်း အတူတူရှိနေဖို့ မမျှော်လင့်ပါနဲ့…”

 

ဟွားရင်းက ဒေါသတကြီးဖြစ်လာ၏။ သူ့မျက်ဝန်းများက နာကျင်မှု၊ စိတ်ပျက်မှုတို့ဖြင့် ပြူးကျယ်လာသည်။

“မင်း …”

 

သို့သော် သူ စကားစလိုက်သည်နှင့် တစ်ဖန် တိတ်ဆိတ်သွားခဲ့ရသည်။ ဝမ်ချီက သူ့လည်မျိုအား ဓားဖြင့် ထိုးစိုက်လိုက်၏။

 

ဟွားရင်း သေဆုံးသွားလေပြီ။

 

သူ့အမူအရာမှာ တောင့်တင်းနေပြီး ကြောက်ရွံ့မှုတို့အား ဖော်ပြလျက်ရှိ၏။

 

ဝမ်ချီက ဟွားရင်း၏ခန္ဓာကိုယ်ကို အေးစက်စက် ကြည့်လိုက်သည်။ ထို့နောက် ကျောကျစ်ထံသို့ ပြန်လည်လျှောက်သွားရင်း လက်တွင်းရှိဓားကို သူမထံ ကမ်းပေးလိုက်၏။

 

ဝမ်ချီကဲ့သို့ ကြွက်တစ်ကောင်ပမာ တုန်ရင်နေတတ်သူက တစ်စုံတစ်ဦးကို ကိုယ်တိုင် သတ်နိုင်လိမ့်မည်ဟု ကျောကျစ်က မျှော်လင့်မထားခဲ့ပေ။ သူမက အလွန်ထိတ်လန့်သွားကာ မသိစိတ်ဖြင့် ဝမ်ချီ၏ လက်တွင်းမှဓားကို ယူလိုက်သည်။ ထို့နောက် မြေပေါ်၌ အပစ်ခံထားရသည့် ရွှံ့ရုပ်များအား သွား၍ကောက်ယူနေသည့် ဝမ်ချီအား ကြည့်လိုက်မိလေသည်။




💮💮💮