Chapter 163
Viewers 36k

💮Chapter 163



 

ဝမ်ချီ၏ အကြည့်က ပြန်လည် အသက်ဝင်လာ၏။ ယောဖန်း၏ ထိတ်လန့်နေသော အကြည့်က သူ့မျက်ဝန်းများ၌ ထင်ဟပ်နေခဲ့သည်။

 

သူက ယောဖန်းအား အတန်ကြာ ငေးကြည့်နေမိ၏။ ထို့နောက် အသိစိတ်ပြန်ဝင်လာကာ အက်ရှသော အသံဖြင့် မေးလိုက်သည်။

“ငါ ဘာဖြစ်သွားတာလဲ …”

 

ယောဖန်းက စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။

“သခင်လေး … အိပ်မက်ဆိုးမက်တာပါ …”

 

ဝမ်ချီက အိပ်မက်ဆိုးထဲမှ အဖြစ်အပျက်များကို ပြန်လည်တွေးတောရင်း တုန်ယင်လာ၏။ သူက သူ့မျက်နှာအား ထိကြည့်လိုက်ချိန်တွင် ချွေးများကို ခံစားမိလိုက်သည်။

 

ဝမ်ချီ ကြောက်ရွံ့နေသည်ကို မြင်လိုက်ရသဖြင့် ယောဖန်းက သူ့အား အိပ်ခွင့်မပြုဝံ့တော့ပေ။ သူမက ဝမ်ချီအား ထနိုင်ရန် ကူညီပေးလိုက်ရင်း ညှင်သာစွာ ပြော၏။

“သခင်လေး ရေဆာလား … ဒီအစေခံက ရေယူပေးပါ့မယ်…”

 

ဝမ်ချီ ခေါင်းယမ်းလိုက်သည်။

 

ယောဖန်းက ထပ်ပြော၏။

“သခင်လေး မအိပ်ချင်ဘူးဆိုရင် ဒီအစေခံက အဖော်ပြုပေးပါ့မယ်…”

 

ဝမ်ချီ၏ မျက်နှာမှာ ဖြူလျော်နေ၏။ သူက ယောဖန်းအား မော့ကြည့်ကာ ပြုံးလိုက်သည်။ 

“ကျေးဇူးပါ ယောဖန်း …”

 

ထို့နောက် သူက တစ်စုံတစ်ခုကို သတိရသွား၏။ 

“ငါ့ကို အဲဒီပစ္စည်းနှစ်ခု ယူပေးနိုင်မလား …”

 

ထိုပစ္စည်းများမှာ ရှစ်ယဲ့သူ့အား ပေးခဲ့သည့် ကျောက်တုံးနှင့် ပန်းချီစာလိပ်တို့ ဖြစ်ကြသည်။

 

ဝမ်ချီက ထိုအရာနှစ်ခုမှာ တန်ဖိုးကြီးကြောင်း သိရှိထားသဖြင့် ကြုံသလို မထားဝံ့ချေ။ သူက ၎င်းတို့အား ဗီရိုထဲတွင် ထိန်းသိမ်းထားလေသည်။

 

ဝမ်ချီ၏ ညွှန်ကြားမှုဖြင့် ယောဖန်းက ပန်းချီစာလိပ်နှင့် စိတ်ဝိညာဉ်ကျောက်တုံးတို့အား ဗီရိုထဲမှ ထုတ်ယူလိုက်သည်။ ထို့နောက် ဝမ်ချီ့ထံ ကမ်းပေးလိုက်၏။

 

သူ လက်ဖြန့်ကြည့်လိုက်ချိန်တွင် ဖယောင်းတိုင်မီးရောင်ဖြင့် တလက်လက်တောက်ပနေသည့် ကျောက်တုံးကို တွေ့လိုက်ရသည်။

 

၎င်းက လှပသည့် ကျောက်တုံးတစ်တုံးဖြစ်၏။ ဝမ်လျန် ၎င်းကို တွေ့တွေ့ချင်း မက်မောသွားခဲ့သည်မှာ အံ့အားသင့်စရာမရှိတော့ပေ။

 

သို့သော် ဝမ်ချီက ကျောက်တုံး၏ ထူးခြားမှုကို ရှာမတွေ့ခဲ့ပေ။ ၎င်းက သာမန်ကျောက်တုံးများထက် ပို၍လှပသော ကျောက်တုံးတစ်တုံးနှင့်သာ တူ၏။

 

ဝမ်ချီက အတွေးနက်သွားသည်။ ရှစ်ယဲ့အဘယ့်ကြောင့် ထိုကျောက်တုံးကို သူ့နံဘေးတွင် ထားခဲ့ခြင်းဖြစ်ကြောင်း သူ မသိချေ။

 

“သခင်လေး … ဒီကျောက်တုံးက အရေးကြီးလို့လား …” 

ယောဖန်းက အိပ်ရာဘေးတွင် ထိုင်ရင်း ခေါင်းမော့ကာ မေးသည်။

 

ဤရက်များအတွင်း ဝမ်ချီက အဆိုပါကျောက်တုံးကို ခဏခဏ ထုတ်ကြည့်နေခဲ့ရာ ယောဖန်းသည်လည်း ၎င်းကို သတိထားမိနေခြင်းပင်။

 

“အရမ်းအရေးကြီးတယ် …”

ဝမ်ချီက ခဏတွေးကာ မေးထောက်လျက်ရှိနေသည့် ယောဖန်းအား ကြည့်လိုက်သည်။

“ယောဖန်း … မင်း တစ်ခုခုကို တစ်ယောက်ယောက်ကို ပေးတော့မယ်ဆိုရင် ဘာအတွက် ပေးလေ့ရှိသလဲ …”

 

ယောဖန်းက ခေါင်းလေးစောင်းကာ တွေးလိုက်၏။

“သခင်လေးပ … လက်ဆောင်ပေးတာကို ပြောတာလား …”

 

“မဟုတ်ဘူး …”

ဝမ်ချီက ခဏကြာ တုံ့ဆိုင်းနေခဲ့သည်။ ထို့နောက် အမှန်အတိုင်း ပြောလိုက်၏။

“ဒီကျောက်တုံးက ရှစ်ယဲ့ ငါ့ကို ပေးခဲ့တာ … ငါဒါကို အရင်က ဗီရိုထဲထည့်သိမ်းထားခဲ့တာလေ … ရှစ်ယဲ့က အဲဒါကို ဗီရိုထဲကထုတ်ပြီး ငါ့ကို ပေးထားခဲ့တာ … သူဘာပြောချင်တယ်လို့ မင်းထင်သလဲ …”

 

“ဖြစ်နိုင်တာ အရှင့်သားက သခင်လေးကို တစ်ခုခုလုပ်ဖို့ သတိပေးချင်တာ ဖြစ်မယ်လို့ ဒီအစေခံထင်ပါတယ် …. သူ လုပ်မယ့်အရာက ဒီကျောက်တုံးနဲ့ ဆက်စပ်နေတာမျိုးပေါ့…”

 

ဝမ်ချီက စိတ်ပျက်လက်ပျက် ပြောလိုက်၏။

“ဒါပေမယ့် ဒါကိုဘယ်လိုလုပ် သုံးရမှာ …”

 

သူ့စကားများက တစ်ဝက်၌ပင် ရပ်တန့်သွား၏။

 

အတွေးတစ်ခုက သူ့ခေါင်းထဲ၌ ထွက်ပေါ်လာသည်။

 

သူက ထိုအတွေးကို အမြန်ဖမ်းဆုပ်လိုက်၏။

 

ယောဖန်း၏စကားများက သူ့အား နိုးထလာစေခဲ့သည်။

 

ထိုအခါမှသာ ဝမ်ချီက နားလည်သွား၏။

 

ဟုတ်သားပဲ …. ငါ အတွေးများနေတာနဲ့ ဒီကျောက်တုံးရဲ့ အသုံးပြုနည်းကို မေ့သွားခဲ့တာ …

 

ဤကျောက်တုံးတွင် ဝမ်လျန်၏ ကံကြမ္မာကို ပြောင်းလဲပေးခဲ့သော စနစ်ပါဝင်၏။ ၎င်း၌ အဆုံးမရှိသော စွမ်းအားရှိလေသည်။ ထို့ကြောင့် ရှစ်ယဲ့က မင်းကြီးအတွက် ဟွားမိသားစုထံမှ ဤကျောက်တုံးအား အရယူပေးခဲ့ခြင်းပင်။

 

ဤကျောက်တုံးတွင် အနှိုင်းမဲ့စွမ်းအားရှိ၏။

 

ငါဘာလို့ ဒါကိုမေ့သွားရတာလဲ …

 

ဝမ်ချီ၏ အမြင်အား ပိတ်ဆို့နေသည့် မြူများကို လေတစ်ချက်ဖြင့် ပျောက်ကွယ်သွားသည့်နှယ် ရှိ၏။ သူ့အမြင်က ပို၍ ကြည်လင်လာပြီး အတိတ်က ဖြစ်ရပ်များကို တစ်ခုပြီးတစ်ခု ပြန်လည် အမှတ်ရလာခဲ့သည်။

 

သူ့အသက်ရှူသံများမှာလည်း မြန်ဆန်လာပြီး ပန်းချီစာလိပ်ကို ကိုင်ထားသည့် သူ့လက်များမှာ တုန်ယင်နေသည်။ သို့သော် သူက စာလိပ်အား အမြန်ဖွင့်လိုက်၏။

 

ရင်းနှီးနေသည့် ပုံရိပ်အား သူတွေ့လိုက်ရလေသည်။

 

ရှစ်ယဲ့ ပျောက်ဆုံးနေသည့် ကာလအတွင်း ဝမ်ချီက ဤစာလိပ်ကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ဖွင့်ကြည့်ခဲ့သည်။

 

သူက ပန်းချီကားကို ကြည့်လေလေ၊ ပန်းချီကားထဲရှိ အရောင်များကို ပို၍ အသေးစိတ် မှတ်မိလာလေလေပင်။ သူစိတ်ထင်ခြင်းပေလော မသိ ပန်းချီကားထဲရှိ လူမှာ အခြားလူမဟုတ်ဘဲ သူကိုယ်တိုင်သာ ဖြစ်သည်ဟု တွေးမိလာ၏။

 

ဝမ်ချီက မည်သည့်အခါကမှ ထိုသို့မတွေးမိခဲ့ပေ။ ရှစ်ယဲ့က အခြားလူတစ်ဦးရှိသည်ဟု ပြောခဲ့သည့်အလျောက် သူသည်လည်း သူနှင့်ချွတ်စွပ်တူသည့် တစ်စုံတစ်ဦး ရှိနေသည်ဟု ထင်ခဲ့လေသည်။


သို့သော် အဆိုပါ ပုံသေအတွေးအား ဖယ်ရှားလိုက်သည်နှင့် မြောက်များစွာသောကိစ္စများက အချိတ်အဆက်မိလာခဲ့သည်။

 

ရှစ်ယဲ့က သူတို့မဆုံမီကတည်းက သူ့အား တွေ့ဖူးခဲ့၏။

 

ဝမ်ချီ၏ စိတ်ထဲတွင် ထိုသို့အတွေးပေါ်လာသည်နှင့် သူ့မျက်နှာက ပြာသွားကာ မျက်ဝန်းအစုံသည်လည်း အံ့အားသင့်မှုဖြင့် ပြည့်နှက်သွားခဲ့သည်။

 

သူ နားလည်သွားလေပြီ။

 

သူက ရယ်ရခက်ငိုရခက် ဖြစ်သွားခဲ့၏။

 

ဒီလိုဖြစ်သွားတာကိုး …

 

သူက မည်မျှတွေးတောသည်ဖြစ်စေ၊ ယခုအချိန်အထိ တစ်ခါမှ ပုံဖော်မကြည့်နိုင်ခဲ့ချေ။ ယခုအခါ အရာအားလုံးက တစ်ခုနှင့်တစ်ခု ချိတ်ဆက်မိသွားလေပြီ။

 

“ဟားဟားဟားဟား ...”

ဝမ်ချီက ရယ်လိုက်ပြီး လက်တွင်းရှိ ကျောက်တုံးအား ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။ ကျောက်တုံး၏ မာကျောသော အထိအတွေ့ကြောင့် သူ့လက်ဖဝါးများ နာကျင်လာသည့်တိုင် သူက ရယ်မောနေဆဲပင်။

 

ယောဖန်းက ဝမ်ချီ၏ ရုတ်တရက်ဆန်သော တုံ့ပြန်မှုကြောင့် ကြောင်အသွားခဲ့သည်။

“သခင်လေး …”

 

” ယောဖန်း ငါနားလည်သွားပြီ … ရှစ်ယဲ့ ဘာပြောချင်လဲဆိုတာ နားလည်သွားပြီ …”

ဝမ်ချီက စာလိပ်ကို အိပ်ရာပေါ်သို့ ပစ်ချလိုက်ပြီးနောက် ကျောက်တုံးကိုကိုင်ကာ ထရပ်လိုက်၏။

“ငါ ရှစ်ယဲ့ကို သွားရှာမယ် …”

 

ယောဖန်းက ဝမ်ချီ ပြောနေသည့်အရာများကို တစ်ခုမှနားမလည်ချေ။ သို့သော် သူမ ဝမ်ချီအား သွားခွင့်မပြုသင့်ကြောင်း ကောင်းစွာ သိလေသည်။ ဝမ်ချီသာ တစ်စုံတစ်ခု ဖြစ်ပျက်သွားခဲ့ပါက သူမ သေဆုံးသွားလျှင်ပင် ထိုအပြစ်ကြွေးကို ချေဖျက်နိုင်တော့မည်မဟုတ်ချေ။

 

“သခင်လေး … စိတ်ကို ငြိမ်ငြိမ်ထားပါ …”

ယောဖန်းက အမြန်ထရပ်ကာ ဝမ်ချီအား လမ်းပိတ်လိုက်သည်။

“သခင်လေး … အပြင်ဘက်ကကောင်းကင်က မှောင်နေတုန်းပါပဲ … မင်းကြီးကို ဘယ်မှာသွားရှာမလို့ပါလဲ …”

 

သို့သော် လက်ရှိအချိန်၌ ဝမ်ချီက မည်သည့်ဖြောင်းဖျမှုကိုမှ နားမဝင်တော့ဘဲ ယောဖန်းအား တွန်းလိုက်၏။ သူ့မျက်ဝန်းထောင့်များက စိတ်လှုပ်ရှားမှုကြောင့် နီရဲနေခဲ့သည်။ သူက အသက်ပြင်းပြင်းရှူကာ သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလိုက်၏။

“ယောဖန်း … ငါ ရှစ်ယဲ့ကို ဘယ်လိုကယ်ရမလဲသိပြီ … ငါ သူ့ကိုကယ်ရမယ် ..”

 

ယောဖန်းက စိုးရိမ်တကြီး ပြောလိုက်သည်။

“ဒါပေမယ့် သခင်လေး … အခု သန်းခေါင်ယံပဲ ရှိပါသေးတယ် … ကျွန်မတို့ နောက်တစ်နေ့မနက်မှ ဒီအကြောင်း ထပ်ပြောကြမယ်လေ … မတော်လို့ သခင်လေး တစ်ခုခုဖြစ်သွားရင် ဒီအစေခံ အပြစ်ကို ဆပ်လို့ကုန်တော့မှာမဟုတ်ပါဘူး …”

 

ဝမ်ချီက သူမ၏ စကားကြောင့် နာခံစွာ ရပ်လိုက်၏။

 

ယောဖန်းက ဝမ်ချီ မင်းကြီးအား သွားရှာမည့်အကြံကို စွန့်လွှတ်လိုက်ကြောင်း သတိပြုမိလိုက်သည်။ ထိုအခါမှသာ သူမက စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်နိုင်တော့၏။

 

သူမက ဝမ်ချီအား ပြန်အိပ်ရန် ဖြောင်းဖျချင်ခဲ့သည်။ သို့သော် ဝမ်ချီက တစ်ကိုယ်တည်း ရေရွတ်လိုက်၏။ 

“ဟုတ်တယ် … အခုသွားရင် ရှစ်ယဲ့ကိုတွေ့ရမှာ မဟုတ်ဘူး …”

 

“ဟုတ်ပါတယ် …”

ယောဖန်းက ညှင်သာစွာ ချော့မော့လိုက်သည်။

“သခင်လေး … သခင်လေးက ကိုယ်ဝန်နဲ့ပါ … သခင်လေးအတွက် မဟုတ်ရင်တောင် ကလေးအတွက် တွေးပေးသင့်ပါတယ် … အရင်အိပ်လိုက်ပါနော် … မနက်ဖြန်ကျရင် မင်းကြီးကို ရှာဖို့ ဒီအစေခံ အတူတူလိုက်ခဲ့ပေးပါ့မယ် …”

 

သို့သော် ဝမ်ချီက ယောဖန်း၏ စကားများကို ကြားပုံမရချေ။ သူမ စကားမဆုံးသေးမီ သူက ထပ်ပြောလိုက်ပြန်၏။ 

“မိန်းမစိုးကျိုးနဲ့ ကျောကျစ်တို့က ရှစ်ယဲ့ ဘယ်မှာရှိနေလဲ သိမှာပဲ… ငါ သူတို့ကို‌ မေးလို့ရလောက်တယ် …”

 

ယောဖန်း၏ အမူအရာက ထပ်မံတောင့်တင်းလာ၏။ 

“သခင်လေး …”

 

ဝမ်ချီက ပြောသည်။

“ငါ ရှောင်ရွှမ်ကျီကို သွားရှာချင်တယ် … သူကတစ်ဆင့် မိန်းမစိုးကျိုးကို ငါသွားတွေ့ရမယ် …”

 

ယောဖန်းက စိုးရိမ်ရလွန်း၍ ငိုချင်လာခဲ့သည်။

“ဒါပေမယ့် သခင်လေး …”

 

ဝမ်ချီက ယောဖန်းနှင့် အချိန်မဖြုန်းလိုတော့ပေ။ သူက ယောဖန်းအား ဖြတ်ကျော်ကာ အပြင်သို့ ထွက်လာခဲ့သည်။ သူက ကိုယ်ဝန်ရှိနေသည့် အလျောက် လှုပ်ရှားရသည်မှာ လွယ်ကူခြင်းမရှိချေ။

 

“သခင်လေး …”

ယောဖန်း၏ အကူအညီမဲ့နေသော အသံထွက်ပေါ်လာ၏။ 

“သခင်လေး စိတ်မလောပါနဲ့ … သခင်လေး ဒီမှာစောင့်နေမလား … ဒီအစေခံက ရှောင်ရွှမ်ကျီကို ရှာပေးမယ်လေ…”

 

ဝမ်ချီ ရုတ်တရက် ရပ်လိုက်သည်။

 

ယောဖန်းက ကြောင်အသွားကာ ဝမ်ချီအား တိုက်မိမည်စိုးသဖြင့် အမြန်ရပ်လိုက်ရ၏။

 

ဝမ်ချီက ယောဖန်းအား လှည့်ကြည့်လိုက်သည်။ သူက လေးနက်သော အမူအရာဖြင့် စကားတစ်လုံးချင်း ဆိုလာ၏။

“ယောဖန်း … ငါဒီမှာပဲ သေတဲ့အထိ ထိုင်မစောင့်ချင်ဘူး … ငါ့ကိုမတားပါနဲ့ …”

 

ဝမ်ချီအား ယောဖန်း ခစားလာသည်မှာ အတန်ကြာပြီဖြစ်သည်။ သူမက သူဤမျှ ခေါင်းမာနေသည်ကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။ ဝမ်ချီ၏ မျက်ဝန်းထဲရှိ အေးစက်မှုက သူမအား ရေအေးအေးဖြင့် လောင်းချလိုက်သည့်နှယ် ခံစားရစေခဲ့သည်။

 

ဝမ်ချီက မည်သို့မှ မပြောတော့ဘဲ ယောဖန်းကို တစ်ချက်ကြည့်ပြီးနောက် ထွက်သွားတော့၏။

 

ဤတစ်ကြိမ်၌ ယောဖန်းက သူ့အား မတားဝံ့တော့ပေ။

 

ဝမ်ချီက တံခါးထံသို့ အမြန်လျှောက်သွားလိုက်သည်။ သူ တံခါးကို ဖွင့်လိုက်ချိန်တွင် အပြင်ဘက်၌ တိတ်ဆိတ်စွာ ရပ်နေသည့် သွယ်လျသောပုံရိပ်ကို တွေ့လိုက်ရ၏။

 

အခန်းထဲရှိ ဖယောင်းတိုင်မီးရောင်က လာရောက်သူအပေါ်သို့ ဖြာကျသွားခဲ့သည်။ ထိုသူက စကားတစ်ခွန်းမှ မဆိုဘဲ အခန်းထဲသို့ လှမ်းဝင်လာခဲ့၏။


ဝမ်ချီက ထိုလူ၏ မျက်နှာအား ရှင်းရှင်းလင်းလင်း မြင်နိုင်ချိန်၌ ထိတ်လန့်သွားလေသည်။

“ကျောကျစ် …”

 

ထိုသူမှာ ကျောကျစ်ဖြစ်၏။

 

ကျောကျစ်က အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူမ၏ ဆံနွယ်များကိုမူ သပ်ရပ်စွာ ချည်နှောင်ထား၏။ သူမက အပြင်ဘက်ရှိ ညနှင့်တစ်သားထဲ ဖြစ်နေခဲ့သည်။

 

ကျောကျစ်က စိတ်ပိုင်းဖြတ်ထားဟန်ဖြင့် ဝမ်ချီ၏ မျက်နှာအား ကြည့်လိုက်သည်။ သူမ၏ အမူအရာမှာ ယခင်အတိုင်းပင် အေးစက်နေ၏။

 

သူမက ဝမ်ချီ စကားဆိုလာသည်ကိုပင် မစောင့်ဘဲ မေးလိုက်သည်။

“နောက်ကျနေပါပြီ သခင်လေး…ဘယ်ကိုသွားမလို့ပါလဲ  …”

 

ဝမ်ချီက အသိပြန်ဝင်လာပြီးနောက် ကျောကျစ်၏ လက်မောင်းကို အသက်ကယ်ကောက်ရိုးမျှင်နှယ် ဆွဲကိုင်လိုက်သည်။

“ကျောကျစ်… ငါ ရှစ်ယဲ့ကို တွေ့ချင်တယ် …. ရှစ်ယဲ့ အခုဘယ်မှာလဲ… ငါသူ့ကို တွေ့ရမှဖြစ်မယ်…”

 

ကျောကျစ်က ဝမ်ချီအား ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းများ၌ ဖြူဖျော့နေသည့်တိုင် အလွန် စိတ်လှုပ်ရှားပုံပေါ်သည့် ဝမ်ချီ၏ မျက်နှာမှာ ထင်ဟပ်လျက်ရှိ၏။

 

သူမ၏ မျက်ဝန်းများက အနည်းငယ် လှုပ်ရှားသွားခဲ့သည်။ ၎င်းက သူမ၏ နှလုံးသားရေကန်တွင် လှိုင်းကြပ်ခွပ်ကလေး ထွက်ပေါ်လာသည့်နှယ်ထင်ရ၏။

“မင်းကြီး ဘယ်မှာရှိလဲ ကျွန်မ သိပါတယ် …”

 

ထိုအချိန်တွင် ယောဖန်းက ကျောကျစ်ပြုလုပ်မည့်အရာအား ခန့်မှန်းမိလိုက်ပြီး ကျောကျစ်အား စိုးရိမ်စွာ ခေါ်လိုက်၏။

 

သို့သော် ကျောကျစ်က ယောဖန်း၏ စကားကို မကြားယောင်သာ ဆောင်သွားခဲ့သည်။ သူမက ဝမ်ချီအား ကြည့်လိုက်ပြီး သူမ၏ နှုတ်ခမ်းထောင့်များတွင် အပြုံးတစ်ခုက ရှားရှားပါးပါး ဖြစ်တည်လာခဲ့သည်။

“ကျွန်မ သခင်လေးကို ခေါ်သွားပေးမယ် …”




💮💮💮