🐯Chapter 20
ယခုကဲ့သို့ နေသာသော ရာသီဥတုတွင် စတော်ဘယ်ရီ ဖျော်ရည်အေးတစ်ခွက် သောက်ရသည်ကို မည်သည့်အရာနှင့်မှ မနှိုင်းယှဥ်နိုင်ပေ။ လုလုမှာ လမ်းတစ်လျှောက်လုံး ပူအိုက်လာခဲ့ရသည်။ ယခုအချိန်တွင် စတော်ဘယ်ရီဖျော်ရည်မှာ သူမလည်ချောင်းထဲသို့ စီးဆင်းသွားကာ သက်သောင့်သက်သာရှိသည့် အတွေ့အကြုံကြောင့် နှလုံးသားက လုံးဝငြိမ်သက်သွားသည်။
စတော်ဘယ်ရီဖျော်ရည်၏အရသာက အလွန်လတ်ဆတ်၍ ချိုသော်လည်း အချိုမပြင်းပေ။ ထို့ပြင် စတော်ဘယ်ရီသီး အစစ်လေးများအား ကိုက်လိုက်မိသည်။ ပေါင်းစပ်ထားသော အရသာမှာ အံ့မခန်းပင်။
သူမ မျက်လုံးများကိုမှေးစင်း၍ ကိတ်အား တစ်ကိုက်မြည်းကြည့်လိုက်မိသည်။
၎င်းက သာမန်ချိစ့်နှင့် လုံးဝကွဲပြားသည်။ ချိစ့်၏ နို့အရသာနှင့် ရောနှောထားသော နူးညံ့သောကိတ်က စတော်ဘယ်ရီယိုနှင့် တွဲလျက်ရှိသည်။ ၎င်းက မအီစိမ့်နေဘဲ တစ်ကိုက်ဖြင့်ပင် မလုံလောက်ပေ။ ကိတ်ကိုစားပြီးနောက် စတော်ဘယ်ရီဖျော်ရည် သောက်နေစဥ်တွင် လေပြေလေညင်းလေးက သူမနောက်မှ နူးညံ့စွာ တိုက်ခတ်လာသည်။
ကုယွီမြန်က သူ၏ကြောင်ဆေးပင်နှင့် မဝေးလှသောနေရာတွင်ရှိပြီး နှင်းကျားသစ်လေးမှာ သူ့ပခုံးပေါ်တွင်နေ၍ ကုယွီမြန်၏ မေးစေ့လေးအား ပွတ်သပ်နေသည်။
အသီးဖျော်ရည်၊ အရသာရှိသောအစားအစာနှင့် ရှေ့ရှိ ပုံရိပ်က မျက်စိပသာဒဖြစ်စေပြီး သူတို့၏ နှလုံးသားတစ်ခုလုံးကို အပန်းပြေစေသည်။
ယခုအချိန်တွင် ကြည့်ရှုသူအရေအတွက်မှာ ၃သိန်းကျော်နေပြီဖြစ်သည်။
၎င်းက တရားဝင်ပရိသတ်အဖွဲ့ရှိသော ကြယ်ပွင့်တစ်ယောက်အတွက်ပင် မယုံကြည်နိုင်သော ပမာဏ ဖြစ်နေလိမ့်မည်။
【 ကတ် : အာအာအားးး အဲဒါကဘာလဲ... ကိတ်လား… ချိစ့်လား… ငါ ချိစ့်ကို တစ်ခါမှမစားဖူးဘူး... ငါ့ကို မလိမ်နဲ့…】
【 လင်းပိုင် တိမ်လေး : ငါအရမ်းကို သက်သောင့်သက်သာရှိတယ်... ပိုလိုချင်တယ်... နတ်ဘုရားတင်ဆက်သူရေ...】
【သန့်ရှင်းတဲ့ အစအနလေး : အကြောင်းအရာ ခေါင်းစဥ်ကိုတောင် မေ့သွားပြီ... သူစိုက်ပျိုးတာနဲ့ ချက်ပြုတ်တာကိုပဲ တစ်နေကုန် ကြည့်နေနိုင်တယ်... 】
ကြယ်တာရာကောင်းကင်မြို့တော်၏ တရားဝင်တိုက်ရိုက်ထုတ်လွှင့်မှု ဖြစ်သည့်အတွက် အမျိုးမျိုးသောအုပ်စုမှ ကြည့်ရှုသူများက အမှန်တကယ်ဆွဲဆောင်ခံရပြီး ကုယွီမြန်ထံတွင် ကြည့်ရှုသူများ တိုးလာပေလိမ့်မည်။ ပြောရမည်ဆိုလျှင် များသောအားဖြင့် ထိုလူများက ကုယွီမြန်၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းအား ကြည့်ရှုရန် နှိပ်ကြမည် မဟုတ်ပေ။
ယခုအခါ သူတို့က တိုက်ရိုက်ထုတ်လွှင့်မှုမှ ဆွဲဆောင်ခံလိုက်ရပြီး အလားအလာရှိသော ကြည့်ရှုသူအဖွဲ့ဝင်များအဖြစ် လုံးဝပြောင်းလဲသွားသည်။
ပြန့်ကျဲနေသော ကုယွီမြန်၏ ပရိသတ်အရေအတွက်က နောက်ထပ်ရူးသွပ်စွာ တိုးလာပြန်သည်။
နောက်ဆုံးတိုက်ရိုက်ထုတ်လွှင့်မှု စတင်တော့မည်ဖြစ်သည်။
-----
ယနေ့ည ၇နာရီ အချိန်တွင် ဖြစ်သည်။
လေကြောင်းသွားလာမှုစနစ်က တာ့ခ်၏ လေထုထဲသို့ ရောက်တော့မည်ဖြစ်ကြောင်း ပြသနေသည်။ ပို၍နီးလာလေလေ ကောအာရှစ်စစ်မှာ ပို၍စိတ်လှုပ်ရှားလေဖြစ်သည်။ သူ အနည်းငယ် ဂနာမငြိမ်ဖြစ်ပြီး ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်ချင်ခဲ့သည်။
ငါ့ရဲ့ဘိုးဘေးက ဘယ်နေရာမှာ နေတာလဲ... သူ့ကိုတွေ့တဲ့အခါ ဘာပြောသင့်လဲ... ရှေးတုန်းကပြောကြတာရှိသည်မှာ...
"တောကိုနီးလေလေ ပိုကြောက်လာလေလေ..."
ကြယ်သင်္ဘောက လေထုအားဖြတ်ပြီး ကြယ်ဆိပ်ကမ်းသို့ ကပ်တော့မည့်အချိန်တွင် သွားလာရေးစနစ်၏ ခလုတ်အားလုံး ရုတ်တရက်လင်းထိန်သွားကာ ရန်ဖြစ်သကဲ့သို့ပင် ပရမ်းပတာဖြစ်လာသည်။
ကောအာရှစ်စစ် : "ဟမ်…"
{စနစ်ချို့ယွင်းသွားပါပြီ.. သတိပေးပါတယ်... အသက်ကယ်ခန်းထဲသို့ဝင်ရန် သတိပေးပါတယ်... သတိပေးချက်...}
စက်ရုပ်၏အသံ ထွက်လာသည်။
ကောအာရှစ်စစ် : "ဟမ်..."
နောက်တစ်စက္ကန့်တွင် ကြယ်သင်္ဘောတစ်ခုလုံး ပြင်းပြင်းထန်ထန် လှုပ်ယမ်းလာသည်။ စနစ်က သူ့အား ဥသဏ္ဍာန်သက်ကယ် အာကာသယာဉ်အခန်းထဲသို့ ဝင်ရန် တွန်းအားပေးပြီး အလိုအလျောက် ထည့်လိုက်သည်။ ကောအာရှစ်စစ်၏ အသိစိတ်က တဖြည်းဖြည်း မှိန်ကျလာပြီး အသက်ကယ်အာကာသယာဉ်အခန်းက ကြယ်သင်္ဘောပေါ်မှ ခုန်ထွက်၍ ကျဥ်းမြောင်းလာကာ တာ့ခ်မြေပေါ်သို့ ဆင်းသက်ခဲ့သည်။
ဘုန်း...
🐼🐼🐼
ကုယွီမြန်က ရှို့ရှီဟော့ပေါ့အတွက် ပါဝင်ပစ္စည်းများ ပြင်ဆင်နေစဥ်တွင် ဥယျာဥ်ထဲမှ အသဲမကွဲအသံအား ကြားလိုက်ရသည်။
နှင်းကျားသစ်လေးက သူ့နှာခေါင်းထိပ်လေးအား လှုပ်၍ စောင်းကြည့်လိုက်သည်။
"ထွမ်ထွမ် မင်းလည်းကြားရလား... ငါတို့ရဲ့ ဥယျာဥ်ကို တစ်ခုခု လာမှန်တာထင်တယ်..."
ကုယွီမြန်က ပြောလိုက်သည်။
နှင်းကျားသစ်လေးက သူ့လက်ဖဝါးလေးအားဆန့်၍ ကုယွီမြန်၏နှုတ်ခမ်းကို ဖိလိုက်သည်။
သူ့တွင် ခြိမ်းခြောက်နိုင်သည့် တစ်စုံတစ်ခု လာတော့မည်ဟု အလိုလိုသိစိတ်ရှိနေပြီး ၎င်းက သူ့အား အလွန်စိုးရိမ်ပူပန်စေသည်။
"ဘာဖြစ်လို့လဲ..."
ကုယွီမြန်က နှင်းကျားသစ်လေး၏ လက်ဖဝါးလေးအားနမ်းပြီး သူနှင့်အတူ မတ်တတ်ရပ်လိုက်သည်။
"ငါ နည်းနည်းစိတ်ပူတယ်... အပြင်ထွက်ပြီး သွားကြည့်တာ ပိုကောင်းမယ်ထင်တယ်..."
သူ အချိန်အတော်ကြာ ဂနာမငြိမ်ဖြစ်နေပြီးနောက် ဘတ်တံကိုယူ၍ ဥယျာဥ်ထဲသို့ တိတ်ဆိတ်စွာသွားပြီး ဂရုတစိုက် ကြည့်လိုက်သည်။
ထို့နောက် မြင်ခဲ့ရသည်မှာ သူအလွန်ကြိုးစားပြီး စီမံထားခဲ့ရသည့် ကြောင်ဆေးပင်ချုံထဲတွင် အဖြူရောင် ဥတစ်လုံးကိုတွေ့လိုက်ရသည်။
“ဥ” က သာမန်ငှက်ကုလားအုတ်ဥထက် ပိုကြီးသည်။ ၎င်း၏ အသွင်အပြင်က နို့နှစ်ရောင်ရှိပြီး ဖြူဖွေးပျော့ပြောင်းကာ အစင်းကြောင်းများ လုံးဝမရှိဘဲ ထိကြည့်လိုက်သောအခါတွင်လည်း ကြမ်းတမ်းခြင်းမရှိပေ။
"ငှက်ကုလားအုတ်ဥတွေဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးလို့ လူသိများတဲ့ ဥ ဖြစ်သင့်တယ်…ဒါကိုကြည့်ရတာ တခုခုတော့ ထူးဆန်းနေတယ်…"
ကုယွီမြန်က သူ့ကိုယ်သူ ပြောလိုက်သည်။
အမှန်တွင် ထိုဥ၏ အသွင်အပြင်မှာ ဥပေါင်းများစွာ၏ လက္ခဏာများနှင့် ရောနှောနေသော်လည်း ကုယွီမြန်က ထိုဥက ဥအစစ်မဟုတ်လောက်ဟု ခံစားခဲ့ရသည်။
နှင်းကျားသစ်လေးမှာ ထိုဥကို လက်မခံပေ။ ကနဦးတွင် သူက ကုယွီမြန်ကို ထိုဥအား လွှင့်ပစ်စေချင်ခဲ့သည်။
သို့သော်လည်း ကုယွီမြန်မှာ ထိုသို့မလုပ်နိုင်ပေ။ ထိုဥက အချို့သောမိသားစုများ၏ ကလေးတစ်ဦးလည်း ဖြစ်နိုင်သည်။ သူ့လက်ထဲတွင်လည်း ပရော်ဖက်ရှင်နယ် ကိရိယာများမရှိပေ။ အချိန်အတော်ကြာအောင် စောင့်ပြီးနောက် ဥက မရွေ့တော့သောကြောင့် သူက ဒုတိယထပ်ရှိ အိပ်ခန်းထဲတွင် အပူချိန်ထိန်းသိမ်းနိုင်သည့် အသိုက်လေးတစ်ခု လုပ်လိုက်သည်။
ယခုအချိန်က ခုနစ်နာရီ ထိုးခါနီးပြီဖြစ်သောကြောင့် ထိုအချိန်က သူ့ပရိသတ်များနှင့် တိုက်ရိုက်ထုတ်လွှင့်ရန် သဘောတူထားသည့် အချိန်ကို ရောက်နေပြီဖြစ်သည်။ နှင်းကျားသစ်လေးလည်း ညစာစားရမည့် အချိန်ရောက်နေပြီဖြစ်သည်။ သူက ထိုကိစ္စကို ဦးစွာကိုင်တွယ်ဖြေရှင်းပြီး တိုက်ရိုက်ထုတ်လွှင့်မှုအပြီး နောက်ပိုင်းတွင် ဥ၏ အခြေအနေကို စစ်ဆေးကြည့်၍ ရနိုင်သည်။
သူက ကျားသစ်လေး၏ မေးစေ့ကို ပွတ်ပေးလိုက်သည်။
"ထွမ်ထွမ် သွားကြမယ်... အရင်စားလိုက်ကြရအောင်…"
ကုယွီမြန်က သူ့လက်ထဲတွင် ကိုဘီအမဲသားပါသော ပန်းကန်ကိုကိုင်ကာ ရှေ့သို့ နှစ်လှမ်းလှမ်းပြီးနောက် ကြည့်လိုက်ရာ နှင်းကျားသစ်လေးမှာ သူ့နောက်သို့ မလိုက်လာကြောင်း သိလိုက်ရသည်။
"ထွမ်ထွမ်…"
-----
အိပ်ခန်းအတွင်းတွင် …
တံခါးက ပွင့်နေပြီး နေဝင်ရီတရော ဖြစ်နေသောကြောင့် အလင်းရောင် မရှိတော့ပေ။
နှင်းကျားသစ်လေးက ဥပေါ်တွင် သူ့ခြေထောက်ကို တင်ကာ အောက်သို့ ငုံ့ကြည့်နေသည်။ သူ၏ ခဲပြာရောင် မျက်လုံးများက မျဉ်းကြောင်းတစ်ခုအဖြစ် ရောက်အောင် ကျဉ်းမြောင်းသွားသည်။
ထိုဥကို ကုယွီမြန် မမြင်ဖူးသော်လည်း နှင်းကျားသစ်လေးက ထိုအရာကို အလွန်ရင်းရင်းနှီးနှီး သိနေသည်။
ထိုအရာက ဥပုံသဏ္ဌာန် ကယ်ဆယ်ရေးအာကာသယာဥ်ပင်။ ဥပုံသဏ္ဌာန် ကယ်ဆယ်ရေးအာကာသယာဉ်များက လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခု သို့မဟုတ် သုံးခုလောက်က အလွန် ရေပန်းစားခဲ့ပြီး ဇာ့ဂ်များ သောင်းကျန်းခဲ့စဉ်အချိန်က ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ၎င်းက ဇာ့ဂ် သားပေါက်များ၏ ဥပုံစံနှင့် အရွယ်အစားကို အတုယူထားသောကြောင့် ထိုကယ်ဆယ်ရေးယာဉ်များ ဇာ့ဂ် တို့ ၏လက်ထဲသို့ မတော်တဆပြုတ်ကျသွားလျှင်ပင် ၎င်းတို့က အသက်ရှင်နိုင်မည်ဖြစ်သည်။
အတွင်းပိုင်းရှိ အထူးအားဆေးက ကယ်ဆယ်ရေး အာကာသယာဉ်အခန်းထဲရှိ သတ္တဝါများကို အချိန်အတိုင်းအတာတစ်ခုအထိ ၎င်းတို့၏ မွေးကင်းစ အခြေအနေသို့ ပြန်လည်ရောက်ရှိသွားစေကာ အိပ်ပျော်သွားစေပြီး စွမ်းအင်သုံးစွဲမှုကိုပါ လျှော့ချပေးမည်ဖြစ်သည်။
နောက်ပိုင်းတွင် ဇာ့ဂ်များကို သုတ်သင်ရှင်းလင်းမှု ပြီးစီးတော့မည် ဖြစ်သောကြောင့် ထိုကယ်ဆယ်ရေး အာကာသယာဉ်ကို ၎င်း၏ ကိုယ်ပိုင်ချို့ယွင်းချက်အချို့ကြောင့် လျင်မြန်စွာ ဖယ်ရှားခဲ့သည်။ အိုဟောင်းနေသည့် ကာလရှည် ကြယ်သင်္ဘောအချို့၌သာ ထိုကယ်ဆယ်ရေးအာကာသယာဉ်ကို တပ်ဆင်ထားသည်။
ကယ်ဆယ်ရေးအာကာသယာဉ်အခန်းထဲက အရာရဲ့ ရည်ရွယ်ချက်က ဘာများလဲ…
အဲ့ဟာကက ငါ့လူသားရဲ့ အိမ်ထဲကိုမှ ပြုတ်ကျလာတာလေ… သူတို့ရဲ့ရည်ရွယ်ချက်က ဘာလဲ…
နှင်းကျားသစ်လေးက သူ့ခြေသည်းကို ဆန့်ထုတ်လိုက်သောကြောင့် ချွန်ထက်သည့်ခြေသည်းများ ပေါ်ထွက်လာကာ တောက်ပနေသည့် အဖြူရောင်ဥကို ရင်ဆိုင်ရန် သူ တွန့်ဆုတ်မနေခဲ့ပေ။
နောက်တစ်စက္ကန့်တွင်…
"အာ ထွမ်ထွမ်ရေ... မင်းဘာလို့ တခြားကလေးကို အနိုင်ကျင့်နေရတာလဲ…”
ကုယွီမြန် ပြန်ရောက်သောအခါ သူ့လုပ်ရပ်ကြောင့် ထိတ်လန့်သွားသည်။ သူက နှင်းကျားသစ်လေးကို လည်ပင်းအနောက်မှကိုင်ပြီး အမြန်ဆွဲခေါ်လိုက်သည်။
နှင်းကျားသစ်လေး၏ ခြေသည်းလေးချောင်းက ထွက်လာပြီး ရုန်းကန်နေပြီး သူ့ကို မယုံကြည်နိုင်ဟန်ဖြင့် စိုက်ကြည့်နေသည်။ သူ့လည်ချောင်းထဲမှ မာန်ဖီသံတိုးတိုးလေးပင် ထွက်လာသည်။
သူ ဒေါသထွက်လွန်း၍ ပေါက်ကွဲလုမတတ်ပင်။
ကုယွီမြန်က ငါ့လူသားလေ… ငါ့နေရာကို ဘယ်သူက ခြိမ်းခြောက်နေတာလဲ…..
-----
ည ၇ နာရီတွင် ကုမြန်ယွီက တိုက်ရိုက်ထုတ်လွှင့်မှုကို အချိန်မှန်စတင်ခဲ့သည်။
နှင်းကျားသစ်လေးက အနည်းငယ် စိတ်လေးလံနေခဲ့သည်။ သူ ဤနေရာတွင်ရှိနေသော်လည်း ဥကို မည်သို့မျှ မလုပ်နိုင်ခဲ့ပေ။ သို့သော်လည်း ကုယွီမြန်က သူ့ကို အရာရာတိုင်းတွင် အလိုလိုက်တတ်သောကြောင့် သူ စိတ်မဆိုးနိုင်ခဲ့ပေ။
အခုရော… သူက အဲ့ဥအတွက်ဆိုရင်ရော ငါ့ကို အလိုလိုက်ဦးမှာလား…
"ဟဲလို ကျွန်တော်က ကုယွီမြန်ပါ… ဒါကတော့ ထွမ်ထွမ်ပါ…"
ကုယွီမြန်က သူ့ကိုယ်သူ အတိုချုပ်မိတ်ဆက်လိုက်သည်။
"ဒီည ကျွန်တော်တို့ ဟော့ပေါ့စားမယ်၊ ဘလူးဘယ်ရီဝိုင်သောက်မယ်၊ ပြီးတော့ ထွမ်ထွမ်နဲ့ အားလုံးကို ကျွန်တော် သီချင်းဆိုပြမယ်လို့ ကတိပေးထားပါတယ်..."
ယနေ့က လူသစ်ပြိုင်ပွဲ၏ နောက်ဆုံးညဖြစ်သည်။ ကုယွီမြန်၏ မနက်ခင်း တရားဝင်တိုက်ရိုက်ထုတ်လွှင့်မှုမှ ဖျော်ဖြေတင်ဆက်မှုက အလွန်ကို မျက်စိဖမ်းစားနိုင်ခဲ့သောကြောင့် သူက ထိုရေစီးကြောင်းအတိုင်း လိုက်ခဲ့သည်။ ထို့အပြင် ယမန်နေ့က မိန်းကလေး ယွီဝေ့၏ "ပွဲဦးထွက်"ဓာတ်ပုံများကလည်း ထိုနေရာတွင် ရှိနေဆဲဖြစ်သောကြောင့် ထုတ်လွှင့်မှု စတင်ချိန်မှစ၍ ကြည့်ရှုသူဦးရေက လျင်မြန်စွာ မြင့်တက်လာခဲ့သည်။
[ဒီနေ့ ကောင်းကောင်းအိပ်မပျော်ဘူးလား…]
[ညကျရင် ကောင်းကောင်းအိပ်ပါ…]
[ဟော့ပေါ့အကြောင်း မကြားဖူးပေမယ့် တင်ဆက်သူက အရသာရှိရှိ ချက်ထားတာဖြစ်မယ်…]
ကုယွီမြန်က ဒေါသထွက်နေသော နှင်းကျားသစ်လေးကို မြင်သောအခါ သက်ပြင်းချလိုက်မိသည်။ အစောပ်ိုင်းက သူစိတ်ဆိုးနေသောကြောင့် နှင်းကျားသစ်လေးကို မချော့ခဲ့မိပေ။ ယခု ပြန်စဉ်းစားကြည့်လိုက်သောအခါ နှင်းကျားသစ်လေးတွင်လည်း ထိုသို့လုပ်ရန် သူ့အကြောင်းပြချက်နှင့်သူ ရှိပေလိမ့်မည်။ ထို့အပြင် သူက စိတ်လိုက်မာန်ပါ လုပ်တတ်လွန်းလှသည်။
နေဝင်ရီတရောအချိန်ဖြစ်သောကြောင့် သူတို့ အပေါ်ထပ်ပန်းခြံထဲတွင် မမှောင်လှပေ။
"အိုးကို အရင်အပူပေးကြရအောင်… ရှို့ရှီဟော့ပေါ့က သိပ်တော့ မခက်ပါဘူး... ထွမ်ထွမ်တောင်မှ ချက်လို့ရတယ်…"
ကုယွီမြန်၏စိတ်ထဲတွင် မတင်မကျဖြစ်နေသည်။ နှင်းကျားသစ်လေး သူ့ကို စိတ်ဆိုးနေသောအခါ သူ ဟင်းချက်ရာတွင် အာရုံစိုက်ရန်ပင် ဂရုမစိုက်နိုင်ဖြစ်နေသည်ကို သိလိုက်ရသည်။ သူက နှင်းကျားသစ်လေးကို သူ့လက်နှစ်ဖက်နှင့် ပွေ့ဖက်လိုက်ပြီး ခေါင်းလေးကို သူ့မေးစေ့နှင့် ပွတ်သပ်လိုက်ရင်း သစ်သားကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။
"ရွှယ်ထွမ် ငါ မှားသွားပါတယ်နော်…"
နှင်းကျားသစ်လေးက သူ့ကို အေးစက်စွာ စိုက်ကြည့်နေသည်။ ဤတစ်ကြိမ်တွင် သူ အမှန်တကယ် ဒေါသထွက်နေပုံရသည်။ ကုယွီမြန်က သူ့လည်ကုတ်တွင် မျက်နှာအပ်ထားရင်း ပြောလိုက်သည်။
"ငါ မှားမှန်းသိပါပြီ... စိတ်မဆိုးပါနဲ့တော့နော် လူကောင်းလေး ထွမ်ထွမ်…"
နှင်းကျားသစ်လေးက ဘာမှ ပြန်မပြောပေ။
"ထွမ်ထွမ်က အစ်ကိုကြီးဖြစ်လာတော့မယ်…"
ကုယွီမြန်က သူ့နားရွက်လေးကို တုံ့ဆိုင်းစွာနမ်းပြီး သူ့ကို ဖက်ထားလိုက်သည်။
"ဘာပဲဖြစ်ဖြစ် အဲ့ဒါက အခုမှ ဥလေးပဲလေ... သူက ကလေးပဲရှိသေးတယ်... ငါ့ကို စိတ်မဆိုးပါနဲ့တော့ ဟုတ်ပြီလား.. မင်း ငါ့ကိုပစ်ထားရင် ငါ့နှလုံးသားလေးက ကြေကွဲသွားလိမ့်မယ်…"
နှင်းကျားသစ်လေး၏ လှုပ်ရှားမှုများက ရုတ်ခြည်း ရပ်တန့်သွားပြီး သူ့နားရွက်များသာ လှုပ်ရှားသွားသည် ။
“……..”
ကုယွီမြန် သူ့အမူအရာကို သတိပြုသွားပြီး စက္ကန့်ပိုင်းအတွင်းမှာပင် လှည့်ကွက်လေး သုံးလိုက်သည်။
"လူကောင်းလေး ထွမ်ထွမ်၊ ကောကော... အစ်ကိုကြီးအတွက် စိတ်မပူပါနဲ့တော့... ဟုတ်ပြီလား... မင်းက ငါ့အတွက် အရေးကြီးဆုံးပါ... မင်းစိတ်ဆိုးတဲ့အခါ ငါ အရမ်းဝမ်းနည်းတယ်..."
နှင်းကျားသစ်လေး၏ နားရွက်ထိပ်ဖျားကတောင့်တင်းလာပြီး ခဏအကြာတွင် အနည်းငယ် ပူလောင်လာသည်။
မိန်းမောနေသော ပရိသတ်များ- ".…….."
အစပိုင်းတွင်မူ မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို သူတို့မသိသော်လည်း စက္ကန့်အနည်းငယ်ကြာ နားထောင်ပြီးနောက် သူတို့၏ ဦးနှောက်က အခြားအရာများကို တွေးတောနိုင်ခြင်း လုံးဝ ကင်းမဲ့သွားသည်။
မှတ်ချက်များ တစ်ခုပြီးတစ်ခု တဟုန်းဟုန်းတက်လာကြသည်။
[ကြောင်လေးရဲ့အော်သံ : အားးးးအားးး အားး အားးး ငါတော့ သေပြီ အားအားးးးးး …]
[ငါ့မှာ မိသားစုရှိတယ်: ငါရပ်တောင် မရပ်နိုင်တော့ဘူး... ငါ့ရဲ့ ခံနိုင်ရည်ဘားက လုံးဝဗလာဖြစ်သွားပြီ... အဲ့ဒါလေးကို ဘယ်သူကများ ခံနိုင်ရည်ရှိကြလဲ...]
[ဘာပဲဖြစ်ဖြစ် ငှက်ဘာသာစကား အဆင့် 4 ရဲ့ နာမည်က မပြောင်းလဲဘူး : ဒီအခြေအနေက ဘာကြီးလဲ... ငါလည်း ဆွေမျိုးတွေရဲ့ မြှောက်ပင့်ပေးတာမျိုး ခံချင်တယ်လေ…]
[တရုတ်ပြည်တောင်ဘက်ကကျားက ဘယ်တော့မှ ချိန်းမတွေ့ဘူး - အာားး... ငါ့ မြန်မြန်လေး ၊ ကောကော တဲ့… အားး အားး အားးးးအားးး အခုပဲ... အဲ့လိုအချိန်ကို ငါ တစ်သက်လုံး စောင့်နေခဲ့ရတာ QAQ]
[အလှကုန်ပစ္စည်းတွေကို လွှတ်ပစ်မယ်- အဟမ်း.. အဟမ်း... အဲဒါ... မင်း အမျိုးသမီးပရိသတ်တွေကိုရော အကျိုးအမြတ်လေး ပေးနိုင်မလား…ကျဲကျဲ လို့ ခေါ်ကြည့်ပါလား 🫣 ]
နှင်းကျားသစ်လေးကို ချော့ရန် ကြိုးစားနေသောကြောင့် ကုယွီမြန်၏အသံက အနည်းငယ် ပျော့ပျောင်းပြီး နူးညံ့နေသည်။ စကားတစ်ခွန်းပြောပြီးသည့်အခါတိုင်း သူက နှင်းကျားသစ်လေး၏ နူးညံ့သည့် နားရွက်လေးများကို မကြာခဏ နမ်းပေးနေသည်။
နှင်းကျားသစ်လေးနှင့် တူညီသည့်ရှုထောင့်မှ ပရိသတ်များက နားရွက်ပေါ်ကျလာသော ပေါ့ပါးပြီး နူးညံ့သည့် အနမ်းများ၊ နွေးထွေးသော အသက်ရှုသံ၊ စိတ်လုံခြုံမှုပေးစွမ်းနိုင်သည့် နှလုံးခုန်သံနှင့် သွေးခုန်နှုန်းများအပြင် နှလုံးသားတစ်ခုလုံးနှင့် ချစ်ခင်မြတ်နိုးခြင်းဟူသော ချစ်မေတ္တာတရားကိုပါ ခံစားလိုက်ကြရသည်။
ထို့အပြင် ကုယွီမြန်မှာ ယခုအချိန်က တိုက်ရိုက်ထုတ်လွှင့်နေခြင်း ဖြစ်ကြောင်းကိုလည်း မေ့သွားခဲ့သည်။ သူက နှင်းကျားသစ်လေးကို ပျော်ရွှင်စေချင်ရုံသာဖြစ်သည်။ သူ့အပြောအဆိုနှင့် လုပ်ရပ်များအားလုံးက ရိုးသားပေသည်။
တဖြည်းဖြည်းနှင့် နေဝင်လာပြီး ပင်လယ်လေကလည်း တိုက်ခတ်နေသည်။
လူငယ်လေး၏ ရင်ခွင်ထဲတွင် ပွေ့ဖက်ထားခံရသည့် လုံခြုံမှုနှင့် မှီခိုအားထားမှုစသည့် ခံစားချက်က မည်သည့်အရာနှင့်မှ မနှိုင်းယှဉ်နိုင်ပေ။ နူးညံ့သိမ်မွေ့ပြီး ရှင်းလင်းသည့် ချော့မြူသံများ ပျောက်ကွယ်သွားပြီးနောက် ထိုအရာက ပူနွေးနေသည့်သကြား အရည်ပျော်သွားသကဲ့သို့ပင်။
“ကောကော” ဟူသည့် ပျော့ပျောင်းသော ချော့မြူသံက ကြည့်ရှုသူပရိသတ်များကို မရေမတွက်နိုင်လောက်အောင် ပြင်းထန်သည့် တိုက်ခိုက်မှုများကဲ့သို့ ရုတ်တရက် ထိမှန်သွားခဲ့သည်။
ကြည့်ရှုသူပရိသတ်များ မနေနိုင်တော့ပေ။ နှင်းကျားသစ်လေးက ကုယွီမြန်၏ နူးညံ့သော စကားကို အေးအေးဆေးဆေး နားထောင်ဟန်ဆောင်နေသည်။ အမီန်တွင် သူ့နားရွက်များက အလွန်ပူနေသည်။
မိနစ်ဝက်ခန့်အကြာ နောက်ဆုံးတွင် သူ ယခင်ကကဲ့သို့ ကုယွီမြန်၏ပခုံးပေါ်သို့ ခုန်တက်သွားပြီး မသိစိတ်ထဲရှိ ရင်းနှီးနေသည့် အပြုအမူအတိုင်း သူ၏အမြီးရှည်က လူငယ်လေး၏ နားရွက်ကို ထိလိုက်သည်။
ဘယ်သူကများ မပျော်မရွှင် ဖြစ်နေလို့လဲ… ကောကောဆိုတာကရော ဘာလဲ…
ကုယွီမြန်က သူ့မေးစေ့ကိုပွတ်ပြီး မပြုံးဘဲ မနေနိုင်တော့ပေ။
ယနေ့က အားလပ်ရက် မဟုတ်သည့်နေ့ ဖြစ်ပြီး ည ၇:ဝဝ နာရီဖြစ်၍ ယာဉ်ကြောပိတ်ဆို့နေချိန်ဖြစ်သော်လည်း ထုတ်လွှင့်မှုစတင်ပြီးနောက် မကြာမီပင် ကုယွီမြန် အံ့အားသင့်သွားရသည်။ အငွေ့အသက်က မြင့်မားသည့် လှိုင်လုံးအဖြစ်သို့ တဖြည်းဖြည်းရောက်သွားခဲ့သည်။
ပရိတ်သတ်အသစ်များလည်း တဖွဲဖွဲရောက်လာသည်။
"အမ်... ကျွန်တော်တို့ ရှို့ရှီဟော့ပေါ့ လုပ်လို့ရပြီ…"
🐯🐯🐯