💮Chapter 152
ရှစ်ယဲ့က အချိန်ရတိုင်း သူ့ဝမ်းဗိုက်နားကပ်ပြီး ဗိုက်ထဲက ကလေးလေးကို စကားပြောလေ့ရှိသည်။
အထူးသဖြင့် ညအိပ်ချိန်တွင် ဗိုက်ထဲမှကလေးကို စကားအနည်းငယ်ပြောပြီးမှသာ အိပ်လေ့ရှိသည်။
ဝမ်ချီက ငုံ့ကြည့်လိုက်ပြီး သူ့၏ ပြားချပ်နေသောဗိုက်နှင့် ရှစ်ယဲ့၏ လေးလေးနက်နက်အမူအရာကို တွဲမြင်လိုက်ရသောကြောင့် ရယ်ရခက်၊ ငိုရခက် ဖြစ်နေသည်။
ရှစ်ယဲ့က ဝမ်ချီ၏ အတွေးကို သတိမထားမိဘဲ သူ့အာရုံ အလုံးစုံက ဝမ်ချီ့ဝမ်းဗိုက်ထံသာ ရောက်နေ၏။ သူက ဝမ်ချီ့ဗိုက်ကို ညင်ညင်သာသာ ထိတွေ့လိုက်ပြီး သိချင်စိတ်ကို မထိန်းနိုင်ဘဲ မေးသည်။
“ဘာလို့ ဘာမှ မပြောင်းလဲသေးတာလဲ…”
ရှစ်ယဲ့၏ တုံးအသောစကားကိုကြားပြီး ဝမ်ချီက ရယ်မောကာ ပြောသည်။
“ကိုယ်ဝန်ဗိုက်ထွက်လာဖို့ အချိန် စောင့်ရဦးမယ်လို့ သမားတော်က ပြောတယ်လေ ခင်ဗျား ဘယ်လောက်ပဲ လောလော ကလေးကတော့ ချက်ချင်းကြီးလာမှာ မဟုတ်ဘူး…”
ရှစ်ယဲ့က မျက်လွှာချလိုက်ပြီး မကျေနပ်သော လေသံနှင့် ပြောသည်။
“ဒါဆို ဗိုက်ထဲက ကလေးက ကိုယ်ပြောနေတဲ့ စကားတွေကိုရော ကြားရလား….”
“ဘယ်လိုလုပ်ကြားရမှာလဲ…”
လူတိုင်း အဖြေကို သိထားပြီးသား ဖြစ်မည်။
ယခု သူက ဗိုက်ထဲတွင် သန္ဓေသားလောင်းလေးကို လွယ်ထားခြင်း ဖြစ်သည်။ ဗိုက်ထဲရှိ သန္ဓေသားလောင်းလေးမှာ မည်သည့် အစိတ်အပိုင်းမျှ ကြီးထွားဦးမည် မဟုတ်ပေ။ ရှစ်ယဲ့၏ စကားသံများကို ကြားနိုင်မည်လည်း မဟုတ်ပေ။
ရှစ်ယဲ့က "အင်း"ဟုသာ တုံ့ပြန်ပြီး မည်သည်မျှ ထပ်မပြောပေ။
ရှစ်ယဲ့မျက်နှာပေါ်ရှိ အမူအရာက သိသိသာသာ ပြောင်းလဲမသွားသော်လည်း မျက်လုံးထဲတွင် ဆုံးရှုံးသွားရသကဲ့သို့ ခံစားချက်မျိုးကို ထင်ထင်ရှားရှား မြင်နေရသည်။ ရှစ်ယဲ့က ဝမ်ချီ့လက်ကို ညင်သာစွာညှစ်လိုက်ပြီး သက်ပြင်းရှည်ကြီးချကာ တစ်စုံတစ်ခုကို စဉ်းစားနေပုံရသည်။ သူ မည်သည့် အကြောင်းရာကို စဉ်းစားနေကြောင်းကိုမူ ဝမ်ချီ မသိပေ။
ဝမ်ချီက ရယ်ချင်နေပြီး စိတ်မထိန်းနိုင်ဘဲ လက်ဆန့်တန်းထုတ်ကာ ရှစ်ယဲ့မျက်နှာကို လက်နှစ်ဖက်ဖြင့် ကိုင်လိုက်သည်။
ရှစ်ယဲ့မျက်နှာက အလွန်ပ်ိန်လှီနေပြီး မျက်လုံးထဲတွင် ပင်ပန်းနွမ်းနယ်မှုများနှင့် ပြည့်နေသည်။ ဝမ်ချီ အမြင်မှားခြင်းပေလား မသေချာသော်လည်း ရှစ်ယဲ့၏ အခြေအနေက တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာပြီး အချိန်မရွေး မီးစာကုန်ခမ်းသွားနိုင်သည့် မီးအိမ်သဖွယ် ဖြစ်နေသည်။
ဤခံစားချက်က ဆိုးရွားလှသည်။
ဝမ်ချီက စိတ်မသက်မသာ ခံစားလိုက်ရသည်။ သူက ထိုမကောင်းသော ခံစားချက်များကို အတတ်နိုင်ဆုံး မြိုသိပ်ပြီး ရှစ်ယဲ့ကို လေးလေးနက်နက် စိုက်ကြည့်လိုက်သည်။
ရှစ်ယဲ့က ယခုထိ ကြည့်ကောင်းနေဆဲ ဖြစ်သည်။ သူက မိဖုရားဟွားနှင့် ၇၀/၈၀ ရာခိုင်နှုန်းနီးပါး ဆင်တူသော်လည်း မိဖုရားဟွား၏ မျက်နှာသွင်ပြင်က နူးညံ့လှပပြီး ရှစ်ယဲ့၏ မျက်နှာသွင်ပြင်က ထည်ဝါခန့်ညားသည်။
ရှစ်ယဲ့၏ မျက်နှာပေါ်ရှိ မီးလောင်ဒဏ်ရာများ မရှိတော့သည်မှာ ကံကောင်းသည်။ မဟုတ်ပါက ထိုမျက်နှာချောချောလေးမှာ နှမြောစရာ ဖြစ်နေတော့မည် ဖြစ်သည်။
ဝမ်ချီက တိတ်တဆိတ် တွေးတောနေပြီးနောက် ရှစ်ယဲ့ဘက်သို့မှီပြီး ရှစ်ယဲ့၏နှုတ်ခမ်းကို လှမ်းနမ်းလိုက်သည်။ သူက တစ်ကြိမ်နမ်းပြီး စိတ်မကျေနပ်သေးသဖြင့် ထပ်ခါထပ်ခါ နမ်းလိုက်သည်။
ရှစ်ယဲ့က ဝမ်ချီ ထပ်ခါထပ်ခါ အသားယူနေသည်ကို မလှုပ်မယှက်ဖြင့် ငြိမ်ခံနေသည်။
ဝမ်ချီ နောက်ဆုံးအကြိမ် နမ်းလိုက်သော အချိန်မှသာ ရှစ်ယဲ့က အသိပြန်ဝင်သွားပြီး ဝမ်ချီ့ခေါင်းကို ချက်ချင်းပြန်ဆွဲ၍ ပြင်းထန်စွာနမ်းရှုံ့လိုက်သည်။
တိတ်ဆိတ်သော အိပ်ခန်းထဲတွင် တစ်ခဏချင်း နမ်းရှိုက်သံများဖြင့် ဖုံးလွှမ်းသွားသည်။
အချိန်အတန်ကြာ အနမ်းခံနေရသော ဝမ်ချီမှာ အသက်ရှူကြပ်လာမှသာ အနမ်းခံရခြင်းမှ လွတ်မြောက်သွားတော့သည်။ သူ့ပါးနှစ်ဖက်မှာ နီရဲနေပြီး နှုတ်ခမ်းပေါ်တွင် သွားရည်များ ကပ်ကျန်နေသည်။ သူက လက်နှစ်ဖက်ကို ရှစ်ယဲ့၏ ပခုံးပေါ်သို့ တင်လိုက်ပြီး ရှစ်ယဲ့၏ နှုတ်ခမ်းကို ထိကာ ပြောသည်။
“ကလေးလေးက မကြားနိုင်ပေမဲ့ ကျွန်တော်ကတော့ ကြားနိုင်တယ်လေ…”
ရှစ်ယဲ့လည်း ထိုခဏတွင် အံ့အားသင့်သွားတော့သည်။
ဝမ်ချီက နူးနူးညံ့ညံ့အချစ်စကားများ ပြောရာတွင် မထူးချွန်ပေ။ သူက အလွန်ရှက်နေပြီး ပါးနှစ်ဖက်မှ အနီလှိုင်းများက နားရွက်ထိပ်ထိ ပျံ့နှံ့နေကာ ရှစ်ယဲ့၏ မျက်လုံးနှင့် ရင်မဆိုင်ရဲပေ။ သူက မျက်လွှာချပြီး ခပ်တိုးတိုး ပြောသည်။
“ကလေးလေး ကြီးလာတဲ့အခါကျ သူ မမွေးခင်မှာ သူ့ဖေဖေဖြစ်တဲ့ ခင်ဗျားက ဘယ်လို အရူးထပြီး ဗိုက်ထဲက သူ့ကို စကားတွေပြောခဲ့လဲဆိုတာ ကျွန်တော်ပြောပြပေးမယ်…”
ရှစ်ယဲ့က မထိန်းထားနိုင်ဘဲ ပြုံးလိုက်ပြီး မျက်လုံးများတွင် အပြုံးများဖြင့် ပြည့်နှက်နေသည်။
“ကိုယ် အများကြီး ပြောခဲ့တာလေ… မင်း အကုန် မှတ်မိပါ့မလား…”
“ကျွန်တော် အဓိကအချက်လေးတွေပဲ ရွေးမှတ်ထားမှာပေါ့…”
ဝမ်ချီက ခပ်တိုးတိုး ပြန်အော်လိုက်ကာ ရှစ်ယဲ့ကို မော့ကြည့်လိုက်ပြီး သူ့မျက်လုံးများ ပြန်နူးညံ့သွားတော့သည်။ သူက ရှစ်ယဲ့၏ပါးနှစ်ဖက်ကို ဆွဲညှစ်လိုက်ပြီး ပြုံး၍ ပြောသည်။
“ကျွန်တော်က ကလေးကို သိစေချင်တာရှိတယ်… သူ့ဖေဖေက သူ လောကထဲ ရောက်လာဖို့ အရမ်းမျှော်လင့်ထားတဲ့ အကြောင်းကိုလေ….”
ထိုစကားကို ကြားပြီး ရှစ်ယဲ့က နေရာတွင် တုံ့ဆိုင်းသွားသည်။ သူက ဝမ်ချီ ထိုကဲ့သို့ စကားများ ပြောလာမည်ဟု မမျှော်လင့်ထားပေ။ သူက အံ့အားသင့်ပြီး နှလုံးသားထဲတွင် ပျော်ရွှင်ကြည်နူးနေသည်။ သူ့အမူအရာတွင် ခံစားချက်ပေါင်းစုံပေါ်နေပြီး တစ်ကြိမ်တစ်ခါမျှ ယခုကဲ့သို့ စိတ်မလွတ်ဖူးပေ။
ဝမ်ချီက သူ့ပါးကို ဆက်၍ညှစ်ထားပြီး ဘာဆက်လုပ်ရမှန်း မသိသည့် ကလေးတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။
ရှစ်ယဲ့ကို ယခုပုံစံနှင့် မြင်ရသည်မှာ ဝမ်ချီ့အတွက် ပထမဆုံးအကြိမ် ဖြစ်သောကြောင့် စိတ်ဝင်စားစရာကောင်းပြီး ပျော်စရာကောင်းနေသည်။ သူက လက်ကို ပြန်ချလိုက်ပြီး ရှစ်ယဲ့၏ ပခုံးကို ပုတ်ကာ ပြောသည်။
“မြန်မြန်သွားအိပ်တော့… မနက်ကျ အစောကြီး ထရမှာမလား…”
ကိုယ်ဝန်စလွယ်ရသော အချိန်ကစပြီး ဝမ်ချီ ယခင်ကထက် ပို၍ လေးလံထုံမှိုင်းလာသည်။
သူ့စိတ်ထဲတွင် တွေးတောစရာ အများအပြား ရှိနေသော်လည်း ခေါင်းအုံးပေါ် ခေါင်းချလိုက်သည်နှင့် အိပ်မောကျသွားတော့သည်။
ဝမ်ချီက အမှောင်မကြိုက်သောကြောင့် အိပ်ခန်းထဲတွင် ဖယောင်းတိုင် မီးအလင်းရောင် အမြဲရှိနေပြီး အပြင်တွင် စောင့်ဆိုင်းနေသော အစေခံက အချိန်တိုင်း မီးအိမ်ကို လာရောက်ဖြည့်ပေးလေ့ရှိသည်။ မိုးမလင်းမီအထိ ဖယောင်းတိုင်မီး ထွန်းထားသည်။
အချိန်တစ်ခုအကြာ အိပ်ပြီးနောက် ဝမ်ချီ ပြန်နိုးလာသည်။ သူ မျက်လုံးကို အနည်းငယ် ဖွင့်ကြည့်လိုက်သောအချိန်တွင် အခန်းထဲရှိဖယောင်တိုင်မီးက ဆက်လောင်ကျွမ်းနေပြီး အဝါကျင့်ကျင့်မီးရောင်က တစ်ခန်းလုံး ပြည့်နှက်နေ၏။
သူက အိပ်ရာအတွင်းဘက်အခြမ်းတွင် အိပ်နေပြီး အပြင်ဘက်အခြမ်းကို နောက်ကျောပေးထားသည်။ လက်မောင်းတစ်ဖက်က သူ့ခါးကိုသိုင်းဖက်ကာ သူ့ကို ရင်ခွင်ထဲထည့်ထား၏။
ဝမ်ချီက ဤပုံစံနှင့် အချိန်အတန်ကြာ နေခဲ့သောကြောင့် ခြေလက်များ အနည်းငယ် ထုံကျဉ်နေပြီး ဝမ်းဗိုက်ထဲ အနည်းငယ်မသက်မသာ ခံစားလိုက်ရသည်။ သူက လှုပ်ရှားလိုက်ချင်သော်လည်း သူ့အနောက်ဘက်ရှိ ရှစ်ယဲ့၏ အသက်ရှူသံညင်းညင်းကို ကြားလိုက်ရသည်။
ရှစ်ယဲ့ အိပ်မောကျနေပုံရသည်။
ဝမ်ချီက ရှစ်ယဲ့ နိုးသွားမည်ကို စိုးရိမ်သောကြောင့် သူ့လက်ကို ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်ပြီး ရှစ်ယဲ့၏ လက်မောင်းကို ဖယ်ရန် ကြိုးစားလိုက်သည်။
သို့သော်လည်း သူလှုပ်လိုက်သည်နှင့် သူ့ခါးကို ဖက်ထားသော ရှစ်ယဲ့၏လက်ပါ လှုပ်ရှားသွားပြီး ပို၍တင်းကျပ်သွားသည်။
ဝမ်ချီလည်း လန့်သွားပြီး လှုပ်ရှားမှုကို ချက်ချင်း ရပ်လိုက်သည်။
“ဘာဖြစ်လို့လဲ…တစ်ခုခု ဖြစ်လို့လား…”
ရှစ်ယဲ့၏ စူးရှရှအသံက နားထဲဝင်လာသည်။ သူက ဝမ်ချီ့လှုပ်ရှားမှုကြောင့် နိုးသွားပုံရသည်။
ဝမ်ချီက ခပ်တိုးတိုး ပြောလိုက်သည်။
“မဟုတ်ဘူး… ကျွန်တော် နည်းနည်း လှည့်ချင်လို့ပါ၊ ခြေလက်တွေ နည်းနည်းကျဉ်နေလို့…”
ထိုသို့ပြောပြီးနောက်တွင် ရှစ်ယဲ့လက်မောင်းများ ပြေလျော့သွားတော့သည်။
ဝမ်ချီက ရှစ်ယဲ့ လက်မြှောက်လိုက်သည်ကို မြင်ပြီး ခန္ဓာကိုယ်ကိုလှည့်လိုက်သည်။
ခဏအကြာတွင် ရှစ်ယဲ့က ဝမ်ချီ့ပေါ်သို့ လက်ပြန်တင်လိုက်သည်။ သို့သော်လည်း ခါးပေါ်သို့ မတင်ဘဲ လက်မောင်းကိုသာ နှိပ်နယ်ပေးနေသည်။
ရှစ်ယဲ့တွင် သူများကို ပြုစုရသည့် အတွေ့အကြုံ မရှိသောကြောင့် အားလျှော့ထားသော်လည်း ယောဖန်းနှင့် ယောထောင်တို့ ပခုံးနှိပ်ပေးသကဲ့သို့ သက်သက်သာသာ မရှိပေ။ သို့သော်လည်း အဆင်မပြေသည်တော့ မဟုတ်ပေ။
ဝမ်ချီလည်း ရှစ်ယဲ့ နှိပ်ပေးသည်ကို မျက်လုံးများမှိတ်၍ ငြိမ်ခံလိုက်သည်။
လက်မောင်းများကို နှိပ်ပေးပြီးသော အချိန်တွင် ခြေထောက်ကိုပါ နှိပ်ပေး၏။
ဝမ်ချီက ဖြည်းဖြည်းချင်း သူ့ခြေလက်များ ယခင်ကလောက် မထုံကျဉ်တော့သည်ကို ခံစားလိုက်ရသည်။
ရှစ်ယဲ့က သူ့ကို ရင်ခွင်ထဲထည့်ကာ ခေါင်းငုံ့၍ သူ့နဖူးကို နူးညံ့စွာ နမ်းသည်။
“အခု အဆင်ပြေသွားပြီလား…”
ဝမ်ချီက ရှစ်ယဲ့လက်မောင်းထဲမှ ခေါင်းမော့လိုက်ပြီး ပြောသည်။
“အဆင်ပြေသွားပြီ… ကူညီမှုအတွက် ကျေးဇူးပါ အရှင့်သား…”
ဝမ်ချီက ရှစ်ယဲ့ နိုးနေပြီဟု ထင်ထားသော်လည်း ကြည့်လိုက်သောအချိန်တွင် ရှစ်ယဲ့၏မျက်လုံးများ မှိတ်ထားဆဲဖြစ်ကြောင်းကို တွေ့လိုက်ရသည်။
ရှစ်ယဲ့က မျက်လုံးများကိုမဖွင့်ဘဲ ဝမ်ချီ့ကျောကိုပုတ်ပြီး ပြောသည်။
“အိပ်တော့…”
ဝမ်ချီက ရှစ်ယဲ့ကို ခဏတာ စိုက်ကြည့်လိုက်ပြီး တုံ့တုံ့ဆိုင်းဆိုင်းဖြင့် ပြောသည်။
“ဒါနဲ့… ရှစ်ယဲ့…”
ရှစ်ယဲ့က အိပ်မောကျနေပုံ ရသော်လည်း ချက်ချင်း တုံ့ပြန်သည်။
“အင်း…”
“အဲ့ဟွားရင်းက…”
သူက ပြောလက်စ စကားကို ရပ်လိုက်ပြီး သက်ပြင်းချလိုက်သည်။
“ထားလိုက်တော့ ဘာမှမဟုတ်တော့ဘူး… အိပ်ကြတာပေါ့…”
ဝမ်ချီက ထိုသို့ပြောပြီး လေးလံသောစိတ်ဖြင့် ရှစ်ယဲ့၏ လက်မောင်းထဲ တိုးဝင်အိပ်လိုက်သည်။
ရှစ်ယဲ့က အိပ်ချင်နေပုံရကာ မည်သည့်အသံမျှ ထွက်မလာဘဲ ဝမ်ချီ့ကို ဖက်ထားသည့် လက်မောင်းများသာ ပို၍ တင်းကြပ်သွားသည်။
ဝမ်ချီက သူ့ကိုယ်သူ ချက်ချင်း အိပ်မောကျသွားလိမ့်မည်ဟု ထင်ထားသော်လည်း အိပ်တစ်ဝက်နိုးတစ်ဝက်နှင့်သာ သူ့စိတ်ထဲ အတွေးများစွာ ဝင်လိုက်ထွက်လိုက် ဖြစ်နေပြီး သူ့ကို ကြိုးတစ်ချောင်းကဲ့သို့ ရစ်ပတ်နေသည်။
သူ့နှလုံးသားထဲတွင် နစ်မြုပ်နေသော ကိစ္စများစွာ ရှိနေသည်။ ဟွားရင်းနှင့် ပတ်သတ်သည့် ကိစ္စ၊ အဆိပ်မိခြင်းကိစ္စ၊ သူနှင့် တစ်ပုံစံတည်း ထပ်တူညီသော လူတစ်ယောက်အကြောင်း အစရှိသဖြင့်ပင်။
တဖြည်းဖြည်း အမှန်တရားနှင့် နီးကပ်လာပြီဟု တစ်ဖက်တွင် ခံစားနေရသော်လည်း တစ်ဖက်မှာမူ မြူမှုန်ထဲ ပိတ်မိနေဆဲဟု ခံစားနေရသည်။
သူက ရှစ်ယဲ့ကို ဖိအားပေးပြီး မမေးချင်ပေ။ ရှစ်ယဲ့ဘက်က စပြောလာသည်ကိုသာ စောင့်ဆိုင်းချင်သည်။
ကံမကောင်းစွာဖြင့် သူစောင့်ဆိုင်းနေသော ရှစ်ယဲ့၏ ဖွင့်ဟဝန်ခံမှုက ရောက်မလာဘဲ သူနှင့် အလွန်ရင်းနှီးပြီး အလွန်ကြောက်ရသော သန္ဓေသားအားတိုးဆေး က သူ့အား စောင့်ကြိုနေသည်။
ဖခင်လောင်းတစ်ယောက်အနေဖြင့် ရှစ်ယဲ့က ဘာမဆို ဖြည့်ဆည်းပေးရန် တက်ကြွနေပြီး ဝမ်ချီ့အတွက် ရှိိသမျှ အားလုံး ပေးချင်နေသည်။ ဝမ်ချီဘက်ကသာ ပြင်းပြင်းထန်ထန် မငြင်းဆန်ထားပါက ဝမ်ချီ့ဘေးတွင် တစ်ချိန်လုံး စောင့်ကြည့်ရန် သမားတော် ၃-၅ယောက်လောက် ထားပေးရန်ပါ စီစဉ်ထားသည်။
ဝမ်ချီက သမားတော်များနှင့် ပတ်သက်လျှင် မုန်းတီးသည့် စိတ်ရောဂါရှ်ိပြီး သန္ဓေသားတည်မြဲရန် ဆေးသောက်ရမည် ဖြစ်ကြောင်း ထိုသမားတော်များက ပြောသဖြင့် ယခင်ကထက် ပို၍ မုန်းတီးလာ၏။
သမားတော်များ ဖော်စပ်ပေးထားသော သန္ဓေသားအားတိုးဆေး၏ ဆေးညွှန်းများမှာ တစ်ခုနှင့် တစ်ခု ကွာခြားမှု မရှိလှပေ။ အစေခံများက အကောင်းဆုံးသော ဆေးမြစ်များကိုယူပြီး ကျိုပေးထားသဖြင့် ဆေးရည်များမှာ အရသာအတူတူပင် ဖြစ်သည်။
ဝမ်ချီက တစ်ငုံသောက်ပြီး အန်ထွက်လုနီးပါး ဖြစ်သွားသည်။
သူက ထိုအမည်းရောင်ဆေးရည်ကို မုန်းတီးပြီး အနံ့ရရုံနှင့်ပင် ပါးစပ်ထဲအထိပါ အရသာက ရောက်လာသည်။
ယခင်က ယောထောင်၏ ဆေးအတင်းတိုက်ခြင်း ခံထားရသောကြောင့် သူက ယခုထိ ဆေးရည်များကို မုန်းတီးနေသည်။
ယောဖန်းနှင့် အစေခံအချို့က တစ်ဖက်တစ်ချက်စီတွင် စိတ်ပူပင်တကြီး စောင့်ဆိုင်းနေကြပြီး စားပွဲပေါ်သို့ ဆေးခွက် လှမ်းတင်လိုက်သော ဝမ်ချီ၏ မျက်မှောင်ကြုတ်ထားသည့်မျက်နှာကို မြင်လိုက်ရသောကြောင့် သူတို့လည်း စိတ်ပူသွားကြသည်။
ယောဖန်းက ကြိုးစား၍ ပြောသည်။
“သခင်လေး…”
ဝမ်ချီလည်း ယောဖန်းကပါ ယောထောင်ကဲ့သို့ သူ့အား ဆေးအတင်း တိုက်မည်ကို စိုးရိမ်သောကြောင့် ယောဖန်း ပါးစပ်ဟသည်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် သနားစဖွယ် တောင်းဆိုသည်။
“ငါ နောက်မှ သောက်လို့ရမလား ယောဖန်း … အရမ်းခါးလွန်းလို့ အခု မသောက်နိုင်လို့ပါ...”
ယခင်ကသာဆိုလျှင် ယောဖန်းက ဝမ်ချီ့တောင်းဆိုမှုကို တွေဝေခြင်းမရှိဘဲ ငြင်းပယ်မည် ဖြစ်သည်။ ထိုစကားများမှာ ဝမ်ချီ၏ အချိန်ဆွဲသော ပရိယာယ်တစ်ခုသာ ဖြစ်ကြောင်း သူမက သိ၏။ ယခုတွင်မူ သူမ ရုတ်တရက် တွေဝေသွားသည်။
ငြင်းဆန်ခံရမည်ဟု တွေးထားသော ဝမ်ချီက ယောဖန်း တွေဝေနေသည်ကိုမြင်ပြီး အလောတကြီးဖြင့် ထပ်အပူတိုက် တောင်းဆိုလိုက်သည်။
“အဲဒါဆို အဆင်ပြေမလား…”
ယောဖန်းက လက်မခံရဲသလို ငြင်းဆန်ခြင်းလည်း မပြုရဲသောကြောင့် သူမ၏ မျက်နှာမှာ ရှုံ့တွနေသည်။ သူမက ရိုကျိုးစွာဖြင့် ပြောသည်။
“သခင်လေး… သမားတော်က သခင်လေး အချိန်မှန် ဆေးသောက်တာ စောင့်ကြည့်ဖို့ ပြောထားပါတယ်… တကယ်လို့ သခင်လေး မသောက်ခဲ့ရင် ကျွန်တော်မျိုးမတို့ အပြစ်ပေးခံရမှာပါ… ကျေးဇူးပြုပြီး အခုသောက်လိုက်ပါ သခင်လေး… ကျွန်တော်မျိုးမ သခင်လေးအတွက် အချိုတည်းဖို့ ယူလာပေးပါမယ်…”
ဝမ်ချီ့ ခန္ဓာကိုယ်၏ နေရာလပ်တစ်ခုမကျန် ထိုဆေးခွက်ကို ငြင်းဆန်လိုသော ဆန္ဒများဖြင့် ပြည့်နှက်နေသည်။ သူက ခေါင်းကို ဆက်တိုက်ခါနေပြီး ငြင်းဆိုသည်။
“ဒါပေမဲ့ ငါ အခု တကယ် မသောက်နိုင်ဘူး…”
ဆေးရည် မကြာမီ အေးစက်သွားတော့မည်ကို မြင်ပြီး ယောဖန်းက စိတ်ပူလာသည်။
“သခင်လေး… ဗိုက်ထဲက ကလေးလေးကို စဉ်းစားပြီးပဲ ဖြစ်ဖြစ် သောက်လိုက်ပါ…”
ဝမ်ချီက အကြိမ်ကြိမ် အခါခါ ငြင်းဆိုသည်။
သူတို့နှစ်ယောက် အချိန်အတန်ကြာ အချေအတင် ပြောပြီးနောက် ဝမ်ချီက ယောဖန်းနှင့် အစေခံများ ဘာမှ မတတ်နိုင်သည်ကို သိသောကြောင့် ရုတ်တရက်ထရပ်ပြီး အိပ်ခန်းထဲသို့ ပြေးဝင်လိုက်သည်။
“အိုက်ယား… သခင်လေး…”
ယောဖန်း၏မျက်လုံးများက စိုးရိမ်မှုကြောင့် ပြူးကျယ်သွားပြီး မျက်ဝန်းထောင့်မှ စီးကျလာသော မျက်ရည်များကို သုတ်လိုက်သည်။ ထို့နောက် ဆေးခွက်ကိုကိုင်ပြီး အစေခံများကိုဦးဆောင်၍ ဝမ်ချီ့နောက်မှ ပြေးလိုက်ပြီး ပြောသည်။
“သခင်လေး… ကျွန်တော်မျိုးမ တောင်းဆိုပါတယ်…”
ဝမ်ချီက ကိုယ်ဝန်လွယ်ထားရသောကြောင့် လှုပ်ရှားမှုများက ယခင်ကကဲ့သို့ မသွက်လက်တော့သော်လည်း အနောက်လှည့်မကြည့်ဘဲ အိပ်ရာထဲပြေးဝင်လိုက်ပြီး အဝတ်အစားနှင့် ဖိနပ်များကိုပင် မချွတ်ဘဲ သူကိုယ်သူ စောင်နှင့် ထုတ်ပိုးထားလိုက်၍ ဖက်ထုပ်လုံးလေးနှင့် တူနေသည်။
ထိုဖက်ထုပ်လုံးလေးက ယောဖန်းနှင့် အစေခံများ၏ ခြေသံကို မကြားဟန်ဆောင်ကာ အိပ်ရာအလယ်တွင် မလှုပ်မယှက် ထိုင်နေသည်။
ယောဖန်းက မောပန်းနေပြီး အလွန်အမင်း ကူကယ်ရာမဲ့ ဖြစ်နေသည်။
“သခင်လေး အခု မသောက်ဘဲနေရင် အေးသွားတဲ့အခါကျ အရသာ ပိုဆိုးသွားပါလိမ့်မယ်…”
ထိုဖက်ထုပ်လုံးလေးက အနည်းငယ် လှုပ်ရှားသွားသော်လည်း ယောဖန်း၏စကားကို တုံ့ပြန်မှုမပြုပေ။
ယခုတွင်မူ ယောဖန်းက ငိုကြွေးနေပြီး သူမ၏ မျက်လုံးများက ယုန်မျက်လုံးများကဲ့သို့ နီရဲနေပြီး မျက်လုံးထဲမှ မျက်ရည်ပွင့်ကြီးများ ကျဆင်းနေသည်။ သို့သော်လည်း သူမက ဝမ်ချီကို ဘာမှမပြောရဲသောကြောင့် အစေခံများနှင့်အတူ ထိုဖက်ထုပ်လုံးကိုသာ ငြိမ်ငြိမ်လေး စိုက်ကြည့်နေရသည်။
ယောဖန်း စိတ်ပျက်လက်ပျက် ဖြစ်ခါနီးတွင် သူ့အနောက်မှ ခြေသံတစ်ခု ထွက်လာပြီး အေးစက်သောစကားသံ ထွက်ပေါ်လာသည်။
“ဒီမှာ ဘာတွေ ဖြစ်နေတာလဲ…”
ထိုအသံကိုကြားပြီး ယောဖန်းနှင့် အစေခံများ တစ်ပြိုင်နက် အေးခဲသွားကာ ခဏတာ ကြောင်အသွားကြသည်။ ထို့နောက် တစ်ချိန်တည်း ခေါင်းလှည့်လိုက်သော အချိန်တွင် အပြင်မှဝင်လာသော ရှစ်ယဲ့ကို မြင်လိုက်ရသည်။
ရှစ်ယဲ့က ခမ်းခမ်းနားနား ဝတ်ဆင်ထားပြီး ဆံပင်အရှည်ကို ခေါင်းနောက်တွင် ချည်ထားသည်။ နန်းတော်မှ ပြန်လာပြီး အနားမယူဘဲ ချက်ချင်းရောက်လာခြင်း ဖြစ်ပေမည်။
ယောဖန်းနှင့် အစေခံများက မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ပြီး တုန်တုန်ယင်ယင်နှင့် လျှောက်တင်သည်။
“အရှင့်သား…”
“ထတော့…”
ရှစ်ယဲ့က အစေခံမိန်းကလေး၏ လက်ထဲတွင်ရှိသော ဆေးခွက်ကိုကြည့်ပြီး အိပ်ရာပေါ်တွင် စောင်နှင့် လုံလုံခြုံခြုံ ထုတ်ပိုးထားသော ဝမ်ချီကို ပြန်ကြည့်လိုက်သည်။ ဖြစ်ပျက်သွားသည်ကို သူ လျင်မြန်စွာ နားလည်သွားပြီး လက်ဆန့်ထုတ်ကာ ပြောသည်။
“ဒီကို ယူလာခဲ့…”
အစေခံမိန်းကလေးက ရှစ်ယဲ့ သူမကို လှမ်းပြောနေကြောင်းမသိဘဲ ခဏတာ ကြောင်အသွားပြီးနောက် တုံ့တုံ့ဆိုင်းဆိုင်းဖြင့် လက်နှစ်ဖက်နှင့် ဆေးရည်ခွက်ကို လှမ်းပေးသည်။
ရှစ်ယဲ့က ဆေးခွက်ကို ယူပြီး ပြောသည်။
“ထွက်သွားတော့…”
ယောဖန်းနှင့် အစေခံမိန်းကလေးများက တစ်ပြိုင်နက် ပြောသည်။
“အမိန့်အတိုင်းပါ…”
ယောဖန်းက မြေပြင်ပေါ်မှထလိုက်ပြီး သူမ၏ မျက်နှာတွင် မျက်ရည်များနှင့် စိုစွတ်နေဆဲ ဖြစ်သည်။ သူမက မရှိုက်မိစေရန် အတင်းကြိုးစားယူနေရသောကြောင့် သနားစဖွယ် ကောင်းနေသည်။ သူမက ခေါင်းကိုငုံ့၍ အစေခံမိန်းကလေးများကိုဦးဆောင်ပြီး ထွက်သွားလိုက်သည်။
ရှစ်ယဲ့က ယောဖန်း၏မျက်နှာရှိ မျက်ရည်စီးကြောင်းကို သတိထားမိသွားပြီး အနည်းငယ် မျက်မှောင်ကြုတ်လိုက်သော်လည်း စိတ်ထဲမထားလိုက်ပေ။ သူက လက်ထဲတွင် ဆေးခွက်ကိုကိုင်၍ အိပ်ရာနားသို့ လျှောက်သွားလိုက်သည်။
အိပ်ရာပေါ်ရှိ ဖက်ထုပ်လုံးလေးက သူချဉ်းကပ်လာသည်ကို သတိထားမိသွားပြီး တိတ်တဆိတ် အနောက်သို့ ဆုတ်လိုက်သည်။
ရှစ်ယဲ့လည်း လက်ဆန့်ထုတ်ပြီး စောင်ကို ဆွဲဖယ်လိုက်သည်။
ဝမ်ချီက နှစ်ကြိမ်တိတိ ရုန်းဆန်လိုက်သော်လည်း အဆုံးတွင် ရှစ်ယဲ့က စောင်ကိုဖယ်လိုက်နိုင်သည်။ မျက်ရည်များနှင့် ပြည့်နှက်နေသောမျက်နှာလေး ပေါ်ထွက်လာသည်။
ဝမ်ချီက အချိန်ကြာမြင့်စွာ အခန်းတွင်းအောင်းထားသောကြောင့် သူ့အသားအရေမှာ ဖြူအုနေပြီး မျက်လုံးများမှာ ပို၍နီရဲနေသည်။ မျက်ရည်စက်များမှာ ကြိုးပြေသွားသော စိန်တုံးလေးများသဖွယ် တစ်လုံးချင်း ကျဆင်းနေသည်။
ရှစ်ယဲ့က လူများငိုကြွေးသည်ကို လုံးဝ မကြိုက်ဘဲ ယောဖန်း၏မျက်နှာပေါ်မှ မျက်ရည်များကို မြင်ခဲ့ရစဉ်ကလည်း စ်ိတ်ရှုပ်မှုကို ခံစားခဲ့ရသည်။ သူက ယောဖန်း၏ရိုးသားမှုနှင့် လျင်မြန်သွက်လက်မှုကြောင့် ဝမ်ချီ့အနားတွင် ထားထားခြင်း ဖြစ်သည်။ ဝမ်ချီ့အရှေ့တွင် သူမ ထိုင်ငိုနေရန် ထားထားခြင်း မဟုတ်ပေ။
သို့သော် ဝမ်ချီ့မျက်နှာပေါ်ရှိ မျက်ရည်များကို မြင်လိုက်ရသောအချိန်တွင် ထိုမနှစ်သက်မှုများက ခဏအတွင်း ချက်ချင်း ပျောက်ကွယ်သွားသည်။
သူက အိပ်ရာဘေးတွင် ထိုင်လိုက်ပြီး ဝမ်ချီ့မျက်နှာပေါ်ရှ်ိ မျက်ရည်များကို လက်မဖြင့် ညင်သာစွာသုတ်၍ ပြောသည်။
“ဘာလို့ ငိုနေတာလဲ… ဘယ်သူ စိတ်ညစ်အောင် လုပ်လို့လဲ…”
ဝမ်ချီလည်း ထိုပြင်းထန်သော ခံစားချက်များ မည်သည့်နေရာက ရောက်လာကြောင်း မသိပေ။ သူက ဝမ်းနည်းနေသော်လည်း ငိုရလောက်သည်အထိ မဟုတ်ပေ။ စစချင်းတွင် အဆင်ပြေနေသေးသော်လည်း ရှစ်ယဲ့၏ အသံကို ကြားလိုက်ရသည်နှင့် နှလုံးသားထဲမှ ဝမ်းနည်းမှုများ စုဝေးလာကာ ခဏတွင်းချင်း ကြီးထွားလာသည်။
💮💮💮