Chapter 137
Viewers 36k

💮Chapter 137



စာပေါ်ရှိ လက်ရေးမှာ မိန်းမစိုးချုပ်ဟဲယွီ၏ လက်ရေးဖြစ်ကြောင်း ထင်ရှားလေသည်။

 

စာပါအကြောင်းအရာများကို ဖတ်ရှုပြီးသည့်နောက် ရှစ်ကျင်းက လက်တွင်းရှိ စာကိုပင် သေချာမဆုပ်ကိုင်နိုင်တော့၍ စာက နှင်းပြင်ပေါ်သို့ ကျဆင်းသွား၏။

 

ရှစ်ကျင်းက မျက်လုံးများကို မှိတ်လိုက်သည်။ သူ၏ မျက်စိရှေ့တွင် ကောင်းကင်ကြီးတစ်ခုလုံး လည်ပတ်နေသလို ခံစားနေရ၏။

 

သူ သတိပြန်ဝင်လာသည့်နောက်၌ ရှောင်ရွှမ်းကျစ်က စာကို ကိုင်ကာ သိမ်းလိုက်သည်ကို တွေံလိုက်ရသည်။ ရှစ်ကျင်းက ရှောင်ရွှမ်းကျစ်၏ လက်တွင်းရှိ စာကို ကြည့်ကာ လှိုင်းထသောအသံဖြင့် မေးလာခဲ့သည်။

“အိမ်ရှေ့စံက … ခမည်းတော်ရဲ့ သားအရင်းမဟုတ်ဘူးလား …”

 

ကိုယ်လုပ်တော်ရုန်က သားဖြစ်သူ၏ပခုံးကိုထိရင်း ရှေ့တိုးလာခဲ့သည်။

“စာထဲမှာ ရေးထားတယ်မလား …”

 

ထိုအချိန်၌ ရှစ်ကျင်းက သူ့ကိုယ်သူ ဆက်လက် မလိမ်ညာနိုင်တော့ပေ။

 

သူက ဟဲယွီ၏လက်ရေးကို ရင်းနှီး၏။ ဟဲယွီက ရှစ်ယဲ့မှာ မင်းကြီး၏ သားတော်ရင်းမဟုတ်ကြောင်း ရေးသားထားခဲ့သည်။ မင်းကြီးက ရှစ်ယဲ့၏ဇစ်မြစ်အပေါ် သံသယဝင်နေခဲ့သဖြင့် ဟဲယွီအား တိတ်တဆိတ်စုံစမ်းစေခြင်း ဖြစ်တန်ရာ၏။ သို့သော် ဟဲယွီက ဤအကြောင်းအရာကို ကိုယ်လုပ်တော်ရုန်ထံ ပြောပြလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

 

ရှစ်ကျင်းက မည်သည့်အရာများ ဖြစ်ပျက်သွားကြောင်း နားလည်လာသည်။ သူက ကိုယ်လုပ်တော်ရုန်အား အထိတ်တလန့် ကြည့်လိုက်၏။

“မယ်တော် ဟဲယွီကို ပေးကမ်းထားခဲ့တာလား …”

 

ကိုယ်လုပ်တော်ရုန်၏ မျက်ရည်စများက လေအေးကြောင့် ခြောက်သွေ့သွားခဲ့လေပြီ။ သူမက တည်ငြိမ်စွာ ဆိုလာ၏။

“မယ်တော်တစ်ယောက်အနေနဲ့ အမှန်တရားကို ရှာရမှာပဲ…”

 

ယခုအခါ အမှန်တရားက ရှစ်ကျင်း၏ မျက်မှောက်၌ ရှိနေလေပြီဖြစ်သည်။

 

ရှစ်ကျင်းအရှေ့တွင် အမှောင်ထုသာ ကြီးစိုးနေပြီး မည်သည့်နေရာသို့ သွားရောက်ရမည်ကိုပင် သူ မသိတော့ပေ။ သူက ယောင်တောင်တောင်ရပ်နေရင်း ကိုယ်လုပ်တော်ရုန်၏ အသံကို ကြားလိုက်ရသည်။

“ရှစ်ယဲ့က မင်းအဖေရဲ့ သွေးသားရင်းမဟုတ်ဘူး … မင်းကသာ အကြီးဆုံးသားပဲ … မင်းနဲ့သက်ဆိုင်တဲ့ အရာတွေကို သူက ယူဆောင်သွားခဲ့တာ … မင်းတကယ်ပဲ အဲဒါတွေကို ပြန်မယူချင်ဘူးလား …”

 

ရှစ်ကျင်း လေးလံစွာ အသက်ရှူထုတ်လိုက်သည်။ 

“ကျွန်တော် ..”

 

“သူက မင်းရဲ့ခမည်းတော်ကို သတ်ခဲ့ရုံတင်မဟုတ်ဘူး… ဟွားမိသားစုဝင်တွေကိုလည်း သတ်ခဲ့တယ် .. ငါနဲ့မင်းသာ သူ့ကို မဖိနှိပ်ဘူးဆိုရင် သူ့ကို ဘယ်သူမှ ဖိနှိပ်နိုင်တော့မှာ မဟုတ်ဘူး …”

ကိုယ်လုပ်တော်ရုန်က မျက်ရည်စများဖြင့် ရှစ်ကျင်း၏ အဝတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

“သား… မင်း နှစ်ပေါင်းများစွာ သည်းခံနေခဲ့တာတောင် အခု မင်းခမည်းတော် အသတ်ခံလိုက်ရပြီ … မင်း ထပ်ပြီး သည်းခံချင်သေးတာလား … မင်း မယ်တော်အသတ်ခံရတော့မှ မင်းကျေနပ်မှာလား …”

 

ကိုယ်လုပ်တော်ရုန်က ရှစ်ကျင်း၏ လက်မောင်းအကြားသို့ ပစ်ဝင်လိုက်ရင်း သတိလစ်မတတ် ငိုကြွေးနေလိုက်သည်။

 

ရှစ်ကျင်းက ခက်ခက်ခဲခဲ အသက်ရှူနေရပြီး ကိုယ်လုပ်တော်ရုန်အား မသိစိတ်ဖြင့် ပွေ့ဖက်ထားလိုက်မိ၏။ အဖြစ်အပျက်များက လျင်မြန်လှလေရာ သူ့ကိုယ်သူ ကြိုးစားပြင်ဆင်နေရ၏။


သူ့စိတ်တွင်း၌ အတွေးပေါင်းစုံ စတင်ပေါ်ပေါက်လာသည်။ သူက ခမည်းတော် ရှစ်ယဲ့အ‌ပေါ် ဆက်ဆံပုံနှင့် ရှစ်ယဲ့၏ ခံစားချက်ကင်းမဲ့သော စကားများကို ပြန်လည်တွေးမိလာ၏။

 

သားတစ်ဦးအနေဖြင့် ဖခင်အပေါ် မနှစ်သက်ရခြင်းကို သူ အဖြေမရှာနိုင်ခဲ့ပေ။ ထို့အပြင် ခမည်းတော်က ရှစ်ယဲ့အပေါ် အလွန်ကြင်နာခဲ့သည်။

 

ယခုအခါ သူနားလည်သွားခဲ့လေသည်။

 

ရှစ်ယဲ့က သူ သားအရင်းမဟုတ်ကြောင်း သိနှင့်ပြီးဖြစ်ရပေမည်။

 

ထို့ကြောင့် ခမည်းတော်က သူ့အပေါ် မည်မျှကြင်နာသည်ဖြစ်စေ၊ သူက ခမည်းတော်အား ခပ်စိမ်းစိမ်းသာ နေခဲ့ခြင်းဖြစ်၏။ ရှစ်ယဲ့က တိုင်းပြည်တစ်ခု၏ ဘုရင်အား လူအများရှေ့၌ သူ့စကားကို နားထောင်စေကာ ရယ်ရွှင်ဖွယ် ဖြစ်စေခဲ့သည်။

 

လက်ရှိအချိန်၌ ရှစ်ကျင်းက ရှစ်ယဲ့ သူ့ခမည်းတော်အား မည်သို့ အဆိပ်ခတ်လိုက်ကြောင်း မတွေးနိုင်တော့ပေ။ သူက ကိုယ်လုပ်တော်ရုန်၏ လက်ကိုကိုင်ရင်း သူ့အတွေးများကို စုစည်းနေရ၏။

 

ဒီလိုဖြစ်သွားတာကိုး …

 

သူ့မယ်တော် ပြောသည်မှာ မှန်ကန်၏။ ရှစ်ယဲ့က သူနှင့်သက်ဆိုင်သည့်အရာများကို ယူဆောင်သွားခဲ့သည်။ သူ ငံ့လင့်ခဲ့ရသည့် ဖခင်မေတ္တာနှင့် ဖခင်ပိုင်ဆိုင်ခဲ့သော ဘုရင်တစ်ပါး၏ သိက္ခာတို့ကိုပါ ယူဆောင်သွားခဲ့၏။

 

ရှစ်ယဲ့ …

 

တော်လိုက်တဲ့ ရှစ်ယဲ့ …

 

ဘယ်ကရောက်လာမှန်းမသိတဲ့ မျိုးမစစ်က နန်းတော်ထဲမှာ ထောင်နဲ့ချီတဲ့ လှိုင်းတံပိုးတွေ ဖြစ်စေခဲ့တယ်ပေါ့လေ …

 

“မယ်တော် …ဒီသားက ကတိပေးပါတယ် …”

ရှစ်ကျင်းက နာကျည်းစွာဖြင့် မျက်ဝန်းများမှိတ်ချလိုက်သည်။

“ကျွန်တော်… ကျွန်တော်နဲ့သက်ဆိုင်တဲ့ အရာအားလုံးကို သေချာပေါက် ပြန်အရယူမှာပါ …”

 

….

 

အခြားတစ်ဖက်တွင်မူ ဝမ်ချီက မှင်သက်နေ၏။

 

ဇာတ်ကြောင်းက လဝက်ခန့် စော၍ ဖြစ်ပျက်ခဲ့သည်။ 

ဒါဆို ရှစ်ယဲ့ကရော … ရှစ်ယဲ့မှာရော တူညီတဲ့အရာဖြစ်သွားလောက်လား …


ဝမ်ချီက သတင်းလာပေးသည့် ရှောင်ရွှမ်ကျီကို တွန်းထုတ်လိုက်သည်။ သို့သော် ခြေလှမ်းအနည်းငယ် ပြေးပြီးသည့်နောက် သူက ရှစ်ယဲ့ မည်သည့်နေရာတွင် ရှိကြောင်း မသိသည်ကို သတိရသွားသည်။

 

ဝမ်ချီက အိုးပူပေါ်ရှိ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ပူပန်နေရသည်။ သူက ရှစ်ယဲ့ထံသို့ ပျံသွားရန် အတောင်များပေါက်လာချင်မိ၏။ သူက ရှောင်ရွှမ်ကျီထံသို့ ပြန်လျှောက်လာကာ မေးလိုက်သည်။

“ရှစ်ယဲ့ရော … ရှစ်ယဲ့ ဘယ်မှာလဲ …”

 

“အရှင့်သား ဘယ်မှာရှိနေမှန်း ဒီအစေခံ မသိပါဘူး …” 

ရှောင်ရွှမ်ကျီသည်လည်း ဆောင်းညလယ်၌ ချွေးများစိုရွှဲနေသည်အထိ ပူပန်နေရသည်။ သူက နဖူးပေါ်ရှိ ချွေးများကို သုတ်ကာ ပြောလိုက်၏။

“ဒါပေမယ့် အရှင့်သား မထွက်ခွာခင် ဝမ်သခင်လေးကို သူပြန်ရောက်တဲ့အထိ မလိုအပ်ဘဲ အရှေ့နန်းတော်က ခြေတစ်လှမ်းတောင် မထွက်စေဖို့ ကျွန်တော်မျိုးက တစ်ဆင့် မှာကြားခဲ့ပါတယ် …”

 

ဇာတ်ကြောင်းက လဝက်ခန့်စော၍ ဖြစ်ပျက်သွာ၍ ဝမ်ချီက အရှေ့နန်းတော်၌ စိတ်အေးလက်အေး မနေနိုင်တော့ပေ။


သူက ရှောင်ရွှမ်ကျီ၏ နှစ်သိမ့်မှုကိုပင် နားမထောင်လိုဘဲ ရှစ်ယဲ့နံဘေးသို့သာ အမြန်ရောက်လိုနေသည်။ သူက လုံခြုံသည်ဖြစ်စေ၊ အန္တရာယ်ရှိသည်ဖြစ်စေ၊ ရှစ်ယဲ့နှင့်သာ အတူရှိလို၏။

 

သို့သော် ဝမ်ချီ ရှောင်ရွှမ်ကျီအား တွန်းဖယ်လိုက်စဉ်မှာပင် နောက်ထပ်တစ်ဦး၏ တားဆီးခြင်း ခံလိုက်ရသည်။

 

ယောထောင်၌ သူမ၏ ပုံမှန်ကဲ့သို့မြူးထူးသော ပုံစံမျိုး မရှိတော့ပေ။ သူမက ဝမ်ချီ၏ လမ်းကိုပိတ်ကာ တားမြစ်လိုက်သည်။

“သခင်လေး အပြင်ဘက်မှာ မလုံခြုံပါဘူး… အခုသွားလို့မရသေးပါဘူး …”

 

ဝမ်ချီက စိုးရိမ်စွာ‌ပြော၏။

“ငါ ရှစ်ယဲ့ကို ရှာရမယ် …”

 

ယောထောင်က ပြတ်ပြတ်သားသား ပယ်ချလိုက်သည်။ 

“အဲဒီလိုလုပ်လို့ မရပါဘူး …”

 

ဝမ်ချီ ဒေါသထွက်လာ၏။

“ယောထောင် …”

 

ဝမ်ချီ ဒေါသထွက်နေသည်ကို မြင်ရသည့်တိုင် ယောထောင်ကမူ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

“သခင်လေး… ဒါက အရှင့်သားရဲ့အမိန့်ပါ … ပြောခဲ့တဲ့အတိုင်းလုပ်တာ သခင်လေးအတွက် ပိုကောင်းပါလိမ့်မယ်…”

 

ဝမ်ချီနှင့်ယောထောင်တို့က နှစ်ပေါင်းများစွာ သိခဲ့ကြသည်။ သို့သော် ယောထောင် ထိုသို့ပြုမူသည်အား သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

 

လက်ရှိအချိန်၌ ယောထောင်မှာ ရှစ်ယဲ့၏လူဖြစ်သည်ဟု သူ ခံစားမိလိုက်၏။ သူမက ဤမျှကြာရှည်စွာ သူမကိုယ်သူမ ဖုံးကွယ်ထားသဖြင့် သူ ကောင်းစွာမသိခဲ့ခြင်းသာဖြစ်တော့၏။

 

အချိန်များက ကုန်လွန်နေရာ စကားပြော၍ အချိန်ဖြုန်းရန် မဖြစ်နိုင်လှချေ။

 

ဝမ်ချီက ယောထောင်အား ဂရုမစိုက်တော့ဘဲ ဖြတ်ကျော်သွားရန်သာ ပြင်လိုက်သည်။ သို့သော် ထိုအချိန်မှာပင် မည်သည့်နေရာမှ ထွက်ပေါ်လာမှန်းမသိသည့် ဒါဇင်နှင့်ချီသော အနက်ရောင်ဝတ်လူများက ဝမ်ချီ၏ လမ်းကိုပိတ်ဆို့လိုက်ကြ၏။

 

ဝမ်ချီက ထိုလူများအား အနိုင်ပိုင်းနိုင်မည်မဟုတ်ကြောင်း သိရှိထားသလို ထိုသူများနှင့်လည်း အချိန်မဖြုန်းလိုချေ။ သူက ယောထောင်အား လှည့်၍ တောင်းဆိုလိုက်သည်။ 

“ယောထောင် … ရှစ်ယဲ့ ဘယ်မှာလဲ… ငါသူ့ကို ရှာရမယ် … သူ အန္တရာယ်ကြုံနေရတယ်ဆိုပြီး ငါခံစားမိနေတယ်…”

 

ယောထောင်က ဝမ်ချီ၏ မျက်ဝန်းနီနီများကြောင့် သက်ပြင်းချလိုက်သည်။

“သခင်လေး … အရှင့်သားက အန္တရာယ်ကျရောက်နေပေမယ့် ကျွန်မတို့လည်း အန္တရာယ်ကျနေတာပဲ မဟုတ်လား… သခင်လေးက အရှင့်သားကို စိတ်ပူနေသလို အရှင့်သားလည်း သခင်လေးကို စိတ်ပူတာပါပဲ … အရှင့်သားအတွက် စဉ်းစားပြီးတော့ လုံခြုံတဲ့နေရာမှာ နေပေးနိုင်မလား … ဒီလိုသာဆို အရှင့်သားလည်း သခင်လေးအတွက် မစိုးရိမ်ရတော့ဘူးပေါ့ …”

 

ဝမ်ချီက ပြောသည်။

“ဒါပေမယ့် …”

 

“ရှောင်ရွှမ်ကျီ …”

ယောထောင်က ဝမ်ချီ၏ စကားကို ဖြတ်ပြောလိုက်ပြီး မျက်နှာလွှဲကာဆိုသည်။

“သခင်လေးကို ပြန်ခေါ်သွားပါ … အရှင့်သား မရောက်လာသေးသရွေ့ သခင်လေး ဒီနေရာက ထွက်လို့မရဘူး…”

 

ယောထောင်က ဝမ်ချီ သတိလက်လွတ်ဖြစ်နေစဉ် အကြောပိတ်လိုက်၏။

 

ဝမ်ချီက ရုတ်တရက် သူ့ခန္ဓာကိုယ် တောင့်တင်းသွားကာ လက်များသည်လည်း မလှုပ်ရှားနိုင်တော့ကြောင်း ခံစားမိလိုက်သည်။ သူက ပါးစပ်ကို စိုးရိမ်တကြီး ဖွင့်လိုက်သော်လည်း ဝူးဝူးဝါးဝါး အသံများသာ ထွက်ပေါ်လာခဲ့၏။

 

ရှောင်ရွှမ်ကျီက မိန်းမစိုးငယ်အချို့ကို ခေါ်ကာ ဝမ်ချီအား အိပ်ဆောင်ထဲသို့ ပြန်လည်ပို့ဆောင်စေလိုက်သည်။

 

ဤသို့ဖြင့် ဝမ်ချီမှာ ရှစ်ယဲ့၏ အိပ်ဆောင်ထဲ၌ ပိတ်မိသွားတော့သည်။

 

မင်းကြီးနတ်ရွာစံသွားသော်လည်း အရှေ့နန်းတော်မှာ တည်ငြိမ်နေဆဲပင်။ အနည်းဆုံး ဝမ်ချီက မည်သည့်သက်ရောက်မှုကိုမှ မခံခဲ့ရပေ။ သူ့အား ခစားသည့် မိန်းမစိုးများ၏ မျက်နှာပေါ်မှ စိုးရိမ်မှုမှတပါး မည်သည့်ပြောင်းလဲမှုကိုမှ သူ မခံစားခဲ့ရချေ။

 

ဝမ်ချီက တစ်ညကြာ အကြောပိတ်ခံထားရသည့်နောက် တံခါးဖွင့်သံအား ကြားလိုက်ရသည်။ သူက ချက်ချင်းထထိုင်လိုက်၏။

 

သူက ရှောင်ရွှမ်ကျီ သူ့အား လာရှာသည်ဟု ထင်လိုက်သည်။ သို့သော် အနက်ရောင်ဝတ်ရုံများ ဝတ်ဆင်ထားသည့် ယောထောင်နှင့် ယောဖန်းတို့ကိုသာ သူတွေ့လိုက်ရ၏။

 

မိန်းကလေးနှစ်ဦးက အထုပ်အပိုးများကိုပင် သယ်ဆောင်လာခဲ့သည်။ ဝမ်ချီ နိုးနေသည်ကို တွေ့လိုက်ရသည့်နောက် သူတို့က သူ့အိပ်ရာနားသို့ အမြန်ချဉ်းကပ်လာကြ၏။

 

မူလတွင် အားကူက ဝမ်ချီ့နံဘေးတွင် ခွေခွေလေးအိပ်နေခဲ့ခြင်းဖြစ်သည်။ သူက ယောထောင်တို့၏ ခြေသံများကြောင့် ခေါင်းလေးထောင်ကာ သူတို့အား ထကြည့်လာ၏။

 

ယောထောင်က အားကူ၏ ခေါင်းလေးကို ပွတ်ပေးကာ အမြန်ပြောလိုက်သည်။

“သခင်လေး … အသင့်ပြင်ပါတော့ .. ကျွန်မတို့ ဒီက ထွက်သွားရလိမ့်မယ် …”

 

ဝမ်ချီက အိပ်မပျော်သေးချေ။ သို့သော် သူက ယောထောင်၏ စကားများကို ကြားသည့်တိုင် သူမစကား၏ အဓိပ္ပာယ်အား နားမလည်ခဲ့ပေ။

 

ဝမ်ချီက ခုန်ပေါက်နေသည့် အားကူကို ပွေ့ယူလိုက်ရင်း မေးလိုက်သည်။

“ဘာဖြစ်လို့လဲ …”

 

ယောဖန်းက ဝမ်ချီ၏အဝတ်များကို သိမ်းဆည်းရင်း ဖြေလိုက်၏။

“ဒီနေရမှာ မလုံခြုံပါဘူး သခင်လေး… နန်းတော်အပြင်ဘက်ကို နေရာရွှေ့ရပါလိမ့်မယ် …”

 

ဝမ်ချီက အမျိုးသားနှင့် အမျိုးသမီးကြားရှိ ကွာခြားချက်များကို လျစ်လျူရှုကာ ယောဖန်းကမ်းပေးသည့် အဝတ်များကို အမြန်ဝတ်လိုက်သည်။ သို့သော် မကြာခင် သူက ထပ်မေးလိုက်၏။

“ရှစ်ယဲ့ရော …”


ယောဖန်း တောင့်တင်းသွားသည်။ သူမက ဝမ်ချီ အရှင့်သားအပေါ် ဤမျှတွယ်တာနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူမက ဝမ်ချီအား မရှင်းပြချင်ခြင်းမဟုတ်သော်ငြား လက်ရှိအချိန်မှာ အရေးပေါ်ဖြစ်နေ၏။

“သခင်လေး … လမ်းမှာ ဒီအစေခံ ရှင်းပြပေးပါ့မယ် …”

 

ဝမ်ချီက ဘာမှပြန်ပြောခဲ့ပေ။ သို့သော် သူက အဝတ်ဝတ်နေခြင်းကိုပါ ရပ်လိုက်ရင်း ယောထောင်အား စိတ်အားထက်သန်မှုဖြင့် ကြည့်လိုက်၏။

 

အားကူသည်လည်း တစ်ချက်အီသံပေးကာ ယောထောင်အား ကြည့်လိုက်သည်။

 

“…”

ယောထောင်က ရွေးချယ်စရာမရှိပဲ ပြောပြရတော့၏။ 

“ တော်ဝင်မိသားစုစုံညီပွဲတော်က ဟုန်မန်းပွဲတော်တစ်ခုပါပဲ … အရှင့်သားကို အကြီးဆုံးမင်းသမီးနဲ့ ကိုယ်လုပ်တော်ရုန်က အကွက်ဆင်ခဲ့ကြတယ် … သူတို့က မင်းကြီး နတ်ရွာစံသွားတာကိုပါ အရှင့်သားအပေါ် လွှဲချချင်နေကြတာ …”

(T/N - ဧည့်သည်များကို သတ်ဖြတ်ရန် ရည်ရွယ်သည့် ညစာစားပွဲကို ဟုန်မန်းပွဲဟု ခေါ်သည်။)


ဝမ်ချီ၏ နှလုံးသားက တင်းကျပ်သွားပြီး လက်သီးဆုပ်ကာ မေးလိုက်၏။

“ရှစ်ယဲ့ ဘယ်မှာလဲ… သူ အဆင်ပြေရဲ့လား …”

 

“အရှင့်သားက သူတို့ကို ဒီလိုလုပ်ခွင့်ပေးပါ့မလား … အရှင့်သားက အားလုံးကို ပြင်ဆင်ထားလို့သာ တော်ဝင်မိသားစု စုံညီပွဲတော်ကို သွားခဲ့တာပါ … ဒါပေမယ့် တစ်ခုကိုတော့ သူ မမျှော်လင့်ထားခဲ့ဘူး …”

 

“ဘာကိုလဲ …”

 

“မင်းသားရွှမ် သူ့ကို ရုတ်တရက် ပုန်ကန်လာမယ်လို့ အရှင့်သား မမျှော်လင့်ထားခဲ့တာပါ …”

ရှစ်ကျင်းအကြောင်း ပြောချိန်၌ ယောထောင်၏ မျက်ဝန်းများက မုန်းတီးမှုများဖြင့် လက်ဖြာသွားသည်။

“မင်းသားရွှမ်ကို မြေခွေးလို ဉာဏ်မများတဲ့ ရိုးသားတဲ့လူတစ်ယောက်လို့ ကျွန်မထင်ထားခဲ့တာ … သားရဲတွေရဲ့ရင်ထဲမှာ စိတ်ထားအမျိုးမျိုး ရှိနေလိမ့်မယ်လို့ ကျွန်မ မသိခဲ့ဘူး … သူက ကောင်းကောင်းဖုံးကွယ်ထားနိုင်ခဲ့တာပဲ …”

 

ဝမ်ချီ တိတ်ဆိတ်သွား၏။

 

ရှစ်ကျင်းက မူလဇာတ်ကြောင်းအတိုင်း လုပ်မည်မဟုတ်ကြောင်း သူသိသော်လည်း လက်တွေ့တွင် ကြားလိုက်ရချိန်၌ သူ့စိတ်အစဉ်က ဗလာဖြစ်သွားလေသည်။

 

ယောထောင် စကားဆုံးသည်နှင့် သူမက ဆက်လက်မနှောင့်နှေးဝံ့တော့သလို၊ သခင်နှင့်အစေခံကြားရှိ စည်းမျဉ်းများကိုလည်း အရေးမစိုက်အားတော့ဘဲ ဝမ်ချီ၏ အဝတ်များကို ဖြန့်ပေးလိုက်သည်။

“ကောင်းပြီ သခင်လေး … သွားရအောင် မဟုတ်ရင် အရမ်းနောက်ကျသွားလိမ့်မယ်…”

 

ဝမ်ချီက တုံ့ဆိုင်းနေသော်လည်း ယောထောင်နှင့် ယောဖန်း၏ တိုက်တွန်းမှုကြောင့် အဝတ်အမြန်လဲကာ အားကူကိုခေါ်၍ သူတို့နှင့်အတူ ထွက်လာလိုက်သည်။

 

အိပ်ဆောင်တစ်ခုလုံး လင်းထိန်နေသော်လည်း အပြင်ဘက်၌မူ လရောင်ဖျော့ဖျော့သာ ဖြာကျလျက်ရှိ၏။

 

ညလေညှင်းများ တိုက်ခတ်လာတိုင်း သစ်ကိုင်းများက တရှဲရှဲမြည်သွားခဲ့သည်။

 

အားကူက ညလေအေးကြောင့် တုန်ရီလာကာ ခပ်တိုးတိုး အီသံပြုလိုက်သည်။ သူက ဝမ်ချီ၏ လက်မောင်းအကြား တိုးဝင်လိုက်၏။

 

“လိမ္မာတယ် အားကူ… လိမ္မာတယ် …”

ဝမ်ချီက အားကူ၏ အမွေးများကို ခပ်ဖွဖွ ပွတ်သပ်ပေးလိုက်သည်။

 

အားကူက တဖြည်းဖြည်း ပြန်လည်တည်ငြိမ်လာ၏။

 

ဝမ်ချီ ခေါင်းမော့လိုက်စဉ် လရောင်ဖျော့ဖျော့အောက်၌ လူခြောက်ဦးခန့် ရပ်နေကြောင်း တွေ့လိုက်ရသည်။

 

သူတို့က ဝမ်ချီတို့သုံးဦးအား တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြ၏။ သူတို့အနက် တစ်ဦးက ရှေ့သို့တိုးလာကာ ယောထောင်အား စကားအချို့ ပြောလိုက်သည်။ ထို့နောက် ပြန်လှည့်သွား၏။

 

“သွားရအောင် သခင်လေး …ကျွန်မတို့ နန်းတော်ထဲက ဖြတ်လမ်းကို သုံးရလိမ့်မယ် …”

ယောထောင်က ဝမ်ချီအား ပြောလိုက်သည်။


ဝမ်ချီက တုံ့ဆိုင်းနေဆဲပင်။

“ဒါပေမယ့် ရှစ်ယဲ့က …”

 

ယောထောင် ခေါင်းယမ်းကာ အလေးအနက် ပြောလိုက်၏။

“သခင်လေး .. ဒီတစ်ခါ ဘာလုပ်သင့်လဲ သိမှာပါ … အရှင့်သားရဲ့ အရေးကိစ္စက ကျွန်မတို့ ဝင်သွားပြီး ဖြေရှင်းပေးနိုင်တဲ့အရာ မဟုတ်ပါဘူး … သခင်လေး‌ ဘေးကင်းမှသာ အရှင့်သားက ဘာကိုမှစိတ်မပူဘဲ ဖြေရှင်းနိုင်မှာပါ …”

 

ဝမ်ချီက ခဏတောင့်တင်းသွားကာ ယောထောင်အား ကြည့်လိုက်သည်။

 

ယောထောင်က သူ့အကြည့်ကို ရှောင်ဖယ်မသွားခဲ့ပေ။

 

ဝမ်ချီက ခဏတုံ့ဆိုင်းနေပြီးနောက် စိတ်ပိုင်းဖြတ်လိုက်ဟန်ဖြင့် ယောထောင်၊ ယောဖန်း၊ အနက်ရောင်ဝတ်လူများနှင့်အတူ လျှောက်လာလိုက်၏။

 

 

အချိန်မည်မျှကြာကြာ လမ်းလျှောက်ခဲ့သည်မသိ၊ ဝမ်ချီက ပတ်ဝန်းကျင်ရှိ အလင်းရောင်များ ပို၍မှိန်ဖျော့လာပြီး ပို၍ ခေါင်လာသည်ကို ခံစားမိလိုက်၏။ လမ်းတစ်လျှောက်တွင်  လူနေအိမ်များကို မတွေ့ခဲ့ရချေ။

 

ယောထောင်က ဝမ်ချီအရှေ့မှ လျှောက်နေ၏။ သူမက တစ်စုံတစ်ခုကို တွေးထားဟန်ရှိနေပြီး ဝမ်ချီအား မကြာခဏ လှည့်ကြည့်လျက်ရှိသည်။

 

ဝမ်ချီက အားကူကို မသိစိတ်ဖြင့် တင်းတင်းဖက်လိုက်မိ၏။

 

အားကူက သူ့မျက်နှာအား ဝမ်ချီ၏လည်တိုင်၌ တိုးဝှေ့လိုက်သည်။ ထို့နောက် ဝမ်ချီ၏ မေးဖျားကို အသာလျက်လိုက်၏။

 

အားကူ၏လျှာက အလွန်နွေးထွေးကာ နူးညံ့လှသည်။ ထိုအထိအတွေ့မှာ စေးကပ်သော်လည်း သူ့အား စိတ်သက်သာရာရစေဆဲပင်။ သူက ခေါင်းငုံ့ကာ အားကူ၏ ခေါင်းလေးကို ပုတ်ပေးလိုက်၏။

 

နာရီဝက်အကြာ၌ ဝမ်ချီ၏ မျက်လုံးများ စတင်ကြည်လင်လာသည်။ သူတို့က နန်းတော်အပြင်ဘက်သို့ လျှောက်လာခဲ့ကြ၏။

 

နန်းတော်နံရံများ မရှိတော့သည့်အခါ အမှောင်ထု ကြီးစိုးနေသည့် ကွင်းပြင်ကျယ်ကြီးများ ထွက်ပေါ်လာသည်။ ရထားလုံးသုံးစီးက မနီးမဝေး၌ ရှိနေပြီး မိန်းမစိုးများကမူ မီးအိမ်များကို ကိုင်ဆောင်လျက် ရထားလုံးများအရှေ့၌ အသီးသီး ရပ်နေကြသည်။




💮💮💮