Chapter 134
Viewers 36k

💮Chapter 134


 

(စာမကျန်ခဲ့ပါဘူးနော် အသဲတို့ရေ ရှေ့တစ်ပိုင်းမှာ ဝမ်ချီက ရှစ်ယဲ့ရဲ့အသိ ဟိုလူအကြောင်းကို တွေးမိသွားလို့ နောက်ပိုင်းလည်း သူ့စိတ်ထဲ စနိုးစနောင့်ဖြစ်နေတဲ့ပုံနဲ့ စရေးထားလို့ပါ E tranကနေ သေချာတိုက်စစ်ထားပါတယ်နော် အရှေ့နဲ့ အဆက်အစပ်မရှိတော့ ကျန်ခဲ့တယ် ထင်သွားမှာစိုးလို့ပါ💙)


ထိုသူ၏ တည်ရှိမှုက ဝမ်ချီ့ရင်တွင်း၌ အစေ့ပျိုးသကဲ့သို့ ဖြစ်တည်လာသည်။ ရက်အနည်းငယ် ကြာသည့်နောက် ၎င်းက တဖြည်းဖြည်း အမြစ်တွယ်ကာ အညှောင့်ပေါက်လာခဲ့၏။

 

ဝမ်ချီက ထိုသူ၏ဇစ်မြစ်ကို အလွန်သိချင်လာသည်။ ရှစ်ယဲ့၏ စာကြည့်ခန်းထဲ၌ ထိုသူ၏ ပုံတူရှိကြောင်း ယခင်က ရှောင်ရွှမ်ကျီ သူ့ထံ ပြောပြခဲ့ဖူးလေသည်။ ရှောင်ရွှမ်ကျီက ထိုပန်းချီကားထဲရှိလူက ဝမ်ချီနှင့် အလွန်တူကြောင်းပင် ပြောခဲ့၏။

 

သို့သော် သူနှင့်အလွန်တူသည့် တစ်စုံတစ်ဦးက ဤကမ္ဘာပေါ်၌ တည်ရှိနေသည်မှာ ပဟေဠိဖြစ်ဖွယ်ပင်။ မူလဇာတ်ကြောင်းတွင် မူလကိုယ်နှင့် တူသူဟူ၍ မပါရှိရာ ရှောင်ရွှမ်ကျီ အမြင်မှားခြင်းပေလောဟု သူ ထင်နေမိသည်။

 

ဝမ်ချီက နှစ်ရက်သုံးရက်ကြာ တွေးတောနေပြီးနောက် ရှစ်ယဲ့အား တိုက်ရိုက်မေးရန်သာ ဆုံးဖြတ်လိုက်သည်။

 

ထိုနေ့လည်ခင်းတွင် သူက ရှစ်ယဲ့နှင့်တွေ့ရန် စာကြည့်ခန်းသို့ ဦးတည်လာခဲ့၏။ သို့သော် အပြင်ဘက်တွင် စောင့်ဆိုင်းနေသည့် မိန်းမစိုးက ရှစ်ယဲ့ ထွက်သွားပြီဖြစ်ကြောင်း ပြောလာသည်။

 

ဝမ်ချီက ရှစ်ယဲ့၏ အမှုကိစ္စများကို မသိသလို၊ ရှစ်ယဲ့ မည်သည့်နေရာသို့ သွားသည်ကိုလည်း မသိပေ။ ထို့ကြောင့် သူက မိန်းမစိုးလေးအား မေးလိုက်၏။

“အရှင့်သား ဘယ်အချိန်ပြန်လာမလဲ သိလား …”

 

မိန်းမစိုးလေးက ပြန်ဖြေသည်။

“ဒီအစေခံ ကောင်းကောင်းမသိပါဘူး …”

 

ဝမ်ချီက ထပ်မေးလိုက်သည်။

“ဒါဆို ငါအထဲဝင်ပြီး အရှင့်သား ပြန်လာတဲ့အထိ စောင့်နေလို့ရမလား …”

 

အခြားလူများသာ ထိုစကားကို ဆိုလာပါက မိန်းမစိုးလေးက ထိုသူအား ဒေါသတကြီး မောင်းထုတ်မိမှာပင်။

 

အရှင့်သားနှင့် မိန်းမစိုးကျိုးတို့၏ ခွင့်ပြုချက်မရှိဘဲ အရှင့်သား၏ စာကြည့်ဆောင်သို့ ဝင်လိုသူက သေခြင်းကို ရှာဖွေနေခြင်းသာ ဖြစ်ရမည်။

 

သို့သော် ယခုမူ ထိုသို့ပြောလာသူမှာ ဝမ်သခင်လေးဖြစ်နေ၏။ ဝမ်သခင်လေးက အရှင့်သားအတွက် အရေးပါသူဖြစ်ကြောင်း မသိသူ မည်သူမှမရှိပေ။

 

မိန်းမစိုးလေးက ခဏတုံ့ဆိုင်းနေပြီး မိန်းမစိုးကျိုး သခင်လေးဝမ်အပေါ် ဆက်ဆံပုံကို စဉ်းစားလိုက်သည်။ သူက ဝမ်ချီ၏ တောင်းဆိုမှုကို မငြင်းဆန်ဝံ့ချေ။ သခင်လေးဝမ်သာ အရှင့်သားအား ခေါင်းအုံးစကား ပြောဆိုလိုက်ပါက သူ့အသက်လေးက ချမ်းသာရရမည်မဟုတ်တော့ပေ။ 

(အိပ်ရာထဲမှာ ဇနီးသည်နဲ့ ခင်ပွန်းအကြား ပြောတဲ့စကားကို ဆိုလိုတာပါ)

 

ထို့ကြောင့် မိန်းမစိုးလေးက ဝမ်ချီအား တလေးတစား လမ်းပြလိုက်သည်။

 

ဝမ်ချီက အတွင်းသို့ လျှောက်ဝင်လိုက်သည့်နောက် သူထိုင်နေကျ ညောင်စောင်းထက်တွင်ရှိနေသည့် အဖြူရောင်အမွေးလုံးအား သတိပြုမိသွားခဲ့သည်။

 

မိန်းမစိုးလေးသည်လည်း အဖြူရောင်အမွေးလုံးကို တွေ့လိုက်၏။ ထို့နောက် မိန်းမစိုးလေး မျက်နှာထက်ရှိ အမူအရာက သိသိသာသာ တောင့်တင်းသွားခဲ့သည်။ သူက ကြောက်လန့်စရာ တစ်စုံတစ်ခုကို တွေ့လိုက်သည့်အလား လမ်းလျှောက်နှုန်းကိုပင် နှေးချလိုက်၏။

 

ဝမ်ချီက ခေါင်းစောင်းကာ မိန်းမစိုးလေးအား ကြည့်လိုက်သည်။

 

မိန်းမစိုးလေးက ခပ်တိုးတိုး ပြောပြလာ၏။

“ဝမ်သခင်လေး ဒီမှာစောင့်လို့ရပါတယ် … ညောင်စောင်းပေါ်မှာ ထိုင်နေတဲ့ အဖြူရောင်မြေခွေးလေးက အရှင့်သား မွေးထားတာပါ …. သူက အရှင့်သားရဲ့ စာကြည့်ဆောင်ထဲမှာ နေရတာကို နှစ်ခြိုက်ပါတယ် … သူက လူတွေကို လိုက်ကိုက်တတ်ပေမယ့် အရှင့်သားက သူ့ကို အရမ်းနှစ်သက်တာကြောင့် ကျွန်တော်မျိုးတို့ ဘာမှမလုပ်ရဲပါဘူး … မဟုတ်ရင် အရှင့်သားက ကျွန်တော်မျိုးတို့ကို အပြစ်ပေးပါလိမ့်မယ် …”

 

မိန်းမစိုးလေး၏ မျက်လုံးထဲရှိ ကြောက်ရွံ့မှုတို့က အထင်းသားထွက်ပေါ်နေ၏။ သူက မြေခွေးဖြူလေးကြောင့် အတော်လေး ဒုက္ခများခဲ့ပုံရသည်။

 

ဒါပေမယ့် အဲဒါက မြေခွေးဖြူလေးဟုတ်လို့လား …

 

ဝမ်ချီက တစ်စုံတစ်ခုကို သတိရသွားကာ တောက်ပသော မျက်နှာဖြင့် ခေါ်လိုက်သည်။

“အားကူ…”

 

“ဝမ်သခင်လေး … သခင်လေး…”

မိန်းမစိုးလေး၏ မျက်နှာတစ်ခုလုံး ဖြူလျော်သွားကာ တုန်တုန်ရီရီဖြင့် ပြောလိုက်၏။

“ ဝမ်သခင်လေးဝမ် ဘာလို့အော်လိုက်တာပါလဲ … အဲဒီ့ မြေခွေးဖြူက သခင်လေးကို ကိုက်ပါလိမ့်မယ်…”

 

မိန်းမစိုးလေး စကားဆုံးသည်နှင့် ညောင်စောင်းထက်ရှိ မြေခွေးဖြူလေးက ခေါင်းထောင်လာ၏။

 

ဝမ်ချီက မိန်းမစိုးလေးကို တစ်ချက်ကြည့်ကာ နှစ်သိမ့်လိုက်သည်။ ထို့နောက် သူက ဒူးထောက်ချကာ မြေခွေးဖြူ လေးအား လက်ဝေ့ယမ်းပြလိုက်၏။

“အားကူ… ဒီကိုလာ …”

 

မြေခွေးဖြူလေးက ညောင်စောင်းပေါ်မှ ရုတ်တရက်ခုန်ဆင်းကာ သူတို့ထံသို့ တန်းတန်းမတ်မတ် ပြေးလာသည်။

 

သို့သော် မိန်းမစိုးလေးက စိတ်ချလက်ချ ရှိမနိုင်ပေ။

 

သူက သူတို့နှင့် နီးကပ်လာသည့် ဘိုးဘေးလေးကို ကြည့်ရင်း မျက်နှာတစ်ခုလုံး သွေးဆုတ်လာကာ ခြေထောက်များသည်လည်း ပျော့ခွေလာ၏။

 

သခင်လေးက သူဘာလုပ်နေမှန်း သိရဲ့လား …

 

သူတို့က အရှင့်သားရဲ့ ပစ္စည်းတွေကိုတောင် မထိရဲတာ … အရှင့်သား ကိုယ်တိုင် မွေးထားတဲ့ သက်ရှိတစ်ကောင်ကို ဘယ်လိုလုပ်ထိခွင့်ရှိမှာလဲ …


မကြာသေးမီက အဆိုပါ မြေခွေးဖြူလေးအား အစာကျွေးရန် ကြောက်ရွံ့ခဲ့သည့် အစေခံတစ်ဦး ရှိခဲ့ဖူးသည်။ ထို့နောက် မြေခွေးဖြူလေး နှစ်ရက်ကြာ အစာမစားခဲ့ရကြောင်း အရှင့်သား တွေ့ရှိသွားခဲ့၏။ ယခုအခါ ထိုအစေခံက မရှိတော့ပေ။ အချို့လူများ၏ စကားအရ သူမက အရိုက်ခံလိုက်ရသဖြင့် အနားယူနေရသည်ဟု ဆို၏။ အချို့ကမူ သူမက သေသည်အထိ အရိုက်ခံလိုက်ရပြီး နန်းတော်အတွင်းမှ ပစ်ထုတ်ခံလိုက်ရသည်ဟု ပြောကြသည်။

 

မည်သည့်ကောလဟာလက မှန်ကန်သည်ဖြစ်စေ၊ အားလုံးသည် မြေခွေးဖြူလေးအား ထိုအချိန်မှစ၍ ကြောက်ရွံ့ခဲ့ကြသည်။

 

မိန်းမစိုးလေးက သူတို့နှင့် နီးကပ်လာသည့် မြေခွေးဖြူလေးကို ကြည့်ရင်း မြေပေါ်လဲကျသွားသည်။

 

သူက သူ့ပုံရိပ်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ဝပ်ချလိုက်၏။ သို့သော် အဆိုပါ မြေခွေးဖြူလေးက သူ့ထံသို့ ရောက်မလာခဲ့ချေ။ ၎င်းက ဝမ်ချီ၏ လက်မောင်းအကြားသို့သာ ခုန်ဝင်သွားခဲ့သည်။

 

ဝမ်ချီက မြေခွေးဖြူလေးကို ပွေ့ဖက်ရင်း နူးညံ့သော အဖြူရောင်အမွေးလေးများကို ပွတ်သပ်ပေးလိုက်သည်။ ထို့နောက် ပျော်ရွှင်စွာ မေးလိုက်၏။

“အားကူ … ဘာလို့ ဒီရောက်နေတာလဲ .. မင်းက ဝါးပလွေအိမ်တော်မှာ ရှိနေရမှာ မဟုတ်ဘူးလား …”

 

အတိတ်တွင် အားကူက ဝမ်ချီနှင့်အတူ ဝါးပလွေအိမ်တော်၌ နေလေ့ရှိသည်။ ဝမ်ချီက ယောဖန်းအား အားကူအတွက် အခန်းဖွဲ့ပေးရန် ညွှန်ကြားခဲ့၏။ သာမန်အားဖြင့် ဝါးပလွေအိမ်တော်ရှိ အစေခံများက အားကူကို ဂရုစိုက်ပေးလေ့ရှိကြသည်။

 

အိမ်ရှေ့စံ၏အိမ်တော်သို့ ဝမ်ချီ ရွှေ့ပြောင်းလာပြီးနောက် အားကူကို ရက်အနည်းငယ်ကြာမှသာ သွားခေါ်ရန် ကြံစည်ထားခဲ့၏။ သို့‌သော် အားကူးကိုယ်တိုင် ရောက်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

 

ဝမ်ချီက အားကူကို အချိန်အတော်ကြာ မတွေ့ခဲ့ရချေ။ သူ စိတ်ထင်ခြင်းပေလောမသိ၊ အားကူမှာ ယခင်ကထက် ပိုပိန်သွားပြီး သားမွေးများသည်လည်း နူးညံ့မနေတော့သယောင် ခံစားလိုက်ရသည်။

 

သို့သော် အားကူက စိတ်လှုပ်ရှားစွာဖြင့် ဝမ်ချီ၏ပခုံးပေါ်သို့ ရှေ့လက်နှစ်ဖက်ကို တင်လိုက်သည်။ ထို့‌နောက် သူ၏ ပန်းရောင်လျှာလေးဖြင့် ဝမ်ချီ၏မျက်နှာအား လျက်နေတော့၏။

 

သူက ဝမ်ချီ၏ ပါးပြင်နှင့်မေးများတစ်လျှောက် သွားရည်များ ပေကျံလာသည်အထိ လျက်နေခဲ့သည်။

 

ဝမ်ချီက အားကူကြောင့် မျက်လုံးပင် မဖွင့်နိုင်တော့ပေ။ ထို့ကြောင့် သူက ခေါင်းကိုမော့ကာ အားကူကို အနည်းငယ် တွန်းဖယ်လိုက်ရ၏။

 

အားကူက အကြိမ်အနည်းငယ်ခန့် ရုန်းကန်နေခဲ့သည်။ သို့သော် ဝမ်ချီက သူ့အား တွန်းနေဆဲဖြစ်ရာ သူ၏ နားရွက်တစ်စုံက ကုပ်ကျသွားလေသည်။

 

အားကူ စိတ်မကောင်းဖြစ်သွားကြောင်း ဝမ်ချီ တွေ့လိုက်ချိန်၌ သူက ရယ်လျက် အားကူ၏ အမွေးပွပွ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။

“အားကူ … ပိန်သွားလိုက်တာ… ဒီရက်ပိုင်း ကောင်းကောင်းမစားပြန်ဘူးလား …”

 

အားကူးက ခပ်တိုးတိုးအူကာ ဝမ်ချီ၏ လက်ဖဝါးအား တိုးဝှေ့လိုက်သည်။ သူက ဝမ်ချီ့အပေါ် အလွန်မှီခိုနေ၏။

 

ဝမ်ချီ၏ နှလုံးသားက အရည်ပျော်သွားခဲ့ရသည်။ သူက အားကူကို ပွေ့လိုက်ရင်း ခပ်ဖွဖွပွတ်ပေးလိုက်၏။ ထို့နောက် အားကူ၏ အမွေးများကို မျက်နှာအပ်ကာ အသက်ပြင်းပြင်းရှိုက်လိုက်သည်။

 

အားကူ၌ ရနံ့ဖျော့ဖျော့တစ်ခုရှိနေ၏။ ဝမ်ချီက ထိုရနံ့မှာ ရှစ်ယဲ့နှင့် တစ်နည်းတစ်ဖုံ ဆင်နေသလို ခံစားမိလိုက်သည်။

 

ဝမ်ချီက မြေခွေးဖြူလေးနှင့် အေးအေးဆေးဆေး ရှိနေစဉ် မိန်းမစိုးလေးကမူ သူ့အရှေ့ရှိ မြင်ကွင်းကြောင့် မယုံနိုင်ဖြစ်နေရသည်။

 

ဝမ်ချီက အားကူကို ပွေ့ဖက်ကာ ထရပ်လိုက်၏။ မိန်းမစိုးလေးသည်လည်း‌ အတူတူ ထရပ်လာခဲ့သည်။

 

မိန်းမစိုးလေးက ပုံမှန်အတိုင်း ရှိနေသည့် ဝမ်ချီ့ကိုတစ်လှည့် ဝမ်ချီ၏ လက်မောင်းအကြား၌ နာခံစွာရှိနေသည့် မြေခွေးဖြူလေးကို တစ်လှည့် ကြည့်လိုက်သည်။ သူက မေးလိုက်၏။

“ဝမ်သခင်လေး… သခင်လေးနဲ့ ဒီမြေခွေးလေးက …”

 

“ငါတို့က ရင်းနှီးကြတယ် …”

ဝမ်ချီက ပြုံးလိုက်သည်။

 

“ဒီတော့ ဒီလိုကိုး …”

မိန်းမစိုးလေးက ရုတ်တရက် အားလုံးကို နားလည်သွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။ သူက နဖူးကို လက်ဖြင့်ထိကာ ချွေးစေးများကို ဖယ်ရှားလိုက်ပြီးနောက် ဖားလျားသည့် အပြုံးမျိုး ပြုံးလိုက်သည်။

“ကြည့်ရတာ အားကူက သခင်လေးကို တကယ်နှစ်သက်ပုံပဲ… သခင်လေးရှိနေတော့ သူ ဒေါသထွက်တာမျိုး မရှိတော့ဘူး …”

 

ဝမ်ချီက အားကူကို ပွေ့ဖက်ရင်း မေးလိုက်သည်။

“အားကူက ဒီမှာရှိနေတတ်တာလား …”

 

“သခင်လေးကို ပြန်ဖြေပါတယ် … အားကူက ဒီမှာနေတာပါ …အရှင့်သားက အားကူကို ခေါ်လာတာ ကြာပါပြီ … အရှင့်သား နန်းတော်မှာ မရှိတာ နည်းနည်းကြာပြီဆိုတော့ အားကူက လူကပ်ချင်နေတာပါ … အရှင့်သား ဒီမှာမရှိတာနဲ့ အားကူက ချက်ချင်း စိတ်မကြည်ဖြစ်တော့တာပဲ … သူက တွင်းထဲမှာပဲ ပုန်းနေတတ်တာပါ … ဒီနေ့မှ အပြင်ထွက်လာခဲ့တာဖြစ်ရမယ် …”

မိန်းမစိုးလေးက ဖြေသည်။


မိန်းမစိုး၏ စကားကြောင့် ဝမ်ချီက အားလုံးကို နားလည်သွားသည်။ သူ နန်းတော်တွင် မရှိသည့် နေ့ရက်များ၌ ရှစ်ယဲ့က အားကူကို ဝါးပလွေအိမ်တော်မှ ခေါ်ထုတ်လာခဲ့ပုံရသည်။

 

ဝမ်ချီ ရှက်ရွံ့မှုကို ခံစားလိုက်ရ၏။ သူက အောက်ငုံ့ကာ နောက်တစ်ကြိမ် စွန့်ပစ်ခံရမည်ကို ကြောက်နေပုံရသည့် အားကူကို ကြည့်လိုက်သည်။ သူ့နှလုံးသားက တစ်စုံတစ်ခုဖြင့် ဆွဲယူလိုက်သည့်နှယ် တင်းကျပ်သွားရ၏။


ဝမ်ချီက သက်ပြင်းချကာ ခေါင်းငုံ့လျက် အားကူကို နမ်းလိုက်သည်။

“ငါ့အမှားပါ … အားကူ …”

 

ဝမ်ချီ၏ နီးကပ်လာမှုကြောင့် အားကူက ခေါင်းမော့ကာ ဝမ်ချီ၏မျက်နှာအား ထပ်မံလျက်လိုက်သည်။

 

ဝမ်ချီက မရှောင်ဖယ်ဘဲ အားကူးကို မေးဖြင့်ပွတ်သပ်လိုက်၏။

 

မူလက မိန်းမစိုးလေးမှာ ဤနေရာ၌နေရင်း ဝမ်ချီအား စောင့်ကြည့်ချင်ခဲ့သည်။ သို့သော် ယခုအခါ ဝမ်ချီနှင့်အားကူတို့အား တွေ့ရပြီးသည့်နောက် ရုတ်တရက် အရာအားလုံးကို သူနားလည်သွားခဲ့၏။ သူက ဝမ်ချီသူ့အပေါ် အာရုံမရှိသည်ကို အခွင့်ကောင်းယူ၍ စာကြည့်ဆောင်ထဲမှ တိတ်တဆိတ် ထွက်ခွာသွားခဲ့သည်။

 

မိန်းမစိုးလေး ထွက်ခွာသွားပြီးနောက် ဝမ်ချီက အားကူကို ညောင်စောင်းထက်သို့ ပြန်တင်လိုက်၏။

 

အားကူက စိတ်မလုံခြုံမှုကို ခံစားနေရသည်ဖြစ်ရာ ဝမ်ချီ၏အဝတ်စများကို ဆွဲ၍ ခပ်တိုးတိုး အီသံပြုလိုက်သည်။ သူက ဝမ်ချီ့ကိုယ်ပေါ်သို့ ပြန်တက်ချင်နေပုံရ၏။

 

ဝမ်ချီက ရွေးချယ်စရာမရှိဘဲ အားကူးကို ချီရတော့သည်။ သူက စာကြည့်ခန်းအား နှစ်ပတ်ကြာလမ်းလျှောက်ပြီးသည့်နောက် အားကူကို ညောင်စောင်းထက်သို့ ပြန်တင်လိုက်၏။

 

သို့သော် အားကူက ချက်ချင်းပြန်ထကာ ဝမ်ချီ၏ အဝတ်များကို ဆွဲထားပြန်သည်။

 

ဝမ်ချီ၌ အခြားအတွေးများ ရှိနေခဲ့ရာ အားကူနှင့် အချိန်ဖြုန်းနိုင်စွမ်းမရှိပေ။ သူက အားကူ၏ ဦးခေါင်းကို ပွတ်ပေးကာ ချော့မော့လိုက်သည်။

“အားကူ … လိမ္မာတယ် … ပြီးရင် မင်းနဲ့လာဆော့ပေးမယ်နော် … ဒီမှာခဏနေခဲ့ဦး …”

 

အားကူက သူပြောလိုသည့် အဓိပ္ပာယ်ကို နားလည်နေခြင်းပေလော ဝမ်ချီမသိပေ။ သူ၏ သေးငယ်သော နားရွက်ကလေးများက ခပ်သွက်သွက် လှုပ်ရှားသွားသည်။ သူက ကြီးမားဝိုင်းစက်သော မျက်ဝန်းများဖြင့် ဝမ်ချီအား မမှိတ်မသုန် စိုက်ကြည့်နေ၏။

 

ဝမ်ချီက အားကူ၏ ဦးခေါင်းလေးကို ထပ်မံနမ်းလိုက်သည်။

“လိမ္မာတယ် …”

 

အားကူက ခပ်တိုးတိုးအီသံပြုလိုက်သည်။ သူ့ မျက်ဝန်းများတွင် ဝမ်းနည်းမှုများ ပြည့်နှက်နေ၏။ သို့သော် သူက ဝမ်ချီ၏အဝတ်များကို ယခင်ကဲ့သို့ တင်းတင်းကျပ်ကျပ် ဆွဲမထားတော့ချေ။

 

အားကူ တည်ငြိမ်သွားသည်ကို တွေ့လိုက်ရပြီးနောက် ဝမ်ချီက ဘေးဘီတစ်ချက်ကြည့်ကာ သူနှင့်အားကူသာ ရှိကြောင်း အတည်ပြုလိုက်သည်။ ထို့နောက် စာကြည့်စားပွဲထံသို့ သူခိုးလေးပမာ လျှောက်သွားခဲ့၏။

 

စားပွဲပေါ်တွင် ပေရွက်လိပ်များ၊ မှတ်စုများနှင့် ပြည့်နှက်နေပြီး ရှုပ်ပွနေသည်။ မင်းကြီးနာမကျန်းဖြစ်နေချိန်တွင် ရှစ်ယဲ့၏ ပခုံးထက်သို့ မည်မျှများပြားသည့် ဝန်ထုပ်များ ကျဆင်းလာကြောင်း အလွယ်တကူ သိနိုင်၏။

 

ဝမ်ချီက ထိုအရာများကို မစူးစမ်းရဲဘဲ မျက်လုံးတစ်ချက်သာ ဝေ့ကြည့်လိုက်သည်။ သူရှာနေသည့် ပန်းချီက စားပွဲပေါ်တွင် ရှိမနေကြောင်း အတည်ပြုပြီးသည်နှင့် သူက ဗီရိုကိုဖွင့်ကာ စတင်ရှာဖွေလိုက်၏။

 

ရှစ်ယဲ့၏ စားပွဲမှအပ စာကြည့်ဆောင်ထဲရှိ အရာအားလုံးက ရှင်းလင်းနေသည်။ ဗီရိုပေါ်တွင် စာအုပ်များ အစီအရီနှင့်ရှိနေသလို စာအုပ်စင်တစ်ခုချင်းစီ၏ ညာဘက်ထောင့်၌လည်း စာအုပ်ညွှန်းတမ်းများကို ကပ်ထား၏။

 

ဝမ်ချီက ထပ်ခါထပ်ခါ ရှာဖွေသည့်တိုင် စာလိပ်နှင့်တူသည့်အရာကိုပင် ရှာမတွေ့ခဲ့ချေ။

 

အဆုံးသတ်တွင် ဝမ်ချီက မည်သည့်အရာကိုမှ မတွေ့ခဲ့ရပေ။ သူက ရှစ်ယဲ့ထိုင်နေကျ ထိုင်ခုံတွင် ထိုင်ရင်း အသက်ရှူထုတ်လိုက်မိသည်။

 

သူ ရှစ်ယဲ့ကိုသာ တိုက်ရိုက်မေးလိုက်သင့်၏။ သို့သော် ရှစ်ယဲ့သူ့အား အမှန်အတိုင်း ပြောမည်ဟု သူ မသေချာပေ။

 

ရှစ်ယဲ့က ထိုသူမှာ သူ့ရန်သူဖြစ်သည်ဟု ပြောခဲ့သော်လည်း အမှန်တွင် ထိုသူ့အပေါ်၌ ရန်သူတစ်ဦးထက်ပိုသည့် ခံစားချက်များ ရှိနေသည်မှာ သိသာလှသည်။

 

ဝမ်ချီက မျက်လုံးမှိတ်လိုက်သည်။ ထို့နောက် လက်သီးကို ဆုပ်ချည်ဖြန့်ချည် ပြုလုပ်နေခဲ့၏။

 

အတန်ကြာ ထိုင်နေပြီးနောက် ဝမ်ချီ၏ အတွေးများ ပြန်လည်တည်ငြိမ်စပြုလာသည်။ သူက ထိုင်ခုံပေါ်မှထကာ အားကူထံသို့ သွားရောက်ပွေ့ချီရန် ပြင်လိုက်၏။ သို့သော် အားကူက ညောင်စောင်းပေါ်တွင် မရှိတော့ဘဲ စားပွဲပေါ်သို့ ရောက်နေပြီဖြစ်သည်။

 

သူက စားပွဲပေါ်တွင်ထိုင်ကာ ဝမ်ချီအား စပ်စုစွာ ကြည့်နေ၏။

 

ဝမ်ချီက အားကူကိုကြည့်ကာ ပြုံးလိုက်သည်။ သူက အားကူ၏ ဦးခေါင်းလေးကို ပွတ်ပေးရင်း ပြောလိုက်၏။ 

“ကြည့်ရတာ ငါမရှာနိုင်ဘူးထင်တယ် … သွားရအောင် ..”

 

ထို့နောက် ဝမ်ချီက အားကူကိုပွေ့ချီရန် ပြင်လိုက်သည်။

 

မမျှော်လင့်ထားစွာပင် အားကူက သူ၏ ဘယ်ဘက်သို့ ရုတ်တရက် ခုန်ဝင်လိုက်ရင်း ဝမ်ချီ၏ လက်များကို ရှောင်တိမ်းလိုက်သည်။

 

ဝမ်ချီက လက်ဆန့်လျက်သား ကျန်ခဲ့၍ အားကူကို လှည့်ကြည့်လိုက်သည်။

“ဘာဖြစ်လို့လဲ …”

 

အားကူက ဝမ်ချီအား လှည့်ကြည့်ကာ အမြှီးဖွားဖွားကြီးကို ယမ်းပြလိုက်သည်။ ထို့နောက် ခပ်တိုးတိုးအီသံပြုရင်း စားပွဲ၏ဘယ်ဘက်တွင်ရှိသော စာလိပ်များကို ခေါင်းဖြင့် ထိုးဖွလိုက်၏။

 

ဝမ်ချီက အားကူ၏ အပြုအမူကြောင့် ထိတ်လန့်သွားကာ သူ့ အမြှီးကို အမြန်ဆွဲလိုက်သည်။

“အားကူ … ဘာတွေလုပ်နေတာလဲ …. အဲဒါ မင်းအဖေရဲ့အလုပ်တွေနော် … မင်း ဖွပစ်ရင် မင်းအဖေပြန်လာရင် မင်းကို ဘာလုပ်မယ်ထင်သလဲ …”

 

အားကူက ဝမ်ချီအား လျစ်လျူရှုလိုက်သည်။ ဝမ်ချီ၏ ဆုပ်ကိုင်ထားမှုကြောင့် သူက အမြှီးဆက်မယမ်းနိုင်တော့ပေ။ သူက ခေါင်းဖြင့်သာ စာလိပ်များကို ထိုးဖွနေ၏။


“အားကူရေ …”

အမြှီးကိုဆွဲခြင်းက အလုပ်မဖြစ်သဖြင့် ဝမ်ချီက အားကူကို ဖက်ကာ ခြိမ်းခြောက်လိုက်သည်။

“မင်း စကားနားမထောင်ရင် ငါမင်းကို ရိုက်မှာနော် …”

 

သူ့စကားဆုံးသည်နှင့် အားကူက စာလိပ်များအား ထိုးဖွနေခြင်းကို ရပ်လိုက်သည်။

 

ဝမ်ချီက အားကူငြိမ်သွားပြီဟု ထင်လိုက်၏။ ထို့ကြောင့် သူ့ခေါင်းကိုပုတ်ပေးရန် လက်ရွယ်လိုက်သည်။ သို့သော် မမျှော်လင့်ထားစွာပင် အားကူကို ပွေ့ချီလိုက်ချိန်၌ သူ့ ပါးစပ်ထဲတွင် ပန်းချီစာလိပ်တစ်ခု ရှိနေကြောင်း တွေ့လိုက်ရသည်။

 

ဝမ်ချီက အားကူကိုက်ထားသည့်အရာကို ရှင်းရှင်းလင်းလင်း တွေ့လိုက်ချိန်၌ တောင့်ခဲသွားရသည်။

 

အားကူးက စာလိပ်များထဲမှ ထိုအရာကို ရှာတွေ့ခဲ့ခြင်းဖြစ်၏။

 

ဝမ်ချီ၏ မျက်ဝန်းများ၌ အံ့အားသင့်မှုများ ပြည့်နှက်သွားသည်။ ထို့နောက် သူက အားကူ၏ပါးစပ်ထဲမှ ပန်းချီစာလိပ်နှင့် တူသောအရာထံသို့ ဖြည်းညှင်းစွာ လက်လှမ်းလိုက်၏။

 

၎င်းက ပန်းချီစာလိပ်တစ်ခုပင်။

 

ဝမ်ချီက တစ်စုံတစ်ခုကို နားလည်လိုက်ကာ ပန်းချီစာလိပ်အား ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည်။

 

ပန်းချီစာလိပ်တစ်ခုလုံး ပွင့်သွားချိန်၌ ရင်းနှီးနေသော မျက်နှာတစ်ခုအား ဝမ်ချီ တွေ့လိုက်ရတော့၏။




💮💮💮