Chapter 112
Viewers 36k

💮Chapter 112



 

ဝမ်ချီနှင့်လီယွီတို့က များများစားစား မတွေ့ဖူးကြချေ။ သူ ကျင်းကျိုးမှ ပြန်ရောက်စဉ်က လီယွီ သူ့ထံသို့ အကြိမ်အနည်းငယ် လာရောက်ခဲ့သည်။ သို့သော် ယောဖန်း၊ ယောထောင်တို့ကိုသာ တွေ့သွားခဲ့ရ၏။ လီယွီသည်လည်း ကျန်နေခဲ့လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

 

ဝမ်ချီက စိတ်တွင်းရှိ အံ့အားသင့်မှုကို လျစ်လျူရှုကာ လီယွီအား ခေါင်းညိတ်ပြလိုက်သည်။

“သခင်လေးလီ … မတွေ့တာကြာပြီ …”

 

“ဟုတ်ပါရဲ့ .. အချိန်တွေက မြှားတစ်စင်းလို အကုန်မြန်လိုက်တာ … ကျွန်တော်တို့မတွေ့တာ နှစ်နှစ်သုံးနှစ်လောက်ရှိပြီ …နေကောင်းရဲ့လား … သခင်လေးဝမ် …”

လီယွီက ယခင်မကျေမချမ်းဖြစ်မှုများကို ပြည်ဖုံးကားချထားပုံဖြင့် ပြုံးလျက်ဆို၏။


“ကောင်းပါတယ် …သခင်လေးလီ ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးပါ …”

ဝမ်ချီက ပြောလိုက်သည်။

 

လီယွီမှာ ယခင်က မောက်မာပြီး ဝံ့ကြွားသော သခင်လေးတစ်ဦးဖြစ်ကြောင်း ဝမ်ချီ အမှတ်ရ၏။ ထိုသူကအမြဲလိုလို အခြားလူများအား အပေါ်စီးမှ ဆက်ဆံလေ့ရှိသည်။ ယခုမူ သူသည်လည်း ပြောင်းလဲသွားလေပြီ။

 

သို့သော် ယခင်က လီယွီမှာ သူ၏ အစ်ကိုဖြစ်သူ လီဟောက်နှင့် လီမိသားစုအပေါ် မှီခိုလျက် မာနကြီးနေခဲ့ခြင်းဖြစ်၏။ နောက်ပိုင်း လီဟောက်အား အိမ်ရှေ့စံက အကျဉ်းချခဲ့ရာ လီယွီ၏ မာနများသည်လည်း ပျောက်ကွယ်သွားခြင်း ဖြစ်ရပေမည်။

 

သို့သော် လီယွီက သူ့ကိုယ်သူ ထိန်းထိန်းသိမ်းသိမ်း နေတတ်လောက်အောင် ထက်မြက်၏။

 

ဝမ်ချီ ထိုသို့တွေးနေစဉ်မှာပင် လီယွီက တိတ်ဆိတ်စွာ ရပ်နေသည့် ရွယ်ကွေ့ကို ကြည့်လိုက်သည်။

“သခင်လေးရွယ်လည်း ရှိနေတာပဲ …”

 

ရွယ်ကွေ့  “…”

 

ဝမ်ချီ “…”

 

ဝမ်ချီက သူ့အသံထဲရှိ ထေ့ငေါ့မှုများကိုပင် ခံစားမိနေသည်။

 

လီယွီက ရွယ်ကွေ့၏ မျက်နှာ အရုပ်ဆိုးသွားသည်ကို ကြည့်ရင်း ပါးစပ်ကိုအုပ်ကာ ရယ်လိုက်သည်။

“သခင်လေးရွယ်က နေမကောင်းဘဲ ဘာလို့အပြင်ထွက်လာတာလဲ …. ဒါက အရှေ့နန်းတော်မဟုတ်တာမို့ သနားအောင် ဟန်ဆောင်ပြရမယ့် အရှင့်သားလည်းမရှိပါဘူး … ဒီတော့ အရှင့်သားရှေ့မှာ ဟန်ဆောင်သလိုမျိုး သနားစရာပုံစံ မလုပ်ပါနဲ့လား …”

 

“မင်း … အဓိပ္ပာယ်မရှိတာတွေ …”

ရွယ်ကွေ့၏ ခန္ဓာကိုယ်တစ်ခုလုံး ဒေါသကြောင့် တုန်ရီလာပြီး ပြန်ရန်တွေ့လိုက်၏။

“အိမ်ရှေ့စံက ငါ့ကို နေခွင့်ပေးခဲ့တာ …”

 

လီယွီက ရယ်လိုက်သည်။

“ဘာတွေဟန်ဆောင်နေတာလဲ … ကျွန်တော် ခင်ဗျားလုပ်ခဲ့တာတွေကို ကြားမိပါတယ် … မြေပေါ်ဒူးထောက်ပြီး ငိုယိုမပြခဲ့ရင် အိမ်ရှေ့စံက မင်းကို နေခွင့်ပြုမယ်တဲ့လား…”

 

လိီယွီ၏ အသံမှာ နားဝင်ဆိုးလှပြီး ရွယ်ကွေ့၏ နှလုံးသားအား အလွယ်တကူ ထိမှန်သွားခဲ့သည်။

 

“မင်း … မင်း …”

ရွယ်ကွေ့က အတန်ကြာ အံ့အားသင့်နေပြီး ဒေါသတကြီး အော်လိုက်သည်။

 

လီယွီက ကျယ်လောင်စွာ ရယ်မောလိုက်၏။

 

သူတို့နှစ်ဦးက စဉ်းစားဉာဏ်ရှိစွာဖြင့် အသံကိုနိမ့်ထားခဲ့ကြသည်။ ထို့ကြောင့် အခြားလူများ၏ အာရုံကို မဆွဲဆောင်ခဲ့မိချေ။ သို့သော် ဝမ်ချီအတွက်မူ ဆူညံသည်ဟု ခံစားရ၏။

 

သူက ခေါင်းကိုက်လာသဖြင့် နဖူးအလယ်ကို ပွတ်လိုက်မိသည်။ သူ့စိတ်ထဲတွင် စကားလုံးငါးလုံး ပေါ်ထွက်လာ၏။

 

ထိုစကားလုံးများက စိတ်ကူးယဉ်ဆန်လွန်းလှသည်။

 

မိန်းမစိုးလေးက သူ့အား လာခေါ်သည့်အခါ ဝမ်ချီက ယောထောင်၊ ယောဖန်းတို့နှင့်အတူ မိန်းမစိုးလေး၏ နောက်သို့ လိုက်ပါလာခဲ့၏။

 

အပန်းဖြေစံအိမ်ထဲသို့ ရောက်ချိန်တွင် တစ်နေ့တာ ကုန်လွန်သွားပြီဖြစ်သည်။

 

မိန်းမစိုးလေးက အချိန်လင့်နေပြီဖြစ်သဖြင့် ကိုယ်လုပ်တော်ရုန်က မည်သည့် လှုပ်ရှားမှုကိုမှ ပြုလုပ်တော့မည် မဟုတ်ကြောင်းနှင့် အခန်းကိုယ်စီသို့ ဝင်ရောက်အနားယူနိုင်သည်ဟု မှာကြားလိုက်ကြောင်း ပြောခဲ့သည်။

 

ဝမ်ချီ ထွက်သွားပြီးမကြာမီ လီယွီက အနောက်မှ အော်ခေါ်လိုက်သည်။

“ဝမ်သခင်လေး စောင့်ပါဦး ….”

 

ဝမ်ချီက မစောင့်ချင်သော်လည်း ရွေးချယ်စရာမရှိဘဲ စောင့်ရတော့၏။

 

လီယွီက ဟောဟဲလိုက်နေသည်။ သူ၏ အစေခံနှစ်ဦးမှာလည်း ထို့အတူပင်။

 

ဝမ်ချီက စိတ်ရှည်ရှည် မေးလိုက်၏။

“သခင်လေးလီ ဘာများဖြစ်လို့လဲ …”

 

“ဘာလို့ ကျွန်တော့်ကို မခေါ်တာလဲ … ကျွန်တော်တို့က တစ်နေရာထဲမှာ နေရမှာလေ … ဒီတော့ လမ်းချင်းအတူတူပဲ …”

လီယွီက ရင်ဘတ်ကိုပုတ်ရင်း မကျေမနပ်ဆို၏။


ဝမ်ချီ ကြောင်အသွားသည်။

“ဟမ် …”

 

ဝမ်ချီ၏ တုံ့ပြန်မှုကြောင့် လီယွီက ချက်ချင်း နားလည်လိုက်၏။

“ဝမ်သခင်လေး မသိသေးဘူးပဲ … ကျွန်တော်တို့က ကျန်တဲ့ ကိုယ်လုပ်တော်တွေနဲ့ အတူတူနေရမှာ … ကိုယ်လုပ်တော်ရုန်က အဲဒီ့လိုစီစဉ်ထားတာလေ …”

 

ဝမ်ချီ “…”

 

လီယွီက ရုတ်တရက် နာကျင်သွားဟန်ဖြင့် ရင်ဘတ်ကို ပုတ်လိုက်သည်။ ထို့နောက် ဝမ်ချီအား သနားစဖွယ် ကြည့်လိုက်၏။

“ဝမ်သခင်လေးနဲ့ ရင်းနှီးနိုင်ပြီဆိုပြီး ကျွန်တော်က ပျော်နေခဲ့တာ … ဒါပေမယ့် သခင်လေးက ကျွန်တော့်ကို ဒီလောက်ထိ ရွံရှာနေတာပဲ … သနားစရာပဲ … ကျွန်တော့်နှလုံးသားလေး ကွဲကြေသွားရပြီ …”

 

ဝမ်ချီ “…”

 

မေ့လိုက်တော့ … ငါ မလုပ်နိုင်ဘူး …

 

ထို့နောက် ဝမ်ချီက လှည့်ထွက်သွားလိုက်၏။


“အာ … ဝမ်သခင်လေးဝမ် ဘာလို့ မြန်မြန်လျှောက်နေတာလဲ … သခင်လေး စောင့်ပါဦး …”

လီယွီက ဝမ်ချီအနောက်သို့ လိုက်လာ၏။ သူက ဝမ်ချီအား အချိန်အတော်ကြာ နှောင့်ယှက်ခဲ့ပြီးမှသာ သူ၏ ရည်ရွယ်ချက် အစစ်အမှန်ကို ထုတ်ပြောလာသည်။ 

“ဝမ်သခင်လေး … ကျွန်တော်က အလိုနည်းပါတယ် …”

 

ဝမ်ချီ၏ စိတ်ထဲ၌ အချက်ပေးသံများ မြည်ဟည်းလာ၏။

 

ဝမ်ချီ မငြင်းနိုင်မီ လီယွီက ဝမ်ချီ၏ အရှေ့သို့ ပြေးလာခဲ့သည်။

“ကိစ္စကြီးကြီးမားမား မဟုတ်ပါဘူး … အိမ်ရှေ့မင်းသား ဘယ်မှာနေလဲဆိုတာ သိချင်တာပါ ...”

 

ဝမ်ချီက ခဏငြိမ်သွားပြီး ပြောလိုက်သည်။

“အရှေ့နန်းတော်မှာလေ …”

 

“…”

လရောင်အောက်ရှိ လီယွီ၏ လှပသော မျက်နှာလေးကသိသိသာသာ ပျက်ယွင်းသွားသည်။

“အရှေ့နန်းတော်မှာနေမှန်း ကျွန်တော်သိပါတယ် … ဒီအပန်းဖြေစံအိမ်မှာ အိမ်ရှေ့စံ ဘယ်ခြံဝန်းမှာ ရှိနေလဲ သိချင်တာပါ …”

 

ဝမ်ချီ ပါးကိုကုတ်လိုက်သည်။

“အိမ်ရှေ့စံက ဒီမှာလား …”

 

လီယွီ တိတ်ကျသွား၏။ သူ့အမူအရာတစ်ခုလုံးတွင် ထိတ်လန့်မှုများ ပြည့်နေသည်။

 

ဝမ်ချီက လီယွီ၏ တုံ့ပြန်ပုံကို ကြည့်ပြီး တစ်စုံတစ်ခု မှားပြောမိသည်ဟု ထင်လိုက်မိ၏။ သူက အမြန်ပြောင်းပြောလိုက်သည်။

“ကျွန်တော်ပြောတာက … ဒီခရီးက ကိုယ်လုပ်တော်ရုန် စီစဉ်ထားတဲ့ နန်းတွင်းနန်းပြင် မိသားစုတွေနဲ့ အတူသွားကြတဲ့ အပန်းဖြေခရီးလေ … ဘာလို့ အိမ်ရှေ့စံမင်းသားက ဒီကိုရောက်နေမှာလဲ …”

 

လီယွီက သက်ပြင်းချကာ တီးတိုးပြောလိုက်သည်။ “နောက်ထပ် ရက်နည်းနည်းကြာရင် ကိုယ်လုပ်တော်ရုန်ရဲ့ မွေးနေ့လေ … အရှင့်သားတင်မဟုတ်ဘူး … မင်းကြီးလည်း ကိုယ်တိုင်လာရောက်ပြီး ချီးမြှင့်မှာ ….”

 

ဝမ်ချီ ကြောင်အသွားသည်။

 

ရှစ်ယဲ့ ဤအပန်းဖြေစံအိမ်ကို လာရောက်မည်ဖြစ်ကြောင်း သိလိုက်ချိန်၌ သူ ဆောက်တည်ရာမရဖြစ်သွား၏။ လက်ရှိအခြေအနေအရ ရှစ်ယဲ့က သူ့အား အရှေ့နန်းတော်မှ ချက်ချင်းထွက်သွားရန် နှင်ထုတ်လိုက်နိုင်သည်။

 

လီယွီက ဝမ်ချီ၏ အတွေးများကို မသိခဲ့ချေ။ သို့သော် ဝမ်ချီ၏ အမူအရာကို ကြည့်ပြီး သူလိုချင်သည့်အဖြေ မရနိုင်ကြောင်း နားလည်သွား၏။

 

လီယွီ ပြောစရာစကားမရှိ ဖြစ်သွားသည်။

 

သူက ဤခရီးအတွက် များစွာ ပြင်ဆင်ခဲ့သည်။ အိမ်ရှေ့စံမင်းသား သူ့ကို ကြည့်လာသရွေ့၊ အိမ်ရှေ့စံမင်းသား သူ့နေရာ၌ တစ်ညတာ အိပ်စက်သရွေ့ နဂါးမျိုးစေ့အား သူလွယ်နိုင်မည်ဖြစ်၏။

 

ယခုအခါ ညီလာခံတစ်ခုလုံး ကသောင်းကနင်း ဖြစ်နေသည်။ မင်းကြီးက နာမကျန်းဖြစ်နေပြီး မကြာမီ နတ်ရွာစံတော့မည် ဖြစ်သည်။ အိမ်ရှေ့စံမင်းသား ထီးနန်းဆက်ခံရမည့် နေ့မှာလည်း နီးကပ်လာလေသည်။

 

ထိုအချိန်၌ မှူးမတ်များနှင့် အရာရှိများသာမက သူတို့သည်လည်း ပြောင်းလဲမှုများကို ရင်ဆိုင်ရလိမ့်မည်သာ။

 

သူ အိမ်ရှေ့စံမင်းသား၏ ကလေးကို လွယ်နိုင်သရွေ့၊ အိမ်ရှေ့စံမင်းသား၏ အကြီးဆုံးသားကို မွေးဖွားပေးနိုင်သရွေ့ အမြင့်ဆုံးနေရာသို့ မတက်နိုင်လျှင်ပင် အစားအစာနှင့် အဝတ်အထည်တို့အတွက် ပူစရာမလိုဘဲ နေနိုင်ပေလိမ့်မည်။

 

လီယွီက ဝမ်ချီ့ထံမှ တစ်စုံတစ်ခုရလိမ့်မည်ဟု မျှော်လင့်ခဲ့၏။ သို့သော် သူက စိတ်ပျက်သွားခဲ့ရသည်။

 

လီယွီက အံကြိတ်ကာ သံကို အပူပေးရုံဖြင့် သံမဏိဖြစ်မလာခြင်းအပေါ် မုန်းတီးလာ၏။

 

ဝမ်ချီက အရမ်းစိတ်ပျက်ဖို့ကောင်းတယ် …

 

ငါသာ ဝမ်ချီ့လို ဆက်ဆံခံရရင် ငါနဲ့အရှင့်သားရဲ့ ကလေးတွေက အခုလောက်ဆို ပြေးလွှားကစားနေကြပြီ … အခုလိုမျိုး လျှောက်တွက်နေစရာလည်း မလိုတော့ဘူး …

 

ထို့အပြင် ဝမ်ချီက အိမ်ရှေ့စံအား ဂရုမစိုက်သလို၊ အိမ်ရှေ့စံ မည်သည့်နေရာ၌ ရှိနေသည်လည်း မသိချေ။

 

လီယွီ ဒေါသတကြီးဖြင့် ထွက်သွားသည့်အချိန်၌ ဝမ်ချီက နားမလည်ဟန်ဖြင့် ကျန်ရှိနေခဲ့၏။

 

သူ သတိပြန်ဝင်လာသည့်နောက် ယောဖန်းနှင့် ယောထောင်တို့အား ကြည့်လိုက်သည်။

“သူ ဘာဖြစ်သွားတာလဲ …”

 

ယောဖန်းက ခန့်မှန်းလိုက်၏။

“သခင်လေးလီမှာ အရေးတကြီးလုပ်စရာပေါ်လာလို့ ထင်တယ် ...”

 

ဝမ်ချီက ခဏတွေးလိုက်သည်။ ယောဖန်း၏ ခန့်မှန်းမှုကအဓိပ္ပာယ်ရှိ၏။ ထို့ကြောင့် သူက ခေါင်းညိတ်ကာ လီယွီ၏ ရိုင်းပျမှုအား ခွင့်လွှတ်လိုက်တော့သည်။

 

…..

 

ဝမ်ချီ နေထိုင်ရသည့် ခြံဝန်းက အစွန်အဖျားကျပြီး တိတ်ဆိတ်၏။ သူ့အိမ်အနောက်ဘက်တွင် ပန်းချီတစ်ချပ်နှယ် လှပသည့် ဆွတ်ဆွတ်ဖြူသော ဝါးရုံတောလေးရှိနေသည်။

 

ကံမကောင်းစွာဖြင့် အဆိုပါ တိတ်ဆိတ်မှုက တစ်ညသာ ခံခဲ့သည်။

 

နောက်တစ်နေ့မနက် ဝမ်ချီ မနက်စာစားပြီးချိန်၌ အပြင်ဘက်မှ ရန်ဖြစ်သံများ ကြားလိုက်ရ၏။

 

ယောဖန်းက အပြင်ဘက်သို့ စိတ်လှုပ်ရှားစွာ ပြေးသွားလိုက်သည်။ သူမ ပြန်လာချိန်၌ သူမ၏နှုတ်ခမ်းများမှာ ကွေးတက်နေ၏။

“သခင်လေးလီနဲ့ သခင်လေးရွယ်တို့ အချေအတင် ဖြစ်နေကြတာပါ …”

 

ယောထောင်က ရယ်လိုက်သည်။

“ထားလိုက်ပါ …. သခင်လေး ကျင်းကျိုးကို သွားတုန်းကဆို သူတို့က တစ်နေကုန် သွားလိုက်လာလိုက်နဲ့ ရန်ဖြစ်နေကြတာ … ကြက်ဖတွေလိုပဲ …”

 

ယောဖန်းက ရယ်လျက်ပြောသည်။

“ငါသိပြီ .. သူတို့က ခွေးရူးတွေလိုပဲကိုး …”

 

ချန်းရှစ်အချိန်(မနက် ၇ နာရီနဲ့ ၉နာရီကြား)တွင် ကိုယ်လုပ်တော်ရုန်အား ခစားရသည့် မိန်းမစိုးလေးက သူတို့အား လာရောက်ဖိတ်ကြားသည်။ လီယွီနှင့်ရွယ်ကွေ့တို့သည်လည်း ရန်ပွဲကို အဆုံးသတ်လိုက်ကြ၏။


ဝမ်ချီ အခန်းအပြင်သို့ လျှောက်လာချိန်၌ ရွယ်ကွေ့၏ မျက်ဝန်းများ နီရဲနေသည်ကို တွေ့လိုက်ရသည်။ လီယွီကမူ ရက်စက်သည့်အပြုံးတစ်ခုနှင့် ရှိနေ၏။

 

ဝမ်ချီက လီယွီအား မမြင်ချင်ယောင်ဆောင်ကာ ခေါင်းငုံ့လျက် မိန်းမစိုးလေးထံသို့ လျှောက်သွားလိုက်သည်။

 

သူတို့က ခမ်းခမ်းနားနား လာရောက်ခဲ့ကြသည့်တိုင် အမှန်တွင် ကိုယ်လုပ်တော်ရုန်က လူအယောက်သုံးဆယ်ကိုသာ အပန်းဖြေစံအိမ်သို့ ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။ သို့သော် အားလုံးက အနည်းဆုံး အစေခံတစ်ဦးစီ ခေါ်ဆောင်ခဲ့ကြသဖြင့် ဥယျာဉ်တစ်ခုလုံး ပြည့်နှက်နေ၏။

 

ကိုယ်လုပ်တော်ရုန်က လက်ဖက်ရည်၊ အဆာပြေမုန့်များ၊ ကချေသည်များ၊ တေးဆိုသူများဖြင့် ခမ်းခမ်းနားနား ပြင်ဆင်ထားခဲ့သည်။ သို့သော် အမှန်တွင် သူမ၏ စကားလုံးများက အားလုံးအား ဤကဲ့သို့ အရေးကြီးသည့် ကာလ၌ မည်သည့် လှုပ်ရှားမှုကိုမှ မပြုကြရန် သတိပေးခြင်းသာ ဖြစ်သည်။

 

အားလုံးကလည်း ၎င်းကို နားလည်ကြ၏။

 

အဆုံးသတ်တွင် အေးစက်သော ဆောင်းတွင်းနံနက်ခင်း၌ နှင်းများဖုံးလွှမ်းနေသော တောင်သို့ ခရီးထွက်ခဲ့ခြင်းကပင် သတိပေးချက်ကို ပို၍ထင်ရှားစေခဲ့သည်။

 

ကိုယ်လုပ်တော်ရုန်က လူတစ်ယောက်ကို ရိုက်ချခြင်းကိုသာမက၊ ချိုသာစွာ ဆက်ဆံခြင်းကိုပါ နားလည်သူဖြစ်၏။ သူမက ဖိတ်ကြားထားသူ အားလုံးကို ရိုက်ချပြီးနောက် အားလုံးအတွက် ပြင်ဆင်ထားသည့် လက်ဆောင်လေးများအား မိန်းမစိုးငယ်များမှတစ်ဆင့် ပေးစေခဲ့သည်။

 

နောက်ငါးရက်အကြာ၌ ကိုယ်လုပ်တော်ရုန်၏မွေးနေ့ ကျရောက်မည်ဖြစ်ပြီး မွေးနေ့အား ထိုနေ့ညနေတွင် ကျင်းပမည်ဖြစ်သည်။ ထို့ကြောင့် ဤငါးရက်တာကာလတွင် အားလုံးက အပန်းဖြေစံအိမ်အနှံ့ လွတ်လပ်စွာ လျှောက်သွားနိုင်၏။

 

ဝမ်ချီက အိမ်သို့ ပြန်လာကာ မိန်းမစိုးလေးထံမှ ရခဲ့သည့် လက်ဆောင်ဘူးကို ဖွင့်လိုက်သည်။ အနီရောင်ကြိုးစဖြင့် ရစ်ပတ်ထားသည့် အဖြူရောင် ကြွေပုလင်းလေးတစ်ခုက ဘူးထဲတွင် နေရာယူလျက်ရှိ၏။ ထိုပုလင်းထဲ၌မူ အရည်ကြည်တစ်မျိုး ရှိနေသည်။

 

ဝမ်ချီက ထိုအရည်ကြည်များကို သူ့လက်တွင်းသို့ လောင်းချလိုက်၏။ ရနံ့ဖျော့ဖျော့က လေထုတစ်ခုလုံး ပျံ့နှံ့သွားခဲ့သည်။

 

ဝမ်ချီက ခေါင်းငုံ့ကာ သူ့လက်ဖဝါးသူ အနံ့ခံလိုက်သည်။ ထိုရနံ့က ခေတ်သစ်ရှိ အလှဆီများနှင့် ခပ်ဆင်ဆင်ရှိ၏။

 

ယောဖန်းသည်လည်း အနားသို့ကပ်လာသည်။

“မွှေးလိုက်တာ …”

 

ယောထောင်က ယောဖန်းအနောက်မှ လိုက်ပါလာ၏။ သူမက ဝမ်ချီ၏ လက်ဖဝါးထဲရှိ အမွှေးဆီကို ကြည့်ရင်း ရှင်းပြလိုက်သည်။

“ကိုယ်လုပ်တော်ရုန်ရဲ့ မိခင်ဘက်က အမွှေးဆီလုပ်တဲ့နေရာမှာ အရမ်းတော်ကြတယ်လေ … နန်းတော်ထဲက အမွှေးဆီအများစုက သူမရဲ့မိခင်ဘက်က မိသားစုထုတ်လုပ်တာတွေပဲ …”

 

ယောဖန်းက ခေါင်းလေးစောင်းလိုက်သည်။

“ဒါက ဘယ်လိုသုံးရတာလဲ … ”


ယောထောင်က ပြောသည်။

“ရေချိုးတဲ့အခါ အရည်နှစ်စက်ထည့်လိုက်ရုံပဲလို့ ငါ ကြားဖူးတယ် …”

 

ယောထောင်၏ စကားကြောင့် ဝမ်ချီက ဤအပန်းဖြေစံအိမ်တွင် ရေပူစမ်းရှိကြောင်း သတိရသွားကာ စိတ်လှုပ်ရှားလာ၏။



💮💮💮