Chapter 111
Viewers 36k

💮Chapter 111


 

ဂိတ်ပေါက်သို့သွားခြင်းက အချည်းနှီးပင်ဖြစ်ရာ သူက နံရံကို ကျော်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

 

ဝမ်ချီက ကိုယ်ဖော့ပညာဖြင့် ဂိတ်ပေါက်နံဘေးရှိ နံရံသို့ ပျံသွားလိုက်၏။

 

နံရံသို့ ရောက်လုဆဲဆဲမှာပင် သူ့ခန္ဓာကိုယ်က မမြင်နိုင်သည့်လက်များဖြင့် အဆွဲခံရသကဲ့သို့ ရပ်တန့်သွားသည်။

 

ဝမ်ချီ ပြုတ်ကျလာ၏။

 

ကံကောင်းစွာဖြင့် သူက ခန္ဓာကိုယ်အား အချိန်မီလှည့်ပတ်ကာ မြေပေါ်သို့ လက်တစ်ဖက်ထောက်လျက် ကျလာခဲ့သည်။ ထို့ကြောင့် သူက ရှက်စရာကောင်းအောင် ပြုတ်မကျခဲ့ချေ။

 

ဝမ်ချီက နောက်ထပ် အကြိမ်အနည်းငယ် ကြိုးစားလိုက်၏။ သို့သော် ရလဒ်မှာ အတူတူပင်။ သူက အရှေ့နန်းတော်မှ ထွက်ခွာသွားမည်ဟူသော စိတ်ကူးကို မတွေးဘဲနေရန် ကြိုးစားသည့်တိုင် သက်ရောက်မှုမရှိခဲ့ချေ။

 

သူက ဝါးပလွေအိမ်တော်ထဲ၌ ပိတ်မိနေသည်ဟု ထင်ရ၏။

 

ယောဖန်းက အသံကို ကြားသည်နှင့် သူ့ထံပြေးလာသည်။ သူမက မြေပေါ်တွင် ဟောဟဲလိုက်နေသည့် ဝမ်ချီအား ကြည့်လိုက်၏။

“သခင်လေး … ဘာလုပ်နေတာလဲ …”

 

ဝမ်ချီ ခေါင်းယမ်းလိုက်သည်။

“ဘာမှမဟုတ်ဘူး …”

 

ယောဖန်းက မနက်ကကိစ္စကို သတိရသွား၍ သူမက ပျော်ရွှင်မှုနှင့် နားမလည်မှုကို ခံစားလိုက်ရ၏။ သူမ ခဏအကြာတွင် သက်ပြင်းချကာ ဆိုသည်။

“သခင်လေး … တကယ် မထွက်သွားတော့ဘူးလား …”

 

ဝမ်ချီ သက်ပြင်းချကာ ဟမ့်ခနဲ အသံပြုလိုက်သည်။

 

သူက ထွက်မသွားချင်ခြင်းမဟုတ်ဘဲ အရှေ့နန်းတော်၌သာ နေနိုင်ခြင်းဖြစ်၏။

 

ယောဖန်းက ဝမ်ချီ၏ အဖြေကြောင့် ပျော်ရွှင်သွားသည်။ 

“ကောင်းလိုက်တာ သခင်လေး … မနက်ဖြန် ကျွန်မ မိန်းမစိုးကျိုးကို စကားပြောကြည့်လိုက်ပါ့မယ် … အိမ်ရှေ့စံက သခင်လေးကို ကြင်နာတာပဲလေ … နားလည်မှုလွဲတာပဲ ဖြစ်မှာပါ …”

 

ဝမ်ချီက ခဏစဉ်းစားလိုက်၏။ ထို့နောက် ယောဖန်းအား ကန့်ကွက်မနေတော့ဘဲ အပြုံးနှင့်သာ တုံ့ပြန်လိုက်သည်။ 

“ဒါဆို မင်းနဲ့ပဲလွှဲထားလိုက်မယ် …”

 

သူ အရှေ့နန်းတော်မှ ထွက်မသွားသည့် သတင်းက ရှစ်ယဲ့၏ နားထဲသို့ အနှေးနှင့်အမြန် ရောက်သွားမည်ပင်။ ထို့ကြောင့် သူက ရှစ်ယဲ့အား ဦးစွာသွားရှာလိုက်ပြီး ကိစ္စများကို ဖြေရှင်းသင့်၏။

 

ဒါပေမယ့် ငါက ဘာလို့တုန်း …

 

ဝမ်ချီက ရှစ်ယဲ့အား ကျောက်တုံးအကြောင်း ရုတ်တရက် ပြောပြချင်စိတ်‌ ပေါ်လာသည်။ သို့သော် သူက ထိုအတွေးကို ခပ်မြန်မြန် ဖိနှိပ်လိုက်၏။

 

သူ ပိုပြောလေလေ၊ သူ့အကြောင်းများ ပေါ်လေလေဖြစ်လိမ့်မည်။ ဤခေတ်ရှိ လူများက တစ္ဆေမျာကို ကြောက်ကြ၏။ ထို့ကြောင့် သူ့အကြောင်းများ ပေါ်သွားပါက သူ့အား နတ်ဆိုးအဖြစ် သတ်မှတ်ကြပေလိမ့်မည်။

 

ဝမ်ချီက ယောဖန်းအား ထွက်သွားခိုင်းလိုက်ပြီးနောက် အနားယူရန် အခန်းသို့ ဦးတည်လိုက်သည်။

 

လမ်းအနည်းငယ် လျှောက်ပြီးချိန်၌ တစ်စုံတစ်ခုအား သတိပြုမိသွားကာ လှည့်ကြည့်လိုက်၏။ သူ့ဦးနှောက်က မတုံ့ပြန်နိုင်မီ သူ့ခန္ဓာကိုယ်က ကိုယ်ဖော့ကာ ပျံသန်းသွားလေသည်။

 

ထူထဲသော အကိုင်းအခက်များ၏ အနောက်ဘက်၌ အရပ်ရှည်ရှည် ပုံရိပ်တစ်ခုရှိနေ၏။

 

ဝမ်ချီက စကားတစ်ခွန်းမှမဆိုဘဲ ထိုသူအား လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

 

တစ်ဖက်လူက ဝမ်ချီရုတ်တရက် တိုက်ခိုက်လာမည်ဟု မမျှော်လင့်ထားပုံပင်။ သူက ခဏကြောင်သွားကာ သူ့အား ထိတော့မည့် ဝမ်ချီ၏လက်ကို အမြန်ရှောင်တိမ်းလိုက်၏။

 

ဝမ်ချီက ဆက်လက်တိုက်ခိုက်လိုက်သည်။

 

ထိုသူသည်လည်း ဆက်လက်ရှောင်တိမ်းနေ၏။ သူက ဝမ်ချီနှင့် တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိဘဲ လှည့်ပြေးရန်သာ ကြိုးစားခဲ့၏။ သို့သော် ဝမ်ချီက ၎င်းကို ခန့်မှန်းမိပြီးဖြစ်ရာ ထိုသူ၏ လမ်းအား ပိတ်ဆို့ထားနှင့်လေသည်။

 

ဝမ်ချီက သူ၏ခွန်အား ကိုးဆယ်ရာခိုင်နှုန်း အသုံးပြုခဲ့သည်။ သို့သော် ၎င်းတို့က အရာမရောက်ခဲ့ချေ။ သူက လက်ဦးမှုရယူလိုက်၍သာ တစ်ဖက်လူက သတိလက်လွတ် ဖြစ်သွားခဲ့ခြင်းဖြစ်၏။

 

ထိုသူက သစ်ကိုင်း တစ်ခုပြီးတစ်ခုပြောင်းကာ ဆက်လက်ရှောင်တိမ်းနေသည်။ ဝမ်ချီ၏ စိတ်ပိုင်းဖြတ်ထားပုံကြောင့် သူက ဝမ်ချီ၏ရင်ဘတ်ကို ရုတ်တရက် လက်ပြန်ရိုက်လိုက်သည်။

 

ထိုသူက ဝမ်ချီအားရိုက်ရာတွင် အတွင်းအားကိုပင် မသုံးခဲ့ဘဲ ဤအတိုင်း တွန်းလိုက်ခြင်းဟုပင် ဆိုနိုင်၏။

 

ဝမ်ချီက တိုက်ခိုက်ရာ၌ အပြည့်အဝ အာရုံစိုက်ထားခဲ့သည်။ သို့သော် သူက ရုတ်တရက် အတွန်းခံလိုက်ရသဖြင့် အကူအညီမဲ့မှုကို ခံစားလိုက်ရ၏။

 

ဝမ်ချီ ကြောင်သွားသည့်အလျောက် ကိုယ်ဖော့ပညာသည်လည်း ရပ်တန့်သွားကာ ချက်ချင်း ပြုတ်ကျသွားရသည်။

 

သစ်ကိုင်းပေါ်၌ ရပ်နေသူက ထိုအရာကို တွေ့သည်နှင့် ဝမ်ချီ၏ ခါးကို အမြန်ဖမ်းလိုက်၏။ ထို့နောက် လေထဲတွင် တစ်ပတ်လှည့်ကာ နှစ်ဦးအတူ ထိခိုက်ဒဏ်ရာမရှိဘဲ မြေပေါ်သို့ ဆင်းသက်လာကြသည်။

 

ဝမ်ျီ၏ မျက်နှာက ဖြူလျော်နေပြီး သူ့နှလုံးသားသည်လည်း လည်ချောင်းမှ ခုန်ထွက်မတတ် ဖြစ်နေ၏။ ထို့နောက် သူက ထိုသူ၏ လက်မောင်းအကြားမှ ရုန်းထွက်လိုက်သည်။

 

ဝမ်ချီက ထိုသူအား ကြည့်လိုက်၏။

“ကျေးဇူးပါ …”

 

ထိုအခါမှသာ ဝမ်ချီက အမျိုးသား၏မျက်နှာအား အနက်ရောင်အဝတ်စဖြင့် ကာထားသည်ကို သတိပြုမိလိုက်သည်။ သူ၏ ဆံနွယ်များကမူ နဖူးနှင့် မျက်ဝန်းများအား ဖုံးအုပ်လုနီးနီးဖြစ်နေ၏။ သူက အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ့ခန္ဓာကိုယ်သည်လည်း မြူဆိုင်းသောညနှင့် တစ်သားထဲလိုလို ဖြစ်နေ၏။

 

ဝမ်ချီ၏ စကားကြောင့် အမျိုးသားက ခေါင်းညိတ်လိုက်သည်။


ဝမ်ချီက နှာခေါင်းတရှုံ့ရှုံ့လုပ်လိုက်သည့်အခါ ရင်းနှီးနေသော ရနံ့ကို ရခဲ့သည်။ ထို့အပြင် ထိုရနံ့က ရှစ်ယဲ့ထံမှ ရနေကျရနံ့ဖြစ်၏။

 

သို့သော် ထိုအချက်ကြောင့် ဝမ်ချီက သူ့အား မှတ်မိသွားခဲ့ခြင်း မဟုတ်ပေ။

 

အဓိကအချက်မှာ …

 

ရုပ်ဖျက်ချင်ရင်လည်း သေချာဝတ်စားလာလေ … မျက်နှာပဲကာပြီး အနက်ရောင်ဝတ်ရုံနဲ့ ရရောလား …

 

ဝမ်ချီက ရုတ်တရက် “ငါ့ရဲ့မင်းသားလေး” ဟူသည့် ဇာတ်လမ်းကို သတိရသွားသည်။ အဓိကဇာတ်ဆောင်နှစ်ဦးက မျက်နှာထက်တွင် အဝတ်နက်များ အုပ်ကာ အမျိုးသမီးဇာတ်ဆောင်နှစ်ဦးအား အကျဉ်းခန်းအတွင်းမှ ကယ်ထုတ်ကြသည့် ဇာတ်ဝင်ခန်းက ထိုဇာတ်လမ်းထဲတွင် ပါဝင်၏။

 

သို့သော် သူတို့အား မြင်ဖူးသည့်လူတိုင်း သူတို့ကို တစ်စက္ကန့်အတွင်း မှတ်မိနိုင်ပေလိမ့်မည်။

 

ဝမ်ချီက ထိုဇာတ်ကြောင်းမှာ ဇာတ်လမ်းတွဲများထဲ၌သာ ပါသည်ဟု တွေးခဲ့မိ၏။ ယခုအခါ သူ့မျက်စိရှေ့တွင် မျက်ဝါးထင်ထင် တွေ့လိုက်ရလေသည်။

 

သူက အသိပြန်ဝင်လာပြီးနောက် ခပ်ရွဲ့ရွဲ့ပြောလိုက်၏။ 

“အရှင့်သားရဲ့ စိတ်ဝင်စားမှုကို ဒီလိုပုံစံနဲ့တွေ့ရမယ်လို့ မျှော်လင့်မထားခဲ့ဘူး … တကယ်ဆို သစ်ပင်နောက်မှာ ပုန်းနေမယ့်အစား ကျွန်တော့်ကို တိုက်ရိုက်လာရှာသင့်တာ မဟုတ်လား … တံခါးဝကနေ ဝင်လာပြီးတော့လေ …”

 

ရှစ်ယဲ့က ပြောလိုက်သည်။

“မင်းက ပန်ကုန်းကို မှတ်မိတယ်လား…”

 

ဝမ်ချီ  “…”

 

ထိုစဉ် ဝမ်ချီ နှင်ထုတ်လိုက်သည့် ယောဖန်းက ပြန်လာ၏။ 

“သခင်လေး … ဒီအစေခံက အဆာပြေမုန့် ပြင်ဆင်ပေးပါ့မယ် … သခင်လေး အိပ်မပျော်လို့လား … ဒါဆို တစ်ခုခု စားပြီး …”

 

သူမက စကားမဆုံးသေးမီ ဝမ်ချီအရှေ့၌ ရပ်နေသည့် ရှစ်ယဲ့အား တွေ့လိုက်ရ၏။

 

ယောဖန်းက သိသိသာသာ တုန်လှုပ်သွားသည်။ သူမက ဗန်းကိုကိုင်ကာ တစ္ဆေတစ်ကောင်အား တွေ့လိုက်ရသကဲ့သို့ ကြောက်ရွံ့စွာ ခေါင်းငုံ့လိုက်၏။

“အရှင့်သား … ဒီအစေခံကို ခွင့်လွှတ်ပါ … အရှင့်သား ရောက်လာမယ်မှန်း တကယ်မသိခဲ့တာပါ …”

 

ရှစ်ယဲ့ “….”

 

ရှစ်ယဲ့က မည်သို့မှ မပြောသည့်တိုင် သူ၏ တိတ်ဆိတ်မှုက သူ့စိတ်အခြေအနေအား ထင်ဟပ်စေလျက်ရှိသည်။

 

ယောဖန်း မည်သို့မှမပြောနိုင်မီ ရှစ်ယဲ့က လိပ်ပြာလေးတစ်ကောင်ကဲ့သို့ ပျံသန်းသွား၏။ မျက်တောင်တစ်ခတ်အတွင်း သူက ယောဖန်းနှင့် ဝမ်ချီတို့၏မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။

 

ယောဖန်းက ကြောင်အသွားကာ ဝမ်ချီအား ကြည့်လိုက်သည်။

“သခင်လေး … အရှင့်သား ဘာဖြစ်သွားတာလဲ …”

 

ဝမ်ချီက ဌာပနာမုန့်တစ်ခုအား ကောက်ယူကာ ပါးစပ်ထဲထည့်လိုက်သည်။ မုန့်အား မြိုချလိုက်ပြီးမှ သူက ပြောလိုက်၏။

“သူ ငါတို့ကို စိတ်ဆိုးသွားတာ …”

 

ယောဖန်း : “ဟင်…”

 

ဝမ်ချီ ခေါင်းယမ်းလိုက်ပြီး အိမ်ထဲသို့ လျှောက်သွားလိုက်၏။

 

…..

 

နောက်ပိုင်းရက်များတွင် ဝမ်ချီက လိမ်လိမ်မာမာဖြင့် ဝါးပလွေအိမ်တော်ထဲ၌သာ ရှိနေလေသည်။

 

သူက ဝါးပလွေအိမ်တော်အပြင်ဘက်သို့ ခြေလှမ်းခြင်းမရှိသည့်တိုင် မိန်းမစိုးများထံမှ သတင်းများကိုမူ ကြားရသေးသည်။ လူပေါင်းများစွာက အရှေ့နန်းတော်မှ ဖယ်ထုတ်ခံလိုက်ရ၏။ ဝမ်ချီအပါအဝင် ကိုယ်လုပ်တော် ငါးဦးသာ ကျန်ရှိတော့၏။

 

ဝမ်ချီကမူ မိန်းမစိုးကျိုး မေးခွန်းလာထုတ်သည်အား ရင်ဆိုင်ရန် ပြင်ဆင်လျက်ရှိသည်။

 

သို့သော် ရက်အနည်းငယ် ကြာသည့်တိုင် ဝမ်ချီက မိန်းမစိုးကျိုးအား မတွေ့ခဲ့ရချေ။ သို့သော် ကိုယ်လုပ်တော်ရုန်က တောင်စခန်းသို့ သွားရောက်အပန်းဖြေသည်ဟူသော သတင်းကိုမူ ကြားခဲ့ရ၏။

 

မူလက ဝမ်ချီ ထိုကိစ္စအား ဂရုမစိုက်ချေ။ သို့သော် ကိုယ်လုပ်တော်ရုန် စေလွှတ်လိုက်သည့် မိန်းမစိုးထံမှတစ်ဆင့် သူ့ထံသို့ ဖိတ်စာတစ်စောင် ရောက်လာခဲ့လေသည်။

 

မိဖုရားဟွား သေဆုံးချိန်မှစ၍ အနောက်ဆောင်က ပိုင်ရှင်မဲ့ခဲ့သည်။ အနောက်ဆောင်တွင် ရာထူးအကြီးဆုံးနှင့် မင်းကြီးထံမှ မျက်နှာသာပေး အခံရဆုံး ကိုယ်လုပ်တော်ရုန်က မိဖုရားကြီး၏တာဝန်များကို ယူခဲ့လေသည်။

 

နှစ်စဉ်နှစ်တိုင်း နှင်းများကျဆင်းမှု ရပ်တန့်သွားချိန်၌ ကိုယ်လုပ်တော်ရုန်က နန်းတော်အတွင်းအပြင်ရှိ မိဖုရားများ၊ ကိုယ်လုပ်တော်များ၊ မိသားစုဝင်များကို စုဝေးကာ တောင်ပေါ်ရှိ အပန်းဖြေစခန်းသို့ သွားရောက်လေ့ရှိသည်။

 

မင်းကြီးက လွန်ခဲ့သည့်နှစ်နှစ်လုံး ဖျားနာနေခဲ့ရာ ကိုယ်လုပ်တော်ရုန်သည်လည်း ထိုအစီအစဉ်ကို မပြုလုပ်နိုင်ခဲ့ချေ။ သူမက ယခုအခါ လူများ၏ နှလုံးသားများ မငြိမ်မသက်ဖြစ်နေသည်ကို တွေးမိသဖြင့် ၎င်းအစဉ်အလာကို အသုံးပြုကာ နှစ်သိမ့်ပေးလိုခြင်း ဖြစ်ရပေမည်။

 

ဝမ်ချီက မိန်းမစိုးငယ်အား ထိုအကြောင်း စုံစမ်းစေခဲ့သည်။ အရှေ့နန်းတော်၌ ကိုယ်လုပ်တော်ရုန်၏ ဖိတ်ကြားမှုအား ကိုယ်လုပ်တော်ငါးဦးသာ လက်ခံရရှိခဲ့ကြောင်း သူ ပြန်ကြားခဲ့ရလေသည်။

 

မျက်တောင်တစ်ခတ် အတွင်းမှာပင် ဖိတ်ကြားစာထဲရှိ နေ့ရက်သို့ ရောက်ရှိလာ၏။

 

ဝမ်ချီက အပန်းဖြေသည့်နေရာသို့ မသွားချင်ခဲပေ။  အတိအကျဆိုရလျှင် သူက ထိုလူများနှင့်အတူတူ မသွားလိုခြင်းဖြစ်သည်။ ထို့ကြောင့် သူက ဖျားနာဟန်ဆောင်ရန် ကြံရွယ်ခဲ့၏။ သို့သော် ကိုယ်လုပ်တော်ရုန်က သူ့ထံသို့ မိန်းမစိုးနှစ်ဦးအား စေလွှတ်ပေးခဲ့လေသည်။

 

မိန်းမစိုးငယ်နှစ်ဦး၏ ဝေဆာလှသော ဖိတ်ကြားမှုကြောင့် ဖျားချင်ယောင်မဆောင်နိုင်ခဲ့သည့် ဝမ်ချီက မသွားလိုသည့် အကြောင်းပြချက်ကိုလည်း ရှာချိန်မရခဲ့တော့ပေ။ သူက ယောဖန်းနှင့် ယောထောင်အား အမြန်ရှင်းလင်းခိုင်းကာ သုတ်ခြေတင်ရတော့၏။


ဤသို့ဖြင့် မြင်းလှည်းတန်းကြီးက အပန်းဖြေစံအိမ်သို့ ခရီးဆက်ခဲ့ကြသည်။

 

ကိုယ်လုပ်တော်ရုန်က အားလုံး၏ ရာထူးအလိုက် ‌လှည်းစီစဉ်ပေးထား၏။

 

အိမ်ရှေ့စံ၏ ကိုယ်လုပ်တော်အနေဖြင့် ဝမ်ချီသည်လည်း အခြားကိုယ်လုပ်တော်များနှင့်အတူ လှည်းတစ်စီးထဲ လိုက်ပါခဲ့ရသည်။

 

ထို့ကြောင့် ဝမ်ချီ ရထားလုံးထဲသို့ တက်လိုက်ချိန်၌ ထောင့်တစ်နေရာတွင် နုံးခွေစွာ ထိုင်နေသည့် ရွယ်ကွေ့ကို တွေ့လိုက်ရသည်။

 

ရွယ်ကွေ့က ကိုယ်အလေးချိန်များစွာ ကျဆင်းသွား၏။ သူက ယခင်ကဲ့သို့ မောက်မာထောင်လွှားခြင်း မရှိတော့ချေ။

 

ဝမ်ချီက ရွယ်ကွေ့အား မှတ်ပင် မမှတ်မိနိုင်ခဲ့ပေ။ သူတို့မတွေ့သည်မှာ နှစ်နှင့်ချီနေပြီဖြစ်ရာ သူက ရင်းနှီးနေသော မျက်နှာအား ကြည့်ရင်း ထိုသူ၏ အမည်ကို စဉ်းစားနေခဲ့သည်။

 

သို့သော် ရွယ်ကွေ့က နန်းတော်၌ ကျန်နေခဲ့ရသည့် အဖြစ်အား ဝမ်ချီ အံ့အားသင့်သွားခဲ့၏။ ရွယ်ကွေ့ ထွက်သွားသင့်သည်ဟု သူ တွေးခြင်းမျိုး မဟုတ်ပေ။ တစ်ဖက်လူက နောက်ဆုံးထွက်သက်ပင် ရှူထုတ်ရလုနီးနီး အပြစ်ပေးခံခဲ့ရသည့်တိုင် ယခုအချိန်ထိရှိနေခြင်းကို ဝမ်ချီ အံ့အားသင့်သွားခြင်းသာ ဖြစ်၏။

 

သိသာစွာပင် ရွယ်ကွေ့သည်လည်း ဝမ်ချီအား မှတ်မိလေသည်။ ဝမ်ချီအား တွေ့သွားသည့်နောက် သူ၏ နုံးခွေနေသော မျက်ဝန်းများက သတိကြီးမှုဖြင့် တောက်ပသွား၏။ ထို့နောက် ဒေါသတကြီးဖြင့် ဝမ်ချီအား စိုက်ကြည့်လာခဲ့လေသည်။

 

ဝမ်ချီက ရွေးချယ်စရာ မရှိတော့ဘဲ မျက်လုံးမှိတ်ရင်း အနားယူရန် ပြင်လိုက်ရတော့သည်။

 

အပန်းဖြေစံအိမ်က တောင်ခါးပန်း၌ ရှိနေ၏။ တောင်ပေါ်သို့ ရောက်လာလေလေ၊ နှင်းများထူထဲစွာ ကျဆင်းလာလေပင်။

 

ဝမ်ချီနှင့် မျက်စောင်းထိုးတွင် ထိုင်နေသည့် ရွယ်ကွေ့က ရထားလုံး လှုပ်ယမ်းသွားတိုင်း ဖြူလျော်သွားလေ့ရှိသည်။ သူ လှည့်ကြည့်လိုက်ချိန်၌ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသကဲ့သို့ မျက်လုံးမှိတ်ထားသည့် ဝမ်ချီအား တွေ့လိုက်ရ၏။

 

ရွယ်ကွေ့က ပြောလိုက်သည်။

“မင်းက အံ့သြစရာပဲ …”

 

ဝမ်ချီက ရွယ်ကွေ့၏ စကားကို ကြားသည့်အခါ သူ အော့အန်ခြင်းမရှိသည့်အချက်ကို ပြောနေခြင်း ဖြစ်မည်ဟု ထင်လိုက်သည်။ ထို့ကြောင့် သူက ပြောလိုက်သည်။

“ဒါက ဘာမှမဟုတ်ပါဘူး …”

 

ရွယ်ကွေ့က ပြောလိုက်သည်။

“မင်းက တကယ့်ကို နှိမ့်ချတတ်တာပဲ …”

 

ဝမ်ချီ “…” 

ငါက ဘာများနှိမ့်ချနေလို့တုန်း …

 

သူ ထိုသို့တွေးနေစဉ်မှာပင် ရွယ်ကွေ့က ပြော၏။

“မင်း နှစ်နှစ်သုံးနှစ်လောက် ထွက်သွားပြီးတော့ အိမ်ရှေ့စံက မင်းကို မေ့သွားမယ်လို့ ထင်နေတာ … ဒါပေမယ့် မင်းက အရှေ့နန်းတော်မှာ အခုထိ ရှိနေသေးတယ်လေ ...”

 

“…” 

ဝမ်ချီက ခဏ တိတ်ဆိတ်သွားသည်။

“မင်း မသိတာ ရှိသေးတယ် …”

 

“ဘာများလဲ …”

 

“အိမ်ရှေ့စံက ငါ့ကို ကွာရှင်းစာချုပ်ပို့ခဲ့တယ်လေ …”

 

“…”

 

“ဒါပေမယ့် ငါ့ဘာငါ ကပ်နေနေတာ…”

 

“…”

 

ဝမ်ချီက ရယ်လိုက်သည်။

“အိမ်ရှေ့စံက ငါ့ကို ဘာမှမလုပ်နိုင်ဘူးလေ …”

 

“…” ရွယ်ကွေ့မျက်နှာက ဒေါသကြောင့် တွန့်လိမ်သွား၏။ “မင်း … မင်းဘယ်လိုများ လုပ်နိုင်တာလဲ … အယုတ်တမာ …”

 

ဝမ်ချီက ပြုံးလျက်ပြော၏။

“မဟုတ်ရင် မင်းနဲ့ ရထားလုံးတစ်ခုထဲ ဘယ်စီးနိုင်ပါ့မလဲ… ကံကြမ္မာက တကယ့်ကို အံ့အားသင့်စရာကောင်းတယ်…”

 

ထိုသို့ပြောပြီးနောက် သူက မီးထဲသို့ လောင်စာထည့်သည့်အနေဖြင့် ရွယ်ကွေ့အား မျက်လုံးမှိတ်ပြလိုက်သည်။

 

ရွယ်ကွေ့က သွေးအန်လုနီးပါး ဖြစ်သွား၏။

 

သူတို့တစ်ဖွဲ့လုံး အပန်းဖြေစံအိမ်သို့ ရောက်ချိန်၌ အပြင်ဘက်ရှိ ကောင်းကင်မှာ မှောင်မဲနေပြီဖြစ်သည်။

 

မိန်းမစိုးလေးက ရထားလုံးအပြင်ဘက်၌ ရပ်ကာ ဝမ်ချီနှင့်ရွယ်ကွေ့တို့အား အပြင်သို့ထွက်လာရန် ပန်ကြားလိုက်သည်။

 

ဝမ်ချီက ယောဖန်း၊ ယောထောင်တို့၏ အကူအညီဖြင့် ရထားလုံးထဲမှ ထွက်လာ၏။ သူ့ ခြေထောက်များက နူးညံ့သောနှင်းများအကြား တုန်ရီနေခဲ့သည်။

 

ခရီးတစ်လျှောက်၌ နှင်းများအဆက်မပြတ် ကျဆင်းနေခဲ့၏။ ယခုမူ ထပ်မံ၍ နှင်းမကျတော့ချေ။

 

သို့သော် မြေပေါ်တွင် နှင်းများ ထူထပ်စွာရှိနေပြီး မျက်စိတစ်ဆုံးအဖြူရောင်များနှင့် ပြည့်နှက်နေ၏။

 

ဝမ်ချီက ကိုယ်လုပ်တော်ရုန်၏ အစီအစဉ်များကို စိတ်မဝင်စားချေ။ တစ်ဖက်တွင်မူ ရွယ်ကွေ့က ငှက်ကလေးတစ်ကောင်ပမာ ပျော်ရွှင်နေခဲ့ပြီး ဝမ်ချီ့ကိုပင် အာရုံမရှိတော့ပေ။

 

ခဏအကြာ၌ အနောက်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာ၏။

“ဝမ်သခင်လေး …”

 

ရွယ်ကွေ့၏ မျက်နှာထက်ရှိ အပြုံးက တမဟုတ်ချင်း ပျောက်ကွယ်သွားခဲ့သည်။

 

ဝမ်ချီ နောက်လှည့်ကြည့်လိုက်ချိန်၌ ချောမောသော လူငယ်တစ်ဦး လာနေသည်ကို တွေ့လိုက်ရ၏။ သူက ပြုံးကာ သူတို့ထံ လျှောက်လာနေခဲ့သည်။

“မင်းက ဒီမှာပဲ… ငါမင်းကိုလိုက်ရှာနေတာ …”

 

ဝမ်ချီ တောင့်ခဲသွား၏။ 

ဒါက လီယွီမဟုတ်လား …



💮💮💮


မေ့သွားမှာစိုးလို့ သတိပြန်ပေးတာပါ၊ ရွယ်ကွေ့က ရှစ်ယဲ့လည်ပင်းညှစ်လိုက်လို့ သေသွားတဲ့ ရွယ်ရှန်းရဲ့မောင်ပါ၊ သူ့ကိုယ်တိုင်ကလည်း မသေရုံတမယ် အရိုက်ခံလိုက်ရပေမယ့် ကံကောင်းလို့ မသေသေးတာပါ


လီယွီကလည်း ရှစ်ယဲ့ရဲ့ အမျိုးသားကိုယ်လုပ်တော်တွေထဲက တစ်ယောက်ပါပဲ၊ ရှစ်ယဲ့ဆွဲထားတဲ့ မီးဇာမဏီငှက်ပုံကို ကြက်နဲ့တူတယ်လို့ ပြောပြီး ဝမ်ချီ့ကို လှောင်ခဲ့တဲ့တစ်ယောက်ပါ🤣