Chapter 106
လူကြီးမင်းရင်းက ကန့်လန့်ကာစကို ဆွဲကာ သူ့ကိုယ်သူ ဖုံးကာလိုက်သည်။ ထို့နောက် ဝမ်ချီအား အထိတ်တလန့် ကြည့်လာ၏။
“ဘာဖြစ်တာလဲ …”
သူတို့က ထိုသို့ပြောနေသည့်တိုင် နှစ်ဦးလုံး အတွေးများနေကြသည်။ သူတို့မျက်လုံးများ မှိတ်ထားလျှင်ပင် နီးကပ်လာသည့် လူသတ်ငွေ့များကို ခံစားမိနေကြ၏။
ဝမ်ချီ၏ အခြေအနေသည်လည်း မဟန်လှပေ။ သူက လဲကျလုနီးနီး လူကြီးမင်းရင်းကို လက်ဆန့်၍တွဲကာ နှစ်သိမ့်လိုက်သည်။
“လူကြီးမင်းရင်း … ဒီမှာစောင့်နေပါ … ကျွန်တော် ထွက်ကြည့်လိုက်ပါ့မယ် …”
လူကြီးမင်းရင်းက စိုးရိမ်တကြီး ခေါ်လိုက်သည်။
“ဝမ်ချီ ..”
ဝမ်ချီက သူ့ပခုံးကို ခပ်ဖွဖွ ပုတ်ပေးလိုက်ကာ မတ်တပ်ရပ်လိုက်၏။ ထို့နောက် ရထားလုံးအမိုးကိုကိုင်၍ ထွက်လိုက်သည်။
ပတ်ဝန်းကျင်တစ်ခုလုံး နှင်းများဖုံးလွှမ်းနေရာ မည်သည့်နေရာသို့ ရောက်နေခြင်းဖြစ်ကြောင်းပင် သိရခက်လှ၏။ အဖြူရောင်ပတ်ဝန်းကျင်၌ ရထားလုံးအရှေ့ရှိ အနက်ရောင်ဝတ်လူက မျက်စိဖမ်းစားဖွယ် ဖြစ်နေသည်။
အနက်ရောင်ဝတ်လူက ခက်ထန်သော မျက်ဝန်းများကိုသာ လှစ်ဟထား၏။ သူက ညာလက်ဖြင့် ဓားမြှောင်ကိုင်လျက် အစောင့်တစ်ဦး၏ ရင်ဘတ်ထံသို့ ထိုးစိုက်လိုက်သည်။
အစောင့်က သွေးအန်လိုက်ပြီးနောက် မြေပေါ်သို့ လဲကျသွားလေသည်။
အနက်ရောင်ဝတ်လူက သူ၏ ဓားမြှောင်ကို သေသပ်စွာ ဆွဲထုတ်လိုက်သည်။ ထို့နောက် ဝမ်ချီ၏ အကြည့်ကို ခံစားမိဟန်ဖြင့် သူ့ထံ လှည့်ကြည့်လာ၏။
ဝမ်ချီက သွေးနံ့ပြင်းပြင်းကြောင့် ရုတ်တရက် ကြောင်အသွားခဲ့သည်။
ရထားလုံးနံဘေးမှ လိုက်ပါလာသည့် အစောင့်လေးဦးလုံး အလောင်းဖြစ်သွားခဲ့ပြီဖြစ်ကြောင်း သူ သိလိုက်သည်။ ရထားလုံး မောင်းသမားများပင် အသက်ရှင်ခွင့်မရခဲ့ကြပေ။
သို့သော် ဝမ်ချီ၏ အလိုလိုသိစိတ်က ထိုသူက သူ့အတွက် လာခဲ့ခြင်းဖြစ်ကြောင်း ပြောနေ၏။
ထိုအချိန်မှာပင် အနက်ဝတ်လူက ဝမ်ချီ့ထံသို့ ပျံသန်းလာသည်။ သူက ဓားမြှောင်ဖြင့်ရွယ်လျက် လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ ပျံသန်းလာခြင်းဖြစ်၏။
ဝမ်ချီက အသက်အောင့်ကာ အမြန်လှည့်လိုက်သည်။ သွေးစွန်းနေသည့် ဓားမြှောင်က သူ့နံဘေးမှ ဖြတ်သွားသည်ကို သူ တွေ့လိုက်ရ၏။
လေပြင်းတစ်ချက်အဝေ့နှင့်အတူ သူ၏ အနက်ရောင်ဆံနွယ်များက ဓားမြှောင်ကြောင့် ပြတ်ကျသွားကာ နှင်းဖုံးသည့် မြေကြီးထက်သို့ ကျဆင်းကုန်ကြသည်။
အနက်ဝတ်လူက လျင်မြန်စွာဖြင့် ဝမ်ချီ့ထံ ချဉ်းကပ်လာ၏။ ပထမတစ်ကြိမ်တိုက်ခိုက်မှု ကျရှုံးသည်နှင့် ဒုတိယတိုက်ခိုက်မှုကို ချက်ချင်းစတင်လိုက်သည်။ သူ၏ ဘယ်လက်ပေါ်တွင် မည်သည့်နေရာက ယူလိုက်မှန်း မသိနိုင်သည့် ဓားမြှောင်တစ်လက် ပေါ်ထွက်လာ၏။ သူက ဝမ်ချီ၏ ပခုံးအား ဓားဖြင့်ရွယ်လိုက်သည်။ ထိုသူက ဝမ်ချီအား အသက်ရှင်လျက် ဖမ်းခေါ်လိုသည်မှာ ထင်ရှားလှ၏။
ဝမ်ချီက ချက်ချင်း နားလည်သွားခဲ့သည်။
ဒီလူက ငါ့အတွက် လာတာပဲ …
ဝမ်ချီက အမြန်ရှောင်လိုက်ပြန်၏။
သူနှင့် အနက်ရောင်ဝတ်လူ၏ အကွာအဝေးမှာ အလွန်တိုတောင်းသဖြင့် ဤတစ်ကြိမ်၌ ရှောင်နိုင်ရုံသာ ရှောင်လိုက်နိုင်၏။ ဓားမြှောင်က သူ့ပခုံးထက်မှ အသာဖြတ်သွားသည်။
“ခဏ …အစ်ကိုကြီး … ကျွန်တော် အညံ့ခံပါ့မယ်…”
ဝမ်ချီက စိုးရိမ်တကြီးဖြင့် တားလိုက်၏။
အနက်ရောင်ဝတ်လူက ဝမ်ချီ မြန်မြန်အသနားခံလာမည်ဟု မထင်ခဲ့ချေ။ သူ့လှုပ်ရှားမှုများ နှေးကျသွားရ၏။
ထိုအချိန်မှာပင် ဝမ်ချီက ခြေထောက်မြှောက်ကာ ထိုလူ၏ ခြေထောက်ကြားအတွင်းသို့ ကန်လိုက်လေသည်။
ထိုကန်ချက်တွင် သူက အားကုန်သုံးထား၏။
အနက်ရောင်ဝတ်လူက မပီမသ ညည်းသံတစ်ခု ပြုလိုက်သည်။ သူ့ခန္ဓာကိုယ်မှာ သိသိသာသာ တုန်ယင်လာခဲ့၏။
ထိုလူက မျက်နှာအား ဖုံးကွယ်ထားသည့်တိုင် သူ့မျက်ဝန်းအတွင်းရှိ နာကျင်မှုကိုမူ အတိုင်းသား တွေ့နေရသည်။ သူက ဝမ်ချီအား အရှင်လတ်လတ် ဝါးစားချင်သည့်နှယ် အေးစက်စွာ စိုက်ကြည့်နေ၏။
အမျိုးသားတစ်ဦးအနေဖြင့် ထိုနာကျင်မှုကို ဝမ်ချီ ကိုယ်ချင်းစာနိုင်သည်။ သို့သော် ထိုလူ့အပေါ်၌ သနားစိတ် မဖြစ်မိချေ။ အနက်ဝတ်လူက ပေါင်ကြားကို နာနာကျင်ကျင်ဖြင့် အုပ်ထားချိန်တွင် ဝမ်ချီ လှည့်ပြေးလေသည်။
ထိုလူ လိုက်မှီစေရန်အတွက် ဝမ်ချီက ကိုယ်ဖော့သိုင်း၏ ၆၀ ရာခိုင်နှုန်းကိုသာ ရည်ရွယ်ချက်ရှိရှိ အသုံးပြုလိုက်၏။
ခဏကြာ ပျံသန်းပြီးနောက် သူလှည့်ကြည့်လိုက်သည်။
အနက်ရောင်ဝတ်လူက သူ့အနောက်မှ လိုက်လာ၏။ သူ့မျက်လုံးများက သွေးနီရောင်သမ်းနေပြီး အဆိပ်ရည်စိမ်ထားသည့်အပ်များကဲ့သို့ ထက်ရှနေတော့၏။ ဝမ်ချီ၏ ကန်ချက်က သူ့အား အောင်အောင်မြင်မြင် ရန်စနိုင်ခဲ့ပုံရသည်။
ကံကောင်းစွာဖြင့် ထိုကန်ချက်ကြောင့် အနက်ရောင်ဝတ်လူ၏ အရှိန်မှာ လျော့နည်းနေ၏။ ဝမ်ချီက အရှိန်လျှော့ထားသည့်တိုင် သူ့အား အချိန်တစ်ခုအထိ မဖမ်းနိုင်ခဲ့ချေ။
ဝမ်ချီက ထိုသူအား အကွာအဝေးတစ်ခုမှ မျှားခေါ်လာခဲ့သည်။ သူက ကိုယ်ဖော့တတ်သည့်တိုင် ထိုတစ်ခုထဲသာ ကျွမ်းကျင်၏။ သူသာ ထိုသူနှင့် တိုက်ခိုက်ပါက လူကြီးမင်းရင်းအား ကယ်နိုင်မည်မဟုတ်သလို ထိုသူကိုလည်း အနိုင်ပိုင်းနိုင်မည် မဟုတ်ပေ။
ဝမ်ချီ အရှိန်တင်တော့မည့်အချိန်၌ အဝါရောင်အရိပ်ကလေးတစ်ခုက သူ့အရှေ့သို့ ကျဆင်းလာ၏။
ထိုသူမှာ ကျောကျစ်ပင် ဖြစ်သည်။
အနက်ရောင်ဝတ်လူက ကျောကျစ်အား သိပုံရ၏။ သူမအား တွေ့လိုက်သည်နှင့် သူက ချက်ချင်းလှည့်ပြေးရန် ပြင်လိုက်သည်။
သို့သော် ကျောကျစ်က သူ့အား ထိုသို့လုပ်ခွင့် မပြုခဲ့ပေ။ သူမက ခြေတစ်ချက် ဆောင့်နင်းကာ အဝါရောင်လိပ်ပြာလေးသဖွယ် ပျံသန်းလျက် ထိုသူ၏ရင်ဘတ်ကို အတွင်းအားထည့်ထားသည့် လက်ဝါးဖြင့် ရိုက်ချလိုက်၏။
အနက်ရောင်ဝတ်လူက မပီမသ ညည်းသံပြုလိုက်သည်။ သူက ထိုတိုက်ခိုက်မှုကို တောင့်မခံနိုင်ဘဲ လေထဲမှ ပြုတ်ကျသွားခဲ့၏။
ကျောကျစ်က ထိုသူ့အနီးသို့ သက်ဆင်းလိုက်သည်။
ဝမ်ချီက သူမအား အမြန်နှုတ်ဆက်လိုက်၏။
“ကျောကျစ် …”
ကျောကျစ်က ဝမ်ချီကို ကြည့်လိုက်ချိန်၌ သူမမျက်ဝန်းများတွင် နွေးထွေးမှုတစ်စွန်းတစ်စ ဖြတ်ပြေးသွားသည်။ သူမက အနက်ရောင်ဝတ်လူအား ပြန်ငုံ့ကြည့်လိုက်ချိန်တွင် တစ်စုံတစ်ခု မှားနေသည်ကို ခံစားမိလိုက်၏။ ထို့ကြောင့် သူမက ထိုလူ၏ မေးကို ဖျစ်ညှစ်လိုက်သည်။
သို့သော် နောက်ကျသွားလေပြီ။
အမျိုးသား၏မျက်လုံးများက စတင် မှိန်ဖျော့လာပြီး သူငယ်အိမ်များမှာလည်း အလင်းမဲ့လာ၏။
ကျောကျစ် မျက်နှာပျက်သွားကာ အမျိုးသား၏ မျက်နှာထက်ရှိ အနက်ရောင်ပိတ်စကို ဖယ်ရှားလိုက်သည်။ ထိုအခါ ထိုသူ၏ နှုတ်ခမ်းထောင့်မှ သွေးများစီးကျနေကြောင်း တွေ့လိုက်ရ၏။
ကျောကျစ်က သူ့နှာခေါင်းအောက်သို့ လက်ညှိုးခံကြည့်လိုက်သည်။
“သူ သေပြီ …”
ကျောကျစ် ထိုသူ၏ ရင်ဘတ်ကိုသာ ရိုက်လိုက်ခြင်းဖြစ်ကြောင်း ဝမ်ချီ သိ၏။ ရိုက်ချက်မှာ အားမပြင်းသည့်တိုင် ထိုသူက သေဆုံးသွားခဲ့သည်။ သူ ကြောင်အသွား၏။
“သူ ဘယ်လိုလုပ် သေသွားတာလဲ …”
ကျောကျစ်က အမျိုးသား၏ပါးပြင်ကို ညှစ်လိုက်သည်။
သွေးများက ကျောကျစ်၏ လက်ချောင်းထိပ်များကို စွန်းပေသွား၏။ ကျောကျစ်က ထိုသွေးများကြားမှ အနက်ရောင်ဆေးလုံးအား ယူလိုက်လေသည်။
ဝမ်ချီက ဆေးလုံးကိုကြည့်ရင်း နားလည်သွားသည်။ သူက တည်းဖြတ်သူ လုပ်ခဲ့ဖူးရာ မစ်ရှင်ကျရှုံးသည်နှင့် သတ်သေကြသည့် ကြေးစားများအကြောင်း ဖတ်ခဲ့ဖူး၏။ သို့သော် ထိုသို့ဖြစ်ရပ်မျိုး ကြုံရလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ချေ။
ဝမ်ချီ၏အမူအရာ ပြောင်းလဲနေစဉ် ကျောကျစ်ကမူ ဆေးလုံးကို ကြည့်ရင်း အတွေးနက်နေ၏။
အတန်ကြာသည့်နောက် ကျောကျစ်က ခပ်ဖွဖွရယ်လိုက်ပြီး နှာခေါင်းရှုံ့ကာ ဆို၏။
“သူတို့က တကယ့်ကို စေ့စပ်တာပဲ … လုပ်ကြံသတ်ဖြတ်သူတွေကိုတောင် မရင်းနှီးတဲ့ မျက်နှာတွေ ရွေးလွှတ်လိုက်ပေမယ့် ဒီလိုကိစ္စသေးသေးလေးနဲ့ ဖော်ထုတ်ခံလိုက်ရတယ်…”
ဝမ်ချီက ဆေးလုံးကို ကြည့်လိုက်သည်။ ထိုဆေးလုံးက သာမန်ဆေးလုံးများနှင့် ဘာမှမကွာလှပေ။
ကျောကျစ်က ဝမ်ချီ၏ အတွေးများကို ခံစားမိပုံပေါ်၏။ သူမက လက်ကိုင်ပုဝါဖြင့် ဆေးလုံးပေါ်ရှိ သွေးများကို သုတ်လိုက်၏။ ဝမ်ချီက ဆေးလုံးကို အမြန်စစ်ဆေးလိုက်၏
“သခင်လေး … ဒီအပေါ်မှာ ဘာရေးထားလဲဆိုတာ ဂရုစိုက်ပြီးစစ်ဆေးကြည့်ပါ …”
ဝမ်ချီ အနီးကပ်ကြည့်လိုက်ချိန်တွင် ဟွား ဟူသည့် စာလုံးခပ်သေးသေးကို တွေ့လိုက်ရသည်။ ဆေးလုံးမှာ နက်မှောင်နေသဖြင့် ဝမ်ချီက ၎င်းအပေါ်၌ ရေးထွင်းထားသည့် စာလုံးကို မနည်းကြည့်လိုက်ရ၏။
“ဟွား လား …”
“ဟုတ်ပါတယ် …”
ကျောကျစ် ခေါင်းညိတ်လိုက်သည်။ သူမက မြေပေါ်ရှိ အလောင်းကို အေးစက်စက် ကြည့်လိုက်၏။
“သူက ဟွားမိသားစုရဲ့ လုပ်ကြံသတ်ဖြတ်သူလေ …”
ဟွားမိသားစုလား …
ဝမ်ချီက သူ၏ အံ့အားသင့်မှုကို မဖယ်ရှားနိုင်ခဲ့ပေ။
ဟွားမိသားစုက ရှစ်ယဲ့ရဲ့အမေဘက်က မဟုတ်ဘူးလား … ရှစ်ယဲ့နဲ့ ငါ့ကြားက ဆက်ဆံရေးကို ထည့်မတွက်ရင်တောင် ရှစ်ယဲ့နဲ့ဟွားမိသားစုက တစ်ဖက်တည်းဖြစ်ရမှာ မဟုတ်လား … ဘာလို့ ဟွားမိသားစုက ငါ့ကို ပစ်မှတ်ထားလာတာလဲ …
ဖြစ်နိုင်တာက…
ဖြစ်နိုင်တာ ရှစ်ယဲ့ကြောင့်ပဲလား …
ဝမ်ချီက ထိုအရာမှာ မဖြစ်နိုင်ဟု တွေးလိုက်၏။ ရှစ်ယဲ့က ဟွားမိသားစုဝင် အိမ်ရှေ့မင်းသားဖြစ်၍ သူနှင့် ဟွားမိသားစုက တစ်ဦးနှင့်တစ်ဦး မှီခိုနေရသည်ပင်။ ဟွားမိသားစုသာ ရှစ်ယဲ့အား တိုက်ခိုက်ပါက ထောင်နှင့်ချီသည့် ရန်သူများကိုသတ်ဖြတ်ရန် ငယ်သားရှစ်ရာအား စတေးသည်နှင့်အတူတူပင်။
ဘာလို့ ဟွားမိသားစုက ရှစ်ယဲ့ကို တိုက်ခိုက်ချင်ရတာလဲ…
ဝမ်ချီက မကြာမီ အရှေ့နန်းတော်ရှိ အဖြစ်အပျက်ကို သတိရသွားသည်။ ရွယ်ရှန်း၏ သေဆုံးမှုနှင့် ဟွားမိသားစုမှ စေလွှတ်ခြင်းဖြစ်သည်ဟု ရှစ်ယဲ့ ပြောခဲ့သော အမျိုးသားငယ်၏ သေဆုံးမှုတို့အား တွေးမိသွားခြင်းပင်။
ထိုစဉ်က ရှစ်ယဲ့ပြောချင်သည့် အဓိပ္ပာယ်ကို ဝမ်ချီ နားမလည်နိုင်ခဲ့ပေ။ အတိအကျပြောရပါက သူက ဟွားမိသားစုအကြောင်း မည်သို့မှ နားမလည်နိုင်သေးချေ။ သူ့တစ်ကိုယ်လုံးမှ ကြက်သီးများထလာ၏။
ဝမ်ချီ့စိတ်ထဲ သံသယများဖြင့် ပြည့်နှက်နေသည်။ သို့သော် လက်ရှိအချိန်တွင် ထိုအရာများကို ပြောရန်မသင့်ချေ။ သူက ကျောကျစ်နှင့်အတူ ရထားလုံးရှိရာသို့ ပြန်သွားခဲ့၏။ သို့သော် လူကြီးမင်းရင်းအား မည်သည့်နေရာတွင်မှ မတွေ့ရရာ မြို့တော်ဝန်ကျိုးထံသို့ ပြန်၍ အကျိုးအကြောင်း ရှင်းပြရတော့၏။
မြို့တော်ဝန်ကျိုးက လူကြီးမင်းရင်းအား ရှာဖွေရန်နှင့် အခြားကိစ္စများကို ကိုင်တွယ်ရန် အထိတ်တလန့်ဖြင့် လူပေါင်းများစွာ စေလွှတ်လိုက်၏။
ခဏကြာ ရှာဖွေပြီးသည့်နောက် ထိုသူများက လူကြီးမင်းရင်းအား ရှာတွေ့ခဲ့ကြသည်။
လူကြီးမင်းရင်းမှာ အလွန်လန့်သွားပုံရသည့်တိုင် ဘေးမသီရန်မခ ရှိနေ၏။ ရင်ဘတ်ထဲမှ နှလုံးပေါက်ထွက်မတတ် လန့်နေရှာသည့် မြို့တော်ဝန်ကျိုးသည်လည်း လူကြီးမင်းရင်း ဘေးကင်းသည်ကို မြင်လိုက်ရချိန်မှသာ စိတ်အေးသွားတော့သည်။
ထိုကိစ္စဖြစ်ပျက်ပြီးသည့်နောက် နှစ်သစ်ကူးကာလအတွင်း အချိန်ပိုဆင်းရန် ပြင်နေကြသူအားလုံး ချက်ချင်း ခွင့်တင်ကြတော့၏။
ဝမ်ချီသည်လည်း သူနေထိုင်သည့် နေရာသို့ ပြန်လာခဲ့သည်။ ရှစ်ယဲ့က စာအုပ်တစ်အုပ်ကိုကိုင်လျက် သူ့အိပ်ခန်းထဲရှိ စားပွဲဘေးတွင် ထိုင်နေ၏။
ဝမ်ချီ၏ခြေသံကြောင့် ရှစ်ယဲ့က မော့ကြည့်လာသည်။
ရှစ်ယဲ့က ဤနေရာသို့ မကြာခဏ ရောက်လာတတ်၏။ လွန်ခဲ့သော ရက်အနည်းငယ်ခန့်မှစ၍ သူက မျက်နှာဖုံးကို ဖယ်ပစ်ခဲ့သည်။ သူ့မျက်နှာထက်ရှိ မီးလောင်ရာများက ဝမ်ချီ့အတွက် မထူးဆန်းတော့ချေ။
ဝမ်ချီက ရှစ်ယဲ့နံဘေးသို့ လျှောက်လာကာ ကုလားထိုင်တစ်လုံးဆွဲလျက် ထိုင်ချလိုက်၏။
ရှစ်ယဲ့က ကောင်းကင်ကို ပြတင်းပေါက်မှတစ်ဆင့် တစ်ချက်ကြည့်ရင်း ပြောလိုက်သည်။
“မင်း ဒီနေ့စောတာပဲ …”
ဝမ်ချီက ခဏတုံ့ဆိုင်းသွားကာ ပြော၏။
“လမ်းမှာ တစ်ခုခုဖြစ်သွားလို့ …”
💮💮💮