Chapter 105
Viewers 16k

C💮hapter 105


 

ဝမ်ချီက သူ ဖျားနေပြီး မြင်ချင်ရာ လျှောက်မြင်နေသည်ဟု ထင်နေမိ၏။ သို့သော် ကျိုးအိမ်တော်သို့ ပြန်ရောက်လာချိန်တွင် မြင်လိုက်ရသည့်မြင်ကွင်းက သူ့အား ထိတ်လန့်လာစေခဲ့သည်။

 

ငါ့အိပ်ခန်းမှာ ဝင်ထိုင်နေတဲ့တစ်ယောက်က ရှစ်ယဲ့မလား…

 

ဝမ်ချီက မျက်တောင်တစ်ချက် ခတ်လိုက်ပြီးနောက် မျက်လုံးများ ပွတ်ကြည့်လိုက်၏။

 

သူ့အရှေ့ရှိ ရှစ်ယဲ့က သူမျက်တောင်ခတ်လိုက်ရုံဖြင့် ပျောက်မသွားခဲ့ချေ။ သူရောက်နေကြောင်း သိသည်နှင့် လက်တွင်းရှိ စာအုပ်ကိုချကာ သူ့ထံသို့ပင် လျှောက်လာလိုက်သေး၏။

 

သူတို့နှစ်ဦး၏ အရပ်ကွာခြားမှုကြောင့် ဝမ်ချီက မော့ကြည့်လိုက်ရသည်။

 

ရှစ်ယဲ့က နက်စွေးသည့် မျက်နှာဖုံးကို ဝတ်ဆင်ထားကာ တည်ငြိမ်သော အမူအရာဖြင့် ရှိနေ၏။ သူက အပြင်ဘက်ရှိ ကောင်းကင်ကိုကြည့်ရင်း ပြောလိုက်သည်။ 

“နောက်ကျတယ်နော် …”

 

ဝမ်ချီ “…”

 

ဝမ်ချီက စိတ်ထင်နေခြင်းပေလောမသိ၊ ရှစ်ယဲ့က ခင်ပွန်းသည်ပြန်အလာကို စောင့်နေသည့် ဇနီးလေးနှင့် တူနေ၏။

 

သူက ခေါင်းအသာကုတ်ကာ ပြန်ဖြေလိုက်သည်။

“လူကြီးမင်းရင်းက ဆွေးနွေးစရာရှိနေလို့ နောက်ကျသွားတာ …”

 

ကောင်းပြီ …

 

သူသည်လည်း ဇနီး၏ မေးခွန်းထုတ်ခံရသော ခင်ပွန်းနှင့် တူနေ၏။

 

ဝမ်ချီက ထူးဆန်းသော လေထုကြောင့် ကိုယ်တိုင်ပင် မသိလိုက်ဘဲ နောက်ဆုတ်ကာ ရှစ်ယဲ့နှင့် ခပ်ခွာခွာ နေလိုက်၏။ သူက အလိုအလျောက် တုံ့ပြန်လိုက်မိခြင်းဖြစ်သည်။

 

ရှစ်ယဲ့က ၎င်းကို သတိပြုမိသည့်တိုင် မည်သို့မှ မပြောခဲ့ဘဲ  တစ်ခွန်းသာ ပြောလိုက်၏။

“ညစာစားချိန်တန်ပြီ …”

 

ညစာအား ကျောကျစ်က ပြင်ဆင်ပေးခဲ့သည်။

 

ဝမ်ချီက စပ်သည့်အရသာကို နှစ်ခြိုက်ရာ ယောဖန်းက ယနေ့ညစာထဲတွင် စပ်သည့်ဟင်းလျာများနှင့် ရှစ်ယဲ့အတွက် ခပ်ပေါ့ပေါ့ဟင်းလျာများ ချက်ပြုတ်ပေးထား၏။

 

ပေါ့၍ချိုမြိန်သော အစားအစာများကို ရှစ်ယဲ့ နှစ်သက်မည်ဟု ဝမ်ချီ မမျှော်လင့်ထားခဲ့ချေ။ သူတို့အကြိုက်များမှာ တူမနေခဲ့ပေ။

 

ထို့အတူ မဖိတ်ကြားထားသည့် ဧည့်သည် ရှစ်ယဲ့က သူနှင့်အတူ ညစာလာစားမည်ဟုလည်း ဝမ်ချီ မမျှော်လင့်ထားခဲ့ချေ။

 

ဝမ်ချီက ပန်းကန်လုံးနှင့် တူကို လက်နှစ်ဖက်တွင် တစ်ခုစီကိုင်လျက် သူနှင့် ဆန့်ကျင်ဘက်ဟင်းလျာများကို စားသောက်နေသည့် ရှစ်ယဲ့အား တစ်ချက်ကြည့်လိုက်၏။

 

သို့သော် မနီးမဝေးတွင် စောင့်ဆိုင်းနေသည့် ကျောကျစ်သည်လည်း မျက်နှာတစ်မျိုး ဖြစ်သွားကြောင်း သူတွေ့လိုက်ရသည့်အခါ စိတ်သက်သာရာ ရသွား၏။

 

မေ့လိုက်တော့ … သဘောရှိတိုင်း လာလိုက်သွားလိုက်လုပ်တာ အရှေ့နန်းတော်ရဲ့ ထုံးစံထင်တယ် … တခြားလူတွေကို လူလို့ မသတ်မှတ်တာမျိုး ….

 

စားသောက်ပြီးသည့်နောက် ယောဖန်းနှင့် ကျောကျစ်တို့က စားပွဲကို မိနစ်ပိုင်းအတွင်း ရှင်းလင်းလိုက်၏။

 

ယောဖန်းနှင့် ကျောကျစ်တို့ ထွက်သွားသည့်အခါ အခန်းတွင်း၌ ဝမ်ချီနှင့် ရှစ်ယဲ့သာ ကျန်ရှိတော့သည်။

 

အချိန် နောက်ကျနေပြီဖြစ်ရာ ဝမ်ချီ မသမ်းဝေဘဲ မနေနိုင်ခဲ့ပေ။ ပုံမှန်အတိုင်းဆိုပါက သူ ဆေးကြောကာ အိပ်ရာဝင်တော့မည် ဖြစ်သည်။ သို့သော် ရှစ်ယဲ့က သူ့အရှေ့တွင် ရှိနေရာ သူ့စိတ်ရှိတိုင်း လုပ်ရန်မဝံ့လှချေ။

 

ထို့ကြောင့် ဝမ်ချီက လက်များကို ပေါင်ပေါ်တင်လျက် ကုလားထိုင်ပေါ်တွင် ငြိမ်ငြိမ်လေးထိုင်နေရင်း မျက်နှာတည်နှင့်ရှိနေသည့် ရှစ်ယဲ့အား ကြည့်နေမိသည်။

 

ခဏအကြာ၌ ရှစ်ယဲ့က ပျင်းလာပုံဖြင့် မေးငေါ့လိုက်သည်။ 

“သွားလေ …”

 

ဝမ်ချီက ခဏကြာမှ ရှစ်ယဲ့၏ ဆိုလိုရင်းကို နားလည်သွား၏။ သူက စိတ်သက်သာရာရစွာဖြင့် ကုလားထိုင်မှ ချက်ချင်းထကာ ရေချိုးခန်းထံ ဦးတည်လိုက်တော့သည်။

 

သို့သော် လမ်းတစ်ဝက်မှာပင် သူရပ်လိုက်မိ၏။

 

သူက သူ၏ ထွက်ခွာလိုစိတ် အလွန်သိသာနေခြင်း ရှိမရှိ သိချင်လာ၏။ ရှစ်ယဲ့က နေရာ၌ ထိုင်နေဆဲဖြစ်ပြီး သူ့အိပ်ခန်းနှင့် ခြေလှမ်းအနည်းငယ်အကွာ၌ ရှိနေခြင်းဖြစ်၏။ 

ငါ မေးတော့မေးသင့်တယ် ထင်တယ်…

 

“အရှင့်သား … ခြံဝန်းထဲမှာ အခန်းလွတ်တွေ တော်တော်များပါတယ် … ပြီးတော့ အစေခံတွေက နေ့တိုင်းသန့်ရှင်းရေးလုပ်နေကြတာ… အရှင့်သားမှာ အစီအစဉ်မရှိတော့ဘူးဆိုရင် ယောဖန်းကို အရှင့်သား အိပ်စက်ဖို့ အခန်းတစ်ခန်း ရှင်းခိုင်းလိုက်ပါ့မယ် …”

ဝမ်ချီက လက်ဦးမှု ယူလိုက်သည်။


ရှစ်ယဲ့က အောက်မျက်ရစ်များပင် မလှုပ်ရှားဘဲ သူ့အား အေးစက်စက် ကြည့်လိုက်သည်။

“နားတော့ … ပန်ကုန်းအတွက် မစိုးရိမ်နဲ့ …”

 

ဝမ်ချီ နှာခေါင်းရှုံ့လိုက်၏။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ …”

 

“စိတ်မပူနဲ့ …. ငါ့မှာ အစီအစဉ်ရှိတယ် … မင်းကို မနှောင့်ယှက်ဘူး …”

ရှစ်ယဲ့၏ စကားများက ဝမ်ချီပြောမည့် စကားအားလုံးကို ပိတ်ချလိုက်သည်။ သူက ဝမ်ချီအား တစ်ချက်ကြည့်လိုက်၏။

“မဟုတ်မှလွဲရော … မင်းက ပန်ကုန်းကို မင်းနဲ့ တူတူနေစေချင်နေတာလား…”

 

ဝမ်ချီ “…”

 

ရှစ်ယဲ့က ထရပ်ကာ ဝမ်ချီ့ထံသို့ ဖြည်းဖြည်းချင်း လျှောက်လာ၏။

“မင်းဒီလောက် ဖိတ်ခေါ်နေမှတော့ ပန်ကုန်းက လေးစားရတော့မှာပေါ့ ….”

 

သူ့စကားမဆုံးမီ ဝမ်ချီက အမြန်ခေါင်းယမ်းကာ တိုက်တိုက်တွန်းတွန်း ပြောလိုက်၏။

“အရှင့်သားမှာ လုပ်စရာတွေ ရှိနေတာပဲ … ကျွန်တော် အစိုးရိမ်လွန်မိတာပါ … ဒီလိုဆိုမှတော့ အရှင့်သားကို မနှောင့်ယှက်တော့ပါဘူး …”


ထိုသို့ပြောပြီးနောက် ဝမ်ချီက ရှစ်ယဲ့ အမှန်တကယ်နေမည်ကို စိုးနေသည့်အလား အမြန်လှည့်ထွက်လိုက်၏။ သူက အပြင်းဖျားရာမှ သက်သာခါစရှိသေးသည့်တိုင် ယခုအချိန်တွင်မူ ယုန်တစ်ကောင်ထက်ပင် လျင်မြန်လှ၏။

 

ဝမ်ချီက အိပ်ခန်းထဲသို့ ဝင်ပြီးနောက် ရှစ်ယဲ့မမြင်နိုင်သည့် ထောင့်တစ်နေရာကိုရွေးကာ ထိုင်လိုက်သည်။ သူ့နှလုံးသားက ရင်ဘတ်ထဲမှ ထွက်လာမတတ် ခုန်ပေါက်နေ၏။

 

သူစိတ်တည်ငြိမ်လာသည့်နောက် သူက ရိုးရိုးငြင်းခြင်းနှင့် ရှစ်ယဲ့နှင့် မိနစ်အနည်းငယ် စကားပြောပြီးနောက်မှ ငြင်းခြင်းတို့ကြား ဝေခွဲမရဖြစ်လာ၏။

 

သို့သော် ရှစ်ယဲ့၏ ဦးနှောက်လည်ပတ်ပုံအား အထင်သေး၍မရချေ။ ညှိနှိုင်းနေစဉ်မှာပင် ရှစ်ယဲ့က ဤနေရာ၌ နေပေလိမ့်မည်။

 

မေ့လိုက်တော့ … မေ့လိုက်တော့ …

 

ဝမ်ချီက အာရုံလွှဲရန် ရှစ်ယဲ့ထားခဲ့သည့် စာအုပ်ကို ကိုင်လိုက်၏။

စာအုပ်အဖုံးကို ကြည့်ရတာတော့ ငါ ဈေးထဲက ကျပန်းဝယ်ခဲ့တဲ့ တစ်ခုထင်တယ်…

 

ကျင်းကျိုးက မြို့တော်ကဲ့သို့ စည်ကားခြင်းမရှိချေ။ ဤနေရာ၌ ဆောင်ကြာမြိုင်များနှင့် ဈေးအချို့သာ လည်ပတ်စရာရှိ၏။

 

ဆောင်ကြာမြိုင်သို့ နောက်ဆုံးတစ်ခေါက် သွားခဲ့စဉ်က ဝမ်ချီ ရှက်ရွံ့ခဲ့ရသည်။ ထို့ကြောင့် ထိုလူများ အကြိမ်မည်မျှ ခေါ်သည်ဖြစ်စေ၊ သူက မလိုက်တော့ဘဲ စာအုပ်များ ဖတ်ရင်းဖြင့်သာ အိပ်ရာထဲ၌ အသိုက်ဖွဲ့နေတော့၏။

 

ဝမ်ချီက စာအုပ်ပါ အကြောင်းအရာကိုသာမက စာရေးသူကိုပါ စိတ်ဝင်စားခြင်းမရှိပေ။ စာအုပ်အဖုံးလှပြီး စာအုပ်အမည်မှာ ဆွဲဆောင်မှုရှိနေသ၍ ထိုစာအုပ်အား ဝယ်မည်သာ ဖြစ်သည်။ သူ့၌ ပိုက်ဆံပြတ်လပ်မည်ကိုလည်း စိုးရိမ်စရာမလိုပေ။

 

ဝမ်ချီက ထိုစာအုပ်ကို သူ့ခေါင်းအုံးနံဘေး၌ ထားကာ မအိပ်မီဖတ်ရန် ကြံစည်ထားခဲ့ခြင်းဖြစ်သည်။

 

ရှစ်ယဲ့က စာမျက်နှာတော်တော်များများ ရောက်နေပြီဆိုတော့ ဒီစာအုပ်က ဒီလောက်ကောင်းတာလား …

 

ဝမ်ချီက ပထမစာမျက်နှာကို လှန်လိုက်သည်။

 

သူက စာမျက်နှာ ခုနစ်မျက်နှာ၊ ရှစ်မျက်နှာခန့် ဖတ်လိုက်သည်။ ထို့နောက် ဆက်မဖတ်နိုင်တော့ဘဲ စာအုပ်အား ပိတ်လိုက်ရ၏။

 

သူ့မျက်လုံးများမှာ ပြူးကျယ်နေပြီး လှပသော စာအုပ်အဖုံးကိုကြည့်ရင်း မျက်နှာတစ်ခုလုံး သွေးထွက်မတတ် နီရဲလာသည်။

 

ဒီစာအုပ် ဒီလောက်လှတာ အံ့အားသင့်စရာမရှိတော့ဘူး …

 

ဘယ်သူက ဒါကို အဝါရောင်စာအုပ်လေးပါပဲလို့ ပြောနိုင်မှာလဲ …

 

စာအုပ်အစတွင် စာသင်သားတစ်ဦးက မြို့တော်သို့ စာမေးပွဲဖြေရန် သွားရောက်ခဲ့သည်။ သို့သော် လမ်းတစ်ဝက်၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် စွန့်ပစ်အိမ်တစ်လုံးသို့ ဝင်ကာ မိုးခိုခဲ့ရ၏။ ထိုအိမ်ထဲတွင် အလွန်လှပသော အမျိုးသားတစ္ဆေတစ်ကောင် ရှိနေလေသည်။ မကြာမိီမှာပင် ထိုသူနှင့်တစ္ဆေတို့က ဘဝ၏ ရသအတွက် လှုပ်ရှားမှု အမျိုးမျိုးပြုလုပ်ကြတော့၏။

 

ဝမ်ချီ “…”

 

ဒီစာအုပ်ကို ကိုင်ထားတာ ဘယ်လက်လဲ … အခုပဲ ခုတ်လိုက်ရင် အချိန်မီသေးလား …

 

အဆုံးသတ်တွင် ဝမ်ချီက ထိုစာအုပ်အား စာအုပ်များ၏ အောက်ဆုံးတွင်ထားကာ မည်သည့်အရာမှ မဖြစ်ခဲ့သကဲ့သို့ သူ့ကိုယ်သူ လှည့်စားလိုက်တော့၏။

 

…..

 

ရှစ်ယဲ့က ကျင်းကျိုး၌ အချိန်အတော်ကြာ နေခဲ့သည်။

 

ဝမ်ချီက ရှစ်ယဲ့အား နားမလည်သည့်တိုင် တစ်ဖက်လူ အချိန်ပေါနေသည်ကိုမူ သိရှိထား၏။ ညနေတိုင်းလိုလို သူ ကျိုးအိမ်တော်သို့ ပြန်လာတိုင်း ရှစ်ယဲ့က သူနှင့်အတူ ညစာစားလေ့ရှိသည်။

 

ရှစ်ယဲ့က ပျင်းရိနေဟန်ဖြင့် သူ့အခန်းထဲရှိ ဗီရိုပေါ်ရှိ စာအုပ်အားလုံးကို ဖတ်ခဲ့သည်။ ထိုစာအုပ်များထဲ၌ ပထမစာအုပ်ကဲ့သို့ စာအုပ်ဝါကလေးများလည်း မရှားလှချေ။

(T/N - အပြာစာအုပ်ကို သူတို့က အဝါစာအုပ်လို့ ခေါ်တာထင်ပါတယ်)

 

သို့သော် ရှစ်ယဲ့က ထိုစာအုပ်များကို တည်ကြည်သော အမူအရာဖြင့် ဖတ်နေခြင်းဖြစ်သည်။ မသိလျှင် သူ့အမူအရာက ကွန်ဖြူးရှပ်နှင့် မန်စီးရပ်တို့၏ အတွေးအခေါ် စာအုပ်များကို ဖတ်နေသည့်အလား လေးနက်လှ၏။

 

ဝမ်ချီက သူ့ထံသို့ လှမ်းလာရင်း စာအုပ်ပါ အကြောင်းအရာကို တစ်ချက်ကြည့်လိုက်သည်။ ရုတ်တရက်ဆိုသလို သူ့နဖူးရှိ သွေးကြောများ ဖောင်းလာ၏။

 

သူက ရှစ်ယဲ့လက်တွင်းမှ ထိုစာအုပ်ကို ဆွဲလုကာ စာအုပ်ဗီရိုထဲသို့ ထည့်လိုက်သည်။

 

စာအုပ်အား ထိုးသိပ်ထည့်ပြီးသည့်နောက် သူက ကိုယ်ကိုလှည့်လိုက်၏။ ရှစ်ယဲ့က လက်ပိုက်လျက် အပြစ်ကင်းသောအမူအရာဖြင့် သူ့အား ကြည့်နေလေသည်။

 

ရှစ်ယဲ့က ပြော၏။

“ပန်ကုန်းမှာ လုပ်စရာမှ မရှိတာ … ဒီတော့ မင်းအခန်းထဲက အဲဒါတွေကိုတွေ့ပြီး တစ်ချက်ကြည့်ရုံပါ …”

 

ဝမ်ချီ၏ မျက်နှာတစ်ခုလုံး နီရဲလာ၏။

“စာအုပ်တွေက မသင့်တော်မှန်း သိတာတောင် ဆက်ဖတ်နေတာကို…”

 

ရှစ်ယဲ့က ခပ်ဖွဖွရယ်လိုက်သည်။

“မရိုးရှင်းတဲ့ စာအုပ်မှန်းသိရင် ဘာလို့ဝယ်ခဲ့သေးလဲ …”

 

ဝမ်ချီက ပြန်တုံ့ပြန်လိုက်သည်။

“ဘယ်သိမှာလဲ … မင်းသား ကိုင်မကြည့်ခင်အထိ ကျွန်တော် မသိခဲ့ဘူးလေ …”

 

အဆုံးသတ်တွင် သူက ထပ်ပေါင်းပြောလိုက်သေးသည်။ 

“စာအုပ်ပါ အကြောင်းအရာတွေကို ကြိုသိရင် အရှင့်သားကို မြင်ခွင့်ပေးပါ့မလား … ကိုယ့်ဘာသာ ခိုးဖတ်မှာပေါ့…”

 

ရှစ်ယဲ့ “…”

 

ဝမ်ချီက စိတ်ဆိုးဆိုးဖြင့် ဆံပင်ဆွဲဖွလိုက်သည့်အခါ ရှစ်ယဲ့က ရယ်လျက် ပြောလာ၏။

“ငါ မင်းစာအုပ်လေး နည်းနည်းယူဖတ်တာကို မင်းက မပျော်မရွှင်ဖြစ်နေတာပဲ .. နန်းတော်က မင်းကို နှစ်ဆပြန်ပေးမှာပါ …”

 

ဝမ်ချီ တောင့်ခဲသွားသည်။

 

ရှစ်ယဲ့က ဆက်ပြော၏။

“အမျိုးအစားတူ စာအုပ်တွေ ပြန်ပေးမယ်နော် …”


“…” ဝမ်ချီ ဒေါသထွက်လာသည်။

“အရှင့်သားရဲ့ ကြင်နာမှုကို မခံယူဝံ့ပါဘူး … အရှင့်သားပဲ အဲဒီ့စာအုပ်တွေကို သိမ်းထားလိုက်ပါ …”

 

ထိုသို့ပြောပြီးနောက် ဝမ်ချီက အိပ်ခန်းထဲမှ ထွက်လာလိုက်သည်။

 

သူက ကျောကျစ်နှင့် ယောဖန်းကို ခေါ်ကာ ရှစ်ယဲ့အရှေ့၌ပင် ဗီရိုထဲရှိ စာအုပ်များကိုထုတ်ကာ ပေးပစ်လိုက်၏။ သူ မှားဝယ်ခဲ့မိသည့် အဝါရောင်စာအုပ်များကိုမူ မီးပုံရှို့လိုက်၏။

 

ဝမ်ချီ အမှန်တကယ် စိတ်ဆိုးနေသည်။ တစ်ဖက်တွင် ရှစ်ယဲ့ သူ့အား နှုတ်ဆက်စကားမပြောပဲ ထွက်သွားသည်ကို တွေးမိနေပြီး တစ်ဖက်တွင်မူ ရှစ်ယဲ့၏ ခွေးအကျင့်များကို တွေးမိနေ၏။ သူက ညစာစားချိန်တစ်လျှောက်လုံး ရှစ်ယဲ့အား မရှိသည့်လူတစ်ဦးကဲ့သို့သာ ဆက်ဆံခဲ့ပြီး လျစ်လျူရှုထားလိုက်သည်။

 

ညသန်းခေါင်ရောက်သည်အထိ သူက ထိုအရာများကို တွေးကာ ဟိုလှည့်သည်လှည့်နှင့် အိပ်မပျော်ခဲ့ပေ။

 

ငါ သံသယဝင်မိနေတာ…

 

ရှစ်ယဲ့က ငါ့ကို မြေစာချုပ်ပေးခဲ့တာ နောင်တရပြီး ပြန်တောင်းဖို့လာတာများလားလို့ …

 

-----


နောက်တစ်နေ့၌..

 

ဝမ်ချီ နိုးလာချိန်တွင် ရှစ်ယဲ့မရှိတော့ချေ။

 

အပြင်ဘက်၌ နှင်းများ သည်းထန်စွာ ကျဆင်းနေ၏။

 

ဝမ်ချီက လူကြီးမင်းရင်းနှင့်အတူ ကျိုးအိမ်တော်မှ ထွက်လာခဲ့သည်။ သူတို့က ရထားလုံးရှိ ကန့်လန့်ကာကို မကာ လျှောက်ကြည့်ကြ၏။ ကျင်းကျိုး၏လမ်းများက ဆွတ်ဆွတ်ဖြူနေပြီး မြင်မြင်သမျှ အရာအားလုံး ဖြူဖွေးနေကြသည်။ လေထုပင်လျှင် အဖြူရောင်မြူများဖြင့် ပြည့်နှက်နေ၏။

 

လူကြီးမင်းရင်းက နှင်းဖုံးသော မြင်ကွင်းကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။

“နှင်းတွေကျနေတော့ တောင်တက်လမ်းတွေက သွားရခက်မှာပဲ … ဒီတစ်နှစ်လုံး ကျင်းကျိုးမှာပဲ နေရမလား မသိဘူး…”

 

ဝမ်ချီက ပြောလိုက်သည်။

“ဟုတ်တယ် …”

 

လူကြီးမင်းရင်းက ဝမ်ချီ၏ ခံစားချက်မရှိသော မျက်နှာအား ကြည့်ကာ ပြောလိုက်သည်။

“သခင်လေး နန်းတော်က ထွက်လာတာကြာပြီပဲ … ပြန်ရောက်ရင် အခြေအနေတွေက တစ်မျိုးပြောင်းနေလောက်တယ် …”

 

ဝမ်ချီက သူ့စကားထဲရှိ အဓိပ္ပာယ်ကို သိဟန်ဖြင့် မေးလိုက်သည်။

“လူကြီးမင်းရင်း … မြို့တော်က အခုဘယ်လိုနေပါသလဲ…”

 

လူကြီးမင်းရင်းက ခေါင်းယမ်းကာ စကားစရန် ပါးစပ်ဟလိုက်သည်။ ထိုစဉ် ရထားလုံးက ပြင်းပြင်းထန်ထန် တုန်လှုပ်သွား၏။ ထို့အတူ မြင်းများ၏ ကြောက်လန့်တကြား ဟီသံနှင့် ရထားလုံးမောင်းသမား၏ သနားညှာတာရန် တောင်းပန်သံများကိုပါ ကြားလိုက်ရလေသည်။



💮💮💮