💮Chapter 63
လှည်းပေါ်တွင် အိပ်ရသည်ထက် တည်းခိုခန်းတွင် အိပ်စက်အနားယူရခြင်းက ပို၍ သက်တောင့်သက်သာ ရှိသည်။
နောက်တစ်နေ့တွင် ဝမ်ချီက လန်းဆန်းစွာ နိုးထလာခဲ့သည်။
ယောဖန်းက ယခင်အတိုင်း လုံ့လဝီရိယရှိနေဆဲဖြစ်ပြီး နံနက်စောစော ထရုံသာမက ဝမ်ချီ့အခန်းသို့ ရောက်ရှိလာ၍ ဝမ်ချီကို မျက်နှာသန့်စင်ရန် ရေခပ်ပေးပြီး မျက်နှာကို လိမ်းခြယ်ပေးသည်။
စစ်သူကြီးလင်း၏ ညီတော်(၄)ဖြစ်သူ လင်းယွမ်၏မျက်ခုံးကြားတွင် မှဲ့နီမရှိသောကြောင့် ဝမ်ချီက သူ့မျက်ခုံးကြားရှိ မှဲ့နီကို ဖုံးထားရန် လိုအပ်သည်။
ယောဖန်း၏ မျက်နှာချေလိမ်းခြယ်မှု စွမ်းရည်က အလွန်ကောင်းမွန်သည်။ နှစ်ချက်သုံးချက် လိမ်းခြယ်လိုက်ရုံဖြင့် ဝမ်ချီ၏ မှဲ့နီကို ဖုံးလိုက်နိုင်သည်။
ဝမ်ချီက ကြေးမှန်ရှေ့သို့ ငုံ့ကြည့်ကာ သူ့မျက်ခုံးအလယ်ကို စမ်းကြည့်ရန် လက်လှမ်းလိုက်မိသည်။
ယောဖန်းက သူ့လက်ကို အမြန်ဆွဲလိုက်ပြီး တားသည်။
“မထိလိုက်ပါနဲ့ သခင်လေး… မမြင်ရတော့ဘူးဆိုပေမဲ့ လက်နဲ့စမ်းရင်တော့ မှဲ့ကို စမ်းမိမှာပဲ…အပေါ်က မျက်နှာချေတွေကို သုတ်လိုက်မိသလို ဖြစ်သွားလိမ့်မယ်…မကိုင်ကြည့်တာ အကောင်းဆုံးပါပဲ…”
ဝမ်ချီက ချီးကျုးလိုက်သည်။
"ယောဖန်း မင်းက တကယ်ကိုတော်တာပဲ…”
ယောဖန်းက မျက်လုံးများ မှိတ်၍ ချစ်စဖွယ်ကောင်းစွာ ပြုံးလိုက်ပြီး ပြောသည်။
“ချီးကျူးပေးလို့ ကျေးဇူးပါ သခင်လေး… တခြားသူတွေ သခင်လေးမျက်နှာကို လာမထိမိအောင် ရှောင်ဖို့ မမေ့ပါနဲ့… အပြင်မှာတော့ ကျွန်မတို့က ဒီလူတွေနဲ့ အခြေအနေချင်း မတူတာမို့ သတိထားတာ မမှားဘူး…”
ဝမ်ချီက ခေါင်းညိတ်ပြီး ပြောသည်။
“ငါ သတိထားလိုက်မယ်…”
မျက်နှာသန့်စင်ပြီးနောက် ဝမ်ချီက ယောဖန်းနှင့်အတူ နံနက်စာစားရန် အောက်ထပ်သို့ ဆင်းလာသည်။ တည်းခိုခန်း၏ ပထမထပ်က အလွန်ကျယ်ဝန်းပြီး စားပွဲနှင့် ကုလားထိုင်များ ခင်းကျင်းထားသည်။ ထမင်းစားချိန်ဖြစ်သောကြောင့် ပထမထပ်က လူပြည့်လုနီးပါးဖြစ်ပြီး စားပွဲထိုးများက စားပွဲတစ်ခုနှင့် တစ်ခုကြား ပြေးလွှားကူးသန်းနေသည်။
ဝမ်ချီက ပတ်ပတ်လည်ကို ကြည့်လိုက်သော်လည်း ရှစ်ကျင်းနှင့် အခြားသူများကို မတွေ့သဖြင့် ယောဖန်းကို စားပွဲအလွတ်ရှာခိုင်းပြီး ထိုင်လိုက်သည်။
သူ ထိုင်လိုက်သည်နှင့် မျက်နှာချင်းဆိုင်မှ ထွက်ပေါ်လာသော စကားပြောသံတိုးတိုးကို ကြားလိုက်ရပြီး ထိုအသံလာရာထံသို့ မော့ကြည့်လိုက်ရာ ရင်းနှီးသော မျက်နှာများကို မြင်လိုက်ရသည်။
ဒီလူတွေက… ရှစ်ကျင်းနဲ့အတူ ကျင်းကျိုးကို လိုက်လာတဲ့ မြို့တော်က အရည်အချင်းရှိတဲ့ သခင်လေးတွေ မဟုတ်ဘူးလား…
ဝမ်ချီ အတွေးလွန်နေခြင်းပေလား မသိသော်လည်း ရှစ်ကျင်း မရှိသောအချိန်တွင် ဤလူများက အပေါ်ယံ ဆက်ဆံရေးကိုပင် ဟန်ဆောင်ထိန်းသိမ်းလိုစိတ် ရှိပုံမပေါ်ချေ။ ထိုလူများက ဝမ်ချီခေါင်းမော့ ကြည့်လိုက်သည်ကို မြင်ပြီး ချက်ချင်း ခေါင်းများငုံ့၍ အကြည့်လွှဲလိုက်ပြီး ဝမ်ချီကို မမြင်ခဲ့သည့်အတိုင်း ဟန်ဆောင်လိုက်ကြသည်။
ဝမ်ချီက ထိုလူများ သူ့အပေါ် အထင်သေးသည်ကို သဘောပေါက်သည်။ သူလည်း ထိုလူများနှင့် ဆက်ဆံရန် အစီအစဉ်မရှိချေ။ အနာဂတ်တွင် ကိုယ့်လမ်းကိုယ်လျှောက်ရန်သာ လိုသည်။
ဝမ်ချီက အကြည့်များကို ရုတ်သိမ်းလိုက်ပြီး အစားအသောက်မှာယူရန် စားပွဲထိုးကို လှမ်းခေါ်လိုက်သည်။
ဘေးတွင် ထိုင်နေသော ယောဖန်းက ထိုလူများကို သတိထားမိသွားပြီး မေးသည်။
"သခင်လေး သူတို့က မင်းသား(၄)နောက်က လိုက်ပါလာတဲ့ လူတွေမလား…”
ဝမ်ချီက အစားအသောက်မှာပြီးသည်နှင့် စားပွဲထိုး ထွက်သွားသည်ကို စောင့်ဆိုင်းပြီးမှ ခပ်တိုးတိုး ပြန်ဖြေသည်။
“ဟုတ်တယ်…”
ယောဖန်းက နှာခေါင်းကို ပွတ်သပ်ရင်း ပြောသည်။
“ဒီလူတွေ သခင်လေးကိုကြည့်တဲ့ အကြည့်တွေက နည်းနည်းထူးဆန်းတယ်လို့ ကျွန်တော်မျိုးမ ထင်တယ်… ပြီးတော့ သူတို့တွေ သခင်လေးအကြောင်း ပြောနေကြတာနဲ့ တူတယ်…”
ဝမ်ချီက မေးလိုက်သည်။
“သူတို့ ဘာပြောနေကြလဲဆိုတာ မင်းကြားလိုက်ရလား…"
ယောဖန်းက ခေါင်းငုံ့ပြီး ထစ်ထစ်အအ ပြန်ဖြေသည်။
“သူတို့ပြောနေကြတာ စကားအကောင်းတွေ မဟုတ်လို့ မမေးပါနဲ့တော့ သခင်လေး…”
ဝမ်ချီက ယောဖန်း ထစ်ထစ်အအနှင့် ဖြေသည်ကို ကြည့်ပြီး သူတို့ မည်သို့ ပြောနေခဲ့သည်ကို အကြမ်းဖျင်း မှန်းဆနိုင်သည်။ သူ့ကို နှိမ့်ချသည့် စကားများသာ ဖြစ်ပေမည်။
စစ်သူကြီး၏ ညီတော်(၄) လင်းယွမ်က မြို့တော်တွင် နာမည်မကြီးသောသူ ဖြစ်သော်လည်း ယခုအချိန်တွင် တိုင်းပြည်ကိစ္စများကို ဆောင်ရွက်ရန် မင်းသား၄ (မင်းသားရွှမ်) နောက်သို့ လိုက်ခွင့်ရှိခဲ့သည်။ ထို့ကြောင့် သူက စစ်သူကြီးလင်း၏ နာမည်ကို အသုံးချပြီး အခွင့်ကောင်းယူထားသည်ဟု ထိုလူများက ထင်မှတ်ကြပေမည်။
ယောဖန်းက ဝမ်ချီ စကားမပြောဘဲ တွေးတောနေသည်ကို မြင်၍ သခင်လေးက ထိုလူများ၏ စကားကို စိတ်ထဲထားနေသည်ဟု တွေးပြီး နှစ်သိမ့်စကား ဆိုသည်။
"သခင်လေး ကျွန်တော်မျိုးမတို့ရဲ့ ရည်ရွယ်ချက်နဲ့ အခြေအနေက သူတို့နဲ့ မတူတာမို့ သူတို့ အထင်အမြင်တွေကို ဂရုစိုက်နေစရာ မလိုပါဘူး…ပြီးတော့ သခင်လေးက အရမ်းထက်မြက်တာမို့ အချိန်တစ်ခုကျရင် သူတို့ကို သာလွန်သွားမှာ အသေအချာပဲ…”
ထိုစကားကိုကြားပြီး ဝမ်ချီက ယောဖန်းကို ပြုံးပြကာ ညစ်ညူးစွာဖြင့် ပြောသည်။
“အနာဂတ်မှာ သူတို့နဲ့ ခဏခဏ မတွေ့ရဖို့ မျှော်လင့်တယ်…”
ယောဖန်းက ပြောသည်။
“ကျွန်တော်မျိုးမတို့ စစ်သူကြီးလင်းနဲ့ လိုက်သွားကြမလား… စစ်သူကြီးလင်းက သူတို့နဲ့ အတူခရီးဆက်လောက်မယ် မထင်ဘူး…”
ဝမ်ချီ အနည်းငယ် စဉ်းစားပြီးနောက် ယောဖန်းပြောသည်က အဓိပ္ပါယ်ရှိသည်ဟု တွေးလိုက်သည်။
သူက ယခု စစ်သူကြီးလင်း၏ နာမည်ခံညီတော် ဖြစ်သောကြောင့် သူသာ စစ်သူကြီးလင်းနှင့်အတူ မသွားပါက သွားစရာလူလည်း မရှိချေ။
ဝမ်ချီနှင့် ယောဖန်းတို့ မနက်စာစားပြီးသည့် အချိန်အထိ ဘေးဝိုင်းရှိ လူများက မလှုပ်ကြသေးပေ။ ဝမ်ချီတို့ ထွက်သွားခါနီးမှသာ ထိုလူများက တစ်ယောက်နှင့်တစ်ယောက် ငြင်းခုံပြီး အဆုံးသတ်တွင် အဖွဲ့ထဲမှလူတစ်ယောက်ကို တွန်းထုတ်ကာ ဝမ်ချီထံသို့ သွားစေခဲ့သည်။
ထိုတွန်းထုတ်ခံရသောလူက အစိမ်းရောင်အဝတ်အစားကို ဝတ်ဆင်ထားပြီး သာမန်ရွက်ကြမ်းရေကျိုဖြစ်၍ လူအုပ်ထဲတွင် မထင်ပေါ်သော လူစားမျိုး ဖြစ်သည်။
ပထမတွင် ဝမ်ချီက ဤလူ နံဘေးသို့ ရောက်လာသော အချိန်တွင် ပိုက်ဆံလာတောင်းသော စားပွဲထိုးဟု ထင်မှတ်၍ ခေါင်းကိုမော့ပြီး ပြုံးပြရင်း ပြောသည်။
“အစ်ကို ငါတို့ ငွေရှင်းပြီးပြီ… ”
ထိုလူ : “…”
ဝမ်ချီက သူ့မျက်နှာ သိသိသာသာ မည်းမှောင်သွားသည်ကို ကြည့်ပြီး ချက်ချင်းပင် နားမလည်နိုင် ဖြစ်သွားသည်။
ထိုလူက အံကြိတ်ပြီး မေးသည်။
“ငါဘယ်သူလဲဆိုတာ မင်း မမှတ်မိဘူးလား…”
ဝမ်ချီက ခေါင်းကုတ်လိုက်ပြီး ပြန်ဖြေသည်။
“မင်းက စားပွဲထိုး မဟုတ်ဘူးလား…"
ဝမ်ချီ၏ ရိုးသားသောအဖြေကြောင့် ဒေါသထွက်နေသော ထိုလူက သွေးအန်လုနီးပါးဖြစ်ကာ သူ့မျက်နှာက အိုးအောက်ခြေတွင် နှစ်နာရီနီးပါး နစ်မြုပ်ထားသကဲ့သို့ မည်းနက်နေပြီး ဒေါသတကြီးပြောသည်။
“ငါ့မျိုးရိုးက ကျန်း… ငါတို့ မနေ့ကမှ တွေ့ထားသေးတယ်လေ…”
ယောဖန်းက ဝမ်ချီ့လက်ကို ညင်သာစွာထိလိုက်ပြီး မျက်နှာအရိပ်အကဲ ပြလိုက်သောကြောင့် ဘေးဝိုင်းရှိ လူများကို လှမ်းကြည့်လိုက်ရာ ထိုလူများက ဝမ်ချီတို့ကို အမူအရာပေါင်းစုံဖြင့် ကြည့်နေကြသည်ကို မြင်ပြီး ထိုကျန်းမျိုးရိုး မည်သူဖြစ်ကြောင်း နားလည်သွားတော့သည်။
လက်စသတ်တော့ အဲ့အုပ်စုထဲက တစ်ယောက်ပဲကို…
ဝမ်ချီက အနေရခက်နေပြီး သူ့ရှေ့က ဒေါသထွက်နေသော ထိုကျန်းမျိုးရိိုးကို မော့ကြည့်ရန်ပင် မဝံ့မရဲ ဖြစ်နေပြီး တောင်းပန်စကား ဆိုသည်။
“ကျန်းသခင်လေး စိတ်မရှိပါနဲ့… အရင်က မင်းကို သတိမထားလိုက်မိလို့ပါ…”
အမှန်တွင် ၎င်းက ဝမ်ချီ့အမှား မဟုတ်ချေ။ အဓိက အကြောင်းအရင်းမှာ ထိုလူက ယမန်နေ့က စကားဝင်မပြောခဲ့ဘဲ သူ့အသွင်အပြင်ကလည်း မထင်ပေါ်သောကြောင့် သတိမထားမိခဲ့ခြင်း ဖြစ်သည်။
ယောဖန်းပင်လျှင် သူ့ကို အချိန်မီ မမှတ်မိပေ။
ဝမ်ချီ တောင်းပန်လိုက်သော်လည်း ထိုလူ၏ ရုပ်ဆိုးဆိုးမျက်နှာတွင် ဒေါသများလျော့နည်းသွားခြင်း မရှိသေးပေ။ သူက ပေါက်ထွက်နေသော ဒေါသများကို အသက်ပြင်းပြင်း ရှုသွင်းလိုက်ကာ ကြိုးစားဖြေလျှော့ပြီး ပြောသည်။
“စစ်သူကြီးလင်းက ရဲရင့်ပြီး တိုက်ပွဲတိုင်းမှာ အောင်မြင်မှုများစွာကို ရထားခဲ့တယ်ဆိုတာကို ငါတို့ ကြားထားပေမဲ့ ဝမ်သခင်လေးရဲ့ နာမည်ကိုတော့ မကြားဖူးဘူး… မင်းကိုအခုလို ပွဲထုတ်ပေးဖို့ စစ်သူကြီးလင်းကို ဘယ်လိုများ စည်းရုံးခဲ့တာလဲ မသိဘူး…”
အစပိုင်းကို နားထောင်ရုံဖြင့် ဝမ်ချီက ထိုလူ၏ စကားလုံးများတွင် သူ့အား နှိမ့်ချချင်သည့် သဘော ပါနေသည်ကို နားလည်သောကြောင့် စကားဆက်ပြောချင်စိတ် မရှိတော့ချေ။
ဝမ်ချီက ထိုလူများကို ဦးစွာရန်စခြင်းမရှိဘဲ မသိကျိုးကျွန်ပြုထားသော်လည်း သူတို့က သူနှင့် ရှင်းရှင်းလင်းလင်း နေချင်ပုံ မပေါ်ပေ။
ဝမ်ချီက နှုတ်ဆိတ်နေပြီး ခဏအကြာတွင် ပြန်ဖြေသည်။
“အင်း…ငါက ပါးစပ်နဲ့ စည်းရုံးခဲ့တာလေ…”
ထိုလူ့ နှုတ်ခမ်းထောင့်က နှစ်ကြိမ်တွန့်ကွေးသွားပြီး စိတ်မရှည်စွာဖြင့် ထပ်မေးသည်။
“ငါဆိုလိုတာက စစ်သူကြီးလင်းက မင်းကို ပွဲထုတ်ပေးဖို့ လွယ်လွယ်ကူကူနဲ့ လက်ခံပေးတာလားလို့ မေးတာ…”
ဝမ်ချီက ပြန်ဖြေသည်။
“ဟုတ်တယ်လေ…မင်းသားရွှမ်ရဲ့ ခွင့်ပြုမှုကြောင့် ငါ့ကိုခေါ်လာပေးတာ…”
ထိုလူက ထပ်မေးပြန်သည်။
“မင်းသားရွှမ်က စစ်သူကြီးလင်း မင်းကိုခေါ်လာဖို့ကို လွယ်လွယ် ခွင့်ပြုလိုက်တယ်လား…”
“ဒါပေါ့ မင်းကြီးကိုယ်တိုင်က ခွင့်ပြုနေမှတော့ မင်းသားရွှမ်လည်း လက်ခံလိုက်တာပေါ့…”
ဝမ်ချီက ထပ်ဖြေသည်။
ထိုလူက ချက်ချင်းပင် အံ့အားသင့်သွားပြီး မျက်လုံးများ ပြူးကျယ်သွားကာ ထပ်မံအတည်ပြုသည်။
“မင်းဆိုလိုတာက မင်းကြီးက မင်းကို မင်းသားရွှမ်နဲ့အတူ ကျင်းကျိုးကို လာဖို့ အထူးအမိန့်ပေးလိုက်တယ်ဆိုတဲ့ သဘောလား…ဘာလို့လဲ…”
ဝမ်ချီက ခေါင်းကိုမော့၍ ထိုလူ့ကို ပြုံးပြပြီး ပြောသည်။
"မင်းကြီးရဲ့ အတွေးက ဘယ်လိုဆိုတာကို ငါက ဘယ်လိုလုပ်ပြီး သိမှာလဲ… ဒါမှမဟုတ် ငါ့အစား မင်းကြီးကို သွားမေးပေးမလား…”
ထိုလူ အစက ထပ်မံချေပရန် ပါးစပ်ဟလိုက်သော်လည်း ဝမ်ချီနှင့်အပြိုင် စကားနိုင်လုရန် မတတ်စွမ်းနိုင်ကြောင်း သိသွားသောကြောင့် သူ့မျက်နှာက ဒေါသဖြင့် ပြာဝေသွားပြီး ခန္ဓာကိုယ်က အထိန်းအကွပ်မရှိ တုန်နေသည်။ ဝမ်ချီ့စကားကို ပြန်ချေပမည့် အချိန်တွင် ဝမ်ချီက ယောဖန်းကို ဆွဲခေါ်သွားပြီး တည်းခိုခန်းထဲမှ အမြန်ထွက်သွားသည်။
ဝမ်ချီနှင့် ယောဖန်းက မြင်းလှည်းပေါ်သို့ အမြန် ပြေးတက်လိုက်သည်။
ယောဖန်းက ထိုလူ၏ ဒေါသထွက်နေသော မျက်နှာကို မြင်ပြီး ထိတ်လန့်သွားကာ ရင်ဘတ်ကို အသာပုတ်၍ အသက်ဝအောင် ရှူလိုက်သည်။ သူမကဲ့သို့ ပြေးလာရသောကြောင့် မောပြီး အသက်ရှူမဝ ဖြစ်နေသော ဝမ်ချီကို ယောဖန်းက စိုးရိမ်တကြီး ကြည့်ပြီး မေးသည်။
“သခင်လေး ကျွန်တော်မျိုးမတို့ ကျန်းသခင်လေးကို အခုလိုမျိုး ပြောခဲ့တာ သူတို့ မင်းသားရွှမ်ကို သွားပြန်တိုင်ရင် ဘယ်လိုလုပ်မလဲ…”
ဝမ်ချီက ပြန်ဖြေသည်။
“သူတို့ မတိုင်ရဲပါဘူး…”
ယောဖန်းလည်း စိတ်ရှုပ်ထွေးသွားသည်။
ဝမ်ချီက ထပ်မံ ရှင်းပြသည်။
"သူတို့က စစ်သူကြီးလင်းရဲ့ နောက်ကွယ်မှာပဲ ငါ့ကို ကဲ့ရဲ့ရဲကြတာ… စစ်သူကြီးလင်းရှေ့ ရောက်ရင် လေတောင်လည်ရဲကြတာ မဟုတ်ဘူး…”
ယောဖန်းက ဝမ်ချီပြောသည့် စကားကိ ကြားပြီး ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။
အစောပိုင်းတွင် စကားအတင်အချေ ပြောလိုက်ရသောကြောင့် ဝမ်ချီက ယခုတွင် လှည်းပေါ်မှ မဆင်းဝံ့တော့ချေ။
ယောဖန်းကိုလည်း မဆင်းခိုင်းဘဲ အနီးနားက အစောင့်၂ယောက်ကို လှမ်းခေါ်လိုက်ပြီး တည်းခိုခန်းတွင် ထားခဲ့မိသည့် အထုပ်အပိုးများကို သွားယူခိုင်းလိုက်သည်။
တစ်ညတာ အနားယူပြီးနောက် တစ်ဖွဲ့လုံး အားအင်များ ပြန်ပြည့်ဝသွားသောကြောင့် အလျင်အမြန် ခရီးဆက်လိုက်ကြသည်။
ကျင်းကျိုးမြို့နှင့် နီးကပ်လာသည်နှင့်အမျှ လမ်းမကြီးပေါ်တွင် လမ်းသွားလမ်းလာများ၊ မြင်းလှည်းများ၊ နွားလှည်းများ ပိုမိုများပြားလာကာ လမ်းဘေးနှစ်ဖက်တွင် ကုန်ပစ္စည်းရောင်းချသည့် ဈေးသည်များလည်း တွေ့လာရသည်။
ထိုမြင်ကွင်းက ယခင်က တောအုပ် တောင်တန်းများထက်စာလျှင် ပ်ို၍အလွန်အသက်ဝင်သည်။
ဝမ်ချီက ပြတင်းပေါက်ရှေ့ရှိ ကန့်လန့်ကာကို ထုံးချည်လိုက်ပြီး ပြတင်းပေါက်ကိုမှီကာ အပြင်မြင်ကွင်းကို ကြည့်လိုက်သည်။
မကြာမီတွင် သူတို့လှည်းများက ကျင်းကျိုးမြို့ ဂိတ်ပေါက်ကို ရောက်လာသည်။
တစ်ဖွဲ့လုံး ဖြည်းညှင်းစွာ အရှိန်ရပ်လိုက်ကြသည်။
ရှေ့မှခေါင်းဆောင်က ဂိတ်မှူးကို အကျိုးအကြောင်းပြောပြီးမှ တစ်ဖွဲ့လုံး ကျင်းကျိုးမြို့ထဲသို့ ခရီးဆက်လိုက်ကြသည်။
ကျင်းကျိုးမြို့က မြို့ပြင်ထက် ပိုအသက်ဝင်မည်ဟု ဝမ်ချီက ထင်ခဲ့သော်လည်း မြို့မြင်ကွင်းက သူထင်ထားသည်နှင့် တခြားစီ ဖြစ်နေသည်။ လမ်းမပေါ်တွင် ဈေးသည်တချို့နှင့် လမ်းသွားလမ်းလာ အနည်းငယ်သာရှိပြီး ဘေးနှစ်ဖက်ရှိ စားသောက်ဆိုင်များနှင့် ဈေးဆိုင်များပင်လျှင် ဆိတ်သုဉ်းပြီး လူသူကင်းမဲ့နေသည်။
မြို့တော်က သာယာဝပြောပြီး အသက်ဝင်သော်လည်း ကျင်းကျိုးမြို့ကမူ ပျက်စီးယိုယွင်းပြီး ဟောင်းနွမ်းနေသည်။
ဝမ်ချီကို အံ့ဩစေသည်မှာ လမ်းတစ်လျှောက်တွင် လမ်းသွားလမ်းလာများထက် သူတောင်းစားများ ပိုများနေခြင်း ဖြစ်သည်။
ထိုသူတောင်းစားများက အဝတ်စုတ်များ ဝတ်ဆင်ကာ လမ်းဘေးတွင် အမျိုးမျိုးသော ကိုယ်ဟန်အနေအထားဖြင့် လှဲလျောင်းနေပြီး ကလေးကို ချီပိုထားသော အမျိုးသမီးများပင် ရှိသည်။
ဝမ်ချီတို့အဖွဲ့က လူများပြီး မြင်းလှည်းများဖြင့် တခမ်းတနား ဖြစ်နေသောကြောင့် လမ်းပေါ်ရှိ ထိုသူတောင်းစားများအားလုံး ဝမ်ချီတို့ကို စိတ်အားထက်သန်စွာ ကြည့်နေကြသည်။ ထို့နောက်တွင် မည်သူ ဦးဆောင်လိုက်သည်မသိ သူတောင်းစားများက ဝမ်ချီတို့အဖွဲ့ကို ဝိုင်းအုံပိတ်ဆို့ပြီး အော်ဟစ်ငိုကြွေးကြသည်။
ထို့ကြောင့် သူတို့အဖွဲ့က နောက်တစ်ကြိမ် ရပ်တန့်လိုက်ရသည်။
ဝမ်ချီက ကန့်လန့်ကာကို ပိတ်လိုက်သော်လည်း အပြင်ဘက်မှ ဆူညံသံများနှင့် အစောင့်များ၏ ဒေသတကြီး ဆူပူကြိမ်းမောင်းသံများကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
အချိန်အတန်ကြာပြီနောက် ဝမ်ချီတို့အဖွဲ့က ဖြည်းဖြည်းချင်း အရှေ့သို့ ခရီးဆက်လိုက်ကြသည်။
တစ်နေရာအရောက်တွင် တတိယအကြိမ်မြောက် ရပ်တန့်လိုက်ပြီး အစောင့်တစ်ဦးက ပြတင်းပေါက်နားသို့ လျှောက်လာကာ ရောက်ရှိပြီးဖြစ်ကြောင်း ဝမ်ချီအား လျှောက်တင်သည်။
ဝမ်ချီ လှည်းပေါ်မှ ဆင်းလိုက်သည့်အချိန်တွင် ကျင်းကျိုးမြို့တော်ဝန်၏ နေအိမ်ရှေ့သို့ ရောက်ရှိနေသည်ကို သိလိုက်ရသည်။ သူနှင့် စစ်သူကြီးလင်းကို ဤနေရာတွင် နေထိုင်ရန် စီစဉ်ပေးထားခြင်း ဖြစ်မည်။ သူနေရမည့် ခြံဝင်းက စစ်သူကြီးလင်း၏ ဝင်းဘေးတွင် ဖြစ်သည်။
ကျင်းကျိုးမြို့တော်ဝန် ကျိုးဖန် က အသက်လေးဆယ်ကျော် လူလတ်ပိုင်းတစ်ဦးဖြစ်သည်။ ခန္ဓာကိုယ်က ပိန်ပါးပြီး အလုပ်တာဝန်များကြောင့် စိတ်ဖိစီးနေသည့်ပုံပေါ်ကာ မျက်နှာမှာမူ အမြဲမျက်မှောင်ကြုတ်နေပြီး မကြာခဏ သက်ပြင်းချနေသည်။
ထိုမြို့တော်ဝန်၏ အိမ်တော်က ဝမ်ချီ့အတွေးထဲကကဲ့သို့ မခမ်းနားဘဲ ဝမ်ချီ့အိမ်တော်၏ တစ်ဝက်ခန့်ပင် ကောင်းမွန်ခြင်း မရှိချေ။ ထို့အပြင် ဝမ်ချီအတွက် စီစဉ်ပေးထားသည့် ခြံဝင်းကလည်း ယခင်က ဝမ်အိမ်တော်တွင် ဝမ်ချီနေထိုင်ရသည့် အဆောင်လောက်ပင် မခမ်းနားချေ။
ကျင်းကျိုးမြို့သို့ ရောက်လာသည့် အချိန်မှစပြီး ဝမ်ချီ့စိတ်များ လေးလံနေသည်။
သူက ကျင်းကျိုးတွင် သဘာဝဘေးအန္တရာယ် ပြင်းထန်ကြောင်းကို သိခဲ့တာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ဤမျှလောက် ပြင်းထန်လိမ့်မည်ဟု မည်သည့်အခါကမှ မတွေးခဲ့ဖူးချေ။
ပထမသုံးရက်တွင် ဝမ်ချီက မည့်သည့် အမိန့်တာဝန်မှ မရရှိသောကြောင့် ခြံဝင်းထဲတွင်သာ သုံးရက်လုံး တိတ်တိတ်ဆိတ်ဆိတ် နေခဲ့သည်။
လေးရက်မြောက်နေ့ နံနက်ခင်းတွင် အိမ်တော်ရှိ အစေခံများက နေ့လယ်စာစားပြီးနောက် ခန်းမထဲတွင် စုဝေးရန် ဝမ်ချီကို အကြောင်းကြားခဲ့သည်။
ထို့ကြောင့် ဝမ်ချီက နာရီဝက်စောပြီး ခန်းမထဲသို့ တစ်ယောက်တည်း လာခဲ့ရာ ခန်းမထဲတွင် လူ ၇ဦး၈ဦးနီးပါး တစ်ယောက်တစ်နေရာစီ ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူ့မျက်လုံးများက ခန်းမပတ်ပတ်လည်ကို ကြည့်လိုက်ပြီး အဆုံးသတ်တွင် ဟွားကျစ်ချန်ထံ၌ အကြည့်ကို ရပ်တန့်လိုက်သည်။
ဝမ်ချီက အခြားသူများနှင့် မရင်းနှီးဘဲ ထိုလူများထဲတွင် ဟွားကျစ်ချန်နှင့်သာ သိကျွမ်းသည်။
သူက ခေတ္တ တုံ့ဆိုင်းသွားပြီးနောက် ဟွားကျစ်ချန်ထံသို့ လျှောက်သွားလိုက်သည်။
ဟွားကျစ်ချန်က သူ့ကို ကျောပေးပြီး နံရံတွင် ချိတ်ဆွဲထားသော ပန်းချီကားတစ်ချပ်ကို ကြည့်နေသည်။
ဝမ်ချီက ပြုံးပြီး နှုတ်ဆက်လိုက်သည်။
“ဟွားသခင်လေးလည်း အစောကြီး ရောက်နေတာပဲ…”
ထိုအခိုက်အတန့်တွင် ဝမ်ချီက ဟွားကျစ်ချန်၏
နောက်ကျော တောင့်တင်းသွားသည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
💮💮💮
ဇာတ်လမ်းစတော့မယ်🤣🤣🤣