Chapter 62
Viewers 36k

💮Chapter 62



ဝမ်ချီက လုပ်စရာအထွေအထူး မရှိသောကြောင့် ခုံပေါ်တွင် မှီပြီး အနားယူမှေးစက်လိုက်သည်။ 


လှည်းက ကြီးမားသော်လည်း ဤလှည်းပေါ်တွင် ဝမ်ချီနှင့် ယောဖန်းနှစ်ယောက်တည်းသာရှိပြီး ကျန်ရှိနေသောဝမ်ချီ၏ အစေခံများကိုမူ အခြားမြင်းလှည်းနှင့် လိုက်ပါစေသည်။ 


မြင်းလှည်းပေါ်သို့ စတင်ရောက်ရှိတည်းကပင် ယောဖန်းက အလုပ်ရှုပ်နေသည်။


ဝမ်ချီ တစ်ရေးတစ်မော အိပ်မောကျပြီး နိုးလာသောအချိန်တွင် ယောဖန်းကို ကြည့်လိုက်သည်။ ယောဖန်းက သူမ သယ်ဆောင်လာသည့် နူးညံ့သော ပုံပန်းသဏ္ဍာန်ရှိသည့် ဘူးသေးတစ်ဘူး အပါအဝင် အထုပ်အပိုးများကို နေရာချနေသည်။


“ဒါလေးက ဘာလဲ…”

ဝမ်ချီက ထိုဘူးလေးကိုကောက်ကိုင်၍ စူးစမ်းလိုစိတ်ဖြင့် မေးမြန်းပြီး ဖွင့်ကြည့်လိုက်ရာ ဘူးထဲတွင် ယောထောင် လုပ်ပေးလိုက်သော နာနတ်ကိတ်များရှိနေသည်ကို တွေ့လိုက်သည်။


[ T/N - နာနတ်ကိတ်ဆိုတာက ထိုင်ဝမ်ရိုးရာမုန့်တစ်ခုဖြစ်သည်။ လုံဖုန်းပန်ကိတ်နှင့် ယွမ်ယန်မုန့်မှ ဆင်းသက်လာခြင်းဖြစ်သည်။ ၎င်း၏အဓိကကုန်ကြမ်းများမှာ ဂျုံမှုန့်၊ ထောပတ်၊ သကြား၊ ကြက်ဥနှင့် ဘူးသီးဆော့စ်တို့ဖြစ်သည်။ အပြင်ဘက်တွင် မာပြီး အတွင်းပိုင်းတွင် နူးညံ့သည်။ ]


ယောဖန်းက လျှောက်တင်သည်။

“ကျွန်တော်မျိုးမတို့ လှည်းပေါ်မှာ အချိန်အကြာကြီး စီးနှင်းရမှာဆိုတော့ ဒီအစေခံက သခင်လေး လမ်းက အစားအသောက်တွေကို မစားတတ်မှာ စိုးရိမ်လို့ ယောထောင်နဲ့ အတူတူ အဆာပြေမုန့်တွေလုပ်ပြီး ထည့်လာပေးတာပါသခင်လေး… သခင်လေး ဗိုက်ဆာတဲ့အချိန်ကျ သုံးဆောင်ပါ…”


နံနက်ခင်းက ဝမ်ချီ ကိတ်မုန့်ဖုတ်နေသောအချိန်တွင် ယောဖန်းနှင့် ယောထောင်တို့လည်း မီးဖိုချောင်တွင် အလုပ်ရှုပ်နေကြသည့် အကြောင်းရင်းကို ဝမ်ချီ သဘောပေါက်သွားတော့သည်။


"မင်းတို့တွေ တကယ် အမြော်အမြင်ရှိတာပဲ…”

ဝမ်ချီက ထိုသို့ပြောပြီး နာနတ်ကိတ်တစ်တုံးကို ကောက်ယူ၍ ပါးစပ်ထဲသို့ ထည့်လိုက်ကာ ပါးစောင်ထဲတွင် ငုံပြီး ဟမ်းစတား အစာစားသကဲ့သို့ ပါးဖောင်းဖောင်းလေးများ လှုပ်ကာလှုပ်ကာဖြင့်ဝါး၍ စိတ်ကျေနပ်စွာဖြင့် ဆိုသည်။

“အရသာရှိလိုက်တာ…”


ဝမ်ချီ၏ ချီးကျုးစကားကို ကြားသော ယောဖန်းက  အလွန်ပျော်သွားပြီး ပြောသည်။

“အရသာရှိတယ်ဆို များများသုံးဆောင်ပါ သခင်လေး…”


ဝမ်ချီက နာနတ်ကိတ်လေးငါးတုံး ဆက်တိုက်စားပြီး လည်ချောင်း အနည်းငယ် ခြောက်လာသောကြောင့် ယောဖန်းကို ရေငှဲ့ပေးရန် ပြောလိုက်သည်။


ဤနည်းဖြင့် ဝမ်ချီက အိပ်ငိုက်ခြင်းမရှိတော့ဘဲ ထထိုင်ပြီး လှည်းပြတင်းပေါက်ရှေ့တွင် ကာထားသော လိုက်ကာကို ဖွင့်ကာ အပြင်သို့ကြည့်လိုက်သည်။ သူတို့လှည်းက မြို့တော်ပြင်သို့ ရောက်ရှိနေပြီဖြစ်ပြီး တိတ်ဆိတ်နေသော တောလမ်းထဲတွင် မောင်းနှင်နေသည်။


အရှေ့သို့ လှမ်းကြည့်လိုက်သောအချိန်တွင် မြင်းများ အလုံးအရင်းကို မြင်ရသည်။


လှည်းဘေးတွင် လိုက်ပါလာသော အစောင့်က ဝမ်ချီ ကြည့်နေသည်ကို သတိပြုမိပြီး လျှောက်တင်သည်။

“ဝမ်သခင်လေး ဘာများ မိန့်စရာရှိပါသလဲ…”


ဝမ်ချီက အချိန်မစောတော့သည်က်ို သတိထားမိပြီး မေးမြန်းသည်။

“ငါတို့ တစ်ညလုံး မရပ်မနားဘဲ ခရီးနှင်မှာလား…”


ထိုရဲမက်က ပြန်ဖြေသည်။

"ကျွန်တော်မျိုးတို့ ညလုံးပေါက် အလျင်စလို ခရီးနှင်မှာတော့ မဟုတ်ဘူး… ရပ်နားပြီး အနားယူကြမှာပါ… တကယ်လို့ လမ်းမှာတည်းခိုခန်းတွေ့ရင် သခင်လေးကို တည်းခိုခန်းမှာ အနားယူဖို့ စီစဉ်ပေးပြီး  တည်းစရာနေရာမရှိရင်တော့ ဝမ်သခင်လေး ဒီလှည်းပေါ်မှာပဲ တစ်ညအနားယူရပါလိမ့်မယ်…”


ဝမ်ချီက လိုက်ကာမပိတ်မီ ထိုရဲမက်နှင့် စကားအနည်းငယ် ပြောလိုက်သည်။


ဝမ်ချီက ယောဖန်းဘက်သို့ ပြန်ကြည့်လိုက်သော အချိန်တွင် သူမက အထုတ်အပိုးများကို သိမ်းဆည်းပြီးလုနီးပါး ဖြစ်သည်။ 


ယောဖန်းက တစ်စုံတစ်ခုကို စဉ်းစားမိသွားပြီး သူမ၏ မျက်နှာတွင် စိုးရိမ်မှု အနည်းငယ် ပေါ်လာသည်။ သူမက ထပ်မံလှဲလျောင်းအနားယူရန် ပြင်ဆင်နေသော ဝမ်ချီကို ကြည့်ပြီး မေးသည်။

“သခင်လေး အိမ်ရှေ့စံကို ဘာမှအကြောင်းမကြားဘဲ အရှေ့နန်းဆောင်ကနေ ထွက်လာတာ အိမ်ရှေ့စံ သိသွားတဲ့အချိန်ကျ သခင်လေးကို အပြစ်ဆိုရင် ဘယ်လိုလုပ်မလဲ…”


ဝမ်ချီက လက်ကို ဝှေ့ယမ်းလိုက်ပြီး မင်သေသေဖြင့် ပြောသည်။

“ငါ အိမ်ရှေ့စံကို အကြောင်းကြားပြီးပြီ... ဖင်အန်းကိုတောင် အိမ်ရှေ့စံဆီ ကိတ်မုန့် သွားပို့ခိုင်းလိုက်တယ်လေ…”


ထိုစကားကိုကြားပြီး ယောဖန်းက ကူကယ်ရာမဲ့စွာဖြင့် လျှောက်တင်သည်။

"ဒါပေမယ့် သခင်လေး ကိုယ်တိုင် သွားပို့တာမှ မဟုတ်တာ…"


ဝမ်ချီက ခေတ္တတွေဝေသွားပြီး ပြောသည်။

“ဘာပဲဖြစ်ဖြစ် အိမ်ရှေ့စံက ငါ့ကိုမှ မမြင်ချင်တာ…”


ဝမ်ချီက မည်မျှပင်တုံးအသည်ဖြစ်စေ မင်းကြီးနှင့် မင်းသား(၄)က သူ့ထံသို့ အကြိမ်ကြိမ် ချဉ်းကပ်ရန် ကြိုးစားခဲ့သည်ကိုမူ သတိထားမိသည်။ သို့သော်လည်း ရှစ်ယဲ့က အကြိမ်တိုင်း ကြားတွင်ဖျက်လိုဖျက်ဆီးလုပ်ခဲ့သည်။ ရှစ်ယဲ့က သူ့အား ထိုနိုင်ငံရေးကိစ္စများတွင် ပါဝင်စေချင်ပုံ မရချေ။


သို့သော်ငြား ယခုတစ်ကြိမ်တွင်မူ ရှစ်ယဲ့က ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ ရွေးချယ်ခွင့်ကို သူ့ထံပေးခဲ့သည်။


ဝမ်ချီက အချိန်အတန်ကြာသည်အထိ စဉ်းစားသော်လည်း ရှစ်ယဲ့၏ ရည်ရွယ်ချက်ကို နားမလည်ချေ။


အဆုံးတွင် ဝမ်ချီက ယောဖန်းကို နှစ်သိမ့်စကား ဆိုပြီး သူ့ကိုယ်သူပါ နှစ်သိမ့်လိုက်သည်။


“အိမ်ရှေ့စံက ငါ့ကို ရွေးချယ်ခွင့် ယပေးထားမှတော့ သူက ငါသွားမှာကို ခွင့်ပြုတဲ့သဘောပဲ… သူ့အစား ဒီခရီးကို သွားပေးလို့တောင် ဝမ်းမြောက်နေအုံးမှာ…”


ယောဖန်းလည်း ဝမ်ချီ့စကားကိုလက်ခံပြီး ခေါင်းညိတ်လိုက်သည်။

“သခင်လေး ပြောတာလည်း မှန်ပါတယ်…”


မြို့တော်မှ ကျင်းကျိုးဒေသသို့သွားသည့် အဓိကလမ်းမကြီးက တောတောင်ထဲကို ဖြတ်ရသောကြောင့် တည်းခိုခန်း ရှာတွေ့ရန် မလွယ်ကူချေ။


တစ်ဖွဲ့လုံး နှစ်ရက်နှစ်ည ခရီးနှင်ခဲ့ရပြီး ဝမ်ချီလည်း ထိုနှစ်ရက်နှစ်ညလုံး လှည်းပေါ်တွင်သာ ယနေခဲ့ပြီး အပေါ့အပါးသွားသည့် တစ်ချိန်သာ အပြင်ထွက်ခဲ့သည်။


သုံးရက်မြောက်နေ့ ညနေခင်းတွင် ခရီးနှင်မှုကို ရုတ်တရက် ရပ်လိုက်သည်။


အချိန်အတန်ကြာစောင့်ပြီးနောက်တွင် အစောင့်က လှည့်းနားသို့ ရောက်ရှိလာပြီး အရှေ့တွင် တည်းခိုခန်းတစ်ခုကို တွေ့ရှိကြောင်း ဝမ်ချီကို လျှောက်တင်သည်။


ယခု သူတို့ ရောက်ရှိနေသာ နေရာက ကျင်းကျိုးမြို့တံခါးမှ ဆယ်ကီလိုမီတာခန့် အကွာတွင်ဖြစ်သောကြောင့် နေရာထိုင်ခင်းက မြို့တော်နှင့် ကျင်းကျိုးမြို့ထဲရှိ တည်ခိုခန်းများကဲ့သို့ မသားနားသော်လည်း တည်းခိုခန်းရှိသည်က အထူးအဆန်းမဟုတ်ချေ။


ဝမ်ချီနှင့် ယောဖန်းက အစောင့်များ လမ်းပြသည့်အတိုင်း လိုက်ပါသွားပြီး တည်းခိုခန်းထဲသို့ ရောက်ရှိသော အချိန်တွင် မနီးမဝေးရှိ ဧည့်ဆောင်တွင် ရပ်နေကြသော ရင်းနှီးကျွမ်းဝင်သည့် ပုဂ္ဂိုလ်တစ်ချို့ကို တွေ့လိုက်ရသည်။


ထိုအစောင့်က ထိုလူများအနီးသို့ သွားပြီး ဦးညွှတ်၍ လျှောက်တင်သည်။

“မင်းသားရွှမ်ကို လျှောက်တင်ပါတယ်… ဝမ်သခင်လေးကို ခေါ်ဆောင်လာခဲ့ပါပြီ…”


ရှစ်ကျင်းက ခေါင်းလှည့်ကာ ပြုံးပြီးပြောသည်။

“ပင်ပန်းသွားရပြီ…မောင်မင်း ထွက်သွားလို့ရပြီ…"


ထိုအစောင့်က နာခံစွာဖြင့် ရှစ်ကျင်းအနားမှ ထွက်လာသည်။


ရှစ်ကျင်းအနီးတွင် လူအများအပြား ရပ်နေသောကြောင့် ဝမ်ချီက ရှစ်ကျင်းအနားသို့ မသွားဝံ့ဘဲ ယခင်နေရာတွင်သာ ရပ်နေပြီး သူ့အတွက် နေရာထိုင်ခင်း စီစဉ်ပေးမည့် အချိန်ကို စောင့်ဆိုင်းနေသည်။


ရှစ်ကျင်းက ဝမ်ချီရောက်လာရန် အချိန်အတန်ကြာ စောင့်ဆိုင်းခဲ့သော်လည်း ဝမ်ချီထံမှ မည်သည့်လှုပ်ရှားမှုကိုမျှ မတွေ့ရသောကြောင့် သူ့ဘက်မှ အလျင်ဦးစွာ ခြေတစ်လှမ်းတိုးလိုက်သည်။

"ဝမ်သခင်လေး…”


ဝမ်ချီလည်း ရှစ်ကျင်း သူ့ထံသို့ လှမ်းလာနေသည်ကို တွေ့သောကြောင့် အလျင်အမြန်ဖြင့် ရှစ်ကျင်းနားသို့ သွားသည်။


ရှစ်ကျင်းက ဝမ်ချီနှင့် မီတာဝက်အကွာတွင် ရပ်လိုက်သည်။ သူ့မျက်နှာတွင် နူးညံ့သိမ်မွေ့သော အပြုံးမျိုး အမြဲရှိနေသည်။ ​​သူ့နှုတ်ခမ်းထောင့်က အနည်းငယ် တွန့်ကွေးပြီး  ကြည်လင်သော အသံဖြင့် ပြောသည်။

“ငါတို့ မနက်ဖြန်မနက်တော့ ကျင်းကျိုးမြို့ထဲကို ရောက်နိုင်မယ်ထင်တယ်… ဒီတစ်ညတော့ ဒီမှာပဲ နားနေရမယ်နဲ့ တူတယ်… ခဏနေရင် မင်းအတွက် အခန်းစီစဉ်ပေးမယ်…”


ဝမ်ချီက ပြောသည်။

“ကိစ္စမရှိပါဘူး… မင်းသားရွှမ် အဆင်ပြေသလို စီစဉ်ပါ…”


ရှစ်ကျင်းက ခေါင်းညိတ်ပြီး ထပ်ပြောသည်။

"ခရီးစဉ်တောက်လျှောက် ပင်ပန်းနေတာကြောင့် မင်းကို တခြားသူတွေနဲ့ မိတ်ဆက်ပေးဖို့ အချိန်မရှိခဲ့ဘူး… အခု မိတ်ဆက်ပေးဖို့ ငါနဲ့လိုက်ခဲ့လေ…”


ဝမ်ချီလည်း ရှစ်ကျင်းအနောက်မှ လိုက်သွားသည်။


ရှစ်ကျင်းနှင့် စကားပြောနေခဲ့သော ထိုလူများက ယခင်နေရာတွင်ပင် မလှုပ်မယှက် ရပ်နေကြပြီး ဝမ်ချီတို့ရှိရာဘက်သို့ စိတ်အားထက်သန်စွာဖြင့် လှမ်းကြည့်နေကြသည်။ ရှစ်ကျင်းက ဝမ်ချီကို ထ်ိုလူအုပ်နားသို့ ခေါ်ဆောင်သွားသည့် အချိန်တွင် အားလုံးက ဝမ်ချီကို အကဲဖြတ်သည့် အကြည့်များနှင့် စူးစမ်းကြည့်နေကြသည်။


ရှစ်ကျင်းက ဝမ်ချီကို လူအုပ်ထဲမှ တစ်ယောက်ပြီးတစ်ယောက်နှင့် မိတ်ဆက်ပေးခဲ့သည်။  ထိုသူတို့က မူလပိုင်ရှင်၏ မှတ်ဥာဏ်ထဲတွင် ရှိနေပြီးဖြစ်သော မြို့တော်မှ အရည်အချင်းရှိသည့် လူငယ်လေးများ ဖြစ်သည်။ ဤတစ်ကြိမ်တွင်လည်း သူတို့က မင်းကြီး၏ အမိန့်တော်အတိုင်း ကျင်းကျိုးမြို့ကို ကူညီပေးရန် မြို့တော်မှ လာရောက်ခဲ့သည်။


ထို့နောက် ရှစ်ကျင်းက ထိုလူများကို ဝမ်ချီ အကြောင်း မိတ်ဆက်ပေးခဲ့သည်။

“သူက စစ်သူကြီးလင်းရဲ့ ညီငယ်(၄)  လင်းယွမ်ပါ… နာမည်က ကျစ်ဝမ်မို့ မင်းတို့ သူ့ကို ဝမ်သခင်လေးလို့ ခေါ်လို့ရတယ်…”


ထိုလူများက ရှစ်ကျင်း ဝမ်ချီကို အရေးပေးကြောင်း တွေ့သောအချိန်တွင် ဝမ်ချီကို နာမည်ကြီးပုဂ္ဂိုလ်ဟု ထင်မြင်ခဲ့ကြသော်လည်း မိတ်ဆက်ပေးပြီးချိန်တွင် ဝမ်ချီ့အဆင့်က သာမန်ဖြစ်နေသောကြောင့် ဝမ်ချီနှင့် စကားပြောဆိုရန်ပင် စိတ်မဝင်စားကြချေ။


သူတို့က နှုတ်ဆက်စကား တစ်ခွန်းသာဆိုပြီး အာရုံမစိုက်တော့ပေ။


ထိုအချိန်တွင် တစ်စုံတစ်ယောက်က မေးလိုက်သည်။

“စစ်သူကြီးလင်း မရောက်သေးဘူးလား…"


အခြားတစ်ယောက်က ပြန်ဖြေသည်။

“ဟုတ်တယ် သခင်လေးဟွားလည်း မလာသေးဘူး…”


ရှစ်ကျင်းက စစ်သူကြီးလင်း ဟူသော နာမည်ကို ကြားလိုက်ရသည်နှင့် မျက်နှာက ချက်ချင်းဖြူဖျော့သွားသည်။ သူက ခက်ခက်ခဲခဲ တံတွေး မျိုချလိုက်ပြီး ဝမ်ချီဘက်သို့ လှည့်ကာ စကားဆိုသည်။

“စကားမစပ် ငါ စစ်သူကြီးလင်းကို အဖွဲ့ရဲ့ နောက်ဆုံးမှာ လိုက်ပါစေခဲ့တာ သူရောက်လာရင်  ငါတို့ ညစာ အတူစားကြတာပေါ့…"


ယခုဆိုလျှင် ဝမ်ချီက စစ်သူကြီးလင်း၏ ညီတော်(၄)ဟု နာမည်ခံထားသောကြောင့် စစ်သူကြီးလင်းနှင့် ခပ်ဝေးဝေး နေ၍မရ​ပေ။ ဥပမာအားဖြင့် တည်းခိုခန်းတွင် ထမင်းစားသော အချိန်တွင်လည်း တစ်ဝိုင်းတည်း  ထိုင်ရသည်။ သို့မဟုတ်ပါက ဝမ်ချီ၏ သရုပ်မှန်ကို အခြားသူများ သံသယများ ဝင်လာလိမ့်မည်။


ဝမ်ချီက ထိုသဘောတရားကို နားလည်သောကြောင့် သတိထားစွာဖြင့် ပြန်ဖြေသည်။

“မင်းသားရွှမ် စီစဉ်ထားတဲ့အတိုင်း ကျွန်တော် နာခံပါ့မယ်…"


ခေတ္တစောင့်ဆိုင်းပြီးနောက် အစောင့်တစ်ယောက် ရောက်လာပြီး အခန်းများ စီစဉ်ပြီးကြောင်း ရှစ်ကျင်းကို လျှောက်တင်သည်။


ရှစ်ကျင်းနှင့် ထိုလူများက အရေးကြီးကိစ္စများ ဆွေးနွေးရန် ကျန်ရှိနေသေးသောကြောင့် ဝမ်ချီကို အပေါ်ထပ်သို့ ဦးစွာခေါ်ဆောင်သွားရန် အစောင့်များကို အမိန့်ပေးလိုက်သည်။


ဝမ်ချီ့အပါးတွင် ယောဖန်းအပါအဝင် ဧကရာဇ်မင်းကြီး စီစဉ်ပေးထားသည့် အခြွေအရံတစ်သိုက်လည်း ရှိသေးသည်။၊ အစောင့်များက ဝမ်ချီကို အခန်းတစ်ခန်းထဲသို့ ဝင်နားစေခဲ့ပြီး ယောဖန်းနှင့်တကွ အစေခံများကိုမူ အခန်းအပြင်သို့ ပြန်ခေါ်ဆောင်သွားသည်။


ခဏအကြာတွင် ဝမ်ချီက တံခါးခေါက်သံကို ကြားလိုက်ရသည်။ သူ တံခါးဖွင့်လိုက်သော အချိန်၌ အပြင်တွင် အထုတ်အပိုးများ ပွေ့ပိုက်ပြီးရပ်နေသော ယောဖန်းကို တွေ့လိုက်ရသည်။ 


ယောဖန်းက ဝမ်ချီကိုပြောသည်။

“သခင်လေး ကျွန်တော်မျိုးမက သခင်လေး ဒီည သက်တောင့်သက်သာ အိပ်လို့ရအောင် အစောင့်တစ်ယောက်ကို စေခိုင်းပြီး လှည်းပေါ်ကနေ အိပ်ယာ ယူခိုင်းလိုက်တယ်…”


ဝမ်ချီလည်း အလိုက်သိသော ယောဖန်း၏ လုပ်ရပ်ကြောင့် ကျေနပ်သွားပြီး အခန်းထဲဝင်ရန် တံခါးအမြန်ဖွင့်ပေးလိုက်သည်။


ယောဖန်း၏ လက်ထဲတွင် အိပ်ယာအပြင် အထုပ်တစ်ထုပ် ပါသေးသည်။ သူမက ထိုအထုပ်ကို စားပွဲပေါ်သို့တင်ပြီးနောက် ကုတင်ပေါ်တွင် အိပ်ယာခင်းကို အမြန်ဖြန့်ခင်းလိုက်သည်။


လုပ်စရာအထွေးအထူး မရှိသော ဝမ်ချီက စားပွဲဘေးတွင် ထိုင်ပြီး တွေးတောနေသည်။ သူက အတွေးတစ်ဝက်မှာပင် မျက်စိရှေ့က အထုပ်ကို အာရုံရောက်သွားပြီး ဖွင့်ကြည့်ရန်လက်ကို ဆန့်ထုတ်လိုက်သည်။ ထိုအထုပ်ထဲတွင် အဆာပြေမုန့်ဘူးများ သပ်သပ်ရပ်ရပ် စီထားသည်။


အိပ်ယာခင်းနေသော ယောဖန်းက မျက်လုံးထောင့်မှ ဝမ်ချီ ဖွင့်ကြည့်လိုက်သည်ကိုမြင်ပြီး ပြောသည်။

“သခင်လေး ညဘက်ကျ ဗိုက်ဆာမှာကို ကျွန်တော်မျိုးမက စိုးရိမ်လို့ မုန့်တွေ ယူလာပေးတာ…မုန့်ဘူးတွေကို ဒီခုံပေါ်မှာ ထားခဲ့မှာမို့ သခင်လေး ကြိုက်တဲ့အချိန် ယူစားလို့ရတယ်…”


ဝမ်ချီက ကျေးဇူးတင်စကား ဆိုသည်။

"ကျေးဇူးပါပဲ ယောဖန်း…”


ယောဖန်းက အိပ်ယာ ခင်းပေးပြီးနောက် အခန်းထဲမှ ထွက်သွားရန် ပြင်သည်။


အစေခံတစ်ဦးအနေဖြင့် သူမက ဝမ်ချီနှင့် စားပွဲတစ်ခုတည်းတွင် အတူထိုင်စားခွင့် မရှိချေ။ ဝမ်ချီ တစ်ယောက်တည်း သုံးဆောင်ပါက ဝမ်ချီဘေးတွင်  ရပ်စောင့်၍ရသော်လည်း ခဏကြာလျှင် ဝမ်ချီက မင်းသား(၄)၊ စစ်သူကြီးလင်းတို့နှင့်အတူ သုံးဆောင်မည် ဖြစ်သောကြောင့် သူမ ရှောင်ပေးရန် လိုသည်။


ယောဖန်းက အခန်းထဲမှ မထွက်မီ မမေ့မလျော့ဖြင့် ဝမ်ချီကို လျှောက်တင်သည်။

"သခင်လေး ကျွန်တော်မျိုးမနဲ့ တခြားအစေခံတွေက တစ်ဖက်ခန်းမှာ ရှိမှာမို့ တစ်ခုခု လိုအပ်တာရှိရင် အချိန်မရွေး လှမ်းခေါ်ပါ…”


ဝမ်ချီက ကောင်းပြီဟု ပြောသည်။


ယောဖန်း ထွက်သွားပြီးနောက် အခန်းက ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။


ဝမ်ချီက အဆာပြေမုန့် အနည်းငယ် စားပြီးနောက် ပျင်းရိလာသောကြောင့် သယ်ဆောင်လာသော ရုပ်ပုံစာအုပ်ကို ထုတ်ပြီး ဖတ်သည်။


စာအုပ်တစ်ဝက်ဖတ်ပြီးသော အချိန်တွင် အစောင့်တစ်ယောက်က တံခါးလာခေါက်ပြီး ဝမ်ချီကို အောက်ထပ်သို့ ဆင်း၍ ညစာစားရန် လာအကြောင်းကြားသည်။


ဝမ်ချီလည်း ရုပ်ပုံစာအုပ်ကို သိမ်းဆည်းလိုက်ပြီး အဝတ်အစားသပ်ရပ်အောင် ပြင်ဆင်၍ ထိုအစောင့် နှင့်အတူ အောက်ထပ်သို့ လိုက်ဆင်းလိုက်သည်။


ဝမ်ချီက အခန်းထဲမှ မထွက်မီ စားပွဲပေါ်ရှိ မုန့်ဘူးများကို အမှတ်တမဲ့ လှမ်းမြင်လိုက်ပြီး အချိန်အတော်ကြာအောင် တုံ့ဆိုင်းသွားပြီးနောက် မုန့်ဘူးအချို့ကို ကောက်ယူလိုက်သည် ။


အစောင့်က ဝမ်ချီကို တည်းခိုခန်း၏ ပထမထပ်ရှိ သီးသန့်ခန်းဆီသို့ ခေါ်ဆောင်သွားသည်။ ကျယ်ပြောလှသော သီးသန့်ခန်းထဲတွင် လူသုံးယောက် ထိုင်နေပြီး ဖြစ်သည်။


ရှစ်ကျင်း၊ စစ်သူကြီးလင်းနှင့်အတူ ထိုင်နေသော ရင်းနှီးကျွမ်းဝင်သည့် နောက်ကျောပြင် တစ်ခုကို မြင်လိုက်ရသည်။


ဝမ်ချီလည်း စူးစမ်းလိုသော မျက်လုံးများဖြင့် ထိုလူ့ကို အကြိမ်အနည်းငယ်မျှ ကြည့်လိုက်သည်။


ထိုလူက ဝမ်ချီ၏ခြေသံများ နီးကပ်လာသည်ကို ကြားလိုက်ပုံရပြီး စစ်သူကြီးလင်းနှင့်အတူ ဝမ်ချီဘက်သို့ လှည့်ကြည့်သည်။


ထို့နောက်…..


ဝမ်ချီက ရင်းနှီးသော မျက်နှာကို မြင်လိုက်ရသည်။


ဝမ်ချီက မျက်နှာပေါ်မှ အံ့သြမှုကို မဖုံးကွယ်နိုင်ဘဲ မေးလိုက်သည်။

“ဟွားသခင်လေး…ဘာလို့ ဒီကိုရောက်နေတာလဲ…”


ဝမ်ချီက ထိုသခင်ငယ်လေးများ ဟွားသခင်လေး အကြောင်း မေးနေခြင်းကို ကြားခဲ့သော်လည်း တခြား ဟွားမိသားစုဝင်ကို ဆိုလိုသည်ဟု ထင်ခဲ့ပြီး ၄င်းတို့ ပြောသည့် ဟွားသခင်လေးဆိုသည်က ဟွားကျစ်ချန် ဖြစ်နေမည်ဟု မထင်ထားခဲ့ချေ။


ဟွားကျစ်ချန်က မက်မွန်းပွင့်ပွဲတော်တွင် ဝတ်ထားသကဲ့သို့ အစိမ်းရောင် ဝမ်းဆက်ကိုပင် ဝတ်ဆင်ထားပြီး အနက်ရောင် ဆံပင်ရှည်များက ပခုံးပေါ်တွင် ပြန့်ကျနေသည်။ သူ့အသွင်အပြင်က ကောင်းကင်တမန်ကဲ့သို့ အေးစက်နေသော်လည်း ပြုံးလိုက်သောအချိန်တွင် မက်မွန်ပွင့်များကဲ့သို့ နူးညံ့နေပြီး ကျဉ်းမြောင်းသော မျက်လုံးများက မိုးကုပ်စက်ဝိုင်းပေါ်က လခြမ်းအလား ဖြစ်နေသည်။


ဟွားကျစ်ချန်က ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောသည်။

“ဒါက တော်တော်လေး တိုက်ဆိုင်တာပဲ…ခုဏလေးတင် စစ်သူကြီးလင်းက ဝမ်သခင်လေးအကြောင်း ပြောနေတော့ အဲ့ဝမ်သခင်လေးက မင်းများ ဖြစ်နေမလားဆိုပြီး တွေးနေသေးတာ…”


ဝမ်ချီကို မျက်နှာမူ၍ ထိုင်နေသော စစ်သူကြီးလင်းလည်း အံ့သြသွားသည်။ သူက ဝမ်ချီကို ကြည့်ပြီး ဟွားကျစ်ချန်ဘက် ထပ်မံပြန်ကြည့်၍ မေးသည်။

"ကျစ်ချန်က ဝမ်သခင်လေးနဲ့ သိတာလား…”


ဟွားကျစ်ချန်က ဖြေသည်။

"မက်မွန်ပွင့်ပွဲတော်တုန်းက တစ်ခါတွေ့ဖူးတယ်…"


စစ်သူကြီးလင်းက ရယ်မော၍ တုံ့ပြန်သည်။

“ဒါက တကယ့်ကို တိုက်ဆိုင်မှုပဲ…အခုစားပွဲမှာ ထိုင်နေကြတဲ့သူတိုင်း ပန်းပွဲတော်ကို ရောက််ဖူးကြမယ်လို့ မမျှော်လင့်ထားဘူး… ဒါ ကောင်းကင်က ချမှတ်ပေးထားတဲ့ ကံကြမ္မာပဲလို့ မထင်ဘူးလား မင်းသားရွှမ်…”


သူက ယခုအချိန်အထိ စကားမဆိုသော ရှစ်ကျင်းကို ကြည့်ပြီး မေးလိုက်သည်။


သို့သော် ရှစ်ကျင်း၏ မျက်နှာက ဖြူဖျော့နေ၍ နဖူးမှ အေးစက်သော ချွေးများစီးကျနေပြီး စိတ်ပျံ့လွင့်နေကာ စစ်သူကြီးလင်း၏အသံကို မကြားလိုက်ချေ။


ဝမ်ချီက ခေတ္တတုံ့ဆိုင်းပြီး မေးလိုက်သည်။

“မင်းသားရွှမ် နေမကောင်းလို့လား…" 


စစ်သူကြီးလင်းက ခေါင်းကုတ်ပြီး စိတ်လှုပ်ရှားစွာဖြင့် ဝင်ပြောသည်။

"မသိဘူး…တကယ်ကို ထူးဆန်းတယ်… အစက အကောင်းကြီးကို ငါ သူ့အနား ကပ်လိုက်မိတာနဲ့ အခုလို ဖြစ်သွားတာပဲ… ဧကန္တ သူ့ကို ယခုလို ဖြစ်စေတဲ့ တရားခံက ငါများလား…”


ရှစ်ကျင်းက သတိပြန်ကပ်လာပြီး နှုတ်ခမ်းကို လက်ဖြင့်အုပ်၍ ချောင်းဟန့်လိုက်ပြီး ဖြေသည်။

“ငါ အဆင်ပြေပါတယ်…”


ထို့နောက် ဝမ်ချီကို လက်ဟန်ဖြင့် ထိုင်ရန်ဖိတ်ခေါ်လိုက်သည်။

“ထိုင်ပါ.. တစ်နေ့လုံး ပင်ပန်းထားရတာဆိုတော့ အပေါ်ထပ်မှာ ပြန်အနားယူလို့ရအောင် စောစော သုံးဆောင်ကြတာပေါ့…”


ဝမ်ချီက ရှစ်ကျင်းနှင့် ဟွားကျစ်ချန်နံဘေးတွင် ထိုင်ချင်သော်လည်း သူ့ထိုင်ခုံမဆွဲမီ ရှစ်ကျင်းက ပြောသည်။

"ဒီဘက်​မှာကျယ်တယ် ဒီလာထိုင်…"


ဝမ်ချီက ရှစ်ကျင်း ထိုသို့ပြောသည်ကို ကြားပြီး  ရွေးစရာမရှိတော့ဘဲ ရှစ်ကျင်းနားသို့ သွားလိုက်ရသည်။ သူက ရှစ်ကျင်းနှင့် စစ်သူကြီးလင်းကြားက  အကွာအဝေးကို တိတ်တဆိတ် အကဲခတ်လိုက်ပြီး ပြောရန်စကား ဆွံ့အသွားသည်။ နောက်ဆုံးတွင်မူ ဝမ်ချီက ရှစ်ကျင်းနှင့် စစ်သူကြီးလင်းကြားတွင် ထိုင်လိုက်ရသည်။


သူ့ ထင်ယောင်ထင်မှား ဖြစ်ခြင်းပေလား မသိသော်လည်း သူထိုင်ပြီးနောက် ရှစ်ကျင်းက စိတ်သက်သာရာ ရသွားပုံရသည်။


တုံးအသော စစ်သူကြီးလင်းက ထိုအခြေအနေကို သတိမမူမိဘဲ အစားအသောက် မှာယူရန် စားပွဲထိုးကို ပြုံးရွှင်စွာဖြင့် လှမ်းခေါ်လိုက်သည်။


သုံးဆောင်ပြီးခါနီးတွင် စစ်သူကြီးလင်းက ဝမ်ချီ့ဘေးတွင် ထားထားသော ဘူးများကို တစ်ချက်ကြည့်လိုက်ပြီး မေးသည်။

“အဲ့ဒါဘာတွေလဲ…”


ဝမ်ချီက မုန့်ဘူး၃ဘူးကို ထုတ်လိုက်ပြီး တစ်ယောက်တစ်ဘူးစီပေးရင်း ဆိုသည်။

“အိုး၊ ဒါတွေက ခရီးမထွက်ခွာခင် ကျွန်တော့်အစေခံက ပြင်ဆင်ပေးလိုက်တဲ့ မုန့်ပဲသရေစာတချို့ပါ… လမ်းမှာ အားလုံးကို ပေးခွင့်မရလိုက်လို့… နည်းနည်းအေးနေပေမဲ့ အရသာက ကောင်းသေးတာမို့ မြည်းစမ်းကြည့်ဖို့ ယူလာပေးတာ…"


ဟွားကျစ်ချန်ကို လှမ်းပေးလိုက်သောအချိန်တွင် သူ့ကို ပေးလိုက်မိသော ထိုမုန့်ဘူးက အခြားဘူးများနှင့် အနည်းငယ်ကွဲပြားနေကြောင်း ဝမ်ချီက သတိထားမိလိုက်သည်။ ၎င်းက ပိုလေးရုံသာမက ဘူးပေါ်မှ ပုံစံကလည်း ကွဲပြားပြီး လှပသောပဝါဖြင့် ထုပ်ပိုးထားသည်။


ဝမ်ချီက ခေတ္တတုံ့ဆိုင်းသွားသော်လည်း ယောဖန်းက မည်သည့်အခါမှ အမှားမလုပ်ခဲ့ဖူးသည့်အပြင် ပုံစံအမျိုးမျိုးရှိသည့် အခြားဘူးငယ်များကိုလည်း မြင်ခဲ့ဖူးသောကြောင့် ဝမ်ချီက စိတ်ချလက်ချဖြင့် ဤမုန့်ဘူးကို ဟွားကျစ်ချန်ကို ပေးလိုက်သည်။


ဟွားကျစ်ချန်က ပြုံးပြုံးရွှင်ရွှင်ဖြင့် လက်ခံပြီး ကျေးဇူးတင်စကားဆိုသည်။

“မင်းရဲ့ကြင်နာမှုအတွက် ကျေးဇူးပါပဲ ဝမ်သခင်လေး… အခန်းထဲ ပြန်ရောက်ရင် စားလိုက်ပါ့မယ်…"



💮💮💮


( အဲဒီမုန့်ဘူးက ဟိုဘူးကြီးဖြစ်နေမယ်လို့ ဘာလို့ထင်နေပါလိမ့်🤣 )