Chapter 9
Viewers 33k

🌍Chapter 9




ကိုငကြောင်လည်းတဖြည်းဖြည်း တိတ်ဆိတ်သွားသည်။ သူကငိုမြဲငိုနေသည်။ အချိန်တွေကနှေးသလိုလို မြန်သလိုလိုပင်။ သူ၏ရင်ဘတ်ကပျောက်ကွယ်ခါနီးတွင် သူကရုတ်တရက် ထန်မော့၏ ဘောင်းဘီအားဆုပ်ကိုင်လိုက်ကာ နီရဲနေသော မျက်လုံးတို့ဖြင့်


"ငါ့မှာသမီးတစ်ယောက်ရှိတယ်။ သူကရှန်ဟိုင်းမှာ။

သူ့အမေနဲ့ငါကကွာရှင်းထားတာ။ သူအသက်ရှင်နေသေးလား ငါ့အတွက်ကြည့်ပေးပါ။ သူ့နာမည်က ရှန်းရှန်း ။ ချန်ရှန်းရှန်း။ သူအသက်ရှင်မှာပါ။ သူအသက်ရှင်ရမယ်။ ငါ့ကိုယ်စား သူ့ကိုရှာပေးပါ"


ကိုငကြောင်၏လက်တွေကပျောက်ကွယ်သွားသည်။


"ငါတောင်းပန်ပါတယ်၊ ငါ့ကိုကူညီပါ။ သူအသက်ရှင်မှရမယ်"


ထန်မော့မေးလိုက်သည်။ 


"သူဘယ်မှာနေတာလဲ"


"သူ ဂျင်းအန်ခရိုင်မှာနေတာ။ ပြီးတော့ ရှီပေ့အလယ်တန်းကျောင်းမှာ ပထမနှစ်တက်နေတာ။ သူ.."


ကိုငကြောင်၏ ပါးစပ်မှာလည်းမရှိတော့​ပေ။

သူကကြမ်းပြင်ပေါ်မှနေ ထန်မော့အား မြဲမြံစွာကြည့်နေခဲ့သည်။


မမြင်ရသော မျဉ်းကြောင်းမှာ နားရွက်အထိရောက်လာပြီး ကိုငကြောင်မှာ ထန်မော့အား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေဆဲ။ သူ့တစ်ကိုယ်လုံး၏ အားအင်များဆုတ်ယုတ်နေသလို အားနည်းနေပုံပေါ်သော်လည်းလက်မလျော့ပေ။


"ကျွန်တော်သူ့ကိုရှာပေးမယ်၊ သူကျိန်းသေပေါက် အသက်ရှင်မှာပါ"


ကိုငကြောင်၏ခေါင်းတစ်၀က်ခန့် ပျောက်ကွယ်သွားချေပြီ။ သို့သော် သူ၏အကြည့်များမှာ စိတ်သက်သာရာ ရသွားပုံပင်။ သူကထန်မော့ကိုသာကြည့်နေပြီး 

သူ၏မျက်လုံးများမပျောက်ကွယ်ခင် မျက်တောင်တချက်ခန့်ခတ်လိုက်သည်။ သူ၏မျက်လုံးများပျောက်ကွယ်သွားပြီးနောက် မျက်ရည်တို့က စာကြည့်တိုက်ကြမ်းပြင်တွင် စွန်းထင်းသွားသည်။


ထန်မော့ စာကြည့်တိုက်၀င်ပေါက်၌ ဒူးထောက်နေမိသည်။ ရှောင်ကျိုးက အပြင်ဘက်တွင် ပျောက်ကွယ်သွားပြီး ကိုငကြောင်ကမူစာကြည့်တိုက်အတွင်းဘက်၌ ပျောက်ကွယ်သွားခဲ့သည်။


ရှစ်နာရီထိုးတဲ့ နာရီသံက စာကြည့်တိုက်ထဲတွင် 

မြည်ဟီးလာပြီး ထိုအသံပျောက်သွားသည့်တိုင် 

ထန်မော့ဒူးထောက်နေမိဆဲ။


"အိပ်ပါကွယ် အိပ်ပါကွယ် ကလေးငယ်ရယ်။

အမေချော့သိပ်ပေးပါ့မယ်~~~"


နူးညံ့ပြီးညင်သာသော အမျိုးသမီး၏အသံက စုကျိုးတစ်မြို့လုံးကြားရသည်အထိ ကျယ်လောင်လှသည်။


ထန်မော့တောင့်တင်းစွာ ခေါင်းကိုလှည့်၍ မီတာ၂၀၀အကွာမှ အနက်ရောင်မျှော်စင်အားကြည့်လိုက်သည်။


မီးရောင်စုံတို့က မျှော်စင်ပေါ်  တဖျတ်ဖျတ်လင်းလက်နေသည်။ မနေ့ကထိ အနက်ရောင်မျှော်စင်ဘေးတွင် လူတစ်ထောင်လောက်ရှိနေခဲ့သေးသည်။

ယခုမူ ထန်မော့ကဲ့သို့ မြေပြင်တွင် လဲပြိုနေသော 

လူတချို့သာရှိတော့သည်။ သူတို့အကုန်လုံး 

ကလေးချော့တေးကို သီဆိုနေသော အနက်ရောင်မျှော်စင်ကြီးအား ဗလာအကြည့်များဖြင့် 

ကြည့်နေမိကြသည်။


အမျိုးသမီးအသံပြီးသွားသည်နှင့် ကလေးအသံတစ်စုတစ်​ဝေးကြီးကလည်း အမျိုးသမီးနှင့်အတူ လိုက်၍သီဆိုနေကြသည်။


"အိပ်ပါကွယ် ၊ အိပ်ပါကွယ် ၊ လိမ္မာတဲ့ကလေးလေးရယ်~~


အမေကချော့သိပ်ပေးပါ့မယ်~~


ဒန်းကလေးကိုလွှဲခါရင်း တဖြည်းဖြည်းအိပ်မောကျသွား လိမ့်မယ်~~


ညချမ်းလေးက တိတ်ဆိတ်ပြီး နွေးထွေးလှပါတယ် ~~"


သီချင်းကိုထပ်ခါထပ်ခါသီဆိုနေပြီး တိုက်ခတ်နေသောလေများက ဤသီချင်းသံအား ကမ္ဘာကြီးပေါ်ဖုံးလွှမ်းသည်အထိ သယ်ဆောင်သွားလေသည်။


သီချင်းပြီးဆုံးသွားသည်နှင့် အားလုံးရင်းနှီးနေသော ကလေးအသံထွက်လာခဲ့သည်။


"တင်းတောင် ~~ ၄၉၈.၁၆ မီလီယံသောလူတွေက

ဂိမ်းထဲကိုအောင်မြင်စွာ၀င်ရောက်လာပါပြီ"


"ဂိမ်းကိုသိမ်းဆည်းနေပါသည်။"


"ဂိမ်း၏အချက်အလက်များကို သိမ်းဆည်းနေပါသည်။"


"သိမ်းဆည်းခြင်းအောင်မြင်ပါသည်.."


"အချက်အလက်များဆွဲခြင်းအောင်မြင်ပါသည်.."


"အချက်အလက်များ သိမ်းဆည်းခြင်းအောင်မြင်ပါသည်.."


"တင်းတောင်~~ နို၀င်ဘာ ၁၉ရက်၊ ၂၀၁၇ခုနှစ်တွင် 

ကစားသမားများကို ဂိမ်းမှကြိုဆိုလိုက်ပါတယ်"


"အနက်ရောင်မျှော်စင်ရဲ့ သံမဏိစည်းကမ်းကြီးသုံးချက်"


"တစ် အဖြစ်အပျက်တွေအကုန်လုံး အနက်ရောင်မျှော်စင်နဲ့သက်ဆိုင်ပါတယ်" 


"နှစ် ၆နာရီက​​နေ ၁၈နာရီအတွင်းက ဂိမ်းအချိန်ပါ"


"သုံး ကစားသမားတွေအကုန်လုံး အနက်ရောင်မျှော်စင်ကိုတိုက်ခိုက်ကြပါနော် "


"တင်းတောင်~~ 

ပျော်ရွှင်ဖွယ်ရာဂိမ်းလေး ဖြစ်ပါစေ"


ထန်မော့တွင် ကြောက်နေဖို့အချိန်မရှိပေ။


ကိုငကြောင်နှင့် ရှောင်ကျိုးမှာ သူတို့ပိုင်ဆိုင်ရာပစ္စည်းဆို၍ အ၀တ်အစားတောင်မကျန်အောင် 

ပျောက်ကွယ်သွားခဲ့ချေပြီ။ ထို့ကြောင့်သူ့တွင် ဘာကိုမျှရှင်းလင်းစရာမလိုပေ။ 


ထန်မော့လည်း စာကြည့်တိုက်တံခါးကို စေ့ပိတ်ကာ ထွက်လာခဲ့တော့သည်။


အနက်ရောင်မျှော်စင်အောက်တွင် လူရှစ်ယောက်၊ ခုနှစ်ယောက်ခန့်ရှိသည်။ သူတို့ထဲမှတချို့မှာ ကြောင်စီစီနှင့် ဘာတွေဖြစ်သွားမှန်း နားလည်ပုံမရပေ။

သူတို့နဲ့အတူ ဆန္ဒပြနေသော လူအုပ်ကြီးမှာ မိနစ်ပိုင်းအတွင်း အရိပ်အယောင်တောင်မှ မကျန်အောင် 

ပျောက်ကွယ်သွားချေပြီ မဟုတ်ပါလား။ 


ထိုလူများနှင့်အတူ စည်းတားထားသော နေရာတွင် ရပ်နေဆဲဖြစ်သော လူနှစ်ဦးလည်းရှိသည်။


ထိုအဖြူရောင်ပလတ်စတစ်နံရံမှာ လွန်ခဲ့သော သုံးရက်က ရဲသားများက အနက်ရောင်မျှော်စင်ပတ်ပတ်လည်ကို လူအများမ၀င်နိုင်စေရန် ပိတ်ထားဖို့ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ ယခုမူ ထိုပလတ်စတစ် နံရံအကွယ်တွင် အလုပ်လုပ်နေကြသော ရဲသားများနှင့် 

သုတေသနပညာရှင်များမှာလည်း ပျောက်ကွယ်သွားချေပြီ။


လူနှစ်ဦးက ထိုပလတ်စတစ်အကာကိုဖောက်ပြီး 

အနက်ရောင်မျှော်စင်အနီးသို့လျှောက်သွားကြသည်။

ထန်မော့က ထိုလူတွေကို အ​ဝေးမှ ခဏမျှသာကြည့်လိုက်ပြီး ဆက်လျှောက်သွားခဲ့သည်။


သိပ္ပံပညာရှင်အများအပြားက နှစ်၀က်ခန့်ကြာသည်အထိ အနက်ရောင်မျှော်စင်ကို သုတေသနများပြုလုပ်နေသည့်တိုင် မည်သည့်သဲလွန်စမှမရရှိခဲ့​ချေ။


ထို့ကြောင့် ထန်မော့သည် သူကိုယ်တိုင်လည်း 

ထိုအနက်ရောင်မျှော်စင်မှာ မည်သည်ဖြစ်သည်ကို 

ထူးထွေစွာအဖြေထုတ်နိုင်မည်မထင်ပါ။


ထို့နောက် ပထမဆုံးကြုံရသော ပြဿနာမှာ သူ့တွင်ကားမရှိခြင်းပင်။


ယခုမှာ ၈နာရီ ၁၅မိနစ်ဖြစ်သည်။ ရှောင်ကျိုးနှင့်ကိုငကြောင်တို့က ၈နာရီအတိတွင် ပျောက်ကွယ်သွားကြခြင်းဖြစ်သည်။ သူတို့ကဲ့သို့ပင် မြို့တော်၏ လူဦးရေသုံးပုံနှစ်ပုံမှာ ပျောက်ကွယ်သွားလောက်ပြီ။ မောင်းနှင်သူမရှိပဲ ဘတ်စ်ကားများနှင့် ရထားများကို အသုံးမပြုနိုင်။


ထို့အပြင် လူအများစုမှာ ကားကိုမောင်းနှင်နေရင်း ပျောက်ကွယ်သွားကြသဖြင့် ထိုမောင်းနှင်သူမဲ့ကားများမှ ဦးတည်ရာမဲ့ပြီး တစ်စီးနှင့်တစ်စီးတိုက်ကုန်ကြကာ လမ်းလယ်တွင်ပိတ်မိနေတော့သည်။


ကီလိုမီတာတစ်၀က်ကျော်လျှောက်လာခဲ့ပြီးနောက် ထန်မော့က အဝါရောင်စက်ဘီးတစ်စီးကို တွေ့လိုက်ရသည်။


သူကဖုန်းကိုထုတ်လိုက်ပြီး QR codeကို စကင်ဖတ်လိုက်သည်။


"အလုပ်မဖြစ်ဘူးပဲ.."


ထန်မော့ မျက်မှောင်ကျုံ့လိုက်ပြီး ဒူးထောက်ထိုင်ချလိုက်ကာ စက်ဘီးအား သေချာစစ်ဆေးကြည့်လိုက်သည်။ ထို့နောက်တွင် အနီးရှိကျောက်ခဲတစ်တုံးဖြင့်ပင် စက်ဘီးတွင်ခတ်ထားသည့် သော့ခလောက်ကို တဒုန်းဒုန်းထုလိုက်တော့သည်။


မကြာသေးခင်ကမှ ကြုံတွေခဲ့ရသော ထိတ်လန့်စရာများကြောင့် ထန်မော့လက်တို့က တည်ငြိမ်မနေပေ။ 

သို့်သော် ဘာကြောင့်ရယ်မသိ သူကခါတိုင်းထက်ပို၍သန်မာနေသယောင်ခံစားရသည်။ ထိုစတီးသော့ခလောက်မှာ သူနှစ်ချက်လောက်ထုလိုက်သည်နှင့် ပြုတ်သွားတော့သည်။


ထန်မော့မှာ သူဖျက်လိုက်သော သော့ခလောက်အား ကြည့်ကာခဏမျှတွေးတောနေပြီးသည့်နောက် အိမ်သို့စက်ဘီးစီးကာပြန်လိုက်တော့သည်။


မိနစ်လေးဆယ်ခန့်ကြာပြီးသည့်နောက် သူနေထိုင်သော တိုက်ခြံ၀န်းထံရောက်သွားပြီး အောက်ဘက်၌ပင် စက်ဘီးအားရပ်ထားခဲ့လိုက်၏။


ပါတ်၀န်းကျင်တစ်ခုလုံး မည်သည့်သက်ရှိများမှ မရှိပဲ အလွန်တိတ်ဆိတ်နေသည်။ ရံဖန်ရံခါသစ်ရွက်များအား လေတိုးနေသည့်အသံကိုသာကြားရသည်။

ထန်မော့အခန်းသို့ပြန်ရောက်ပြီးနောက် အ၀တ်အစားတချို့ကို ထုတ်ပိုးလိုက်သည်။ ထန်မော့မှာ သူ့မိဘများ၏ တစ်ဦးတည်းသောသားဖြစ်ကာ အဘိုးအဘွားတို့မှာလည်း သူငယ်ငယ်ကပင်ဆုံးပါးသွားကြပြီဖြစ်သည်။ သူ၏မိဘများမှာ ကားအက်ဆီးဒင့်ကြောင့်ဆုံးသွားပြီးနောက်ပိုင်းတွင် ထန်မော့မှာ အမျိုးများနှင့်လည်း အဆက်အသွယ်မရှိတော့။


သူ့တွင် သူငယ်ချင်းကောင်းတချို့ရှိသော်လည်း ၄င်းတို့မှာ ဘွဲ့ရပြီးနောက်ပိုင်း စုကျိုးမှာမနေကြတော့ပေ။ တစ်ယောက်မှာ ပေကျင်းတွင်ရှိပြီး 

နောက်တစ်ယောက်ကမူ ရှန်ဟိုင်းတွင်ဖြစ်သည်။


ကိုငကြောင်၏သမီးဖြစ်သူမှာလည်း ရှန်ဟိုင်းတွင်ရှိသည်မို့ သူ၏သူငယ်ချင်းများအား သွား၍ရှာရန်အဆင်ပြေသည်။


ထန်မော့မှာမနေ့ညကတည်းက စာကြည့်တိုက်တွင်ပိတ်မိခဲ့ခြင်းဖြစ်သည်။ သူကဗိုက်ကိုဖြည့်လိုက်ပြီး 

အ၀တ်အစားတချို့ကိုသာထပ်၍ ထုတ်ပိုးလိုက်သည်။ သို့သော် ထုတ်ပြီးပိုးပြီးသည့်နောက် ပြဿနာတစ်ခုပေါ်လာပြန်သည်။


သူ့တွင်ကားမရှိသည့်အချက်ပင်။


စုကျိုးကနေရှန်ဟိုင်းသို့ အမြန်ရထားဖြင့်ဆိုလျှင် နာရီ၀က်ခန့်ကြာပြီး ကားဖြင့်ဆိုလျှင် တစ်နာရီခန့်ကြာသည်။


အမြန်ရထားမှာလည်း အခုလိုအခြေအနေနှင့် မောင်းနှင့်နိုင်တော့မည့်ပုံမပေါ်။ ထို့အပြင်ကို ထန်မော့ကိုယ်တိုင်လည်း ယခုအချိန်တွင် ရထားသံလမ်းများလည်း မည်သို့မည်ပုံဖြစ်နေမလဲတွေးတောင်မတွေးချင်ပေ။ လမ်းမများပေါ်မှ တစ်စီးနှင့်တစ်စီးထပ်နေသော 

ကားများကိုပင်ကြည့်ပြီးစဉ်းစားကြည့်နိုင်သည်မဟုတ်ပါလား။ သံလမ်းတွင်လည်း အထိန်းအကွပ်မဲ့နေသော ရထားများ တစ်စီးနှင့်တစ်စီး ထပ်ကောင်းထပ်နေလိမ့်မည်။


သူကားတစ်စီးလိုသည်။


အပေါ်ထပ်ကိုတက်ပြီးနောက် ထန်မော့ မြေရှင်အိမ်တံခါးကို ခေါက်လိုက်သည်။ သုံးမိနစ်ကြာပြီးသည့်နောက် တံခါးပွင့်မလာသောအခါ သူ့ အခန်းမှယူလာသော သံချောင်းကိုမြှင့်လျက် သော့ကိုဖျက်လိုက်တော့သည်။


သူအခန်းတွင်းသို့၀င်၀င်ချင်းပင် မွှန်ထူနေသော ဂတ်စ်နံ့များက သူ့နှာခေါင်းထဲအလုအယက်တိုး၀င်လာသည်။


ထန်မော့မှာ မီးဖိုချောင်သို့အလျှင်အမြန်ပြေးပြီး 

ဂတ်စ်မီးဖို့ကိုပိတ်လိုက်ကာ လေ၀င်လေထွက်ကောင်းစေရန် တံခါးများအား တွန်းဖွင့်လိုက်သည်။


မီးဖိုချောင်စားပွဲပေါ်တွင်မူ လှီးဖြတ်နေဆဲဖြစ်သော အသီးအရွက်များရှိသည်။ ဤအိမ်ပိုင်ရှင်တို့မှာ သူတို့ပျောက်ကွယ်မသွားခင်တွင် အရသာရှိသော မနက်စာတချို့ ချက်ပြုတ်ဖို့ပြင်ဆင်နေခဲ့ပုံပင်။ ထန်မော့မှာ လွန်ခဲ့သော တစ်နှစ်ခန့်တွင် ဘွဲ့ရပြီးသည့်နောက် တိုက်ခန်းတစ်ခုကိုငှားရမ်းခဲ့သည်။ အသက်ကြီးသည့်အိမ်ရှင်လင်မယားမှာ အလွန်သဘောကောင်းပြီး ဖော်ရွေကြသည်။ အဘိုးနှင့်အဘွားမှာ ပင်စင်ယူပြီးဖြစ်ကာ ဘာမှလုပ်စရာမရှိ အေးအေးဆေးဆေးပင်။ တခါတလေတွင် ထန်မော့အား အပေါ်ထပ်သို့ 

သူတို့နှင့်အတူ ထမင်းစားရန်ဖိတ်လေ့ရှိသည်။


ထန်မော့တွင် ကားမရှိတာကြောင့် အိမ်ရှင်အဘိုးအဘွားဆီမှ ကားကိုမကြာခဏငှားရလေ့ရှိသည်။


ထန်မော့မှာ တီဗွီစင်အောက်မှ အံဆွဲကိုဖွင့်ကာ ကားသော့ကိုထုတ်ယူလိုက်ပြီး ဘေးပတ်ပတ်လည်အား  တချက်မျှကြည့်လိုက်သည်။


 á€Ąá€­á€™á€şá€‘ဲတွင်ဥမသန်တကယ်ကို မည်သူမျှရှိမနေတော့။


ရှန်ဟိုင်းမှာ စုကျိုးနှင့် အလွန်နီးသည်မို့ ဆီအများကြီးမကုန်လောက်ပေ။ သို့သော်လည်း အိမ်ရှင်၏ကားမှာ ဘာဆီမှမကျန်တော့သည်ကို တွေ့လိုက်ရသည်။ 

ဒိုင်ခွက်လက်တံမှာပင် အနီမှတ်သို့ရောက်လုလုပင်။

ဤပမာဏနဲ့သာဆိုလျှင် သူသွားလိုရာကိုမရောက်ခင် ထိုးရပ်သွားလိမ့်မည်။


ထို့ကြောင့် ဆီဖြည့်ဖို့ရာအရင်ဦးတည်လိုက်ရသည်။


ကားသော့အားထိုးထည့်လိုက်ပြီး ညာဘက်သို့လှည့်လိုက်သည်။ သူကားကိုစပြီးမောင်းလိုက်သည်နှင့် 

သူ၏ရင်ဘတ်မှ အလွန်စူးအောင့်ကာ နာကျင်သောဝေဒနာကိုခံစားလိုက်ရသည်။ လက်ကြီးတစ်ဖက်က သူ၏နှလုံးကို ဆုပ်နယ်နေသလိုမျိုးပင်။ ထန်မော့ကချက်ချင်းကိုဖြူဖျော့သွားကာ သူ၏ရင်ဘတ်မှာလည်း အဆမတန်ခုန်လာခဲ့ပြန်သည်။ 


သူ၏ကိုယ်တွင်းအပူချိန်မှာလည်း ရေဆူမှတ်သို့ရောက်သည်ထင်ရအောင် တက်လာခဲ့လေ​တော့သည်။


တစ်မိနစ်အတွင်းမှာ ၄၀ဒီဂရီဆဲစီးရပ်နီးပါးပင်


သို့သော်လည်း ၄၀ဒီဂရီအပူချိန်က ထန်မော့၏ဦးနှောဏ်ကို​တော့ အရည်ပျော်မသွားစေပါ။ သူကနိုးနေဆဲဖြစ်ကာ သူ၏နှလုံးအား ဓားဖြင့် အဆက်မပြတ်ထိုးနေသလိုဝေဒနာကိုလည်း ခံစားနေရဆဲ။သူ၏ကိုယ်အပူချိန်မှာသာ၍တိုးလာပြီး ရင်ဘတ်မှစူးအောင့်သော ဝေဒနာကလည်းပိုဆိုးလာခဲ့သည်။


ထန်မော့ စတီရင်ယာအား လက်သီးဖြင့်ထိုးလိုက်သော်လည်း သူ၏နာကျင်မှုမှာ အနည်းငယ်မျှပင်သက်သာမသွားခဲ့​ချေ။


အလွန်ပြင်းထန်သောနာကျင်မှုက သူ့အားတဖြည်းဖြည်း အသိလွတ်သွားစေခဲ့သည်။


ဆယ်နာရီခန့်ကြာပြီးနောက် ထန်မော့ပြန်နိုးလာချိန်တွင် ပတ်၀န်းကျင်မှာမှောင်နေခဲ့ပြီဖြစ်သည်။


သူသတိမေ့နေစဉ် ချွေးများဖြင့်စိုရွှဲနေသော အင်္ကျီမှာ ခြောက်သွေ့သွားခဲ့ပြီး တဖန်ချွေးများကထပ်၍စိုရွှဲလာသည်။ သူ၏နှလုံးမှ နာကျင်မှုမှာသက်သာသွားပြီး နှလုံးခုန်နှုန်းလည်း ပုံမှန်ပြန်ဖြစ်သည်အထိ 

ထိုဖြစ်စဉ်မှာဘယ်နှကြိမ်လောက် ထပ်တလဲလဲဖြစ်ပျက်နေခဲ့သလဲသူမသိပေ။


ထန်မော့၏အမူအယာကဆိုးဝါးနေဆဲဆိုသော်လည်း သူ၏မျက်လုံးတို့ကတော့တောက်ပကာ စူးရှနေကြသည်။


သူကရင်ဘတ်ကိုထိကြည့်လိုက်ပြီးနောက် 

သူ၏နှလုံးမှာပုံမှန်ပြန်ဖြစ်သွားသည်ကိုတွေ့လိုက်ရသည်။ ထို့နောက်သူက သူ၏ခန္ဓာကိုယ်အနှံ့မူမမှန်တာ တစ်ခုခုရှိမရှိစစ်ကြည့်လိုက်သေးသည်။


ထို့နောက် သူကလေထဲမှစာအုပ်တစ်အုပ်အား ဆွဲထုတ်လိုက်တော့သည်။


ထန်မော့သည်အမှန်တကယ်ကို ဘာမှမရှိသောလေဟာနယ်ထဲက စာအုပ်တစ်အုပ်ကိုဆွဲထုတ်လိုက်ခြင်းပင်။ သို့သော် သူ၏အမူအယာမှာမူ အံ့အားသင့်ခြင်းတို့နည်းနည်းမှရှိမနေ။ စာအုပ်မှာ မှတ်စုရေးသောစာအုပ်တစ်အုပ်ပုံစံမျိုးဖြစ်သည်။ အပြင်ဘက်တွင် အညိုရောင်အသားထူသောအဖုံးရှိပြီး အထဲတွင်ဗလာဖြစ်သည်။ သို့သော်ထန်မော့က ထိုဗလာစာရွက်များကို တည်ငြိမ်စွာစိုက်ကြည့်နေခဲ့ပြီး သူ၏ အကြည့်အောက်တွင် စာလုံးများကတဖြည်းဖြည်းပေါ်လာခဲ့သည်။


[စွမ်းရည် : စားပြီးနားမလည် ]


[ပိုင်ရှင် : ထန်မော့ ]


[အမျိုးအစား : စပါယ်ရှယ်အမျိုးအစား ]


[အသုံးပြုပုံ : စွမ်းရည်တွေစုဆောင်းနိုင်ခြင်း]


[မှတ်ချက် : လူတိုင်းရဲ့ရင်ထဲမှာ မပြည့်၀တဲ့ဆန္ဒလေးတွေရှိတယ်ဟုတ်။ စားပြီးနားမလည်လုပ်တာမျိုးလေ

ထန်မော့ကိုကြည့်ပြီး အထင်ကြီးမနေနဲ့။ သူ့ရင်ထဲမှာ ဒါမျိုးလုပ်ချင်နေတာကြာလှပြီ။ ဘာတဲ့ ထန်မော့ခုနှစ်နှစ်လောက်ကတည်းက သူ့အိမ်နီးချင်းကလေးရဲ့ ချောကလက်ကို ခိုးပြီး အ​လျော်လည်းပြန်မ​ပေးဘူး။ 

၁၅နှစ်တုန်းကလည်း ကယ်ဆီယမ်ဆေးလုံးကိုခိုးပြီး ဘာပိုက်ဆံမှမပေးပြန်ဘူး။ တွေ့ပြီလား သူကအားလုံးကိုအလကားလိုချင်ပြီး ပိုက်ဆံမ​ပေးပဲ စားပြီးနားမလည်လုပ်ချင်နေတာ]


ထန်မော့ "...."


ရူးနေလို့ပဲ ...


ထန်မော့မှာ စာအုပ်ကို နံရံသို့ပစ်ပေါက်ပစ်ဖို့ပင်တွေးလိုက်သည်။ 


သို့သော်သူစိတ်လျှော့လိုက်ပါသည်။


အဆုံးမှာတော့ ဒါကသူ့စွမ်းရည်ပဲလေ...


ထန်မော့နိုးလာသည်နှင့်တပြိုင်နက် သူ့တွင်စွမ်းရည်တစ်ခုရှိနေမှန်းသတိပြုမိလိုက်သည်။ ထိုစွမ်းရည်မှာ မီးစွမ်းအင်၊ မိုးကြိုးစွမ်းအင် တို့လို ထွေထွေထူးထူးစွမ်းရည်များမဟုတ်။ ဤသည်မှာ တွေ့သမျှလူတိုင်းရိုက်သတ်ချင်လာအာင် ဆွဲဆောင်နိုင်မည့် စာအုပ်တစ်အုပ်သာ။


ထန်မော့က စာအုပ်ကိုဆက်၍ကြည့်နေသော်လည်း 

ပထမစာကြောင်းအနည်းငယ်မှလွဲ၍ တခြားဘာအကြောင်းအရာမှ ဖြစ်ဖြစ်မြောက်မြောက်မဖော်ပြထားပေ။ သူကနာရီ၀က်ခန့်ကြာအောင် စူးစမ်းနေသော်လည်း ဘာသဲလွန်စမှမတွေ့ချေ။ ထို့နောက် အချိန်အနည်းငယ်ကြာပြီးမှ နောက်ထပ်စာကြောင်းကပေါ်လာပြန်သည်။


[မှတ်ချက် : မင်းကသူပိုက်ဆံပေးမှာလို့ထင်နေတုန်းပဲလား။ ဒီမှာ မိတ်ဆွေ၊ သူအခုကားကိုဆီဖြည့်ဖို့သွားဦးမှာ၊ သူဆီဖိုးပေးမယ်ထင်လား]


ထန်မော့ "..."


ဘန်း


စာအုပ်တစ်အုပ်က ကားပြတင်းပေါက်မှတဆင့်အပြင်သို့ပြုတ်ကျသွားသည်။


တစ်မိနစ်ခန့်ကြာပြီးနောက် ချောမောသောလူငယ်လေးတစ်ဦးက ကားပေါ်မှဆင်းလာပြီး စာအုပ်အားအမူအယာမဲ့စွာပင် ပြန်ကောက်လိုက်သည်။


စာအုပ်မှာ ဘေးရှိခရီးသည်ခုံပေါ်သို့ ပစ်တင်ခံလိုက်ရပြီး ထန်မော့ကထိုစာအုပ်ကို နောက်တစ်ကြိမ်မကြည့်တော့ပေ။


🪩