Chapter 8
Viewers 32k

🌍Chapter 8




ထန်မော့အား မကျေမနပ်ကြည့်လိုက်ပြီးတာနှင့် သူမရဲ့ငါးမျက်လုံးတွေကလည်း မျက်နှာပြောင်ကြီးအောက် ပြန်လည်ပုန်းကွယ်သွားခဲ့သည်။ ထို့နောက်သူမရဲ့မီးခြစ်ဆံကြီးကို ထန်မော့လက်ထဲထည့်ခဲ့ပြီး

ဆံပင်လေးနှစ်ဖက်ကိုလှုပ်ခါကာစာအုပ်စင်များကြား ပြေး၀င်ပျောက်ကွယ်သွားတော့သည်။


"တင်းတောင်~~'ငါ့စာအုပ်ကိုဘယ်သူခိုးသွားလဲ'

ဂိမ်း ပြီးဆုံးသွားပါပြီ"


"ရလဒ်ကိုတွက်ချက်နေပါသည်"


"ကစားသမား ထန်မော့ကဂိမ်းကိုအနိုင်ရရှိပြီး

'မျက်နှာပြောင်လေးရဲ့ မီးခြစ်ဆံ'နဲ့ 'မျက်နှာပြောင်လေးရဲ့ မျက်စောင်း'ကိုရရှိသွားပါပြီ"


"ကစားသမား ချန်ဖန်ကျီးကတော့ သူ့ရဲ့မစ်ရှင်ကိုကျရှုံးခဲ့ပါတယ်"


ကျယ်လောင်စူးရှသော က​လေးသံက စာကြည့်တိုက်ထဲတွင်ပဲ့တင်ထပ်ပြီး ထန်မော့နှင့် ကိုငကြောင်တို့၏နားထဲ အသီးသီး၀င်လာခဲ့သည်။ ယေဘုယျအားဖြင့် ဂိမ်းတိုင်းနီးပါးတွင် ဆုလာဒ်များရှိသည်။

ထန်မော့ကစားသော အွန်လိုင်းကဒ်ဂိမ်းတွင်ပင် အနိုင်ရရှိသူအတွက်ဆုများရှိသည်။


ထန်မော့ ဤမီးခြစ်ဆံကြီးမှာ သူရတဲ့ဆုဖြစ်လောက်မယ်လို့ ​တွေးထင်ပြီးသားပင်။


ဒါပေမယ့် 'မျက်နှာပြောင်လေးရဲ့မျက်စောင်း' ဆိုတာကြီးကဘာလဲ...


အဲဒါကဒီအတိုင်းဂိမ်းရဲ့သဲလွန်စလေးပဲ မဟုတ်လားဒါကြီးကလည်းဆုတစ်ခုခုဖြစ်နေခဲ့တာလား...


ထန်မော့ရဲ့မျက်နှာကဖြူဖျော့လာပြီး သူ၏စိတ်မှာလည်းရှုပ်ထွေးလာသည်။ သူ့ထက်ပိုဆိုးသည်မှာ ကိုငကြောင်ပင်။


ကိုငကြောင်မှာ ဂိမ်းကိုရှုံးနိမ့်ထားသူဖြစ်သည်။

ဂိမ်းတွင် ဆုကြေးရှိလျှင် ဒဏ်ကြေးလည်းရှိသည်မှာ ပုံမှန်ပင်မဟုတ်ပါလား။ ရိုးရိုးသာမာန်ဂိမ်းလေးကိုရှုံးတဲ့သူကတော့ အလွန်ဆုံးသူ့ရဲ့ပိုက်ဆံတွေဆုံးရှုံးလောက်သာ။


သို့​သော် အနက်ရောင်မျှော်စင်ရဲ့ ဂိမ်းကိုရှုံးနိမ့်ရင်ရော ဘာတွေဖြစ်လာမည်လဲ ဘယ်သူမှမသိပေ။


အနက်ရောင်မျှော်စင်က ပြစ်ဒဏ်အကြောင်းကို ဘာမှမပြောခဲ့ပေ။ ကိုငကြောင်က နည်းနည်းလေးမှမလှုပ်ရဲပဲ ထန်မော့ကိုတုန်တုန်ယင်ယင် လှည့်ကြည့်လာသည်။


"ငါ..ငါသေမှာလား"


ထန်မော့တွင်လည်းအဖြေရှိမနေခဲ့ချေ၊ သို့သော်သူက အနည်းငယ်နှစ်သိမ့်ပေးလိုက်သည်။


"အဲလောက်ထိမဆိုးနိုင်ပါဘူး"


ကိုငကြောင်လည်း အနည်းငယ် စိတ်သက်သာရာရသွားပြီး


"ငါမင်းကိုယုံတယ်။ မင်းကဉာဏ်ကောင်းပြီး မင်းစကားတွေကလည်းအဓိပ္ပာယ်ရှိတယ်လေ။ဘုရားသခင်ကအဲလောက်ထိ မရက်စက်လောက်ပါဘူး။ သူကမျှော်လင့်ချက်တွေနဲ့ ပြန်လည်မွေးဖွားခြင်းတွေကို သယ်ဆောင်လာတာပဲကို၊ သူကငါ့ရဲ့ဘုရားသခင်ပဲ"


ထန်မော့က မီးခြစ်ဆံကြီးကိုကိုင်လျက်ပင် အရူးလိုတတွတ်တွတ်ပြောနေ​သော ကိုငကြောင်ကို တည်ငြိမ်စွာကြည့်နေလိုက်သည်။


ပထမဆုံး ဂိမ်းရဲ့ ပြစ်ဒဏ်ကိုမသိရတဲ့အတွက် 

ထန်မော့၏စိတ်များကလေးလံနေသည်။ ဒါကမုန်တိုင်းမလာခင် လေပြည်လေးလိုခံစားချက်မျိုးပင်။ ဤကဲ့သို့အခြေအနေက ဂိမ်းကိုအဓိပ္ပာယ်မဲ့စေသည့်အပြင် မျှော်မှန်းထားသည်ထက် ပို၍ဆိုးဝါးသောအခြေအနေတစ်ခုကို ဦးတည်နေတတ်သည်။ သို့သော်လည်း ထန်မော့သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။


အကယ်၍ ဂိမ်းကိုရှုံးတဲ့အတွက်ပြစ်ဒဏ်က သေရမယ်ဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေတစ်၀က်လောက်က သေကုန်မှာမဟုတ်ဘူးလား...


ဘီလီယံနဲ့ချီတဲ့ လူတွေကဘယ်လိုလုပ်သေနိုင်မှာလဲ..


မဖြစ်နိုင်ဘူး၊ လုံး၀ကိုမဖြစ်နိုင်ဘူး...


ဂိမ်းကပြီးဆုံးသွားခဲ့ပြီဖြစ်သော်လည်း စာကြည့်တိုက်မှာ မူလအခြေအနေသို့ ပြန်မရောက်သေးပေ။ ဘယ်လောက်ပဲကြိုးစားကြိုးစား 

ထန်မော့နဲ့ ကိုငကြောင်မှာ အောက်ထပ်ကိုဆင်း၍မရနိုင်သေး။


တတိယထပ်၏ပြတင်းပေါက်အပြင်ဘက်တွင်လည်း

အဖြူရောင်​လေဟာပြင်ကြီးတစ်ခုသာဖြစ်နေဆဲ။


သူတို့မှာလုံး၀ စုကျိုးကိုပြန်မရောက်သေးပေ။


အချိန်တွေကကုန်လွန်သွားပြီး ထန်မော့နှင့်ကိုငကြောင်မှာ စာကြည့်တိုက်၏တတိယထပ်တွင် ပိတ်မိနေဆဲဖြစ်သည်။


စာကြည့်တိုက်၏နံရံမှ နာရီလက်တံတို့ ခြောက်နာရီကို ကျော်သည်တွင် ထန်မော့၏ခန္ဓာကိုယ်က ရုတ်ချည်းတောင့်တင်းလာခဲ့သည်။ ရင်းနှီးနေသည့် အမည်မသိ တုန်လှုပ်မှုတို့က သူ၏စိတ်ထဲသို့ တဖန်ရောက်လာပြန်သည်။


သူ၏နှလုံးမှာလည်း ပုံမှန်မဟုတ်သည့် အမြန်နှုန်းဖြင့် စတင်ခုန်လာခဲ့သည်။


နှလုံးခုန်တာမြန်လွန်း၍ သူ၏ရင်ဘတ်ကပင် ပေါက်ထွက်သွားတော့မလိုခံစားနေရသည်။ ထန်မော့က စာအုပ်စင်ကိုမှီကာ သူ့ကိုယ်သူထိန်းလိုက်ပေမယ့်လည်း ကြမ်းပြင်ပေါ်သို့ ဗိုင်းခနဲလဲကျသွားတော့သည်။ ကိုငကြောင်လည်း သူ့ဆီအမြန်ပြေးလာခဲ့သည်။


"ဘာဖြစ်တာလဲ"


အလွန်မြန်သောသွေးလည်ပတ်မှုတို့ကြောင့် ထန်မော့၏မျက်နှာမှာလည် အလွန်နီရဲလာ၏။ သူ့တစ်ကိုယ်လုံးမှာလည်း အပေါင်းခံထားရသော ဂဏန်းတစ်ကောင်လို နီရဲနေတာဖြစ်သည်။


ကိုငကြောင်လည်း ကြောက်လန့်တကြားဖြင့်နောက်သို့နှစ်လှမ်းခန့်ဆုတ်လိုက်မိသည်။ သို့သော် သူကအားတင်းကာ ထန်မော့အနီးသို့ပြန်လာပြီး


"မင်း အဆင်ပြေရဲ့လား မင်းတစ်ကိုယ်လုံးနီရဲနေတာပဲ မင်းမျက်နှာလည်းအရမ်းပူနေတယ်၊ အဖျားရှိနေတာလား"


ထန်မော့၏နှလုံးမှာ အလွန်မြန်မြန်ခုန်နေသော်လည်း 

သူကသတိရှိနေဆဲပင်။ သူစကားပြောရန်ကြိုးစားလိုက်သည် ။


"နှလုံး.."


ကိုငကြောင်လည်း ထန်မော့၏ရင်ဘတ်ကိုထိကြည့်ပြီး လန့်ဖြန့်သွားခဲ့သည်။ 

"ဘာလို့ဒီလောက်တောင် မြန်မြန်ခုန်နေတာလဲ

တစ်မိနစ်ကို အကြိမ်၂၀၀တောင် မဟုတ်သေးဘူး

အကြိမ်၃၀၀လား"


ထန်မော့ကစကားမပြောနိုင်တော့ ။သို့်မဟုတ်လျှင် တစ်မိနစ်ကို၃၉၄ကြိမ်နှုန်းဖြင့် ခုန်နေခြင်းဖြစ်ကြောင်း အမှန်ပြင်ပေးမိလိမ့်မည်။


သူတို့မှာ စာကြည့်တိုက်ထဲကမထွက်နိုင်သေးသည်မို့ 

အထဲတွင်နှစ်ယောက်သာရှိသည်။ ယခု ထန်မော့က ဤသို့အခြေအနေကြုံနေရသောအခါ ကိုငကြောင်မှာကူကယ်ရာမဲ့နေခဲ့သည်။


သူက ကောင်တာပေါ်ကပစ္စည်းတွေ အကုန်လုံးကိုတွန်းဖယ်လိုက်ပြီး ထန်မော့ကိုထိုအပေါ်တွင် လှဲနေစေသည်။ ထို့နောက်သူက အများသုံးသန့်စင်ခန်းထံပြေးကာ အိမ်သာသုံးစက္ကူများကို ရေထဲတွင်နှစ်ပြီး 

ထန်မော့နှဖူးတွင် သက်သာလိုသက်သာငြား ကပ်လိုက်သည်။


ထန်မော့၏နှလုံးခုန်နှုန်းမှာ တစ်မိနစ်တွင်၅၃၂ကြိမ်နှုန်းအထိမြင့်တက်လာလေသည်။

သာမာန်လူတစ်ဦး၏နှလုံးက ဘယ်အတိုင်းအတာထိ မြန်မြန်ခုန်နိုင်လဲသူမသိပေမယ့် သူ၏နှလုံးမှာ အချိန်မရွေးပေါက်ကွဲသွားတော့မည်ဟု ခံစားနေရသည်။

သူ၏နှလုံးကမူ ဆေးပညာအသိများကိုဆန့်ကျင်လျက် မရပ်မနား အလွန်ပြင်းထန်စွာခုန်ဆဲ။


ကိုငကြောင်ကတော့ ရေချိုးခန်းကိုအပြေးအလွှားလုပ်ရင်း ထန်မော့၏ လွတ်နေသောအသားအရည်တို့အပေါ် တစ်ရှူးစိုတို့အား ဆက်တိုက်ကပ်ပေးနေခဲ့သည်။


ဒါကအသုံးမ၀င်မှန်းသိပေမယ့် ကိုငကြောင်ကသူ့ကိုကူညီဖို့ကြိုးစားနေတာကိုတော့ ထန်မော့ကျေးဇူးတင်မိသည်။ သူကစကားမပြောနိုင်သည်မို့ ကိုငကြောင်အား သွေးလိုနီရဲနေသော မျက်လုံးများဖြင့်သာ စိုက်ကြည့်နေခဲ့သည်။


တစ်နာရီခန့်ကြာသွားပြီးသည့်နောက် ထန်မော့ မိမိနှလုံးခုန်နှုန်းကို ရေတွက်ကြည့်ရာ ကြိမ်နှုန်းတဖြည်းဖြည်းကျလာသည်ကို သတိထားမိလိုက်သည်။


ကိုငကြောင်ကမူ အအေးဓာတ်ကအလုပ်ဖြစ်သည်ထင်သဖြင့် ရေချိုးခန်းသို့ထပ်မံပြေး၍ တစ်ရှူးစိုများကို ထန်မော့၏ မျက်ခွံများပေါ်တွင် ကပ်ပေးလိုက်သည်။


ထန်မော့သည် သူပြန်မလှုပ်ရှားနိုင်ခင်အထိ ဘယ်လောက်တောင်ကြာသွားပြီလဲမသိတော့။သူ၏မျက်နှာပေါ်မှ တစ်ရှူးများကိုဖယ်လိုက်ပြီး တုန်ရီသောလက်တို့ဖြင့် စားပွဲပေါ်မှ အားယူ၍ထလိုက်သည်။


ကိုငကြောင်က ရေချိုးခန်းမှပြန်ထွက်လာလျှင် 

သူ့ကိုမြင်ပြီး အပြေးလာကာမေးလိုက်သည်။


"အဆင်ပြေရဲ့လား"


ထန်မော့ကသူ့ပါးစပ်ကိုဖွင့်လိုက်သော်လည်း လည်ခြောင်းမှာအလွန်ခြောက်သွေ့နေသည်။ သူကခေါင်းကိုမငြိမ့်ခင် တံတွေးကိုအနည်းငယ်မြိုချပြီးမှ ပြုံးပြလိုက်သည်။


"အင်း.., နည်းနည်းသက်သာသလိုပါပဲ"


"တော့သေးတာပေါ့, ငါလန့်သွားတာ သေမလိုပဲ"


ကိုငကြောင်ကစိတ်သက်ရာရစွာသက်ပြင်းချလိုက်သည်။


ထန်မော့ကကိုငကြောင်ကို ကြည့်ကာ စိတ်ရင်းဖြင့်ပင်


"ကျေးဇူးပါ"


ကိုငကြောင်ကခေါင်းကိုခါလိုက်သည်။


"ရပါတယ်။ ငါမင်းကိုဒီတိုင်းပဲပစ်မထားနိုင်ဘူးလေ"


သူတို့နှစ်ယောက်ရဲ့ ပတ်သက်မှုကအနည်းငယ်ရှုပ်ထွေးသည်ဟုဆိုရမည်လား။ တဖက်ကကြည့်လျက်လည်း ကိုငကြောင်က ထန်မော့ကို ဒီအမည်မသိဂိမ်းထဲကိုဆွဲခေါ်ခဲ့ကာ ဘာမှန်းမသိသောအန္တရာယ်ကိုရင်ဆိုင်စေခဲ့သည်။ တစ်ဖက်ကကြည့်ပြန်တော့လည်း ဂိမ်းကလည်း ပြီးသွားပြီဖြစ်ကာ ကြည့်ရတာ သာမာန်ဂိမ်းတမျိုးမျိုးသာဖြစ်ပုံပင်။


ထို့နောက် ထန်မော့အခြေအနေက ရုတ်တရက်ဆိုးဝါးလာခဲ့ပြီး ကိုငကြောင်ကလည်း သူ့ကိုပစ်မထားခဲ့ချေ။ အဲဒါကအမှန်တကယ်အကူအညီမဖြစ်ခဲ့ရင်တောင် ထန်မော့ကျေးဇူးတင်နေဆဲပင်။


ဤမတော်တဆမှုအပြီးတွင်တော့ လူနှစ်ဦးကပို၍ရင်းနှီးသွားခဲ့သည်။


ကိုငကြောင်မေးလိုက်သည်။


"မင်းနှလုံးက ဘာလို့အမြန်ကြီးခုန်လာတာလဲ။ ငါ့အဖေကဆရာ၀န်လေ သိလား။ အဲဒါကလုံး၀ပုံမှန်မဟုတ်ဘူးနော်။ ပုံမှန်လူတစ်ယောက်က 

နှလုံးခုန်နှုန်း ၂၅၀ကိုရောက်တဲ့အခါ နှလုံးကသွေးမထောက်ပံ့နိုင်တော့ပဲ ချက်ချင်းသေမှာ"


ထန်မော့ကစဉ်းစားလိုက်ပြီး ကိုငကြောင်အားပြောပြရန်ဆုံးဖြတ်လိုက်သည်။


"ခင်ဗျားရဲ့နှလုံးက ဒီရက်တွေအတွင်း မြန်မြန်မခုန်ခဲ့ဘူးလား"


ကိုငကြောင်က ခေါင်းခါလိုက်ပြီး


"ဟင့်အင်း"


ထန်မော့ကမျက်မှောင်ကျုံ့လျက် ရှင်းပြလိုက်သည်။


"လွန်ခဲ့တဲ့သုံးရက်လောက်ကပဲ ကျွန်တော်နှလုံးမြန်မြန်ခုန်လာခဲ့တာ။ ဒီနေ့လောက်တော့မမြန်ဘူး။ 

ဒါပေမယ့် တစ်မိနစ်မှာ အကြိမ်၃၀၀နီးပါးပဲ။

ပြီးတော့ ကျွန်တော်အရမ်းစိတ်မသက်မသာ 

ခံစားရတယ်။ ဒါကအနက်ရောင်မျှော်စင်နဲ့ဆိုင်တယ်လို့ ထင်တာပဲ။ ကျွန်တော်က အနက်ရောင်မျှော်စင်တွေက အန္တရာယ်ရှိတယ်လို့ ယုံကြည်တဲ့ဘက်ကတော့ မဟုတ်ဘူး။ ဒါပေမယ့်ဒီအရာတွေကကောင်းတယ်လို့လည်း မထင်ဘူး။ ကျွန်တော်စိတ်မသက်မသာဖြစ်တာကိုနားလည်တယ်။ ဒါပေမယ့် နှလုံးမြန်မြန်ခုန်တာနဲ့ပတ်သက်ပြီး ဘာမှန်းမတွေးတတ်ဘူး"


"မင်းမှာ ရောဂါတစ်ခုခုများရှိနေတာလား"


"အဲဒီလိုမျိုးကအနက်ရောင်မျှော်စင်ကိစ္စပေါ်လာပြီးမှ ဖြစ်တာဆို​တော့၊ ကျွန်တော်ဆေးရုံကိုမသွားဖြစ်ခဲ့ဘူး"


ကိုငကြောင်ကအနည်းငယ်တွေးလိုက်ပြီး


"ဒါဆိုမင်း ဆရာ၀န်နဲ့ပြသင့်တယ်။ ငါဒီလိုရောဂါမျိုးကြားတောင်မကြားဖူးဘူး၊ နှလုံးက အကြိမ်သုံးရာကျော်ခုန်ပြီး မသေတဲ့သူမျိုးလည်းတစ်ခါမှမမြင်ဖူးဘူး။ ငါစိုးရိမ်တာက ဒါမျိုးကြုံရတာမင်းတစ်ယောက်တည်း ဖြစ်နေမှာကိုပဲ"


ထို့နောက် ကိုငကြောင်ကနောက်လိုက်သည်။


"အိုက်ရား..မင်းကို နိုင်ငံတော်ကပြန်ပေးဆွဲပြီး 

စမ်းသပ်ကြွက်လို သုံးနေပါဦးမယ်။ ဆေးရုံမသွားတာပိုကောင်းမလားပဲ"


ထန်မော့ကပြုံးလိုက်သည်။


'ကလစ်'


တိတ်ဆိတ်နေသောစာကြည့်တိုက်ထဲတွင် တံခါးဖွင့်သံတစ်ခုကိုရုတ်တရက်ကြားလိုက်ရသည်။ ထန်မော့နဲ့ကိုငကြောင်လည်း တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်မိသည်။


အသံမှာ ပထမထပ်တံခါးမှလာတာဖြစ်သည်။


နှစ်ယောက်သား အောက်ထပ်သို့ အလျှင်အမြန်ဆင်းကြည့်ချိန်တွင် သူတို့ကို တားထားသော မမြင်ရသည့် 

အတားအဆီးမှာ ပျောက်ကွယ်သွားခဲ့ပြီကို သိလိုက်ရသည်။ သူတို့သည်အလျင်မြန်ဆုံးအမြန်နှုန်းဖြင့် စာကြည့်တိုက်၏ ၀င်ပေါက်ဆီသို့ပြေးလိုက်ကြတော့သည်။


သော့ကိုလှည့်လျက် တံခါးကိုတိုးဖွင့်လိုက်သည်နှင့်

အတော်ကြာပျောက်ဆုံးနေခဲ့သော နေရောင်က ထန်မော့နှင့် ကိုငကြောင်၏မျက်နှာပေါ်သို့ ဖြာကျလာခဲ့သည်။ ဤနွေးထွေးသောခံစားချက်မှာ စစ်မှန်သောနေရောင်ပင်ဖြစ်ချေသည်။ သူတို့ဂိမ်းကစားနေစဉ်ကလို အတုအယောင်နေ့အချိန်မျိုးမဟုတ်ပေ။


ထန်မော့သည် မိမိခန္ဓာကိုယ်၏နွေးထွေးသောခံစားချက်ကြောင့် မျက်တောင်အသာအယာခတ်လိုက်မိသည်။


"ထန်မော့ နင်ဒီကိုဘယ်လိုရောက်နေတာလဲ"


မိန်းကလေးအသံကမေးလာသည်။


"နင်ပစ္စည်းတွေသိမ်းဖို့အစောကြီးရောက်နေတာလား"


ထန်မော့ကမျက်လုံးပြူးသွားကာ


"ရှောင်ကျိုး"


ဥက္ကဋ္ဌ၀မ်မှ စာကြည့်တိုက်အား ယာယီသုတေသနစင်တာအဖြစ် အသုံးပြုရန်ကိစ္စကြောင့် ပစ္စည်းများလာသိမ်းရန် အသိပေးခဲ့သဖြင့် ထန်မော့စာကြည့်တိုက်သို့ရောက်လာခဲ့သည်ကို ရုတ်တရက်မှတ်မိသွားသည်။ သူစက္ကန့်အနည်းငယ်မျှသာ တိတ်ဆိတ်နေပြီးနောက် ပြန်လည် တုန့်ပြန်လိုက်သည်။


"မင်းလည်းပစ္စည်းတွေလာသိမ်းတာလား"


ရှောင်းကျိုးကပြုံးလျက်


" ဒါပေါ့ ငါ့အဖေနဲ့အမေက အနက်ရောင်မျှော်စင်ကိစ္စတွေက ပုံမှန်မဟုတ်ဘူးလို့ ထင်တာနဲ့ ငါတို့နယ်ဘက်ဆင်းပြီး ခဏရှောင်မလားလို့လေ။ ဆယ်နာရီလောက်ဆိုထွက်မှာ။ အဲဒါကြောင့်ယူစရာရှိတာလေးလာယူတာ။


နင်ကဘာလို့အစောကြီးရောက်နေတာလဲ နင့်လက်ထဲ..က မီးခြစ်ဆံကြီးလား ဘာလားဟ။ ပြီးတော့ ဟိုငကြောင် အဟွတ် သူက​ရော ဒီကိုဘယ်လိုရောက်နေတာလဲ"


ရှောင်ကျိုးက စိတ်လှုပ်ရှားစွာ တံတွေးမျိုချနေသော ကိုငကြောင်ကိုကြည့်လိုက်သည်။


ထန်မော့ကတည်တည်ငြိမ်ငြိမ်ပင် ရှင်းပြလိုက်သည်။


"ငါမနက်ကလာတော့ ဒီနားမှာသူနဲ့တွေ့တာလေ၊ 

ငါတို့စကားနည်းနည်းပါးပါးပြောနေကြတာ"


"စကားနည်းနည်းပါးပါးပြောတယ် ဟုတ်လား 

သူနဲ့လေ.."


ရှောင်ကျိုးကအသာရည်ရွတ်လိုက်ပြီးမှ


"ဒါဆိုငါအပေါ်တက်ပြီး သွားယူလိုက်ဦးမယ်၊.ခွင့်ပြုဦး"


မိန်းကလေးကပြောရင်းဆိုရင်း ရှေ့သို့ခြေတစ်လှမ်းလှမ်းလိုက်သည်။


သူမခြေလှမ်းတို့က တံခါးမှဖြတ်ကျော်ခါနီးတွင် 

ထန်မော့၏ မျက်လုံးတို့ပြူးကျယ်သွားပြီး အော်ဟစ်လိုက်သည်။


"ကျိုးရန်"


ကျိုးရန်မှာ ရှောင်ကျိုး၏ နာမည်အရင်းဖြစ်သည်။

သူမကစာကြည့်တိုက်တွင်အလုပ်လုပ်သည်မှာ ခြောက်လခန့်ရှိပြီဖြစ်ကာ သူမနာမည်ကို ဤကဲ့သို့အော်ခေါ်ခံရတာရှားသည်။ အခုထန်မော့က အရမ်းကျယ်ကျယ်လောင်လောင်ကြီး အော်ခေါ်လိုက်တော့ သူမကထူးဆန်းစွာလှည့်ကြည့်လာသည်။


"ဟမ် ဘာလဲ"


ထန်မော့၏နှုတ်ခမ်းကပွင့်ဟသွားသော်လည်း ဘာကိုမှမပြောနိုင်တော့။ သူကရှောင်ကျိုး၏ ခန္ဓာကိုယ်အောက်ပိုင်းကိုသာ ပြူးကျယ်စွာစိုက်ကြည့်နေမိသည်။ ရှောင်ကျိုးလည်းဒါကိုမြင်တော့ သူမကိုယ်သူမငုံ့ကြည့်လိုက်ရာ ကြမ်းပြင်ပေါ်သို့ တမဟုတ်ချင်းပြုတ်ကျသွားတော့သည်။


"ဘာလဲ ဘာကြီးလဲ ငါ့ခြေထောက်  ငါ့ခြေထောက်တွေ"


ကြောက်လန့်တကြားဖြင့် မျက်ရည်များက သူ၏မျက်မှာတွင် ရွှဲစိုသွားသည်။


သူမက ၁၉၉၆ခုနှစ်တွင်မွေးဖွားခဲ့သော မိန်းမငယ်လေးဖြစ်ကာ ဘွဲ့ရသည်မှာလည်း မကြာသေး။ သူမက သူမ၏ဘာမှမရှိတော့သော အောက်ပိုင်းကို သူမလက်များဖြင့်စမ်းကြည့်နေသည်။


ထန်မော့၏မျက်စိထဲတွင် သူမ၏ပေါင်မှစ၍

အပေါ်သို့တဖြည်းဖြည်းမြင့်တက်လာနေသော 

မမြင်ရသည့် မျဉ်းကြောင်းတစ်ကြောင်းရှိနေသည်။

ထိုမျဉ်းကြောင်းမြင့်တက်လာသည်နှင့်အမျှ ၄င်းအောက်တွင် ရှိသောအကုန်လုံး ပျောက်ကွယ်သွားသည်။ ထိုအရာက ရှောင်ကျိုးအား ဤကမ္ဘာကြီးပေါ်မှ ဖျောက်ဖျက်ပစ်နေသလိုမျိုးပင်။


ဒီမျဉ်းကြောင်းဘယ်အချိန်ပေါ်လာလဲ သူမသိလိုက်။

သူသတိထားမိချိန်တွင် သူမ၏ခြေကျင်း၀တ်မှာ ပျောက်ကွယ် သွားနှင့်ပြီဖြစ်သည်။ သူမကဒါကိုသတိတောင်မထားမိပဲ ထန်မော့နှင့်တချိန်လုံးရပ်ကာ စကားပြောနေခဲ့ခြင်းပင်။


သူမ၏ခါးလည်းတဖြည်းဖြည်းပျောက်ကွယ်သွားပြီး ရှောင်ကျိုး၏မျက်နှာတွင် မျက်ရည်များ နှပ်ရည်များ ဗလပွပင်။ သူမက ထန်မော့ရှိရာရွေ့လျားလာပြီး သူ၏ဘောင်းဘီကို အားကိုးတကြီးဆုပ်ကိုင်လိုက်သည်။ သူမသည်ကျယ်လောင်စွာငိုယိုရင်းပင်


"အား.. ကယ်..ကယ်ပါဦး၊ အစ်ကိုထန် ငါ..ငါဘာဖြစ်နေတာလဲ အစ်ကိုထန်.. ကျေးဇူးပြုပြီး ကယ်ပါဦး"


ထန်မော့က ရှောင်ကျိုး၏လက်ကိုဖမ်းဆုပ်ရန်

လက်ဆန့်လိုက်သော်လည်း မျဉ်းကြောင်းက 

မျက်စိတမှိတ်အတွင်းမှာပင် သူမပုခုံးကိုကျော်လွန်သွားကာ သူမလက်တွေလည်းမရှိတော့။


ထိုမမြင်ရသော မျဉ်းကြောင်းမှာ သူမလည်ပင်းသို့တိုင်ရောက်လာတော့သည်။


သူမခေါင်းက မျက်ရည်များဖြင့် ကြမ်းပြင်ပေါ်လဲကျနေသည်မှာ အတော်ကို ထူးဆန်းပြီး လန့်စရာကောင်းသောမြင်ကွင်းပင်။


"ငါမသေချင်ဘူး ငါမသေချင်သေးဘူး။ ငါ..ငါရည်းစားတောင်မထားရသေးဘူး၊ ငါအိမ်ပြန်ပြီး ကာတွန်းတွေကြည့်ချင်သေးတယ်။ မနေ့ကဖတ်နေတဲ့ ၀တ္ထုလေးတောင်မပြီးသေးဘူးလို့။အ​​ဖေ​ရေ အ​မေ​ရေ သမီးမသေချင်သေးဘူးလို့။ အစ်ကိုထန် ကျေးဇူးပြုပြီး ကူညီ.."


သူမ၏ပါးစပ်လည်းမရှိတော့။


နောက်ဆုံးသူမတစ်ကိုယ်လုံး လုံး၀ပျောက်ကွယ် 

သွားသည်အထိ ထန်မော့အား မျက်ရည်များစိုရွှဲနေသော မျက်လုံးများဖြင့်ကြည့်နေခဲ့ရှာသည်။


မိနစ်ပိုင်းလေးအတွင်းတွင် အသက်ရှင်နေသော 

လူတစ်ယောက် ပျောက်ကွယ်သွားချေပြီ။


ထန်မော့၏ ဦးနှောဏ်ကဗလာဖြစ်သွားသည်။

ထိုအချိန်တွင် သူ့ကိုယ်သူအလန့်မိဆုံးက သူဘယ်လောက်တည်ငြိမ်နေလဲဆိုတာပဲ။


ထန်မော့သည် ရှောင်ကျိုးပျောက်ကွယ်သွားသည့် နေရာအား မိနစ်၀က်ခန့်ကြည့်နေမိသည်။

ဤတွင် သူရုတ်ချည်းတစ်ခုခုကိုသတိရသွားကာ သူ၏နောက်မှ ကိုငကြောင်အားလှည့်ကြည့်လိုက်သည်။


မှောင်မဲနေသော စာကြည့်တိုက်ထဲတွင် ကိုငကြောင်၏ ပေါင်အောက်ပိုင်းမှာ ပျောက်ဆုံးနေခဲ့ပြီ။

သူက အလွန်ဖြူဖျော့နေကာ ထန်မော့အား အလွန်စိတ်ပျက်လက်ပျက်ဖြစ်စွာ ပြုံးပြလာသည်။


"ထန်..ထန်မော့.. ဒါကဂိမ်းရှုံးတဲ့အတွက် ပြစ်ဒဏ်လား"


"ကိုငကြောင်"


ဘန်း


ကိုငကြောင်၏လက်ထဲမှ ရာဘာတုတ်လည်းမြေပြင်ပေါ် ပြုတ်ကျသွားသည်။


ထန်မော့အလျင်အမြန်ပြေးသွားကာ ကိုငကြောင်၏ လက်များကိုဆွဲထားလိုက်သည်။ ကိုငကြောင်၏ မျက်ရည်နှင့် နှပ်ရည်များစီးကျလာကာ သူ၏မျက်မှာတွင်ပေပွကုန်သည်။ သူကထန်မော့ထံတွင် ချိတ်တွယ်ရင်း ရှောင်ကျိုးကဲ့သို့ပင်အရူးလိုတရစပ်ပြောလာသည်။


"ငါ..ငါမသေချင်သေးဘူး။ ထန်မော့ ငါ့ကိုကယ်ပါဦး ။ငါမသေချင်သေးဘူး ထန်မော့"


ထန်မော့မှာ အားအင်များမဲ့လျက်။ သူက မပျောက်ကွယ်သွားသေးသော နေရာများကို လက်ဖြင့်ထိထားလိုက်သည်။ သို့သော်လည်း မျဉ်းကအပေါ်သို့တက်လာဆဲဖြစ်ကာ ကိုငကြောင်မှာလည်းပျောက်ကွယ်နေဆဲပင်။


အပေါ်ပိုင်းခန္ဓာသာကျန်တော့သည်။


ထန်မော့ကအော်ပြောလိုက်သည်။


"မကြောက်နဲ့ ကျွန်တော်တို့ နည်းလမ်းတော့ရှိမှာပါ"


ကိုငကြောင်ကမူ အော်ဟစ်နေဆဲပင်


"ဘာနည်းလမ်းလဲ ဘာနည်းလမ်းမှမရှိဘူး၊ ထန်မော့ ငါမသေချင်သေးဘူး.. ထန်မော့ ငါ့ကိုကယ်ပါ။

မင်းကငါ့ကို ရှင်းလိုက်တဲ့သူလေ၊ ငါ့ကိုကယ်ပါ"


ထန်မော့ဘာကိုမှမဆိုနိုင်တော့ပေ။



🪩