Chapter 111
Viewers 21k

♎️Chapter 111

ရှန်းရှီကော -2 



ထိုညက မတော်တဆမှု၏အရင်းခံမှာ ယွိလျန်နပေးသည့်ဝိုင်ပင်။ ဖုယွမ်ကျိုးကအောက်ထပ်ဆင်းသွားပြီး အကျိုးအကြောင်းမေးမြန်းခဲ့သည်။ ယွိလျန်နကသူ့အား အထပ်ထပ်အခါခါတောင်းပန်လာပြီး သူမဝိုင်ကိုမှားယူလာမိကြောင်း၊ ဝိုင်ထဲတွင်ဆေးပါနေလိမ့်မည်ဟုလည်း မထင်ထားခဲ့ကြောင်းရှင်းပြလာခဲ့လေသည်။


သူမသည်ကား စိတ်ရင်းဖြင့်တောင်းပန်နေခဲ့ခြင်းဖြစ်ပြီး ထိုညက သူမဝိုင်ခွက်ကမ်းပေးသည့်ပုံစံမှာလည်း တမင်စီစဥ်ထားသည့်ပုံနှင့်မတူသောကြောင့် ဖုယွမ်ကျိုးသည်လည်း သံသယမဝင်နေတော့ပေ။ သည့်အပြင် ယွိလျန်နသည် ယောကျ်ားလေးများကိုသဘောမကျသူဖြစ်၍ သူ့အားဆေးခတ်စရာအကြောင်းမရှိပေ။


နောက်ပိုင်း၌ ယွိလျန်နကသူ့အား လက်ဆောင်များပေးကာတောင်းပန်ခဲ့ပြီး ဆေးခတ်သူကိုရှာပေးမည်ဟုပြောလာခဲ့သည်။ ဖုယွမ်ကျိုးမှာ သူမကိုအပြစ်တင်ရန်လည်းမျက်နှာပူလှသောကြောင့် သူသာကံမကောင်းသွားခြင်းဖြစ်ကြောင်းနှစ်သိမ့်ပေးလိုက်ပြီး နောင်တွင် ယခုလိုအရက်မျိုးထပ်မသောက်တော့မည့်အကြောင်း ယတိပြတ်ပြောလိုက်သည်။ ထို့နောက် သူနှင့်ရှန်းရှီကောတို့ ထိုအကြောင်းကိုမေ့လိုက်ကြလေ၏။


ထိုနေ့က သူအနည်းငယ်မျှစိတ်ပျော်နေမိသည်။ ကံကောင်း၍ ထိုညကသူနှင့်အတူရှိနေခဲ့သူမှာ ရှန်းရှီကောဖြစ်နေပြီး အခြားတစ်ယောက်သာဖြစ်နေပါက ဘယ်လိုမှလက်ခံပေးနိုင်တော့မည်မဟုတ်ပေ။


သို့သော် ရှန်းရှီကောဗီလာကိုပြန်ရောက်သည်နှင့် ဖုယွမ်ကျိုး၏အတွေးတို့က ကြက်ပျောက်ငှက်ပျောက် ပျောက်သွားကြတော့သည်။ နိုင်ငံခြားတွင်စာသင်နေသည့်အချိန်အတွင်း သူ ရှန်းရှီကောအိမ်တွင်နေဖြစ်ခဲ့၏။ သို့တစေ မနေ့ညမှအဖြစ်အပျက်နောက်ပိုင်း သူဆက်နေ၍မဖြစ်တော့ပေ။ သူထွက်သွားမှဖြစ်လိမ့်မည်။


သူသည် ထွက်သွားရန်ဆုံးဖြတ်လိုက်ပြီး အထုပ်အပိုးများကိုပြင်ဆင်နေချိန်တွင် ရှန်းရှီကောကသူ့အား တားခဲ့သည်။ သူထွက်သွားတော့မည့်ပုံစံကိုမြင်သည့်အခါ ရှန်းရှီကောကဝမ်းနည်းနေပုံရပြီး သူ့အားထွက်မသွားရန်တောင်းပန်နေခဲ့၏။ 


"ဘာမှမဖြစ်ခဲ့လိုနေကြရအောင်...မနေ့ညကကိစ္စကိုမေ့လိုက်ကြမယ်လေ.." 

ရှန်းရှီကောမျက်လုံးများက စိတ်ဓာတ်ကျနေပုံပေါ်ကာ သနားစရာဖြစ်နေလေသည်။ 

"မင်းမထွက်သွားရင်ရပြီ...ကျန်တာမင်းသဘောပဲလေ...ကိုယ်မင်းပြောတဲ့အတိုင်းလုပ်ပါ့မယ်..."


ဖုယွမ်ကျိုးက သူငယ်ချင်းများနှင့်ပတ်သတ်လာလျှင် စိတ်ပျော့ညံ့သူဖြစ်၏။ ရှန်းရှီကောကယခုလိုတောင်းပန်နေသည့်အခါ သူလည်းမတတ်နိုင်တော့ဘဲ ဆက်နေရတော့သည်။ တကယ်တမ်းတွင် သူလည်းထွက်မသွားချင်ပေ။ ရှန်းရှီကောကယခုလိုပြောလာသောကြောင့် သူကံကောင်းသွားသည်ဟုထင်မိသည် ။ ဘာမှမဖြစ်ခဲ့သလိုနေလိုက်ခြင်းက ယခုကိစ္စကိုဖြေရှင်းနိုင်မည့်အကောင်းဆုံးနည်းလမ်းပင်။


စိတ်ကူးကြည့်လိုက်လျှင် အကြံကောင်းပင်။ ဖုယွမ်ကျိုးလည်း ထိုနေ့ကဖြစ်ခဲ့သမျှကို ဖြည်းဖြည်းချင်း မေ့သွားနိုင်ရန်မျှော်လင့်ခဲ့သည်။ သို့သော် အခြေအနေကသူထင်ထားသည်ထက်ပိုဆိုးနေခဲ့၏။ သူမေ့ချင်လေ၊ ထိုညကမြင်ကွင်းများက ​ပိုပြီးရှင်းလင်းပြတ်သားလာလေပင်။ ထိုညကရခဲ့သည့်မိန်းမောမှုလေးကိုပင် တဖန်ခံစားမိနေသလိုပင်။ သူသည်ကား မမေ့ဖျောက်နိုင်ဘဲ ထိုအကြောင်းကိုထပ်ခါတလဲလဲတွေးမိနေလေသည်။


ယခင်က သူမကြုံခဲ့ဖူးသည့်ခံစားချက်တို့ကို သတိထားမိသည့်အခါ အခြေအနေကပိုဆိုးသွားခဲ့ရသည်။ ရှန်းရှီကောကနွားနို့သောက်လေ့ရှိပြီး သူ့နှုတ်ခမ်းတွင်ကပ်ကျန်နေခဲ့သည့် အဖြူရောင်အမြုပ်များကပင် သူ့အားတဒင်္ဂမျှအကြည့်မလွှဲနိုင်ဖြစ်စေခဲ့သည်။ နွားနို့ကုန်သွားပြီး ရှန်းရှီကော ခွက်ကိုပြန်ချမှ သူလည်းတဖက်ကိုလှည့်ကာ ရှန်းရှီကောနှုတ်ခမ်းကိုသုတ်ရန် တစ်ရှူးယူပေးမည်ဟုအကြောင်းပြတတ်၏။ တကယ်တမ်းတွင် သူ၏ရှက်သွေးဖြာနေသောမျက်နှာကို မမြင်စေချင်ရုံသာ။


ဆက်နေ၍မဖြစ်တော့ပေ....


ခဲမှန်ဖူးသောစာသူငယ်လိုပင်၊ ဖုယွမ်ကျိုးမှာ သူ့ကိုယ်သူထူးဆန်းသလိုမဖြစ်လာခင် ထွက်သွားသင့်သည်ဟုထင်လိုက်ပြီး ထိုညတွင်ပင် အထုတ်အပိုးပြင်ကာ ကျောင်းမှအဆောင်ကို တိတ်တိတ်လေးပြန်လာခဲ့လိုက်သည်။


နောက်တနေ့တွင် ရှန်းရှီကောကသူ့အားဖုန်းခေါ်ပြီး အကျိုးအကြောင်းမေးမြန်းခဲ့သည်။ ဖုယွမ်ကျိုးက အိမ်မှထွက်လာခြင်းဖြစ်ကြောင်းအမှန်အတိုင်းပြောပြလိုက်သော်လည်း သူအတန်းပြီးသည်နှင့် ရှန်းရှီကောကရောက်လာခဲ့သည်။


"ဘာလို့ထွက်သွားတာလဲ..."


အဆောင်အောက်တွင်ရပ်စောင့်နေသည့်ရှန်းရှီကောက မေးလာခဲ့ခြင်းပင်။ ဖုယွမ်ကျိုးက ခေါင်းကိုသာငုံ့ထားရင်း တိတ်ဆိတ်နေမိသည်။ သူမမေ့နိုင်သေးပေ။


"မင်းကိုယ့်ကိုမုန်းနေတာလား..." 

ရှန်းရှီကောမေးလာခဲ့ခြင်းပင်။

 "အနာဂတ်မှာ ကိုယ်တို့က သူငယ်ချင်းတွေတောင်မဖြစ်နိုင်တော့ဘူးလား..."


ထိုသူ၏မျက်နှာအမူအရာကို ဖုယွမ်ကျိုးမှာ ဆက်မကြည့်နိုင်တော့ဘဲ ငြင်းလိုက်ရလေသည်။

 "မဟုတ်ပါဘူး...ငါမင်းနဲ့အနာဂတ်မှာဆက်ပြီးသူငယ်ချင်းဖြစ်ချင်သေးလို့ ထွက်လာခဲ့တာ...မင်းကိုမြင်နေရရင်ငါ...."


"ဘာဖြစ်လို့လဲ..." 

ရှန်းရှီကောက သူ့အား တိုးလျစွာမေးလာခဲ့၏။


"ဒီတိုင်း...." 

ဖုယွမ်ကျိုးမှာ ရှက်နေရလေပြီ။

 "အဲဒီညကအကြောင်းတွေကိုငါမှတ်မိနေတုန်းပဲ..ငါ..မင်းကိုအမှန်အတိုင်းပဲပြောမယ်...ငါဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်မနေနိုင်ဘူး..."


သူသည်ကား လေထုကိုသက်သောင့်သက်သာရှိနေရအောင် အခြောက်တိုက်ရယ်လိုက်လေ၏။

 "ငါအကြာကြီးစင်ဂယ်ဖြစ်လာလို့ထင်တယ်...မင်းကအရမ်းချောလွန်းနေတော့လေ...ငါမဟုတ်မဟတ်တွေ တွေးမိနေတယ်..မင်းလည်းမထင်ထားဘူးမလား..."


သူသည်ကား ရယ်စရာဖြစ်အောင်​ပြောလိုက်လင့်ကစား တကယ်တမ်းပြောလိုက်ပြီးသည့်နောက် ရယ်စရာမကောင်းပေ။ သူ၏လက်တန်းဟာသက အောင်မြင်သွားသလားမသိနိုင်သော်လည်း ရှန်းရှီကောမျက်လုံးတို့ကမူ လက်ခနဲဖြစ်သွားလေ၏။


"မင်း...မင်းလည်း မှတ်မိနေတာလား..."


"အင်း..." 

ဖုယွမ်ကျိုး ခေါင်းညိတ်ပြီး စိတ်မပါစွာဝန်ခံလိုက်၏။ 

"ငါမင်းနဲ့အရမ်းရင်းနှီးသွားလို့နဲ့တူတယ်...ငါထွက်သွားလိုက်ရင်တော့ အဆင်ပြေသွားမလားလို့ပါ..."


ရှန်းရှီကော: "ဒါကမင်းရဲ့အကြံဉာဏ်ဆိုရင်တော့...ကိုယ်လက်ခံပေးပါ့မယ်...ဒါပေမဲ့ ဒီနေ့ညတော့ မင်းကိုယ်နဲ့ပြန်လိုက်ခဲ့ရမယ်...မင်းအရေးကြီးတာတစ်ခုမေ့ကျန်နေခဲ့တယ်.."


"ဟင်...ဘာလဲ..." 

ဖုယွမ်ကျိုး ပြန်စဥ်းစားကြည့်လိုက်သည်။ သူအရေးပေါ်လိုအပ်သည့်ပစ္စည်းအကုန်လုံးကို ပြန်ယူလာခဲ့သည်မှာသေချာ၏။ ရှန်းရှီကောပြောနေသည့်စကားကို သူနားမလည်နိုင်တော့ပေ။ 


"မင်းပြန်လိုက်ခဲ့ရင်သိလိမ့်မယ်..."


ရှန်းရှီကောသေချာမပြောဘဲ သူ့ကိုဗီလာသို့ပြန်ခေါ်သွားခဲ့သည်။ ပြန်ရောက်တော့လည်းမပြောသေးဘဲ ဖုယွမ်ကျိုးနှင့်ညစာအရင်စားပြီး ဘီယာပင်သောက်လိုက်သေးသည်။ ဖုယွမ်ကျိုးသည် ဝိုင်နှင့်ပတ်သတ်လာလျှင် မုန်းတီးစိတ်ကျန်နေသေး၏။ ယွိလျန်နကသူ့အား မျက်ရည်လည်ရွှဲဖြင့်တောင်းပန်ထားပြီးသည့်တိုင် အခြားသူများပေးလာသည့်ဝိုင်ကို မသောက်ချင်တော့ပေ။


သို့ထိတိုင် ရှန်းရှီကောကမူ ကွဲပြားသည်။ ဖုယွမ်ကျိုးက အနှီသူကိုအလုံးစုံယုံကြည်ထားပြီး ဘီယာကို ခွက်ကြီးနှစ်ခွက်အထိသောက်ခဲ့သည်။ ဤမျှဘီယာပမာဏလောက်က သူ့အတွက်ဘာမှမဟုတ်ပေ။ အလွန်ဆုံးရှိမှရီဝေဝေဖြစ်ရုံသာ။


"ဒီနေ့ညတော့ ဒီမှာပဲနေလိုက်တော့..."


ရှန်းရှီကောကသူ့အား အပေါ်ထပ်သို့ခေါ်သွားခဲ့သည်။ ဖုယွမ်ကျိုးက အနှီသူလက်ကိုဆွဲကာ သူ့နောက်မှလိုက်သွားမိ၏။ ရှန်းရှီကောကသူ့ကို အမူးတိုက်ပြီး ဆွဲထားမလို့များလား။ သို့သော်လည်း အဆိုပါနည်းလမ်းက တစ်ခါသာအလုပ်ဖြစ်နိုင်သည်။ မနက်ဖြန်မှစပြီး သူလုံးဝအရက်မသောက်တော့ရန် စိတ်ပိုင်းဖြတ်ထားလိုက်၏။ လက်ရှိအခြေအနေက သူ့ကို ထိုညကကိစ္စအားပြန်သတိပေးနေခဲ့သည်မလား။


......


ဧည့်ခန်းထဲမှထွက်လာပြီးနောက် သူသည် ကုတင်ပေါ်တွင် အေးအေးလူလူထိုင်နေ၏။ ယနေ့တော့ အဆင်ပြေသွားပြီဟုထင်နေခဲ့သည့်တိုင် ရှန်းရှီကောကထွက်မသွားဘဲ တံခါးကိုသာပိတ်လိုက်လေသည်။


"ရှီကော "


သူသည်ကား သံသယဝင်နေသည့်အသံဖြင့် ရှန်းရှီကောကိုခေါ်လိုက်သည်။ ရှန်းရှီကောက တိတ်ဆိတ်နေပြီး အိပ်ရာဘေးသို့လျှောက်လာ၏။ ဖိနပ်ချွတ်ကာကုတင်ပေါ်တက်လာပြီး သူ့အားအိပ်ရာပေါ်တွင်ဖိထားခဲ့သည်။ ပြီးနောက် သူ့အင်္ကျီမှ ကြယ်သီးတို့ကိုတစ်လုံးချင်းဖြုတ်လာခဲ့၏။


ဖုယွမ်ကျိုးက ထိတ်လန့်သွားပြီး ရှန်းရှီကောကိုတွန်းထုတ်ပစ်ချင်သည့်တိုင် ရှန်းရှီကောက သူ့အင်္ကျီကိုချွတ်ပစ်လိုက်သည်။ သူသည်ကား မသိစိတ်အရတံတွေးမြိုချလိုက်မိပြီး နှုတ်ခမ်းများလည်းခြောက်သွေ့လာသည့်နည်းတူ နှလုံးခုန်နှုန်းလည်းမြန်လာရလေသည်။


သွားပြီ...သူသည် ရင်တုန်ပန်းတုန်ဖြင့်တွေးလိုက်မိ၏။ ယခင်က ရှန်းရှီကောအဝတ်ချွတ်ထားသည့်ပုံကို သူတစ်ခါမှမတွေ့ခဲ့ရဖူးပေ။ ဘာလို့အခုမှလုပ်ရသည်လဲ။


ရုတ်ချည်းပင် ရှန်းရှီကောကသူ့အား ခပ်တင်းတင်းဖက်ထားကာ နမ်းလိုက်ရင်း တီးတိုးပြောလာလေသည်။


"မင်းကိုယ့်ကို ခေါ်ဖို့မေ့သွားတယ်..."


"ကိုယ့်ကိုမထားခဲ့ပါနဲ့...ရှောင်ချီး...ကိုယ့်ကိုလည်းခေါ်သွားပေးပါ..."


ဖုယွမ်ကျိုးမှာ ယခင်ကဖတ်ခဲ့ဖူးသော အိပ်ရာဝင်ပုံပြင်တစ်ပုဒ်ကို မဆီမဆိုင်တွေးမိသွားခဲ့သည်။ ဘုရင်နှင့်မိဖုရားတို့ကအခြင်းများကြ၏။ ဘုရင်ကသူမကိုမောင်းထုတ်လိုက်ပြီး သူမအတွက်အရေးကြီးသည့်အရာတစ်ခုကိုပါ ယူသွားခွင့်ပေးလိုက်သည်။ ဘုရင်ကဆွဲခေါ်ခံသွားရပြီး သူနိုးလာသည့်အခါ မိဖုရားကသူ့အား နန်းတော်၏အဝေးကိုခေါ်လာမှန်းသိသွားခဲ့လေသည်။ သူသည်ကား စိတ်ဆိုးဒေါသထွက်စွာဖြင့် မိဖုရားကို အကြောင်းအရင်းအားမေးမြန်းခဲ့သည်။ မိဖုရားကအောက်ပါအတိုင်းဖြေပါ၏။


"ဘာလို့လဲဆိုတော့ အရှင်က ကျွန်မအတွက်အရေးအကြီးဆုံးမလို့ပါ..အရှင်က ကျွန်မအတွက် အဖိုးအတန်ဆုံးအရာ...မြတ်နိုးရာ..ကျွန်မမှာရှိတဲ့တစ်ခုတည်းသော တန်ဖိုးရှိတဲ့အရာလေးမလို့ပါ..."


ဘုရင်က စိတ်ဆိုးပြေသွားပြီး ယခင်ကအတိုင်း မိဖုရားနှင့်အတူဆက်လက်နေထိုင်သွားခဲ့သည်။ ထိုစဥ်က ဇာတ်လမ်းမှာဆန့်ကျင်ဘက်ဖြစ်နေသည့်တိုင် သူသည် ဘုရင်၏ခံစားချက်ကို ချက်ချင်းနားလည်ခဲ့သည်။ သူသည်ကား ရှန်းရှီကော၏စကားကြောင့် စိတ်မလှုပ်ရှားဘဲ မနေနိုင်ခဲ့ပေ။


ရှန်းရှီကောက ယခုလိုပြောချင်ခဲ့လိမ့်မည်။ မင်းက ကိုယ့်အတွက် အဖိုးအတန်ဆုံးအရာ...မြတ်နိုးရာ..ကိုယ့်ရဲ့တစ်ခုတည်းသော တန်ဖိုးရှိတဲ့အရာလေး..ဒီတော့ ကိုယ့်ကိုပါခေါ်သွားပေးပါ။


"....."


သူကိုယ်တိုင်ပင်မသိလိုက်ခင် ဖုယွမ်ကျိုးမှာ ရှန်းရှီကောလည်ပင်းကို ပြန်လည်ဖက်တွယ်လိုက်ရင်း မျက်လုံးမှိတ်လိုက်သည်။ ထို့နောက် ရှန်းရှီကော၏အနမ်းတို့ကြားတွင် ပျော်ဝင်နေလိုက်လေတော့၏။



♎️