Chapter 104
Viewers 21k

♎️Chapter 104

ယွမ်ယဲ့ -5




အခန်းမှာ ရုတ်ချည်းငြိမ်သက်သွားပြီး အဝတ်အစားများပွတ်တိုက်နေသည့်အသံသာ ခပ်တိုးတိုးထွက်ပေါ်နေခဲ့သည်။ 


ဖုယွမ်ကျိုး၏လက်တို့ကတောင့်တင်းသွားကာ တစ်ဝက်လောက်ရောက်နေပြီးသော ဘောင်းဘီက အောက်ဘက်သို့ပြန်လျှောကျသွားခဲ့သည်။ စက္ကန့်အနည်းငယ်ကြာလိုက်ပြီးမှ သူက ဘောင်းဘီကိုပြန်ဆွဲတင်လိုက်ပြီး အသံကိုအတတ်နိုင်ဆုံးငြိမ်နေအောင်ထားကာတုံ့ပြန်လိုက်၏။ 


"ဘာပြောလိုက်တာလဲ...ငါသေချာမကြားလိုက်ရဘူး..."


ယွမ်ယဲ့က ယောကျ်ားများကိုသာကြိုက်သည့်အကြောင်းပြောလိုက်သည်ကို သူသေချာကြားလိုက်ရသည်။ မဖြစ်နိုင်သည့်စကားပင်။ သူနားကြားလွဲသွားခြင်းပင်ဖြစ်ရမည်။


"မင်းကြားလိုက်တဲ့အတိုင်းပဲ..." 

ယွမ်ယဲ့ကထပ်ပြောလာခဲ့သည်။ 

"ငါယောကျ်ားတွေကိုကြိုက်တယ်..."


ဖုယွမ်ကျိုး: "......"


ပြီးဆုံးသွားပြီ။


ယခုတော့ သူ့ခမျာ နေရာတွင်ပင်အကြောင်သားရပ်နေမိပြီး လှုပ်ပင်မလှုပ်နိုင်တော့ချေ။ ငါကဘောင်းဘီဝတ်နေတုန်းမှာ ငါ့ရဲ့ညီအစ်ကိုကောင်းက ဗြုန်းစားကြီးဗီရိုအနားကိုရောက်လာတယ်။ ပြီးတော့ ယောကျ်ားတွေကိုကြိုက်တဲ့အကြောင်းဝန်ခံသွားတယ်။ ဒါဘယ်လိုအခြေအနေကြီးလဲ။


ဘောင်းဘီဝတ်ထားရင်းနှင့်ပင် ဖုယွမ်ကျိုး၏တင်ပါးမှာ အန္တရာယ်အငွေ့အသက်ရနေသလို ကြက်သီးထနေလေသည်။


"မင်းငါ့ကိုလာနောက်နေတာလား..."


အချိန်ဘယ်လောက်ကြာသွားခဲ့မှန်းမသိလိုက်ပေ။ သူ ယွမ်ယဲ့ကိုလှမ်းကြည့်လိုက်ပြီး အသံကိုထိန်းကာပြောလိုက်လေသည်။


"ငါအတည်ပြောနေတာ..."


ယွမ်ယဲ့က သူ့အားကျောပေးထိုင်နေခဲ့ခြင်းဖြစ်လေ၏။ ကွန်ပျုတာကိုပိတ်လိုက်ပြီးနောက် သူ၏ရှည်သွယ်သောလက်ချောင်းများဖြင့် ကီးဘုတ်ကိုတွန်းလိုက်ကာ တည်ငြိမ်စွာပြောလာခဲ့လေသည်။ 


"ငါကတော့မင်းကို အခုအချိန်မှာပြောလိုက်တာက အကောင်းဆုံးပဲလို့ထင်တယ်...မင်းငါ့ကိုမုန်းသွားမှာလား.."


"မမုန်းပါဘူး..."


အစတွင်တော့ ဖုယွမ်ကျိုးမှာ စိတ်လှုပ်ရှားစွာဖြင့်အသည်းအသန်ခေါင်းယမ်းပြလိုက်ပြီး ယွမ်ယဲ့သတိမထားမိမှာစိုး၍ ထပ်မံဖြည့်ပြောလိုက်သေးသည်။


သူသည်ကား ယွမ်ယဲ့ပြောလိုက်သောစကားထဲမှ "အကောင်းဆုံးအချိန်" ဆိုသောစကားကိုနားမလည်နိုင်သေးပေ။ သူတို့နှစ်ယောက် ချစ်သူများအဖြစ်ဟန်ဆောင်ထားကြဆဲအချိန်တွင် ထိုသူက သူယောကျ်ားများကိုနှစ်သက်ကြောင်း ရုတ်တရက်ကြီးဝန်ခံလာခဲ့သည်။ ယွမ်ယဲ့ပြောချင်နေသည်က....


ထို့နောက် နှစ်ယောက်သား စကားဆက်မပြောဖြစ်ကြတော့ပေ။ ဖုယွမ်ကျိုးမှာ အိပ်ရာထဲတွင်ဟိုလှိမ့်သည်လှိမ့်လုပ်နေပြီး အိပ်မပျော်နိုင်ဘဲ စိတ်ငြိမ်သွားသည့်တိုင်အောင် ခေါင်းထဲတွင်ချာချာလည်နေဆဲရှိနေခဲ့သည်။


သူဘယ်လောက်ပင်တွေးကြည့်ပါစေ၊ ယွမ်ယဲ့ပြောသွားသည့်စကားမှာ အဓိပ္ပါယ်တစ်မျိုးသာထွက်နေလေသည်။ အနှီသူကသူ့အားသဘောကျနေခဲ့သည်။


သို့ထိတိုင် နှစ်ပေါင်းများစွာကြာ ညီအစ်ကိုများဖြစ်လာခဲ့ကြပြီးမှ တစ်ရက်တည်းနှင့်ချစ်မိသွားရန်မှာမဖြစ်နိုင်ပေ။


-- ဖုယွမ်ကျိုးမှာ စိတ်ရှုပ်ထွေးနေရင်းမှ အတွေးတစ်ခုဝင်လာခဲ့သည်။ ယွမ်ယဲ့ သူ့အားသဘောကျသွားသည်မှာ တစ်ရက်နှစ်ရက်တည်းသာဖြစ်နိုင်သည့်တိုင် သူက ထိုဖြစ်နိုင်ချေကို လုံးဝမစဥ်းစားလိုက်မိပေ။ ယွမ်ယဲ့သာ သူ့ကို သဘောကျနေခဲ့သည်မှာကြာခဲ့ပြီဆိုပါက အဖြေမရခဲ့ဖူးသည့်မေးခွန်းများက အဓိပ္ပါယ်ရှိလာလိမ့်မည်။ ဥပမာ ယွမ်ယဲ့က ချစ်သူကောင်မလေးကိုဂရုစိုက်ပေးသလို သူ့အားဂရုစိုက်ပေးခဲ့သည့်ပုံစံ၊ ယွမ်ယဲ့က မိန်းကလေးတစ်ယောက်ထံမှ ရည်းစားစကားအပြောခံလိုက်ရပြီး ထိုသူကို ငြင်းရသည့်အကြောင်းအရင်း၊ သို့မဟုတ် ယွမ်ယဲ့က သူ့အားစိတ်ဝင်စားနေသည့်ကောင်မလေးကိုပြရန် သူ့အား ကစားပွဲထဲသို့ဆွဲခေါ်သွားခဲ့ခြင်း အားလုံးက သူ့အား သဘောကျနေ၍ဖြစ်နိုင်သည်။


မှောင်ကြီးမည်းကြီးထဲတွင် ဖုယွမ်ကျိုး ရုတ်တရက် အိပ်ရာမှထလိုက်၏။ ထူးဆန်းစွာဖြင့် သူ့မျက်နှာကပူလောင်နေခဲ့သည်။


နောက်တနေ့နံနက် အချိန်စောနေသေး၍ ကျောင်းထဲတွင် လူသိပ်မရှိသေးပေ။ ယွမ်ယဲ့နှင့်ဖုယွမ်ကျိုးတို့ လက်ဆွဲအိတ်ကိုယ်စီဖြင့် ကားပါကင်သို့ရောက်လာခဲ့ကြ၏။ ယွမ်ယဲ့က ကားမောင်းပြီး ဖုယွမ်ကျိုးကိုပြန်လိုက်ပို့ပေးခဲ့သည်။ ကားနောက်ခန်းထဲတွင် လက်ဆွဲအိတ်များထည့်ပြီးသည့်အခါ ဖုယွမ်ကျိုးက ယွမ်ယဲ့ကို မဝံ့မရဲကြည့်လိုက်သည်။


"ပြောစရာရှိလို့လား..."


ယွမ်ယဲ့က လက်တစ်ဖက်ဖြင့် ဒရိုင်ဘာခုံဘက်မှတံခါးကိုဖွင့်ပြီး ကျန်တစ်ဖက်က နေကာမျက်မှန်ကြီးကိုထုတ်နေသည်။ ဖုယွမ်ကျိုးကိုကြည့်နေသည့် ထိုသူ၏မျက်လုံးများက နေရောင်ထဲတွင် အညိုဖျော့ဖျော့သန်းနေလေ၏။


"မနေ့ညက..." 

ဖုယွမ်ကျိုး မေးကြည့်လိုက်သည်။

 "မင်းပြောချင်တာကဘာအဓိပ္ပါယ်လဲ..."


"မင်းရောဘယ်လိုထင်လဲ..." 

ယွမ်ယဲ့ ပြန်မေးလိုက်၏။


ငါကတော့ မင်းငါ့ကိုကြိုက်နေတယ်လို့ထင်တာပဲ....


ထိုစကားက ဖုယွမ်ကျိုးပါးစပ်ဖျားတွင် ရစ်ဝဲနေခဲ့သော်လည်း စိတ်ထဲတွင်မူ တင်းကြပ်နေခဲ့သည်။ သူမေးလိုက်လျှင် ပြောင်းပြန်ဖြစ်သွားမည့်အရာများပေါ်လာလိမ့်မည်ဟုခံစားလိုက်ရပြီး မပြောဖြစ်တော့ဘဲ မေးသာမေးလိုက်၏။ 


"မင်းသဘောကျနေတဲ့လူရှိလား..."


"ရှိတယ်..." 

ယွမ်ယဲ့က ချက်ချင်းပြန်ဖြေခဲ့၏။


ဒါဆို မင်းသဘောအကျဆုံးသူကဘယ်သူလဲ။


ဖုယွမ်ကျိုး ထိုမေးခွန်းကိုမေးလိုက်ချင်သော်လည်း ချက်ချင်းပင် အစာအိမ်ထဲကိုပြန်မြိုချလိုက်သည်။ ယွမ်ယဲ့ကသူ့ကိုပြုံးပြပြီး ကားထဲဝင်ထိုင်ကာ တံခါးပိတ်ပြီးနောက် ထပ်ပြောလိုက်၏။


"ငါလေ..သူတစ်ယောက်တည်းကိုပဲသဘောကျဖို့ ဂေးအဖြစ်မွေးလာခဲ့တာထင်တယ်...ပြီးတော့ သူလည်းယောကျ်ားတစ်ယောက်ပဲလေ...မင်းရွံစရာကောင်းတယ်လို့ထင်လား..."


ဖုယွမ်ကျိုးက ရှုပ်ထွေးနေသည့်ခံစားချက်များဖြင့် ခေါင်းယမ်းကာ ကားနောက်ခန်းအဖုံးကိုပိတ်လိုက်ပြီး ခရီးသည်တင်ခုံတွင်ဝင်ထိုင်လိုက်သည်။ သူကားထဲရောက်သည်နှင့် ယွမ်ယဲ့က ဘေးကိုကိုင်းလာပြီး လက်တစ်ဖက်ကိုသူ့ပုခုံးတွင်ကာ ​အင်မတန်မြန်ဆန်လှသည့်အရှိန်နှုန်းဖြင့် ထိုင်ခုံခါးပတ်ကိုပတ်ပေးလာလေသည်။


အနှီသူ၏ ထွက်သက်ခပ်နွေးနွေးဖြင့် ထိတွေ့ခံလိုက်ရသည့်အခါ ဖုယွမ်ကျိုးမှာ မျက်နှာတွင်ယားကျိကျိဖြစ်လာသလိုခံစားလိုက်ရသည်။ ယွမ်ယဲ့က သူနှင့်အတော်လေးနီးကပ်နေသောကြောင့် ဖုယွမ်ကျိုး အလိုအလျောက် ကိုယ်ကိုနောက်သို့ယို့လိုက်မိသည်။ ယွမ်ယဲ့က သူ့ကိုလျှောက်မလှုပ်နိုင်အောင်ချုပ်ထားပြီး ထိုင်ခုံခါးပတ်ကိုသာပတ်ပေးနေလေ၏။


"ငါ့ကိုမရှောင်နေနဲ့လေ..." 

ယွမ်ယဲ့က သူ့နားရွက်ကိုဖျစ်ညှစ်လိုက်၏။ 

"ငါက မင်းကိုကိုက်စားမှာမလို့လား..."


ထိုသူကရယ်နေသည့်တိုင် ဖုယွမ်ကျိုးကမူ မရယ်နိုင်ပေ။ ကားက ယခုလေးတင်စက်နှိုးလိုက်ခြင်းဖြစ်သောကြောင့် အပူချိန်မမြင့်သေးသော်ငြား သူ့အတွက်မူ ကားကပူလွန်းနေခဲ့သည်။ သူသည်ကား အပြင်မှလေဝင်လာစေရန် ကားမှန်ကိုချလိုက်ရတော့၏။


သူ အတွေးနယ်ချဲ့နေမိသည်။ ယွမ်ယဲ့က သူ့ကိုသာ သဘောကျနေခြင်းဖြစ်ရမည်။ သူသဘောကျနေသည့်လူသာရှိမည်ဆိုရင် ချစ်သူရည်းစားဟန်ဆောင်ရန် လူလိုက်ရှာနေစရာမလိုပေ။ သို့သော်လည်း ယွမ်ယဲ့က သူတစ်ယောက်တည်းကိုသာသဘောကျသည်ဆိုပါက သူ့အားဖွင့်ပြောခဲ့သင့်သည်။


အပျော်သက်သက်ဟု တွေးရန်မှာလည်း ယွမ်ယဲ့က ထိုသို့သောလူစားမျိုးမဟုတ်ပေ။ အနှီသူက သူ့အား မတူညီစွာ(ဂေးမဟုတ်) ယူဆထားသောကြောင့်သာ တိုက်ရိုက်မပြောခဲ့ခြင်းဖြစ်လိမ့်မည်။ သူငယ်ချင်းတစ်ယောက်ကိုဖွင့်ပြောရခြင်းက အန္တရာယ်များသည်။ သတိမထားမိလိုက်ချိန်မှာပင် သူငယ်ချင်းဆက်ဆံရေးက အဆုံးသတ်သွားနိုင်သည်။ အကြောင်းမှာ တစ်ယောက်နှင့်တစ်ယောက်က အပြန်အလှန်တန်ဖိုးထားကြ၍ဖြစ်ပြီး  ကိုယ်တိုင်လည်း အရှုံးနှင့်အမြတ်ကို ပိုပြီးချင့်ချိန်နေမိလိမ့်မည်။


ကားထဲတွင် ငြိမ့်ညောင်းသည့်တေးသွားဖြင့် အင်္ဂလိပ်သီချင်းတစ်ပုဒ်ဖွင့်ထားပြီး အပူချိန်က ပိုလွန်ကဲလာခဲ့သည်။ နားထောင်နေသူတိုင်းကို ပိုပြီးစိတ်ပေါ့ပါးသွားစေ၏။ ဖုယွမ်ကျိုးက ကားခုံ၏အနောက်ကိုမှီထားရင်း ကားမောင်းနေသည့်ယွမ်ယဲ့ကို စောင်းကြည့်လိုက်သည်။


သူ  သူ့ကို စတွေ့ခဲ့သည့်ချိန်တွင် လန်းဆန်းတက်ကြွနေတတ်သူတစ်ယောက်ဖြစ်လေ၏။ ယခုတော့ ထိုသူက ပိုပြီးရင့်ကျက်လာခဲ့ပြီ။ မျက်နှာထားက တည်ငြိမ်ချောမွေ့ကာ ထက်မြက်သောလက္ခဏာရှိသည်။ အမြဲမြင်တွေ့နေရသော်လည်း ဖုယွမ်ကျိုးအတွက် ထိုသူ၏ နူးညံ့သောဘက်ခြမ်းက အကောင်းဆုံးပင်။


နှလုံးသား၏ အနူးညံ့ဆုံးသောထောင့်တစ်နေရာက လှုပ်ခတ်သွားခဲ့သည်။ ဖုယွမ်ကျိုးက လမ်းမဘက်သို့သာ ပြန်ပြီးအကြည့်လွှဲလိုက်မိ၏။ တချိန်တည်းမှာပင် သူစဥ်းစားနေမိသည်မှာ ယွမ်ယဲ့သာ သူ့ကိုတကယ်ကြီးဖွင့်ပြောလာခဲ့ရင် ဘယ်လိုလုပ်မလဲဟူ၍။


ထိုမေးခွန်း၏အဖြေမရမှီမှာပင် ဖုယွမ်ကျိုးက အပူပေးစက်အရှိန်ဖြင့်အိပ်ပျော်သွားခဲ့၏။ သူအိပ်မက််မက်ခဲ့သည်။ အိပ်မက်ထဲတွင် ယွမ်ယဲ့ကသူ့အား ဖွင့်ပြောခဲ့သည်။ အိပ်မက်ထဲတွင် သူက စိတ်လိုလက်ရခေါင်းညိတ်ခဲ့ပြီး စကားပြောခဲ့ကြသည်။  ယွမ်ယဲ့နှင့် နမ်းပင်နမ်းခဲ့ကြသေးသည်။ ပြီးနောက်....


"!" 


ဖုယွမ်ကျိုးတစ်ယောက် ရဲတွက်နေသောမျက်နှာဖြင့် အိပ်မက်မှလန့်နိုးလာလေ၏။ နိုးလာပြီးသည့်နောက် အိပ်မက်ထဲမှ စိတ်လှုပ်ရှားစရာခံစားချက်တို့မှာ သူ့ရင်ဘတ်ထဲတွင် ကျန်ရစ်နေခဲ့သည်။ သူ့မျက်လုံးတို့ကိုဖွင့်ကြည့်လိုက်ပြီး ဘေးတွင်ယွမ်ယဲ့ရှိမနေသည်ကိုသိလိုက်ရသည့်အခါ စိတ်ပျက်သွားမိလေ၏။ မသိစိတ်အရ ခေါင်းလှည့်ကာ ယွမ်ယဲ့ကိုတွေ့လိုတွေ့ငြားလိုက်ရှာမိခဲ့သေးသည်။


သူ့ခန္ဓာကိုယ်ကိုလှုပ်လိုက်သောကြောင့် ကိုယ်ပေါ်တွင်ခြုံပေးထားသောကုတ်က အောက်သို့ လျှောကျသွားခဲ့သည်။ သူသေချာကြည့်လိုက်ရာ ယင်းက ယွမ်ယဲ့ဝတ်ထားသည့် အင်္ကျီမဟုတ်ပါချေ။ ယွမ်ယဲ့က ကားနောက်ခန်းတံခါးကိုဖွင့်ကာ သူ့အတွက် ထုတ်ပေးထားခဲ့ခြင်းဖြစ်လိမ့်မည်။ ကားက သူ့အိမ်၏ဗီလာအပြင်တွင်ရပ်နေခဲ့သည်။ အိမ်ပြန်ရောက်နေပြီဖြစ်သောကြောင့် ယွမ်ယဲ့က ကားအနောက်ခန်းထဲမှ သူ၏အဝတ်အစားအိတ်များကို ချပေးနေလေသည်။


"နိုးပြီလား..."


ဖုယွမ်ကျိုး ကားထဲမှထွက်လာသည့်အခါ ယွမ်ယဲ့က ကားအနောက်မှတဆင့်ပြုံးပြလာ၏။ 


"အိမ်ရောက်ပြီ...ပြန်အိပ်လိုက်တော့..."


"အင်း..."


အနှီသူ၏အပြုံးမှာ မတိုင်ခင်ကနှင့်မတူတော့ဘဲ အနည်းငယ်ကွဲပြားနေခဲ့သည်။ ယခုလေးတင် မက်လိုက်သည့်အိပ်မက်ကြောင့် ဖုယွမ်ကျိုး ရှက်နေမိပြီး မျက်လွှာချကာတုံ့ပြန်လိုက်၏။ ထို့နောက် ယွမ်ယဲ့ကိုနှုတ်ဆက်ရန်ပင်မေ့သွားပြီး အဝတ်အစားအိတ်များကိုယူကာ အိမ်ထဲဝင်လာခဲ့လေသည်။


"စိမ်းကားလိုက်တာ..."


ယွမ်ယဲ့က အနောက်မှနေကာ သူ့လက်ကိုလှမ်းဆွဲလာ၏။

 "မင်းဒီလိုမျိုးထွက်သွားရင် ငါဝမ်းနည်းရလိမ့်မယ်..."


"အာ...ဂွတ်ဘိုင်...နောက်မှတွေ့မယ်..."


ဆုပ်ကိုင်လာသည့်လက်အပူချိန်က လွန်ကဲလွန်းသည်။ ဖုယွမ်ကျိုးမှာ အပူလောင်သွားသလို လက်ရုတ်လိုက်မိ၏။ သူ၏အရှက်သည်းနေသောမျက်နှာကို ယွမ်ယဲ့အားမမြင်စေလိုပေ။ သို့ဖြစ်၍ ဗီလာထဲကိုသာ ခပ်သုတ်သုတ်ဝင်သွားလိုက်လေတော့သည်။


"..."


ကပျာကယာ ထွက်ပြေးသွားသူ၏နောက်ကျောကိုကြည့်ရင်း ယွမ်ယဲ့ ဖြည်းညှင်းစွာဖြင့်လက်ပြန်ရုတ်လိုက်သည်။ သူ့မျက်လုံးကမူ ဝမ်းနည်းမှုများဖြင့်ပြည့်နှက်နေပြီး သူ့ကိုယ်သူတီးတိုးပြောလိုက်လေ၏။ 


"သူငါ့ကိုတကယ်ကြီးမုန်းသွားတာလား..."


အိမ်ပြန်ရောက်လာသော်လည်း ဖုယွမ်ကျိုးမှာ မှိုင်တွေနေလေသည်။ သူငယ်ချင်းများနှင့် အပြင်ထွက်လည်ခြင်းလည်းမရှိတော့ပေ။ နောက်ဆုံးတွင် မာမားဖုကသည်းညည်းမခံနိုင်တော့ဘဲ ဈေးဝယ်ထွက်ရာတွင်ခေါ်သွားရတော့သည်။ နှစ်သစ်ကူးရက် နီးကပ်လာပြီဖြစ်ရာ မိသားစုအတွင်း ဝယ်ခြမ်းရမည့်ပစ္စည်းများရှိလာလေပြီ။


ဖုယွမ်ကျိုးနှင့်  ယွမ်ယဲ့မှာ နောက်ဆုံးတွေ့လိုက်ရသည့်နေ့နောက်ပိုင်း၌ မဆက်သွယ်မိတော့ပေ။ သူ့ဘက်မှ ယွမ်ယဲ့ကို ဦးစွာဆက်သွယ်ချင်ပြီး ပြောစရာစကားအများအပြားရှိနေသော်လည်း ဘာပြောရမှန်းမသိပေ။ နောက်ဆုံး၌ သူလက်လျှော့လိုက်ရသည်။ ယွမ်ယဲ့ကသူ့ကို မက်ဆေ့ချ်တစ်စောင်ပင်မပို့သောကြောင့် ဖုယွမ်ကျိုးမှာစိတ်ရှုပ်ထွေးနေရလေ၏။ ယွမ်ယဲ့ကသူ့အား တကယ်သဘောကျနေခြင်းဟုတ်မဟုတ် သိချင်လာရသောကြောင့် ပိုပြီးအတွေးများလာခဲ့ရသည်။


ရှော့ပင်းမောလ်ကား စည်ကားနေလေသည်။ ဖုယွမ်ကျိုးသည်လည်း အမေဖြစ်သူအနောက်မှလိုက်လာသည့်တိုင် စိတ်ဝင်စားမှုမရှိပေ။ အဆိုပါအချိန်လေးမှာပင် ရင်းနှီးနေသည့်ပုံရိပ်နှစ်ခုကိုတွေ့လိုက်ရလေ၏။


ယောကျ်ားလေးတစ်ယောက်နှင့်မိန်းကလေးတစ်ယောက်။ မိန်းကလေးက အတော်လေးလှပသည်။ မုန့်ရှစ်ရှူးပင်။ ယောကျ်ားလေးက မျက်မှန်တပ်ကာဦးထုပ်ဆောင်းထားသည့်တိုင် ဖုယွမ်ကျိုးကမူ တစ်ချက်ကြည့်ရုံဖြင့်ပင် ယွမ်ယဲ့မှန်းမှတ်မိလေသည်။


ဖုယွမ်ကျိုးက လမ်းလျှောက်နေသည်ကိုရပ်ကာ နောက်တကြိမ်ပြန်ကြည့်လိုက်သည်။ သို့ရာတွင် မုန့်ရှစ်ရှူးနှင့်ယွမ်ယဲ့ကမူ လူကြားထဲသို့ တိုးဝင်ပျောက်ကွယ်သွားလေတော့သည်။


သူနောက်တကြိမ်ထပ်ကြည့်လိုက်သည်။ သို့ရာတွင် ရှာမတွေ့တော့ပေ။


သူတို့နှစ်ယောက်က ဘာလို့အတူရှိနေကြတာလဲ။ ချိန်းတွေ့နေကြတာလား။ယွမ်ယဲ့က ယောကျ်ားတွေကိုကြိုက်တာပါလို့ သူကိုယ်တိုင်ပြောခဲ့တာကို မဟုတ်မှ သူ့ကိုသက်သက်နောက်လိုက်တာများလား။  ဒါပေမဲ့ ဘာလို့မုန့်ရှစ်ရှူးနဲ့အတူ ရှိနေရတာလဲ။


ဖုယွမ်ကျိုးခေါင်းထဲတွင် အတွေးများက တသီကြီးပြည့်နှက်သွားခဲ့သည်။ ရှော့ခ်ရပြီး ဒေါသထွက်လာခဲ့သည်။ နှလုံးသားထဲတွင် ရှာလကာရည်များဖြင့်ပြည့်လာပြီး သူ့ခံစားချက်ပင်သူကိုယ်တိုင်နားမလည်နိုင်တော့ပေ။


ချက်ချင်းပင် သူယွမ်ယဲ့ကို မက်ဆေ့ချ်ပို့လိုက်သည်။ 


"မင်းဘယ်မှာလဲ..."


♎️