Chapter 102
Viewers 21k

♎️Chapter 102

ယွမ်ယဲ့ -3



"Ah!"


ယွမ်ယဲ့က သူ့ဂုတ်ကိုရုတ်တရက်နမ်းလိုက်ခြင်းကြောင့် ဖုယွမ်ကျိုးမှာ အသာအော်မိသွားခဲ့သည်။


ယွမ်ယဲ့က သူ့တုံ့ပြန်မှုကြောင့် တဒင်္ဂခန့် ကြောင်အမ်းသွားပြီး တဖက်အားကိုင်ထားသည့်လက်ကို လွှတ်ပေးရန်ပင်မေ့လျော့နေခဲ့လေသည်။ ဖုယွမ်ကျိုးမှာ မျက်နှာနီနီဖြင့် ယွမ်ယဲ့အမှားဟုသာတွေးနေလေ၏။ လျှပ်တပြက်တိုက်ခိုက်ရသည်အထိ အနှီသူမှာ အရှက်ကင်းမဲ့နေလေပြီ။


သူ ဒေါသထွက်လာပြီး ယွမ်ယဲ့အားပညာပေးရန်ဆုံးဖြတ်လိုက်သည်။ သူက တံတောင်ဖြင့် အနောက်မှယွမ်ယဲ့၏ဗိုက်ကို ဆောင့်တိုက်ပေးလိုက်လေ၏။


နှစ်ယောက်သား အချိန်အတန်ကြာသည်အထိ ကြမ်းပြင်တွင်နပမ်းလုံးနေခဲ့ကြပြီး အဝတ်အစားများလည်းကြေမွကုန်လေသည်။ ယွမ်ယဲ့က ဖုယွမ်ကျိုးလက်ကို မရမကချုပ်ထားပြီး တောင်းပန်မှသာ တစ်ခန်းရပ်သွားခဲ့လေ၏။


 "တောင်းပန်ပါတယ်...ငါမှားသွားပါတယ်...ခွင့်လွှတ်ပေးပါ...".


ဖုယွမ်ကျိုး စိတ်တိုနေခဲ့သည်။ ယွမ်ယဲ့က ရှည်လျားလွန်းလှသောခြေနှင့်လက်တို့ကိုသုံးကာ သူ့အားဖိချုပ်ထားသောကြောင့် လှုပ်မရပေ။ သူ ယွမ်ယဲ့နှင့် ရန်သတ်နေခြင်းမဟုတ်။ ယွမ်ယဲ့က ကျွမ်းကျင်ကစားသမားတစ်ယောက်ဖြစ်ပြီး ကစားတိုင်း အမြဲလက်ကိုအသုံးပြုရသည်။ ထို့ကြောင့် သူ့အနေဖြင့်ယွမ်ယဲ့လက်ကို အနည်းငယ်ပင်ထိခိုက်သွားအောင်မလုပ်ရဲပေ။


အထူးသဖြင့် လွန်ခဲ့သောနှစ်နှစ်က မတော်တဆမှုအပြီး၌ သူပိုပြီး သတိထားလာရသည် ။ ယွမ်ယဲ့၏ ပါတနာဟောင်း ချန်ကျစ်ဟန်က ယွမ်ယဲ့အပေါ်မလိုတမာစိတ်ပွားပြီး လူအမြောက်အမြားငှားကာ ယွမ်ယဲ့ကိုနှောင့်ယှက်ခဲ့သည်။ အနှီသူက သူ့လက်ကိုထိခိုက်စေချင်ခဲ့သည်။ ကံကောင်းစွာဖြင့် ဖုယွမ်ကျိုးက အချိန်မီလေးရောက်လာခဲ့၏။ ထို့နောက် ယွမ်ယဲ့နှင့်အတူ ထိုလူများအားလုံးကိုရှင်းပစ်နိုင်ခဲ့၍သာမဟုတ်ပါက နောက်ဆက်တွဲများမှာ ပိုမိုပြင်းထန်သွားလိမ့်မည်။


ယွမ်ယဲ့က မုန့်ရှစ်ရှူးကို သူတို့ဇာတ်လမ်းအကြောင်းပြောပြစဥ်ကလည်း သူတိို့ တိုက်ခိုက်ခံခဲ့သည့်အကြောင်းပါဝင်ခဲ့သည်။ သူတို့အမှန်အတိုင်းပြောခဲ့ကြသော်လည်း ယွမ်ယဲ့က သူကပြဿနာရှာတတ်ပြီး လူများက သူ့အားသဘောမကျ၍ဖြစ်ခဲ့ရခြင်းဖြစ်ကြောင်း စကားလွှဲပြောခဲ့သည်။ တကယ်တမ်းတွင် ချန်ကျစ်ဟန်၏မနာလိုမှုနှင့် ငွေကြောင့်သာ။


နောက်ပိုင်း၌ မတော်တဆမှုဖြစ်ရသည်မှာ ချန်ကျစ်ဟန်၏လက်ချက်ဖြစ်ကြောင်း ယွမ်ယဲ့အဖေကသိရှိသွားခဲ့သည်။ နောက်ဖြစ်ရပ်များကိုမူ တွေးနေစရာပင်မလိုတော့ချေ။ ချန်ကျစ်ဟန်၏ ကံကြမ္မာကို သိလိုက်ရသည့်အခါ ယွမ်ယဲ့မှာ စိတ်ရှုပ်ထွေးသွားရသည်။ ချန်ကျစ်ဟန်က ဘဝပျက်သည်အထိဒုက္ခရောက်သွားခဲ့လေ၏။


ယင်းကြောင့် ဖုယွမ်ကျိုးက ပါးစပ်မှထုတ်မပြောတော့သော်လည်း စိတ်ထဲတွင်မူ ယွမ်ယဲ့ကို အခြားသူများထက်ပိုသည်းခံခဲ့သည်။ ယခုလည်း သူသည်းခံထားရ၏။ သို့ပေသိ စိတ်ဆိုးနေဆဲဖြစ်၍ သူ့မျက်နှာကတင်းမာနေလေသည်။


 "ဖယ်ကွာ..."


"ငါ့ကိုခွင့်လွှတ်လိုက်ပြီလား..." 

ယွမ်ယဲ့ကမေးလာလေသည်။


ဖုယွမ်ကျိုးမှာ မူလက တကယ်စိတ်ဆိုးနေခြင်းမဟုတ်သော်လည်း ထိုစကားကြားလိုက်ရသည့်အခါ နှာမှုတ်လိုက်မိသည်။ ယွမ်ယဲ့က ပျော်သွားပြီး သူ့အားလွှတ်ပေးလိုက်လေ၏။ နှစ်ယောက်လုံး ကြမ်းပြင်မှလူးလဲထလိုက်ကြကာ ယွမ်ယဲ့ကပြုံးကာတိုက်တွန်းလာလေသည်။ 


"မြန်မြန်ရိုက်လိုက်...အမှတ်ရာပျောက်သွားလိမ့်မယ်..."


မပြောသည်ကမှ ကောင်းဦးမည်။ ပြောလိုက်မှ ဖုယွမ်ကျိုး ဒေါပွသွားလေ၏။


 "မင်းအရင်ဆုံးကြိုပြောထားသင့်တယ်..."


"ငါကြိုပြောတော့ရော မင်းသဘောတူမှာမလို့လား..." 

ယွမ်ယဲ့ကလည်း တိုးတိုးလေးပြန်မေးသည်။


ဖုယွမ်ကျိုး မျက်လုံးသာလှိမ့်လိုက်မိလေ၏။


 "အစတည်းကပြောဖို့လည်းမလိုပါဘူး...အမှတ်အသားပေးဖို့က တခြားနည်းလမ်းတွေရှိတာကို မင်းတကယ်ကြီးလား..."


"ပိုပြီးလက်တွေ့ကျဖို့လိုတယ်လေ...သေးသေးလေးတော့ဘယ်ဖြစ်မလဲ...မဟုတ်ဘူးလား..."


ဖုယွမ်ကျိုးသည် ခဏတဖြုတ်တွေးကြည့်ပြီးမှ ဘာမှမပြောတော့ဘဲ အဝတ်အစားများကိုပြန်ပြင်လိုက်ပြီး တဖန်ပြန်ထိုင်ကာ ယွမ်ယဲ့ကို လည်ဂုတ်အားဓာတ်ပုံရိုက်ခိုင်းလိုက်သည်။


ယွမ်ယဲ့သည် ဓာတ်ပုံရိုက်ပြီးသည့်နောက် ဖုန်းကိုဘေးတွင်ထားလိုက်ပြီး ဖုယွမ်ကျိုးက ယွမ်ယဲ့အဝတ်အစားများကို ရေချိုးခန်းထဲတွင်သွားပြန်လဲရလေသည်။


အဝတ်အစားလဲနေချိန်တွင် တံခါးမပိတ်ထားမိပေ။ ယွမ်ယဲ့ကအနောက်မှလိုက်လာပြီး တံခါးဘောင်ကိုမှီကာ သူ့အားကြည့်နေလေသည်။ ဖုယွမ်ကျိုးကသိသော်လည်း နှင်ထုတ်ခြင်းမရှိပေ။ ယခင်က ရေကူးအတန်းချိန်တွင် လူတိုင်းရေကူးဝတ်စုံဝတ်ရပြီး တစ်ယောက်နှင့်တစ်ယောက် အတန်းချိန်တလျှောက်လုံးမြင်တွေ့နေခဲ့ရသည်ပင်။


ယွမ်ယဲ့: "ဒီတခေါက်အတွက်လည်း ကျေးဇူးပါပဲကွာ..."


ဖုယွမ်ကျိုးကနှုတ်ခမ်းနှစ်လွှာကို တွန့်ကွေးလိုက်ပြီး ထိုသူကအခုထိ လူစိတ်ရှိသေးသည်ဟုတွေးနေမိလေသည်။


ယွမ်ယဲ့သည်ကား ထိုစကားပြောပြီးနောက် တိတ်ဆိတ်သွားပြီး ဖုယွမ်ကျိုးကို မဝံ့မရဲဖြင့်ကြည့်နေလေသည်။ ဖုယွမ်ကျိုးက အဝတ်အစားလဲပြီးနောက်ထွက်လာကာ သူ့ရှေ့တွင်လက်ယမ်းပြလိုက်သည်။ 


"ဘာတွေစဥ်းစားနေတာလဲ..."


အနှီသူသည် ပြောနေရင်းမှရပ်သွားပြီး ရှက်နေသလိုဖြင့် မျက်လွှာချသွားသည်မဟုတ်လား။


ဖုယွမ်ကျိုးမှာ ပိုပိုပြီးစိတ်ဝင်စားလာသောကြောင့် သူ့အားအကြိမ်ရေအနည်းငယ်ခန့်ပုတ်ကာ မေးလိုက်ရ၏။ 


"ပြောစမ်းပါ..."


"ငါစဥ်းစားနေတာ..." 

ယွမ်ယဲ့က သတိပြန်လည်လာပြီး ဖုယွမ်ကျိုးကိုကြည့်ကာပြုံးလေသည်။

 "မင်းရဲ့အခုနကတုံ့ပြန်ချက်က ကောင်းတယ်..."


ဖုယွမ်ကျိုး: "......"


ဖုယွမ်ကျိုးသည် နောက်တဖန် ယွမ်ယဲ့ကိုဆွဲထိုးလိုက်ချင်စိတ်ဖြစ်လာလေ၏။ ဒီသူတောင်းစားက လူတွေကိုဆွံ့အသွားအောင်လုပ်နိုင်တာပဲ။


ထိုညတွင် ယွမ်ယဲ့ကတစ်ညလုံးမနေဘဲ အိမ်ပြန်သွားခဲ့သည်။ နောက်တနေ့နံနက်တွင် ထိုသူက အသင်းနှင့်လေ့ကျင့်ရပြန်၏။ နောက်ပိုင်း၌ သူက Moment မှတဆင့် ဓာတ်ပုံပို့ပေးလာသည်။ ဖုယွမ်ကျိုးမှာ ဓာတ်ပုံကိုကြည့်ပြီးသည့်နောက် လည်ဂုတ်မှအမှတ်ရာက သိသာလွန်းနေပြီး မှန်ထဲတွင်ကြည့်လျှင်ပင်မြင်နေရသောကြောင့် ခဲရာခဲဆစ်ဖြင့် ပလာစတာပင်ဝယ်ကပ်ထားလိုက်ရလေသည်။


မုန့်ရှစ်ရှူးကမူ သူတို့ဓာတ်ပုံကိုသဘောကျနေ၏။ ဖုယွမ်ကျိုးက ယွမ်ယဲ့ကို သူမနှင့်စကားပြောဖြစ်သေးလားဟုမေးလိုက်သော်လည်း အနုတ်သဘောဆောင်သောအဖြေသာရလာခဲ့လေသည်။


ဖုယွမ်ကျိုးမှာ ထိုကိစ္စကိုခဏထားလိုက်ပြီး အဖြေလွှာများနှင့် နောက်ဆုံးပြန်လှန်လေ့ကျင့်ခန်းများကိုစီစဥ်နေရသည့်အထဲတွင်ပင် အာရုံစိုက်ထားလိုက်သည်။ ယွမ်ယဲ့ကမူ အားလပ်ချိန်တိုင်း သူ့ထံမပြတ်တမ်းရောက်လာပြီး စာမေးပွဲပြီးသည်အထိ အားလုံးကအေးဆေးနေခဲ့သည်။


ဆောင်းရာသီအားလပ်ရက်အရောက်၌ ဖုယွမ်ကျိုးက ရှဲ့လင်ထံပြန်မသွားတော့ပေ။ နှစ်မကုန်ခင် ယွမ်ယဲ့ဝင်ပြိုင်မည့် နောက်ဆုံးဂိမ်းပြိုင်ပွဲကို ပြီးသည်အထိစောင့်နေပြီး အနှီသူနှင့်အတူ ထျန်းချန်ကိုပြန်လာမည်ဖြစ်ကာ ထိုသူပြိုင်ပွဲဝင်နေသည်ကိုလည်း ကြည့်ချင်သေးသည်။


ဖုယွမ်ကျိုးက ယွမ်ယဲ့နှင့်အဆက်အသွယ်ရှိသောကြောင့် ဤမြို့တွင်ပြိုင်ပွဲလုပ်တိုင်း VIP လက်မှတ်ရတတ်၏။ ပြိုင်ပွဲကွင်းထဲတွင်လည်း အထူးပြုစုမှုကိုခံရတတ်သေးသည်။ သူအနားယူနိုင်မည့်သီးသန့်နားနေခန်းလေးမှာလည်း သပ်ရပ်ကောင်းမွန်သောကြောင့် အေးအေးဆေးဆေးထိုင်ကြည့်နေရန်သာ လိုအပ်လေသည်။


ပြိုင်ပွဲကျင်းပသည့်ညတွင် ဖုယွမ်ကျိုးရောက်လာခဲ့သော်လည်း ပွဲကျင်းပမည့် ခန်းမအဝင်ဝတွင် မုန့်ရှစ်ရှူးကိုတွေ့လိုက်ရလေ၏။ သူမနှင့်အတူ အသက်ဆယ့်သုံးနှစ်၊ ဆယ့်လေးနှစ်သာရှိဦးမည့်မိန်းကလေးတစ်ယောက်လည်း အတူပါလာလေသည်။


"တိုက်ဆိုင်လိုက်တာ..." 


ဖုယွမ်ကျိုးကိုတွေ့သည်နှင့် မုန့်ရှစ်ရှူးကပြုံးပြီး နှုတ်ဆက်လာလေသည်။ သူမနှင့်စကားပြောထားသည့်အတွက် မုန့်ရှစ်ရှူးနှင့်အတူပါလာသည်က သူမ၏ဝမ်းကွဲညီမလေးဖြစ်ကြောင်း ဖုယွမ်ကျိုးကသိထားခဲ့သည်။ သူမသည် ဝမ်းပွဲညီမကိုပါခေါ်လာပြီး ပြိုင်ပွဲကိုလာအားပေးခြင်းဖြစ်လေ၏။


ကလေးမလေးက ဖုယွမ်ကျိုးကို အားကြိုးမာန်တက်နှုတ်ဆက်လာသည်။ လက်မှတ်များမှာ သူတို့ကိုယ်တိုင်ဝယ်လာခြင်းဖြစ်ပြီး ယွမ်ယဲ့နှင့်မသက်ဆိုင်ပေ။ သို့ဖြစ်၍ သူတို့သည် ပုံမှန်ခုံများတွင်ထိုင်ရပြီး အပြင်တွင်ထိုင်စောင့်နေကြရသည်။ ဖုယွမ်ကျိုးမှာ မိန်းကလေးနှစ်ယောက်အတွက် ခန်းမအပြင်တွင်စောင့်နေလျှင် အေးနေလောက်မည်ဟုထင်မိပြီး ဖိတ်ခေါ်လိုက်လေသည်။


 "ငါနဲ့လိုက်ခဲ့ကြ...ငါခေါ်သွားပေးမယ်..."


သူသည်ကား အရှေ့မှဦးဆောင်ကာ ခန်းမအတွင်းသို့ဝင်သွားလိုက်၏။ လုံခြုံရေးကသူ့အားသိနေသောကြောင့် ပြုံးပြပြီး တားမြစ်ခြင်းမရှိပေ။


နားနေခန်းထဲသို့ဝင်လိုက်သည်နှင့် မိန်းကလေးကမျက်လုံးပြူးသွားပြီး ဖုယွမ်ကျိုး သူတို့ကို ဤနေရာအထိခေါ်လာသည့်အတွက် သိချင်စိတ်ဖြစ်သွားခဲ့လေသည်။ ဖုယွမ်ကျိုးက သူတို့ကိုကွယ်ဝှက်မထားတော့ဘဲ ရှင်းပြလိုက်လေ၏။ 


"ငါကရှန်းဟိုင်ရဲ့ သူငယ်ချင်းလေ.." 

ပရိသတ်များက ယွမ်ယဲ့ကို ယဲ့ရှန်းဟိုင် ဟုအမည်ပေးထားကြသည်။


"ရှင်က ရှန်းဟိုင်ရဲ့သူငယ်ချင်းလား...တကယ်ကြီးလား...အား!"


မိန်းကလေးကား ရှော့ခ်ရသွားလေသည်။ စိတ်လှုပ်ရှားသွားသည်မှာ ငိုတော့မည်အထိ။ သူမသည်ကား ဖုယွမ်ကျိုးကိုပတ်ချာလှည့်ကာ ခုန်ပေါက်နေပြီး မေးခွန်းပေါင်းမြောက်များစွာမေးလာခဲ့လေသည်။


ဖုယွမ်ကျိုးက သူမကို' မင်းရဲ့အစ်မက ယွမ်ယဲ့နဲ့ဘလိုင်းဒိတ်လုပ်လာတာ' ဟုပြောလိုက်ချင်သော်လည်း မုန့်ရှစ်ရှူးက ယွမ်ယဲ့နှင့်ပတ်သတ်ပြီး ခရေစေ့တွင်းကျမပြောထားသောကြောင့် သူလည်းမပြောပြတော့ဘဲ မိန်းကလေး၏မေးခွန်းများကိုသာစိတ်ရှည်လက်ရှည်ဖြင့်ရှင်းပြလိုက်လေသည်။


"ရှန်းဟိုင် ပြိုင်ပွဲဝင်ပြီးရင်..သူ့ဆီကလက်မှတ်ရမလားဟင်..." 

ဝမ်းကွဲညီမလေးက စိတ်အားထက်သန်စွာဖြင့်မေးလာလေသည်။ 

"ဒုက္ခများတယ်ဆိုရင်လည်းရပါတယ်..အဆင်ပြေမှ.."


"ရတာပေါ့..." 

ဖုယွမ်ကျိုးက ခေါင်းညိတ်ပြလိုက်သည်။ 

"ငါသူ့ကိုမေးပေးမယ်...သူသာ အဆင်ပြေရင် မင်းနဲ့မိတ်ဆက်ပေးမယ်..."


"ကျေးဇူးတင်ပါတယ်..ကျေးဇူးပါပဲ...ဘုရားရေ..ငါတကယ်ကြီးရှန်းဟိုင်ကိုတွေ့ရတော့မယ်..."


မိန်းကလေးမှာ အပျော်လွန်နေသောကြောင့် တခဏမျှစိတ်လှုပ်ရှားနေခဲ့ပြီး ခဏအကြာတွင် ဓာတ်ပုံရိုက်မည်ဆိုကာထွက်သွားလေသည်။ ယခုမှစပြီး သူမအတွက် ဤနေရာကို နတ်ဘုံနတ်နန်းဟု တယူသန်မှတ်ယူထားလေတော့၏။


သူမထွက်သွားသည့်အခါ မုန့်ရှစ်ရှူးနှင့်ဖုယွမ်ကျိုးတို့နှစ်ယောက်သာကျန်ရစ်ခဲ့တော့သည်။ ခဏတဖြုတ်ထိုင်နေကြပြီးသည့်အခါ ဖုယွမ်ကျိုးကသူမကိုပြုံးပြလာလေသည်။ 


"မင်းရဲ့ဝမ်းကွဲညီမလေးက ယွမ်ယဲ့ကို အရမ်းသဘောကျနေတာပဲ..မင်းနဲ့သူနဲ့သိတယ်ဆိုတဲ့အကြောင်းကို ဘာလို့မပြောလိုက်တာလဲ..."


"သူ့ကိုပြောလိုက်ရင် ကျွန်မကိုဘာလုပ်ခိုင်းမလဲမသိနိုင်ဘူးလေ..ကျွန်မယွမ်ယဲ့ကို အနှောင့်အယှက်မပေးချင်ဘူး...ဒီတော့ ဘာမှမပြောဘဲနေလိုက်တာ..." 

သူမသည်ကား စကားပြောနေစဥ်တွင်လည်း ပြုံးတုံ့တုံ့ဖြစ်နေလေ၏။ 

"ရှင်ရော...ဒီရက်ပိုင်းအတွင်းဘယ်လိုလဲ..."


ဖုယွမ်ကျိုး: "ကောင်းပါတယ်..."


"စိတ်ချပါ...ကျွန်မပြန်သွားပြီးတော့ ကျွန်မကယွမ်ယဲ့နဲ့မလိုက်ဖက်ပါဘူးလို့ငြင်းလိုက်တယ်...အဲဒါကြောင့် သူတို့လည်းယွမ်ယဲ့နဲ့ထပ်ပြီး မဆက်သွယ်ခိုင်းတော့ဘူးလေ.."


"အာ...ကောင်းတာပဲ..ကျေးဇူးတင်ပါတယ်.."


 ဖုယွမ်ကျိုးသည်လည်း တဒင်္ဂခန့်မှင်သက်သွားကာ ပျော်ရွှင်ကျေနပ်မှုကိုခံစားလိုက်ရပြီး ကျေးဇူးတင်လိုက်လေ၏။


"ရပါတယ်...​ဒါကကျွန်မလုပ်သင့်တာပဲလေ..." 

မုန့်ရှစ်ရှူးကပြုံးလိုက်ပြီးနောက် စိတ်ဓာတ်ကျနေသည့်မျက်နှာမျိုးကိုပြသလာခဲ့သည်။ 

"ရှင်ကအရမ်းကြိုးစားနေပြီးတော့များ..အခုထိသူငယ်ချင်းတွေပါလို့ပြောနေကြတုန်းပဲနော်.."


ဖုယွမ်ကျိုးက ဝမ်းကွဲညီမလေးကို သူကယွမ်ယဲ့၏သူငယ်ချင်းဟု မိတ်ဆက်ခဲ့သည်။ ယင်းမှာ သူ့နှုတ်မှ အလိုအလျောက်ပြောလိုက်မိခြင်းဖြစ်ပြီး သူနှင့်ယွမ်ယဲ့တို့သည်လည်း အစတည်းက သူငယ်ချင်းများဖြစ်ခဲ့ကြသည်။


ကံကောင်းထောက်မစွာဖြင့် မုန့်ရှစ်ရှူးက မသိသလိုဟန်ဆောင်ပေးခဲ့သည်။ ဖုယွမ်ကျိုးမှာ ချွေးစေးများပြန်ရင်း ခေါင်းတဆတ်ဆတ်ညိတ်ကာ ဟန်ဆောင်ပန်ဆောင်ပြောပြလိုက်ရသည်။ 


"အကျင့်ဖြစ်နေလို့ပါ..."


"ရှင့်အကြောင်းကိုပိုပြီးပြောပြပေးပါလား..." 

မုန့်ရှစ်ရှူးက တောင်းဆိုလာလေသည်။


ဖုယွမ်ကျိုးမှာ ဒိတ်ကနဲရင်ခုန်သွားလေ၏။ 

"မင်းကဘာကိုသိချင်တာလဲ.."


"အရင်တစ်ခါက ယွမ်ယဲ့က ရှင်နဲ့ချစ်မိသွားတဲ့အချိန်ကိုပြောပြခဲ့တယ်လေ.." 

မုန့်ရှစ်ရှူးက ပြုံးနေလေသည်။

 "ရှင်ကရော..သူ့ကိုဘယ်အချိန်မှာချစ်မိသွားတာလဲ..."


ဖုယွမ်ကျိုး: "......" 

ဖာ့ခ်...သူဘာမှကြိုမပြင်ထားမိဘူး!


ဖုယွမ်ကျိုးမှာ ချွေးပြန်လာရပြီ


"ဒါက...ပြောရရင်အရှည်ကြီးပဲ..ခဏနေဦးနော်...ငါသန့်စင်ခန်းသွားလိုက်ဦးမယ်..."



♎️