Chapter 62
Viewers 5k

👻Chapter 62

ပိုးသတ်ပေးခြင်း (12)



ချူဟွိုက်က တစ်ခုခု သတိရသွား၍ ချက်ချင်း ရပ်ပစ်လိုက်သည်။ သူက မလှမ်းမကမ်းရှိ ထောင့်နားလေးမှ ကတ္တီပါအနီရောင် ခြင်းတောင်းလေးကို ကြည့်မိသွားသည်။ စောစောက ရန်ပွဲကြောင့် ကျင်းထျန်းယိက စားပွဲပေါ် လဲကျသွား၍ စားပွဲပေါ်ရှိ ခြင်းတောင်းလေးက လိမ့်ကျကာ အမှောင်ထဲ ပုန်းလျှိုးသွားသည်။ အခန်းက ပွေရှုပ်နေသော်လည်း ထူးထူးဆန်းဆန်း ခြင်းတောင်းလေးက ဘာမှမဖြစ်ပဲ ကိတ်လေးကလည်း အကောင်းပကတိအတိုင်း ရှိနေသည်။ 

  

ချူဟွိုက်က ရုတ်တရက် နားလည်သွား၍ စိတ်ထဲကနေ ဆူဆဲလိုက်ပြီး ခြင်းတောင်းဆီ အမြန်ပြေးသွားလိုက်သည်။ ခြင်းတောင်းလေးက တံခါးနားရောက်နေပြီး ကျင်းထျန်းယိကလည်း သမန်းဝံပုလွေနှင့် ရှောင်လိုက်ချလိုက် လုပ်နေ၍ အလုပ်များနေသည်။ 


သမန်းဝံပုလွေက ချူဟွိုက်ပြေးသွားသည်ကို တွေ့လိုက်၍ အမြန်ပစ်မှတ်ပြောင်းလိုက်ပြီး ချူဟွိုက်ကို လှမ်းဆွဲလာ၏။ 


ချူဟွိုက်၏ မျက်ဆံများ ဝိုင်းစက်သွားရသည်။


ခြင်းတောင်းနီလေးက လက်တစ်ကမ်းအကွာတွင် ရောက်နေစဥ် ချူဟွိုက်က သမန်းဝံပုလွေ၏ သွားစွယ်တလက်လက်နှင့်အတူ သွားကြားထဲက စေးကပ်ကပ် တံတွေးများကိုပါ တွေ့လိုက်ရသည်။


သူက မထိခိုက်မိအောင် ရှောင်ရန်ပြင်လိုက်သော်လည်း နာကျင်မှုကို မခံစားလိုက်ရပေ။ ကျင်းထျန်းယိက သူ့ကိုယ်နှင့် သမန်းဝံပုလွေဆီ ပစ်ဝင်လိုက်ပြီး မြေပြင်ပေါ် စိုက်ချလိုက်ကာ အော်ပြောလိုက်သည် " သွားတော့...."

 

သူက နာဖူးကြောတို့ ထိုးထွက်နေရင်း အလောတကြီး ပြောလာကာ သမန်းဝံပုလွေ၏ လည်ကုတ်ပေါ် ဖိသိပ်ထားရသည့် သူ့လက်ချောင်းများကလည်း အပြာရောင်သန်းနေပြီ ဖြစ်သည်။


သမန်းဝံပုလွေကလည်း မြွေတစ်ကောင်လို တစ်ရှူးရှူးမြည်လာပြီး ခေါင်းကိုလိမ်၍ ရုန်းကန်နေ၏။


ချူဟွိုက်က ချက်ချင်း ခြင်းတောင်းနီဆီ အပြေးရောက်သွားသည်။ ကျင်းထျန်းယိက လှည့်ကြည့်လိုက်စဥ် နှစ်ယောက်သား ချက်ချင်း သဘောပေါက်သွားကြသည်။


ချူဟွိုက်က ခြင်းတောင်းထဲက ကိတ်မုန့်နှင့်ဝိုင်များကို အလျင်စလို လွှင့်ပစ်လိုက်သည့်အချိန် ခြင်းတောင်းနီလေးက အဆုံးမဲ့တွင်းကြီးတစ်ခုလို ဖြစ်နေမှန်း သိလိုက်ရသည်။


"ဟက်...." 

ချူဟွိုက်၏ လက်က ခြင်းတောင်းနီထဲ ဟိုရှာသည်ရှာ လုပ်နေရင်း ချွန်ထက်သည့် လက်နက်တစ်ခုနှင့် ရှမိသွားသော်လည်း အရူးလို ပြုံးလိုက်မိသည်။


တွေ့ပြီ.....ကတ်ကြေး....


ချူဟွိုက်က သွေးစို့နေသော လက်ချောင်းများကို လျစ်လျူရှုလိုက်ပြီး သာမန်ပုံစံ ကတ်ကြေးတစ်လက်ကို ဦးထုပ်ထဲမှ ဆွဲထုတ်လိုက်သည်။ ကတ်ကြေးလက်ကိုင်ကို ကိုင်ထားရင်း သမန်းဝံပုလွေရှိရာဘက် အေးအေးဆေးဆေး လျှောက်သွားလိုက်သည်။


ကျင်းထျန်းယိ၏ ဘက်ဘက်ပုခုံးက စောစောက ရန်ပွဲအတွင်း အကုတ်ခံထားရ၍ ယခုအချိန်၌ သူ့ဘယ်ဘက်က အားမထည့်နိုင်ချေ။ သမန်းဝံပုလွေက ဤအားနည်းချက်ကို အခွင့်ကောင်းယူပြီး သူ့ကို ထိုးနှက်ကာ လွတ်မြောက်ရန် ကြိုးစားသည်။ ကျင်းထျန်းယိက တစ်ဖက်လှည့်လိုက်သည့်အချိန် ကြွကြွရွရွ လှမ်းလာသည့် ချူဟွိုက်ကို တွေ့လိုက်ရသည်။


သမန်းဝံပုလွေက ဒေါသတကြီး ထရပ်ရန် ပြင်လိုက်ချိန် ချူဟွိုက်က ရက်စက်သည့်အကြည့်နှင့်အတူ သမန်းဝံပုလွေ၏ ကျောထဲ ကတ်ကြေးနှင့် ထိုးစိုက်လိုက်သည်။


“ဇွပ်....." သမန်းဝံပုလွေ၏ ကျောပြင်မှ သွေးများစီးကျလာလေသည်။


ချူဟွိုက်က ခုခံလာမှုကို အနည်းငယ်မျှ မခံစားလိုက်ရပဲ ကတ်ကြေးရှေ့က သမန်းဝံပုလွေကြီးက တို့ဖူးပျော့လို ပွင့်ထွက်သွားပြီး လဲကျသွားသည်။


ဘန်းဆိုသည့် အသံကြီးနှင့် သမန်းဝံပုလွေက ခေါင်းငိုက်စိုက်ပြီး လဲကျသွား၍ သူ့မျက်နှာက ချူဟွိုက် ခက်ရင်းနှင့် နှိုက်ထားသည့် အဘွားအစစ်၏ အသားစများပေါ် ဒရမ်မာဆန်ဆန် ရိုက်မိသွား၏။     


ချူဟွိုက်က ကတ်ကြေးကိုင်ထားရင်း အသက်လုရှူနေရသည်။


ဒီနတ်သမီးပုံပြင်မှာ ကမ္ဘာကြီးက သူတို့အမြင်လွဲအောင် လုပ်ထားတာပဲ....။  

  

မူလဇာတ်ကြောင်းတွင် ဦးထုပ်နီမလေးက အနီရောင် ကတ္တီပါ ခေါင်းစွပ်ကို စွပ်ထားသော်လည်း ယခုတွင်ဖြင့် ထိုကတ္တီပါစကို အစားအသောက်သယ်သည့် ခြင်းတောင်းတွင် သုံးထားလေသည်။


ဟန်ဆောင်အဘွားက သူ့ကို စားပွဲပေါ် ခြင်းတောင်းထားလိုက်ရန် မှာကြားခဲ့သည်။ ချူဟွိုက်ကလည်း ရိုးရိုးအမိန့်တစ်ခုဟုသာ ထင်ခဲ့မိလေသည်။ နောက်မှ ဖြေးဖြေးချင်း အန္တရာယ်ကို ဖုံးကွယ်ထားမှန်း သိခဲ့ရသည်။


ကတ်ကြေးက ကိတ်မုန့်နှင့် ဝိုင်တို့ပြည့်နေသည့် ခြင်းတောင်းလေး၏ အောက်ခြေတွင် ရှိနေသည်။ ကိတ်မုန့်နှင့်ဝိုင်တို့ မတော်တဆ မြေကြီးပေါ် ပြုတ်ကျသွားလျှင်ပင် ပြိုင်ပွဲဝင်က ခြင်းတောင်းထဲ သွားမကြည့်မိပါက ကတ်ကြေးကို မရနိုင်ပေ။ နောက်ဆုံးအနေနှင့် သမန်းဝံပုလွေ၏ သတ်ဖြတ်ခြင်းကို ခံရရုံသာ ရှိတော့သည်။


ချူဟွိုက်က နောက်ဆုံးတွင် ဤအသက်သွင်းထားသည့် ဇာတ်လမ်းကို နားလည်သွားပြီဖြစ်သည်။ ဟန်ဆောင်အဘွားက ဦးထုပ်နီမလေး ယူလာပေးသည့် ကိတ်မုန့်နှင့်ဝိုင်များကို မစားပဲ သူကိုယ်တိုင်ကဖြင့် "အရသာရှိသော အစားအသောက်များ" ပြင်ထားပေးလေသည်။

  

ကမ္ဘာကြီးက ခြင်းတောင်းထဲမှာ ကတ်ကြေးရှိမှန်း ပြိုင်ပွဲဝင်တွေကို မသိစေချင်လို့ပဲ....။


ပြိုင်ပွဲဝင်တွေကလည်း ဝံပုလွေဆီက အန္တရာယ်နဲ့ မုန့်ကို စားရမလား မစားရဘူးလား ဆုံးဖြတ်ဖို့ပဲ စိတ်ရောက်နေတဲ့အတွက် ခြင်းတောင်းနီလေးရဲ့ တည်ရှိမှုကို လုံးဝ သတိထားမိမှာ မဟုတ်ဘူး....

  

ကျင်းထျန်းယိက မတ်တပ်ထရပ်လိုက်ချိန် သွေးတစ်စက်စက်ကျနေသည့် ချူဟွိုက်လက်ချောင်းများကို သတိထားမိသွားသည်။ သူက ချက်ချင်း လက်ကို ဆွဲယူပြီး ပါးစပ်ထဲ ငုံထားပေးလိုက်သည်။


ချူဟွိုက်က တစ်စက္ကန့်မျှ လန့်သွားရသော်လည်း ချက်ချင်း မျက်နှာပူမိသွား၏။


“ရှင်...." သူက လက်ပြန်ရုတ်လိုက်ချင်သော်လည်း ကျင်းထျန်းယိက ပြုံးပြလာသည်။


နောက်တစ်စက္ကန့်အတွင်း ချူဟွိုက်က သွေးတို့ ဆောင့်တက်သွားသလို မျက်နှာပူသွားရပြီး ရင်ဘတ်ကလည်း မီးတောက်မတတ် ဖြစ်သွားရသည်။  


ယခုလေးတင် ကျင်းထျန်းယိက သူ့ဒဏ်ရာကို လျှာနှင့်လျက်ပေးလိုက်၍ပင်....။


" ရှင့်ရဲ့ ဒီလိုနည်းလမ်းက သွေးမတိတ်စေဘူး....ပူနွေးတဲ့...."


ချူဟွိုက်က စကားရပ်သွားပြီး ရှက်ကိုးရှက်ကန်းပုံစံနှင့် ပြောလိုက်သည် " ပူနွေးတဲ့ ပတ်ဝန်းကျင်က သွေးထွက်နှုန်းကို တိုးစေတယ်...."


ကျင်းထျန်းယိက သူ့လက်ကို လွှတ်ပေးလိုက်ကာ ပေါ့ပေါ့ပါးပါး ပြန်ဖြေလာသည် " ကိုယ်သိပါတယ်.... မေးခိုင်ပိုးမဝင်အောင်လို့ ပိုးသတ်ပေးချင်ရုံပါ...."

 

ပိုးသတ်ပေးတယ်....ချူဟွိုက်၏စိတ်က ပေါက်ကွဲလာသည်။


"တကယ်တမ်း ကိုယ်တို့က မထွက်သွားခင် မနက်၄နာရီထိကြီး စောင့်နေရဦးမှာလေ....."

 

ကျင်းထျန်းယိက သူ၏ မထိခိုက်ထားသော လက်တစ်ဖက်နှင့် ချူဟွိုက်ကို ဆွဲခေါ်သွားပြီး ချူဟွိုက်ကလည်း နောက်ကလိုက်ပါရင်း အင်္ကျီပြဲ၍ ကုတ်ရာကြီးသုံးခု ပေါ်နေသော သူ့ပုခုံးကို ငေးကြည့်နေမိသည်။


ကျင်းထျန်းယိက ရုတ်တရက် ခြေလှမ်းရပ်သွားပြီး ပျင်းပျင်းရိရိ လှည့်ကြည့်လာသည်။


“ကိုယ်တို့ ဒီကိစ္စမှာ အရမ်းကို ခက်ခက်ခဲခဲ ကျော်ဖြတ်ရတဲ့ အကြောင်းရင်းကို မင်းသိလား..."


ချူဟွိုက်က နားမလည်ဟန် ပြန်မေးလာသည် " ဘာလို့လဲ...."


ကျင်းထျန်းယိက လှစ်ခနဲ ပြုံးပြလာပြီး မေးစေ့သွယ်သွယ်လေးဆီ လက်လှမ်းလာရင်း ခေါင်းစောင်းပြီး သူ့နှုတ်ခမ်းများကို တယုတယပွတ်သပ်လာကာ မပွင့်တပွင့် ပြောလာသည်


 " ဘာလို့လဲဆိုတော့ ကိုယ်တို့ မနမ်းရသေးလို့လေ...."


အငိုက်မိသွားသည့် ချူဟွိုက် "......"

 

ကျင်းထျန်းယိက ဤသည်ကို အခွင့်ကောင်းယူပြီး အနမ်းတစ်ပွင့် ခိုးယူလိုက်ရာ အသက်ရှူသံများ ရောထွေးသွားရင်း ချူဟွိုက်မှာ ထိန်းမရပဲ ရှက်စိတ်ဝင်လာရသည်။ သူက ကျင်းထျန်းယိကို တွန်းထုတ်ပြီး ထွက်သွားလိုက်ချိန် ကျင်းထျန်းယိကလည်း အရသာခံလိုက်ရသလို လျှာသပ်ရင်း ပြုံးစစနှင့် လိုက်လာသည်။


နတ်သမီးပုံပြင် နှစ်ခု ပြီးသွား၍ သူတို့က နတ်သမီးနန်းတော်၏ အပြင်ဘက်သို့ လျှောက်သွားလိုက်ကြသည်။ "နတ်သမီးနန်းတော်" ဆိုသည့် ပရောဂျက်နေရာတွင်လည်း အရောင်တောက်တောက် အမှတ်လေး တားထားပြီဖြစ်သည်။

 

အပေါက်ဝတွင် ရပ်နေရင်း ကျင်းထျန်းယိက နောင်တရသလို သက်ပြင်းချမိသည် " နှစ်ခုတည်းလားကွာ...."


ရှေ့ကို ကြိုရောက်နေသည့် ချူဟွိုက်က တစ်ခဏမျှ အေးခဲသွား၍ ကျင်းထျန်းယိက နောက်ကနေ မျက်လုံးတစ်ဖက်မှိတ်ပြလိုက်သည်။

 

ချူဟွိုက်က နာရီကို တစ်ချက်ကြည့်လိုက်သည် " လိင်ပိုင်းဆိုင်ရာ အသိပညာရပ် စာအုပ်က မနက်၂နာရီမှ ဖွင့်မှာ....အဲ့ဒါမတိုင်ခင် အချိန်တွေ အများကြီး ကျန်သေးတယ်....၁၁နာရီ ငါးမိနစ်ပဲ ရှိသေးတာဆိုတော့လေ...." 

  

ချူဟွိုက်က တွန့်ဆုတ်တွန့်ဆုတ် မေးလာသည် " ကျွန်မတို့ ဘာလုပ်ကြမလဲ...."


ကျင်းထျန်းယိက အပြုံးလေးနှင့် ပြန်ဖြေလာသည် "မင်း....လုပ်ချင်တာ လုပ်ပေါ့...."


ချူဟွိုက်က နားထောင်နေပြီးမှ တစ်ခုခုလွဲနေမှန်း ခံစားမိသော်လည်း မသိသလိုနေလိုက်ပြီး ပွင့်ပွင့်လင်းလင်း ပြောလာသည်


 " အခုတော့ တစ်နေရာရှာပြီး အိပ်လိုက်ချင်တော့တယ်...."

 

သူ၏ ဇီဝနာရီက အချိန်မှန်သည်။ သူ အရမ်းအိပ်ချင်နေပြီဖြစ်သည်။


"ခဏလောက် အိပ်ဖို့ နေရာရှာလိုက်ရင်ရော..." ကျင်းထျန်းယိက မျက်စိမှိတ်ပြလာသည် " ကိုယ့်မှာ အကြံတစ်ခု ရှိတယ်...."


“ဘယ်မှာ အိပ်လို့ရလို့လဲ...." ချူဟွိုက်က သံသယဝင်လာသည်။


ကျင်းထျန်းယိက ပြုံးဖြဲဖြဲ ပြောလာသည် " ကိုယ့်ပေါင်ပေါ်မှာလေ...."


“…” ဝက်အူရစ်လိုကောင်.....


ချူဟွိုက်က လှည့်ထွက်သွား၍ ကျင်းထျန်းယိက တဟားဟားရယ်လိုက်ပြီး နောက်ကနေ အော်ပြောလာသည် " ချားရဟတ်ပေါ် အိပ်ကြရင်ရော....တစ်နာရီကျော်ကျော်လောက်လေ....ကိုယ်တို့နှစ်ယောက်တည်းပဲ...."


ချူဟွိုက်က အံတင်းတင်းကြိတ်မိသည်။


ကျင်းထျန်းယိက သူ့ကို မှီသွား၍ အစရပ်ပြီး တည်တည်ငြိမ်ငြိမ် ပြောလာသည် 


" တစ်ယောက်တည်း လုပ်ရတဲ့ ပရောဂျက်တွေ သွားဆော့ရအောင်....အချိန်ရှိတုန်း အသစ်လေးတွေကိုလည်း ကူတာပေါ့...."


ချူဟွိုက်က မျက်လွှာချလိုက်ရင်း သူ့၏ ချောမောသော မျက်နှာအစိတ်အပိုင်းများက ဖြေးဖြေးချင်း ပြေလျော့လာသည် " ကောင်းပြီ...."

  

မိနစ်နှစ်ဆယ်ခန့် ကြာပြီးနောက် ကျင်းထျန်းယိက မြင်းကမ္ဘာပရောဂျက်ရှိရာ မောင်းလာလိုက်သည်။


ချူဟွိုက်၏ စိတ်က ရောင်စုံမီးများတလက်လက်နှင့် အဝိုင်းလည်နေသည့် မြင်းရုပ်များဆီ အာရုံရောက်နေစဥ် ရုတ်တရက် မျက်နှာချင်းဆိုင်ဘက်မှ အမျိုးသမီးတစ်ယောက်၏ စူးစူးဝါးဝါးအော်သံတစ်ခု ပေါ်ထွက်လာလေသည်။



👻