🌱Arc 5 - [ဖျော်ဖြေရေးနယ်ပယ်တွင် လယ်စိုက်ခြင်း ]
Ch 182
မင်းအတွက် လယ်ကွင်း စပွန်ဆာပေးမယ် (၂)
ထိုအခန်းကို ရိုက်ကူးပြီးနောက် စွေ့ချီချောင်းက albino မြေခွေးကို ခေါ်ကာ ကျန်းထန်ဝေ့ကို လာတွေ့လိုက်သည်။ ကျန်းထန်ဝေ့က နားချိန်ရလေတိုင်း စွေ့ချီချောင်းကို ဦးဆုံး သွားတွေ့တတ်သူ တစ်ဦးဖြစ်သည့်အတွက် အခြားလူများ၏ အမြင်တွင် သူက စွေ့ချီချောင်း၏ ရွှေပေါင်လုံးကို ဖက်ထားလိုသူတစ်ဦး ဖြစ်နေပေသည်။ သို့သော် သူ့အလုပ်သူ လုပ်ရသည့်အခါ ပရိုဂျက်တာစခရင်နှင့် မျက်နှာချင်း ဆိုင်နေရသည့်အခါတွင်မူ အမြဲမျက်နှာသေနှင့်သာ ရှိနေတတ်၏။
ပုံမှန်အားဖြင့် ကျန်းထန်ဝေ့က စွေ့ချီချောင်းကို မြင်တွေ့လေတိုင်း ဖုံးဖိ၍ မရနိုင်လောက်အောင်ပင် ပြုံးနေမိတတ်သည်။ ထိုသို့မဟုတ်ပါက သူ၏ အလွန် ကြည့်ကောင်းလှသည့် ရုပ်ရည်ကို တမင်တကာ ထုတ်ပြရန် ကြိုးစားနေတတ်၏။ သို့သော် ယခုအချိန်တွင်မူ သူက အမူအယာ ကင်းမဲ့နေရုံသာမက အနည်းငယ်ပင် အေးစက်ခက်ထန်နေသေးသည်။ သူ့မျက်နှာအစိတ်အပိုင်းများမှာ အလွန် ထင်ရှားလှရာ ပတ်ဝန်းကျင်ကို အမှုမထားသည့် မျက်နှာထားမျိုးမှာ စွေ့ချီချောင်း မြင်တွေ့နေကျ ပုံစံမျိုးနှင့် လုံးဝဥဿုံ ကွဲပြားနေပေတော့သည်။
ကျန်းထန်ဝေ့သာ သူ့အရှေ့သို့ ထိုကဲ့သို့သော မျက်နှာထားမျိုးနှင့် ထွက်လာခဲ့ပါလျှင် စွေ့ချီချောင်းသည်လည်း သူ့ကို အသက်ပြည့်မပြည့် သံသယ ဝင်ခဲ့မိမည် မဟုတ်ချေ။
“ရှောင်ပိုင် ..."
စွေ့ချီချောင်းက အခြားသူများ ကြားသွားမည်ကို ကြောက်လန့်ခြင်း မရှိစွာဖြင့် လှမ်းခေါ်လိုက်သည်။ အားလုံးက သူ albino ဝံပုလွေကို ခေါ်နေခြင်း ဖြစ်ရမည်ဟုသာ ထင်ခဲ့ကြ၏။
ကျန်းထန်ဝေ့က စကား ပြန်မပြောပေ။
စွေ့ချီချောင်းကလည်း တစ်ဖက်သူမှာ စိတ်ဆိုးနေခြင်းဖြစ်ကြောင်း ပိုပြီး သေချာသွားတော့သည်။ သူက ကျန်းထန်ဝေ့၏ နောက်ကျောဘက်သို့ ရောက်သည်အထိ ခြေလှမ်းတို့ကို ရှေ့ဆက်တိုးလိုက်သည်။
ကျန်းထန်ဝေ့၏စခရင်ကို ချက်ချင်းဆိုသလို မြင်တွေ့လိုက်ရသည်။ သူက အသေးစားသရုပ်ဖော်ချက်တစ်ခုကို လက်ဖြင့် ကိုယ်တိုင် ရေးဆွဲနေကာ ထိုဆွဲချက်မှာ ဗီလိန်၏ လက်ထဲတွင် အဖမ်းခံရပြီး လက်နက်မျိုးစုံ ထိုးသွင်းခြင်း ခံနေရသည့် Albino ဝံပုလွေ၏ခေါင်းပုံပင် ဖြစ်သည်။
စွေ့ချီချောင်း : “...”
ကျန်းထန်ဝေ့က သူ့လက်များကို ပိုက်လျက် အေးစက်စွာဖြင့် မေးလိုက်သည်။
“ဘာလာလုပ်တာလဲ ...”
စွေ့ချီချောင်းက ပြန်ပြောလိုက်သည်။
“သူ့ရဲ့ 'မူလပုံစံ' ကို နှုတ်ဆက်ရအောင် ခေါ်လာပေးတာ ...”
ကျန်းထန်ဝေ့ : “ဟမ့် ...”
စွေ့ချီချောင်းက စားပွဲအနီးသို့ တိုးလာကာ မေးလိုက်သည်။
“ဘာလို့ ဒေါသထွက်နေတာလဲ မင်းက 'ရှောင်ပိုင်' နေရာမှာ သရုပ်ဆောင်ချင်လို့လား ...”
ကျန်းထန်ဝေ့ “...”
စွေ့ချီချောင်းက ထိုသို့ ပြောလာသည့်အခါ ကျန်းထန်ဝေ့က အလွန်အမင်း ကျိုးကြောင်းမဆီလျော်သည့် ပုံစံမျိုး ဖြစ်သွားတော့သည်။
စွေ့ချီချောင်း၏ ထောင်ချောက်များဖြင့် ပြည့်နှက်နေသော စကားကြောင့် ကျန်းထန်ဝေ့က ချက်ခြင်း ချေပနိုင်ခြင်း မရှိတော့ချေ။
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးကာမှ ပြန်လည်ကာ စောဒက တက်လိုက်၏။
“သူက ရှောင်ပိုင်မှ မဟုတ်တာ ...”
စွေ့ချီချောင်းက များစွာ တွေးမနေဘဲ အလေးအနက် ပြောလိုက်သည်။
“ အင်း မင်းလောက်လည်း ချစ်စရာ မကောင်းဘူး ...”
ကျန်းထန်ဝေ့ : “ဟင်...”
မျက်လုံးတို့ ပြူးကျယ်သွားကာ အထိတ်တလန့် ဖြစ်သွားသည့် အရိပ်အယောင်တို့က သူ့မျက်နှာအနှံ့ ဖုံးဖိ၍ မရနိုင်လောက်အောင် ထွက်ပေါ်လာပြီး နားရွက်ဖျားနှစ်ဖက်လုံး ရဲရဲနီသွားတော့သည်။
ဘေးချင်းကပ်လျက် ရပ်နေသောကြောင့် ရိုက်ကူးရေးအဖွဲ့သားများ၏ အကြည့်များက သူတို့ထံ မကြာခဏ ကျရောက်လာခဲ့သည်။
စွေ့ချီချောင်း : “...”
စွေ့ချီချောင်းအနေဖြင့်လည်း သူက ထိုစကားများကို ကျိုးကြောင်းဆီလျော်ခြင်း ရှိမရှိ မစဉ်းစားဘဲ ပြောလိုက်မိခြင်း ဖြစ်ကြောင်း ဝန်ခံရပေလိမ့်မည်။ ကျန်းထန်ဝေ့၏ တုံ့ပြန်ပုံမှာ အလွန်အမင်း ကြီးမားလွန်းသည့်အတွက် ရိုက်ကွင်းတွင် ရှိနေသူအားလုံးက သူတို့နှစ်ဦး၏ အကြားတွင် ထူးဆန်းသည့် ကိစ္စတစ်ခုခု ဖြစ်ပျက်ခဲ့လေသလားဟု တွေးစပြုမိလာကြတော့သည်။
တစ်ခဏမျှ ကြာပြီးနောက် စွေ့ချီချောင်းက သက်ပြင်းတစ်ချက် ချလိုက်သည်။
ကျန်းထန်ဝေ့က သူ မည်သည့်အရာကို ဆိုလိုကြောင်း သဘောပေါက်သည့်ဟန်ပင်။ ကျန်းထန်ဝေ့ကလည်း သူ့တုံ့ပြန်ပုံမှာ အလွန်အမင်း လွန်ကဲလွန်းလှသည်ဟု ခံစားမိနေခဲ့သည်။ ပုံမှန်အားဖြင့် သူက စွေ့ချီချောင်း၏ စကားများကို ပြန်လည်ချေပရာ၌ အလွန် ရဲဝံ့သူတစ်ဦး ဖြစ်ရာ ရဲရဲနီနေသည့် နားရွက်ဖျားများ အနီရောင် ပျောက်သွားသည်အထိ စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ပြီးနောက် စိတ်အနှောင့်အယှက် ဖြစ်စွာဖြင့် ပြောလိုက်သည်။
“ဒီလို ပြောနေမယ်ဆိုရင် မင်း ကျွန်တော့်ကို သေချာပေါက် တာဝန်ယူရမှာနော် ...”
စွေ့ချီချောင်းက ချက်ခြင်း စကားလမ်းကြောင်း ပြောင်းလိုက်သည်။
“ငါ ကြားတာတော့ မင်းက လက်ထောက်ဒါရိုက်တာနဲ့ စကားပြောပြီး သူ့ကို အကြံတွေ ပေးခဲ့သေးတယ်ဆို သူ ပြောခဲ့တာတွေကို တအားကြီး စိတ်ထဲထားမနေနဲ့ ...”
ကျန်းထန်ဝေ့က သူ၏ ဝက်တိုးခံရသောဖြစ်ရပ်နှင့် အခြားသော ရှက်စရာ အဖြစ်အပျက်အားလုံးကို ဇာတ်ကြောင်းပြန်ဖော်ခဲ့သည့် လက်ထောက်ဒါရိုက်တာကို မပြီးနိုင်မစီးနိုင် စောဒကတက်လိုက်ချင်သော်လည်း လွန်လွန်ကဲကဲ တုံ့ပြန်တတ်သူဟုလည်း အထင်မခံလိုသည့်အတွက် မကျေမချမ်း ဖြစ်စွာဖြင့်သာ ရေရွတ်လိုက်တော့သည်။
“ကျွန်တော် စိတ်ထဲမထားပါဘူး ...”
သို့သော် စွေ့ချီချောင်းက albino ဝံပုလွေက သူလောက် ကြည့်မကောင်းဟု ပြောလိုက်ချိန်ကတည်းက ကျန်းထန်ဝေ့သည် အလွန် စိတ်သက်သာရာရနှင့်နေပြီး ဖြစ်ပေသည်။ သူက ဝံပုလွေ၏ ခေါင်းကိုပင် ပွတ်ပေးလိုက်သေးကာ ၎င်းကလည်း သူ့လက်ကို ချက်ခြင်း လျာဖြင့်ပြန်လျက်လာ၏။
“မစ္စတာစွေ့ ...”
နောက်ကျောဘက်မှ လင်းလင်း၏ အသံကို ကြားလိုက်ကြရသည်။
“ဒါရိုက်တာလင်း ...”
စွေ့ချီချောင်း လှည့်ကြည့်လိုက်သည့်အခါ လင်းလင်း၏ အကြည့်တို့က ကျန်းထန်ဝေ့ထံ ကျောက်ချနေကြောင်း သတိပြုမိလိုက်သည်။
ကျန်းထန်ဝေ့ ရိုက်ကူးရေးအဖွဲ့တွင် အလုပ်လုပ်နေသည်မှာ ကာလအနည်းငယ် ကြာမြင့်နေပြီ ဖြစ်သည့်အတွက် သူနှင့် ပတ်သက်သည့် အကြောင်းအရာများမှာလည်း လင်းလင်းထံသို့ တစ်ဖြည်းဖြည်း ရောက်နှင့်နေပြီး ဖြစ်ပေသည်။ သို့သော် ကျန်းထန်ဝေ့က သူမကို တမင်တကာ ရှောင်ကြဉ်ခြင်း မရှိသည့်အပြင် လင်းလင်းကလည်း ရိုက်ကွင်းသို့ ရောက်လေတိုင်း စွေ့ချီချောင်းကို လိုက်မရှာမီ ဝန်ထမ်းများကို နှုတ်ဆက်လေ့ရှိရာ သူတို့နှစ်ဦး၏ တွေ့ဆုံမှုမှာ တိုက်ဆိုင်မှုတစ်ခုမျှသာ ဖြစ်ပေသည်။
လင်းလင်းက သူ့အကြောင်း သိခဲ့ရကတည်းက ကိုယ်ရေးအချက်အလက်များကို ရှာဖတ်ထားပြီး ဖြစ်သည့်အတွက် သူ့ကို ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် မြင်တွေ့ဖူးခြင်း ဖြစ်သည့်တိုင် အတိအကျ မှတ်မိနေပေသည်။
“ကျန်းထန်ဝေ့လား ...”
သူမ၏ အမူအယာမှာ အနည်းငယ် စိတ်ရှုပ်ထွေးသွားသည့်ဟန်ပင်။
ကျန်းထန်ဝေ့က သူမကို မျက်နှာပြောင်တိုက်ကာ နှုတ်ဆက်လိုက်သည်။
“ဒါရိုက်တာလင်း ...”
သူက လင်းလင်းမှာ မည်သူမည်ဝါဖြစ်ကြောင်း သိနှင့်နေပြီး ဖြစ်သည့်အပြင် ပြီးခဲ့သည့်အခေါက် စွေ့ချီချောင်းက သူမ၏ နာမည်ကို စကားထဲတွင် ထည့်ပြောလိုက်ကတည်းက သူမအကြောင်းများကို စုံစမ်းပြီးနှင့်ပြီး ဖြစ်သည်။
လင်းလင်းက တစ်ခုခု ပြောမိလုမတတ် ဖြစ်သွားလိုက်သေးသည်။ သို့သော် တစ်ခဏမျှ စဉ်းစားပြီးနောက် သူမက မပြောတော့သည်က ပိုကောင်းလိမ့်မည်ဟု တွေးမိသွားခဲ့သည်။ သူမအနေဖြင့် ထိုသူနှစ်ဦး တွေ့ဆုံကြပြီး ဖြစ်ရလိမ့်မည်ဟု မျှော်လင့်ထားပြီး ဖြစ်သည့်အပြင် သူတို့နှစ်ဦးက တစ်ဦးအတွက် ကျန်တစ်ဦးက များစွာ လုပ်ဆောင်ပေးခဲ့ဖူးသည့်အတွက် အပြင်လောကတွင်ပါ ချိန်းတွေ့နေကြလျှင်ပင် ထူးဆန်းလိမ့်မည် မဟုတ်ချေ။
သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ ရန်ငြှိုးရန်စ ရှိနေသည့် ဆက်ဆံရေးဟု သတ်မှတ်၍ ရသော်ငြား ထိုရန်ငြှိုးရန်စများမှာ စွေ့ချီချောင်းကြောင့် ရှင်းလင်းသွားနှင့်ပြီး ဖြစ်သည်။ သူမက အပြုံးခပ်ဖျော့ဖျော့တစ်ပွင့်ကို ချိတ်ဆွဲကာ ပြောလိုက်သည်။
“လူတစ်ယောက်ကို နာမည်နဲ့ပဲ ရင်းနှီးနေရတာက လူကိုယ်တိုင် တွေ့ရတာလောက်တော့ မကောင်းဘူးပဲ... မင်းက အရမ်းကို ငယ်ရွယ်ပြီး အလားအလာ ကောင်းတာပဲနော် programming နယ်ပယ်မှာ ကျွမ်းကျင်မှုကလည်း တကယ်ကို ပြိုင်ဘက်ကင်းပဲ ... မင်းသာ ငါတို့ကုမ္ပဏီကို လာရင် သေချာပေါက် ကြိုဆိုခံရမှာ ...”
ကျန်းထန်ဝေ့သာ LJJ အတွက် အလုပ်လုပ်ပေးဖို့ သဘောတူလိုက်ရင် သိပ်ကောင်းမှာပဲ ...
“ကျွန်တော်က အခုကတည်းက ခင်ဗျားတို့ ကုမ္ပဏီမှာ အလုပ်ဝင်လုပ်နေပြီလေ ရိုက်ကွင်းမှာ အထူးပြုလုပ်ချက် အင်ဂျင်နီယာနေရာကနေ အလုပ်လုပ်နေတာ ...”
ကျန်းထန်ဝေ့က ပြောလိုက်သည်။
“အိုး ... ဟုတ်လား ...”
လင်းလင်းက အံ့ဩသွားဟန်ဖြင့် စွေ့ချီချောင်းကို လှမ်းကြည့်လိုက်သည်။
“ဟားဟား .. ကောင်းတာပေါ့ .. မင်းက တကယ်ကို စွယ်စုံရ ပညာရှင်ပဲ... မင်းရဲ့ အရည်အချင်းတွေကို မှန်ကန်တဲ့ နေရာမှာ အသုံးချတယ်လို့တောင် ပြောလို့ရတယ်... ငါ မှန်းကြည့်ပါဦးမယ် ဒါက မစ္စတာစွေ့ ဒီရှိုးမှာ ပါလို့ မဟုတ်လား... ဒါပေမယ့် မင်းရဲ့ အလုပ်ကို သေချာအာရုံစိုက်လုပ်တာတော့ သေချာပါတယ်နော် ...”
သူတို့နှစ်ဦး၏ လောကဝတ်စကားများကို နားထောင်ရန် ငြီးငွေ့နေသည့် စွေ့ချီချောင်းက ဖြတ်ပြောလိုက်သည်။
“ဘာများဖြစ်လို့လဲ ...”
သူ၏ လင်းလင်းအပေါ် နားလည်ထားမှုအရ သူမထံတွင် သူနှင့် ဆွေးနွေးစရာ တစ်ခုခု ကျိန်းသေ ရှိနေပေသည်။
ထိုတွက်ဆချက်မှာ အမှန်တရားနှင့် ကွက်တိကျနေ၏။ လင်းလင်းက ပြောလိုက်သည်။
“ရှင် အဓိက ပါဝင်ထားတဲ့ နောက်ဆုံးနှစ်ပိုင်းက တော်တော်လေးကို တုံ့ပြန်ချက် ကောင်းတယ်... ဒါရိုက်တာက နောက်ပိုင်းကျ ရှင့်ရဲ့ အခန်းတွေကို ထပ်ထည့်ချင်တယ်တဲ့ အဲဒါကြောင့် ရှင့်ထင်မြင်ချက်ကို လာမေးတာ... ပြီးတော့ ရှင့်အတွက် လှုပ်ရှားမှုတွေ လုပ်ပေးနေတဲ့ ပရိသတ်အုပ်စုလည်း ရှိလာပြီနော် အခု သူတို့က အရမ်းကို အလေးအနက်ကြီး ဆွေးနွေးနေကြတာ... သူတို့က ရှင့်အတွက် စိုက်ပျိုးရေးမျှော်စင်တစ်ခု စပွန်ဆာပေးချင်နေကြတယ်.... ပြီးတော့ ကြိုးကြာဂြိုဟ်ပေါ်က အမြင့်ဆုံးစိုက်ပျိုးရေးမျှော်စင်နဲ့တောင် စာချုပ်ချုပ်ပြီးနေကြပြီ ပြီးတော့ မျှော်စင်ရဲ့ အပြင်ဘက်နံရံကို “မည်းနက်သော နှလုံးသားပိုင်ရှင် လယ်သမားနတ်ဘုရား” နဲ့ “အွန်လိုင်းစိုက်ပျိုးခြင်း” ဆိုတဲ့ စာသားတွေနဲ့ အရောင်ခြယ်ကြမှာတဲ့ ...”
စွေ့ချီချောင်း : “...”
သူမက ဆက်ပြောလိုက်သည်။
“စိတ်ကို သေချာလေးသာ ပြင်ဆင်ထားတော့ ကြည့်ရတာ သတင်းမှာတောင် ပါလာမယ့်ပုံပဲ ပြီးတော့ ရှင့်ကို အင်တာဗျူး လုပ်ချင်တဲ့သူတွေလည်း အများကြီး ရှိလာလိမ့်မယ် ...”
သူမက စကားကို ခပ်ဖော့ဖော့ ပြောလိုက်ခြင်း ဖြစ်သော်ငြား စွေ့ချီချောင်းသာမက ကျန်းထန်ဝေ့ကပါ သူမ၏ ဆိုလိုရင်းကို အသေအချာ သဘောပေါက်ထားကြပြီး ဖြစ်ပေသည်။ ထိုအကြောင်းမှာ သတင်းထဲတွင် ကျိန်းသေ ပါလာမည် ဖြစ်သည်။ ကြိုးကြာဂြိုဟ်က နာမည်ကြီး စိုက်ပျိုးရေးဂြိုဟ်တစ်ခုဖြစ်ကာ ထိုနေရာမှ ထုတ်လုပ်သည့် စားစရာများမှာလည်း အမြဲလိုလို မြင့်မားသည့် ဈေးနှုန်းဖြင့် ရောင်းထွက်ခဲ့ကြသည်။ လူချမ်းသာအချို့ဆိုလျှင် သူတို့၏ အစားအသောက် အထောက်အပံ့အတွက် မျှော်စင်၏ အထပ်တစ်ထပ်လုံးကိုပင် ငှားရမ်းလေ့ ရှိကြသည်။
ထို စိုက်ပျိုးရေးမျှော်စင်ကိုယ်တိုင်ကပင်လျှင် စိတ်ကူးဉာဏ် ရင့်သန်ခြင်း၏ ပြယုဂ်တစ်ခု ဖြစ်နေပေသည်။ ဒေါင်လိုက် တည်ဆောက်ထားသည့် အဆောက်အဦးကြောင့် နေရာလွတ်တိုင်းကို အကောင်းဆုံး အသုံးချနိုင်သည့်အပြင် ၎င်း၏ အမြင့်ကြောင့် "မိုးမျှော်လယ်ကွင်း” ဟုလည်း အများက သိကြသည်။ ထိုမျှော်စင်ထဲတွင် စိုက်ပျိုးသည့် သီးနှံအများစုမှာ မြေမဲ့စိုက်ပျိုးနည်းဖြင့် စိုက်ပျိုးထားခြင်း ဖြစ်ကာ အထွက်နှုန်းမှာလည်း အလွန် မြင့်မားလှသည်။ အလိုအလျောက်စနစ်ကို အပြည့်အဝ တပ်ဆင်ထားသည့်အတွက် အလုပ်လုပ်ချိန်လည်း သက်သာစေပေသည်။ အခြားသော စိုက်ပျိုးရေးမျှော်စင်များစွာ ရှိသေးသည့်တိုင် ကြိုးကြာဂြိုဟ်ပေါ်ရှိ မျှော်စင်မှာ အားလုံးနှင့် ကွဲပြားလှသည်။ ထိုဂြိုဟ်ပေါ်ရှိ မြေ တစ်လက်မချင်းစီကပင်လျှင် ရွှေကဲ့သို့ အဖိုးတန်လှသည်ဟုပင် ပြောနိုင်ပေသည်။
စွေ့ချီချောင်း၏ ပရိသတ်များက အလွန်တိတ်ဆိတ်ငြိမ်သက်သူများဟု ပြော၍ရသည့်တိုင် သူ့ကို ထောက်ခံအားပေးရမည့် ကိစ္စများနှင့် ပတ်သက်လာပါလျှင် လွန်စွာ ကျွမ်းကျင်ကြပေသည်။ သူတို့က season လေးခုတိတိ သူတို့၏ စိတ်ကို ထိန်းချုပ်ထားခဲ့ရကာ စွေ့ချီချောင်းဘက်မှ ပရိသတ်နှင့် လှုပ်ရှားမှုများတွင် စတင်ပါဝင်လာကမှ သူတို့၏ ထောက်ခံအားပေးမှုများကို ဖွင့်ထုတ်ချပြစရာ နေရာ ရှာတွေ့သွားရတော့သည်။
နောက်ဆုံးတွင် သူတို့က စွေ့ချီချောင်းကို စိုက်ပျိုးရေးမျှော်စင်တစ်ခု စပွန်ဆာ ပေးနိုင်သွားပြီ ဖြစ်သည်။
မင်းသာ သူ့ကို တကယ် ချစ်တယ်ဆိုရင် သူ့ကို မြေတစ်ကွက်လောက် ပေးပြီးတော့ စိတ်တိုင်းကျ လွတ်လွတ်လပ်လပ် စိုက်ပျိုးခိုင်းသင့်တာပေါ့ ...
စိုက်ပျိုးရေးမျှော်စင်က စွေ့ချီချောင်း၏ စိုက်ပျိုးလိုသည့် စိတ်ဆန္ဒများကို အပြည့်အဝ ဖြည့်ဆည်းမပေးနိုင်ချေ။ သို့မဟုတ်ပါလျှင် သူသည် LJJ နှင့်ပင် စာချုပ်ချုပ်မိလိမ့်မည် မဟုတ်ချေ။ သို့သော် သူ့ပရိသတ်များ၏ စိတ်နှလုံးနွေးထွေးဖွယ် ရည်ရွယ်ချက်များကြောင့် ရင်ထဲ ထိရှသွားခဲ့ရတော့သည်။
သို့သော် သူ့ဘေးတွင် ရှိနေသည့် ကျန်းထန်ဝေ့၏ အမူအရာမှာမူ အလွန် ရှုပ်ထွေးနေပေသည်။
ဟို မုတ်ဆိတ်နဲ့ဦးလေးကြီး ပြောသွားတာ အမှန်ပဲလား ငါက တကယ်ကို ပရိသတ်အစစ် မဟုတ်သေးဘူးလား ...
မည်သို့ပင်ဖြစ်စေ သူကညသူ့ထံ၌ ထိုမျှ များပြားသော ငွေပမာဏများ မရှိကြောင်းကို မျက်နှာပြောင်ပြောင်ဖြင့် ထုတ်ပြောခဲ့လိုက်ဆဲပင်။ စွေ့ချီချောင်းက သူ့ကို တရားမဝင်သည့် နည်းလမ်းများ အသုံးမပြုရန် ပြောထားသည့်အတွက် ထိုနည်းလမ်းများ အသုံးပြုကာ စွေ့ချီချောင်းအတွက် စိုက်ပျိုးမြေများ ဝယ်ပေးရန်လည်း မဖြစ်နိုင်တော့။ ကျန်းထန်ဝေ့က တွေးလေလေ ပိုပြီး မွန်းကြပ်မှုကို ခံစားလာရတော့သည်။
ငါတော့ ရှုံးသွားပြီ ...
လင်းလင်းက စွေ့ချီချောင်း၏ ပခုံးကိုဖိလိုက်သည်။
“လူကြီးမင်းစွေ့ အားတဲ့အချိန်ကျရင် အဲဒီ စိုက်ပျိုးရေးမျှော်စင်ကို သွားရမယ်နော်... ရှင့်နာမည်နဲ့ စာချုပ်ချုပ်ထားတာဆိုတော့ အဲဒါကို စီမံခန့်ခွဲရမယ်လေ... ပြီးတော့ ရှင့်ရဲ့ နာမည်အောက်မှာ ရှိနေတဲ့မြေက ကောင်းကောင်းလည်း စိုက်ပျိုးထားတာ မရှိဘူးဆိုပြီး တစ်ခြားသူတွေ ပြောတာကို ခံရရင် မကောင်းဘူး မဟုတ်လား...”
စွေ့ချီချောင်း : “ သဘောပေါက်ပါပြီ ...”
လင်းလင်း : “ဒါနဲ့ ကျွန်မတို့တွေ ဘာကို စိုက်ကြမလဲ ...”
စွေ့ချီချောင်းက ကြောင်အနေဆဲပင်။
“အဲဒါတွေကို ဖန်အုပ်စုကနေတစ်ဆင့် ပရိသတ်တွေထဲကို ဖြန့်ပေးလိုက်ရုံပဲ ...”
လင်းလင်းက အကောင့်များကို ရေတွက်ပြီးနောက် သဘောတကျ ရယ်မောလိုက်သည်။
“သူတို့တွေက တော်တော်လေးကို အသုံးဝင်တယ်လို့ ဘာလို့ ထင်နေမိပါလိမ့် ...”
စွေ့ချီချောင်း ကြိုးကြာဂြိုဟ်သို့ သွားသည့်အခါ ကျန်းထန်ဝေ့က သူလည်း အတူ လိုက်ပါခွင့်ရရန် အပြင်းအထန် တောင်းဆိုခဲ့သည်။
သူတို့ကို အင်တာဗျူးရန် သတင်းထောက်အုပ်စုတစ်စုက ကြိုးကြာဂြိုဟ်ပေါ်သို့ ဦးစွာသွားနှင့်နေကြပြီ ဖြစ်သည်။ မျှော်စင်၏ အပြင်ပိုင်းကို အမှန်တကယ်ပင် ဆေးခြယ်ထားကာ “စိတ်နှလုံး မည်းနက်သည့် လယ်သမားနတ်ဘုရား” “အွန်လိုင်းစိုက်ပျိုးရေး” ဟူသည့် စကားလုံးများကိုသာမက သူ့အစီအစဉ်တွင် စွေ့ချီချောင်း ပြောခဲ့ဖူးသည့် “အချစ်က အဓိပ္ပါယ်မရှိဘူး” “မင်းက စိုက်ပျိုးရေးလုပ်တယ်ဆိုတာ ဘာလဲဆိုတာ မသိပါဘူး” နှင့် “ဧကရာဇ်လုပ်ရတဲ့ နေရာမှာ ကျွမ်းကျင်တယ်” ဟူသော ပြောင်မြောက်လှသည့် ရွှေစကားလုံးများကိုလည်း ရေးသားထားခဲ့ကြသေးသည်။
ဂြိုဟ်ပေါ်တွင် အမြင့်မားဆုံးဖြစ်သည့် အခြားသော နည်းပညာဆိုင်ရာ လယ်ကွင်းများ၏ အထက်တွင် မားမားမတ်မတ် တည်ရှိနေသော မျှော်စင်မှာ ရေးသားထားသည့် စာသားများကြောင့် အလွန်အမင်း သိသာထင်ရှားနေပေတော့သည်။
စွေ့ချီချောင်းက ထိုမြင်ကွင်းမျိုး မြင်တွေ့ရလိမ့်မည်ဟု စိတ်ကို ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည့်တိုင် အမှန်တကယ် ကြုံတွေ့လိုက်ရသည့်အခါ နှုတ်ခမ်းထောင့်စွန်းတို့ အနည်းငယ် တောင့်တင်းသွားတော့သည်။ သူက ခေါင်းကို ငုံ့ထားလျက် စိုက်ပျိုးရေးမျှော်စင်ထဲသို့ အမြန်ဝင်သွားလိုက်သည်။
စွေ့ချီချောင်းက သူ့ကို ထိုကဲ့သို့သော လက်ဆောင်မျိုး ရရှိခဲ့ရသည့်အတွက် ပျော်ရွှင်ခြင်း ရှိမရှိ မေးမြန်းသူတိုင်းကို ကျေးဇူးတင်ကြောင်း ပြန်ပြောကာ လက်ဆောင်များလည်း ပေးခဲ့သည့်အတွက် သူ့ဓာတ်ပုံကို ရိုက်ခွင့်ရလိုက်သည့် သတင်းထောက်များနှင့် စိုက်ခင်းပိုင်ရှင်မှာ အလွန် ကျေနပ်ဝမ်းသာသွားတော့သည်။ သူတို့၏ အလုပ်များ ပြီးစီးရန် လုံလောက်သည့်အပြင် သတင်းထောက်များအတွက်လည်း သတင်းတစ်ပုဒ်ရေးရန် လုံလောက်နေပြီး ဖြစ်သည်။ စွေ့ချီချောင်း၏ ဘေးတွင် လိုက်လာသည့် လူငယ်လေးကိုမူ အားလုံးက သူ့လက်ထောက်တစ်ဦးဦး ဖြစ်လိမ့်မည်ဟုသာ ထင်ခဲ့ကြသည်။
စွေ့ချီချောင်းက မျှော်စင်ပေါ်ရှိ ရှုမျှော်ခင်း ကြည့်သည့်နေရာ၊ သီးသန့် စားသောက်ဆိုင်နှင့် ဒေသမျိုးရင်းများ စိုက်ပျိုးထားသည့် လယ်ကွက်အသေးလေးတစ်ခု ပါဝင်သော အပေါ်ဆုံးထပ်သို့ တက်သွားလိုက်သည်။ ထိုနေရာကို ကုမ္ပဏီများနှင့် မျှော်စင်တစ်ခုလုံးနှင့် စာချုပ်ချုပ်ထားသော တစ်သီးပုဂ္ဂလပုဂ္ဂိုလ်များကိုသာ ဝင်ခွင့်ပြုထားပြီး စိတ်ပင်ပန်းနွမ်းနယ်လာချိန်တိုင်း ခေတ်ဟောင်း စိုက်ပျိုးရေးစတိုင် ပတ်ဝန်းကျင်တွင် အပန်းဖြေ အနားယူနိုင်ကြပေသည်။ ထို့အပြင် စိုက်ပျိုးရေးမျှော်စင်ပိုင်ရှင်ကို စောင့်ရှောက်ပေးမည့် စက်ရုပ်များလည်း ရှိနေသေး၏။
စွေ့ချီချောင်းက ဆိုဖာပေါ် ထိုင်ကာ ထိုနေရာ၏ စိုက်ပျိုးရေးစနစ်ကို စတင်အကဲခတ်လိုက်တော့သည်။
ကြိုးကြာဂြိုဟ်က အကျိုးကျေးဇူး အများဆုံး စိုက်ပျိုးရေးစနစ်ကို မြှင့်တင်ပေးခဲ့ကာ ၎င်း၏ အာရုံခံစနစ်၊ စိုက်ပျိုးရေးနည်းလမ်း၊ ဆည်ရေသွင်းခြင်း စနစ်နှင့် ရာသီဥတုကို ထိန်းချုပ်ခြင်းတို့မှာ လက်ရှိအချိန်တွင် ကြယ်ပွင့်အဆင့်သို့ပင် ရောက်ရှိနေကြပြီ ဖြစ်သည်။ စုစည်းထားသော အချက်အလက်များကို ထည့်သွင်းပြီးသည်နှင့်တစ်ပြိုင်နက် စက်က အချက်အလက်အားလုံးကို အသေးစိတ် စစ်ဆေးပေးမည်ဖြစ်ရာ စိုက်ပျိုးထားသော သီးနှံများအတွက် လိုအပ်သည်များကို သီးသန့် ပြင်ဆင်နေရာချထားပေးနိုင်မည် ဖြစ်ပေသည်။ ထိုကဲ့သို့သော တိကျကာ သိပ္ပံနည်းကျသည့် စနစ်မျိုးကြောင့် အရဲစွန့်ရခြင်းမျိုး မရှိတော့ဘဲ ပုံသေဖြစ်သော အထွက်နှုန်းကိုပါ ရရှိနိုင်ခဲ့သည်။
မြေပေါ်တွင် စိုက်ပျိုးသည့် ခေတ်ကာလက အထွက်နှုန်းနှင့် နှိုင်းယှဉ်ပါလျှင် ယခုလက်ရှိ အထွက်နှုန်းမှာ အဆပေါင်း တစ်ဒါဇင်ထက် ပိုမိုသာလွန်သည့်အပြင် ရေနှင့် အခြား လိုအပ်သည့် အရင်းအမြစ် ပမာဏမှာလည်း ယခင် လိုအပ်သည်များ၏ ၁၀ ပုံ ၁ပုံခန့်သာ လိုအပ်တော့သည်။
သို့သော် စွေ့ချီချောင်း၏ အမြင်တွင်မူ ၎င်းက တိုးတက်ရန် လိုအပ်နေဆဲ ဖြစ်သည်။
ကျန်းထန်ဝေ့က ဖောက်ထွင်းမြင်နေရသည့် မှန်ချပ်ကို မှီကာ အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
“အနာဂတ်မှာ မင်းကို စိုက်ပျိုးရေးမျှော်စင်တစ်ခု ပေးမယ် ဒီဟာထက် ပိုမြင့်ပြီး အသစ်စက်စက်နော် ...”
သူက စွေ့ချီချောင်း၏ စကားကိုမစောင့်ဘဲ နောက်ထပ် ထပ်ပြောလိုက်ပြန်၏။
“တရားဝင် ရှာထားတဲ့ ငွေနဲ့ပဲသုံးပြီး လုပ်ပေးမှာ အခုကစပြီး ကျွန်တော် အဲဒါအတွက် ရည်ရွယ်ပြီး ငွေစုတော့မလို့ ...”
🌲🌲🌲