👥️Chapter 17
ယန်ကျွယ့်က ယန်အန်းယုသည် ကားမတော်တဆမှုကြောင့် ဆေးရုံတက်ရပြီးနောက်ပိုင်း အိမ်ပြန်လာချိန်မှစ၍ လက်ထပ်လက်စွပ်ကို လုံးဝ မဝတ်တော့ကြောင်းကို ထန်းကော်ထံမှတစ်ဆင့် သိထားခဲ့သည်။
ယခုလက်ရှိ ယန်အန်းယုသည် ယခင်နှင့် လုံးဝ မတူ၊ နေ့ရှိသရွေ့ ယီချန်းယန်၏ အကြောင်းကို တဖွဖွ ပြောနေခြင်းလည်း မရှိတော့သလို မူးယစ်သောက်စားကာ အော်ဟစ်ငိုယိုခြင်း ပြဿနာရှာခြင်းလည်း မရှိတော့ချေ။ ပျင်းရိကာ အလေလိုက်နေခြင်း မရှိတော့သည့်အပြင် ရည်မှန်းချက်ပန်းတိုင်တစ်ခု ရှိလာကာ အနုပညာလောကထဲသို့ ဝင်ရောက်နိုင်ရန်အတွက် သူ၏ အဆိုအကစွမ်းရည် တိုးတက်လာအောင် ကြိုးကြိုးစားစား လေ့ကျင့်လာတော့သည်။
ယန်အန်းယုက အားလုံးကို အဆုံးသတ်တော့မယ်လို့ တွေးနေတာများလား ...
ယန်ကျွယ့်က ထိုသို့ ကောက်ချက်ချလိုက်သည်။ သူ့ညီလေးအဖို့ ထို ကျိုးကြောင်းဆီလျော်မှု မရှိသည့် ထိမ်းမြားမှုကို အမြန်ဆုံး လက်လျော့နိုင်လေ ကောင်းလေပင် ဖြစ်သည်။
“...”
ယန်အန်းယုက လုံးဝဥဿုံ ကြောင်အကာ ဆွံ့အသွားတော့သည်။
စင်စစ်အားဖြင့် သူသည်လည်း ထိုကဲ့သို့ တွေးခဲ့ဖူးပေသည်။ သူနှင့် ယီချန်းယန်သည် လက်ထပ်ထားသူများ ဖြစ်ကြသည့်တိုင် နှစ်ဦးအကြား၌ မည်သည့် ခံစားချက်မျှ ရှိမနေပေ။
သူက မူလကိုယ်သည် ယီချန်းယန်ကို အလွန် သဘောကျခဲ့ကြောင်း သိထားသည့်တိုင် ယီချန်းယန်ကမူ "ယန်အန်းယု” ကို လုံးဝ သဘောမကျခဲ့ချေ။ ထို့အပြင် သူကိုယ်တိုင်သည်လည်း ယီချန်းယန်ကို လေးစားအားကျကာ သူနှင့် မိတ်ဆွေဖြစ်လိုသည်မှအပ အခြားသော ခံစားချက်များ ရှိမနေချေ။
သူတို့သည် သခင်နှင့် ငယ်သား သို့မဟုတ် မိတ်ဆွေများ ဖြစ်လာနိုင်ပေသည်။ သို့သော် ယန်အန်းယုထံ၌ တစ်ဖက်လူ၏ ချစ်သူ ဖြစ်လိုသည့် အတွေးမျိုးတော့ လုံးဝ ရှိမနေချေ။
“ကော .. ကျွန်တော်သာ သူနဲ့ ကွာရှင်းလိုက်ရင် ...”
သူ့အကြည့်တို့ မှုန်မှိုင်းသွား၏။
“သူနဲ့ ဆက်ပြီး နေလို့မရတော့ဘူးဆိုတဲ့ သဘောလား သူ့ကို ခဏခဏလည်း မတွေ့ရတော့ဘူးပေါ့နော် ...”
ယန်ကျွယ့်မှာ ပိတ်လှောင်ထားသည့် ဒေါသအားလုံး ပေါက်ကွဲထွက်လာကာ ရယ်ချင်စိတ်ကိုပါ တစ်ပါတည်း ခံစားလိုက်ရသည်။
“အခုရော သူနဲ့ ခဏခဏ တွေ့နေရလို့လား ...”
ယန်အန်းယု “...”
“အဲဒီ့ ဝမ်ရှင်းကျင်းယွမ် ဟုတ်လား အဲဒီ့နေရာက မင်းတို့နှစ်ယောက်ရဲ့အိမ် ဟုတ်လို့လား ယန်အန်းယု အဲဒီ့မှာ အမြဲတမ်း မင်းတစ်ယောက်တည်းပဲ နေခဲ့ရတာနော် ...”
ယန်ကျွယ့်က ပြောလိုက်သည်။
လတ်တလောအတွင်း ယန်အန်းယုသည် တစ်ဖြည်းဖြည်း ပြောင်းလဲလာသည့်တိုင် ယီချန်းယန်ကမူ ယခင်အတိုင်း အေးစက်နေဆဲ ဖြစ်သည်။ ထို့အပြင် များပြားလှသည့် အလုပ်တာဝန်များအကြား နစ်မွန်းနေသောကြောင့် အိမ်ပြန်ကာ သူ့ကို အဖော်ပြုပေးသည့် အကြိမ်ရေမှာ လက်ချိုးရေ၍ ရနိုင်လောက်အောင်ပင် နည်းပါးလွန်းလှသည်။
ပြီးခဲ့သည့် နှစ်ဝက်ခန့် ... နာမကျန်းမှုကြောင့် ယန်ဖန်း သေဆုံးခဲ့သည့် အချိန်လောက်တွင် ယီချန်းယန်နှင့် ရှန်းဟွမ်မီဒီယာ၏ စာချုပ်သက်တမ်းလည်း ကုန်ဆုံးသွားခဲ့သည်။ ယန်ကျွယ့်က ယီချန်းယန်သည် ကုမ္ပဏီမှ ထွက်သွားလိမ့်မည်ဟုသာ တစ်ထစ်ချ တွေးခဲ့သော်ငြား ထင်မှတ်မထားစွာဖြင့် တစ်ဖက်လူသည် စာချုပ်ကို သက်တမ်းတိုးကာ ယန်အန်းယုနှင့်ပင် လက်ထပ်မှတ်ပုံတင် လုပ်ခဲ့လိုက်သေးသည်။
ယန်ဖန်းက ယန်အန်းယုကို ပိုင်ဆိုင်မှု အများအပြား လွှဲပြောင်းပေးခဲ့သည်။ သူတို့နှစ်ဦး၏ ရှယ်ယာများကို အတူတူ ပေါင်းထည့်လိုက်သည့်အခါ ယီချန်းယန်သည် ရှန်းဟွမ်ကုမ္ပဏီ၏ ရှယ်ယာရှင်တစ်ဦး ဖြစ်လာတော့သည်။
ယီချန်းယန်သည် သရုပ်ဆောင်ရာ၌ အလွန် ကျွမ်းကျင်ပြောင်မြောက်သူ ဖြစ်သည့်အလျောက် သူ၏ ပုံစံအစစ်အမှန်နှင့် အတွေးများကို အလွယ်တကူ အကဲခတ်၍ မရပေ။ ယန်ကျွယ့်က သူ၏ ရည်ရွယ်ချက်များကို အလွယ်တကူ အကဲမခတ်နိုင်သည့်အတွက် သူ့ကို အထူးတလည် မျက်မုန်းကျိုးလာမိခဲ့သည်။
“ယန်အန်းယု မင်းက တကယ်ကို အရူးပဲ .. အဲဒီ့ ခွေးကောင်က ဘာတွေ ကောင်းနေလို့ သူ့ကို ထားခဲ့ဖို့ တုန့်ဆိုင်းနေရတာလဲ သူက မင်းကို နည်းနည်းလေးတောင် သဘောမကျဘူးကွ တစ်ချိန်ချိန် မင်းနဲ့သူ လက်ထပ်ထားတဲ့အကြောင်းကို လူတွေ သိသွားရင် မင်းကို သေချာပေါက်ကို စွန့်ပစ်သွားမှာ ...”
“...”
ယန်အန်းယုမှာ မည်သို့မှ ပြန်မပြောနိုင်။
သူ ပြောတာလည်း ဟုတ်သားပဲ ဒီအဖြစ်တွေက ဘယ်လိုမှ ရှောင်လွှဲလို့ ရမှာ မဟုတ်ဘူးလေ ...
သူသည်လည်း တစ်ချိန်ချိန်တွင် ယီချန်းယန်က သူ့ကို စွန့်ပစ်သွားနိုင်သည်ဟု မသိမသာ ခံစားမိနေပေသည်။ အိမ်သို့ တစ်ဖြည်းဖြည်း ပြန်မလာတော့ရာမှ သူ့ကို လုံးဝဥဿုံ စွန့်ပစ်သွားတော့မည် ဖြစ်သည်။
“သေသေချာချာ စဉ်းစား မိုက်ရူးရဲဆန်မနေနဲ့ သူ စွန့်ပစ်တာကို ခံရမယ့်အချိန်ကို ထိုင်စောင့်နေမယ့်အစား မင်းဘက်ကပဲ အရင်စပြီး လမ်းခွဲလိုက် ...”
ယန်အန်းယုက ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် တစ်ခုခုကို ရုတ်တရက် တွေးမိသွားဟန်ဖြင့် စာရွက်နှင့် ဘောပင်ကို ဆွဲထုတ်ကာ ဖုန်းနံပါတ်တစ်ခုကို ချရေးလိုက်သည်။
“ကော .. ဒီဖုန်းနံပါတ်ကို သိလား ...”
သူက စာရွက်ကို ယန်ကျွယ့်အား ပြလိုက်သည်။
ယန်ကျွယ့်က အနည်းငယ် စိတ်ရှုပ်ထွေးသွား၏။ သူ့ဖုန်းကို ထုတ်ကာ မှတ်ထားသည့် ဖုန်းနံပါတ်များအား လှန်လှောကြည့်ရှုလိုက်သည့်အခါ ထိုနံပါတ်မှာ ...
“ယီချန်းယန် ...”
သူက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။ စိတ်ထဲတွင်မူ ထို ရုပ်ရှင်ဧကရာဇ်အား ဖုန်းနံပါတ် ပြောင်းထားပါစေဟု တိတ်တဆိတ် ဆုတောင်းနေခဲ့သည်။
ယန်အန်းယုမှာ မလှုပ်ရှားနိုင်ဘဲ နေရာတွင် မင်သက်သွားတော့သည်။
သူသည် ထို ဖုန်းနံပါတ်၏ ပိုင်ရှင်နှင့် စပ်လျဉ်း၍ ခန့်မှန်းမှုများစွာ ပြုလုပ်ခဲ့ဖူးသည့်အပြင် တစ်ဖက်လူက သူ့ကို သေချာပေါက် သိနေလိမ့်မည်ဟုလည်း ခန့်မှန်းမိခဲ့၏။
သူက တစ်ဖက်လူမှာ ယီချန်းယန် ဖြစ်နိုင်သည်ဟု ကြိမ်ဖန်များစွာ တွေးခဲ့ဖူးသည့်တိုင် အစမှ အဆုံးအထိ တစ်ကြိမ်မျှပင် အတည်မပြုရဲခဲ့ချေ။
“ကော .. အခုအချိန်အထိတော့ ကျွန်တော် သူနဲ့ မကွာရှင်းချင်သေးဘူး ...”
နဖူးကို လက်ဖြင့် ဖိထားလိုက်သည့် ယန်ကျွယ့် “...”
ဒီညီငယ်လေးက တကယ်ကို လူကပ်တာပဲဟ ...
သူက ကားမတော်တဆမှု ဖြစ်ပြီးနောက်ပိုင်း ယန်အန်းယု၏ ဦးနှောက်လည်ပတ်ပုံမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီဟု ထင်မှတ်ထားခဲ့မိ၏။ သို့သော် ယီချန်းယန်နှင့် ပတ်သက်လာပါလျှင် ညီငယ်လေးမှာ ယခင်အတိုင်း ခေါင်းမာနေဆဲပင် ဖြစ်ပေသည်။
“ကော .. ကျွန်တော် အိမ်ပြန်ချင်တယ် ...”
“ဟမ် ...”
ယန်ကျွယ့်မှာ မပျော်မရွှင် ဖြစ်သွားသည့်ဟန်ပင်။
“ဒါ မင်းရဲ့အိမ် မဟုတ်လို့လား ...”
“ကျွန်တော် ...”
ယန်အန်းယုက လက်သီးကို ကျစ်ကျစ်ဆုပ်ကာ အားတင်း၍ ပြောလိုက်သည်။
“သူ့ကို သွားတွေ့ချင်တယ် ...”
“သူ” ဆိုသည်မှာ ယီချန်းယန်ကို ဆိုလိုခြင်း ဖြစ်သည်။
ယန်ကျွယ့်၏ အကြည့်တို့က ချက်ခြင်း ခက်ထန်လာတော့သည်။
“မရဘူး ...”
ယန်အန်းယုက သူ့ကို မျက်တောင်ပုတ်ခတ်ပုတ်ခတ်လိုက်ကာ သနားစဖွယ် မျက်နှာလေးဖြင့် စိုက်ကြည့်လိုက်သည်။
ညီလေးက ဟို အမှိုက်ကောင်အတွက်နဲ့ ဒီလို အကွက်တွေကိုတောင် ထုတ်သုံးတတ်နေပြီပေါ့ ...
ဥက္ကဌယန်မှာ ပို၍ပင် စိတ်လက်မကြည်မသာ ဖြစ်လာသော်ငြား မတတ်နိုင်စွာဖြင့် ခြေတစ်လှမ်း နောက်ပြန်ဆုတ်ပေးလိုက်ရတော့သည်။
“အခုချက်ခြင်းကတော့ မရဘူး မှောင်နေပြီ ပြီးတော့ အပြင်ဘက်မှာ မိုးကလည်း တအားကို သည်းနေတာ မနက်ဖြန်မှ ဆက်ပြောကြတာပေါ့ ...”
“ကျေးဇူးပါ ကောကော ...”
ယန်အန်းယုက ပြုံးကာ ပြောလိုက်သည်။
ထို့နောက်တွင် ယန်ကျွယ့်က စာဖတ်ခန်းထဲသို့ ပြန်သွားလိုက်သည်။ ယန်အန်းယုမှာမူ စာဖတ်ရန်လည်း စိတ်မပါတော့သည့်အတွက် သူ့ဖုန်းထဲသို့ ပို့ထားသည့် စာတိုများကိုသာ ပြန်ဖတ်ကြည့်နေလိုက်သည်။ နှလုံးသားတစ်ခုလုံး နွေးထွေးသွားကာ နှုတ်ခမ်းထက်ရှိ အပြုံးတို့မှာလည်း ပိုမို နက်ရှိုင်းလာတော့သည်။
ထိုစဉ် QQ group chat မှ စာအသစ်တစ်စောင် ရောက်လာခဲ့သည်။
Group admin မိန်ကျဲမှ အဖွဲ့သားအားလုံးကို ယီချန်းယန်သည် မနက်ဖြန်တွင် B မြို့တော်သို့ သွားရောက်မည်ဖြစ်ကြောင်း အသိပေးခဲ့သည်။
[ မိန်ကျဲ : ဘော့စ်ယီရဲ့ လေယာဉ်အချိန်က မနက်ဖြန် မနက် ၇ နာရီတဲ့ ငါတို့တွေ သူ့ကို လိုက်ပို့ဖို့ လူစုကြရအောင်လေ *^____^**^____^*]
ယန်အန်းယုသည် ယီချန်းယန်၏ fan club member တစ်ဦး ဖြစ်ပေသည်။ ထိုအဖွဲ့ထဲသို့ မဝင်ရောက်မီ သူသည် ယီချန်းယန်နှင့် ပတ်သက်သည့် မေးခွန်းများစွာကို ဖြေဆိုကာ ကြိမ်ဖန်များစွာ အစစ်ဆေးခံခဲ့ရသည်။
ထိုသတင်း ထွက်လာသည်နှင့်တစ်ပြိုင်နက် ဂရုတစ်ခုလုံး ချက်ခြင်း သက်ဝင်လှုပ်ရှားသွားတော့၏။
နီကီတာ : သိပါပြီ ...
လန်း : ငါ့ကိုလည်း ခေါ်ကြပါဦး ヾ(≧▽≦*)o ...
ယန်ကောရဲ့ ခြေတံရှည်လေး : ဝိုး .. fansite နတ်ဘုရားမ နှစ်ပါးပဲဟ .. မပြေးနဲ့ ...
နန်နန် : မိန်ကျဲ ကျွန်မလည်း သွားမှာ ဒါပေမယ့် ဒီရက်ပိုင်း ဘော့စ်ယီက အရမ်း အလုပ်များနေတယ်နော် နေ့တိုင်းကို လေယာဉ်စီးပြီး ဟိုဟိုဒီဒီ သွားနေရတာ သူ့အစား စိတ်အိုက်လိုက်တာ ...
သို့သို့ကျွင်း : အမ် ဒါပေမယ့် ဒါနဲ့ပတ်သက်ပြီး ဘာမှ လုပ်နိုင်တာလည်း မရှိဘူး အားလုံးပဲ မနက်ဖြန်ကျရင် စည်းကမ်းတကျ နေကြမယ်နော် ယန်ကောကို ပြဿနာ မဖြစ်စေနဲ့ ...
ထိုစကားဝိုင်းကို မြင်လိုက်ရသည့်အခါ ယန်အန်းယု၏ အပြုံးတို့ အေးခဲသွားတော့သည်။
ယီချန်းယန်က နောက်တစ်ကြိမ် ထွက်သွားရဦးမှာလား ဒီတစ်ခါဆို ဘယ်လောက်တောင် ကြာဦးမှာလဲ မသိဘူး ...
ည ဆယ်နာရီ ဝန်းကျင်ခန့်ပင် ရှိနေပြီဖြစ်ကာ မိုးကလည်း သည်းထန်စွာ ရွာသွန်းနေ၏။ ယန်အန်းယုက ဖုန်းကို တင်းကြပ်စွာ ဆုပ်ကိုင်ထားရင်း အခန်းထဲတွင် ခေါက်တုန့်ခေါက်ပြန် လျှောက်နေခဲ့သည်။ ထို့နောက်တွင်မူ စိတ်ကို ဆုံးဖြတ်လိုက်ဟန်ဖြင့် လီယဲ့ကို ဖုန်းခေါ်လိုက်၏။
“ယန်ရှောက်ယဲ့ ? …”
လီယဲ့က အနည်းငယ် အံ့ဩသွားခဲ့သည်။
“မစ္စတာလီ အနားယူနေတာကို နှောင့်ယှက်မိသွားလား မသိဘူး ကျွန်တော် တစ်ခုလောက် အတည်ပြုချင်လို့ပါ မနက်ဖြန်ကျ စီနီယာယီနဲ့အတူ တစ်ခြားမြို့ကို သွားရမှာလား ...”
အခြားလူများ၏ အရှေ့တွင် ယန်အန်းယုသည် “စီနီယာယီ” ဟုသာ သုံးနှုန်းနေဆဲ ဖြစ်ကာ သူက ဤသည်ကို သာမန် လောကဝတ်စကားဟု သတ်မှတ်ထား၏။
လီယဲ့က အနည်းငယ် အံ့ဩသွားကာ ခပ်ဖျော့ဖျော့ပြုံးရင်း ပြန်ဖြေလိုက်သည်။
“ဟုတ်ပါတယ် ကျွန်တော်တို့တွေ မြို့တော်ဘီမှာ တစ်ပတ်လောက် နေမယ်လို့ စိတ်ကူးထားတယ် ...”
ယန်အန်းယုက “အိုး”ဟုသာ ပြန်ဖြေလိုက်၏။ သူ့ပုံစံမှာ အနည်းငယ် စိတ်ပျက်သွားသည့်ဟန်ပင်။
ယီချန်းယန်က မနက်ဖြန် ခရီးသွားရတော့မှာဆိုတော့ ကြည့်ရတာ သူ အိမ်ကို ပြန်ဖို့ မလိုအပ်တော့ဘူး ထင်ပါတယ် ...
“ယန်ရှောက်ယဲ့ အခုထိ ယန်အိမ်တော်မှာ ရှိနေတုန်းလား ...”
“အင်း ...”
“ချန်းယန်က ခင်ဗျားကို အိမ်မှာ စောင့်နေတယ် ....”
တစ်ခဏမျှ တွေးပြီးနောက် လီယဲ့က ဆက်မပြောတော့ရန် ဆုံးဖြတ်လိုက်သည်။
“...”
ယန်အန်းယုက ကြောင်အသွားကာ သူ့နားကိုပင် မယုံနိုင်တော့ချေ။
လီယဲ့က သက်ပြင်းဖွဖွချကာ ဆက်ပြောလိုက်၏။
“တကယ်တမ်းတော့ ဒီရက်ပိုင်းတွေထဲမှာ ချန်းယန်က ခင်ဗျားကို အိမ်မှာ အမြဲတမ်း စောင့်နေခဲ့တာ ခင်ဗျားတို့နှစ်ယောက် မတွေ့ဖြစ်တာလည်း ကြာနေပြီ မဟုတ်လား အနည်းဆုံး သူ ခရီးမထွက်ခင် တစ်ခေါက်လောက်တော့ တွေ့သင့်တယ်လို့ ထင်တယ် ...”
“ကျွန်တော် နားလည်ပြီ ကျေးဇူးတင်ပါတယ် ...”
ထို့နောက် ယန်အန်းယုက ဖုန်းချလိုက်ကာ ကျောပိုးအိတ်ကို ကောက်ဆွဲ၍ ဂျာကင်အင်္ကျီကို ဝတ်ရင်း အပြင်ဘက်သို့ ရေးကြီးသုတ်ပျာ ပြေးထွက်သွားလိုက်သည်။
****
S မြို့တော် ဝမ်ရှင်းကျင်းယွမ်၌ ...
နောက်တစ်ကြိမ် ခရီးထွက်ရလိမ့်ဦးမယ် ...
သူ အိမ်တွင် မရှိသည့်အခါ ယန်အန်းယုတစ်ယောက် ကောင်းကောင်းမွန်မွန် ချက်ပြုတ်မစားမည်ကို စိုးရိမ်သည့်စိတ်ကြောင့် ယီချန်းယန်သည် ရေခဲသေတ္တာထဲတွင် စားစရာများ အလျှံပယ် ဖြည့်တင်းကာ ဆိုဖာပေါ်တွင် ပါပီရုပ်များ ပါရှိသည့် အေပရွန်တစ်ထည်ကို တင်ထားလိုက်သည်။
အပြင်စာများ စားရခြင်းနှင့် နှိုင်းယှဉ်ပါလျှင် ယန်အန်းယုသည် လတ်တလောတွင် သူကိုယ်တိုင် ချက်ပြုတ်ရခြင်းကို ပိုမိုနှစ်သက်မိနေကာ ဟင်းလျာအသစ်များကိုလည်း တီထွင်ချက်ပြုတ်လေ့ ရှိခဲ့သည်။ သူက အလွန် ထူးကဲကောင်းမွန်လှသည့် ဟင်းလျာများကို ချက်ပြုတ်ရန်ပင် စဉ်းစားနေခဲ့သေးသည်။
ထို့အပြင် သူက ခွေးပေါက်စလေးများကိုလည်း သဘောကျသေး၏။
ခါးသီးစွာ ရယ်မောလိုက်ကာ ယီချန်းယန်က သူ့လုပ်ရပ်များမှာ အပိုလုပ်ရပ်များလေလားဟု ခံစားမိလာခဲ့သည်။
အထုပ်အပိုးများကို ပြင်ဆင်ကာ တစ်ရေးတစ်မောခန့် အိပ်ရန်အတွက် သူ့အခန်းထဲသို့ ပြန်သွားမည် ပြုစဉ် ယီချန်းယန်၏ ဖုန်းထဲသို့ စာတစ်စောင် ဝင်လာခဲ့သည်။
[ ကျွန်တော့်ကို စောင့်နေပေး ]
စာ ရောက်လာချိန်မှာ သန်းခေါင်ယံကိုပင် ကျော်လွန်နေပြီ ဖြစ်သည်။ သူက ဖုန်းစခရင်ကို အကြောင်သား ငေးကြည့်မိနေစဉ် နောက်တစ်စက္ကန့် အကြာတွင် တံခါးဝမှ ဘဲလ်မြည်သံကို ကြားလိုက်ရတော့သည်။
သူက တံခါးကို ဖွင့်ကြည့်လိုက်သည့်အခါ မိုးရေများဖြင့် စိုရွှဲနေသည့် ခွေးပေါက်စလေးကို တွေ့လိုက်ရတော့သည်။
“ယီ .. ယီချန်းယန် ကျွန်တော် ...”
သူ့စိတ်ထဲတွင် စကားလုံးပေါင်း မြောက်များစွာ စီကုံးထားခဲ့သော်ငြား ယီချန်းယန်ကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် လုံးဝဥဿုံ ဆွံ့အသွားရပြီး စကားတစ်ခွန်းကိုပင် ပြည့်ပြည့်စုံစုံ မပြောနိုင်တော့ချေ။
ယန်မိသားစု ဗီလာမှာ S မြို့တော်၏ အရှေ့ဘက်ခရိုင်တွင် တည်ရှိကာ ဝမ်ရှင်းကျင်းယွမ်ကမူ အနောက်ဘက်ပိုင်းတွင် တည်ရှိပေသည်။ ထို့ကြောင့် နေရာနှစ်ခုမှာ မြို့၏ ဆန့်ကျင်ဘက် အစွန်းနှစ်ဖက်တွင် တည်ရှိသည်ဟုပင် ဆိုနိုင်ပေသည်။ ထိုမျှအထိ အကွာအဝေး များပြားလှသည့်အပြင် မိုးသည်းထန်စွာ ရွာသွန်းနေသည့် အခြေအနေမျိုးတွင်ပင် ယန်အန်းယုက သူ့ထံသို့ အပြေး ရောက်လာသေး၏။
သူ့ကို တွေ့ချင်တယ် အခုချက်ခြင်းကို သူ့ကို တွေ့ချင်နေတယ်လို့ ...
သို့သော် ထိုသို့ တွေ့လိုစိတ် ဖြစ်ပေါ်ရခြင်းမှာ ယခင် အကြောင်းပြချက်များနှင့် မတူညီပေ။ ပြင်းပြလှသည့် စိတ်ဆန္ဒက သူ့ကို သတိလက်လွတ် ဖြစ်စေကာ ယန်ကျွယ့်ကို အသိပေးရန်ပင် အချိန်မရှိတော့ဘဲ အိမ်ထဲမှ အမြန် ပြေးထွက်လာခဲ့မိတော့သည်။
သူက ကားတစ်စီးကိုတားကာ လမ်းကြုံ လိုက်စီးခဲ့လိုက်ပြီး အနောက်ဘက်ခရိုင်သို့ ရောက်သည့်အခါ မမျှော်လင့်ဘဲ ယာဉ်ပိတ်ဆို့မှုနှင့် ကြုံတွေ့ခဲ့ရသည်။ အချိန်တစ်ခုခန့် ရပ်တန့်နေရပြီးနောက် ယန်အန်းယုသည် စောင့်ဆိုင်းရန် စိတ်မရှည်တော့သည့်အတွက် ကားထဲမှ ထွက်ကာ ခြေလျင် ပြေးလာခဲ့လိုက်သည်။
“ဟက်ချိုး ...”
သူက နှာချေလိုက်၏။ ပြန်လာရာလမ်းတွင် အအေးမိခဲ့လေဟန်ပင်။
ယီချန်းယန်၏ အကြည့်တို့ ပြောင်းလဲသွားကာ သူ၏ စိုစွတ်အေးစက်နေသော လက်ကို လှမ်းဆွဲလိုက်သည်။
“မြန်မြန်လေး ဝင်လာခဲ့ ...”
မျက်စိတစ်မှိတ်မျှသာ ဖြစ်သည့်တိုင် ယန်အန်းယုသည် အေးစက်မှုကို လုံးဝ မခံစားရတော့ချေ။ သူ ကြုံတွေ့ခဲ့ရသမျှ အားလုံးမှာ ထိုက်တန်သည်ဟုပင် မြင်ယောင်လာတော့သည်။
ထို့နောက် ယီချန်းယန်က ယန်ကျွယ့်ကို ဖုန်းဆက်ကာ ယန်အန်းယု ဘေးကင်းကင်းဖြင့် ရောက်လာခဲ့ကြောင်း အကြောင်းကြားလိုက်သည်။ ယန်ကျွယ့်မှာ အလွန်အမင်း ဒေါသထွက်နေပြီး မိုးလင်းသည်နှင့်တစ်ပြိုင်နက် ထို မနာခံတတ်သည့် ညီငယ်လေးအား ဆုံးမဩဝါဒ ချွေရန်ပင် စဉ်းစားနေတော့၏။
ယန်အန်းယုမှာ အဖျားသွေး အနည်းငယ် ရှိနေရာ သူ့ကို ယီချန်းယန်က ဆေးတိုက်ထားသည့်အတွက် ချက်ခြင်း အိပ်ပျော်သွားတော့သည်။
ယီချန်းယန်က သူ့ကို စောင်ခြုံပေးနေစဉ် ယန်အန်းယုက တစ်ဖက်လူ၏ ခါးကို လှမ်းဆွဲလိုက်သည်။ မျက်စိတို့ကို မှိတ်ထားကာ ခပ်တိုးတိုး မေးလိုက်၏။
“ယီချန်းယန် .. ကျွန်တော်တို့တွေ သူငယ်ချင်း လုပ်လို့ရမလား . . အမြဲတမ်း အတူတူ သွားလို့လာလို့ရတဲ့ သူငယ်ချင်းတွေလေ ...”
ယီချန်းယန်က စကားတစ်ခွန်းမှ မဆိုဘဲ သူ့ကိုသာ အသာ စိုက်ကြည့်နေလိုက်သည်။ လက်ဖျားထိပ်တို့က ယန်အန်းယု၏ မျက်နှာကို အသာအယာ ထိတွေ့နေလိုက်၏။
စင်စစ်အားဖြင့် သူသည် ဤမျက်နှာကို ဟိုးယခင်ကတည်းက မြင်ဖူး တွေ့ဖူးခဲ့ပေသည်။
****
အိပ်မက်ထဲတွင် ယန်အန်းယုသည် သူ့ငယ်ဘဝသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
ကစားလိုသည့် လူငယ်လေးက စစ်သူကြီးအိမ်တော်၏ အနောက်ဘက် ခြံဝင်းအတွင်းရှိ မက်မွန်ပင်ပေါ်သို့ အပြေးလေး တက်သွားခဲ့သည်။
ဝေ့ဝဲတိုက်ခတ်လာသည့် လေပြည်လေညင်းကြောင့် မက်မွန်ပွင့်များက မိုးရွာချသည့်နှယ် ဝေါခနဲ ကြွေကျလာခဲ့သည်။ သစ်ပင်အောက်တွင် ရိုးရာဝတ်စုံကို ဝတ်ဆင်ကာ ကျောက်စိမ်းသရဖူ ဆောင်းထားသည့် စစ်သူကြီးယီ ရှိနေခဲ့ပြီး နဖူးစပ်ရှိ လေယူရာ ယိမ်းနွဲ့နေသော ဆံစလေးများကြောင့် သူ့မျက်နှာမှာ သာမန်အချိန်များထက်ပင် ပိုမိုညင်သာနေခဲ့သယောင်။
“ရှောင်ယု .. မြန်မြန် ဆင်းလာခဲ့ ငါ မင်းကို ဖမ်းထားပေးမယ် ...”
ယန်အန်းယုပေါက်စလေးက ခေါင်းငြိမ့်ပြကာ ခုန်ချလိုက်ပြီး စစ်သူကြီးယီက သူ့ကို အဆင့်သင့် ဖမ်းထားပေးလိုက်သည်။
ထို့နောက်တွင် သူက အောက်သို့ မဆင်းလိုတော့သည့်ဟန်ဖြင့် ယီချန်းယန်၏ ရင်ခွင်ထဲတွင် မှီတွယ်နေလိုက်သည်။ ကြီးမားဝိုင်းစက်လှသည့် မျက်ဝန်းတောက်တောက်လေးများဖြင့် စိုက်ကြည့်လျက် မေးလိုက်၏။
“စစ်သူကြီး ကျွန်တော်တို့တွေ မိတ်ဆွေဖြစ်လို့ ရမလားဟင် ...”
“မိတ်ဆွေလား ...”
“အင်း ...”
ယန်အန်းယု ပေါက်စလေး၏ မျက်နှာမှာ အပြစ်ကင်းစင်လှသည့် နုနယ်မှုတို့ဖြင့် ပြည့်နှက်နေလေသည်။
“အမြဲတမ်း အတူတူ ကစားကြတဲ့ မိတ်ဆွေကောင်းတွေလိုလေ ...”
ယီချန်းယန်က သူ၏ ခေါင်းသေးသေးလေးကို ပွတ်သပ်လိုက်သည်။ မျက်နှာထက်တွင်လည်း တောက်ပတင့်တယ်လှသည့် အပြုံးတစ်ရပ် ပေါ်ထွက်လာကာ ထိုအပြုံးမှာ ကမ္ဘာပေါ်ရှိ အလှတရားအားလုံးထက်ပင်လျှင် ပိုမိုသာလွန်နေသေးသည်။
“ငါတို့က မိသားစုတွေလေ ...”
ယန်အန်းယုက သူ့ကို ပိုမိုတင်းကြပ်စွာ ပွေ့ဖက်လိုက်သည်။ နွေးထွေးသည့် ခံစားချက်က သူ့နှလုံးသား အောက်ခြေအထိ ပျံ့နှံ့သွားတော့၏။
*****
“လက်ဝှေ့ကျော်” သည် ရုပ်သံစိစစ်မှုကို အလျင်အမြန် အောင်မြင်သွားကာ မြောက်များစွာသော တီဗီချန်နယ်များက ပြသခွင့်ကို ဝယ်ယူခဲ့ကြသည့်အတွက် အချိန်တိုအတွင်းမှာပင် တရားဝင် ထုတ်လွှင့်ပြသလာနိုင်ခဲ့သည်။
အပိုင်းနှစ်ပိုင်းသာ ထုတ်လွှင့်ပြသရသေးသည့်တိုင် လူထု၏ အားပေးမှုကို တစ်ခဲနက် ပိုင်ဆိုင်ခဲ့ရသည့်အတွက် အမျိုးမျိုးသော အကြီးစား ဖျော်ဖြေရေးပလက်ဖောင်းများတွင်ပါ အကြီးအကျယ် နေရာယူနိုင်ခဲ့သည့်အပြင် ဤနှစ်ရက်အတွင်း Weibo topic မှန်သမျှမှာလည်း ထိုရုပ်ရှင်နှင့် ပတ်သက်သည့် အကြောင်းအရာများဖြင့်သာ ပြည့်နှက်နေခဲ့သည်။ နာမည်အကြီးဆုံး topic မှာမူ ယီချန်းယန်၏ ပရိသတ်များက စတင်လာသည် #ကျန်းဟိုင်လောင်ရှီးက ငါ့ကို လက်ထပ်ရင် ကောင်းမှာပဲ .. ဟူသည့် topic ဖြစ်ပေသည်။
ထို့နောက်တွင် #လက်ဝှေ့ကျော် တီဗီရှိုး နှင့် #ရုပ်ချောပြီး ချစ်စရာကောင်းတဲ့ စတန့်သမား မောင်ငယ်လေး တို့က ရုတ်တရက် ပေါ်ထွက်လာကာ #စစ်ယွမ် ယွင်ရွှယ်က အံ့ဩဖို့အကောင်းဆုံးပဲ ဟူသည့် အကြောင်းအရာကို စတုတ္ထနေရာသို့ တွန်းပို့လိုက်တော့၏။
ရလဒ်အနေဖြင့် အားလုံးက တတိယ topic ကို စိတ်ဝင်တစား လိုက်ကြည့်မိသွားကြတော့သည်။
👥️