Chapter 157
Viewers 23k

Chapter 157

‌ "ကောင်စုတ်လေး၊ နှစ်ဝက်အတွင်း လန့်ယွီလျှို့ဝှက်နယ်မြေ ဖွင့်တော့မှာ၊ မင်းသွားဖို့စိတ်ဝင်စားလား? ဒီဆရာသခင်က မင်းကို ‌သွားခွင့်ပေးဖို့ အသိအမှတ်ပြုပေးနိုင်တယ်…"
 လော့ယွင်က ပွင့်ပွင့်လင်းလင်းပြောသည်။

 ဒါကိုကြားလိုက်တာနဲ့ ရွှီဇီယန်၏မျက်ခွံတွေ အနည်းငယ်လှုပ်သွားသည်။ လန့်ယွီလျှို့ဝှက်နယ်မြေလား? သူ့ရဲ့မူလမှတ်ဉာဏ်ထဲမှာ ဖော်ပြထားတဲ့ ဝေ့ချင်သေသွားတဲ့နေရာမဟုတ်ဘူးလား?

 "အမ်… ကျွန်တော် အခု အဲဒါကိုစိတ်မဝင်စားသေးတာကြောင့် မသွားတာဘဲ ပိုကောင်းမယ်ထင်တယ်… အနောက်ဘက်နယ်မြေမှာ ကျွန်တော် ကျင့်ကြံချင်သေးတယ်…"

 ပိုင်ဟွက အဲဒီမှာ သေချာပေါက်ပေါ်လာမယ်ဆိုတာ သူသိထားတာကြောင့် ပိုင်ဟွနဲ့ ခပ်ဝေးဝေးနေရန် ရွှီဇီယန်စိတ်ကူးထားပြီးသားဖြစ်သည်။

 ထို့အပြင် ဝေ့ချင်ကိုလည်း ထိုနေရာနှင့် ဝေးဝေးနေရန် သူပြောထားသည်။ ပိုင်ဟွသည် နဂါးပုံသဏ္ဌာန်ကျောက်စိမ်းပြားကို အသက်သွင်းရန် ဝေ့ချင်၏နဂါးသွေးအစစ်မရှိသောအခါ သူ၏ယခင်ဘဝကကဲ့သို့ ပြဿနာများကို ဖန်တီးနိုင်ဦးမလားဆိုတာ သူသိချင်သေးသည်။

 "ဟမ်?" လော့ယွင်က သူ့ကို ပျင်းရိစွာ စိုက်ကြည့်ရင်း "မင်းမသွားချင်ဘူးဆိုရင်လည်း ပြီးရောလေ… အဲဒီလျှို့ဝှက်နယ်မြေမှာ ရှားပါးတဲ့ရတနာတွေရှိမယ်လို့ ငါမထင်ပါဘူး… တကယ်တော့ နဂါးပုံသဏ္ဌာန်ကျောက်စိမ်းမျှော်စင်ကို ငါဟိုတုန်းက တွေ့ဖူးပေမယ့် အဲဒီထဲမှာ လျှို့ဝှက်ချက်တစ်ခုမှ မတွေ့ခဲ့ရဘူး… နောက်ဆုံးတော့ ငါထွက်သွားခဲ့ပြီး အဲဒါကို မြင်ခဲ့တယ်လို့ပြောသံကို ဘယ်သူ့ဆီကနေမှ မကြားခဲ့ရဘူး… တချို့လူတွေက ငါအဓိပ္ပါယ်မရှိတာတွေ ပြောနေတယ်လို့တောင် ဆိုကြသေးတယ်…"

 ရွှီဇီယန်က ဘာမှ မတုံ့ပြန်ခဲ့ပေ။ လော့ယွင်က နဂါးပုံသဏ္ဌာန်ကျောက်စိမ်းမျှော်စင်အကြောင်း အနည်းငယ်ဖော်ထုတ်ချင်သော်လည်း သူကတော့ ထိုအကြောင်းကို သိသည်။ ပိုင်ဟွက ဝေ့ချင်နဲ့ မတော်တဆတွေ့ဆုံခဲ့ပြီး ဝေ့ချင်က ထိုကျောက်စိမ်းမျှော်စင်ကို တုံ့ပြန်မှုမျိုးရှိ‌တာကြောင့် ဝေ့ချင်၏ခန္ဓာကိုယ်အတွင်းမှာ နဂါးသွေးအစစ်ရှိတာကို ပိုင်ဟွသိလိုက်သည်။ 

ပိုင်ဟွက အဓိကဇာတ်လိုက်ဖြစ်တာကြောင့် နဂါးပုံသဏ္ဌာန်ကျောက်စိမ်းမျှော်စင်မှ အကျိုးအမြတ်အားလုံးကို ရရှိခဲ့မည်မှာ သေချာပါသည်။ သို့သောါ ဝေ့ချင်သည် မျှော်စင်နှင့် ဆက်နွယ်မှုရှိသောကြောင့် ထောင်ချောက်ဆင်ခံရပြီး သတ်ပစ်ခံခဲ့ရသည်။

မေးစေ့ကိုပွတ်လိုက်ပြီး ရွှီဇီယန်က ဤလန့်ယွီလျှို့ဝှက်နယ်မြေကို ရုတ်တရက် စိတ်ဝင်စားလာပြန်သည်။

နဂါးပုံသဏ္ဍာန်ကျောက်စိမ်းမျှော်စင်ကို သူ ပိုစိတ်ဝင်စားတာဖြစ်သည်။

ထိုအချိန်တွင် ပိုင်ဟွသည် အဘယ်အရာအား ရရှိခဲ့သည်ကို မည်သူမျှ မသိကြဘဲ ဝေ့ချင်ကို ပိုင်ဟွနှင့်အတူ ‌ထောင်ချောက်ဆင်ပြီး သတ်ပစ်ခဲ့သော မော့ကျီယွမ်ပင် မသိခဲ့ပေ။

ထိုဝတ္ထုတွင် ပိုင်ဟွကို နဂါးပုံသဏ္ဍာန်ကျောက်စိမ်းမျှော်စင်မှ အလင်းတန်းတစ်ခုသာ ဖုံးလွှမ်းသွားပြီးနောက် သူ ပျောက်ကွယ်သွားသည်ဟုသာ ဖော်ပြထားခဲ့သည်။ သူပြန်ထွက်လာတော့ ဘာမှမဖြစ်ခဲ့သလို ငြိမ်သက်နေပုံရသည်။

ထို့နောက်မှာတော့ ၎င်းကျောက်စိမ်းမျှော်စင်ကို စာရေးဆရာက မေ့သွားသလိုမျိုး ဝတ္ထုထဲမှာ ဘယ်တော့မှ ထပ်မဖော်ပြထားတော့ပေ။ ပိုင်ဟွသည် ကျောက်စိမ်းမျှော်စင်အတွင်း အာကာသကို အသက်သွင်းရန် နဂါးသွေးအစစ်ကို အသုံးပြုခဲ့သည့်အပြင် သိသာထင်ရှားသော ပြောင်းလဲမှုများလည်း မရှိခဲ့ပေ။

၎င်းဝတ္ထုကနေတစ်ဆင့် ရွှီဇီယန်သည် ပိုင်ဟွနဲ့ပတ်သက်သည့် အရာအားလုံးကို လေ့လာထားပြီးဖြစ်သည်။ သူရှင်းရှင်းလင်းလင်းမသိရသေးသည့်အရာများရှိနေသေးသော်လည်း ထိုကျောက်စိမ်းမျှော်စင်က သူ၏စိတ်ဝင်စားမှုကို နှိုးဆွပေးခဲ့သည်။

"ဆရာသခင်၊ ဝေ့ချင်နဲ့ လဲ့ဟူတို့ကော လန့်ယွီလျှို့ဝှက်နယ်မြေကို သွားကြမှာလား?"
ရွှီဇီယန်က မေးလိုက်သည်။

လော့ယွင်က မျက်ခုံးပင့်ကာ အပြုံးတုဖြင့် သူ့ကိုကြည့်ပြီး
"ဘာလဲ? ငါ့တပည့်က လျှို့ဝှက်နယ်မြေကိုသွားဖို့ အစောင့်အကြပ်လိုလို့လား?"

ရွှီဇီယန်က ပြုံးကာ အလျင်အမြန် ရှင်းပြသည်။
"မဟုတ်ပါဘူး! ဒါပေမယ့် ကျွန်တော်က လျှိုကွမ်းဂိုဏ်းတစ်ခုလုံးမှာ ဝေ့ချင်နဲ့ လဲ့ဟူတို့နဲ့ အနီးကပ်ဆုံးဆက်ဆံရေးရှိတယ်ဆိုတာ ဆရာသခင်လည်း သတိပြုမိမှာပါ… တစ်ယောက်တည်းသွားတာထက် အဖော်နဲ့သွားတာက ပိုကောင်းပါတယ်…"

လော့ယွင်က သရော်လေသည်။
"ကောင်းပြီ၊ ကောင်စုတ်လေး… ဝေ့ချင်နဲ့ လဲ့ဟူတို့က ဝိညာဉ်ကြောချဲ့ထွင်ခြင်း အစောပိုင်းအဆင့်ကို ရောက်ရှိနေပြီ… ဘာမှ မမှားဘူးဆိုရင် သူတို့လည်း သွားလို့ရလိမ့်မယ်… တကယ်တော့ အဲဒီမှာရှိတဲ့အရာက မင်းအတွက် အသုံးမဝင်တော့တာမို့ မင်းသွားသည်ဖြစ်စေ၊ မသွားသည်ဖြစ်စေ ဘာမှ မကွာခြားပါဘူး…"

"ဟုတ်ကဲ့…" ရွှီဇီယန်က ခေါင်းငြိမ့်လိုက်ပြီး "ကျွန်တော်က အဲဒီကို အပျော်သဘောသွားကြည့်ချင်တာပါ…"

လော့ယွင်က ရွှီဇီယန်၏ခေါင်းကို ခေါက်ကာ တွေးတောနေသည်။
"ဒီကောင်စုတ်လေးကတော့! သူဘယ်လိုလုပ် ‌ဒီလိုပြောရဲရတာလဲ? ဒီလျှို့ဝှက်နယ်မြေက ကျော်ကြားတဲ့နယ်မြေမဟုတ်ပေမယ့် အဲဒါက လျှို့ဝှက်နယ်မြေတစ်ခုဖြစ်နေတုန်းပဲကို… အများအားဖြင့် ဂိုဏ်းငယ်တွေက သွားခွင့်မရှိသလို သူတို့က အသိအမှတ်ပြုမှုတောင် မရကြဘူး… ပြီးတော့ သူက အဲဒီနေရာကို အပျော်ခရီးသွားဖို့အတွက်တောင် အခွင့်အရေးယူနေသေးတယ်…"

သို့သော် အခြားရှုထောင့်မှတွေးကြည့်သောအခါ ဤလျှို့ဝှက်နယ်မြေသည် လည်ပတ်ကြည့်ရှုရန် နေရာကောင်းတစ်ခုဖြစ်သည်။ လန့်ယွီလျှို့ဝှက်နယ်မြေလို ကျယ်ပြောလှသောပင်လယ်ကြီးကို မြင်ရတာ တကယ်ကို အဖိုးတန်ပါသည်။

လန့်ယွီလျှို့ဝှက်နယ်မြေတစ်ခုလုံးသည် ကျွန်းပေါင်းရာနှင့်ချီရှိသော ပင်လယ်ကြီးဖြစ်သည်။ ကျင့်ကြံသူတစ်ယောက်က ထိုအထဲမှာ တစ်ခုခုရချင်လျှင် ပင်လယ်အောက်သို့ ငုပ်နေရမည်။ သူသည် ပင်လယ်ကြမ်းပြင်တွင်သာ ပေါက်နိုင်သော စိတ်ဝိညာဉ်အပင်တချို့ကို စုဆောင်းပြီး ရေနေသတ္တဝါများကိုလည်း ကြည့်ရှုနိုင်သည်။

ကျွန်းများပေါ်တွင် ရတနာများမရှိသော်လည်း သမုဒ္ဒရာ၏ ကျယ်ပြန့်ပြီး အကန့်အသတ်မရှိသော ဧရိယာနှင့် နှိုင်းယှဉ်ပါက ရာနှင့်ချီသော ကျွန်းငယ်များသည် အရေးမကြီးလှပေ...

"နေဦး…"

လော့ယွင်သည် အသံပေးပို့ခြင်းအဆောင်ကို ပေါ့ပါးစွာ ပစ်လွှတ်လိုက်သည်။ သိပ်မကြာခင်မှာပဲ ရွှေရောင်ငှက်တစ်ကောင်က ကောင်းကင်ကနေ ပျံဆင်းလာသည်။

လော့ယွင်က ဆန့်ထုတ်ပြီး ငှက်ကိုဖမ်းဆွဲပြီး ပစ်ချလိုက်သည်။ ငှက်သည် သနားစရာကောင်းစွာ အော်မြည်နေပေမယ့် လုံးဝပြန်မတိုက်ရဲပေ။

"ငါ မင်းကို မတွေ့တာကြာပြီကို ဘာလို့တုံးအနေသေးတာလဲ? မင်းက ပျံတောင်မပျံနိုင်ဘူး!"
လော့ယွင်က ပြုံးကာ ငှက်၏နှုတ်သီးကို ခေါက်လိုက်သည်။

ငှက်က လော့ယွင်ကို မျက်ရည်တွေနဲ့ ကြည့်ပြီး သူ၏ခြေထောက်များကိုမြှောက်ကာ ခါလိုက်ပြီး လော့ယွင်၏လက်ထဲသို့ အပြာနုရောင်လက်စွပ်နှစ်ကွင်း ပြုတ်ကျသွားသည်။

"ဟေ့၊ ဒါက လန့်ယွီလျှို့ဝှက်နယ်မြေရဲ့ လမ်းညွှန်အဆောင်ပဲ… မင်းတို့ရဲ့ အထဲကလမ်းကြောင်းကို သတိထားပါ… အဲဒီမှာ ပိတ်မိနေရင်တော့ အရမ်းဒုက္ခရောက်လိမ့်မယ်…"
လော့ယွင်က ရွှီဇီယန်၏လက်ထဲကို လက်စွပ်ပစ်ပေးလိုက်သည်။

ရွှီဇီယန်က ၎င်းကို ကုဗတုံးထဲသို့ ထည့်လိုက်သည်။ အရေးကြီးသည်ဟု ဆရာသခင်ပြောနေသမျှကို ကုဗတုံးထဲတွင် ထည့်ထားတာက ပို၍လုံခြုံလိမ့်မည်။

"ဟင်?" လော့ယွင်သည် ရွှီဇီယန်ကို ခဏလောက်စိုက်ကြည့်ပြီးနောက် အဝေးကို အကြည့်လွှဲလိုက်သည်။

သူ့တပည့်မှာ လျှို့ဝှက်ချက်တွေ အများကြီးရှိတာကြောင့် မေးဖို့ စိတ်မဝင်စားတော့ပေ။ 

လော့ယွင်သည် ရွှေရောင်ငှက်နှင့် ပျော်နေပြီး ရွှီဇီယန်က ထွက်သွားရန် ရွယ်လိုက်သည်။ မထင်မှတ်ဘဲ သူမသွားခင်မှာ ရွှယ်ထွမ်က တစ်နေရာကနေပေါ်လာပြီး ပါးစပ်ကို အနည်းငယ်ဖွင့်ကာ တံတွေးများထွက်လာသည်…

ရွှီဇီယန်: "…"

"Puff!"

ဖန်မောင်သည် ရွှီဇီရုန်၏ပခုံးအောက်တွင် ခေါင်းကို မြှုပ်ထားလိုသောဆန္ဒဖြင့် သူ့မျက်နှာကို တိတ်တဆိတ် လှည့်လိုက်သည်။ ဤကဲ့သို့အစားအသောက်မက်သော ညီအစ်ကိုရှိတာက ရှက်စရာကောင်းလှသည်။

"ရွှယ်ထွမ်၊ မင်းဘာလုပ်နေတာလဲ?"
ရွှီဇီယန်က မနေနိုင်စွာ မျက်စောင်းထိုးလိုက်သည်။

ရွှယ်ထွမ်က ရွှေရောင်ငှက်ကိုကြည့်ပြီး ဖီးနစ်ငှက်အကြောင်း တွေးနေမိသည်။

ကင်ထားသောဖီးနစ်ငှက်တောင်ပံတွေ!

မီးလောင်ထားသောဖီးနစ်ငှင်အမြီး!

ဖီးနစ်ငှက်အသည်းကြော်!

ရွှယ်ထွမ်: … (သွားရည်ကျနေ)

ရွှီဇီယန်သည် ရွှယ်ထွမ်ကို ကူကယ်ရာမဲ့စွာ အဝေးသို့ဆွဲထုတ်သွားသည်။ ရယ်စရာကောင်းတာက ဤအတိုင်းသာဆက်သွားနေလျှင် သနားစရာကောင်းသော ဖီးနစ်ငှက်ကိုစားဖို့ တကယ်ကို အလျင်စလိုဖြစ်လာနိုင်သည်…

ရွှယ်ထွမ်သည် သူ၏ဆရာသခင်၏စိတ်ဝိညာဉ်အိမ်မွေးတိရစ္ဆာန်အား သတ်ခြင်းမှ ကြေကွဲဖြစ်ရပ်ကို ရှောင်ရှားရန်အတွက် ရွှီဇီယန်သည် သူ့ကို မကောင်းသောနေရာမှ ခေါ်သွားခဲ့သည်။

ဖီးနစ်ငှက်မရှိတော့သည့်နောက် ရွှယ်ထွမ်က ရက်အနည်းငယ်ကြာ စိတ်ဓာတ်ကျခဲ့သည်။ ကံကောင်းစွာဖြင့် ရွှီဇီယန်သည် သူ့ကို အသားအများအပြားကျွေးပြီးနောက် မကြာမီ ပြန်လည်တက်ကြွလာခဲ့သည်။

ဖန်မောင်သည် အစကတည်းက မထီမဲ့မြင်ပြုသည့်အမူအရာဖြင့် သူ့ကိုကြည့်နေခဲ့သည်။ ဤအစားအသောက်မက်သူညီအစ်ကိုအတွက်တော့ လုံးဝမျှော်လင့်ချက်မရှိတော့ပုံရသည်။

ရွှီဇီယန်သည် လန့်ယွီလျှို့ဝှက်နယ်မြေသို့သွားသောအခါ ပိုင်ဟွနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းမှာ သူ့အတွက် ပထမဆုံးအကြိမ်ဖြစ်တာကြောင့် အနည်းငယ်စိတ်လှုပ်ရှားမိသည်။

ဝတ္ထုကို သူ လှည့်ဖြားနိုင်လျှင်တောင် အဓိကဇာတ်လိုက်နှင့် ယှဉ်ပြိုင်ရန် သူ့အတွက် စိန်ခေါ်မှုတစ်ခုဖြစ်မှာ သေချာပါသည်။

သို့သော် သူစိတ်ညစ်မိသော်လည်း တိုက်ပွဲကိုရှောင်ရန် ရည်ရွယ်ချက်မရှိခဲ့ပေ။ သူသည် ရွှီမိသားစုတွင်တွေ့မြင်ခဲ့ရသည့်အရာများမှ အတုထားရခြင်းဖြစ်နိုင်ပြီး ကျင့်ကြံခြင်းလောကတွင် ကိစ္စများစွာကို ရှောင်လွှဲ၍မရကြောင်း သူနားလည်ခဲ့သည်။

ဘာမှ မလုပ်ဘဲ ရှောင်နေတာထပ် အကောင်းမြင်စိတ်နဲ့ ရင်ဆိုင်တာက အမြဲတမ်း ပိုကောင်းပါသည်။ ပိုင်ဟွကို သူ နောက်တစ်ကြိမ်ပြန်တွေ့လျှင် သူ့မှာ အခြေအနေကို ပြောင်းလဲဖို့ အနည်းဆုံး အခွင့်အရေးတချို့တော့ ရပါလိမ့်မည်။

လန့်ယွီလျှို့ဝှက်နယ်မြေမဖွင့်မီ နှစ်ဝက်အချိန်ကျန်သေးတာကြောင့် ရွှီဇီယန်သည် ဤလေ့လာရေးခရီးအတွက် ပြင်ဆင်ရန် အချိန်များစွာကျန်သေးသည်။

လန့်ယွီလျှို့ဝှက်နယ်မြေ၏ အထူးပတ်ဝန်းကျင်ကြောင့် သူတို့သည် ခိုင်ခံ့သောသင်္ဘောတစ်စင်းကို လိုအပ်ပါသည်။

ပိုင်ဟွက လျှို့ဝှက်နယ်မြေမှာ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်တွေကို စဉ်းစားရင်း ရွှီဇီယန်သည် သစ်သားသင်္ဘော အစင်းနှစ်ဆယ်ကို ပြတ်ပြတ်သားသား ဝယ်လိုက်သည်။

"ဇီယန်၊ မင်းဘာလို့ သင်္ဘောတွေအများကြီးဝယ်တာလဲ?"
လဲ့ဟူက သံသယစိတ်ဖြင့် မေးလိုက်သည်။

ဝေ့ချင်က သူ့ကို အထင်သေးစွာ ကြည့်ရင်း
"မင်းက ဘာမှ မသိပါဘူး… လန့်ယွီလျှို့ဝှက်နယ်မြေက ဘယ်မှာရှိတယ်ဆိုတာ မင်းမသိဘူးလား? ပင်လယ်ကြီးထဲမှာ ဘာမဆိုဖြစ်သွားနိုင်တယ်… သင်္ဘောအကြီးတွေ အများကြီး ပြင်ဆင်ထားတော့ ပိုလုံခြုံတာပေါ့…"

လဲ့ဟူက ဝေ့ချင်ကို ကြည့်လာရင်း
"သုံး၊ လေး၊ ငါးခုလောက်ဝယ်ရင် လုံလောက်ပြီ မဟုတ်ဘူးလား? ငါတို့က နှစ်ဆယ်တောင်ဝယ်တာဆိုတော့ များလွန်းတယ်မဟုတ်ဘူးလား?"

ရွှီဇီယန်က ရှင်းပြသည်။
"လန့်ယွီလျှို့ဝှက်နယ်မြေရဲ့ နယ်မြေက အရမ်းကြီးတယ်…အခုအချိန်အထိ နယ်မြေအဆုံးကို ဘယ်သူမှ ရှာမတွေ့သေးဘူး… ပင်လယ်ကြီးက အရမ်းနက်ရှိုင်းပြီး အဲဒါကို ဘယ်သူမှ ရှာဖွေတွေ့ရှိခြင်းမရှိပေမယ့် ပင်လယ်အောက်မှာ အစွမ်းထက်တဲ့သတ္တဝါတွေမရှိနိုင်ဘူးလို့ ဘယ်သူအာမခံနိုင်မှာလဲ? လျှို့ဝှက်နယ်မြေကို ဖွင့်လိုက်တိုင်း သေဆုံးသူ အများအပြားရှိတယ်… ဒါပေမယ့် လူအများစုက ကံကောင်းကြတာကြောင့် နယ်မြေရဲ့အန္တရာယ်ကို မကြာခဏ လျှော့တွက်ကြတယ်…"

"ဒီလောက် အစွမ်းထက်တာလား?" 
လဲ့ဟူ အံ့သြသွားသည်။ နယ်မြေက အန္တရာယ် လုံးဝမရှိဘူးလို့ လူတွေဆီက မကြာခဏကြားရသည်။ ရွှီဇီယန် ပြောသည့်စကားအရ ဤနယ်မြေဟာ တကယ်တော့ အန္တရာယ်တွေ ပြည့်နှက်နေပြီး လူတွေ၏ ဖော်ပြချက်နဲ့ ကွာခြားလွန်းပါသည်။

"လိုလိုမယ်မယ်ပေါ့…" 
ရွှီဇီယန်က ထပ်မရှင်းပြတော့ဘဲ ပြုံးလိုက်သည်။ တကယ်တော့ သူက ရှင်းရှင်းလင်းလင်း မရှင်းပြနိုင်တာကြောင့် ဘာပြောရမည်နည်း။

နဂါးပုံသဏ္ဍာန်ကျောက်စိမ်းမျှော်စင်ကို အသက်သွင်းခဲ့သော ဝေ့ချင်၏ တည်ရှိမှုကြောင့် လန့်ယွီလျှို့ဝှက်နယ်မြေတစ်ခုလုံး၏ အန္တရာယ်ကို အရှိန်အဟုန်ဖြင့် တိုးမြင့်လာစေမယ်ဟု သူပြောရမည်လား။ နှစ်ထောင်ပေါင်းများစွာကြာအောင် ရွေ့လျားခဲသည့် ပင်လယ်အောက်က သတ္တဝါတွေကိုတောင် တုန်လှုပ်သွားစေခဲ့သည်။ ၎င်းသည် နယ်မြေကို စူးစမ်းရန် ဦးတည်လာသော ကျင့်ကြံသူအများအပြားကိုလည်း သတ်ဖြတ်ခဲ့ပြီး ဝေ့ချင်က အပြစ်ဖို့ရန် အစိတ်အပိုင်းတစ်ခုတွင် ပါဝင်နေသည်… 

ရွှီဇီရုန်က သူ့အစ်ကိုနောက်ကနေ တိတ်တိတ်လေး လိုက်လာသည်။ သူ့အစ်ကိုက ဝေ့ချင်၊ လဲ့ဟူတို့နှင့်အတူ လန့်ယွီလျှို့ဝှက်နယ်မြေဆီသို့ မသွားရောက်မီ ဖာအန့်မြို့ထဲ၌ လိုအပ်သောပစ္စည်းများအား ဝယ်ယူမည်ကို သူသိပြီးကတည်းက ဤအမူအရာကို သူထိန်းထားခဲ့သည်။

ရွှီဇီယန်သည် ထိုအကြောင်းကို သိသော်လည်း လျစ်လျူရှုရန် ရွေးချယ်ခဲ့သည်။

သူသည် ရွှီဇီရုန်က မည်မျှပိုင်ဆိုင်လိုစိတ်ကြီးတာကို နားလည်သော်လည်း ရွှီဇီရုန်ကလည်း သူ၏အစ်ကိုမှာ သာမန်လူမှုရေးအရ အဆက်အသွယ်လိုအပ်ကြောင်းကို နားလည်ပေးခဲ့ရသည်။

သူတို့က ချစ်သူတွေဖြစ်ကြသော်လည်း တစ်ယောက်တည်းကပဲ အချိန်းတိုင်းသည်းခံပြီး ပေးဆပ်နေသူမဖြစ်သင့်ပေ။ မဟုတ်လျှင် အမြဲတမ်းပေးဆပ်သူဟာ တစ်နေ့နေ့မှာ စိတ်ပျက်သွားလိမ့်မည်။

သူသည် ရွှီဇီရုန်ကို အခြားသူများနှင့် ပေါင်းသင်းဆက်ဆံရန် အတင်းအကျပ် မလုပ်သလို သူက အခြားသူများနှင့် ပေါင်းသင်းဆက်ဆံရာတွင် ကောင်းစွာ ပြုမူရန် ရွှီဇီရုန်ကိုပြောခဲ့သည်...

ရွှီဇီရုန်သည် စိတ်မကျေမနပ်ဖြစ်သော်လည်း နက်နဲသော စကားဝိုင်းက သူ့ကို အမှန်တကယ် စိတ်လှုပ်ရှားစေခဲ့သည်။

သူ့အစ်ကိုက သူ့အချစ်ကို ကျေကျေနပ်နပ် တုံ့ပြန်ပြီး သူ၏ချို့ယွင်းချက်များစွာကို သည်းခံခဲ့သည်။ သူကလည်း သူတို့၏ဆက်ဆံရေးအတွက် သူ့အပိုင်းကို သူတာဝန်ကျေရမည်။

ဒါပါပဲ…

သူ့အစ်ကိုအနားမှာ ရပ်နေသည့် လူနှစ်ယောက်ကို ကြည့်လိုက်တော့ တစ်ယောက်က လှပသောပိုးထည်ဝတ်ရုံနှင့် ကျောက်စိမ်းခါးပတ်ဖြင့် ချောမောနေပြီး ကျန်တစ်ယောက်က ကိုယ်တစ်ခြမ်းဗလာဖြင့် ကြမ်းတမ်းပြီး အထိန်းအချုပ်မရှိပုံပေါက်နေသည်။ သူတို့သည် မည်သည့်နေရာ၌ရှိနေပါစေ အလွန်ထူးခြားသော စရိုက်လက္ခဏာရှိသည့် ထူးချွန်သော အမျိုးသားများအဖြစ် သတ်မှတ်ခံရနိုင်သည်။ ရွှီဇီရုန်သည် သူတို့ကို သူ့မျက်စိရှေ့ကနေ တကယ်ထုတ်ပစ်ချင်ခဲ့သည်။

ငါ့ကိုကိုအတွက် ငါစိတ်ရှည်ရမယ်! ငါ့ကိုကိုအတွက် ငါစိတ်ရှည်ရမယ်!

ရွှီဇီရုန်သည် ဤစာကြောင်းကို ထပ်ခါတလဲလဲ ပြောခဲ့သည်။ သူတို့တွေ ဝယ်ယူလို့ပြီးသွားသောအခါ လျှိုကွမ်းဂိုဏ်းသို့ ပြန်ခါနီးတွင် သူ သည်းမခံနိုင်တော့ဘဲ သူ့အစ်ကိုကို ဆွဲခေါ်ကာ ကျီကွမ်းပေါ်သို့ ခုန်တက်ကာ ဝှီးခနဲပျောက်ကွယ်သွားခဲ့သည်။

ဝေ့ချင်၊ လဲ့ဟူ: "…"

လဲ့ဟူက မေးစေ့ကိုကိုင်ကာ
"ဟင်း… ဒီကလေးက နှစ်တွေကြာသွားတာတောင် လုံးဝမပြောင်းလဲသေးဘူး…"

ဝေ့ချင်က သူ့ကို ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
"ဟုတ်တယ်… ကိုယ့်ရဲ့ပင်ကိုယ်စရိုက်ကို ပြောင်းလဲရခက်တယ်လို့ ပြောကြတယ်… မင်းလည်း မပြောင်းလဲသေးဘူးမလား? အခုအချိန်အထိ မင်း ဘာမှ မသိဘူး!"

လဲ့ဟူက ဝေ့ချင်ကို ပြင်းပြင်းထန်ထန် အံကြိတ်ပြကာ သူ့မျက်နှာထက်တွင် ဆိုးညစ်သောအပြုံးတစ်ခု ပေါ်လာသည်။
"ဒါဖြင့် ငါတို့နောက်ဆုံးအကြိမ်က တိုက်ပွဲမပြီးသေးဘူးမလား?"

ဝေ့ချင်က ပိုအေးစက်သောအကြည့်မျိုး ပြသခဲ့သည်။
"ငါ ပြစ်ဒဏ်စီရင်ခြင်းခန်းမမှာ တစ်လလောက် သော့ပိတ်ခံလိုက်ရလို့ မင်းကိုကျေးဇူးတင်သင့်တာပေါ့…"

"တစ်လ?" လဲ့ဟူက ခဏလောက်တွေးတောပြီးနောက် ရုတ်တရက် ဒေါသထွက်ဖြစ်သွားသည်။ "သူတို့က မတရားတာပဲ! သူတို့က ဘာလို့ ငါ့ကိုကျတော့ ငါးလတောင် သော့ပိတ်ထားရတာလဲ?"

"ငတုံး၊ မင်းအရင်ရန်စတာလေ!"
ဝေ့ချင်၏နှုတ်ခမ်းထောင့်များက လှုပ်ယမ်းလိုက်သည်။

"ငါနားလည်ပြီ!" လဲ့ဟူက ရုတ်တရက် လက်ခုပ်တီးလိုက်ပြီး ဝေ့ချင်ကို လက်သီးဖြင့်ထိုးကာ "မင်းက ငါအရင်ရန်စတာလို့ ပြောပြီးပြီဆိုတော့ ငါဟန်ဆောင်တာကို ရပ်လိုက်တော့မယ်!"

ဝေ့ချင်က လျင်မြန်စွာ ဆုတ်ခွာသွားပြီး သူ၏လက်ထဲကနေ မီးနဂါးတစ်ကောင် ထွက်လာကာ "မင်းဒါကိုလုပ်တော့မယ်ဆိုတာ ငါသိနေတယ်!"

သူတို့နှစ်ဦးသည် ဖာအန့်မြို့အပြင်ဘက်တွင် တိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည်။ နှစ်ယောက်လုံးက အပြင်းအထန် တိုက်ခိုက်နေကြသော်လည်း နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက် သတ်ချင်စိတ်မရှိကြပေ။

ရွှီဇီယန်သည် အဝေးတွင်ရပ်နေကာ နှစ်ယောက်သားက မနက်ဖြန်မရှိတော့သလို တိုက်ခိုက်နေတာကို မှင်တက်စွာ ကြည့်နေလိုက်သည်။ ရွှီဇီရုန်ကို ယဉ်ကျေးစွာပြုမူရန် ပြောပြီးနောက် သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ထိုးနှက်နေကြသည်။ တကယ့်ကို ပင်ပန်း၏။

"စိတ်မပူပါနဲ့ ကိုကို၊ သူတို့က တစ်ယောက်နဲ့တစ်ယောက် ဒေါသထွက်နေရုံပါ… သူတို့တွေ အချင်းချင်းမသတ်လောက်ပါဘူး…"
ရွှီဇီရုန်၏နှုတ်ခမ်းက အနည်းငယ် လှုပ်ယမ်းသွားသည်။

"ငါသိပါတယ်…"

ရွှီဇီယန်သည် မနေနိုင်စွာ သက်ပြင်းချလိုက်ရင်း ဝေ့ချင်နှင့် လဲ့ဟူတို့သည် ရွှီဇီရုန်နှင့် သူ၏ဆရာသခင်ကဲ့သို့ပင် သူနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိကြောင်း သိသာထင်ရှားသော်လည်း သူတို့တွေ အချင်းချင်းတွေ့တိုင်း ရန်ဖြစ်လေ့ရှိကြသည်။

ရွှီဇီယန်ရှေ့မှာ သူတို့ဟာ သူတို့ကိုယ်သူတို့ အနည်းငယ် ထိန်းချုပ်နိုင်ပေမယ့် ရွှီဇီယန်မရှိတော့တာနဲ့ မေးခွန်းမထုတ်ဘဲ စတင်တိုက်ခိုက်ပါတော့သည်။

တချို့ရန်ဖြစ်မှုတွေက ဖြစ်ပေါ်လာဖို့ကို ရည်ရွယ်ထားတာဖြစ်သည်...╮(╯_╰)╭

ရွှီဇီယန်သည် အကူအညီမဲ့နေ၏။ 

သူတို့ဘာလုပ်နေတယ်ဆိုတာ သူတို့သိတယ်… သူတို့ကန့်သတ်ချက်တွေကို သူတို့သိတယ်… ဒီတော့ ဒီမိုက်မဲတဲ့ကလေးနှစ်ယောက်ကို ရန်ဖြစ်ခွင့်ပေးလိုက်ရုံပေါ့!

လျှိုကွမ်းဂိုဏ်းသို့ ပြန်လာပြီးနောက် အခြားတပည့်များထံမှ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ သတင်းတစ်ခုကို ချက်ချင်းကြားလိုက်ရသည်။

အလောင်းကောင်ရုပ်သေးရုပ်ဂိုဏ်းက ဖျက်ဆီးခံခဲ့ရသည်။

ဂိုဏ်းတစ်ခုလုံးကို ဖျက်ဆီးခြင်းကဲ့သို့သော ကိစ္စများသည် ရံဖန်ရံခါ ဖြစ်ပေါ်တတ်သော်လည်း အလောင်းကောင်ရုပ်သေးရုပ်ဂိုဏ်းသည် မိစ္ဆာကျင့်ကြံခြင်းလောကတွင် ဂိုဏ်းကြီးတစ်ခုဖြစ်ပြီး သူတို့ကို ဖယ်ရှားရန် မလွယ်ကူပေ။

မကြာသေးမီဆယ်စုနှစ်များအတွင်း၌ပင် အလောင်းကောင်ရုပ်သေးဂိုဏ်းသည် ဆုတ်ယုတ်လာသော်လည်း မကြာသေးမီကပင် အမတအခြေတည်စအဆင့်သို့ ရောက်ရှိခဲ့သော အကြီးအကဲတစ်ဦးရှိခဲ့ပြီး ဤကဲ့သို့အရာမျိုးမှာ မဖြစ်သင့်ပေ။

ရွှီဇီရုန်သည် သူ၏ယခင်ဘဝက အလောင်းကောင်ရုပ်သေးဂိုဏ်းသည် တစ်ကြိမ်ဖျက်ဆီးခံခဲ့ရကြောင်း သိသော်လည်း ထိုတပည့်များ၏ ပြောဆိုမှုကို နားထောင်ပြီးနောက် အလောင်းကောင်ရုပ်သေးဂိုဏ်းသည် ယခုဘဝ၌ ပို၍ပင် ဆိုးရွားစွာဖျက်ဆီးခံလိုက်ရကြောင်း သူသိလိုက်ရသည်။ ထိုဂိုဏ်း၏ဆရာသခင်နှင့် အမတအခြေတည်စအဆင့်အကြီးအကဲတို့သာမက ထိုထူးချွန်းသောတပည့်များပါ သတ်ဖြတ်ခံခဲ့ရသည်။

ဤဂိုဏ်းကို ဖျက်ဆီးတာ အောင်မြင်ဖို့အတွက် သူတို့နှင့်အလားတူ သန်မာသော ဂိုဏ်းတစ်ခုလိုပါသည်။ ထို့အပြင် ဂိုဏ်းကိုဖျက်ဆီးရန် အမတအခြေတည်စအဆင့်ကျင့်ကြံသူ အနည်းဆုံး ၅ ယောက်နဲ့အထက် လိုအပ်သည်။

သို့ပေမယ့် ထိတ်လန့်စရာအကောင်းဆုံးကတော့ အားလုံးက ဂိုဏ်းထဲကနေ စတင်ခဲ့တာဖြစ်သည်။

အလောင်းကောင်ရုပ်သေးရုပ်ဂိုဏ်း၏‌ဂိုဏ်းချုပ်၏တပည့်က သူမကို သူမ၏ဖုတ်ကောင်နှင့်အတူ ထောင်ချောက်ဆင်ခဲ့ကြောင်း ပြောကြသည်။ သူတို့သည် သူမကို သတ်ခဲ့ပြီး သူမ၏အမတအခြေတည်စဝိညာဉ်ကိုလည်း ဝါးမျိုခဲ့သည်။ 

အမတအခြေတည်စအဆင့်ဖြစ်လာသော အကြီးအကဲက ပို၍ပင်ကံမကောင်းပေ— သူသတိထားလာသောအခါ သူ့ဖုတ်ကောင်က အခိုးခံလိုက်ရသည်။

သူ့ဖုတ်ကောင်နှင့်အတူ ထွက်ပြေးချင်ပေမယ့် ဖုတ်ကောင်က အခင်းအကျင်းတစ်ခုတွင် ပိတ်မိနေပြီဖြစ်ကြောင်း သူတွေ့လိုက်ရသည်။

အလောင်းကောင်ရုပ်သေးဂိုဏ်း၏ ကျင့်ကြံသူများသည် သူတို့၏ ဖုတ်ကောင်များနှင့် အကြာကြီး မခွဲခွာနိုင်ဘဲ သူ၏ဖုတ်ကောင်ကို တလိုတလား စွန့်လွှတ်မပေးပါက လွတ်မြောက်ရန် အခွင့်အလမ်းပင် ရှိလာမည်မဟုတ်ပေ။ သို့သော် အကြီးအကဲ၏ ကျင့်ကြံခြင်းအားလုံးနီးပါးက သူ၏ဖုတ်ကောင်များမှဖြစ်ပြီး သူသည် သူ၏ဖုတ်ကောင်ကို စွန့်လွှတ်ပါက သူ၏အမတအခြေတည်စအဆင့်ကို ဆုံးရှုံးသွားနိုင်သည်။

ထိုအကြီးအကဲသည် သူ၏ကျင့်ကြံခြင်းကို စွန့်လွှတ်ရန် ဆန္ဒမရှိခဲ့ဘဲ လောဘကြီးသော အတွေးက သူ့ကံကြမ္မာကို အဆုံးအဖြတ်ပေးနေပြီဖြစ်သည်။

ဂိုဏ်းချုပ်၏ဖုတ်ကောင်က သူမတပည့်၏ အမိန့်ကို အဘယ်ကြောင့်နာခံရသလဲဆိုတာ မည်သူမျှ မသိခဲ့ကြပေ။ ထို့အပြင် အကြီးအကဲ၏ဖုတ်ကောင်သည် ဘာအသံမှ မထွက်ဘဲ အဘယ်ကြောင့် ပိတ်မိသွားသည်ကို မည်သူမျှ မသိခဲ့ကြပေ။

အတိုချုပ်ပြောရလျှင် ထိုနေ့တွင် ဖန်ကျစ်ကျီး၏အမည်သည် တရားမျှတခြင်းနှင့် မိစ္ဆာကျင့်ကြံခြင်းနယ်မြေနှစ်ခုစလုံးတွင် ပျံ့နှံ့သွားပြီး သူ့အမည်အောက်တွင် လျှို့ဝှက်ထားသောဖုတ်ကောင်နှစ်ကောင်ကို သတိမပြုမိသွားခဲ့ပေ။

"ကျွတ်… ကျွတ်… ဒီကလေးက တကယ်ကို အံ့ဩစရာကောင်းတာပဲ…"
ရွှီဇီယန်သည် ဖန်ကျစ်ကျီးနှင့် မျက်နှာချင်းဆိုင်မတွေ့ဖူးဘဲ ကုဗတုံးထဲတွင် ပုန်းနေချိန်၌ သူ့ကို တစ်ချက်မျှသာ ကြည့်လိုက်မိသည်။

"အင်း… သူက တကယ်တော်တယ်…"
ရွှီဇီရုန်သည် မည်သူ့ကိုမျှ တစ်ခါမျှ မပြောဖူးသော ချီးကျူးစကားကို ပြောခဲ့သည်။

ဖန်ကျစ်ကျီးဟုခေါ်သော ထိုလူငယ်သည် ဖုတ်ကောင်ဖြစ်နေသော ဆယ်ကျော်သက်မိန်းကလေး၏ ပါးစပ်နားရှိ အစွန်းအထင်များအား ညင်သာစွာ သုတ်ပေးနေခဲ့တာကို သူခပ်ရေးရေးမှတ်မိနေသေးသည်။

ထိုအချိန်တုန်းက သူ့ကိုဂရုစိုက်ပေးပြီး ချစ်ပေးမည့် အစ်ကိုကြီးတစ်ယောက်ရှိရန် သူ့စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်း မျှော်လင့်ထားခဲ့သည်။ ကံမကောင်းစွာပဲ ထိုအချိန်က ရွှီဇီယန်နှင့် နှိုင်းယှဥ်ကြည့်လျှင် သူ့အတွေးများသည် လက်တွေ့မဆန်သလို အမှန်ဖြစ်ရန်ပင် ရူးသွပ်လွန်းလှသည်။

ကံကောင်းထောက်မစွာ သူသည် ကပ်ဆိုးတစ်ခုမှ လွတ်မြောက်ခဲ့ပြီး ပြန်လာရန် အခွင့်အရေးရှိခဲ့သည်။ ဤတစ်ကြိမ်တွင် ဘုရားသခင်သည် သူ့ကို အထူးကောင်းမွန်စွာ ဆက်ဆံခဲ့ပြီး သူ၏အိပ်မက်ကို ဖြည့်ဆည်းပေးခဲ့သည်။

"ကိုကို…"
ရုတ်တရက် ရွှီဇီရုန်က သူ့အစ်ကိုကို အနောက်ကနေ တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။

"ဟင်? ဘာဖြစ်တာလဲ?" 
ရွှီဇီယန်က ပြုံးပြီး မေးသည်။

"ဘာမှ မဖြစ်ပါဘူး… ကိုကိုနဲ့ အမြဲတမ်းအတူတူရှိနေရတာက အရမ်းကောင်းတာပဲလို့ ကျွန်တော်ထင်မိလို့ပါ…"
ရွှီဇီရုန်၏မျက်နှာထက်တွင် အပြုံးခပ်ရေးရေးရှိနေသည်။ သူက ပျော်ရွှင်မှုအပြည့်ရှိနေတယ်ဆိုတာ ထင်ရှားပါသည်။ 

ရွှီဇီယန်က ပြုံးကာ ဘာမှပြန်မပြောဘဲ ဇီရုန်၏လက်ကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး နွေးထွေးမှုပေးလိုက်သည်။

လန့်ယွီလျှို့ဝှက်နယ်မြေမှာ ဘာတွေကြုံတွေ့ရမယ်ဆိုတာ မသိတာကြောင့် ရွှီဇီယန်က ကျန်ရင်းနှင့် ဖန့်ထျန်းရွေ့တို့ကို ခေါ်သွားဖို့ အစီအစဉ်မရှိပေ။ လျှိုကွမ်းဂိုဏ်း၏ အကာအကွယ်အောက်တွင် အထူးသဖြင့် သူ့တပည့်များကို အလွန်အမင်း ကာကွယ်ပေးတတ်သော လော့ယွင်ကြောင့် ရွှီဇီယန်သည် တစ်ယောက်ယောက်က ရုတ်တရက် ပြဿနာများ ဖန်တီးလာမည်ကို စိုးရိမ်ခြင်းမရှိပေ။

လန့်ယွီလျှို့ဝှက်နယ်မြေမဖွင့်မီ ခြောက်လတွင် ရွှီဇီရုန်၌ အချိန်ကောင်းတစ်ခုရှိခဲ့သည်။

လျှိုကွမ်းဂိုဏ်းတွင် သူ၏လုံခြုံရေးကို အာမခံနိုင်သည်။ ကျင့်ကြံခြင်းအပြင် အခြားအချိန်းအားလုံးနီးပါးတွင် သူ့အစ်ကိုနှင့်အတူ နှစ်ကိုယ်တူကျင့်ကြံခြင်းကိုလည်း ကုန်ဆုံးခဲ့သည်။

သူတို့က မျက်နှာချင်းဆိုင်၊ နောက်ပြန်၊ ရေထဲမှာ၊ တောင်ပေါ်မှာ လုပ်ကြသည်… ခြောက်လကြာတော့ ရွှီဇီယန်၏အခြေခံစံနှုန်းတွေ ဘာမှ မကျန်အောင်ကို အကုန်ပျက်စီးသွားခဲ့သည်…

ရွှီဇီယန်: "…"

သေစမ်း၊ ရွှီဇီရုန်က ဒီပုံစံတွေအားလုံးကို ဘယ်မှာ သင်ယူခဲ့တာလဲ? ခေတ်ဘက်ကလူတွေထက်တောင် သူကပိုသိနေသေးတယ်!

သူ့မျက်နှာကို တိတ်တဆိတ် ဖုံးကွယ်လိုက်ရင်း ရွှီဇီယန်သည် ‌ဆုံးရှုံးသွားသော သူ၏ကိုယ်ကျင့်တရားအတွက် သုံးစက္ကန့်ကြာ ညည်းတွားခဲ့သည်...

ထို့နောက် နောက်တစ်နေ့တွင် လန့်ယွီလျှို့ဝှက်နယ်မြေကို ဖွင့်လှစ်တော့မည်ဖြစ်သောကြောင့် သူ့ကိုယ်သူ အားပေးမိသည်။ သူက ပိုင်ဟွနဲ့ ပထမဆုံးမျက်နှာချင်းဆိုင်ရန် သွားရတော့မည်။

တွေးရင်းနဲ့တောင် သူစိတ်လှုပ်ရှားနေမိသည်။

နောက်နေ့မနက်စောစောမှာ ရွှီဇီယန် အိပ်ရာထချိန်တွင် ပထမဆုံးလုပ်ခဲ့တာက ရစ်ပတ်ထားသောမြွေ(ရွှီဇီရုန်)ကို သူ့ခန္ဓာကိုယ်ပေါ်က ဖယ်ရှားပစ်ဖို့ပဲဖြစ်သည် -____-

ထို့နောက် သူ့အဝတ်အစားများလဲကာ ကု‌ဗတုံးနှင့် ချန်ခွင်အိတ်ကို ထပ်မံစစ်ဆေးသည်။

လွန်ခဲ့သည့် ခြောက်လအတွင်း ကုဗတုံး၏ စွမ်းရည်များက တစ်ဖန် ပြန်လည် ပြောင်းလဲလာသည်။ ကောင်းကင်နှစ်ခြမ်းခွဲခြင်းကို မျိုချလိုက်သောအခါတွင် ကြီးမားသော စွမ်းအင်ကို ကုဗတုံးကစုပ်ယူနိုင်ခဲ့ပြီး ၎င်း၏ဧရိယာက ယခင်ကထက် အဆပေါင်း ရာနှင့်ချီ ကျယ်ပြန့်လာခဲ့သည်။

ကုဗတုံး နိုးလာသောအခါတွင် ရွှီဇီယန်သည် ထိုသို့သောပြောင်းလဲမှုကို သတိမထားမိဘဲ သူ၏အမြင်အရ ကုဗတုံး၏ဧရိယာဟာ ယခင်အတိုင်းပင်ဖြစ်နေသေးသည်။ သို့သော် တစ်နေ့တွင် သူဝင်ရောက်သွားသောအခါတွင် ထူးခြားမှုတစ်ခုခုကို စတင်သတိထားမိသည်။

အပြင်ကနေ ကုဗတုံးသည် နှစ်မီတာစတုရန်းပေကျယ်ဝန်းသည်။ အထဲကို ဝင်သွားပြီးနောက် ကုဗတုံးသည် ဝတ္ထုကို သူမကြာခဏ ဖတ်လေ့ရှိသော ခရီးဆောင်နေရာမျိုး ဖြစ်လာခဲ့သည်။

ကုဗတုံးသည် ချွတ်ယွင်းချက်ရှိသော ထုတ်ကုန်တစ်ခုဟု ထင်ရသည်မှာ သနားစရာပင်။ အခြားသော ခရီးဆောင်နေရာများတွင် များသောအားဖြင့် အိမ်များ၊ စိတ်ဝိညာဉ်စမ်းရေများနှင့် ရတနာမျိုးစုံ ထားရှိထားသည်။ ကုဗတုံးထဲတွင် ရတနာများမဆိုထားနှင့် အမြစ်မရှိသော မီးခိုးရောင် မြေကွက်ကြီးတစ်ခုသာရှိသည်…

(ချွတ်ယွင်းနေသော ကုဗတုံး: QAQ)

ကံကောင်းထောက်မစွာ ၎င်းတွင် ဒြပ်စင်ငါးမျိုးသလင်းကျောက်ရှိသေးသည်။ ဒြပ်စင်ငါးမျိုးရတနာတစ်ခုအနေဖြင့် ၎င်းသည် အံ့သြဖွယ်ကောင်းသော အကျိုးသက်ရောက်မှုများရှိခဲ့သည်။ ရွှီဇီယန်သည် ကုဗတုံး၏မြေကြီးထဲတွင် မြှုပ်နှံ့ပြီးနောက် ၎င်းသည် ဒြပ်စင်ငါးမျိုး၏ စိတ်ဝိညာဉ်စွမ်းအားကို ဖြည်းညှင်းစွာ ထုတ်လွှတ်ကာ ကုဗတုံး၏နေရာကို တဖြည်းဖြည်းပြောင်းလဲသွားသည်။

တစ်ခုတည်းသောနောင်တရစရာမှာ အသွင်ကူးပြောင်းမှုသည် နှေးကွေးလွန်းလှ၏။ မကြာသေးမီက တိုးတက်မှုများအရ ၎င်းသည် ပုံမှန်နယ်မြေဖြစ်လာရန် အနည်းဆုံး နှစ်တစ်ရာ အချိန်ယူရဦးမည်ဖြစ်သည်။

စိတ်ဝိညာဉ်ပန်းများ နှင့် အပင်များ ပေါက်ရောက်နိုင်လောက်အောင် ၎င်း၏ စိတ်ဝိညာဉ်စွမ်းအားများ ကြွယ်ဝရန် အနှစ်တစ်ထောင်ပင် အချိန်ယူရပေလိမ့်မည်။

ကုဗတုံးနှင့် ချန်ခွင်အိတ်ထဲတွင် လိုအပ်သည့် ပစ္စည်းများ ပါ၀င်ကြောင်း အတည်ပြုပြီးနောက် ရွှီဇီယန်သည် ရွှီဇီရုန်ကို လျှိုကွမ်းဂိုဏ်းရှေ့ရှိ ကွင်းပြင်သို့ ခေါ်ဆောင်သွားခဲ့သည်။

#TK