Chapter 144
Viewers 23k

Chapter 144


ပုံမှန်အားဖြင့် တစ္ဆေအရိပ်တစ်ခု ဆုံးရှုံးခြင်းက အကြီးအကဲမိစ္ဆာကို ဒေါသထွက်အောင်မလုပ်နိုင်ပေမယ့် ရွှီဇီယန်က သူ၏တစ္ဆေအရိပ်အား သတ်ပစ်ခဲ့တာကို စော်ကားသည့်လုပ်ရပ်တစ်ခုလို့ ယူဆထားသည်။


သူကမန္တန်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး တစ္ဆေအရိပ်တချို့ကို လွှတ်ချတော့မယ့်အချိန်၌ ရုန်ချင်းယွင်က သူ့ကိုတားလိုက်ပြီး 

"ဆရာသခင်… ယွင်အာက ဆရာသခင်ရဲ့သူရဲကောင်းဆန်တဲ့ လုပ်ရပ်ကို မတွေ့ရတာကြာပြီ။ ဒီနေ့ ယွင်အာကို မြင်ခွင့်ပေးလို့ရမလား။"


အကြီးအကဲမိစ္ဆာသာ သူတို့ကို မသတ်ရင် ရုန်ချင်းယွင် အလွန်အမင်းစိတ်ပျက်သွားမှာကို သူမျက်လုံးတွေထဲ၌ မြင်နေရသည်။


အကြီးအကဲမိစ္ဆာက ရယ်မောကာ "ကောင်းပြီ! ဆရာသခင် သူတို့ကို ဘယ်လိုရှင်းပစ်မလဲဆိုတာ ငါ့ရဲ့တပည့်ကောင်းလေးကို ကြည့်ခွင့်ပေးမယ်။" 


ရုန်ချင်းယွင်၏ မျက်လုံးတွေ လင်းလက်သွားပြီး "ဆရာသခင်… ကျွန်တော် ဆရာသခင်အတွက် ရေတွက်ပေးမယ်။ တစ်ဆယ်ဆို ရပြီလား။" 


အကြီးအကဲမိစ္ဆာက သူ့ကို စိုက်လိုက်ကြည့်ရင်း "တစ်ဆယ်? သုံးဆို ရပြီ!"


သူစကားမဆုံးခင်မှာပင် ပျောက်ကွယ်သွားပြီး လူလေးယောက်ဆီသို့ အလင်းတန်းတစ်ချို့ ပစ်ခတ်လိုက်သည်။ ကျန်ရင်းနှင့် ဖန့်ထျန်းရွေ့တို့သည် လျင်မြန်စွာ မတုံ့ပြန်နိုင်ဘဲ သွေးအချို့ထွက်သွားပြီးနောက် မေ့မြောသွားကြသည်။


ရွှီဇီရုန်အတွက်လည်း ခုခံကာကွယ်ရန် အလွန်ခက်ခဲပါသည်။ အတွေ့အကြုံ မည်မျှပင်ရှိစေကာမူ သူတို့၏ ကျင့်ကြံခြင်းအဆင့်တွင် ကွဲပြားမှုများ ရှိနေဆဲဖြစ်ပြီး အတွေ့အကြုံအားဖြင့် အရာအားလုံးကို မဖြေရှင်းနိုင်ပေ။


ရွှီဇီယန်၏ စွမ်းဆောင်ရည်ကတော့ ရွှီဇီရုန်ထက် အနည်းငယ်သာလွန်သည်။ သူ၏ ခရမ်းရောင်မိုးကြိုးသွားသည် ဤမန္တန်အမျိုးအစားတွေအတွက် သက်ရောက်မှုကို ပြင်းထန်စွာတားမြစ်ပေးထားပြီး အဘယ့်ကြောင့်ဆိုသော် သူ၏ကျင့်ကြံခြင်းအဆင့်သည် ရွှီဇီရုန်ထက် အနည်းငယ်မြင့်မားသောကြောင့်ဖြစ်သည်။


ကျန်ရင်းနှင့် ဖန့်ထျန်းရွေ့ကို ချပြီးနောက် အကြီးအကဲမိစ္ဆာသည် သူ၏ ကြီးမားသောလက်ကို ဆန့်ထုတ်ကာ ရွှီဇီယန်၏လည်ပင်းကို ညှစ်ရန် ကြိုးစားလိုက်သည်။ အခုတိုက်ပွဲကနေပြီးတော့ ချောမောလှပသည့်လူငယ်လေးဟာ သူ့အစ်ကိုဖြစ်သူအား တစ်လျှောက်လုံး အကာအကွယ်ပေးနေတာကို သူတွေ့လိုက်ရသည်။ သူ့အစ်ကိုကို ထိန်းထားနိုင်သ၍ အဲဒီလူငယ်ကို နောက်မှ လက်နက်ချမယ်လို့ တွေးလိုက်သည်။


ရုန်ချင်းယွင် အသက်တစ်ချက်မျှ မရေတွက်မီ အကြီးအကဲမိစ္ဆာသည် တိုက်ပွဲတွင် အနိုင်ရလုနီးပါး ဖြစ်နေပြီဖြစ်သည်။ သူဟာ သူ၏တပည့်အား အလွန်ဂုဏ်ယူစွာ စိုက်ကြည့်ကာ ရွှီဇီယန်ကို ထိန်းချုပ်ထားပြီးပြီဟု တွေးလိုက်သည်။ မမျှော်လင့်ဘဲ ယခုအချိန်၌ ရွှီဇီယန်၏ခန္ဓာကိုယ်မှ အလွန်တောက်ပသော ခရမ်းရောင်အလင်းတန်းတစ်ခု ပေါက်ကွဲသွားပြီး အကြီးအကဲမိစ္ဆာဟာ ထိုပြင်းထန်သောစွမ်းအင်ကို ခံစားလိုက်ရသည်။


အကြီးအကဲမိစ္ဆာသည် ဤလူလေးယောက်၏ခြိမ်းခြောက်မှုကို လုံးဝမစိုးရိမ်သောကြောင့်၊ သူ့ခန္ဓာကိုယ်အား စိတ်ဝိညာဉ်စွမ်းအင်ဖြင့် ဖုံးအုပ်ထားခြင်းမရှိပါ။ ခရမ်းရောင်မိုးကြိုးသွားက သူ့ခန္ဓာကိုယ်ကို တိုက်ရိုက်တိုက်ခိုက်ခဲ့ပြီး အနည်းငယ် ဒဏ်ရာရသွားသည်။


"မင်းသတ္တိရှိလှချေလား!" အကြီးအကဲမိစ္ဆာသည် ဒေါသတကြီး ဖြစ်နေ၏။ အမတဝိညာဉ်အခြေတည်စအဆင့် ကျင့်ကြံသူက ဝိညာဉ်ကြောချဲ့ထွင်ခြင်းအဆင့် ကျင့်ကြံသူ၏ တိုက်ခိုက်မှုကို ဘယ်လိုလုပ် ခံရမည်နည်း။ ဒီကိစ္စသာပျံ့သွားပါက အကြီးမားဆုံးဟာသကြီး ဖြစ်သွားနိုင်သည်။


သူဟာ သူတို့အားလုံးကို သတ်ပစ်ရန် ပြင်းပြင်းထန်ထန် လှုံ့ဆော်ထားပြီး၊ ဤလူများကို သူ့တပည့်အတွက် ထိန်းသိမ်းရန် မစဉ်းစားတော့ဘဲ သူ၏အပြင်းထန်ဆုံး တိုက်ခိုက်မှုဖြစ်သည့် "ကောင်းကင်ကိုနှစ်ခြမ်းခွဲခြင်း" အား ချက်ချင်း လွှတ်လိုက်သည်။


အမတဝိညာဉ်အခြေတည်စအဆင့်နှင့် အထက်ရှိသော ကျင့်ကြံသူတွေသာလျှင် ရွှီမီ၏နိယာမနှင့် အမှန်တကယ်ထိတွေ့နိုင်ပြီး "ကောင်းကင်ကိုနှစ်ခြမ်းခွဲခြင်း" သည် ရွှီမီ၏နိယာမမှ ဆင်းသက်လာသော တိုက်ခိုက်ရေးမန္တန်ဖြစ်သည်။


"ကိုကို!" ရွှီဇီရုန်၏မျက်လုံးများသည် ချက်ချင်းပင် သွေးရောင်နီရဲလာပြီး မဝေးလှသောနေရာမှ မြင်ကွင်းကြောင့် သူ့ခန္ဓာကိုယ်တွင်းက သွေးများအေးစက်သွားသည်။


ရွှီဇီယန်ဟာ လူလတ်ပိုင်းအရွယ်အမျိုးသားက ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်ကာ လက်ကိုမြှောက်လိုက်သည်ကိုသာ မြင်လိုက်ရသည်။ အဲ့ဒီနောက် သူတို့နှစ်ဦးကြားရှိ နေရာလွတ်များ ကွဲထွက်သွားကာ အချို့နေရာများ၌ အက်ကြောင်းများပင် ပေါ်လာသည်။


ထိုအချိန်၌ အချိန်တွေဟာ ရပ်တန့်သွားသလိုပဲ၊ ဒါပေမယ့် ရွှီဇီယန်ကတော့ မထင်မှတ်ပဲ ငြိမ်သက်နေခဲ့ပါသည်။


သူ၏ကျင့်ကြံခြင်းအဆင့်ဟာ ဤရွေ့လျားမှုအတွက် လုံးဝ သည်းမခံနိုင်ကြောင်း သူသိသည်။ လော့ယွင်ပေးထားသည့် ခုခံကာကွယ်ခြင်းအဆောင်ရှိထားပေမယ့် ရွှီမီ၏နိယာမမှ ဆင်းသက်လာသော ဤဖြတ်တောက်မှုကို ရပ်တန့်နိုင်မည်မဟုတ်ပါ။ သူ့ကိုသတ်ဖို့ ရည်မှန်းထားတာဖြစ်ပြီး ဒါဟာ သူ့ကံကြမ္မာပင်ဖြစ်နေပါပြီ။


ဟုတ်ပါသည်၊ ရွှီဇီယန် မသေချင်သေးဘူး။ သူသည် ဤထူးဆန်းသောကမ္ဘာသို့ တစ်နည်းနည်းဖြင့် ဝိညာဉ်ကူးပြောင်းလာခဲ့ပြီး သူ့စိတ်ထဲတွင်လည်း သူစိမ်းတစ်ယောက်၏ အမှတ်တရများနှင့် ပြည့်နေခဲ့သည်။ ဤအခြေအနေများအောက်တွင်ပင် သူဟာ ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေနေထိုင်ခဲ့ပြီး လမ်းမှားမရောက်အောင် သူ့ညီလေးကိုပင် ပြုစုပျိုးထောင်ခဲ့သည်။ သူ၏ချစ်လှစွာသော ညီလေးကသာ သူ၏ပျော်ရွှင်မှုဖြစ်သည်ကို သိလိုက်ပြီးနောက် ထိုပျော်ရွှင်မှုကို သူမျက်စိတ်တစ်မှိတ်စာလောက်ပဲ ခံစားရသေးပြီး သူ့ညီဖြစ်သူ၏ချစ်သူဖြစ်လာသည့်အချိန်မှာ သူဘယ်လိုလုပ် သေချင်မှာလဲ။


သူတကယ်မသေချင်သေးဘူး!


သူမသေချင်သေးသလို ရွှီဇီရုန် လဲပြိုကျတာကိုလည်း ရွှီဇီယန်မမြင်ချင်ဘူး။


အကယ်၍ သူသေဆုံးသွားပါက ရွှီဇီရုန်ဟာ ပုံမှန်အတိုင်း ပြန်ဖြစ်ရန် မဖြစ်နိုင်တော့သည်မှာ သေချာသည်။ သူ၏ သွေးပင်လယ်နှလုံးကျင့်စဉ်တွင် တုန့်ပြန်မှုတစ်ခု ရှိလာနိုင်ပြီး၊ သတ်ဖြတ်ခြင်းကိုသာသိသော တောကောင်အဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။ 


အရင်ဘဝကို နာကျင်ခါးသီးစွာဖြတ်သန်းခဲ့ရသည့် ဒီညီလေးကို ထပ်ပြီးနာကျင်အောင် သူမလုပ်ဝံ့ပေ။ ဒါကြောင့် သူမသေနိုင်သေးဘူး!


သူ့စိတ်တွေ အရမ်းမြန်လာ၏။ ရွှီဇီယန်ဟာ ဖြစ်နိုင်ခြေရှိသည့် နည်းလမ်းအားလုံးကိုတွေးတောနေပေမယ့် သူဘယ်လိုနည်းလမ်းကိုပဲသုံးသုံး အခြေအနေကို မပြောင်းလဲနိုင်တာကြောင့် စိတ်ပျက်လက်ပျက်ဖြစ်ရသည်။ ဒါ့ပြင် အကြီးအကဲမိစ္ဆာ၏အရှိန်အဟုန်အောက်မှာ သူကုဗတုံးထဲဝင်ရင်တောင် မလွတ်မြောက်နိုင်ပါဘူး...


ခဏလေး! ကုဗတုံး!


ရွှီဇီယန်၏မျက်လုံးများ ရုတ်တရက် တောက်ပလာသည်။


ကုဗတုံးဟာ ရွှီမီကိုဖြတ်သန်းသွားလာတိုင်း ဖွံ့ဖြိုးတိုးတက်ရန် ထိုစွမ်းအားကို မှီခိုအားထားနေရသည်ကို ရုတ်တရက် သတိရမိသည်။ ဤစွမ်းအားသည် အမှန်တကယ် ကုဗတုံးအတွက် စွမ်းအင်အရင်းအမြစ်ဖြစ်သည်ဟု ဆိုလိုတာမလား။


ဒီလိုသာဆိုရင် ကုဗတုံးက ပိုပြင်းထန်သည့်ရွှီမီစွမ်းအင်ကို လက်ခံနိုင်မလားဆိုတာ မသေချာဘူး ... စမ်းကြည့်ရအောင်။ မင်းဘယ်တော့မှ မကြိုးစားဘူးရင် မင်းဘယ်တော့မှ သိမှာမဟုတ်ဘူး။ ဒါတောင်မှ အလုပ်မဖြစ်ခဲ့ရင်တော့ သူ့ကံကြမ္မာကို သူလက်ခံမှာပါ။


သူမလှုပ်နိုင်ပေမယ့် ကံကောင်းထောက်မစွာနဲ့ သူတွေးတောလို့ရတုန်းပါ။ 'ကောင်းကင်ကိုနှစ်ခြမ်းခွဲခြင်း' ကိုတောင်မှ သူ့ရှေ့၌ပိတ်ဆို့ဖို့ ကုဗတုံးကို တိတ်တဆိတ် ထိန်းချုပ်ခဲ့သည်။


အကြီးအကဲမိစ္ဆာက လှောင်ပြောင်နေပြီး သူ၏တိုက်ခိုက်မှုကြောင့် ရွှီဇီယန် အစိတ်စိတ်အမွှာမွှာကွဲသွားအောင် စောင့်ဆိုင်းခဲ့သော်လည်း မမျှော်လင့်ထားသော မြင်ကွင်းမျိုးဖြစ်ပေါ်လာသည်။ ကောင်းကင်ကိုနှစ်ခြမ်းခွဲခြင်းဟာ ရွှီဇီယန်နှင့်အလွန်နီးလာချိန်တွင် ရုတ်တရက်ပျောက်ကွယ်သွားသည်။


ဒါက လုံးဝမဖြစ်နိုင်ဘူး! ! !


အကြီးအကဲမိစ္ဆာဟာ အံ့အားသင့်သွားပြီး ရွှီဇီယန်ကို သံသယဖြစ်စွာ ကြည့်လိုက်သည်။ ဤကောင်းကင်ကိုနှစ်ခြမ်းခွဲခြင်းသည် သူ၏ဂုဏ်ယူစရာအကောင်းဆုံးအလုပ်ဖြစ်ပြီး ဝိညာဉ်ကြောချဲ့ထွင်ခြင်းအဆင့် ကျင့်ကြံသူမှ တိတ်တဆိတ် ရုတ်သိမ်းရန် လုံးဝမဖြစ်နိုင်ပါ။


"မင်းဘာလုပ်လိုက်တာလဲ!" အကြီးအကဲမိစ္ဆာက တင်းမာစွာ မေးလိုက်၏။


ရွှီဇီယန်သည် ဘာအခက်အခဲမှမရှိဘဲ ကောင်းကင်ကိုနှစ်ခြမ်းခွဲခြင်းကို မျိုချနေသော သူ၏ကုဗတုံးကို တိတ်တဆိတ်ကြည့်ကာ တုန်လှုပ်သွားသည်...


ရွှီဇီယန်ဟာ ကုဗတုံး၏စွမ်းအားကို ထိတ်လန့်တုန်လှုပ်သွားသောကြောင့် အကြီးအကဲမိစ္ဆာကိုလျစ်လျူရှုထားမိသည်။


အကြီးအကဲမိစ္ဆာဟာ ကျေနပ်လောက်သည့် အဖြေကိုမရခဲ့တာကြောင့် သူ့မျက်လုံးတွေဟာမည်းမှောင်လာပြီး သူတို့ကိုပြန်ဖမ်းကာ ဖြည်းဖြည်းချင်း ညှဉ်းပန်းနှိပ်စက်ဖို့ စီစဉ်လိုက်သည်။ သူသည် မန္တန်အချို့ကို မသိမသာရေရွတ်လိုက်ပြီး သူ့နောက်တွင် နှစ်တစ်ရာတစ္ဆေအောင်လံတော် ပေါ်လာပြန်သည်။


နှစ်တစ်ရာတစ္ဆေအောင်လံတော်ပေါ်၌ မှောင်မိုက်သောလေဖြစ်ပြီး မရေမတွက်နိုင်သော ဝမ်းနည်းခြင်းနှင့် ငိုကြွေးမြည်တမ်းနေသော တစ္ဆေများထွက်ပေါ်လာသည်။ အကြီးအကဲမိစ္ဆာသည် တစ္ဆေတစ်ရာကို လွှတ်ပေးပြီး သူတို့အားလုံးကို ဖမ်းရန် စီစဉ်နေသည်။ သို့သော် သူဟာ ရုတ်တရက် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရပြီး ပါးစပ်ထဲမှ သွေးများထွက်ကျလာသည်။ သူ၏ကျင့်ကြံခြင်းအဆင့်ဟာ သိသိသာသာ ကျဆင်းသွား၏။ သူဟာအမတဝိညာဉ်အခြေတည်စအဆင့်မှ ရွှေအမြုတေ အလယ်အလတ်ပိုင်းအဆင့်သို့ ကျဆင်းသွားသည်။


"ဒါက ဘာကြောင့်လဲ?!" အကြီးအကဲမိစ္ဆာသည် ရွှီဇီယန်ကို ထိတ်လန့်စွာ ကြည့်နေ၏။ သူ့ကို ဘယ်အချိန်ကတိုက်ခိုက်ခဲ့လည်းဆိုတာ သူစဉ်းစားလို့မရဘဲ ဒဏ်ရာပြင်းထန်စွာရသွားသဖြင့် ကျင့်ကြံခြင်းအဆင့်ပါကျဆင်းသွားခဲ့သည်။


သူ့ကိုကို လွတ်မြောက်ကြောင်းသိပြီးနောက် ဝမ်းသာပီတိဖြစ်မိသော ရွှီဇီရုန်သည် ချက်ချင်းပင် သူ့ကိုကို၏ရင်ခွင်ထဲသို့လှဲချလိုက်ပြီး တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်သည်။ သူ့စိတ်ထဲ၌ ဆုံးဖြတ်ပြီးသားပင်။ ဒီနေ့ သေခြင်းကနေ အမှန်တကယ် သူမလွတ်မြောက်နိုင်ပါက သူ့ကိုကိုနှင့်အတူ သူပါသေလိုက်တော့မည်။


ရွှီဇီယန်ကို ရွှီဇီရုန် တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားပြီး၊ သူဟာ အပြစ်ကင်းသောအကြည့်ဖြင့် အကြီးအကဲမိစ္ဆာကို ကြည့်လိုက်သည် - တကယ်တော့ သူနှင့် ရွှီဇီရုန်တို့သည် အဲ့ဒီရုတ်တရက်တုံ့ပြန်မှုကြောင့် အံ့အားသင့်သွားရပါသည်...


ရွှီဇီယန်နံဘေးတွင် ထိုင်နေသော ရွှယ်ထွမ်ဟာ ဝမ်းနည်းသောအမူအရာဖြင့် ပါးစပ်ကိုပိတ်လိုက်ပြီး … ကုဗတုံးကိုကြည့်ကာ ကြောင်တောင်တောင်ဖြစ်နေသည်။ သူ့လိုတောကောင်မျိုးမှာလည်း လျှို့ဝှက်လက်နက်တစ်ခုရှိတာကြောင့် သူကူညီပေးမယ်လို့ အစတုန်းက တွေးထားခဲ့သည်။ 


ရွှယ်ထွမ်ဟာ သူ့မေးစေ့သူခွာဖြင့် ပွတ်လိုက်ပြီး သူ၏သခင်က အမှတ်ပိုရနိုင်သည်ဟု ခံစားမိသည်။


ဤရုတ်တရက်အခြေနေကြောင့် လူတိုင်းထိတ်လန့်တုန်လှုပ်သွားသောအခါ၌ အမှောင်တိမ်တိုက်များပေါ်တွင်မှီပြီး ပျင်းရိစွာပြုမူနေသော ရုန်ချင်းယွင်ဟာ ရုတ်တရက် မတ်တပ်ထရပ်ပြီး မျက်မှောင်ကြုတ်ကာ ညည်းညူလိုက်၏။

"ရူးလိုက်တာ၊ နှစ်တစ်ရာတစ္ဆေအောင်လံတော်ကို မသုံးဖို့ ခင်ဗျားကို ကျွန်တော်ပြောခဲ့သားပဲ။ ဒါပေမယ့် ခင်ဗျားမှ ကျွန်တော်ပြောတာ နားမထောင်ပဲကို"


ထို့နောက် ချက်ချင်းပင် သူ၏ကျင့်ကြံခြင်းအဆင့်သည် အခြေခံကျင့်ကြံခြင်းအစောပိုင်းအဆင့်မှ ရွှေအမြုတေအလယ်အလတ်ပိုင်းအဆင့်အထိ ရုတ်တရက် တိုးလာခဲ့သည်။


သူဟာ သူ၏ကျင့်ကြံခြင်းအဆင့်ကို စစ်ဆေးလိုက်ပြီး ရွှီဇီယန်နှင့် အခြားသူများကို မခို့တရို့စိုက်ကြည့်ရင်း "မင်းတို့တွေ မြန်မြန်မသေနိုင်ကြဘူးလား။ မင်းတို့က ငါ့ကို ဖော်ထုတ်လိုက်တာပဲ။"


"ဘာဖြစ်သွားတာလဲ?" အကြီးအကဲမိစ္ဆာသည် အံ့သြထိတ်လန့်သောအကြည့်ဖြင့် ကျင့်ကြံခြင်းအဆင့်တိုးလာသော သူ့ချစ်သူကို ကြည့်လိုက်၏။ အနှစ်သက်ဆုံး တပည့်က သူ့အားအကွက်ချခဲ့တာကို သူလက်မခံနိုင်သေးဘူး။


ရုန်ချင်းယွင်က လှောင်ပြောင်လိုက်ရင်း "အရူးကြီး၊ ခင်ဗျားက ကျွန်တော်နဲ့လုပ်ရတာ သဘောကျတယ်မလား။ လုပ်ပြီးတဲ့အခါတိုင်း ခင်ဗျားရဲ့ကျင့်ကြံခြင်းအဆင့်တွေ တက်လာတယ်လို့ ခံစားရတယ်မလား။"


အကြီးအကဲမိစ္ဆာဟာ သူ့ကိုသံသယဖြင့် စိုက်ကြည့်နေသည်။


ရုန်ချင်းယွင်းက ချစ်စရာကောင်းစွာ ပြုံးပြလိုက်ပြီး "ကျွန်တော့်မှာ အဖိုးတန်ဆုံးအမြုတေရှိပြီး ခင်ဗျားကိုဖြတ်ကျော်နိုင်အောင် ကူညီပေးနိုင်မယ်လို့ ခင်ဗျားထင်ခဲ့ပေမယ့် တကယ်တမ်းတော့ ခင်ဗျားမျှော်လင့်ထားသလို ကျွန်တော့်မှာအမြုတေမရှိဘူး။ ခင်ဗျားကိုခင်ဗျားလည်းပြန်ကြည့်လိုက်ဦး။ ရုပ်ကလည်းအရမ်းဆိုးပြီး အိပ်ယာထဲကအရည်အချင်းတွေကလည်း ညံ့ဖျင်းစုတ်ပြတ်နေတာပဲ။ ခင်ဗျားရဲ့တပည့်တွေတောင်မှ ခင်ဗျားထက် အများကြီးပိုကောင်းသေးတယ်။"


"ဘယ်လို တပည့်ဆိုးကြီးလဲ!" သူ၏ပါတနာက ဒီလိုမျိုးဖော်ပြတာကို ဘယ်သူမှ သည်းခံနိုင်မှာမဟုတ်သည့်အတွက် အကြီးအကဲမိစ္ဆာက ရုတ်တရက်ဒေါသထွက်သွားသည်။ သူကမန္တန်ကိုလွတ်ဖို့ သူ့လက်ကိုမြှောက်လိုက်ပြီး သူ့နောက်မှ နှစ်တစ်ရာတစ္ဆေအောင်လံတော်ဟာ ရုတ်တရက်တုန်ခါသွားကာ နောက်ပြန်ဆုတ်သွားပြီး ပါးစပ်ထဲမှသွေးတွေ အန်ထွက်လာပြန်သည်။


"ခင်ဗျားက ငတုံးတစ်ယောက်ဆိုတာ ခင်ဗျားကိုယ်တိုင်တောင် ဝန်မခံရဲသေးဘူးလား။" ရုန်ချင်းယွင်က ထေ့ငေါ့စွာပြောပြီး ရယ်မောကာ "ခင်ဗျားရဲ့ကျင့်ကြံခြင်းအဆင့်‌တွေကို ကျွန်တော် စုပ်ယူနေတာကြာလှပြီ။ ဒီနေ့ ခင်ဗျား နှစ်တစ်ရာတစ္ဆေအောင်လံတော်ကို အသုံးပြုနိုင်ရင်တောင် နောက်နှစ်ပတ်အတွင်း ခင်ဗျားကို အခြောက်လှန်းထားတဲ့အလောင်းအဖြစ် ပြောင်းလဲပေးနိုင်တယ်။ ခင်ဗျား ကံကောင်းတာလား၊ ကံဆိုးတာလား ဆိုတာကိုတော့ ကျွန်တော်လည်းမသိဘူး။" ထို့နောက် သူဟာ ရွှီဇီယန်ကိုကြည့်ကာ ခေါင်းယမ်းလိုက်ပြီး "မင်းကံကောင်းတာလား၊ ကံဆိုးတာလား ဆိုတာကိုလည်း ငါမသိဘူး။"


သူစကားမဆုံးခင်မှာပင် လက်ဖဝါးတွေကို တိရိစ္ဆာန်လက်သည်းတွေအဖြစ်ပြောင်းလိုက်ပြီး အကြီးအကဲမိစ္ဆာဆီပြေးသွားသည်။ သူခုန်အုပ်လိုက်ချိန်၌ သူဟာပြုံးနေဆဲဖြစ်ပြီး "ဆရာသခင်၊ ကျွန်တော် ဆရာသခင်ကို အလုပ်အကျွေးနေတာကြာလှပြီ။ ဆရာသခင်ရဲ့ကျင့်ကြံခြင်းအဆင့်တွေကို ကျွန်တော့်ဆီ စွန့်လွှတ်ပေးလိုက်ပါ။"


"မင်းအိပ်မက်မက်နေလိုက်!" အကြီးအကဲမိစ္ဆာ၏ မျက်လုံးများ ပြုတ်ထွက်တော့မည့်ပုံစံဖြစ်နေသည်။ သူဟာနှစ်တစ်ရာတစ္ဆေအောင်လံတော်ကို မသုံးရဲတော့ဘဲ ဤအခြေအနေကို ရင်ဆိုင်ရန် အခြားသောလှုပ်ရှားမှုများကိုသာ အသုံးချနိုင်ခဲ့သည်။


ရုန်ချင်းယွင်က ချိုချိုသာသာပြုံးနေပေမယ့် သူ့လုပ်ရပ်တွေကတော့ ညှာတာမှုကင်းမဲ့နေသည်။ သူက ဖြားယောင်းသည့်လေသံဖြင့် တိုးတိုးလေးပြောလာ၏။

"ဆရာသခင်၊ ဆရာသခင်ရဲ့တပည့်တွေကို တကယ်ပဲ ကျွန်တော် သန့်စင်ပေးထားပါတယ်။ အခု သူတို့တွေက အပြင်ပန်းကကြည့်ရင် ပုံမှန်အတိုင်းဆိုပေမယ့် အမှန်တကယ်ကတော့ သူတို့တွေက အရိုးတွေလိုပဲ။ နောက်ထပ်တစ်လ၊ နှစ်လလောက်ကြာသွားတဲ့အခါ၊ သူတို့ရဲ့တက်ကြွမှုအနည်းငယ် ကုန်ဆုံးသွားမှာဖြစ်ပြီး၊ အဲ့ဒီနောက် ပြာများအဖြစ်သို့ ပြောင်းလဲသွားလိမ့်မယ်။"


"ဆရာသခင် …" ရုန်ချင်းယွင် မျက်ခုံးပင့်လိုက်ပြီး "ဒါတွေအားလုံးက ဆရာသခင်အပြစ်ပဲ။ ဆရာသခင်ရော သူတို့နောက်မလိုက်ချင်ဘူးလား။"


"ဟန့်!" ရုန်ချင်းယွင်၏စကားများသည် အကြီးအကဲမိစ္ဆာ၏စိတ်အခြေအနေကို ထိခိုက်စေရန် ရည်ရွယ်ထားသော်လည်း အကြီးအကဲမိစ္ဆာသည် သူ၏တပည့်များနှင့် မောင်းမမိဿံများကို လုံးဝဂရုမစိုက်ပါ။ "သူတို့က ငါ့တပည့်တွေဆိုမှတော့ ငါ့ဝန်ထုပ်ဝန်ပိုးကို ခွဲဝေယူပေးရမှာပေါ့။ အဲ့ဒါအားလုံးက သူတို့ကံမကောင်းလို့ပဲ။ ငါက သူတို့ကို ဂရုစိုက်မယ်လို့ မင်းထင်နေတာလား။"


အကြီးအကဲမိစ္ဆာသည် နှစ်တစ်ရာတစ္ဆေအောင်လံတော်ကို မသုံးတော့ဘဲ ဒဏ်ရာများကိုကုသရန် ဆေးပြားကို ဆက်လက်၍‌သောက်နေသည်။ ရုန်ချင်းယွင်၏လက်ရှိကျင့်ကြံခြင်းအဆင့်သည် သူနှင့်တူညီနေသော်လည်း ရုန်ချင်းယွင်က အခြေအနေကို ပိုမိုလွယ်ကူစွာ ကိုင်တွယ်ဖြေရှင်းနိုင်ပုံမျိုးမဟုတ်ပါ။


"ချီးပဲ!" ရုန်ချင်းယွင်လည်း စိတ်မရှည်နိုင်တော့ပါ။ တစ်ခုတည်းသောအဝတ်စကို သူ့ခန္ဓာကိုယ်ပေါ်က ဖယ်ချလိုက်ပြီး သူ့ရုပ်သွင်ဟာ ရုတ်တရက်ကြီးလာ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကြီးမားသော အဖြူရောင်အမြီးခြောက်ချောင်းမြေခွေးဖြစ်သွားသည်။


"နတ်ဆိုးခန္ဓာကိုယ်!" အကြီးအကဲမိစ္ဆာ၏မျက်လုံးများသည် ရုတ်တရက် ပြူးကျယ်သွားကာ အရာအားလုံးကို သူချက်ချင်း နားလည်သွားသည်။


အံ့သြစရာမရှိတော့ပါ!


ရုန်ချင်းယွင်ကို တွေ့လိုက်ရသောအခါ အံ့သြစရာမရှိလောက်အောင်ပင် သူစွဲလန်းသွားပြီး ပထမအကြိမ် သူနှင့်အတူ နှစ်ကိုယ်တူကျင့်ကြံပြီးသည့်တိုင် ချက်ခြင်းပင် ကျေနပ်သွားခဲ့ရသည်။


ဟယ်ဟွမ်ဂိုဏ်းတွင် အမတဝိညာဉ်အခြေတည်စအဆင့် ကျင့်ကြံသူအဖြစ်၊ အကြီးအကဲမိစ္ဆာသည် ဤအဆင့်သို့မရောက်ရှိမီ ခန္ဓာကိုယ်များစွာကို ပုံမှန်အတိုင်း သန့်စင်ပေးခဲ့သော်လည်း အခြားမည်သူနဲ့မျှ ထိုကဲ့သို့သာယာဖွယ်အတွေ့အကြုံမျိုး မရှိခဲ့ပေ။ ရုန်ချင်းယွင်နဲ့ နှစ်ကိုယ်တူကျင့်ကြံပြီးတိုင်း သူတို့ရဲ့ကျင့်ကြံခြင်းအဆင့်တွေ တိုးတက်လာတာကြောင့် ရုန်ချင်းယွင်မှာ အကောင်းဆုံးခန္ဓာကိုယ်ရှိတယ်လို့ အကြီးအကဲမိစ္ဆာက အမြဲတမ်း ယုံကြည်နေပေမယ့် ရုန်ချင်းယွင်ရဲ့လှည့်စားမှုတစ်ခုလို့ သူမထင်ထားခဲ့ဘူး။


အမြီးကိုးချောင်းမြေခွေးမိသားစု၏ သဘာဝမျိုးရိုးဗီဇမှလွဲ၍ အခြားထင်ယောင်ထင်မှားမန္တန်များဖြင့် အမတဝိညာဉ်အခြေတည်စအဆင့်အကြီးအကဲကို ဤမျှကြာအောင် လှည့်ဖြားနိုင်မည်မဟုတ်ပေ။ ဤကောင်းကင်မြေခွေးဟာ အမြီးခြောက်ခုရှိနေပြီဖြစ်သည်။ ရုန်ချင်းယွင်က သူ့ကိုသန့်စင်ပြီးနောက် ဒီအမြီးတွေဖြစ်ပေါ်လာတယ်လို့ အကြီးအကဲမိစ္ဆာက ထင်လိုက်သည့်အခါ၊ သူသွေးတွေပိုအန်ချင်လာမိသည်…


"ငါမင်းကိုသတ်မယ်!" အကြီးအကဲမိစ္ဆာက ဟိန်းဟောက်လိုက်၏။


ရုန်ချင်းယွင် သူ၏မူလပုံစံသို့ ပြောင်းသွားကတည်းက အကြီးအကဲမိစ္ဆာသည် ဖိနှိပ်မှုအောက်တွင် ရှိနေခဲ့သည်။ သူ၏ကျင့်ကြံခြင်းအဆင့်ဟာ အမတဝိညာဉ်အခြေတည်စအဆင့်မှ ရုတ်တရက်ကျဆင်းသွားသဖြင့် သူ၏အစွမ်းထက်သောမန္တန်များစွာကို အသုံးမပြုနိုင်တော့ပေ။ ထို့အပြင် သူသည် အမတဝိညာဉ်အခြေတည်စအဆင့်တွင်သာ သူ၏ကောင်းကင်ကိုနှစ်ခြမ်းခွဲခြင်းကို အသုံးပြုနိုင်ပြီး ၎င်းကိုယခုအခါအသုံးပြုပါက သူ၏စိတ်ဝိညာဉ်စွမ်းအင်များကိုသာ ကုန်ဆုံးစေပြီး သူ၏ချီပင်လယ်ကို ပေါက်ကွဲသွားစေမည်ဖြစ်သည်။


အကြီးအကဲမိစ္ဆာက မသေချင်သေးပါဘူး။ ဒါကြောင့် ကောင်းကင်ကိုနှစ်ခြမ်းခွဲခြင်းကို သူမသုံးဘူး။ သူ၏ကျင့်ကြံခြင်းအဆင့် ကျဆင်းသွားသော်လည်း သူ၏နယ်ပယ်၌ရှိနေဆဲပင်။ သူ၏ချီပင်လယ်ရှိ အမတဝိညာဉ်အခြေတည်စအဆင့်သည် ပျက်စီးခြင်းလက္ခဏာများ ပြသနေပြီဖြစ်သော်လည်း သူထိန်းထားနိုင်ရုံမျှသာဖြစ်သည်။ ရုန်ချင်းယွင်ကို အနိုင်ယူနိုင်သ၍ ဝိညာဉ်ကြောချဲ့ထွင်ခြင်းအဆင့်၏ ကျင့်ကြံသူများအကူအညီဖြင့်၊ သူ၏ကျင့်ကြံခြင်းအဆင့်ကို ယခင်အဆင့်သို့ပြန်မသွားနိုင်လျှင်ပင် သူ၏အမတဝိညာဉ်အခြေတည်စအဆင့်ကို ထိန်းထားနိုင်မည်ဖြစ်သည်။


ကျင့်ကြံသူ၏အသက်သည် ရှည်လျားပြီး အမတဝိညာဉ်အခြေတည်စအဆင့်ကျင့်ကြံသူ၏ သက်တမ်းမှာ နှစ်ထောင်ပေါင်းများစွာရှိသည်။ သူအသက်ရှင်နေသ၍တော့ မျှော်လင့်ချက်ရှိနေပါသေးသည်။ ရုန်ချင်းယွင်၏စကားအနည်းငယ်ကြောင့် အကြီးအကဲမိစ္ဆာ တုန်လှုပ်သွားမည်မဟုတ်သည်မှာ ထင်ရှားသည်။


ဟိန်းဟောက်နေသော်လည်း သူ၏လှည့်ကွက်များက တည်ငြိမ်ကြောင်း ပြသနေသေးသည်။ အဆုံးမှာတော့ တစ်ယောက်နဲ့တစ်ယောက်ဟာ ကျင့်သားရနေပြီးဖြစ်သည်။ အကြီးအကဲမိစ္ဆာ၏လှည့်ကွက်များဟာ ရုန်ချင်းယွင်ထက်သာလွန်သည်။


အကြီးအကဲမိစ္ဆာ၏ကျင့်ကြံခြင်းအဆင့် ကျဆင်းသွားချိန်မှစ၍ ရွှီဇီယန်နှင့် ရွှီဇီရုန်တို့ဟာ တိုက်ပွဲအတွင်းမှ ကြည့်ရှုသူများဖြစ်လာခဲ့သည်။ ရုန်ချင်းယွင်နှင့် အကြီးအကဲမိစ္ဆာတို့ဟာ သူတို့၏ဝိညာဉ်ကြောချဲ့ထွင်ခြင်းအဆင့်ကို ၎င်းတို့၏မျက်လုံးထဲတွင်တောင် မထည့်ထားခဲ့ကြပါ။ တစ်နည်းအားဖြင့် ဤလူလေးယောက်သည် သတ်ရန်စောင့်ဆိုင်းနေသော သိုးငယ်မျှသာဖြစ်သည်။


အခုချိန်၌ အကြီးအကဲမိစ္ဆာနဲ့ ရုန်ချင်းယွင်တို့ဟာ အပြင်းအထန်တိုက်ပွဲဖြစ်ကြတော့ ရွှီဇီယန်အနည်းငယ် ထိတ်လန့်သွားခဲ့ပြီး ထိခိုက်ဒဏ်ရာရခြင်းတော့ မရှိခဲ့ပါ။ သို့သော် သူနည်းနည်းလှုပ်လိုက်သည်နှင့် တိုက်ခိုက်နေကြသောလူနှစ်ယောက်က သူ့ကိုအေးစက်စွာ ကြည့်လာကြသည်...


ရွှီဇီယန်အကူအညီမဲ့စွာဖြင့် သူ၏ရင်ထဲ၌ကျိန်ဆဲနေသည်။ သူတို့နှစ်ယောက်က ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြသော်လည်း သူတို့လေးယောက်ကို မလွှတ်ပေးသေးပါ။


အကြီးအကဲမိစ္ဆာနှင့် ရုန်ချင်းယွင်နှစ်ဦးစလုံးသည် အခြားသောကျင့်ကြံသူများကို ကျွမ်းကျင်စွာသန့်စင်နိုင်ကြကြောင့် သူဘယ်လိုလုပ်မသိပဲနေမှာလဲ။ အလားတူ ကျင့်ကြံခြင်းအဆင့်ရှိသူတစ်ဦးနှင့်တစ်ဦး တိုက်ခိုက်ပြီးနောက် တစ်ယောက်ယောက်သာ ဒဏ်ရာရရှိသွားပါက သူတို့လေးဦးမှာသန့်စင်ရန် ပစ်မှတ်များသာဖြစ်လာမည်ဖြစ်သည်။ သူတို့တွေကို မလွှတ်ပေးဘူးဆိုတာ လွယ်လွယ်နဲ့ နားလည်နိုင်ပါသည်။


"ကျန်ရင်းနဲ့ ဖန့်ထျန်းရွေ့ကို သွားခေါ်လိုက်။" ရွှီဇီယန်က ရွှီဇီရုန်အား အသံတိုးတိုးဖြင့်ပြောလိုက်၏။


ရွှီဇီရုန်ဟာ ရွှီဇီယန်၏ခါးကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်ပြီး သူမလွှတ်လိုက်သေးပါ။ သူ့အောက်၌သေးသွယ်သည့် သွေးနွယ်ပင်ရှိနေသည်။ 


ကျန်ရင်းနှင့်ဖန့်ထျန်းရွေ့ဆီသို့ တိတ်တဆိတ် တွားသွားနေသောသွေးနွယ်ပင်ကို မြင်လိုက်ပြီးနောက် ရွှီဇီယန်ဟာ ဤနေရာ၌ တိုက်ခိုက်နေသော လူနှစ်ယောက်ကို တစ်ချက်ကြည့်လိုက်သည်။ သူနှင့်ဇီရုန်သည် ရူးမိုက်စွာမလှုပ်ရှားသ၍ ရုန်ချင်းယွင်နှင့်အကြီးအကဲမိစ္ဆာတို့က သူတို့အပေါ် အလွန်အမင်းအာရုံစိုက်နေမည်မဟုတ်ကြောင်း သူနားလည်လိုက်သည်။


သူအသံမထွက်ဘဲ ကုဗတုံးကို သူ့နံဘေးသို့ရွေ့လိုက်သည်။ ရွှီဇီရုန်မှလွဲ၍ မည်သူမျှ သူ့လက်ချောင်းထိပ်အစိတ်အပိုင်းငယ်များ ပျောက်ဆုံးနေသည်ကို သတိမပြုကြပေ။


ကုဗတုံးထဲရှိ ကျီကွမ်းဓားပျံနှင့် ဆက်သွယ်ပြီးနောက် ရွှီဇီယန်ဟာ ရွှေအမြုတေကျင့်ကြံသူနှစ်ဦး တိုက်ခိုက်နေဆဲဖြစ်သောအခါ၌ ငြိမ်သက်စွာပြန်လည်မွမ်းမံလိုက်သည်။


မနေ့ကကျီကွမ်းကိုရယူပြီးနောက် သူ့မှာပြန်လည်ပြင်ဆင်ရန် အချိန်မရှိခဲ့ပါ။ ယခုကျီကွမ်းကိုအသုံးပြုပါက ၎င်းသည် အရှိန်အလွန်လျော့သွားမည်ဖြစ်ပြီး၊ ၎င်း၏ "လေဟာနယ်ကိုဖြတ်ကျော်ခြင်း" အင်္ဂါရပ်ကို စတင်အသုံးပြုရန်အတွက် နည်းလမ်းမရှိပါ။ ထို့ကြောင့် တတ်နိုင်သမျှ အမြန်ပြန်လည်မွမ်းမံခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်လိမ့်မည်။


ကံကောင်းထောက်မစွာဖြင့် ကုဗတုံးက ဤနေရာတွင် ရှိနေသည်...


ထိုအချိန်တွင် ရွှီဇီယန်ဟာ ကုဗတုံး၏တည်ရှိမှုအတွက် ကျေးဇူးတင်မိသည်။ အဲဒါကို သေသေချာချာ စဉ်းစားကြည့်လိုက်တော့ ကုဗတုံးဟာ သိုလှောင်မှုပိုင်းမှာ နည်းနည်း အသုံးမကျပေမယ့်၊ ဆက်ပြီး တိုးတက်နေတာကြောင့် လုပ်ဆောင်ချက်တွေ ပိုရလာပုံပေါ်သည်။


(ကုဗတုံး: "ဟဲဟဲ၊ နောက်ဆုံးတော့ တစ်ယောက်ယောက်က ငါ့ကို သတိထားမိသွားပြီ!")


သူ့လက်ချောင်းထိပ်များသည် ကျီကွမ်းနှင့်ချိတ်ဆက်ထားသည်။ ထိုသို့သောအရေးပေါ်အခြေအနေတွင် ရွှီဇီယန်ဟာ ပုံမှန်အတိုင်း နူးညံ့စွာမွမ်းမံသည့်နည်းလမ်းကို အသုံးမပြုတော့ဘဲ သူ၏ခရမ်းရောင်မိုးကြိုးသွားဖြင့် စိတ်ဝိညာဉ်စွမ်းအင်ကို တိုက်ရိုက်အသုံးပြုခဲ့သည်။ ဖျက်လိုဖျက်ဆီးလုပ်ဟန်ဖြင့် သူဟာကျီကွမ်း၏ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက်ပြေးဝင်သွားသည်။


၎င်းသည် ကျီကွမ်း၏အရည်အသွေးအပေါ် အနည်းငယ်သက်ရောက်မှုရှိနိုင်သော်လည်း ရွှီဇီယန်ဟာ ဤအချိန်၌ များများစားစားမတွေးနိုင်ပါ။ အနာဂတ်မှာ ကျီကွမ်းကို ဆက်သုံးနိုင်ဦးမလားဆိုတာကိုလည်း သူဂရုမစိုက်နိုင်တော့ပါ။ သူမကြိုးစားရင် သူတို့လေးယောက်စလုံး အရိုးခြောက်ဖြစ်သွားလိမ့်မည်...


ဖန်မောင်နှင့် ရွှယ်ထွမ်တို့သည် ရွှီဇီယန်၏နံဘေးတွင် နာခံစွာထိုင်ချလိုက်ပြီး ခွာလိုက်များကို လျှာထုတ်ကာလျက်နေကြသည်။ ရွှီဇီရုန်ဟာ ခက်ခဲသောလှုပ်ရှားမှုများစွာကို ပြုလုပ်ခဲ့သော်လည်း ဖန်မောင်ကတော့ သူ့ပခုံးပေါ်၌ ဆက်လက်၍လဲလျောင်းနေပြီး မုန်လာဥကို ဆက်လက်စားနေနိုင်ဆဲဖြစ်သည်။


ရွှီဇီယန်သည် ဤယုံကြည်စိတ်ချရသော စိတ်ဝိညာဉ်အိမ်မွေးတိရစ္ဆာန်နှစ်ကောင်က ရိုးရှင်းသည်မဟုတ်ကြောင်းသိသော်လည်း ၎င်းတို့ထံမှ မည်သည့်တစ်စုံတစ်ရာကိုမျှ မမျှော်လင့်ထားပါ။ ခေတ်သစ်ကမ္ဘာမှာတောင် အရာအားလုံးကိုဖြတ်ကျော်နိုင်ဖို့ သူ့ကိုယ်သူပဲအားကိုးလို့ရမည်ဆိုတာ သူနားလည်သည်။ ဘယ်သူ့ကိုမှ ထာဝရအားကိုးလို့မရဘူး။


အလွန်ပေါက်ကွဲထွက်တတ်သော စိတ်ဝိညာဉ်စွမ်းအားသည် ကျီကွမ်းထဲသို့ပျံ့လွင့်သွားကာ ၎င်း၏အရင်သခင်ဖြစ်သူထံမှထားခဲ့သော အမှတ်အသားအားလုံးကို လွှမ်းမိုးကြီးစိုးသည့်ပုံစံဖြင့် သုတ်သင်ပစ်လိုက်သည်။


ရွှီဇီယန်၏ချီပင်လယ်ထဲရှိ အစိမ်းရောင်မိုးကြိုးသွားသည်ပင် သူ၏စိတ်ဝိညာဉ်စွမ်းအားကိုလိုက်၍ ကျီကွမ်းထဲတွင်လည်ပတ်နေသည်။ ၎င်း၏အနာဂတ်အိမ်နီးချင်းကို ကောင်းစွာကြည့်ရှုရမည်မှာ သေချာပါသည်။


ရွှီဇီယန်ဟာ သူ၏အစိမ်းရောင်မိုးကြိုးသွား၏ စိတ်ပိုင်းဆိုင်ရာလုပ်ရပ်ကို လျစ်လျူရှုရန်သင်ယူထားပြီးဖြစ်သည်။ အခြေခံကျင့်ကြံခြင်းအဆင့်မှာတုန်းက ၎င်းကြောင့် သူနှိပ်စက်ညှဉ်းပန်းခံခဲ့ရပြီးကတည်းက ဘယ်လောက်အစွမ်းထက်တယ်ဆိုတာ သူသိပြီးသားပါ။


အစိမ်းရောင်မိုးကြိုးသွားသည် မည်သည့်အချိန်က စတင်၍ စိတ်ဝိညာဉ်စွမ်းအင်များ စတင်ဖြစ်လာခဲ့သည်ကို သူမသိသော်လည်း ၎င်းသည် သူ့အတွက်သာ အကျိုးအမြတ်များစေနိုင်သည်။ သူနောက်ဆုံးအကြိမ် ခရမ်းရောင်မိုးကြိုးသွားကို ဝါးမြိုလိုက်သည့်အချိန်တုန်းက အစိမ်းရောင်မိုးကြိုးသွား၏အကူအညီမပါရင် သူပေါက်ကွဲပြီး သေဆုံးသွားလိမ့်မည်…


အစိမ်းရောင်မိုးကြိုးသွားသည် ၎င်း၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပြီးနောက် ကျီကွမ်းအနည်းငယ်တုန်ခါလာတာကြောင့် ရွှီဇီယန်အနည်းငယ်စိုးရိမ်သွားသည်။ ကျီကွမ်းကို မဖျက်စီးဘဲမွမ်းမံစေချင်သည်။ အစိမ်းရောင်မိုးကြိုးသွားသည် ကျီကွမ်းထဲတွင် ဤမျှတိုက်ရိုက် လှည့်ပတ်သွားလာနေသောကြောင့် ၎င်းသည် ပြန်လည် ပြုပြင်၍မရနိုင်သောအန္တရာယ်များ ဖြစ်စေမည်မဟုတ်ပေ။


ရွှီဇီယန်ဟာ သာမန်အတွေးလွန်လွန်းကြောင်း သက်သေပြနေသည်။ _(:3」∠)_


အစိမ်းရောင်မိုးကြိုးသွားသည် ကျီကွမ်းထဲတွင် လှည့်လည်ပြီးနောက်၊ ၎င်းသည် ရွှီဇီယန်နှင့် သန်မာသောရင်းနှီးမှုကို ရုတ်တရက်ပြသခဲ့သည်။


ရွှီဇီယန် သူ့နဖူးသူ တိတ်တဆိတ်ထိလိုက်ပြီး - ကျီကွမ်းက သူ့လက်ထဲမှာ တုန်ခါနေသလိုမျိုး ဘာကြောင့်ခံစားနေရတာလဲ။ စိတ်ဝိညာဉ်စွမ်းအင်တွေ ဖြည့်သွင်းလိုက်သည့်အခါ အနည်းငယ်တော့ ခံနိုင်ရည်ရှိပုံရပေမယ့် အစိမ်းရောင်မိုးကြိုးသွားနဲ့တွေ့ပြီးနောက် ပိုနာခံလာကာ ရွှီဇီယန်ကို ချော့မော့ဖို့တောင် ကြိုးစားနေ၏...


ရွှီဇီယန်ဟာ မွမ်းမံထားသောကျီကွမ်းကို အရိပ်အယောင်မပြဘဲ သူ့ခန္ဓာကိုယ်ထဲသို့ ထည့်လိုက်ပြီးနောက် ရွှီဇီရုန်သည်လည်း ကျန်ရင်းနှင့်ဖန့်ထျန်း‌ရွေ့တို့ကို သွေးနွယ်ပင်များဖြင့် တင်းတင်းကြပ်ကြပ် တိတ်တဆိတ်ချည်နှောင်ထားကာ ညင်သာစွာဆွဲထုတ်နိုင်ခဲ့သည်။


လော့ယွင်ပေးသော အဆောင်ကိုဖမ်းယူပြီးနောက် ရွှီဇီယန်သည် သူ၏စိတ်ဝိညာဉ်စွမ်းအင်အားလုံးကို ဖြည့်သွင်းလိုက်သည်။ သူ့လက်ထဲက ဓားဟာပိုပူလာ၏။ ရွှီဇီယန်က သွေးနွယ်ပင်တွေနဲ့ ချက်ချင်းတင်းကြပ်လိုက်သည့် ရွှီဇီရုန်ကို ကြည့်လိုက်သည်။


"ငါ မင်းနဲ့ တိုက်မယ်!" အကြီးအကဲမိစ္ဆာ အော်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်၏စိတ်ဝိညာဉ်စွမ်းအင်တွေ တိုးလာသည်။ သူ၏ချီပင်လယ်ပြိုကျမည့်အန္တရာယ်နှင့်အတူ၊ သူဟာ ကောင်းကင်ကိုနှစ်ခြမ်းခွဲခြင်း၏ တိုက်ခိုက်မှုအသစ်ကို ထုတ်လွှတ်လိုက်သည်။


ရုန်ချင်းယွင် ထိတ်လန့်သွားရ၏။ အကြီးအကဲမိစ္ဆာကို သေသည့်အထိ ဖြည်းဖြည်းချင်း ညှဉ်းပန်းနှိပ်စက်မယ်လို့ ရည်ရွယ်ထားသည့် သူ၏မူလအစီအစဉ်ကနေ ဒီလိုအခြေအနေမျိုးဖြစ်လာမယ်လို့ သူမမျှော်လင့်ထားခဲ့ဘူး။ အကြီးအကဲမိစ္ဆာသည် သူ၏စိတ်ဝိညာဉ်စွမ်းအင်ကို ပေါက်ကွဲစေပြီး ကောင်းကင်ကိုနှစ်ခြမ်းခွဲခြင်း၏ နောက်ထပ်တိုက်ခိုက်မှုကို လွှတ်ပေးလိုသောကြောင့် လျင်မြန်စွာလုပ်ဆောင်ခဲ့သည်။


အမြီးကိုးချောင်းရှိသည့်ကောင်းကင်မြေခွေးတွေဟာ ခံစစ်ကို ကောင်းကောင်းမစွမ်းဆောင်နိုင်ကြပါဘူး။ နတ်ဆိုးကျင့်ကြံသူ၏ မူလကိုယ်ထည်သည် လူသား ကျင့်ကြံသူထက် များစွာတောင့်တင်းသော်လည်း ရုန်ချင်းယွင်ဟာ ဤရွှီမီမန္တန်မျိုးနှင့် ရင်ဆိုင်ရချိန်၌ ခုခံရန်ခက်ခဲနေဆဲဖြစ်သည်။


ကောင်းကင်ကိုနှစ်ခြမ်းခွဲခြင်းသည် ဖောက်ထွင်းမြင်ရသောမီးရှူးမီးမျှင်နှင့်တူပြီး၊ ၎င်းသည် တောက်ပသောအလင်းရောင် သို့မဟုတ် ကြမ်းတမ်းသောအသံမရှိဘဲ၊ ရုန်ချင်းယွင်၏ ညာဖက်ရှေ့ခြေထောက်တစ်ခုလုံးကို တိတ်တဆိတ် ဖြတ်ပစ်လိုက်သည်။


ကြီးမားသောမြေခွေးဖြူ၏ ခန္ဓာကိုယ်မှ သွေးများစီးထွက်လာပြီး သူ၏အမွေးဖြူဖြူများသည် သွေးနှင့် ချက်ချင်းအရောင်ဆိုးသွားခဲ့သည်။


အကြီးအကဲမိစ္ဆာက ဤလှုပ်ရှားမှုကို ပြုလုပ်ပြီးနောက် သူအမတဝိညာဉ်အခြေတည်စအဆင့်မှာ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။ ရုန်ချင်းယွင်ကို ပြင်းထန်စွာဒဏ်ရာရအောင် လုပ်နိုင်ခဲ့သော်လည်း ခုခံကာကွယ်ရန် စွမ်းအားဆုံးရှုံးသွားခဲ့သည်။


ရုန်ချင်းယွင်သည် ဒဏ်ရာအပြင်းအထန်ရပြီး မြေပြင်ပေါ်သို့လဲကျကာ အကြီးအကဲမိစ္ဆာထွက်ပြေးသွားသည့် ဦးတည်ရာကို ခါးခါးသီးသီး စိုက်ကြည့်နေသည်။ အကြီးအကဲမိစ္ဆာကိုသတ်ဖို့ အချိန်အကြာကြီး ယူစရာမလိုမှန်း သူသိတယ်ဆိုရင်တောင် သူကဒဏ်ရာပြင်းပြင်းထန်ထန်ရထားတာကြောင့် မစွန့်စားဝံ့ပေ။ 


အဘယ်ကြောင့်ဆိုသော် သူအလွန်အမင်းအတင်းအကျပ် ဖိအားပေးပါက အကြီးအကဲမိစ္ဆာ၏ အမတဝိညာဉ်အခြေတည်စအဆင့်ကို ပေါက်ကွဲသွားစေနိုင်သည်။ အကယ်၍ ရုန်ချင်းယွင်သာ နောက်တစ်ကြိမ်ထိုးနှက်ခံရပါက သူ့အသက်ပါဆုံးရှုံးသွားနိုင်သည်။


#TK