Chapter 143
Viewers 23k

Chapter 143


သူခဏလောက်တွေးနေပြီးနောက် ရုတ်တရက် ထိတ်လန့်သွားသည့်အကြည့်ဖြင့် ရွှီဇီယန်ကို မေးလိုက်၏။
"ဒါက ပိုင်ဟွရဲ့ ...?"

"အမှန်ပဲ!" ရွှီဇီယန်က ဝမ်းသာအားရ ပြန်ပြောလာသည်။ မူလက ဤဓားပျံကိုရဖို့အတွက် အနည်းဆုံးနှစ်နှစ်လောက် အချိန်ယူရမယ်လို့သူထင်ထားခဲ့ပြီး မကြာခင်မှာပင် ဒီဓားကိုရသွားလိမ့်မယ်လို့ သူမမျှော်လင့်ထားခဲ့ဘူး။

ပိုင်ဟွလိုဇာတ်လိုက်တစ်ယောက်ရဲ့အကျိုးသက်ရောက်မှုကို သူနည်းနည်းတော့စိုးရိမ်နေတာကြောင့် ရွှီဇီယန်သည် သူ့အား ဘယ်တုန်းကမှ မရင်ဆိုင်ချင်ခဲ့ပေမယ့် တစ်ဖက်မှာလည်း ဒီ "ကံကြမ္မာအရ" ဇာတ်လိုက်နဲ့ မျက်နှာချင်းဆိုင်တွေ့လာသည့်အခါ ဘယ်လိုသတ်ရမလဲဆိုတာကိုလည်း စဉ်းစားရလိမ့်မည်။

ပြဿနာမှန်သမျှကို အတတ်နိုင်ဆုံးရှောင်ချင်ပြီး မရှောင်နိုင်ရင် ဖြေရှင်းနိုင်ဖို့လိုသည်။ သူသည် ပိုင်ဟွကို နှောင့်ယှက်မှာမဟုတ်ပေမယ့် ပိုင်ဟွမသိခင်ထောင်ချောက်တွေကို တတ်နိုင်သမျှ ပြင်ဆင်ထားဖို့တော့ဆန္ဒရှိသည်။

ကျန်ရင်းသည် ရွှီဇီယန်နှင့် ရွှီဇီရုန်အကြားက စကားပြောဆိုမှုကို ရှင်းရှင်းလင်းလင်း မကြားရသော်လည်း ရွှီဇီယန်၏အပြုအမူကိုကြည့်ပြီး သူကရှေ့သို့ခြေတစ်လှမ်းတိုးကာ အသံတိုးတိုးနဲ့မေးလိုက်သည်။ "အဲ့ဒါက ပစ္စည်းကောင်းလား။"

ရွှီဇီယန်က အားတက်သရော ခေါင်းညိတ်လိုက်၏။ 
"ဒါက ကောင်းရုံတင်မကဘူး၊ အကောင်းဆုံးပဲ!"

အကဲဖြတ်သူသည် မည်သည်အားအကဲဖြတ်သည်ကို မသိကြသော်လည်း၊ ဤအဆင့်မြင့်မှော်လက်နက်ကို အလယ်အလတ်တန်းစားမှော်လက်နက်အဖြစ် သူမှတ်ယူခဲ့သည်။ ကျီကွမ်းဟုခေါ်သော ဤဓား၏ပစ္စည်းသည် အလယ်အလတ်တန်းစား မှော်လက်နက်အဆင့်တွင်သာရှိသော်လည်း ၎င်းအား "လေဟာနယ်ကိုဖြတ်ကျော်ခြင်း" ၏အင်္ဂါရပ်ဖြင့်ထည့်သွင်းပါက၊ ၎င်းသည် ထွက်ပြေးရန် အကောင်းဆုံးလက်နက်ဖြစ်လာမည်ဖြစ်သည်။

ကျန်ရင်းအနည်းငယ်စိတ်ဓာတ်ကျသွား၏။ သူတို့သုံးယောက်က သူတို့၏ဓားပျံတွေကိုရွေးချယ်ဖို့သွားခဲ့ပေမယ့် သူဘာမှမရခဲ့ဘူး။ သူဟာနာကျင်စွာခံစားသွားရပြီး ဒီည၌ဖန့်ထျန်းရွေ့အား သူ့ကိုနှစ်သိမ့်ပေးခိုင်းဖို့ဆုံးဖြတ်လိုက်သည်။

ဖန့်ထျန်းရွေ့ဟာ အကြောင်းတစ်ခုခုကြောင့် နောက်ကျောအေးစက်သွားသလို ခံစားလိုက်ရကာ ပတ်ဝန်းကျင်ကိုလှည့်ကြည့်‌လိုက်တော့ နောက်ဆုံးတွင် ကျန်ရင်း၏ပဟေဠိဆန်သောအကြည့်ဆီသို့ ရောက်သွားသည်။

ကျန်ရင်းကတောက်ပစွာပြုံးပြလိုက်ပြီးနောက် ဖန့်ထျန်းရွေ့ချက်ချင်းပင် တိတ်ဆိတ်သွားရသည်။ သူ၏အတွေ့အကြုံအရတော့ သူဒီညဒုက္ခရောက်တော့မှာသေချာ၏ …

တည်းခိုခန်းသို့ပြန်ရောက်ပြီးနောက် ရွှီဇီယန်သည် ဇီရုန်အား သူ့အခန်းထဲ၌ အခင်းအကျင်းအလွှာများကို တပ်ဆင်ခိုင်းပြီး ပျက်စီးနေသောအဝတ်တစ်စနှင့် ကျီကွမ်းကို ထုတ်ယူလိုက်သည်။

ကျီကွမ်းသည် ၎င်း၏မူလမျက်နှာကို ထုတ်ဖော်ရန် လွယ်ကူပြီး တစ်စုံတစ်ယောက်သည် ၎င်းထဲသို့စိတ်ဝိညာဉ်စွမ်းအင်များ သွင်းရန်သာဖြစ်သည်။ သို့ရာတွင် ၎င်းတွင် အခင်းအကျင်းများကို ချိုးဖျက်ရန်အတွက် သူ၏စိတ်ဝိညာဉ်စွမ်းအင်အားလုံးကို ပေါင်းစပ်ထည့်သွင်းရန် အမတဝိညာဉ်အခြေတည်စအဆင့် ကျင့်ကြံသူကို လိုအပ်သည်။

ကံကောင်းထောက်မစွာ လက်ကနေထည့်သွင်းခြင်းအပြင် ၎င်းတို့သည် စိတ်ဝိညာဉ်ကျောက်တုံးများကိုလည်း အသုံးပြုနိုင်သည်။ ထို့ကြောင့် အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးငါးဆယ်ကို စားသုံးခိုင်းပြီးနောက် ၎င်းနေရာရှိ စိတ်ဝိညာဉ်ကျောက်မှုန့်များကို ကြည့်လိုက်ပြီး ထို့နောက် အလုံပိတ်ပြီးသား ကျီကွမ်းကိုကြည့်လိုက်ရာ ရွှီဇီယန်ဟာ ပို၍ဟန်ချက်ညီသွားသည်ဟု ခံစားရသည်။

"ကံမကောင်းစွာ မြို့ထဲမှာ ဓားနဲ့ပျံလို့မရဘူး။ ငါ ဒီဓားကို စမ်းချင်ရင် မြို့ပြင်ကို ထွက်ရမှာ။" ရွှီဇီယန်က အနည်းငယ်နောင်တရစွာ ပြောလိုက်သည်။

"ရက်အနည်းငယ်အတွင်း ကျွန်တော်တို့ ထွက်သွားကြမှာပဲလေ။ အဲဒီအချိန်ကျမှ ထပ်ကြိုးစားကြည့်တာပေါ့။" ရွှီဇီရုန် ဤဓားပျံ၏အရှိန်ကိုမှတ်မိသော်လည်း ထိုစုတ်ပြတ်နေသောအထည်ကို ပို၍ပင်သိချင်လာကာ "ကိုကို… အဲ့ဒါက တကယ်ပဲ ဘာကြီးလဲ။" 

"အိုး … ဒီဟာလား။" ရွှီဇီယန်က ဝမ်းသာအားရပြုံးပြီး "ဒါက တကယ့်ကို ကြီးမားတဲ့ရတနာတစ်ခုပဲ။"

"ရတနာ? အဲဒါ ရတနာမြေပုံလား။" ကျန်ရင်းက စိတ်ဝင်တစား မေးလာသည်။

"ဟုတ်တယ်။" ရွှီဇီယန်က တစ်ခုခုကို စောင့်မျှော်နေဟန်ဖြင့် "ဒါပေမယ့် ငါတို့တွေ ဒီရတနာကို အသုံးပြုနိုင်ဖို့ အခွင့်အရေးမရှိတာ ဝမ်းနည်းစရာပဲ …" 

"ဘာကြောင့်လဲ။" ဖန့်ထျန်းရွေ့လည်း သိချင်လာ၏။ 

"ငါတို့မှာ လုံလောက်တဲ့ အင်အားမရှိဘူး။" ရွှီဇီယန်သည် သူ့လက်များကို ကူကယ်ရာမဲ့စွာဖြန့်ကာ "ဒီဟာက အမတမသေမျိုးအဆင့်ကျင့်ကြံသူ ချန်ထားခဲ့တဲ့ရတနာတစ်ခုပဲ။ အမတဝိညာဉ်အခြေတည်စအဆင့်နဲ့အထက် မရှိရင် မင်းအဲ့ဒီတံခါးထဲဝင်လို့မရဘူး။" 

ဖန့်ထျန်းရွေ့ မှင်တက်သွား၏။ သူသည် လွန်ခဲ့သောနှစ်ရက်ကမှ ဝိညာဉ်ကြောချဲ့ထွင်ခြင်းအဆင့်ကို ဖြတ်ကျော်ခဲ့တာဖြစ်ပြီး အမတဝိညာဉ်အခြေတည်စအဆင့်ဆီသို့ ရောက်ရန်ပင် မတွေးဝံ့ပေ။

အမတဝိညာဉ်အခြေတည်စအဆင့်ကို ဖြတ်ကျော်သည့်ကာလသည် တံခါးပိတ်ကျင့်ကြံခြင်းဖြင့် အောင်မြင်နိုင်သောအရာမျိုးမဟုတ်ပါ။ သူတို့သည် မရေမတွက်နိုင်သော အခက်အခဲများနှင့် အခွင့်အလမ်းများကို ဖြတ်သန်းရမည်ဖြစ်သည်။ အချို့က ဤအဆင့်အောင်မြင်ရန် သေလုနီးပါးခံစားရသည့်အတိုင်း မြည်းစမ်းကြည့်ရပေမည်။

လျှိုကွမ်းဂိုဏ်းကို ဥပမာယူကြည့်လျှင် အတွင်း၌ရာနှင့်ချီသောကျင့်ကြံသူ ထောင်ပေါင်းများစွာကျော်ရှိသည်။ သို့ရာတွင် ၎င်းတို့အနက်မှ အမတဝိညာဉ်အခြေတည်စအဆင့်ကို ရောက်ရှိကြသူမှာ ဆယ်ဦးထက်နည်းသည်။ ဒီလိုအဆင့်ကိုရောက်ဖို့ ဘယ်လောက်ခက်ခဲမယ်ဆိုတာ သက်သေပြပြီးသားပါ။ ဖန့်မိသားစုလို မိသားစုငယ်လေးတွေက အဲဒါကို စိတ်ကူးတောင်မယဉ်နိုင်ဘူး။

ရွှီဇီယန်သည် ပျက်စီးနေသော အထည်များကို စားပွဲပေါ်တွင်ဖြန့်လိုက်ပြီး အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံးကိုထုတ်ကာ အမှုန့်ဖြစ်အောင် ကြိတ်လိုက်သည်။ ထို့နောက် ရှုံ့မဲ့နေသော ကောက်ကွေးကြောင်းတစ်လျှောက် လိမ်းကျံလိုက်သည်။ နောက်ဆုံးတွင် သူ့လက်ညှိုးထိပ်ကိုဖြတ်လိုက်ပြီး ၎င်းအပေါ်သို့ သွေးတစ်စက်ကျသွားသည်။

"ကိုကို… နောက်တစ်ကြိမ်ဆိုရင် ဒီတာဝန်ကို ကျွန်တော့်ဆီလွှဲလိုက်ပါ။" ရွှီဇီရုန်က သူ့ကိုကို၏ဒဏ်ရာရနေသည့်လက်ချောင်းကိုကိုင်ကာ သူ့ပါးစပ်ထဲသို့ ထည့်လိုက်ပြီး ဒဏ်ရာကို နူးညံ့စွာ လျက်ပေးကာ "ကိုကို့ရဲ့သွေးအနှစ်သာရက အရမ်းတန်ဖိုးကြီးတယ်။" 

ရွှီဇီယန်သည် သူ့နောက်ကျောမှ ကြက်သီးမွှေးညင်းထသလို ခံစားလိုက်ရပြီး သူ့လက်ချောင်းတစ်ဝိုက်နူးညံ့မှုက သူ့ကိုအားနည်းသွားစေသည်။

"အဟွတ် အဟွတ် … ပေါက်ကရ လျှောက်မပြောနဲ့။" ရွှီဇီယန် သူ့လက်ချောင်းကို ပြန်ဆွဲယူလိုက်သည်။ သွေးထွက်တာရပ်သွားပေမယ့် လျက်လိုက်တယ်ဆိုသည့် ခံစားချက်က အဲဒီအပေါ်မှာ ဆက်လက်တည်မြဲနေဆဲပင်။

မပြီးပြည့်စုံသေးသော ခံစားချက်ဖြင့် ရွှီဇီရုန်ဟာ သူ့နှုတ်ခမ်းသူ ဆက်တိုက်လျက်နေပြီး သူ၏နက်မှောင်သောမျက်လုံးများက သူ့ကိုကို၏ နှုတ်ခမ်းပေါ်တွင်ရှိနေခဲ့သည်။

ထိုကဲ့သို့ တောက်လောက်နေသည့် အကြည့်တွေကြောင့် ရွှီဇီယန်ဟာ သူ့အဝတ်တွေ ဗလာကျင်းဖြစ်အောင် ချွတ်ခံလိုက်ရသည်ဟုပင် ထင်ယောင်ထင်မှားဖြစ်သွားပြီး ရှက်ရွံ့ကာ ဇီရုန်၏ခေါင်းကိုခေါက်လိုက်သည်။

"မရှုပ်နဲ့လို့ ငါမင်းကို ပြောခဲ့တယ်လေ။"

ရွှီဇီရုန်ဟာ အလွန်တက်ကြွထက်သန်နေသော အကြည့်များကို ဖယ်ရှားလိုက်ပြီး၊ ရွှီဇီယန်သည် ယခုမှပင် ရှက်စရာကောင်းသော အငွေ့အသက်မှ လွတ်မြောက်သွားခဲ့သည်။ သူသည် ရွှီဇီရုန်ကိုသတိပေးကာ ပို၍နာခံရန်ပြောလိုက်သည်။ ရွှီဇီရုန်လည်း ခေါင်းငုံ့ကာ ပျက်စီးနေသော အဝတ်ကို အာရုံစိုက်နေတော့သည်။

ရွှီဇီယန်၏ သွေးအနှစ်သာရသည် စိတ်ဝိညာဉ်ကျောက်မှုန့်များနှင့် ရောနှောပြီးနောက် ရှုံ့မဲ့နေသော ကောက်‌ကွေးကြောင်းတစ်လျှောက် အ၀တ်အထည်ထဲသို့ ကျဆင်းလာသည်။ နောက်တော့ ၎င်းအထည်ဟာ သူ့အလိုလိုမီးလောင်သွားသည်။

၎င်းအထည်ပတ်ပတ်လည်တွင် ခရမ်းရောင်မီးလျှံတစ်ခုရှိပြီး ပတ်ပတ်လည်ရှိ လူလေးယောက်သည် ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားရသည်။

"ဘယ်လိုတောင် ပြင်းထန်လှတဲ့မီးလျှံမျိုးလဲ။" ဖန့်ထျန်းရွေ့သက်ပြင်းချလိုက်သည်။

"ယန်ကိုးခုအမှောင်မီး …" ရွှီဇီရုန်၏မျက်လုံးတွေ ကျဉ်းမြောင်းသွားပြီး မီးလျှံ၏အမည်ကို ပြောပြလိုက်သည်။

ရွှီဇီယန်၏နှလုံးသားလှုပ်ခါသွားပြီး မီးလျှံကိုကြည့်လိုက်၏။ ဒီယန်ကိုးခုအမှောင်မီးကို သူမှတ်မိလိုက်ပြီး ဖြစ်နိုင်တာက … 

ရွှီဇီရုန်ဟာ သူ့အကြည့်ကို သတိထားမိသွားပြီး ခေါင်းကိုလှည့်ကာ သူ့ကိုပြုံးပြလာသည်။ ဤအပြုံးတွင် ဝမ်းနည်းမှုအချို့ရှိနေခဲ့သော်လည်း သက်သာရာရမှုအချို့ကို ပြသနေခဲ့သည်။

သူဟာအရင်ဘဝတုန်းက ဒီမီးနဲ့အချိန်အကြာကြီး နှိပ်စက်ခံခဲ့ရသည်။ တစ်နေ့၌ သူဒီဒုက္ခမှ လွတ်မြောက်နိုင်လျှင် ရွှီဇီယန်ကို သေသည်အထိ နှိပ်စက်မည်ဟု ကျိန်ဆိုပြုခဲ့ဖူးသည်။

မထင်မှတ်ဘဲ မမြဲခြင်းတရားအတိုင်း သူပြန်လည်မွေးဖွားလာခဲ့ပြီး သူ့အစ်ကိုဆိုသည့် ခန္ဓာကိုယ်ကတော့ တူညီနေသေးပေမယ့် အတွင်းထဲကတော့လူကတော့ မတူညီသည့်လူဖြစ်နေပါပြီ။

သူအရမ်းမုန်းတီးသည့်လူဟာ လုံးဝပျောက်ကွယ်သွားပြီဖြစ်ပြီး အတိတ်ကလည်း အတိတ်မှာကျန်ခဲ့ပြီဖြစ်တာမို့ ပိုကောင်းသည့်အနာဂတ်ကိုသာ သူမျှော်လင့်နေပါသည်။

ရွှီဇီရုန် ဒီမီးနဲ့ဘယ်လောက်ကြာအောင် နှိပ်စက်ခံခဲ့ရလည်းဆိုတာ သူသိတာ‌ကြောင့် ရွှီဇီယန်ဟာ သူ့ညီ၏ပခုံးကို ညင်သာစွာ ပုတ်ပေးလိုက်သည်။ ရွှီဇီရုန်တွေ့ကြုံခံစားရသည့် အရာအားလုံးကို မေ့ပစ်နိုင်အောင် သူမစွမ်းဆောင်နိုင်ပေမယ့် သူ၏ဘဝတစ်လျှောက်လုံး ဇီရုန်နှင့်အတူ ကုန်ဆုံးလိုစိတ်ရှိပါသည်။

"ကျွန်တော် အဆင်ပြေပါတယ်။" ရွှီဇီရုန် ခပ်ရေးရေးပြုံးလိုက်ပြီး သူ့ကိုကို၏ရင်ခွင်ထဲကိုပစ်ဝင်လိုက်သည်။

ကျန်ရင်းနှင့် ဖန့်ထျန်းရွေ့တို့၏မျက်နှာမှာ ရှုံ့မဲ့နေကြပြီး မျက်နှာလွှဲသွားကြသည် - ဒီလိုဘဝမျိုးမှာ ဆက်ရှိနေနိုင်ပါ့မလား။

ရွှီဇီယန်ဟာ ဇီရုန်၏နောက်ကျောကို နှစ်သိမ့်ရန် ပုတ်လိုက်ပေမယ့် ဇီရုန်ကသူ့နားထဲကို တစ်ခုခုပြောလိုက်ပြီးနောက်မှာတော့ သူရှက်ပြီးဒေါသဖြစ်သွားရသည်။

"ကိုကို … ကျွန်တော့်နှလုံးသား အရမ်းနာနေတယ်။" ရွှီဇီရုန်၏ နူးညံ့သောအသံသည် သူ့နားထဲတွင် ငြိမ်နေပုံရသော်လည်း ရွှီဇီယန်ကတော့ သနားသည့်ခံစားချက် လုံးဝပျောက်ဆုံးသွားခဲ့သည်။

တကယ်တော့ ဒီကောင်စုတ်လေးက သနားဖို့ကောင်းဟန်ဆောင်ခဲ့တာ။ ဒါတွေအားလုံးက ရွှီဇီယန်အပေါ်မှာ အလုပ်ဖြစ်မယ်ဆိုတာ သူကောင်းကောင်းသိထားလို့ပါပဲ။

ရွှီဇီယန် ဘယ်လောက်ပဲ စိတ်ဆိုးနေပါစေ ရွှီဇီရုန်၏လှည့်ကွက်တွေ သူ၏အားနည်းချက်တွေကို ရည်မှန်းထားတာကြောင့် အမြဲအလုပ်ဖြစ်တယ်ဆိုတာကို ဝန်ခံရပါလိမ့်မည်။ ရွှီဇီရုန် အနည်းငယ်သရုပ်ဆောင်နေသည်ကို သူသိသော်လည်း၊ ရွှီဇီရုန်အရင်ဘဝတုန်းက ဖြတ်သန်းခဲ့ရသည့်အရာများကို ပြန်သတိရပြီးနောက်တွင် သူ၏သဘောထားပျော့ပြောင်းသွားသည်။

သူဟာ တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး သူ့ရင်ထဲတွင် မီးတိုင်တစ်တိုင် ထွန်းညှိလိုက်သည်။ ရွှီဇီယန်ဟာ ရွှီဇီရုန်အား ခက်ခက်ခဲခဲ ခေါင်းညိတ်လိုက်၏။

ရွှီဇီရုန်က ချိုသာစွာ ပြုံးလိုက်ပြီး သူ၏မျက်လုံးထဲက မှိတ်တုတ်မှိတ်တုတ်အလင်းရောင်ဟာ ရွှီဇီယန်ကို ချက်ချင်းနောင်တရစေခဲ့သည်။ _(:з'∠)_

ဤယန်ကိုးခိုအမှောင်မီးသည် စိတ်ဝိညာဉ်ကျောက်မှုန့်များကို လောင်ကျွမ်းစေပြီး လျင်မြန်စွာ ငြိမ်းသွားခဲ့သည်။ စားပွဲပေါ်တွင် ရှင်းလင်းပြီး ပျော့ပျောင်းသော အဝတ်တစ်ထည်သာ ကျန်ခဲ့သည်။ မျဉ်းကြောင်းများကြားတွင် တစ်စိတ်တစ်ပိုင်းတချို့ ပျောက်ကွယ်သွားသဖြင့် အလွန်ရှုပ်ထွေးသောလိုင်းအချို့ကို ဤပျော့ပျောင်းသောအထည်ပေါ်တွင် ခြယ်သထားသည်။

"မြေပုံက မပြည့်စုံဘူးလား။" ကျန်ရင်းသည် မြေပုံကိုကြည့်ရင်း မေးလိုက်သည်။

"အင်း၊ အဲ့ဒီအပိုင်းက ကျောက်ရုပ်ထုပေါ်မှာ။ ကျောက်ရုပ်ထု ဘယ်မှာရှိလဲ ငါသိတယ်။ အချိန်တန်ရင် လမ်းတစ်လျှောက် မြေပုံကို ပြီးစီးအောင် ငါလုပ်နိုင်တယ်။" ရွှီဇီယန်သည် ပျော့ပျောင်းသောအထည်ကို ခေါက်ပြီး ကုဗတုံးထဲသို့ ထည့်လိုက်သည်။ အချိန်တိုအတွင်း သူတို့ မလိုအပ်သေးပေ။ ကျောက်ရုပ်တုအကြောင်းပြောရင် ၎င်းအောက်မှာ လျှို့ဝှက်အခန်းတစ်ခုရှိတယ်ဆိုတာကိုသတိရလိုက်ပြီး အဲဒါကိုဖွင့်ဖို့ အမတဝိညာဉ်အခြေတည်စအဆင့်ကျင့်ကြံသူကို မလိုအပ်ဘူး။ အချိန်ရရင်သွားပြီး ဖွင့်လိုက်ရုံပါပဲ။

ယခု သူစဉ်းစားကြည့်လိုက်သောအခါတွင် သူဝိညာဉ်ကူပြောင်းလာခြင်းသည် အဖိုးတန်သော အခွင့်အရေးတစ်ခုဖြစ်သည်။ သူ၏မူလခန္ဓာကိုယ်ရဲ့မှတ်ဉာဏ်ကို ပိုင်ဆိုင်ထားရုံသာမက သူ၏အရင်ဘဝတုန်းက ပိုင်ဟွနဲ့အတူရှိခဲ့ပြီးနောက် သူရထားသည့်ရတနာတွေကိုလည်း ရယူနိုင်ပါသေးသည်။ ဝတ္ထုစာအုပ်ကတစ်ဆင့် သူသည်ပိုင်ဟွထံမှ ကောင်းမွန်သောအရာအားလုံးကိုပင် ရယူနိုင်သေးသည်။

ရွှီဇီယန်သည် ပိုင်ဟွလက်ဦးမှုမယူမီ သူတို့ရနိုင်သည့်အရာများ မည်မျှကောင်းသည်ကို တွေးနေကာ အထူးသဖြင့် ရွှီဇီရုန်၏မှတ်ဉာဏ်နှင့် ထိုဝတ္ထုကို ပေါင်းစပ်ပြီးနောက် အံ့ဩစရာပမာဏတစ်ခုဖြစ်ကြောင်း သူသုံးသပ်လိုက်သည်။

ပိုင်ဟွကိုယ်ပေါ်က နဂါးပုံသဏ္ဍာန်ကျောက်စိမ်းဆွဲပြားအတွက် မျှော်လင့်ချက်သိပ်မရှိပေမယ့် ပိုင်ဟွ၏လက်ထဲမှာ ဝေ့ချင်မသေသေးသရွေ့ အဲ့ဒါကိုမှီခိုနေလည်းလုံးဝအသုံးမဝင်ပါဘူး။ ဘာပဲဖြစ်ဖြစ် ပိုင်ဟွက စစ်မှန်သောနဂါးသွေးကို လုံးဝရသွားလို့မဖြစ်ဘူး။

"ဟုတ်ပြီ၊ အလုံခြုံဆုံးနည်းလမ်းက ဝေ့ချင်ကို ကာကွယ်ဖို့ပဲ။" ရွှီဇီယန် ခေါင်းငုံ့ပြီး သူ့ကိုယ်သူပြောလိုက်၏။

"ကိုကို … ဘယ်သူ့အကြောင်း … ပြောနေတာလဲ။" ရွှီဇီယန်ဟာ သူ့နောက်ကျော အေးစိမ့်သွားသလို ခံစားလိုက်ရပြီး သူ၏အနောက်ဘက်မှ ရွှီဇီရုန်၏ထူးထူးခြားခြား ပျော့ပျောင်းနေသောအသံကို ကြားလိုက်ရသည်။

ရွှီဇီယန်၏ မျက်နှာအမူအရာဟာ မည်းမှောင်သွားပြီး ဇီရုန်၏ခေါင်းကိုခေါက်လိုက်ကာ "မင်း … သောက်ကလေး၊ ကစားလို့မဝသေးဘူးလား။ အရမ်းကြီးပိုင်ဆိုင်လိုစိတ် မကြီးလို့မရဘူးလား။ ငါတို့တွေ နှစ်ယောက်တည်း အတူတူရှိနေတဲ့အချိန်ဆိုရင်တော့ အဆင်ပြေပေမယ့် ငါတို့‌အလုပ်လုပ်နေတဲ့အချိန် မင်းပိုပြီးအလေးအနက်ထားလို့မရဘူးလား။"

ရွှီဇီရုန်ဟာ ထိုနေရာ၌ ရပ်နေကာ အံသြသွားရသည်။ မည်ကဲ့သို့ တုံ့ပြန်ရမည်ကို မသိဟန်နှင့်တူသည်။ အချိန်အတော်ကြာပြီးနောက် သူ့ကိုကိုဟာ သူဘယ်လောက်ပိုင်ဆိုင်လိုစိတ်ကြီးပြီး ခေါင်းမာတယ်ဆိုတာ ဟိုးအရင်ကတည်းက သိထားပြီးသားဖြစ်ပြီး ချစ်စရာကောင်းပြီးရုပ်ဖျက်ဖို့ ကြိုးစားအားထုတ်မှုတွေကို အလဟဿ မဖြုန်းတီးသင့်ဘူးဆိုတာကို သူနားလည်သွားသည်… →_→

သူ၏မျက်နှာဖုံးဟာ သူ့ကိုကိုအရှေ့၌ လုံးလုံလျားလျား ဖော်ထုတ်ပြီးသားဖြစ်နေသည်ဆိုတာကို သူနားလည်လိုက်သည်။ ရွှီဇီရုန်ဟာ စိတ်မပူရုံသာမက အနည်းငယ် စိတ်လှုပ်ရှားနေသေး၏။

သူ့ကိုကိုဟာ သူ့အကြောင်းတွေ အကုန်သိနေသည် - သူ၏ဖုံးကွယ်ထားသည့်စိတ်တွေ၊ ရူးသွပ်မှုတွေနဲ့ သူ့နှလုံးသားထဲ၌လွှမ်းခြုံထားသည့် ပိုင်ဆိုင်လိုစိတ်အားလုံးကို ကိုကိုအကုန်သိနေသည်။

ဒါပေမယ့် ကိုကိုကတော့သူ့အနားမှာ လိုလိုလားလားကိုရှိနေဆဲပဲ။

"ကိုကို! ကိုကို! ကိုကိုက ကျွန်တော့်အပေါ် အရမ်းကောင်းတာပဲ။" ရွှီဇီရုန်ဟာ သူ့ကိုကို၏ရင်ခွင်ထဲသို့ ပစ်ဝင်လိုက်သည်။

ရွှီဇီယန်ဟာ သူ၏နောက်ကျောကို ကူရာမဲ့စွာပွတ်သပ်ပေးနေရင်း ရှက်ရွံ့သောအကြည့်ဖြင့် ကျန်ရင်းနှင့်ဖန့်ထျန်းရွေ့တို့ကိုကြည့်လိုက်ပြီး တခြားနေရာသို့ပြန်လှည့်သွားသည်…

'သူတို့တွေ ဘာမှ မမြင်ဘူး! သူတို့သခင်နဲ့ သူ့အစ်ကို ရင်းနှီးနေတဲ့အပြုအမူတွေကို သူတို့လုံးဝမမြင်ဘူး!'

"ကောင်းပြီ၊ ကောင်းပြီ၊ တော်တော့" ရွှီဇီယန်ဟာ အခွင့်အရေးယူကာ ရွှီဇီရုန်ကိုဆွဲထုတ်လိုက်ပြီး "ဂိုဏ်းကိုမပြန်ခင် ငါတို့မှာ နှစ်လလောက်အချိန်ကျန်သေးတယ်။ ငါတို့ဘာဆက်လုပ်ကြမလဲ။"

ကျန်ရင်းနှင့် ဖန့်ထျန်းရွေ့တို့ဟာ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ တစ်ချိန်တည်း ခေါင်းယမ်းလိုက်ကြသည်။ သူတို့သည် မိစ္ဆာကျင့်ကြံခြင်း အရာများကို အလွန်မရင်းနှီးကြသဖြင့် ဘာကိုအကြံပြုရမည်ကို မသိကြပါ။

ရွှီဇီရုန် ခဏလောက်စဉ်းစားပြီး "ကိုကို၊ ကျွန်တော်တို့ ကျင့်ကြံခြင်းကို အရမ်းမြန်မြန်ကြီးကျော်ဖြတ်ပြီးတာ သိပ်မကြာသေးဘူးလေ။ ကျွန်တော်တို့ရဲ့ကျင့်ကြံခြင်းအဆင့်က တိုးလာပေမယ့် ကျွန်တော်တို့ရဲ့စိတ်တွေက မတည်ငြိမ်သေးဘူး။ တိတ်ဆိတ်တဲ့နေရာမှာ ငြိမ်ငြိမ်သက်သက်နေသင့်တယ်၊ မဟုတ်ရင် ရွှေအမြု‌တေအဆင့်ကို ဖြတ်ကျော်ဖို့ကြိုးစားတဲ့အခါ ကျရှုံးသွားနိုင်တယ်။ အဲ့လိုသာဆိုရင် အကောင်းဆုံးအခြေအနေ ဖြစ်လာမှာမဟုတ်ဘူး။"

ရွှီဇီယန် ခေါင်းညိတ်လိုက်ပြီး သူ၏ကျင့်ကြံခြင်းအဆင့်နဲ့ ဇီရုန်၏ကျင့်ကြံခြင်းအဆင့်သည် တကယ်ကိုမြန်မြန်ဆန်ဆန် တိုးတက်လာခဲ့သည်။ သူတို့၏စိတ်တွေကသာ လိုက်မမီရင် တည်ငြိမ်သည့်ကျင့်ကြံခြင်း ရှိလာမှာမဟုတ်ဘူး။

ဇီရုန်ပြောသလိုပဲ၊ သူက အခုဝိညာဉ်ကြောချဲ့ထွင်ခြင်း၏နှောင်းပိုင်းအဆင့်ကို ရောက်နေပြီး ပိုင်ဟွ၏အခွင့်အလမ်းတွေကိုရှာဖို့ စဉ်းစားနေတုန်းပါပဲ။ သူသည် အချိန်မရွေး ဖြတ်ကျော်သွားနိုင်ပြီး သူ့စိတ်ဟာမတည်ငြိမ်ပါက နောက်ဆုံးအဆင့်တွင်ကျရှုံးသွားမည်ဖြစ်သည်။

"ဒီနေရာကို မင်းသိလား။" ရွှီဇီယန်ဟာ ရွှီဇီရုန်ကို ကြည့်လိုက်၏။

ရွှီဇီရုန် ၎င်းနေရာကို ပြန်သတိရလိုက်ပြီး ခေါင်းညိတ်လိုက်သည်။
"ကျွန်တော် အဲ့ဒီကို ခဏခဏ ရောက်ဖူးတယ်။ ကျွန်တော် မှတ်မိတာ မှန်ကန်မယ်ဆိုရင် နေရောင်မရှိသောတောင်တန်းတွေမှာ လျှို့ဝှက်ထော်လော်ပန်းတောအုပ်တစ်ခုရှိတယ်၊ ပြီးတော့ ကျွန်တော်တို့ရဲ့စိတ်ကိုလေ့ကျင့်ဖို့ အကောင်းဆုံးနေရာဖြစ်မှာ။"

ရွှီဇီယန်ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။ ထော်လော်ပန်းသည် လှည့်စားနိုင်သော နေရာတစ်ခု ဖန်တီးနိုင်သော ထူးခြားသောမျိုးစိတ်တစ်မျိုးဖြစ်သည်။ ထော်လော်ပန်းများဖြင့် ဖွဲ့စည်းထားသော ထင်ယောင်ထင်မှားနေရာသည် သူတို့၏စိတ်ကို လေ့ကျင့်ရန် အကောင်းဆုံးနေရာဖြစ်သည်။

"ငါတို့တစ်ရက်လောက် အနားယူပြီး မနက်ဖြန် အဲ့ဒီကိုသွားကြမယ်။" ထိုသို့ပြောပြီးနောက် သူက ဖန့်ထျန်းရွေ့နှင့်ကျန်ရင်းကို တဖန်ပြန်ကြည့်ကာ "မင်းတို့လည်း မင်းတို့ရဲ့စိတ်တွေကို လေ့ကျင့်ဖို့ လိုနေပြီထင်တယ်၊ အတူတူသွားကြတာပေါ့။"

ကျန်ရင်းနှင့်ဖန့်ထျန်းရွေ့တို့ဟာ ခေါင်းညိတ်ပြလိုက်ပြီး ဒြပ်စင်ငါးမျိုးသလင်းကျောက်ဖြင့် သူတို့လည်း ကြီးမားသောဖိအားဖြင့် ဖြတ်ကျော်နိုင်ခဲ့သည်။ ထို့အပြင် ဖန့်ထျန်းရွေ့သည် သူ၏အခြေခံကျင့်ကြံခြင်းအဆင့်ကို ဖြတ်ကျော်ရန် တွန်းအားပေးခံခဲ့ရသောကြောင့် လအနည်းငယ်အတွင်း ဤမျှတိုးတက်ကောင်းမွန်လာခြင်းသည် သူတို့အတွက် အမှန်တကယ် ကောင်းမွန်သောအရာမဟုတ်ပေ။

သူတို့လေးယောက် နက်နက်ရှိုင်းရှိုင်း အိပ်လိုက်ကြပြီး နောက်တစ်နေ့ မနက်စောစောမှာ နေရောင်မရှိသောတောင်တန်းကို ဦးတည်ထွက်သွားကြသည်။

သူတို့သည် ချီလျန်မိသားစု၏ တွင်းထွက်သွေးပြန်ကြောများကိုရှာဖွေရန် စိတ်မချရသောမြေပုံကိုအသုံးပြုသောအခါကလိုနဲ့မတူပဲ သူတို့ရှေ့ကနေ ဦးဆောင်နေသော ရွှီဇီရုန်နှင့်အတူ ပိုမိုမြန်ဆန်လာခဲ့သည်။

တစ်နာရီခန့် ပျံသန်းပြီးနောက် သူတို့ရှေ့တွင် နေရောင်မရှိသောတောင်တန်းများ၏ လှိုင်းထနေသော တောင်များကိုပင် မြင်လာခဲ့သည်။

"Meh!"

"Puff puff!"

ရွှီဇီယန်၏ ရွှယ်ထွမ်နှင့် ရွှီဇီရုန်၏ ဖန်မောင်တို့က သူတို့ကို တစ်ချိန်တည်းတွင်သတိပေးခဲ့ပြီး ရွှီဇီယန် အချိန်မီ မတုံ့ပြန်နိုင်ခဲ့သဖြင့် ရွှီဇီရုန်ဆီသို့ ပြေးသွားခဲ့သည်။

နှစ်ယောက်သား ပျံသန်းနေသောဓားရှည်များပေါ်မှ တစ်ချိန်တည်းတွင် ခုန်ချလိုက်ကြပြီး ထိုအခိုက်တွင် အနက်ရောင်အလင်းတန်းတစ်ခုလေထဲသို့ ထွက်ပေါ်လာသည်။ ကျယ်လောင်သော အသံကြောင့် ဓားပျံနှစ်စင်း လေထုထဲတွင် ပျောက်ကွယ်သွားသည်။

ကျန်ရင်းနှင့် ဖန့်ထျန်းရွေ့တို့သည် မမြင်သင့်သောအရာကို မမြင်ချင်ကြသောကြောင့် လမ်းခရီးတွင် ရွှီညီအစ်ကိုများနှင့် ဝေးကွာနေခဲ့သည်။ ဤအကွာအဝေးသည်လည်း သူတို့၏အသက်များကို ကယ်တင်နိုင်သည် - အကယ်၍ သူတို့တွေသာ သူတို့၏ဓားများကို အချိန်မီမစွန့်လွှတ်ပါက ပျံသန်းနေသောဓားနှစ်လက်ကဲ့သို့ ပျောက်ကွယ်သွားမည်ဖြစ်သည်။

"ဘယ်သူလဲ? မင်းကများ ချုံခိုတိုက်ခိုက်ရဲတယ်!" ရွှီဇီယန် ကျယ်လောင်စွာ အော်လိုက်သော်လည်း စိတ်ထဲတွင်တော့ အလွန်စိုးရိမ်နေ၏။

အစမှအဆုံးအထိ သူ၏အာရုံဖြန့်ကျက်ခြင်းစွမ်းအင်ကို အမြင့်ဆုံးအထိအသက်သွင်းခဲ့သော်လည်း ပုံမှန်မဟုတ်သည့်အရာတစ်ခုကို သူသတိမထားမိခဲ့ပါ။ ရွှယ်ထွမ်နဲ့ ဖန်မောင်သာ သူ့ကိုသတိမပေးပါက၊ သူနှင့်ဇီရုန်ဟာ ယခုချက်ချင်း သေဆုံးသွားပေလိမ့်မည်။

"ဟား ဟား … မင်းက တကယ့်ကို တစ်ခုခုပဲ၊ ငါ့ရဲ့ငိုကြွေးနာကြည်းနေသောသွေးပန်းအသီးကို မင်းခိုးသွားတာ မအံ့သြတော့ပါဘူး။" လေထဲ၌တိုးပြီးနက်နဲသည့်အမျိုးသားအသံတစ်ခု ထွက်ပေါ်လာပြီး လေထဲ၌ပျံဝဲနေသောရွှီဇီယန်သည် သူ့ဦးနှောက်ထဲမှာ ကျယ်လောင်သည့်အသံတစ်ခုရှိနေတာကို ခံစားလိုက်ရပြီး လဲကျလုနီးပါးပင်ဖြစ်သွားရသည်။

ရွှီဇီရုန်၏မျက်လုံးများသည် မြှားတစ်စင်းကဲ့သို့ဖြစ်နေပြီး တိမ်မည်းမည်းကြီးရှိရာ လေထုထဲမှနေရာကို ရုတ်တရက်ကြည့်လိုက်သည်။

"ကျွတ် ကျွတ် … ချာတိတ်၊ မင်းက ဘယ်ဆိုးလို့လဲ။ ငါ့ရဲ့တည်နေရာကိုတောင် မင်းရှာတွေ့နိုင်တယ်။ မင်းပုံစံကလည်း အရမ်းအဆင်ပြေတော့ မင်းငါတို့ဂိုဏ်းကို မဝင်ချင်ဘူးလား။"

တိမ်မည်းတွေက ဖြည်းဖြည်းချင်း ပြန့်ကျဲသွားပြီး လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် လမ်းလျှောက်ထွက်လာသည်။ ထိုသူဟာအနက်ရောင် ၀တ်ရုံရှည်ကို ၀တ်ဆင်ထားပြီး သူ့လက်ထဲက ပါးလျသည့် အဝတ်‌တွေ‌အောက်မှာ လူငယ်တစ်ယောက်ရှိနေသည်။

ထိုအမျိုးသားသည် ကန့်လန့်ကာအောက်တွင် ဘာမှမ၀တ်ထားဘဲ လူလတ်ပိုင်းအရွယ်အမျိုးသား၏ ခန္ဓာကိုယ်အောက်ပိုင်းကို သူ၏သွယ်လျသောခြေထောက်ဖြင့် ပွတ်သပ်နေသည်။ ထိုသူဟာတစ်ခါတစ်ရံပြုံးလိုက်ပြီး လူလေးယောက်ကိုပင် မောဟိုက်အောင်လုပ်နိုင်၏။

ဒီလူသည် ယောက်ျားနဲ့ မိန်းမပေါင်းစပ်ထားသည့် မျက်နှာမျိုးရှိသည်။ ထိုသူ၏အညိုရောင်မျက်လုံးများသည် ရမ္မက်များဖြင့်ပြည့်နှက်နေပြီး သူ၏မျက်နှာပေါ်တွင် စူးရှသောအပြုံးတစ်ခုရှိနေသည်။ ထိုသူဟာ ပြင်းထန်သောရမ္မက်ကို သယ်ဆောင်လာသလိုခံစားရသည်။

တစ်ချက်ကြည့်လိုက်ပြီးနောက် ရွှီဇီရုန်ဟာ သူ့ကိုကိုအားတည့်မတ်စွာကြည့်ကာ ထိုလူက သူ့ကိုကိုအပေါ်အကျိုးသက်ရောက်ခြင်းမရှိကြောင်း သူသိလိုက်ပြီးနောက် ထိုလူလတ်ပိုင်းအရွယ်အမျိုးသားကို စိတ်ပူပင်မနေဘဲ ကြည့်လိုက်သည်။

နှိုင်းယှဉ်ကြည့်လျှင် ကျန်ရင်းနှင့် ဖန့်ထျန်းရွေ့တို့သည် အတိုင်းအတာတစ်ခုအထိ ထိခိုက်ခဲ့ကြသော်လည်း ကံကောင်းထောက်မစွာ သူတို့သည် တစ်ယောက်နှင့်တစ်ယောက်သက်ဆိုင်ကြောင်း သိထားပြီးဖြစ်သည်။ ခဏလောက် စိတ်ရှုပ်သွားပေမယ့် မကြာခင်မှာ သူတို့ဘာလုပ်နေတယ်ဆိုတာ သိလိုက်ရသည်။

"ဘယ်လိုအကြီးအကဲကများ ဒီကိုလာလည်း မသိဘူး။"
ရွှီဇီယန်ဟာ လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တင်လိုက်သည်။ အစကတည်းက သူတို့အား တိုက်ခိုက်ခဲ့သည့်ဒီလူကို သူသဘောမတွေ့ပေမယ့် အဲဒီလူကအမတဝိညာဉ်အခြေတည်စအဆင့်ကျင့်ကြံသူ တစ်ယောက်ဆိုတာ ထင်ရှားပါသည်။ ထို့ကြောင့် သူ၏ဒေါသကိုထိန်းချုပ်လိုက်ပြီး နည်းလမ်းမျိုးစုံနဲ့ ချဉ်းကပ်ဖို့ ကြိုးစားလိုက်သည်။

လူလတ်ပိုင်းအရွယ်အမျိုးသားသည် ရွှီဇီယန်ကိုစိုက်ကြည့်ကာ မျက်လုံးတွေအနည်းငယ်ကျဉ်းမြောင်းသွားပြီးနောက် ရုတ်တရက် ရယ်မောလိုက်သည်။

"ဟားဟား … တကယ်ရယ်စရာကောင်းတာပဲ၊ ဒီကောင်လေးနှစ်ယောက်က သွေးတွေနဲ့ဆက်သွယ်ထားတယ်ဆိုတာ သိသာထင်ရှားပြီး သူတို့က အချင်းချင်း အသက်ဆက်ထားကြတာပဲ! တရားမျှတသည့်ကျင့်ကြံသူတွေတောင် ဒီလိုမျိုး ပရမ်းပတာနှစ်ကိုယ်ကြားဘဝတွေရှိလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး!"

ရွှီဇီယန်၏မျက်နှာသည် ဖြူဖျော့သွားကာ ဤလူလတ်ပိုင်းအရွယ်အမျိုးသားပြောသည့်စကားကြောင့် သူစိတ်ဆိုးသွားသည်။ သူဟာ ပေါက်ကွဲလုနီးပါးဖြစ်သွားပြီး အော်လိုက်သည်။
"အဲ့ဒါ မင်းရဲ့စောက်လုပ်မဟုတ်ဘူး!"

ကံကောင်းထောက်မစွာ ဤလူသည် အမတဝိညာဉ်အခြေတည်စကျင့်ကြံသူဖြစ်ကြောင်းကို သူမှတ်မိဆဲဖြစ်ပြီး သူ့ကိုယ်သူ ထိန်းချုပ်ထားနိုင်ဆဲဖြစ်သည်။

"ကျွတ် ကျွတ် … ညီလေး" လူလတ်ပိုင်းအရွယ် အမျိုးသားက နှစ်ကြိမ်လောက် ရယ်မောလိုက်ပြီး "ဘာလို့ ငါ့အကြံပြုချက်ကို လက်မခံတာလဲ။ မင်း ဟယ်ဟွမ်ဂိုဏ်းထဲဝင်ထားသ၍ မင်းအနာဂတ်ကောင်းစားဖို့ ငါအာမခံတယ်။"

"ငါမငြင်းဝံ့ပါဘူး။ ဒါပေမယ့် ငါတို့က တခြားဂိုဏ်းထဲကိုဝင်ထားပြီးသားပါ။ ငါတို့တွေ သစ္စာဖောက်လို့မရဘူး။" ရွှီဇီယန်က လေးနက်သောအသံဖြင့် ပြောလိုက်သည်။

"မင်းက ငါ့ကို ငြင်းလိုက်တာလား? ဒါဆိုလည်းသေပေတော့!" အကြီးအကဲမိစ္ဆာသည် ရုတ်တရက် ဒေါသထွက်သွား၏။ ထိုသူဟာ သူ၏လက်ချောင်းများဖြင့် မန္တန်တစ်ခုရွတ်လိုက်ပြီး အနက်ရောင်တစ္ဆေကြီးတစ်ကောင်ဟာ သူ့နောက်တွင်ပေါ်လာသည်။

တစ္ဆေ၏အော်ဟစ်ငိုကြွေးသံသည် နားကွဲလုမတတ် ဆူညံ့လှပြီး ဒါဇင်ပေါင်းများစွာသောတစ္ဆေများသည် အကျည်းတန်ရုပ်ဆိုးသော အမူအရာတွေဖြင့် နှစ်တစ်ရာတစ္ဆေအောင်လံတော်မှ ထွက်ပေါ်လာပြီး သူတို့အားလုံးဟာ ရွှီဇီယန်နှင့် အခြားသူတွေဆီသို့ ပြေးသွားကြသည်။

"ဆရာသခင်… သူတို့က ဝိညာဉ်ကြောချဲ့ထွင်ခြင်းအဆင့်ကျင့်ကြံသူလေးတွေကို၊ ဘာလို့ အလုပ်ရှုပ်ခံပြီး နှစ်တစ်ရာတစ္ဆေအောင်လံတော်ကို အသုံးပြုရတာလဲ။" ရုန်ချင်းယွင်သည် အကြီးအကဲမိစ္ဆာ၏ ခန္ဓာကိုယ်ပေါ်တွင် လဲလျောင်းရင်း တိုးတိုးလေးပြောလိုက်၏။

"ပေါင်ပေ့… ငါက မင်းအတွက် လုပ်‌ပေးနေတာပါ။" လူလတ်ပိုင်းအရွယ်အမျိုးသားသည် ရုန်ချင်းယွင်၏တင်ပါးကို ပြင်းပြင်းထန်ထန် ညှစ်လိုက်ပြီး ချက်ချင်းပင် သူ့ဆီကနေ ရှည်လျားသောညည်းညူသံ ထွက်ပေါ်လာသည်။

"ကျွန်တော့်အတွက်?" ရုန်ချင်းယွင်၏ပါးပြင်များ နီရဲလာပြီး သူ့လက်ချောင်းများက အကြီးအကဲမိစ္ဆာ၏ရင်ဘတ်ကို ပွတ်သပ်လျက် "ဒါက ကျွန်တော်နဲ့ဘာဆိုင်လို့လဲ။"

"ပေါင်ပေ့… ငါမနာလိုဖြစ်မှာကို မင်းကြောက်နေတာမလား။ အဲ့ဒါကြောင့် မင်းကအခြားတပည့်တွေကို သန့်စင်တာရပ်လိုက်တာမလား။"

ရုန်ချင်းယွင်၏လက်ချောင်းများသည် နှေးကွေးသွားကာ သူ့အောက်နှုတ်ခမ်းကိုကိုက်လိုက်ပြီး ခေါင်းကိုမော့ကာ သူ၏အရည်လဲ့လဲ့မျက်လုံးများဖြင့် အကြီးအကဲမိစ္ဆာကို စိုက်ကြည့်လျက် "ဆရာသခင်… အခြားတပည့်တွေကို ကျွန်တော်မသန့်စင်ချင်ပါဘူး။ သူတို့အားလုံးက ကျွန်တော့်ဆရာသခင်ရဲ့ဂိုဏ်းသားတွေလေ။ အကယ်၍ ကျွန်တော်သာ သူတို့အားလုံးကို သန့်စင်ပေးလိုက်မယ်ဆိုရင် ဆရာသခင်အတွက် တခြားသူတွေကိုဆွဲဆောင်ဖို့ ခက်ခဲမှာကို ကျွန်တော်ကြောက်လို့ပါ …"

လူလတ်ပိုင်းအရွယ်က ရုန်ချင်းယွင်ကို ပြင်းပြင်းထန်ထန် နမ်းလိုက်ပြီး "ပေါင်ပေ့… မင်းက ငါ့အပေါ် အရမ်းသစ္စာစောင့်သိတယ်ဆိုတာ ငါသိပြီးသား။ ဒါပေမယ့် မင်းရဲ့ကျင့်ကြံခြင်းအဆင့်က အရမ်းနိမ့်နေသေးတယ်။ မင်းမြန်မြန်တိုးတက်ဖို့လိုတယ်။ ဂိုဏ်းအတွင်းကတပည့်တွေကို မင်းမသန့်စင်ချင်တော့ရင်လည်း ဒီလူအနည်းစုကို မင်းဆီငါလွဲပေးမယ်။ သူတို့တွေက အသက်ကြီးပုံမပေါ်သလို သူတို့ရဲ့ကျင့်ကြံခြင်းအဆင့်အရတော့ သူတို့တွေက ဂိုဏ်းကြီးတစ်ခုကလာကြတာ သေချာတယ်။ တရားမျှသည့်ကျင့်ကြံသူတွေက ကြောင်သူတော်တွေဖြစ်ကြပေမယ့် သူတို့ရဲ့ကျင့်ကြံခြင်းအဆင့်က ပြေပြစ်ပြီးတည်ငြိမ်အေးချမ်းတယ်။ အဲ့ဒါက မင်းအတွက် ကောင်းပါတယ်။"

"ဆရာသခင်ကို ယွင်အာ တကယ်အချစ်ဆုံးပဲ …" ရုန်ချင်းယွင်က မျက်လုံးလှလှလေးတွေပြောင်းလိုက်ပြီး မြူအလွှာတွေပေါ်လာသည်။ သူ၏ပုံစံသည် အလွန်ကိုပျော်ရွှင်နေပုံရသည်။

လူလတ်ပိုင်းအရွယ်အမျိုးသားသည် ရယ်မောလိုက်ပြီး ရွှီဇီယန်နှင့် အခြားသူများကိုကြည့်ရန် ခေါင်းကိုလှည့်လိုက်သည်။ သူတို့လေးယောက်ဟာ သူ၏တစ္ဆေတွေနဲ့ ရောထွေးနေပေမယ့် သူတို့ဟာကောင်းကောင်းကိုင်တွယ်နိုင်တာကိုတွေ့ရတော့ သူအံ့သြသွားရသည်။ သူခေါင်းလှည့်ကြည့်လိုက်တော့ ရွှီဇီယန်၏မိုးကြိုးသွားကြောင့် ပေါက်ကွဲနေသည့်တစ္ဆေတစ်ကောင်ကိုတောင် တွေ့လိုက်ရသေးသည်။

"မင်းကများ ငါ့ရဲ့မှော်လက်နက်ကို နာကျင်အောင်လုပ်ရဲတယ်!" အကြီးအကဲမိစ္ဆာသည် ဒေါသတကြီးဖြစ်နေ၏။ ဤနှစ်တစ်ရာတစ္ဆေအောင်လံတော်သည် သူ၏အကောင်းဆုံးမှော်လက်နက်ဖြစ်ပြီး ၎င်းထဲရှိတစ္ဆေအရိပ်တစ်ခုစီသည် ရွှေအမြုတေအဆင့်အထက်သို့ ရောက်ရှိပြီးသားဖြစ်ကြသည်။ သာမာန်နေ့များတွင် ဤတစ္ဆေအရိပ်များသည် ဝိညာဉ်ကြောချဲ့ထွင်ခြင်းအဆင့် ကျင့်ကြံသူလေးဦးကိုသုတ်သင်ရန် ကောင်းစွာကူညီနိုင်သော်လည်း ရွှီဇီယန်နှင့်အခြားသူများကို တွေ့ဆုံရာ၌ ကံမကောင်းခဲ့ပါ။ ရွှီဇီယန်၌ ခရမ်းရောင်မိုးကြိုးသွားရှိတယ်ဆိုတာ သူတောင် သိလိုက်ဘူး။

ခရမ်းရောင်မိုးကြိုးသွားဟာ အလွန်အမင်းယန်ဓာတ်များပြီး - ၎င်းဟာ အံ့သြဖွယ်တိုက်ခိုက်နိုင်စွမ်းရှိရုံသာမက တစ္ဆေများနှင့် ညစ်ညမ်းသောမန္တန်များကိုပါ တားဆီးနိုင်သည်။ တစ်နည်းဆိုရသော် ရွှီဇီယန်ဟာ ခရမ်းရောင်မိုးကြိုးသွားကို တိုက်ခိုက်ရန်အသုံးပြုသောအခါ ၎င်းဟာ ၎င်း၏စွမ်းအားကိုနှစ်ဆတိုးစေမည်ဖြစ်သည်။ သူ၏ပြိုင်ဘက်က တစ္ဆေတစ်ကောင်ဆိုရင် ၎င်း၏စွမ်းအားဟာ လေးဆတောင်တိုးလာလိမ့်မည်။

အကယ်၍ အကြီးအကဲမိစ္ဆာသည် အခြားသောမန္တန်များကို အသုံးပြုပါက၊ သူတို့လေးယောက် အလွယ်တကူခုခံနိုင်မည်မဟုတ်ပါ။ အကြီးအကဲမိစ္ဆာသည် ဒီလူလေးယောက်ကို အရှင်လတ်လတ်ဖမ်းချင်နေပြီး သူကိုယ်တိုင်မလုပ်ချင်တာကြောင့် သူ၏တစ္ဆေအရိပ်တွေကိုအားကိုးနေရပေမယ့် အများစုကို ရွှီဇီယန်ကရပ်တန့်ပေးလိုက်ပြီး တစ်ကောင်ကိုတောင်သတ်ပစ်လိုက်ပါသေးသည်။

#TK