Chapter 138
Viewers 23k

Chapter 138


သတ္တုသွေးကြောသို့ ဝင်ပေါက်ခုနစ်ခုရှိပြီး ဝင်ပေါက်တစ်ခုစီကို ဝိညာဉ်ကြောချဲ့ထွင်ခြင်းအဆင့် ကျင့်ကြံသူသုံးဉီးစီ စောင့်ကြပ်ထားသည်။ ဝါးခြင်းတောင်းတစ်ခုစီ သူတို့ရှေ့တွင်ချထားပြီး သံတုံးငယ်များစွာလည်း ၎င်းတို့ထဲတွင် ရှိနှင့်ပြီးဖြစ်သည်။

ချီလျန်မိသားစုရဲ့လွှမ်းမိုးမှုကြောင့် ဖြစ်ကောင်းဖြစ်နိုင်သလို ဒီသတ္တုတွင်းရဲ့အဝင်ပေါက်၌ စျေးကွက်လေးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သို့သော် ဤဈေးကွက်တွင် ရောင်းချသည့်အရာအများစုမှာ သတ္တုတွင်းနှင့်ပတ်သက်သည့် ကိရိယာများဖြစ်သည်။ သတ္တုတွင်းပေါက်တူး၊ ပေါက်ချွန်းများသာမက စိတ်ဝိညာဉ်ကျောက်တုံးများကို ရှာဖွေရန် ကိရိယာတစ်ခုဖြစ်သည့် အချို့သောကျင့်ကြံသူများမှ တီထွင်ခဲ့သော “စိတ်ဝိညာဉ်အပ်” တစ်မျိုးလည်း ရှိသည်။

ရွှီဇီယန်သည် ဤကိရိယာက မည်မျှထိရောက်သည်ကိုမသိပါ။ ဘာပဲဖြစ်ဖြစ်၊ သူတို့ရဲ့ပန်းတိုင်က ဒြပ်စင်ငါးမျိူးသလင်းကျောက်ဖြစ်ပြီး တခြားဝိညာဉ်ကျောက်တုံးတွေက အရေးမကြီးဘူး။

"အာ… ငါတို့ သတ္တုတွင်းပေါက်တူးဝယ်မှာလား?" ကျန်ရင်းသည် လက်ဗလာဖြင့် ဤနေရာသို့ ရောက်လာသည်ကို ရုတ်တရက် သတိရသွားပြီး လိုအပ်သောကိရိယာများကို ပြင်ဆင်ရန်ပင် မေ့သွားကြသည်။

"မဝယ်ဘူး။" ရွှီဇီရုန် ခေါင်းယမ်းလိုက်သည်။

ကျန်ရင်းနှင့် အခြားလူများကို ခေါ်လာရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ဒြပ်စင်ငါးမျိုးကျောက်တုံးကို တူးဖော်ရန်ဖြစ်ပြီး စိတ်ဝိညာဉ်ကျောက်တုံးများကို တူးဖော်ရန်မဟုတ်သောကြောင့် သူတို့သည် မည်သည့်ကိရိယာမှ မလိုအပ်ပါ။

ကျန်ရင်းပခုံးတွန့်လိုက်၏။ သခင်က မဟုတ်ဘူးလို့ ပြောသည့်အတွက် တခြားနည်းလမ်းတွေ ရှိရမည်။ အခြွေအရံတစ်ယောက်အနေနဲ့ သူ့သခင်ရဲ့လျှောက်လှမ်းအတိုင်း လိုက်လျှောက်ဖို့သာလိုပြီး ကျန်တာတွေကို ဂရုစိုက်နေစရာ မလိုပါဘူး။

သံတုံးများကို ဝါးခြင်းတောင်းထဲသို့ ပစ်ချပြီးနောက် အပေါက်ထဲသို့ ဝင်ခွင့်ပြုခဲ့သည်။ သူတို့သုံးယောက်သည် ရွှီဇီရုန်၏နောက်သို့လိုက်လာကြပြီး မကြာမီ အကွေ့အကောက်ရှိသော လိုဏ်ခေါင်းထဲတွင် ပျောက်ကွယ်သွားကြသည်။

"သူတို့က သတ္တုတွင်းထဲမှာရှိတယ်။" စူးရှသောအသံနှင့် အမျိုးသားတစ်ဦးသည် အသံကို လျှော့ကာ သူ့အဖော်အား ပြောလိုက်သည်။

"သတ္တုတွင်း? သူတို့တွေက အဲ့ဒီထဲမှာ အနည်းဆုံး တစ်လလောက်နေမယ်လို့ သက်သေပြနေတယ်။" သူ့အဖော်ကလည်း ဝမ်းသာအားရ ပြန်ပြောသည်။

"ဒါပေမယ့် သူတို့က တခြားတွင်းကနေ ထွက်သွားရင် ဘယ်လိုဖြစ်သွားမလဲဆိုတာ ငါစိတ်ပူမိတယ်။ ငါတို့ကနှစ်ယောက်ပဲရှိတာ၊ အပေါက်တွေအားလုံးကို ထိန်းထားဖို့ဆိုတာ မဖြစ်နိုင်ဘူး။" စူးရှသောအသံနှင့်လူက ကူကယ်ရာမဲ့စွာပြောလိုက်၏။ 

"အိုး …" သူ့အဖော်ဖြစ်သူ သန်မာသည့်လူက စိုးရိမ်ဟန်ဖြင့် "ဒါဆို ငါတို့ ဘာလုပ်ကြမလဲ?"

စူးရှသောအသံနှင့်လူက ခေါင်းကုတ်လိုက်ပြီး ခဏတာမျှ သူဘာမှမတွေးနိုင်တော့ပါ။

"အဲ့ဒီအကြီးအကဲမိစ္ဆာကလည်း ရှင်းရှင်းလင်းလင်း မပြောခဲ့တာ တကယ့်ကို အမှားကြီးပဲ။ တစ္ဆေတောင်တန်းတွေကလာတဲ့လူတွေအကြောင်းကိုသာ သူပြောခဲ့တာ၊ အဲ့ဒီမှာက လူအများကြီးကို၊ ငါတို့တွေက ဘယ်လိုလုပ် ခွဲခြားနိုင်မှာလဲ?" သန်မာသောလူက ညည်းညူလိုက်သည်။

"ပါးစပ်ပိတ်ထား" စူးရှသောအသံနှင်လူက ရုတ်တရက် သတိပိုလာပုံရပြီး "မင်းသေချင်နေလား? အကြီးအကဲမိစ္ဆာနဲ့ပတ်သက်ပြီး မင်းကများ မကောင်းပြောရဲရအောငါ!"

"ဘာကိုကြောက်နေတာလဲ? သူမကြားပါဘူး။" အရပ်ရှည်ရှည် သန်မာသောလူဟာ ရပ်တန့်သွားသော်လည်း မယုံနိုင်စွာကြည့်နေသည်။

စူးရှသောအသံနှင့်လူက ခေါင်းကိုငုံ့ကာ "ငတုံး၊ အဲ့ဒီမိစ္ဆာက ဟယ်ဟွမ်းဂိုဏ်းရဲ့အကြီးအကဲဆိုတာ ငါမင်းကို ဘယ်နှစ်ခါပြောထားပြီးပြီလဲ? ငါတို့ပတ်ဝန်းကျင်က လူတွေက ဘယ်ဂိုဏ်းကလည်းဆိုတာ မင်းသိရောသိရဲ့လား —" ထိုစကားကိုပြောပြီး သူကပတ်ဝန်းကျင်ကို လှည့်ကြည့်ကာ "ငါဆိုလိုတာက အဲ့ဒီမိစ္ဆာရဲ့ ကိုယ်လုပ်တော်တွေကိုပြောတာ။ သူတို့က အကြီးအကဲမိစ္ဆာရဲ့နားကို ငါတို့အကြောင်းပြောပြလိုက်ရင် ငါတို့တွေ အသတ်ခံရလိမ့်မယ်!"

"အင်းပါ အင်းပါ၊ ငါသိပါပြီ၊ ငါထပ်မပြောတော့ဘူးလို့ ကတိပေးတယ် ဟုတ်ပြီလား? ဒါပေမယ့် ဒီတစ်ခါတော့ တကယ့်ကို ထူးဆန်းတယ်။ ဒီအကြီးအကဲမိစ္ဆာက အဲဒီလူတွေရဲ့ အချက်အလက်ကိုရရှိဖို့ 'ကွေးဝူရွှီး' ရဲ့ လမ်းညွှန်ချက်နဲ့ ဘာကြောင့် အရောင်းအ၀ယ်လုပ်ရတာလဲ?"

"ဒါက နားလည်ဖို့ မလွယ်ဘူးလား? ဘာဖြစ်လို့လဲဆိုတော့ သူရှာနေတဲ့လူတွေက ဟဲဟွမ်ဂိုဏ်းရဲ့ကိစ္စတွေအတွက် မဟုတ်ပဲ သူ့ကိစ္စအတွက် လုပ်နေလို့ပဲ။" စူးရှသောအသံနှင့်လူက သရော်လိုက်ပြီး "ဒီအကြီးအကဲမိစ္ဆာက တပည့်သစ်တစ်ယောက်ကို လက်ခံလိုက်တာ မကြာသေးဘူး၊ သူ့ကို အရမ်းစွဲလမ်းသွားစေတယ်တဲ့။ သူအရင်က အချစ်ဆုံးလီကျီးကိုတောင် သူ့တပည့်ဆီပေးခဲ့တာ။ ဒီလူအုပ်စုက သူ့ချစ်သူကို စော်ကားခဲ့တာဖြစ်နိုင်ပြီး အကြီးအကဲမိစ္ဆာက လက်စားချေဖို့ ရှာခိုင်းတာဖြစ်မယ်။"

"တကယ်လား?" အရပ်ရှည်ပြီး သန်မာသောလူသည် အနည်းငယ် သံသယရှိပုံရပြီး သူရေရွတ်လိုက်၏။ သို့ရာတွင် ဤအရာများသည် သူတို့အတွက် အတင်းအဖျင်းသက်သက်သာဖြစ်ပြီး၊ သူ၏ပစ်မှတ်ကို ရှာဖွေခြင်းကသာ မှန်ကန်သောအရာဖြစ်သည်။

'ကွေးဝူရွှီး' ၏ ဤဧရိယာသည် သုံးနှစ်တစ်ကြိမ်ဖွင့်လှစ်သည့် ရွှမ်းယွိနယ်မြေတွင် အလွန်ထူးခြားသောနေရာတစ်ခုဟု သတ်မှတ်ခံထားရသည်။ 'ကွေးဝူရွှီး' သည် နေရောင်မရှိသောတောင်တွင်တည်ရှိပြီး ၎င်းကို များသောအားဖြင့် အနက်ရောင်အခိုးအငွေ့များနှင့် ဖုံးလွှမ်းထားသည်။ အနက်ရောင် မြူမှုန်ထဲသို့ လျှောက်သွားသူတိုင်း အကြိမ်အနည်းငယ်သာ လှည့်ပတ်ကြည့်နိုင်သည်။ မည်သို့သောနည်းလမ်းကို အသုံးပြုသည်ဖြစ်စေ၊ သူတို့တွေဟာ စိတ်ရှုပ်စွာ ထွက်သွားလေ့ရှိသည်။

တစ်ချိန်က တစ်စုံတစ်ဦးဟာ ဤအနက်ရောင်မြူမှုန်တွင် ကြီးမားသော အခင်းအကျင်းတစ်ခုကို တည်ဆောက်ခဲ့သည်ဟု သံသယရှိခဲ့သော်လည်း နှစ်‌‌ပေါင်းများစွာတစ်လျှောက်တွင် အခင်းအကျင်းကျွမ်းကျင်သည့် မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ဤနေရာကိုလေ့လာရန် လာရောက်ခဲ့ကြသော်လည်း မည်သည့်ဆုံမှတ်‌တွေကိုမျှ မတွေ့ခဲ့ကြပါ။

အခင်းအကျင်းအားလုံးသည် ဆုံမှတ်များဖြင့်ပံ့ပိုးရန် လိုအပ်သည်။ အခင်းအကျင်း ပိုအားကောင်းလေ၊ ဆုံမှတ်ပိုများလေဖြစ်သည်။ ဤသည်မှာ ကျင့်ကြံခြင်းလောက၏ အခြေခံအသိပညာဖြစ်သည်။ သို့သော် ကျင့်ကြံသူများသည် အနက်ရောင်မြူမှုန်ထဲရှိ ဆုံမှတ်များကို ရှာမတွေ့သောအခါ၊ အနက်ရောင်အမှုန်များတွင် အခင်းအကျင်းမရှိခြင်း (သို့မဟုတ်) တည်ဆောက်ထားသူသည် မြင့်မားသော ကျင့်ကြံခြင်းအဆင့်ရှိ၍ ထိုဆုံမှတ်များကို ကောင်းကောင်းဝှက်ထားနိုင်တာ ဖြစ်လိမ့်မည်။

ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် အနက်ရောင်မြူ‌မှုန်တွေကို ဖယ်ရှားလို့မရဘူးဆိုတာကိုတော့ လူတိုင်းလက်ခံထားရမည်။ ကံကောင်းထောက်မစွာ၊ သုံးနှစ်တစ်ကြိမ်တွင် အနက်ရောင်အခိုးအငွေ့များသည် တစ်လခန့် ပျောက်ကွယ်သွားကာ ယခုလတွင် 'ကွေးဝူရွှီး' လမ်းညွှန်ချက်ပါရှိသည့် ကျင့်ကြံသူသည် သူတို့၏ကိုယ်ပိုင်အခွင့်အရေးများကို ရှာဖွေရန် ထိုအထဲကို ဝင်ရောက်နိုင်ခဲ့သည်။

'ကွေးဝူရွှီး' အတွက် လမ်းညွှန်ချက်များစွာရှိသော်လည်း မိစ္ဆာကျင့်ကြံခြင်းဂိုဏ်းငယ်များစွာလည်း ရှိခဲ့သည်။ မိစ္ဆာကျင့်ကြံခြင်း၏မဟာမိတ်များကြားတွင် အချို့သော 'စေ့စပ်ညှိနှိုင်းမှု' ပြီးနောက် (ဆိုလိုသည်မှာ တိုက်ခိုက်ခြင်းဖြင့်) 'ကွေးဝူရွှီး' ၏ဆိုင်ရာ လမ်းညွှန်စုစုပေါင်း ၁၂၀ ကို ဂိုဏ်းအားလုံးထံ ဖြန့်ဝေခဲ့သည်။

ကြီးမားသော မိစ္ဆာဂိုဏ်းတစ်ခုအနေဖြင့်၊ ဟယ်ဟွမ်းဂိုဏ်းသည်လည်း လမ်းညွှန်ချက်ဆယ်ခုကျော် ရရှိခဲ့သည်။ ဟယ်ဟွမ်းဂိုဏ်း၏ အကြီးအကဲတစ်ဦးအနေဖြင့်၊ အကြီးအကဲမိစ္ဆာသည် သူ့တပည့်သစ်များအတွက် များစွာသောအခွင့်အရေးကို ပုံမှန်အတိုင်းရရှိထားပြီး သူတို့ထဲမှတစ်ခုကို ဆုအဖြစ် ထုတ်ယူလိုက်သောအခါတွင် ၎င်းနှင့်ပတ်သက်၍ မည်သူမျှမပြောနိုင်ပါ။

စူးရှသောအသံနဲ့လူနှင့် အရပ်ရှည်သောလူသည် ဤလမ်းညွှန်ချက်အတွက် သေလုမျောပါးဖြစ်နေသောကြောင့် အကြီးအကဲမိစ္ဆာ၏ပစ်မှတ်ကို ရှာတွေ့ရန် ခက်ခက်ခဲခဲကြိုးစားနေရခြင်းဖြစ်သည်။ စူးရှသောအသံနဲ့ ဤလူတွင် ကြွက်နှင့်တူသော စိတ်ဝိညာဉ်တိရိစ္ဆာန်တစ်ကောင်ရှိသောကြောင့် အနံ့ခံအာရုံမှာ အလွန်ကောင်းမွန်ပြီး သာမန်လူတွေမတတ်နိုင်သော အရာများကို အနံ့ခံနိုင်သောကြောင့်ဖြစ်သည်။

သစ္ဆေတောင်တန်းများပေါ်တွင် ပေါက်နေသော မြင့်မားသောသစ်ပင်များသည် အရိပ်ရသစ်ပင်ဟုခေါ်သော အပင်တစ်မျိုးဖြစ်သည်။ ဤအပင်မျိုးသည် ၎င်းအတွက်ဝတ်မှုန်ဖြန့်ကျက်ရန် အခြားမိစ္ဆာများကို ဆွဲဆောင်ရန်အတွက် နှစ်တစ်နှစ်၏လအနည်းငယ်တွင် အလွန်ဖျော့တော့သောရနံ့ကို ထုတ်လွှတ်ပါသည်။ ဤအထူးရနံ့သည် လူ့ခန္ဓာကိုယ်တွင် အချိန်အကြာကြီး တွယ်ကပ်နေနိုင်ပြီး စူးရှသောအသံနဲ့လူ ပိုင်ဆိုင်သည့် စိတ်ဝိညာဉ်တိရစ္ဆာန်သည် ဤရနံ့ကိုအလွယ်တကူ အနံ့ခံနိုင်သည်။

အကြီးအကဲမိစ္ဆာက အလိုရှိလို့ ဖမ်းဝရမ်းထုတ်ပြီးကတည်းက စူးရှသောအသံနဲ့လူသည် မြို့အနောက်တံခါးကို စောင့်ကြပ်နေခဲ့သည်။ တစ္ဆေတောင်တန်းမှလာသောမည်သူမဆို ကွေ့ဝိုက်၍ အနောက်တံခါးမှ မြို့ထဲသို့ဝင်ရမည်။ ပြီးတော့ သူက ဒီနည်းလမ်းကို အမှီပြုပြီး ရွှီဇီယန်နဲ့ တခြားလူ သုံးယောက်ကို အောင်မြင်စွာတွေ့ရှိခဲ့သည်။

ဒီလူတွေဟာ နက်မှောင်သောသစ်သားရနံ့ကို သယ်ဆောင်လာကြသည်။ ရနံ့၏ပြင်းထန်မှုအရ ဤလူများသည် လွန်ခဲ့သော ဆယ်ရက်က တစ္ဆေတောင်တန်းတွင်ရှိရမည်ကို သူအာမခံနိုင်သည်။

သို့သော် အကြီးအကဲမိစ္ဆာမှပေးသောအခြေအနေများသည် မရေမတွက်နိုင်အောင် များလွန်းသောကြောင့် ဤအုပ်စုတွင် မည်သည့်အုပ်စုဖြစ်သည်ကို မဆုံးဖြတ်နိုင်ပေ။ နောက်ဆုံးတွင် သူသည် ဟယ်ဟွမ်းဂိုဏ်းက လူသုံးယောက်ဆီသာ သတင်းပို့နိုင်ခဲ့သည်။ အကြီးအကဲမိစ္ဆာ ရှာတွေ့လိုသောသူသည် ထိုနေရာတွင်ရှိနေသ၍ အကြီးအကဲမိစ္ဆာသည် သူ့အားဆုလာဘ်ကို သေချာပေါက်ပေးလိမ့်မည်။

ရွှီဇီယန်နှင့် အခြားသူများသည် သတ္တုတွင်းထဲသို့ နက်နက်နဲနဲဝင်သွားပြီး အမတဝိညာဉ်အခြေတည်စအဆင့် ကျင့်ကြံသူက သူတို့အား မျက်စိကျနေသည်ကို မသိကြပေ…

ဤအခိုက်အတန့်တွင် သူတို့သည် ရွှီဇီရုန်၏နောက်ကို အနီးကပ်လိုက်၍ သူ၏မှတ်ဉာဏ်ထဲတွင်ရှိသော လမ်းကြောင်းအတိုင်းလိုက်ကာ ဒြပ်စင်ငါးမျိုးသလင်းကျောက်ကို တူးဖော်ထားသည့် သတ္တုဥမင်လိုဏ်ခေါင်းကို ရှာဖွေနေကြသည်။

တူးဖော်တွေ့ရှိခဲ့သော ဒြပ်စင်ငါးမျိုးသလင်းကျောက်ကြောင့် တုန်လှုပ်သွားကြပြီးနောက်၊ ချီလျန်မိသားစု၏ တွင်းထွက်သွေးကြောသည် အချိန်တိုအတွင်း ရွှမ်းယွိနယ်ပယ်တစ်ခုလုံးနီးပါးတွင် ကျော်ကြားသွားခဲ့သည်။ နောက်ပိုင်းတွင် သူတို့သည် သတ္တုတွင်းကို ပိတ်ဆို့ထားသော်လည်း ကျင့်ကြံသူအများအပြား လာရောက်ခြင်းကို မရပ်တန့်နိုင်သေးပါ။

တစ်ဖက်လမ်းကနေ ဥမင်လိုဏ်ခေါင်းထဲကိုဝင်ရောက်ရန် ရူးသွပ်စွာတူးဖော်နေသည့်ကျင့်ကြံသူတွေတောင် အဲဒီကနေ ဖောက်ထုတ်ဖို့ ကြိုးစားကြသည်။ သို့သော်လည်း နောက်ပိုင်းတွင် သူတို့ကို ချီလျန်မိသားစု၏အစောင့်များက ရှာဖွေတွေ့ရှိခဲ့ပြီး သူတို့၏မိုက်မဲသည့်အပြုအမူတွေကို ဆက်လက်လုပ်ဆောင်ရန်တားဆီးခဲ့သည်။

ထိုအချိန်တုန်းက ရွှီဇီရုန်ဟာ အခြေခံကျင့်ကြံခြင်းအလယ်အလတ်အဆင့်ရှိ ကျင့်ကြံသူသာဖြစ်ပြီး ကံကောင်းသောသတ္တုဥမင်လိုဏ်ခေါင်းအတွက် သူ့တွင်မျှော်လင့်ချက်ရှိသည်။ ကံမကောင်းစွာပဲ ကျေနပ်လောက်စရာရလဒ်များ မရှိခဲ့ပါ။ သူသည် လက်မအရွယ် မီးကျောက်ကိုသာတူးနိုင်ခဲ့ပြီး ကုန်ကျစရိတ်ကို ပြန်လည်ပေးရုံနိုင်လောက်သာ ရရှိခဲ့သည်။

"ဒီမှာပဲ" ရွှီဇီရုန် ရုတ်တရက် ရပ်လိုက်ပြီး ကျဉ်းမြောင်းသော လမ်းဆုံကို ညွှန်ပြရင်း တိုးတိုးလေးပြောလိုက်သည်။

ရွှီဇီယန်ဟာ ထိုနေရာကိုကြည့်ပြီးနောက် ဆင်းရဲနွမ်းပါးသော ကျင့်ကြံသူသည် အဘယ်ကြောင့် ဤဒြပ်စင်ငါးမျိုးသလင်းကျောက်အား ရှာတွေ့နိုင်သည်ကို သူနားလည်ခဲ့သည်။

ဒီစွန့်ပစ်ထားသော သတ္တုသွေးကြောဟာ မိုင်ရာနဲ့ချီ ဆန့်သည်။ နှစ်အတော်ကြာတူးဖော်ပြီးသည့်နောက်တွင် သတ္တုတွင်းရှိ ဥမင်များကို ပင့်ကူမျှင်များကဲ့သို့ ထူထပ်စွာဖုံးအုပ်ထားသည်။ သို့သော် လူများတူးဖော်နိုင်သည့် စိတ်ဝိညာဉ်ကျောက်တုံးအများစု၏ လိုဏ်ခေါင်းဟာကြီးမားတတ်သည်။ ရွှီဇီရုန်ညွှန်ပြခဲ့သည့်အတိုင်း လူတစ်ဦးတည်းသာ ဖြတ်သန်းခွင့်ရသော ဤကျဉ်းမြောင်းသည့်ဥမင်လိုဏ်ခေါင်းသည် အထဲ၌ဘာမှမရှိဟု လူအများက ထင်ကြမည်။

စဉ်းစားကြည့်ပါ။ သူဟာခွန်အားမရှိခြင်းကြောင့် ဆင်းရဲနွမ်းပါးသော ကျင့်ကြံသူသည် ရတနာများကို အလွယ်တကူရှာဖွေနိုင်သည့်နေရာများကို မကြိုးစားရဲတော့သောကြောင့် ထိုကဲ့သို့ မထင်မရှားသတ္တုဥမင်လိုဏ်ခေါင်းကို ရွေးချယ်ခဲ့သည်။ မထင်မှတ်ပဲ၊ ဒီလိုနည်းပါးသည့်အရှိန်အဝါဧရိယာမှာ အမတဝိညာဉ်အခြေတည်စအဆင့် ကျင့်ကြံသူတွေကိုတောင် သေစေနိုင်မယ့် ရတနာတစ်ခုရှိနေသည် … 

"သွားရအောင်၊ ဒီမှာပဲ အချိန်မဖြုန်းနဲ့။" ရွှီဇီယန်က အရင်ဝင်လိုက်ပြီး ရွှီဇီရုန်က သူ့နောက်သို့ အနီးကပ်လိုက်သွားချိန်မှာ ကျန်ရင်းနဲ့ဖန့်ထျန်းရွေ့တို့က ဘယ်သူ့ကိုမှ မှားမဝင်လာအောင် အဝင်ဝအနီးမှာထားခဲ့သည်။

သတ္တုတွင်းရှိ နေရာအားလုံးဟာ ဖွင့်ထားသော်လည်း တစ်ခါတစ်ရံတွင် စိတ်ဝိညာဉ်ကျောက်တုံးများထုတ်လုပ်နိုင်ခြေ မြင့်မားသောနေရာများကို သိမ်းပိုက်မည့် အုပ်စုများတွင် ကျင့်ကြံသူများလည်း ရှိကြသည်။

ဤကဲ့သို့ ကျဉ်းမြောင်းသောဥမင်လိုဏ်ခေါင်းတွင် မည်သူမျှ သူတို့နှင့် အမှန်တကယ်ယှဉ်ပြိုင်မည်မဟုတ်သော်လည်း ရွှီဇီယန်သည် ကျန်ရင်းနှင့် ဖန့်ထျန်းရွေ့ကို ဝင်ပေါက်အနီးတွင်သာ ထားရှိခဲ့သည်။

"ကိုကို၊ ကျွန်တော် ရှာလိုက်ပါ့မယ်။" ရွှီဇီရုန်သည် ခပ်ရေးရေးပြုံးလိုက်ပြီး သူ့လက်ချောင်းထိပ်များကို ပွတ်လိုက်ကာ သွေးမြှားတစ်စင်းထွက်လာသည်။ သွေးမြှားဆင်းသက်လာပြီးနောက်၊ ၎င်းသည် ချက်ချင်းဆိုသလိုပင် များပြားလှသောသွေးပိုး‌ကောင်များအဖြစ်သို့ ပြောင်းလဲသွားပြီး သတ္တုဥမင်လိုဏ်ခေါင်း၏ တစ်ဖက်တစ်ချက်စီရှိ ကျောက်နံရံများအတွင်းသို့ တူးသွားကြသည်။

ရွှီဇီယန်တိတ်ဆိတ်သွားသည်။ သူ့ညီက ပိုအရည်အချင်းရှိပုံပေါက်တာတော့ အမှန်ပါပဲ၊ ဒါပေမယ့် အစ်ကိုတစ်ယောက်အနေနဲ့ သူ့ကိုယ်သူ လေးစားမှုကို ချိုးဖျက်လိုက်တာ မဟုတ်ဘူးလား?

သွေးပိုး‌ကောင်များသည် ဒြပ်စင်ငါးမျိုးသလင်းကျောက်ကို ရှာဖွေရန် အလုပ်လုပ်ဆောင်ခဲ့သော်လည်း ၎င်းကိုရှာဖွေရန်မည်မျှကြာမည်ကို မည်သူမျှမသိခဲ့ကြပါ။

ဤဥမင်လိုဏ်ခေါင်းသည် မီတာရာပေါင်းများစွာ ရှည်နေသေးသည်။ ရွှီဇီရုန် ထိုနေရာသို့သွားသောအခါ၊ သလင်းကျောက်ကို တူးဖော်သည့်နေရာသည် ပြည့်နေပြီးဖြစ်၍ ဥမင်လိုဏ်ခေါင်းအတွင်းရှိ အခြားနေရာကိုသာ ကြည့်ရှုနိုင်ခဲ့သည်။

"ကိုကို၊ အချိန်က အဖိုးတန်တယ်လေ။" ရွှီဇီရုန်၏ မျက်လုံးများ တောက်ပလာသည်။

"ဒီတော့ …" ရွှီဇီယန်အံ့အားသင့်စွာ မျက်ခုံးပင့်လိုက်ပြီး ဇီရုန်က ဘာလို့ ဒီစကားကို ရုတ်တရက် ပြောလာရတာလဲ?

"ဒါကြောင့် (နှစ်ကိုယ်တူ)ကျင့်ကြံကြရအောင်"

ရွှီဇီယန်: "..."

သူသည် ရွှီဇီရုန်၏ ခေါင်းကိုရိုက်လိုက်ပြီး ရင်ထဲတွင် ကျိန်ဆဲလိုက်၏။ ရွှီဇီရုန်ဟာ မည်မျှပင် အလေးအနက်ထားရန် ကြိုးစားနေပါစေ၊ သူ့စိတ်ကညစ်ညမ်းမှုတွေနဲ့ ဖုံးကွယ်နေဆဲပင်။

"ဒီပိုပြီး အလေးအနက် ထားလို့မရဘူးလား?!" ရွှီဇီယန်ဆူလိုက်ပြီး သူ့မျက်နှာနီရဲသွားသည်။ ဒီကလေးက ပိုပြီးအလေးအနက်ထားလို့မရဘူးလား? ဤအခြေအနေတွေအောက်မှာ ကျင့်ကြံရန် မည်ကဲ့သို့ သူအကြံပြုနိုင်ရတာလဲ?

ရွှီဇီရုန်တွေးနေပုံကို သူသဘောပေါက်သည်။ သူပြောသည့်အရာက သာမန်တရားထိုင်ရုံ၊ အရှိန်အဝါတွေစုပ်ယူရုံ "ကျင့်ကြံခြင်း"မဟုတ်ဘူး! 

"အိုး" ရွှီဇီရုန်က စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငုံ့ကာ သူ့ခေါင်းထက်မှ တိမ်မည်းများသည် တကယ့်အရာဝတ္ထုတစ်ခုအဖြစ်သို့ ပြောင်းလဲလုနီးပါး ဖြစ်သွားသည်။

ရွှီဇီယန် သူ့ခေါင်းကိုရိုက်လိုက်ပြီး "လူကြီးတစ်ယောက်လို ပြုမူလို့မရဘူးလား? ဒီလိုမျိုးတွေကြီးပဲ တစ်နေ့လုံး ဘယ်လိုလုပ် တွေးနိုင်ရတာလဲ?"

"ဘယ်လိုမျိုးတွေလဲ?" ရွှီဇီရုန်က အပြစ်ကင်းသည့်အမူအရာနဲ့ပြောလာပြီး "ကျွန်တော်က ကျင့်ကြံခြင်းအကြောင်းပြောနေတာပါ။ ကျွန်တော်တို့ အဲဒါကို လုပ်မယ်ဆိုရင် အကောင်းဆုံးအခြေအနေကို ရွေးရမယ်လေ"

ရွှီဇီယန်ဟာ တစ်ချိန်တည်းမှာပင် မှင်တက်သွားပြီး ဖျော့တော့သည့် စိတ်ဝိညာဉ်စွမ်းအင်များရှိသော ဤပတ်ဝန်းကျင်မျိုးတွင် နှစ်ကိုယ်တူကျင့်ကြံခြင်းက အမှန်တကယ်ပင် ထိရောက်မှုရှိသော်လည်း ပြဿနာက သူတို့အနီးတွင် လူနှစ်ယောက်ရှိနေခြင်းပင်! ဒီတော့ သူကဘာလုပ်နိုင်မှာလဲ? သူတို့တွေကို မကြည့်နဲ့လို့ သူကပြောလိုက်ရမှာလား? 

ချီးပဲ! တကယ်ပါပဲ။ ဒီကလေးက ဘယ်သူ့ကလေးလဲ? ကျေးဇူးပြု၍ နာခံတတ်ပြီး ချစ်ဖို့ကောင်းတဲ့ ညီလေးအဖြစ် ငါ့ဆီပြန်လာပေးလို့ရနိုင်မလား?

"ကောင်းပါပြီ…" သူ့ကိုကိုရဲ့ ခွင့်ပြုချက်ရဖို့ မဖြစ်နိုင်မှန်းသိပြီးနောက် ရွှီဇီရုန် နောက်ဆုံးမှာ လက်လျှော့လိုက်ပေမယ့် သူ့စိတ်ထဲက မှတ်စုစာအုပ်ထဲ၌ ရေးမှတ်လိုက်သည်က "နေရာက ပြဿနာမဟုတ်ဘူး။ အဓိကပြဿနာက ငါတို့အနီးနားမှာ ဘယ်သူမှရှိမနေဖို့ပဲ!" ထို့နောက်တွင် သူသည် သူ၏ဘဝနှစ်ခုတွင် သူကြားခဲ့ရသမျှ အကောင်းဆုံးချိန်းတွေ့သည့်နေရာများကို မှတ်သားထားခဲ့သည်။

သူအဖွဲ့သည် ကျဉ်းမြောင်းသောသတ္တုတွင်း၌ နေ့ရောညပါ တူးဖော်နေသည်။ ကျန်ရင်းနှင့် ဖန့်ထျန်းရွေ့တို့သည် ဝင်ပေါက်တွင် သတ္တုတွင်း၏အကျယ်ကို နှစ်ဆတိုးခဲ့ပြီး စိတ်ဝိညာဉ်ရေးကျောက်တုံးတစ်ဝက်ကို မတွေ့ရှိသေးပေ။

ဤဥမင်လိုဏ်ခေါင်းရှိ အရှိန်အဝါ အလွန်ဖျော့တော့ရခြင်း၏ အကြောင်းရင်းမှာ ဒြပ်စင်ငါးမျိုးသလင်းကျောက်သည် မဖွဲ့စည်းမီ သူ့ကိုယ်သူ အာဟာရဖြစ်စေရန်အတွက် အရှိန်အဝါပမာဏများစွာ လိုအပ်သောကြောင့်ဖြစ်သည်။ ၎င်းသည် စိတ်ဝိညာဉ်ကျောက်တုံးများဖြစ်သော်ငြား ဒြပ်စင်ငါးမျိုးသလင်းကျောက်၏တည်ရှိမှုသည် အခြားသောစိတ်ဝိညာဉ်ကျောက်တုံးများဖြစ်ပေါ်လာခြင်းမှ သဘာဝအတိုင်းရပ်တန့်သွားမည်ဖြစ်သည်။

အကယ်၍ ၎င်းသည် ဒြပ်စင်ငါးမျိုးသလင်းကျောက်၏ လက္ခဏာများမဟုတ်ပါက၊ စိတ်ဝိညာဉ်ရေးကျောက်တုံးများကို ရှာဖွေနေပြီး နေ့ချင်းညချင်း ချမ်းသာလာရန် အိပ်မက်မက်နေသော အဲ့ဒီကျင့်ကြံသူတွေကြောင့် ထိုနေရာအား ရှာဖွေတွေ့ရှိရန် ရွှီဇီယန်၏အလှည့်ပင် ရောက်လာမည်မဟုတ်ပေ။

ရက်ပေါင်းနှစ်ဆယ်ကြာသော် ရွှီဇီရုန်ထိန်းချုပ်ထားသော သွေးပိုးကောင်များသည် တစ်သုတ်ပြီးတစ်သုတ် သေဆုံးသွားသည်။ ၂၁ရက်နေ့နံနက်တွင် သွေးပိုးကောင်၏ ပုံမှန်မဟုတ်သောအရာတစ်ခုခုကို သူတွေ့ရှိခဲ့သည်။

"ဒီမှာ!" ရွှီဇီရုန်ဟာ လမ်းအဆုံးနားက ကျောက်တုံးကြီးကို ညွှန်ပြပြီး "အဲ့ဒါက ဒီအောက်မှာ ရှိလောက်တယ်။"

"ကောင်းပြီ ငါတူးမယ်! မင်း ခဏလောက် အနားယူလိုက်" ရွှီဇီယန် လက်သီးများကို ချက်ချင်းဆုပ်ကိုင်လိုက်ပြီး တူးရန်ပြင်ဆင်လိုက်သော်လည်း ရွှီဇီရုန်က ခေါင်းခါကာ မထင်မှတ် ပြုံးပြပြီး "ဒီလို အသေးအမွှားတွေအတွက် ကျွန်တော်က ဘယ်လိုလုပ် ကိုကို့ကို အနှောင့်အယှက်အဖြစ်ခံရမှာလဲ? ကျွန်တော်ပဲ လုပ်လိုက်ပါ့မယ်။"

ထို့နောက် သူသည် သွေးအနှစ်သာရ အနည်းငယ်ပစ်ချလိုက်ပြီး ချွန်ထက်သော ခြေသည်းများရှိသည့် ကြွက်များအဖြစ်သို့ ပြောင်းလဲသွားကာ စတင်တူးကြသည်။

ရွှီဇီယန် စိတ်ဓာတ်ကျနေပြီး၊ သူ၏မိုးကြိုးသွားမန္တန်များသည် ဤသွေးပိုးကောင်တွေလောက် မကောင်းသော်လည်း ရွှီဇီရုန်ဟာ သူ၏မူလရုပ်သွင်ကို လုံးလုံးလျားလျား ထုတ်ဖော်လိုက်သောကြောင့်၊ သူအသုံးဝင်မှုနည်းလာသလို ခံစားလိုက်ရသည်... _(:3∠)_

ထုံးစံအတိုင်း ရွှီဇီယန်ဟာ သူကောင်းကောင်းမလုပ်နိုင်သည့်အရာတွေကို မလုပ်ဘူး။ ထို့အပြင် ရွှီဇီရုန်၏သွေးပိုးကောင်များရှိနေသဖြင့် ထိုကဲ့သို့ ပင်ပင်ပန်းပန်းလုပ်ရန် အကြောင်းပြချက်မရှိဘူး။

နှစ်ယောက်သား တိတ်တဆိတ် စောင့်ဆိုင်းရင်း၊ ရွှီဇီယန်သည်လည်း စိတ်ဝိညာဉ်စွမ်းအင်၏ အတက်အကျများကို သီးခြားခွဲထုတ်ရန် ဂရုတစိုက်အခင်းအကျင်းချထားသည်။ ဒြပ်စင်ငါးမျိုးသလင်းကျောက်ကို တူးဖော်လိုက်သောအခါတွင် ပြင်းထန်သောလှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာသည်။ ကျင့်ကြံသူသည် ဒြပ်စင်ငါးမျိုးသလင်းကျောက်ကို နေရောင်မရှိသောမြို့သို့ မည်ကဲ့သို့ပြန်ယူခဲ့ပုံနှင့် ပတ်သက်၍ ဒဏ္ဍာရီတစ်ခုအဖြစ် ရှိနေသေးသည်။

ဒြပ်စင်ငါးမျိုးသလင်းကျောက်ကို တူးဖော်သည့်နေရာသည် အလွန်နက်သောကြောင့် ရွှီဇီရုန်သည် သူ၏ချွန်ထက်သောကြွက်များကို ထိန်းချုပ်ကာ ခုနစ်ရက်နှင့် ညတွင်းချင်း တူးဖော်ရလေသည်။

"တွေ့ပြီ!" မျက်လုံးမှိတ်ပြီး အနားယူနေသော ရွှီဇီရုန်သည် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်ကာ ကြွက်များတူးထားသော အပေါက်ကြီးသို့ ခုန်ဆင်းသွားသည်။

ရွှီဇီယန်သည်လည်း ပုံမှန်အတိုင်းကျန်နေရန် ဆန္ဒမရှိသဖြင့် သူ့နောက်သို့ ခုန်ဆင်းလိုက်သည်။

သတ္တုသွေးကြောများ၏ မြေဆီလွှာသည် အလွန်မာကျောသောကြောင့်၊ လုံလောက်သောအရှိန်အဝါကို မစုပ်ယူမီ ဖြစ်ပေါ်လာသော စိတ်ဝိညာဉ်ကျောက်တုံးအချို့ ရှိပါသေးသည်။ ဤပျက်စီးသွားသော စိတ်ဝိညာဉ်ကျောက်တုံးများသည် အလွန်မာ‌ကျောသည်။ စွမ်းအင်ချွေတာဖို့အတွက် ကြွက်တွေအားလုံးဟာ လမ်းကြောင်းတွေကို တူးသည့်အခါ အဲဒီနေရာတွေကို ကျော်သွားကြသည်။

လမ်းတစ်လျှောက်တွင် အလှည့်အပြောင်းများစွာရှိကာ ပေတစ်ရာခန့်အကွာတွင် ကျယ်လာကာ လမ်း၏တစ်ဖက်တစ်ချက်စီတွင် အတော်လေးကောင်းမွန်သောသတ္တုရိုင်းတစ်တုံး၊နှစ်တုံး အပိုင်းအစတွေကို တစ်ခါတစ်ရံ တွေ့ရှိရသည်။ အကယ်၍ ထိုဆင်းရဲသောကျင့်ကြံသူသည် ၎င်းအကြောင်းပိုသိပါက၊ ၎င်းနှင့်ဆက်စပ်နေသော သတ္တုရိုင်းများကိုပင် သိမ်းသွားနိုင်သည်။

"ဒြပ်စင်ငါးမျိုးသလင်းကျောက်ကို အရင်ယူလိုက်" ရွှီဇီယန်ဟာ သူတို့ခရီးစဉ်၏အာရုံကို ကောင်းစွာသိသည်။ အဆိုပါဆက်စပ်သတ္တုရိုင်းများသည် စင်စစ်တန်ဖိုးရှိသော်လည်း ဒြပ်စင်ငါးမျိုးသလင်းကျောက်ကိုမယူနိုင်ခဲ့ပါက အသုံးမဝင်သောခရီးဖြစ်သွားလိမ့်မည်။

ရွှီဇီရုန် ခေါင်းညိတ်လိုက်ပြီး နှစ်ယောက်သား ရှေ့ကို ဆက်သွားကြသည်။

သူတို့သည် သလင်းကျောက်နှင့် နီးကပ်လေလေ၊ ဆက်စပ်သတ္တုရိုင်းများ အနီးတဝိုက်ရှိ ကျောက်သားနံရံများပေါ်တွင် ပိုမိုထင်ရှားလာလေဖြစ်သည်။ ၎င်းတို့တွင် အသုံးအများဆုံး မီးကျောက်များ၊ သစ်သားကျောက်များ၊ ထို့နောက် မီးနီကျောက်များ၊ အစိမ်းရောင် အရည်ပျော်သော သစ်သားကျောက်များနှင့် ရေသလင်းကျောက်များပင် ပါဝင်သည်။ ၎င်းတို့သည် မြောက်မြားစွာရှိပြီး ၎င်းတို့၏ပေါင်းစပ်တန်ဖိုးသည် ဒြပ်စင်ငါးမျိုးသလင်းကျောက်ထက်ပင် ကျော်လွန်သွားနိုင်သည်။

"ဒီမှာပါ" ရွှီဇီရုန် ရပ်လိုက်ပြီး ရွှီဇီယန်လိုက်သွား၏။ ရှေ့မလှမ်းမကမ်းတွင် ချွန်ထက်သော ကြွက်အများအပြားသည် ကျောက်ဆောင်ကြီးတစ်ဝိုက်တွင် ဆူညံနေသည်ကို တွေ့လိုက်ရသည်။

"ဒါက ဒြပ်စင်ငါးမျိုးသလင်းကျောက်လား?" ရွှီဇီယန်ဟာ တစ်ခါမှမမြင်ဖူးသည့်အတိုင်း စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"အဲ့ဒါက ဒြပ်စင်ငါးမျိုးသလင်းကျောက်ရဲ့ မူလသတ္တုရိုင်းဖြစ်လိမ့်မယ်။" ရွှီဇီရုန်သည် သူ၏အရင်ဘဝတွင် တစ်ကြိမ်သာ ဒြပ်စင်ငါးမျိုးသလင်းကျောက်ကိုမြင်ဖူးသည်။ ၎င်းဟာလက်သီးထက်တောင် သေးငယ်ပြီး အမတဝိညာဉ်အခြေတည်စအဆင့် ကျင့်ကြံသူမှပိုင်ဆိုင်ထားသော်လည်း ၎င်းကို အကြီးဆုံးရတနာကဲ့သို့ သဘောထားကြသည်။ 

ဤဒြပ်စင်ငါးမျိုးသလင်းကျောက်ကို ထူထဲသောကျောက်ခွံဖြင့်ပတ်ထားသည်။ အပြင်ဘက်ကကြည့်ရင်တော့ အချင်းကခြေဖဝါးအပြည့်ပဲ၊ အခွံကို ဖယ်ထားရင် အတော်အသင့်အရွယ်အစားရှိလိမ့်မည်။

ဒီခရီးစဉ်က အရမ်းတန်ပါသည်။ ကုဗတုံးသည် ဤရတနာကိုအသုံးမပြုနိုင်ရင်တောင် သူတို့သည် အင်အားပမာဏတစ်ခုရလာသောအခါတွင် အခြားအဆင့်မြင့်ကျင့်ကြံသူများနှင့် ရောင်းဝယ်ဖောက်ကားရန်အတွက် သူတို့တွေ၎င်းကို အသုံးပြုနိုင်သည်။

"ငါတို့ အခုတူးလို့ရပြီလား?" ရွှီဇီယန်သည် ဒြပ်စင်ငါးမျိုးသလင်းကျောက်ကိုတူးဖော်ရန် တားမြစ်မှုတွေကို မသိသောကြောင့် ရွှီဇီရုန်ကိုဦးစွာမေးလိုက်သည်။

ရွှီဇီရုန်ခဏလောက်တွေးပြီး "အဲဒါကို တူးတဲ့အခါ လှိုင်းထလာမယ်ဆိုတာ ကျွန်တော်သိပေမယ့် အခုထိတော့ မတွေ့ဖူးသေးဘူး။"

"အင်း… ငါလုပ်လိုက်မယ်။"

ရွှီဇီရုန်ကလည်း ကန့်ကွက်ခြင်းမရှိ။ သလင်းကျောက်ကို တူးဖော်ရာမှ မည်သူတစ်ဦးတစ်ယောက်က အသတ်ခံရသည်ကို ယခုအချိန်အထိ သူမကြားခဲ့ရဖူးပါ။ တိုက်ပွဲကြောင့် လူတွေသေကြေခဲ့ရတယ်လို့ပဲ ကြားခဲ့ရသည်။

ရွှီဇီယန်ဟာ အသက်ပြင်းပြင်းရှူလိုက်ပြီး မတော်တဆမှုမှန်သမျှကို တားဆီးရန်အတွက် မိုးကြိုးသွားစိတ်ဝိညာဉ်စွမ်းအင်ဖြင့် သူ၏လက်များကို ဖုံးအုပ်ထားသည်။

ဒါဟာ မလိုအပ်သည့် လုပ်ရပ်တစ်ခုဖြစ်ကြောင်း သက်သေပြနေသည်။

သူ၏အရင်ဘဝတုန်းက ဆင်းရဲနွမ်းပါးသော ကျင့်ကြံသူသည် မတော်တဆမှုမရှိဘဲ ဒြပ်စင်ငါးမျိုးသလင်းကျောက်ကို ယူနိုင်ခဲ့သည်။ ဤအရာတွင် ထောင်ချောက်များထားရှိခြင်း မရှိသည်မှာ ထင်ရှားပါသည်။

မြေပြင်မှတူးဖော်ပြီးနောက် ကျောက်တုံးကြီးသည် တဖြည်းဖြည်း ကွဲအက်လာသည်။ ကွဲအက်သွားသော အခွံအပိုင်းအစများသည် မြေပြင်ပေါ်သို့ ပြိုကျပြီး အတွင်းပိုင်းရှိ ဖောက်ထွင်းမြင်ရသော ဒြပ်စင်ငါးမျိုးသလင်းကျောက်ဟာ တဖြည်းဖြည်း ထုတ်ဖော်ပြသလာသည်။

"အရမ်းလှတယ်…" ရွှီဇီယန် သူ့လက်ထဲက ဒြပ်စင်ငါးမျိုးသလင်းကျောက်ကို ကြည့်ကာ ဆိုလိုက်၏။ ဧကန်စင်စစ် ၎င်းသည် ဒြပ်စင်ငါးမျိုး၏ အဆုံးစွန်သော ရတနာငါးပါးကို အစားထိုးနိုင်သော စိတ်ဝိညာဉ်အရင်းအမြစ်ပင်ဖြစ်သည်။ ဤရိုးရှင်း‌သော ဒြပ်စင်ငါးမျိုးသလင်းကျောက်တွင် လျှို့ဝှက်ဆန်းကြယ်သောလမ်းကြောင်းတစ်လျှောက် မတူညီသောအရောင်အသွယ်သွယ်ငါးခုပါ၀င်သည်။

ထိုအရောင်ငါးမျိုးသည် ထူးထူးခြားခြား ကျက်သရေရှိပုံရပြီး လူအများက ၎င်း၏သဲလွန်စများကို ရှာဖွေရန် စူးစမ်းလိုကြသည်။ ခဏလောက်ကြည့်ပြီးနောက် ရွှီဇီယန်အနည်းငယ် ခေါင်းမူးသွား၏။ သူ့ခေါင်းက လေးလံလာသလို ခံစားလိုက်ရပြီး မကြာခင်မှာပဲ ရွှီဇီရုန်ရဲ့လက်မောင်းထဲသို့ လဲကျသွားတော့သည်။

တစ်စုံတစ်ယောက်က သူ့လက်မှဒြပ်စင်ငါးမျိုးသလင်းကျောက်ကို ဖယ်ထုတ်ပြီးနောက် ရွှီဇီယန်သည် အနည်းငယ် အားနည်းနေသေးသည်ဟု ခံစားရသည်။ နားထင်ပြင်းပြင်းထန်ထန် ပွတ်သပ်လိုက်၏။ သူတစ်ခုခုပြောချင်ပေမယ့် ဇီရုန်၏အသံကို ကြားလိုက်ရသည်။ "ကိုကို့ရဲ့ခြေထောက်တွေကို တင်ပျဉ်ခွေထိုင်ပြီး တရားထိုင်လိုက်၊ ကိုကို့ရဲ့ ခရမ်းရောင်မိုးကြိုးသွား၏ပြောင်းလဲခြင်းကိုးခုကိုပါ တစ်ခါတည်းလှုပ်ရှားလိုက်"

ရွှီဇီယန်လည်း တုံ့ဆိုင်းမနေဘဲ သူ၏ညွှန်ကြားချက်ကို ချက်ချင်းလိုက်နာသည်။ ကျင့်ကြံခြင်းအခြေအနေသို့ရောက်သည်နှင့်တစ်ပြိုင်နက် ရွှီဇီရုန်၏လက်ထဲရှိ ဒြပ်စင်ငါးမျိုးသလင်းကျောက်သည် ချက်ချင်းဆိုသလိုပင် အလင်းရောင်ဖျော့ဖျော့ထွက်လာကာ ရွှီဇီယန်၏ခန္ဓာကိုယ်တစ်ဝိုက်တွင် ဖြည်းညှင်းစွာ လှည့်ပတ်သွားသည်။

ရွှီဇီရုန် ဒါကိုမြင်တော့ ပြုံးလိုက်သည်။ သူသည် တင်ပျဉ်ခွေထိုင်လိုက်ပြီး ဒြပ်စင်ငါးမျိုးသလင်းကျောက်ကို ဒူးပေါ်တင်ကာ ကျင့်ကြံခြင်းအခြေအနေသို့ ဝင်ရောက်သွားသည်။

ဤကျင့်ကြံခြင်းဟာ သုံးရက်ကြာသွားသည်။ ဒီသုံးရက်အတွင်းမှာ သူတို့နှစ်ယောက်ဟာ ထူးဆန်းသည့်အခြေအနေမှာ နှစ်မြုပ်နေခဲ့သည်။ ဒြပ်စင်ငါးမျိုးသလင်းကျောက်မှထုတ်လွှတ်သော စိတ်ဝိညာဉ်စွမ်းအင်သည် အနည်းငယ်မျှ အလဟဿမဖြစ်ခဲ့ဘဲ ၎င်းကို ညီအစ်ကိုနှစ်ဦးဟာ စုပ်ယူထားခဲ့သည်။ သူတို့၏ကျင့်ကြံခြင်းအဆင့်နဲ့ပတ်သက်ပြီး ရှေ့ကိုခုန်တက်သွားခဲ့သည်။

ရွှီဇီယန် ခရမ်းရောင်မိုးကြိုးသွားကို မျိုချလိုက်ပြီးကတည်းက သူ့ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအင်များ တစ်ဆို့သွားခဲ့ရသည်။ သူစေခိုင်းသော နှစ်ကိုယ်တူကျင့်ကြံခြင်းနဲ့သာဆိုရင် ရွှီဇီရုန်သည် ဝိညာဉ်ကြောချဲ့ထွင်ခြင်းအဆင့်၏ အတားအဆီးကို ဖြတ်ကျော်နိုင်ခဲ့ပြီး ၎င်းဆီမှ အကျိုးကျေးဇူးရရှိလိမ့်မည်။ 

ခရမ်းရောင်မိုးကြိုးသွား၏ ကျန်ရှိနေသေးသော စိတ်ဝိညာဉ်စွမ်းအင်ကို စေ့စေ့စပ်စပ်သန့်စင်ပြီးနောက်၊ သူသည် ဝိညာဉ်ကြောချဲ့ထွင်ခြင်း၏ အလယ်အလတ်အဆင့်သို့ လုံးလုံးလျားလျား ရောက်ရှိသွားခဲ့ပြီး ယခုတစ်ကြိမ်တွင် ဒြပ်စင်ငါးမျိုးသလင်းကျောက်၏အမြင်ဖြင့် ၎င်း၏အရှိန်အဝါကို စုပ်ယူပြီးနောက် အလတ်အလတ်အဆင့်ကနေ ဝိညာဉ်ကြောချဲ့ထွင်ခြင်း၏ နှောင်းပိုင်းအဆင့်သို့ ဖြတ်ကျော်သွားသည်။ 

ရွှီဇီရုန်လည်း အမြတ်အစွန်းအချို့ရခဲ့ပေမယ့် သူအရင်ဘဝတုန်းက ဒြပ်စင်ငါးမျိုးသလင်းကျောက်ကို ခံစားဖူးပြီးသားပါ။ ဤတစ်ကြိမ်တွင် အကျိုးသက်ရောက်မှုသည် သူ့အတွက်စံနမူနာရှိပြီး ဝိညာဉ်ကြောချဲ့ထွင်ခြင်း၏ အလယ်အလတ်အဆင့်ကိုလည်း ဖြတ်ကျော်ခဲ့သည်။

သူ့မျက်လုံးများကို ပြန်ဖွင့်ပြီးနောက် မှောင်နေသောဂူထဲတွင် ရှိနေသေးသော်လည်း၊ ရွှီဇီယန်သည် တစ်ကမ္ဘာလုံးကို ကွဲပြားသည့်ထိုးထွင်းအသိဉာဏ် ရှိနေပုံရသည်။ 

"အဲ့ဒါ … ရွှေအမြုတေလား?" သူကတိုးတိုးပြောလိုက်၏။

"ကိုကိုရော ခံစားလို့ရပြီလား?" ရွှီဇီရုန်သည် ရွှီဇီယန်ထက် အရှိန်အဝါအနည်းငယ်သာ စုပ်ယူခဲ့ပြီး ပုံမှန်အတိုင်းစောစောနိုးလာသည်။

"အင်း" ရွှီဇီယန် ခေါင်းငုံ့ကာ ဘာမှမပြောဘဲ ထိုးထွင်းအသိဉာဏ်၏ အခိုက်အတန့်ကို မြဲမြံစွာ မှတ်ထားရန် ကြိုးစားနေသည်။

#TK