Chapter 101
Viewers 23k

Chapter 101


ဒါပေမယ့် လက်ရှိမှာတော့ သံသယဖြစ်စရာ အကြီးအကဲချီကိုသာ သူတို့တွေစုံစမ်းပြီး သက်သေအထောက်အထား ရသွားပါက ကျန်မိသားစုကအတွင်းလူကို ဖမ်းနိုင်ရုံသာမက မြို့ကိုတောကောင်တွေ ဝိုင်းရံမှာနဲ့ပတ်သက်ပြီးတော့လည်း သက်သေပြလို့ရပေသည်။


"ဒီအကြီးအကဲချီက အတွင်းလူပဲ" ရွှီဇီယန် မမျှော်လင့်ထားသည့်အရာကို ရှာတွေ့လိုက်တာကြောင့် အံ့ဩစွာပြောလိုက်သည်။ ဒါကအဆင့်သင့် ပြုလုပ်ထားသည့် သက်သေအထောက်အထားပင်ဖြစ်သည်။ သူတို့တွေ အကြီးအကဲချီကို ဖမ်းပြီး ကျန်ခေါင်းဆောင် ယုံကြည်လက်ခံလာနိုင်အောင် သူတို့တွေ နည်းလမ်းရှာရမည်။


ကျန်အိမ်တော်သို့ သူတို့တွေ ပြန်ရောက်ပြီးနောက် ရွှီဇီယန်က ကျန်ထျန်းရှင်အား လျှို့ဝှက်တွေ့ဆုံရန် ထွက်သွားပြီး တစ်ချိန်တည်း၌ ရွှီဇီရုန်က ကျန်ရင်း(က)၏လျှို့ဝှက်ခန်း အကျဉ်းထောင်ထဲသို့ ဝင်လာခဲ့သည်။


"မင်းဘာလာလုပ်တာလဲ?" ရွှီဇီရုန် ရောက်လာတာကို ကျန်ရင်းမြင်လိုက်တာကြောင့် သူမပျော်မရွှင်ဖြစ်သွားသည်။ ရွှီဇီယန်မပါလာတာကို သူမြင်လိုက်သည့်အချိန်၌ ရွှီဇီရုန်အား ပိုပြီးတော့ သူသတိထားနေသည်။


ရွှီဇီရုန် သူ့အား ခေါင်းအစခြေအဆုံးကြည့်လိုက်ပြီး သူ၏မျက်နှာအမူအရာက အနည်းငယ်နူးညံ့သွားကာ

"မင်းရဲ့ယန်ဓာတ်မရှိတော့ဘူး"

『K: papaပြီးရင် ယန်ဓာတ်ဆုံးရှုံးပါတယ်နော်』


ကျန်ရင်း၏မျက်နှာ ချက်ချင်း နီရဲသွားပြီး သူကစကားကို ကောင်းမွန်စွာတောင်မပြောနိုင်တော့ပေ။

"မင်း…ဘယ်လို…မင်း…"


ရွှီဇီရုန်စောင်းကြည့်နေသည့် မျက်လုံးတွေဟာ လင်းလက်သွားပြီး မနာလိုမှုတွေဖြစ်ပေါ်နေသည်။


"ဟေး မင်းဘာဖြစ်ချင်နေတာလဲ?" ကျန်ရင်းက အန္တရာယ်ရှိနိုင်တယ်လို့ ထင်တာကြောင့် မသိစိတ်က အလိုလို အနောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်သွားသည်။


"မင်းကြည့်ရတာ စိတ်ကောင်းဝင်နေပုံပဲ" ရွှီဇီရုန် ကျန်ရင်းအား အာရုံမထားဘဲ စားပွဲဆီသို့ ဖြည်းညင်းစွာလျှောက်လာပြီး ထိုင်လိုက်သည်။


ကျန်ရင်းမျက်နှာအမူအရာက အကြိမ်အနည်းငယ်လောက် ပြောင်းလဲနေသည်။ သူဒေါသထွက်လာသည့်အချိန်၌ ရုတ်တရက် လိမ်ပိန်သွားပြီး ပြန်လည် တည်ငြိမ်သွားပြန်သည်။


"မင်းမျက်နှာက ဘာဖြစ်နေတာလဲ?"

ရွှီဇီရုန် သူ့အား အနည်းငယ် မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ပြီး ထို့နောက် မိန်းမောတွေဝေနေသည့် အမူအရာဖြင့် သူ့ကိုယ်သူရေရွတ်လိုက်သည်။

"ခန္ဓာကိုယ်တစ်ခုထဲမှာ စိတ်ဝိညာဉ်နှစ်ခုနဲ့လား? နတ်ဆိုးခန္ဓာကိုယ်က တစ်ကိုယ်နှစ်စိတ်နဲ့ပေါ့ ဘယ်လိုတောင် စိတ်ဝင်စားစရာကောင်းတဲ့ မင်းရဲ့ပေါင်းစပ်မှုမျိုးလဲ?" 


နူးညံ့သည့်ကျန်ရင်း ပျောက်ကွယ်သွားမည့်အချိန်၌ သူက'နတ်ဆိုးခန္ဓာကိုယ်'ဆိုသည့် စကားလုံးကို ကြားလိုက်ပြီးနောက် သူကရွှီဇီရုန်အား ထိတ်လန့်စွာစိုက်ကြည့်လိုက်ပြီး "မင်းဘယ်လိုလုပ်ပြီးသိတာလဲ?"

သူကတစ်ကိုယ်နှစ်စိတ်မှန်းကို လူတွေသိသွားပါက သူ့အတွက် တချို့သောပြဿနာတွေသာ ယူဆောင်လာနိုင်ပေမယ့် အကယ်၍ တစ်ယောက်ယောက်သာ သူကနတ်ဆိုးခန္ဓာကိုယ်အား ပိုင်ဆိုင်ထားတယ်လို့ သိသွားပါက အဆင့်မြင့်မိစ္ဆာကျင့်ကြံသူတွေက သူ၏ခန္ဓာကိုယ်ကို ရယူဖို့အတွက် ပစ်မှတ်ဖြစ်လာလိမ့်မည်!


"အရေးမပါတဲ့အရာတွေ လုပ်မနေနဲ့" ရွှီဇီရုန် ရေခဲတမျှ အေးစက်စက်ကြည့်လိုက်ပြီး သူ၏လက်ချောင်းတွေဖြင့် စားပွဲအား အကြိမ်အနည်းငယ် တောက်နေသည်။


ကျန်ရင်း၏မျက်နှာအမူအရာက ပြောင်းလဲခြင်းမရှိပေမယ့် သူ၏အဝတ်အစားအောက်က သူ၏လက်ချောင်းတွေကို အနည်းငယ် လှုပ်ရှားလိုက်သည်။


"အား!" ကျန်ရင်းအော်လိုက်သည်။ သူ၏လက်ချောင်းထိပ်တွေက စပ်ဖျဉ်းဖျဉ်းဖြစ်သလို ခံစားလိုက်ရပြီး သူ၏လက်ချောင်းထိပ်က ထုံကျဉ်မှုဟာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးဆီသို့ ပြန့်နှံ့သွားသည်။


ကျန်ရင်းထိတ်လန့်သွားပြီး သူမထင်ထားတာကြောင့် တိတ်တဆိတ် ခန့်မှန်းကြည့်နေသည်။ သူကရွှီဇီရုန်အရှေ့မှာ အမြဲတမ်း သတိဝီရိယရှိပြီး သူ၏နတ်ဆိုးခန္ဓာကိုယ်နဲ့ ကျင့်ကြံထားသည့် မိစ္ဆာစွမ်းအားတွေဟာ အခြေခံကျင့်ကြံခြင်း အလယ်အလတ်အဆင့်ကို ရောက်ရှိထားသည့် သာမန်ကျင့်ကြံသူတွေထက် ပိုစွမ်းအားကြီးသည်။ ရွှီဇီရုန်က အခြေခံကျင့်ကြံခြင်း နှောင်းပိုင်းအဆင့်ကို ရောက်ရှိထားသူဖြစ်ပေမယ့် ရွှီဇီရုန်ကသူ့အား လွယ်ကူစွာဖိနှိပ်နိုင်လိုက်တာကြောင့် သူတို့တွေ၏ကွာခြားမှုကို ခန့်မှန်းလို့မရပေမယ့် ရွှီဇီရုန် ကျင့်ကြံသည့် ကျင့်စဉ်အမျိုးအစားက သူ၏'ရှီးဟွမ်ကျင့်စဉ်'ထက် အများကြီးပိုသာလိမ့်မည်။


ထိုပုံစံကိုမြင်လိုက်ပြီးနောက် ရွှီဇီရုန် သူ့အား အေးစက်စက်ပြုံးလိုက်ကာ "အရေးမပါတဲ့အရာတွေ လုပ်မနေနဲ့လို့ ငါမင်းကိုမပြောခဲ့ဘူးလား" 


နူးညံ့သည့်ကျန်ရင်း၏မျက်လုံးတွေက ကျောက်ရုပ်လိုဖြစ်သွားပြီး သူကရွှီဇီယန်အား သံသယဖြစ်စွာ ကြည့်နေသည်။ 


ရွှီဇီရုန်ဟာ အလျင်မလိုပဲ သူ၏အဝတ်အစားတွေ အနားတွန့်နေတာတွေကို ဖြည်းညင်းစွာ ပြန်သပ်ရပ်အောင် ပြုပြင်နေသည်။ အဝတ်အစားတွေ ပြန့်ပြူးသွားပြီးနောက် သူကတစ်ခုခုကိုတွေးတောလိုက်ကာ ထို့နောက် သူ၏အင်္ကျီလက်အနားတွေကို ဆုပ်ကိုင်လိုက်ပြီး တွန့်ကြေအောင်ပြန်လုပ်လိုက်တာကြောင့် ကျန်ရင်းမှင်တက်သွားသည်။


သူ့ပြဿနာကဘာလဲ? သူ့ရဲ့အဝတ်အစားတွေကို သပ်ရပ်အောင်လုပ်တယ် ပြီးရင် တွန့်ကြေအောင် လုပ်ပြန်တယ်? သူအရမ်းကို အချိန်တွေပိုနေတာလား?


ရွှီဇီရုန်၏ရည်ရွယ်ချက်ကို စဉ်းစားလို့မရသလို သူ၏ခန္ဓာကိုယ်တစ်ခုလုံးကလည်း ထုံနေတာကြောင့် ကျန်ရင်းဟာ ရွှီဇီရုန် အကျဉ်းထောင်ထဲသို့ လာရသည့် ရည်ရွယ်ချက်ကို လျင်မြန်စွာတွေးတောနေသည်။


နောက်ဆုံးတစ်ခေါက် သူရောက်လာတုန်းက သူအကိုနဲ့ဖြစ်ပြီး ကျန်မိသားစုရဲ့ သံသယသူရှိသူကို ရှာဖွေဖို့ ရည်ရွယ်ချက်ပင်ဖြစ်သည်။ ဒါပေမယ့် ဒီတစ်ခါမှာတော့ သူကတစ်ယောက်တည်းသာ ရောက်လာပြီး သူကချက်ချင်း စွမ်းအားကြီးသည့် အတတ်ပညာကိုအသုံးပြုလိုက်သည်။ ဒီတော့ သူ့ရဲ့တကယ့်ရည်ရွယ်ချက်အစစ်က ဘာလဲ?


"မင်းသိချင်လား?" ရွှီဇီရုန်၏နှုတ်ခမ်းထောင့် အပေါ်သို့ကော့တက်သွားသည်။


ကျန်ရင်း အလွန်ကို မပျော်မရွှင်ဖြစ်နေပြီး 

"ပြောမယ်ဆိုရင်လည်း ဒဲ့တိုးသာပြောလိုက် ငါမင်းကိုမနိုင်ဘူးဆိုတာ ငါသိတယ် ဒါပေမယ့် မင်းသာငါ့ကိုသတ်ချင်နေရင် မင်းငါ့ကိုသတ်ပြီးတာ ကြာလှပြီ မင်းငါ့ဆီကနေ ဘာလိုချင်နေတာလဲဆိုတာ ငါ့ကိုသာတိုက်ရိုက်ပြောလိုက်စမ်းပါ" 


ရွှီဇီရုန်ခေါင်းညိတ်လိုက်ကာ "ငါကဉာဏ်ကောင်းတဲ့လူတွေကို သဘောကျတယ် မင်းကျင့်ကြံနေတာ ရှီးဟွမ်ကျင့်စဉ် ဟုတ်တယ်မလား?" ရွှီဇီရုန်ကလည်းဒဲ့တိုးသာပြောလိုက်သည်။


ကျန်ရင်းအေးစက်စက် ပြုံးကာ "မင်းသိနေတာ ဘယ်လောက်ကြာပြီလဲ?"


"သိပ်မကြာသေးပါဘူး" ရွှီဇီရုန်က ဂရုမစိုက်ဟန် ပြောလိုက်ပြီး "မင်းကျင့်ကြံနေတဲ့ ရှီးဟွမ်ကျင့်စဉ်က မပြည့်စုံဘူးဆိုတာ မင်းသိရဲ့လား?"


"ငါသိတယ် ဒါပေမယ့် အဲ့ဒါကငါရှာတွေ့ထားတဲ့ ပြီးပြည့်စုံဆုံးနဲ့ အဆင့်မြင့်ဆုံး မိစ္ဆာအတတ်ပညာပဲ" သူ့မှာကန့်သတ်ချက်တွေရှိနေပြီး ဒီလိုအဆင့်မြင့်သည့်ကျင့်စဉ်ကို ရှာတွေ့တာကပင် ကျန်ရင်းကျေးဇူးတင်ရဦးမည်ဖြစ်တာကြောင့် ထိုကျင့်စဉ်က ပြည့်စုံသည်ဖြစ်စေ မပြည့်စုံသည်ဖြစ်စေ သူကဘာလို့ဂရုစိုက်နေရဦးမှာလဲ?


နတ်ဆိုးခန္ဓာကိုယ်နဲ့လူက တရားမျှတသည့်လမ်းစဉ်အတိုင်း ကျင့်ကြံလို့မရဘူး။ ဒါပေမယ့် ကျန်ရင်းသာ အဆင့်နိမ့်ကျင့်စဉ်တွေကို ကျင့်ကြံလိုက်ပါက ကျန်မိသားစုကနေ ထွက်သွားဖို့ သူ့ဆီမှာစွမ်းအား အလုံအလောက်ရှိမည်မဟုတ်ပေ။ 


အဆင့်မြင့်မိစ္ဆာကျင့်ကြံခြင်းတွေက ခန္ဓာကိုယ်ကို ပြင်းထန်သည့်ထိခိုက်မှုတွေ ဖြစ်စေတာကြောင့် နတ်ဆိုးခန္ဓာကိုယ်အား ပိုင်ဆိုင်ချင်ကြသည်။ တခါတရံကျရင် မိစ္ဆာကျင့်ကြံခြင်းတွေက ခန္ဓာကိုယ်ကို အန္တရာယ်ရှိသည်အထိ ထိခိုက်နာကျင်စေနိုင်ပြီး နတ်ဆိုးခန္ဓာကိုယ်ရှိထားသည့် လူတွေကတော့ အဲ့ဒီထိခိုက်မှုတွေကို ခံနိုင်ရည်ရှိကြသည်။ 


ခန္ဓာကိုယ်အားရယူမယ်ဆိုသည့် ဓားသွားဟာ ကျန်ရင်း၏ခေါင်းထက်၌ ချိန်လို့နေသည်။ အဆင့်မြင့်မိစ္ဆာကျင့်ကြံသူ တစ်ယောက်ယောက်ကသာ သူ၏နတ်ဆိုးခန္ဓာကိုယ်အကြောင်းကို သိရှိသွားပါက သူ့အတွက်တော့ သေစေနိုင်လောက်အောင် ဆိုးဝါးသွားလိမ့်မည်။


မှတ်တမ်းအရဆိုရင်တော့ နတ်ဆိုးခန္ဓာကိုယ်ကို ပိုင်ဆိုင်သွားသည့် မိစ္ဆာကျင့်ကြံသူတွေဟာ အချိန်အကြာကြီး သူတို့နေချင်သလောက် ထိုခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ထားလို့ရသလို၊ သူတို့တွေက အဆင့်မြင့်ကျင့်ကြံဖို့အတွက် ရှားပါးသည့် အခွင့်အရေးတွေကိုလည်း ရရှိကြပြီး တချို့သောလျှို့ဝှက်နေရာ၌ ဖုံးကွယ်နေလို့ရသည်။ ကိုယ့်ကိုယ်ကို ခုခံကာကွယ်နိုင်သည့် အနေအထားသို့ ပြန်လည်ရောက်ရှိသည့်အချိန်မှသာ သူတို့တွေကပေါ်လာကြသည်။


ကျန်ရင်းမှာ ဒုတိယအစီအစဉ်ရှိတာကြောင့် သူကရှီးဟွမ်ကျင့်စဉ်ကို အကောင်းဆုံး ကြိုးစားပြီး ကျင့်ကြံနေခြင်းဖြစ်သည်။


ထိုစာအုပ်၏လမ်းညွှန်ချက်အရ ရှီးဟွမ်ကျင့်စဉ်ဟာ ရန်သူ၏စိတ်ဝိညာဉ်ကို ထင်ယောင်ထင်မှားဖြစ်အောင် တိုက်ခိုက်တဲ့အမျိုးအစားပင်ဖြစ်သည်။ ထိုအဆင့်မြင့်သည့်ကျင့်စဉ်ကို လေ့ကျင့်ပြီးတာနဲ့ လူပုဂ္ဂိုလ်တစ်ယောက်ကို အကြည့်တစ်ချက်နဲ့တင် သတ်ပစ်လို့ရသည်။ ဒါပေမယ့် ကျန်ရင်းရရှိထားသည့် စာအုပ်ကမပြည့်စုံသေးတာကြောင့် သူကရွှေအမြုတေအဆင့်ထိကိုသာ ကျင့်ကြံနိုင်လိမ့်မည်။ ဒါပေမယ့် ထိုအဆင့်လောက်ကလည်း ကျန်မိသားစုကနေ လွတ်မြောက်ဖို့အတွက် သူ့အတွက်စွမ်းအားလုံလောက်တာကြောင့် ပြီးမှနောက်ထပ် စာအုပ်၏ကျန်တစ်ဝက်ကို ရှာရမည်။


"မင်းကစာအုပ်ရဲ့ဒုတိယတစ်ဝက်ကို ဆုံးရှုံးချင်လို့လား?" ရွှီဇီရုန် ပေါ့ပါးစွာပြောလိုက်ပြီး ကျန်ရင်းအား စိတ်ရှုပ်အောင် လုပ်လိုက်သည်။


သူရုတ်တရက် မတ်တပ်ရပ်လိုက်ချင်ပေမယ့် သူ၏ခန္ဓာကိုယ်ကို ထိန်းချုပ်လို့မရသေးတာကြောင့်

"မင်းမှာနောက်ထပ်တစ်ဝက်ရှိတာလား?"


"ဆိုပါတော့ ငါ့ဆီမှာဒုတိယအပိုင်းရှိရုံတင်မကဘူး ငါကအဲ့ဒါရဲ့လျှို့ဝှက်ချက်ကိုလည်းသိထားတယ်"


ကျန်ရင်း၏အမူအရာက အနည်းငယ်လှုပ်ရှားသွားပြီး ခဏလောက်တွေးတောပြီးနောက် သူကဖြည်းညင်းစွာပြောလိုက်သည်။

"မင်းဘာလိုချင်တာလဲ ငါ့ကိုပြော"


ရွှီဇီရုန်ပေါ့ပါးစွာပြုံးလိုက်ပြီး "ငါမင်းကိုလိုချင်တယ်!"


"မင်းကငါ့ကိုလိုချင်တယ်?" ကျန်ရင်းမှင်တက်သွားပြီး သူ့မျက်နှာတစ်ခုလုံး ဖြူစုတ်သွားကာ 

"မင်း…မင်း…"


ရွှီဇီရုန်၏မျက်ခုံးတွေ ပင့်တက်သွားပြီး အထင်သေးစွာ လှောင်ပြုံးပြုံးလိုက်ရင်း

"မင်းဘာတွေလျှောက်တွေးနေတာလဲ? ငါကမင်းရဲ့ခန္ဓာကိုယ်ကို စိတ်ဝင်စားတယ်လို့များ မင်းထင်နေတာလား? မင်းကိုမင်း မှန်ထဲမှာလည်းပြန်ကြည့်လိုက်ဦး၊ ငါ့အကိုရဲ့လက်တစ်ချောင်းလောက်တောင် မင်းကတန်လို့လား?" 


ကျန်ရင်းနောက်တစ်ကြိမ် ထပ်ပြီးမှင်တက်သွားကာ သူအထင်လွဲသွားမှန်း သဘောပေါက်လိုက်သည်။ သူ့မျက်နှာကချက်ချင်းနီရဲသွားပြီး ရွှီဇီရုန်၏ထေ့ငေါ့သည့် စကားလုံးတွေကို ကြားလိုက်တာကြောင့် သူအနည်းငယ် ဒေါသထွက်သွားသည်။ ထို့နောက် ရွှီဇီရုန်ပြောလိုက်သည့် စကား၏အဓိပ္ပါယ်ကို သူနောက်ဆုံးတော့ သဘောပေါက်လိုက်တာကြောင့် သူအနည်းငယ်ထိတ်လန့်သွားသည်။


ကျန်ရင်းမျက်နှာအမူအရာက အကြိမ်အနည်းငယ်လောက် ပြောင်းလဲနေပြီး နောက်ဆုံးတော့ အသိဉာဏ်ကင်းမဲ့သည့် အပြုံးအဖြစ်သို့ ပြောင်းလဲသွားကာ

"ဟားဟားဟား…မင်းကအထက်စီးဆန်တယ်ဆိုပေမယ့် မင်းရဲ့အထက်စီးဆန်ပုံက ဘယ်လိုမျိုးကြီးလဲဟ ပြီးတော့…မင်းကမင်းရဲ့အကို,ကိုချစ်နေတာဆိုတော့ အဲ့ဒါကအတော်လေး စိတ်ဝင်စားစရာကောင်းတာပဲ"


ကျန်ရင်း၏မျက်နှာက အကြိမ်အနည်းငယ်လောက် ရှုံ့မဲ့သွားပြီး နူးညံ့သည့်ကျန်ရင်းအဖြစ်သို့ ပြန်ပြောင်းသွားသည်။ သူကနတ်ဆိုးကျန်ရင်းလို သက်သာမှုရှိမနေပဲ ထိုအစား သူကခနဲ့သည့်အပြုံးမျိုးပြုံးလိုက်သည်။

"မင်းကငါ့ကို ဒီလိုအကြောင်းအရာမျိုး ပြောပြတယ်ဆိုတော့ မင်းရဲ့တောင်းဆိုချက်ကိုသာ ငါလက်မခံရင် ငါသေမှာလား?" 


ရွှီဇီရုန်ကပြုံးလိုက်ကာ ရွှင်မြူးနေသည့်အသံဖြင့်

"မှန်းကြည့်လေ"


နူးညံ့သည့်ကျင်ရင်းဟာ အကူအညီမဲ့စွာ သူ့စိတ်ထဲ၌ ကျိန်ဆဲနေတော့သည်။

'ငါကဘာကိုခန့်မှန်းနေရဦးမှာလဲ? မင်းကငါ့ကို သိသိသာသာကြီး ခြိမ်းခြောက်နေမှတော့ ငါ့ကိုမင်းရဲ့ထောင်ချောက်ထဲ ကျသွားစေချင်တယ်လို့ပဲ ငါခန့်မှန်းမိတယ်!'


ရွှီဇီရုန်က ကောင်းမွန်တဲ့နည်းလမ်းတွေ ရရှိထားတာကြောင့် တစ်ချိန်ထဲ ဘယ်လိုခြိမ်းခြောက်ပြီး မက်လုံးပေးရမလဲဆိုတာ သူသိသည်။


နူးညံ့သည့်ကျန်ရင်း၏မျက်နှာဟာ ဘာခံစားချက်မှရှိမနေတာကြောင့် သူ၏ကိုယ်ပိုင် အရှုံး၊အမြတ်အတွက် ချင့်ချိန်နေတယ်လို့ယူဆရသည်။ ရွှီဇီရုန်ကလည်း သူ့ကိုမတိုက်တွန်းချင်တာကြောင့် သူ၏လက်ချောင်းဖြင့် စားပွဲအား ညင်သာစွာ တောက်နေသည်။


တောက်!


တောက်!


စားပွဲခုံကို တောက်နေသည့်အသံက ကြည်လင်ပြတ်သားပြီး ပုံမှန်သာဖြစ်နေပေမယ့် ထိုအသံကို ကျန်ရင်းကြားနေရပြီးနောက် စိတ်မချမ်းမြေ့သလိုဖြစ်လာသည်။ သူနှလုံးခုန်နှုန်းတွေ မြန်ဆန်လာပြီး ရွှီဇီရုန်အား သူတိုက်ခိုက်ချင်လာသည်။


ဘမ်း!


သူတိုက်ခိုက်ရန် တွေးတောရုံပဲရှိသေးသည့် အချိန်၌ ရွှီဇီရုန်ဟာ ရုတ်တရက် သူ၏လက်ဖဝါးဖြင့် စားပွဲခုံကို ရိုက်လိုက်သည်။


ကျန်ရင်းသူ့ရင်ထဲ၌ ရုတ်တရက် စူးရှသလိုခံစားလာရပြီး သူ၏စိတ်ဝိညာဉ်စွမ်းအင်တွေ ရုတ်တရက် ထိန်းချုပ်လို့မရတော့ပဲ ပေါ်ထွက်လာကာ သူ၏ပါးစပ်ထဲကနေ မဲနက်နေသည့်အနီရောင်သွေးတွေ အန်ထွက်လာသည်။


အခန်းဟာကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်သွားပြီး နေရာတစ်ခုလုံးဟာ သွေးညှိနံ့တွေဖြင့် ပြည့်နက်နေတော့သည်။


ကျန်ရင်းတစ်ခဏလောက် တိတ်ဆိတ်နေပြီး တည်ငြိမ်သွားပြီးနောက် သူ၏ခေါင်းကိုမော့လာကာ သူ၏နှုတ်ခမ်းထောင့်က သွေးတွေကို သုတ်လိုက်သည်။ သူကရွှီဇီရုန်အား ခက်ခဲရှုပ်ထွေးစွာ ကြည့်လိုက်၏။ သူထိုသွေးတွေကို အန်ထုတ်လိုက်သည့်အချိန်၌ သူ၏ခန္ဓာကိုယ် ထုံကျဉ်နေတာ ပျောက်သွားပြီး သူဟာအတော်လေး နားမလည်နိုင်အောင် ရှုပ်ထွေးနေသည်။


"စဉ်းစားဖို့အတွက် ငါမင်းကိုအချိန်အလုံအလောက် ပေးနိုင်ပါတယ် မင်းရဲ့ညီမလက်မထပ်ခင်အချိန်အတွင်း ငါ့ကိုအကြောင်းပြန်ပါ" ရွှီဇီရုန်မတ်တပ်ရပ်ကာ သူ၏ကိုယ်ပေါ်ကာ ဖုန်တွေကိုခါလိုက်ပြီး

"ကျန်တစ်ဝက်ရဲ့လျှို့ဝှက်ချက်ကို ငါမင်းကိုအစကတည်းက ပြောလိုက်သားပဲ မင်းကျန်တစ်ဝက်ကို လိုချင်လား၊ မလိုချင်လားဆိုတာ မင်းအပေါ်မှာပဲ မူတည်တယ်" ထို့နောက် သူ၏နှုတ်ခမ်းထောင့်ဟာ ကော့တက်သွားပေမယ့် သူ၏မျက်လုံးတွေထဲမှာတော့ အပြုံးရိပ်တွေရှိမနေဘူး "ဒါကမင်းနဲ့ငါ့ကြားက အပေးအယူဆိုတာ မှတ်ထားပါ အကယ်၍ မင်းတစုံတယောက်ကိုသာ သွားပြောကြည့်…"


သူကဖြစ်လာမည့် အကျိုးဆက်ကိုတော့ မပြောလိုက်ပေမယ့် ရွှီဇီရုန်ဆီမှာ လက်တုံ့ပြန်ဖို့ စွမ်းရည်ရှိတယ်ဆိုတာ နှစ်ယောက်စလုံးသဘောပေါက်ကြသည်။


သွယ်လျသည့်ပုံရိပ်က ဝင်ပေါက်နေ ပျောက်ကွယ်သွားပြီးနောက် ကျန်ရင်း သည်းမခံနိုင်တော့ပဲ တချို့သောသွေးတွေကို ထပ်ပြီးအန်ထုတ်လိုက်သည်။ သွေးရောင်က နောက်ဆုံးတစ်ခေါက်ထက် ပိုပြီးကြည်လင်လာတယ်ဆိုပေမယ့် အနည်းငယ်တော့ မဲနက်နေသေးသည်။


"ဘာဖြစ်သွားတာလဲ?" နတ်ဆိုးကျန်ရင်းက စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။ သူတို့နှစ်ယောက်ဟာ ခန္ဓာကိုယ်တစ်ခုတည်းကို မျှသုံးတာကြောင့် တစ်ယောက်က အခြားတစ်ယောက်၏ခံစားချက်ကို ခံစားမိကာ "သူလုပ်လိုက်တာလား?"


"မဟုတ်ဘူး" နူးညံသည့်ကျန်ရင်း၏မျက်နှာက အနည်းငယ် ဖြူရော်နေကာ "ငါထင်တာကတော့ ငါတို့တွေရှာတွေ့ခဲ့တဲ့ ရှီးဟွမ်ကျင့်စဉ်က အနည်းငယ်အခက်အခဲရှိနေတာဖြစ်မယ်"


"ပြဿနာရှိတယ်? ဒါဆိုအဲ့ပြဿနာကဘာလဲ? ငါတို့တွေ အဲ့စာအုပ်ရဖို့ အရမ်းအားထုတ်ခဲ့ရတာကို" နတ်ဆိုးကျန်ရင်းက ပြောလိုက်သည်။


နူးညံ့သည့်ကျန်ရင်းက ခေါင်းညိတ်လိုက်ကာ

"နည်းလမ်းတွေက အရမ်းကိုချောမွေ့နေတယ်လို့ မင်းမတွေးမိဘူးလား?"


"အရမ်းချောမွေ့နေတယ်?" နတ်ဆိုးကျန်ရင်း၏မျက်လုံးတွေ တင်းကျပ်သွားပြီး နှစ်ယောက်သား တစ်ချိန်တည်းမှာပင် ထိုအဖြစ်အပျက်ကို ပြန်လည်တွေးတောလိုက်သည်။


ထိုအချိန်တုန်းက ကျန်ရင်းဟာ အသက်၁၁အရွယ်သာရှိသေးပြီး နတ်ဆိုးခန္ဓာကိုယ်ဖြစ်တာကြောင့် သူကကျန်မိသားစု၏ သာမန်ကျင့်စဉ်တွေ ကျင့်ကြံလို့မရပေ။ ထို့နောက် သူတို့တွေက ရတနာတစ်ခု၏မြေပုံကို ရှာတွေ့သွားပြီး ထိုရတနာက ဝူတျီမြို့နဲ့ သိပ်မဝေးလှဘူး။


ရတနာမြေပုံ၏ညွှန်ကြားချက်အရဆိုရင် ကျန်ရင်းက အတော်လေးငယ်သေးပြီး စိတ်ဝိညာဉ်စွမ်းအင်လည်းမရှိတာကြောင့် ကြိုးစားပြီးအားစိုက်ခဲ့ရကာ နောက်ဆုံးမှာ မိစ္ဆာကျင့်ကြံသူ၏လျှို့ဝှက်စာအုပ်ကို ရရှိသွားပြီး ထိုစာအုပ်ကလက်ရှိမှာ သူတို့တွေကျင့်ကြံနေသည့် ရှီးဟွမ်ကျင့်စဉ်ပင်ဖြစ်သည်။


#TK