Chapter 50
Viewers 11k

Volume 2 : နှစ်ယောက်တွဲဖြတ်ကျော်ခြင်း


Chapter 50 (3 of Spades – ငွေကြေးအကျပ်အတည်း ၁၀၊ မမျှော်လင့်ထားသောအပြောင်းအလဲများ)

ထိုညနေခင်းတွင်…

ယွီဟန်ကျန်းသည် နေ့ခင်းဘက်တွင် ဆောက်လုပ်ရေးဆိုက်မှ ငှားယူထားသော အမိုးမဲ့ထရပ်ကားကိုစီးပြီး ပစ္စည်းများစွာသယ်လာခဲ့သည်။

စိန်ခေါ်သူများ၏ လှုပ်ရှားမှုများကို အာရုံစိုက်နေသော လူနှစ်ယောက်က သူ့ကို ချက်ချင်း တွေ့ရှိခဲ့သည်။

ယွီဟန်ကျန်းနှင့် ရှောက်လုံတို့က ပစ္စည်းများကို ရွှေ့နေစဉ် အချင်းချင်း တီးတိုးပြောကြသည်။
"ဒီမှာ စားဖို့ မလုံလောက်ဘူး… နို့တစ်ဘူး၊ ဘီစကွတ်ငါးဘူး၊ ချောကလက်တစ်ဘူးနဲ့ အသီးစည်သွပ်ဘူးတစ်ဘူးကို ကိုယ်သွားယူခဲ့တယ်"

လူငယ်သည် ပြတင်းပေါက်မှ မြင်ကွင်းကို မြင်လိုက်ရသဖြင့် စိတ်လှုပ်ရှားသွားသည်။ 
"အစ်ကိုရွှီ… သူက တကယ်ပစ္စည်းသွားယူတာပဲ… နောက်ပြီး အသီးစည်သွပ်ဘူးရှိတယ်… ဒါက ဇိမ်ခံအစားအစာတစ်ခုပဲ… ဒီနေ့ည 207 ရဲ့ ပစ္စည်းအားလုံးကို ကျွန်တော်တို့ယူပြီး နေရာတွေပြောင်းကြမယ်… ဘယ်လိုလဲ"

လူလတ်ပိုင်းအရွယ် အမျိုးသားက ခေါင်းငြိမ့်လိုက်သည်။
"ကောင်းပြီ… ညအထိစောင့်ဦး"

***

ညဘက်တွင် လမ်းများအားလုံးသည် ထူးထူးခြားခြား တိတ်ဆိတ်နေပြီး ရှန်းရွှိန်တည်းခိုခန်းရှိ အခန်းများအားလုံး မီးများပိတ်သွားခဲ့သည်။

လူတွေ အိပ်ပျော်သွားကြ၏။

ယွီဟန်ကျန်းနှင့် ရှောက်လုံတို့သည် အမှောင်ထဲတွင် ပုန်းနေပြီး သူခိုးလာမည့် တံခါးဆီသို့ စိတ်ရှည်စွာ စောင့်နေကြသည်။

မနက် 2 နာရီ…

2 နာရီခွဲ…

အချိန်များက နှေးကွေးစွာကုန်လွန်သွားပေမဲ့ ရှောက်လုံနှင့် ယွီဟန်ကျန်းတို့က အိပ်မပျော်ဘူး။ သူတို့နှစ်ယောက်လုံးသည် ကုတင်ဘေးမှာထိုင်ပြီး သူခိုး၏အသံကို သတိနဲ့စောင့်နေကြသည်။ သူတို့နှစ်ဦးသည် သူတို့၏ဖုန်းကို အသံပိတ်ကာ မက်ဆေခ်ျများ ပေးပို့ခြင်းဖြင့် ဆက်သွယ်ခဲ့ကြသည်။

ရှောင်လုံက တွေးဆခဲ့သည်။
"သူတို့ ဒီကို မလာသေးဘူးလား… ဒီသူခိုးက အရမ်းသတိကြီးတာပဲ"

"စောင့်ကြတာပေါ့"

"အဖွဲ့ခေါင်းဆောင်ယွီ… ခင်ဗျား အသီးစည်သွတ်ဘူးတွေ အများကြီးကိုရွှေ့ဖို့ ဂိုဒေါင်ကို တကယ်သွားခဲ့တာလား… ကျွန်တော် အဲဒါကို မတုန်းက သေတ္တာတွေက အရမ်းလေးနေတာကို တွေ့လိုက်ရတယ်"

ယွီဟန်ကျန်းက ပြန်ဖြေသည်။
"သေတ္တာထဲမှာ အသီးစည်သွတ်ဘူးတွေ မရှိဘူး"

ရှောက်လုံက သူ့ကို အံ့သြတကြီး ကြည့်နေသည်။

လမ်းမီးတိုင်များ၏ အလင်းရောင်အောက်တွင် ယွီဟန်ကျန်း၏ ချောမောသော မျက်နှာကို မြင်တွေ့နိုင်သည်။ သူက ရှောက်လုံကို အနည်းငယ် ပြုံးပြကာ စိုက်ကြည့်နေစဉ် ဤလူ၏ မျက်လုံးများက အထူးသဖြင့် နက်ရှိုင်းသည်။ 
"အဲဒါတွေက ဆောက်လုပ်ရေးဆိုက်က အုတ်ခဲတွေ"

ရှောက်လုံ: "…"

အဲဒါတွေကို မလိုက်တုန်းက ဘာကြောင့် ဒီလောက်လေးလံနေရတာလဲဆိုတာ အံ့ဩစရာမရှိဘူး…

အဖွဲ့ခေါင်းဆောင်ယွီသည် သူခိုးကိုမြားခေါ်ဖို့ အုတ်ခဲပါသောသေတ္တာအနည်းငယ်ကိုရွှေ့ရန် ဆောက်လုပ်ရေးဆိုက်သို့ အမှန်တကယ်သွားခဲ့သည်။ ဒါက တကယ်ကို အံ့သြစရာကောင်းပါသည်။

မနက်သုံးနာရီတွင် ရှောက်လုံက အလွန်အိပ်ငိုက်နေသည်။

ထိုအချိန်တွင် လူနှစ်ယောက်က ရုတ်တရက် တံခါးဖွင့်သံကြားလိုက်ရသည်။

ရှောက်လုံသည် ချက်ချင်းသတိရှိလာပြီး တစ်ချိန်တည်းတွင် ယွီဟန်ကျန်းနှင့်အတူ ကိုယ်ပျောက်ဝတ်ရုံကို အသုံးပြုခဲ့သည်။

တံခါးက ရှင်းရှင်းလင်းလင်းပွင့်သွားပေမဲ့ တစ်ဖက်လူကို မမြင်ရဘူး။ လေပြင်းတိုက်လို့ တံခါးပွင့်သွားသလိုပါပဲ။

သူခိုးနှစ်ယောက်က အိပ်ရာနားရောက်လာတော့ အခန်းထဲမှာ ဘယ်သူမှမတွေ့ချေ။

လူငယ်က မေးလေသည်။
"လူတွေကော… သူတို့တွေ အခန်းထဲဝင်သွားတာကို ကျွန်တော် ရှင်းရှင်းလင်းလင်း မြင်လိုက်ပါတယ်"

ကျန်တစ်ဦးမှာ အနည်းငယ် ဩရှရှအေးစက်သောအသံနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်သည်။ 
"သူတို့က ပြတင်းပေါက်ကနေ ထွက်သွားတာ ဖြစ်နိုင်တယ်… ဒါက အသက်တွေကို ကယ်တင်ရမဲ့ကိစ္စဖြစ်ပြီး ပစ္စည်းတွေရှာဖွေဖို့ အရေးကြီးတယ်"

ရှောက်လုံနှင့် ယွီဟန်ကျန်းတို့သည် သူတို့၏ စကားပြောသံကို ကြားနိုင်သော်လည်း သူတို့ဘယ်ရောက်နေသည်ကို မမြင်နိုင်ပေ။ ကိုယ်ပျောက်ဝတ်ရုံကို ဝတ်ထားသော လူနှစ်ယောက်သည် ကုတင်ပေါ်သို့ တိုက်ရိုက်မလိုက်သည်။ ရှောက်လုံ၏အမြင်တွင် မမြင်နိုင်သောလက်ဖြင့် ကုတင်ကို မလိုက်သလိုပင်။ ဒါက စိတ်ကူးယဉ်ဆန်သော မြင်ကွင်းတစ်ခုဖြစ်သည်။

ကုတင်အောက်ရှိ ကတ်ထူသေတ္တာများစွာကို ပေါ်လွင်စေပြီး လူငယ်က စိတ်လှုပ်ရှားနေသည်။ 
"အများကြီးပဲ… အစ်ကိုရွှီ ဒါက ခင်ဗျားထင်သလိုပဲ… သူတို့သုံးယောက်က သူတို့ရဲ့ စားစရာတွေကို အခြားနေရာမှာ သိမ်းထားကြတယ်… အရမ်းကောင်းတယ်… ဒီနေ့ရဲ့ သိမ်းဆည်းရရှိမှုက တကယ်များတယ်"

သူသည် ကိုင်းကာ အထူးလေးလံသော သေတ္တာကို ကောက်ကိုင်လိုက်ရာ သူ လန့်သွားသည်။

ထိုလူက အံကြိတ်ပြီး မေးလိုက်သည်။
"ဒါက စည်သွတ်ဘူးအသီးတွေရဲ့ သေတ္တာလား"

တစ်ဖက်လူက တစ်ခုခုမှားနေတာကို သတိထားမိပုံပေါ်ပြီး တိုးတိုးပြောလိုက်သည်။ 
"သေတ္တာထဲကို ကြည့်လိုက်"

ပိတ်ထားသော အကြည်ရောင်တိပ်ကို ခွာလိုက်ပြီး လူနှစ်ယောက် မြင်လိုက်ရတာကတော့…

သပ်ရပ်သော အုတ်ခဲတွေပါပဲ…

၎င်းတို့က အသစ်စက်စက် အနီရောင်အုတ်များဖြစ်သည်။

လူနှစ်ယောက်၏မျက်နှာများက အစိမ်းရောင်ဖြစ်သွားပြီး သူတို့က လှည့်ကာ ထွက်ပြေးကြသည်။ နောက်အခိုက်အတန့်မှာတော့ တံခါးကပိတ်သွားပြီး သော့ခတ်လိုက်ကာ အေးစက်သောအသြံ လေထဲတွင် ပြည့်နေသည်။
"ငါ စောင့်နေတာ ကြာပြီ"

နောက်ထပ် နူးညံ့သိမ်မွေ့သောအသံတစ်ခု ရှိခဲ့သည်။
"ငါတို့ကလည်း 3 of Hearts ကို ပြီးပြည့်စုံစွာ ရှင်းလင်းထားတာကြောင့် ကိုယ်ပျောက်ဝတ်ရုံရှိပြီး မင်းတို့ရဲ့ပြစ်မှုကျူးလွန်တဲ့ နည်းလမ်းကို ခန့်မှန်းမိခဲ့တာ" ရှောက်လုံက ပြုံးကာ လေးနက်စွာ ပြောခဲ့သည်။ "မင်းတို့တွေ စိန်ခေါ်သူ ဘယ်နှစ်ယောက်ဆီက ခိုးယူခဲ့ပြီးပြီလဲ… ဖြစ်စဉ်ကို ရှင်းလင်းဖို့ အခြားသူတွေကို ငတ်သေစေတဲ့ မင်းတို့ရဲ့နည်းလမ်းက တကယ်ကို လွန်လွန်းတယ်"

လူနှစ်ယောက်သည် အစပိုင်းတွင် စက္ကန့်အနည်းငယ်မျှ ထိတ်လန့်တုန်လှုပ်သွားကြသည်။

လူလတ်ပိုင်းအရွယ် အမျိုးသားက ပေါ့ပါးစွာ ပြောခဲ့သည်။
"မင်းတို့ကလည်း 3 of Hearts နဲ့ ရင်းနှီးတာကြောင့် အဲဒါက အကောင်းဆုံး အသုံးချဖို့ အမှန်တရားကို သိသင့်တယ်… ကိုယ်ပျောက်ဝတ်ရုံနဲ့ သော့ကတ်တွေက ဒီကမ္ဘာမှာ အသုံးပြုရ အရမ်းလွယ်ကူတယ်… အားလုံးပူးပေါင်းဆောင်ရွက်တာက ပိုကောင်းတာမို့ ငါတို့လေးယောက်က ဖြစ်စဉ်ကိုရှင်းလို့ရတယ်… 3 of Spades ကနေ ထွက်သွားတဲ့အခါ မင်းတို့နှစ်ယောက်လက်ထဲမှာ ရွှေဒင်္ဂါး 10 သန်းထက် မနည်းရှိစေရမယ်လို့ ငါကတိပေးတယ်"

သူ၏အသံအရ ထိုလူသည် အသက် 40 ဝန်းကျင်ရှိနိုင်ပြီး အလွန်တည်ငြိမ်သည်။

ရှောက်လုံ၏အသံက အေးစက်သွားသည်။
"အခြားစိန်ခေါ်သူတွေကိုသတ်ပြီး ဖြစ်စဉ်ကိုရှင်းလင်းတာလား… မင်းတို့မှာ လူသားဆန်မှုကော ရှိသေးရဲ့လား"

လူငယ်က အော်ဟစ်လိုက်သည်။
"ဒီကမ္ဘာမှာ ခင်ဗျားက ဘယ်လိုလူသားဆန်မှုအကြောင်း ပြောချင်နေတာလဲ… ကျုပ်မသေချင်ဘူး… ဒီတော့ ကျုပ်လိမ်စားတယ်… အခြားလူတွေက ကျုပ်နဲ့ဘာဆိုင်လို့လဲ… အဓိပ္ပါယ်မရှိတာတွေလာမပြောနဲ့… ခင်ဗျားတို့ ပူးပေါင်းချင်တယ်ဆိုရင် ကျုပ်တို့လေးယောက်က အကျိုးအမြတ်ကြီးကြီးကို လုပ်နိုင်လိမ့်မယ်… ခင်ဗျားတို့ မကြိုက်ရင် ကျုပ်တို့မှာ မတူညီတဲ့အစီအစဉ်တွေရှိတယ်… ကျုပ်တို့ ခင်ဗျားတို့ရဲ့ပစ္စည်းတွေကို မထိတော့ဘူး… ခင်ဗျားတို့နှစ်ယောက်လည်း ကျုပ်တို့နဲ့ပတ်သပ်ပြီး စပ်စုမနေနဲ့"

ကတ်ကမ္ဘာတွင် အသက်ရှင်ရန် ရသမျှနည်းလမ်းကိုအသုံးပြုသည့် လူများရှိလိမ့်မည်ဟု ရှောက်လုံ သံသယဖြစ်ခဲ့သည်မှာ ကြာလှပါပြီ။ ဥပဒေနှင့် လူ့ကျင့်ဝတ်မရှိဘဲ လူ့သဘာဝ၏ကောက်ကျစ်စဉ်းလဲမှုက သူထင်ထားတာထက် ပိုကျယ်ပြန့်လိမ့်မည်။

သူက လူတွေနှင့် ရန်ဖြစ်စကားများရာတွင် သိပ်မကောင်းဘဲ သူတို့၏အကြံများက မတူညီသောအခါ ရန်ဖြစ်ဖို့ အကြောင်းပြချက်မရှိတာက ပြောစရာပင်မလိုချေ။

'လူကြီးလူကောင်းက သူ့စကားလုံးများကို အသုံးပြုပြီး သူ့လက်သီးကို အသုံးမပြုဘူး'ဟူသော စကားက ဒီကမ္ဘာမှာ အလုပ်မဖြစ်ပါ။

ထို့ကြောင့် သူက တိုက်ရိုက်လှုပ်ရှားရန် ရည်ရွယ်ခဲ့သည်။

ရှောက်လုံက ယွီဟန်ကျန်း၏နားထဲကို အချက်ပြလိုက်သည်။ သူက ယွီဟန်ကျန်းနဲ့တွေ့ပြီး လူနှစ်ယောက် ပြတင်းပေါက်ကနေ ထွက်ပြေးဖို့ ကြိုးစားနေစဉ် သူတို့က ပြတင်းပေါက်ဆီ အမြန်ရောက်လာသည်။ ထို့နောက် ရှောက်လုံက သူဆွဲထားသော အကွင်းများကို ထုတ်လွှတ်လိုက်သည်။

သူခိုးနှစ်ယောက် အခန်းထဲမဝင်ခင်မှာ ရှောက်လုံက အကွင်းများကိုဆွဲပြီး ထူထပ်သောအကွင်းပိုက်ကွန်တစ်ခုကို ဖွဲ့လိုက်သည်။ ထို့နောက် သူက အကွင်းများကို မျက်နှာကျက်သို့ မြှောက်လိုက်သည်။

သူခိုးနှစ်ဦးသည် မျက်နှာကျက်ပေါ်တွင် ကြီးမားသော ပိုက်ကွန်တစ်ခု ရှိနေသည်ကို မတွေ့ခဲ့ကြပေ။

သူတို့ သတိထားမိသည့်အချိန်မှာ အလွန်နောက်ကျသွားပြီ။

ရှောက်လုံသည် သူ့လက်ချောင်းများကို ညင်သာစွာ မြှောက်လိုက်ပြီး မရေမတွက်နိုင်သော 30 စင်တီမီတာ အချင်းရှိသည့် သတ္တုကွင်းများက ကောင်းကင်မှ ရုတ်တရက် ဆင်းသက်လာသည်။

သူခိုးနှစ်ဦးသည် ကိုယ်ပျောက်ဝတ်ရုံများဝတ်ထားကာ ရှောက်လုံသည် သူတို့ကို မမြင်နိုင်သော်လည်း သူတို့သည် ရုပ်ပိုင်းဆိုင်ရာအရ ရှိနေဆဲဖြစ်သည်။ ကိုယ်ထိလက်ရောက် တိုက်မိပါက သူတို့အပေါ် သက်ရောက်လိမ့်မည်။

မရေမတွက်နိုင်သော အကွင်းများက သည်းသည်းမည်းမည်း မိုးရွာချလိုက်သလိုမျိုး ဆင်းသက်လာသည်။ သို့သော် အခန်းထောင့်တစ်နေရာတွင် အကွင်းနှစ်ကွင်းကို လွှင့်ပစ်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ကြည်လင်သော သတ္တုအသံများ ထွက်ပေါ်လာသည်။

—အဲဒီမှာပဲ

ရှောက်လုံက တိကျသော တည်နေရာကို ရရှိခဲ့သည်။

ယွီဟန်ကျန်းသည် အရှိန်အဟုန်ဖြင့် ဖြတ်ကျော်သွားကာ သူ၏ဘယ်ခြေက တစ်စုံတစ်ခုကို ပြင်းထန်စွာ ဆောင့်ကန်လိုက်ရာ အော်ဟစ်သံကို ကြားလိုက်ရသည်။

ထို့နောက်တွင် ယွီဟန်ကျန်းက အော်ဟစ်သံ တည်နေရာကိုလှမ်းကာ ပြင်းပြင်းထန်ထန် ဆွဲလိုက်သည်။ သူသည် တစ်ဖက်လူကို သူ့မျက်လုံးထဲတွင် မမြင်ရသော်လည်း အကွင်းနှင့်အော်သံကို အခြေခံ၍ သူတို့၏ တည်နေရာကို အကဲဖြတ်နိုင်သည်။ သူသည် တစ်ဖက်လူ၏လက်ကို တိကျစွာ ဆုပ်ကိုင်လိုက်ပြီး နောက်ပြန်ဆွဲလိုက်သည်။

ထိုလူသည် ဝက်နှင့်တူသော ငိုကြွေးသံကို ပြုလုပ်ခဲ့သည်။

ယွီဟန်ကျန်းက အေးစက်စွာပြောလိုက်သည်။ 
"ကိုယ်ပျောက်ဝတ်ရုံက လူတွေ မင်းတို့ကို မမြင်နိုင်အောင်ပဲ လုပ်နိုင်တာ… လူတွေက မင်းတို့ကို ထိလို့မရဘူးလို့ မဆိုလိုဘူး"

သူသည် ထိုလူကို မြေပြင်ပေါ်တွင် ချထားလိုက်ပြီး ရှောက်လုံသည် သတ္တုကွင်းများစွာကို ခြယ်လှယ်ကာ တစ်ဖက်တွင် ပုန်းစရာနေရာမရှိဘူးဟု အဓိပ္ပါယ်ရသည့် ထူထပ်သော ပတ်ပတ်လည် အကွင်းပိုက်ကွန်တစ်ခုအဖြစ် ဖန်တီးခဲ့သည်။

ယွီဟန်ကျန်းက အမိန့်ပေးခဲ့သည်။
"ဝတ်ရုံကိုချွတ်လိုက်"

တစ်ဖက်လူက အံကြိတ်လိုက်သည်။
"Fuck… မင်းက တကယ်မှော်ပညာတတ်တာလား"

ရှောက်လုံ: "ဒါက မှော်ပညာမဟုတ်ဘူး"

နောက်ဆုံးတွင် လူငယ်က ထိတ်လန့်တကြားအမူအရာဖြင့် အော်ဟစ်ခဲ့သည်။
"အဲဒါက ကတ်လား… ခင်ဗျားမှာ ဒီလောက်အစွမ်းထက်တဲ့ကတ်ရှိတာလား"

သူက သံပြားကို ကန်မိပြီး အန္တရာယ်ကျရောက်နေပြီဟု နောက်ဆုံးတွင် သူနားလည်ခဲ့သည်။ ထိုလူက စကားကို အမြန်ပြောင်းလိုက်သည်။ 
"အစ်ကို… ငါတို့ကို ခွင့်လွှတ်ပေးပြီး လွှတ်ပေးပါနော်… ကျွန်တော်တို့ ခင်ဗျားကို ပစ္စည်းတစ်ဝက်ခွဲပေးမယ်လေ… ဘယ်လိုလဲ…"

သူ့စကားမဆုံးသေးခင် ရုတ်တရက် သူ့နောက်ကျောက အေးစက်မှုကို ခံစားလိုက်ရသည်။

ရေခဲတမျှအေးစက်မှုက သူ့နှလုံးသားဆီသို့ ဖြတ်ပြေးသွားပြီး သူ့နောက်ကျောမှ သူ့ရင်ဘတ်ရှေ့ဆီသို့ ရောက်လာကာ ထိုလူသည် သူ့ရင်ဘတ်ကို မယုံကြည်နိုင်စွာ ငုံ့ကြည့်နေခဲ့သည်။

ဒါက ဓားတစ်လတ်ဖြစ်သည်။ သူ့နောက်ကျောမှ သူ့နှလုံးသားဆီသို့ ဓားတစ်ချောင်း ထိုးဖောက်ဝင်ရောက်သွားတယ်ဆိုတာ အမှားအယွင်းမရှိပေ။

ဓားဖျားမှ သွေးနီများ စီးကျလာသည်။ ဓားကို စိုက်ကြည့်ရင်း ထိုလူ၏မျက်လုံးများ ပြူးကျယ်သွားကာ "အစ်ကို… ရွှီ…" ဟု ပြောရန်သာ အချိန်ရှိခဲ့သည်။

နောက်အခိုက်အတန့်တွင် ဓားထိုးခံရသူဆီမှ သွေးစွန်းနေသော ဓားမြောင်ကို ပြင်းထန်စွာ ဆွဲထုတ်လိုက်ပြီး ယွီဟန်ကျန်းဆီ တွန်းထုတ်လိုက်သည်။ 

‌ယွီဟန်ကျန်းက ၎င်းကို ကျွမ်းကျင်စွာ ရှောင်လိုက်ပြီး ပြတင်းပေါက်မှ အသံထွက်လာသည်။ မှန်များ ကွဲသွားသည်။

လူလတ်ပိုင်းအရွယ် အမျိုးသားသည် ပျက်စီးနေသော ပြတင်းပေါက်မှ သွက်သွက်လက်လက် ခုန်ဆင်းကာ မျက်စိတစ်မှိတ်အတွင်း အမှောင်ထဲသို့ ပျောက်ကွယ်သွားခဲ့သည်။

ဓားဖြင့်ထိုးသတ်ခြင်း၏ ရလဒ်မှာ ကိုယ်ပျောက်ဝတ်ရုံ၏ အကျိုးသက်ရောက်မှုကို ပျက်ပြယ်သွားစေသည်။ သွေးအိုင်ထဲတွင် လဲလျောင်းနေသော လူငယ်လေးတစ်ယောက်က အခန်းထဲတွင် တဖြည်းဖြည်း ပေါ်လာသည်။ သူ့မျက်လုံးများက ရှေ့တည့်တည့်ကို စိုက်ကြည့်နေသည်။ သူသေခါနီးမှာတောင် သူ့အဖွဲ့ဝင်၏ သစ္စာဖောက်ခြင်းကို ခံခဲ့ရမယ်ဆိုတာ… သူမယုံနိုင်ခဲ့ဘူး။

ယွီဟန်ကျန်းသည် အလွန်ရုပ်ဆိုးသော အမူအရာဖြင့် သူ့ခြေရင်းရှိ ခန္ဓာကိုယ်ကို ကြည့်လိုက်သည်။

ရှောက်လုံသည်လည်း ဤရုတ်တရက်ပြောင်းလဲမှုကြောင့် ထိတ်လန့်သွားသည်။

အချိန်အတော်ကြာပြီးနောက် ရှောက်လုံက တုန်ယင်နေခဲ့သည်။
"လွတ်မြောက်ဖို့အတွက် ကိုယ့်အဖွဲ့ဝင်ကို သတ်ပြီး အလောင်းကို ဒိုင်းကာအဖြစ် ပစ်ချခဲ့တယ်… ဒါမှမဟုတ် သူ့အဖွဲ့ဝင်က ပစ္စည်းတွေဝှက်ထားတဲ့နေရာကို ပြောပြမှာစိုးလို့ သတ်ပစ်ခဲ့တာလား"

ယွီဟန်ကျန်းက တည်ငြိမ်စွာ ကျိန်ဆဲလိုက်သည်။ 
"Fuck… သူက သားရဲထက်တောင် ယုတ်ညံ့တယ်"

အဖွဲ့ခေါင်းဆောင်ယွီ ကျိန်ဆဲတာကို သူ တစ်ခါမှ မကြားဖူးဘူး။ အဖွဲ့ခေါင်းဆောင်ယွီသည် ဤတစ်ကြိမ်တွင် အလွန်ဒေါသထွက်နေပုံရသည်။

ယခုအချိန်အထိ သူ့လက်မှ လွတ်မြောက်ဖူးသော အကျဉ်းသား သုံးဦးထက်မနည်းသာ ရှိသေးသည်။

ဒီနေ့မှာ ကိုယ်ပျောက်ဝတ်ရုံရှိနေခဲ့ပြီး ယွီဟန်ကျန်းက တစ်ဖက်လူကို အတိအကျ မရှာဖွေနိုင်ခဲ့ဘူး။ သို့တိုင် သူက အများကြီး ပြင်ဆင်ထားပြီး တစ်ဖက်လူအား အဖော်တစ်ယောက်ကို သတ်ပစ်ရန်ခွင့်ပြုခဲ့မိသလို သူခိုးတွေကိုလည်း ဖမ်းမမိခဲ့ဘူး။ 

ယွီဟန်ကျန်း၏မျက်နှာသည် အစိမ်းရောင်ဖြစ်နေပြီး သူက လေးလံစွာ ပြောခဲ့သည်။
"ကိုယ်တို့ တတ်နိုင်သမျှ အမြန်ဆုံး ပြောင်းရွှေ့ရမယ်"

ဒီလိုမျိုးဖြစ်လာမယ်လို့ သူ မမျှော်လင့်ထားဘူး။ သူခိုးကို ဖယ်ရှားမဲ့အစား သူ့ကိုယ်သူသာ ဖော်ထုတ်မိခဲ့သည်။

ယွီဟန်ကျန်းက မျက်မှောင်ကြုတ်လိုက်သည်။ 
"ကိုယ်တို့ ဒီမှာ နေလို့မဖြစ်တော့ဘူး… ဒီတိရစ္ဆာန်က လွတ်မြောက်ဖို့ သူ့အဖော်ကို သတ်ပစ်လိုက်တယ်… သူက အရမ်းရက်စက်တယ်လို့ ဆိုလိုတာပဲ… သူက လဲ့စားချေဖို့ ပြန်လာနိုင်တယ်"

ထို့အပြင် အခန်းထဲ၌ အလောင်းတစ်လောင်း ရှိနေသည်။ မနက်ဖြန် တစ်ယောက်ယောက်က ရဲခေါ်ရင် သူတို့အတွက် မကောင်းဘူး။

ထိုလူသည် သူတို့ကြောင့် အသတ်ခံရခြင်းမဟုတ်သော်လည်း သူတို့ကြောင့် သေဆုံးသွားခဲ့သည်။

ရှောက်လုံ၏ရင်ထဲ အနည်းငယ် အဆင်မပြေဖြစ်နေသည်။ သူ့စိတ်ခံစားချက်ကို ထိန်းညှိဖို့ အသက်ပြင်းပြင်းရှူပြီး ရှောက်ချင်းကော်ကို အမြန်ခေါ်လိုက်သည်။

ရှောက်ချင်းကော်က အိပ်ပျော်နေပြီး ဖုန်းခေါ်သံကြောင့် နိုးလာသည်။ ထိုလူ၏ ငြီးတွားသံသည် အနည်းငယ် ရှုပ်ထွေးနေသေးသည်။ 
"‌ပရော်ဖက်ဆာရှောက် ဘာဖြစ်လို့လဲ… မနက်သုံးနာရီမှာ မင်း ဘာလို့…"

ရှောက်လုံက သူ့ကို ပြောခဲ့သည်။
"ဒီဘက်မှာ အခြေအနေတစ်ခုရှိနေပြီး ကျွန်တော်တို့ချက်ချင်း နေရာပြောင်းဖို့လိုတယ်… ခင်ဗျား ကျွန်တော်တို့နဲ့ လိုက်ချင်သလား"

ရှောက်ချင်းကော်က ကုတင်ပေါ်တွင် ထထိုင်လိုက်သည်။
"ဘယ်လိုအခြေအနေလဲ"

ရှောက်လုံက သူ့ကို ကူကယ်ရာမဲ့စွာ ပြောခဲ့သည်။
"အဖွဲ့ခေါင်းဆောင်ယွီနဲ့ ကျွန်တော်က သူခိုးကို ဖမ်းဖို့ တွင်းထဲကနေ မြွေကို ဆွဲထုတ်ချင်ခဲ့တာ… သူခိုးနှစ်ယောက်ရှိနေပြီး လွတ်မြောက်ဖို့အတွက် သူတို့ထဲကတစ်ယောက်က သူ့အဖော်ကို တစ်ခါတည်းသတ်လိုက်တယ်"

ရှောက်ချင်းကော်က လုံးဝနိုးကြားသွားသည်။
"သတ်–သတ်လိုက်တယ်"

ရှောက်လုံက ထိုကိစ္စကို အတိုချုံး ရှင်းပြသည်။ ရှောက်ချင်းကော်သည် အခန်း 207 မှ လူသေအကြောင်း ကြားပြီး ပြတ်သားစွာပြောခဲ့သည်။
"ငါလည်း မင်းတို့နဲ့အတူ လိုက်ခဲ့မယ်… သံသယရှိသူအဖြစ် ရဲဖမ်းတာကို ငါမခံချင်ဘူး… ငါမင်းတို့ကို အောက်ထပ်ဟိုတယ်မှာ 10 မိနစ်အတွင်းတွေ့မယ်"

သုံးယောက်သား လွယ်အိတ်ကို ယူလာပြီး အောက်ထပ်မှာ တွေ့ကြသည်။

ရှောက်ချင်းကော်၏ မျက်နှာက အလွန်လေးနက်သည်။
"သူခိုးက သူ့အဖော်ကို တကယ်သတ်ခဲ့တာလား"

ဤလူသည် ရက်စက်ရုံသာမက ပြတ်သားသည်။ သူသည် အရေးကြီးသောအခိုက်အတန့်တွင် မဆိုင်းမတွဘဲ သူ့အဖွဲ့ဝင်ကို သတ်နိုင်သည်။

ယွီဟန်ကျန်းသည် လက်တုံ့ပြန်ရန် မကြောက်သော်လည်း ရှောက်လုံနှင့် ရှောက်ချင်းကော်တို့က ထိုသို့သော အရာများကို ရင်ဆိုင်ခဲသည်။ ထိုလူနှစ်ယောက် မတော်တဆဖြစ်မှာကို သူစိုးရိမ်သည်။ နေ့ခင်းဘက်တွင် သေနတ်ကို ရှောင်ရန် လွယ်ကူသော်လည်း အမှောင်ထဲတွင် ဝှက်ထားသော မြားကို ရှောင်ရန် ခက်ခဲသည်။ ထို့ကြောင့် သူတို့သည် ပို၍လုံခြုံပြီး ပို၍လုံခြုံသောနေရာသို့ အမြန်ဆုံး ပြောင်းရွှေ့ရန် လိုအပ်သည်။

ဆောက်လုပ်ရေးဆိုက်အတွက် နေ့လယ်ခင်းလုံး သူ စုံစမ်းစစ်ဆေးခဲ့သည်။ အလုပ်သမားများ သပိတ်မှောက်ပြီး ထိုနေရာကို လုံးဝ စွန့်ပစ်ခဲ့သည်။ စျေးနှုန်းများသည် မနက်ဖြန်တွင် ဆက်လက်မြင့်တက်နေပြီး ဆိုက်တွင် အလုပ်ပြန်လုပ်မည်မဟုတ်ပါ။ ၎င်းကို လူသုံးဦးအတွက် ယာယီပုန်းအောင်းရာအဖြစ် အသုံးပြုနိုင်သည်။

ရှောက်လုံနှင့် ရှောက်ချင်းကော်တို့ လိုက်ပါလာစဉ် ယွီဟန်ကျန်းက ထရပ်ကားကို ရွှေ့လိုက်သည်။

သူတို့က ကုန်ပစ္စည်းသယ်ယူဖို့ မြေအောက်ဂိုဒေါင်ကိုသွားရန် စီစဉ်ထားခဲ့ကြသည်။

ညဉ့်နက်မှာ လမ်းများသည် အလွန်တိတ်ဆိတ်နေပြီး လူသုံးဦး၏ အမူအရာများသည် ယခင်ကထက် ပိုမို၍ လေးနက်နေပါသည်။

ဂိုဒေါင်သို့ရောက်သောအခါ နံနက်လေးနာရီထိုးခါနီးပြီ။ ယွီဟန်ကျန်းက တံခါးကိုဖွင့်လိုက်ပြီး ရှောက်လုံနှင့် ရှောက်ချင်းကော်တို့က သေတ္တာများကို ကူသယ်ပေးဖို့ ထွက်လာသည်။

သူတို့တွေ မပြီးသေးခင်မှာ မနီးမဝေးမှ ခြေသံများကြားလိုက်ရသည်။

ယွီဟန်ကျန်းက ချက်ချင်းပင် သူ့ပါးစပ်ပေါ် လက်ညိုးတင်လိုက်သည်။
"ရှူး… တစ်ယောက်ယောက်ရှိတယ်"

ရှောက်လုံနှင့် ရှောက်ချင်းကော်တို့သည် အသက်ရှုကြပ်ပြီး တံခါးနောက်တွင် ပုန်းနေလိုက်သည်။ ဂိုဒေါင်တံခါးဝကို လှမ်းကြည့်လိုက်တော့ ညစ်ပတ်သောလူငယ်တစ်ဦးက ထောင့်နားကို အမြန်လမ်းလျှောက်လာရင်း အမှိုက်တွေပြည့်နေသည့် သုံးဘီးဆိုင်ကယ်ကို ယူကာ အမြန်ထွက်သွားတာကို တွေ့လိုက်ရသည်။

ရှောက်လုံက တိုးတိုးလေးပြောလိုက်သည်။
"ဒီကောင်လေးက အဖွဲ့ခေါင်းဆောင်ယွီ အရင်ကတွေ့ခဲ့တဲ့ အမှိုက်သိမ်းသူအဖြစ် ရုပ်ဖျက်ခဲ့သူလား" 

ယွီဟန်ကျန်းက ခေါင်းငြိမ့်လိုက်သည်။
"အဲဒါ သူပဲ"

ရှောက်လုံက စဉ်းစားမရဖြစ်သွားသည်။
"မနက်သုံးနာရီကျော်နေပြီကို… အခု သူဘယ်သွားမလို့လဲ"

ယွီဟန်ကျန်းလည်း ဒီလူ ဘာတွေတွေးနေလဲဆိုတာကို နားမလည်နိုင်ဘူး။ 
"သူက ညဇီးကွက်တစ်ကောင် ဖြစ်နိုင်တယ်"

ရှောက်လုံသည် လူငယ်၏ နောက်ကျောကို စိုက်ကြည့်ကာ ခဏမျှ ငြိမ်သက်သွားပြီး ရုတ်တရက် ပြောလိုက်သည်။
"အဖွဲ့ခေါင်းဆောင်ယွီ… ဒီကောင်လေးက ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေတယ်လို့ မထင်ဘူးလား… ကျွန်တော် ဟိုတယ်ထဲဝင်တဲ့နေ့မှာ ကျွန်တော်က အခန်းခအတွက် ခုနစ်ရက်စာပေးခဲ့ပြီး သူကလည်း ခုနစ်ရက်စာပေးခဲ့တယ်… ကျွန်တော်တို့ပစ္စည်းတွေကို မြေအောက်ဂိုဒေါင်ထဲမှာ ဝှက်ထားပြီး သူကလည်း မြေအောက်ဂိုဒေါင်ထဲမှာ ဝှက်ထားခဲ့တယ်… ကျွန်တော်တို့ ညသန်းခေါင်မှာ ရွှေ့တဲ့အခါ သူကလည်း မောင်းထွက်သွားတယ်…"

ယွီဟန်ကျန်းက သေသေချာချာစဉ်းစားလိုက်သည်။
"အခု မနက်လေးနာရီထိုးခါနီးပြီ… တိုက်ဆိုင်မှုတွေ အများကြီးရှိလာရင် အဲဒါက တိုက်ဆိုင်မှုမဖြစ်နိုင်တော့ဘူး"

သုံးယောက်သားက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

ယွီဟန်ကျန်းက ပြတ်ပြတ်သားသားပြောခဲ့သည်။ 
"သူ့နောက်ကို လိုက်ကြည့်မယ်"

#TK