Chapter 198
Viewers 23k

Volume 10 : အနုပညာဌာန


Chapter 198 (ပန်းချီထဲကပုံရိပ်ယောင် ၀၁)


အနုပညာဌာန၏ သင်တန်းအချိန်ဇယားသည် အခြားဌာနများနှင့် သိသိသာသာကွဲပြားသည်။ ဌာနအများစုသည် စာမေးပွဲအချိန်ကို မနက် 8 နာရီတွင် ဖြေဆိုကြသော်လည်း အနုပညာဌာနရှိ "ပန်းချီထဲကပုံရိပ်ယောင်"နှင့် "ဂီတဆိုင်ရာတေးသွား"တို့ကို နေ့လယ် 2 နာရီတွင် စီစဉ်ပေးခဲ့သည်။ "မျက်နှာဖုံးကပွဲ"က ည 8 နာရီဆိုတော့ စာမေးပွဲအတွက် ပြင်ဆင်ဖို့ သူတို့မှာ မနက်ခင်းအချိန်ရှိသည်။


အချိန်ဇယားအရ ဒီဌာနတက်ဖို့ သူတို့အတွက် အကောင်းဆုံးအစီအစဉ်က တနင်္လာနေ့မှာ ပန်းချီစာမေးပွဲ၊ အင်္ဂါနေ့မှာ ဂီတစာမေးပွဲနှင့် နောက်ဆုံးမှာ အကကိုဖြေဖို့ပါပဲ။ C-183 သုတေသနအဖွဲ့ရှိ အတန်းဖော်တစ်ဦးတစ်ယောက်မျှ အနုပညာကို နားမလည်သောကြောင့် X အဖွဲ့ဝင်တစ်ဦးကို သေချာပေါက်ရှာရမည်။


ယွဲ့ရှင်းဝမ်သည် သူ၏အဖွဲ့ဝင်များနဲ့ ဆွေးနွေးခဲ့သည်။

"ငါတို့ ဖိုရမ်ကနေ တိုက်ရိုက်ခေါ်ယူကြမလား… ဒါမှမဟုတ် အသိမိတ်ဆွေတွေကို မိတ်ဆက်ပေးဖို့ တောင်းဆိုကြမလား"


"အသိမိတ်ဆွေကနေရှာတာ ပိုစိတ်ချရတယ်မလား" လင်းမန့်လော်က ယွဲ့ရှင်းဝမ်ကိုကြည့်ပြီး မေးလိုက်သည်။ "ရှင်းဝမ်၊ နင် ချင်းချန်အနုပညာတက္ကသိုလ်က ရွှီဖေးရွှယ်ကို မှတ်မိသေးလား… ငါတို့ ကောလိပ်တွေနဲ့ တက္ကသိုလ်တွေရဲ့ ပူးတွဲကြေညာချက်ကို ထုတ်ပြန်တုန်းက ကောလိပ်တွေနဲ့ တက္ကသိုလ်တွေရဲ့ ကျောင်းတံဆိပ်တွေအားလုံးကို သူမဆွဲခဲ့တာလေ"


"မှတ်မိတာပေါ့… သူမက C-166 သုတေသနအဖွဲ့မှာရှိတာလေ ဟုတ်တယ်မလား… ဘောလုံးပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်မှာလည်း ကျွန်တော်တို့ တွေ့ဆုံခဲ့ဖူးတယ်" ယွဲ့ရှင်းဝမ်သည် ဤမိန်းကလေးကို အလွန်လေးစားခဲ့သည်။ ထိုအချိန်တုန်းက ကောလိပ်များနှင့် တက္ကသိုလ်များ၏ ပူးတွဲကြေညာချက်ကို စီစစ်သောအခါ ရွှီဖေးရွှယ်သည် ကျောင်းသားများ ပိုမိုပါဝင်လာစေရန် ကျောင်းတံဆိပ်ကို ကြေညာချက်တွင် ထည့်သွင်းရန် အဆိုပြုခဲ့သည်။ ရက်အနည်းငယ်အတွင်း သူမသည် ကျောင်းတစ်ခုစီ၏ ကျောင်းတံဆိပ်များကို လက်တွေ့ဆန်စွာ ရေးဆွဲခဲ့ပြီး နောက်တော့ ကျောင်းအားကစားပြိုင်ပွဲမှာ သူတို့နဲ့တွေ့ခဲ့သည်။


"အဲဒီအဖွဲ့မှာ ရိုက်ကူးရေး၊ အန်နီမေးရှင်း၊ ဂီတစတဲ့ ဘာသာရပ်ကျောင်းသားတွေလည်း ရှိတယ်မလား" ခယ်ရှောင်ပင်းသည် ဓာတ်ပုံရိုက်ရန် ဘောလုံးကွင်းဘေးတွင် ရပ်နေပြီး ထိုဂိမ်းနှင့်ပတ်သက်သည့် အမှတ်ရစရာများ ရှိနေသေးသည်။


"ရုပ်ရှင်ရိုက်ဖို့ အလင်းရောင်၊ အသံနဲ့ ကင်မရာတွေကို တိုက်ရိုက်ဆင့်ခေါ်နိုင်တဲ့ ရိုက်ကူးရေးဘာသာရပ်က ကျောင်းသားတစ်ယာက်ရှိတယ်ဆိုတာ ငါမှတ်မိတယ်" လျှိုကျောက်ချင်းသည် ဒီအကြောင်းကို ပြောသောအခါ မရပ်နိုင်တော့ပေ။ "အဲဒီဘောလုံးပွဲက တကယ်ကို ထူးဆန်းတယ်… သူတို့အဖွဲ့ကလည်း အံ့ဩစရာကောင်းပြီး Sailor Moon အဖြစ် ပြောင်းလဲနိုင်တဲ့ Anime ဘာသာရပ်တွေလည်း ရှိတယ်"


"ဟုတ်တယ်… ဒီအဖွဲ့က အရမ်းသန်မာတယ်" ယွဲ့ရှင်းဝမ်က လှည့်ကြည့်လိုက်ပြီး လင်းမန့်လော်ကို မေးလိုက်သည်။ "စီနီယာအစ်မ၊ ရွှီဖေးရွှယ်နဲ့ ရင်းနှီးလား… အခု သူတို့ရဲ့တိုးတက်မှုက ဘယ်အထပ်ကိုရောက်ပြီလဲ"


"တော်တော်ရင်းနှီးတယ်… ရွှီဖေးရွှယ်ရဲ့အိပ်ဆောင်က ငါတို့နဲ့ 10 မီတာလောက်ပဲဝေးပြီး သူမကို မကြာခဏတွေ့တယ်… သူတို့အဖွဲ့ဖွဲ့ဖို့ အဖွဲ့ဝင်တွေကို အချိန်အတော်ကြာအောင်ရှာပြီး သူတို့ရဲ့တိုးတက်မှုက ငါတို့ထက်တစ်ပတ်နောက်ကျတယ်… သူတို့က လက်ရှိမှာ ခြောက်ထပ်က ဥပဒေဌာနမှာရောက်နေတယ်" သူမက ခေတ္တရပ်ပြီး ပြောလိုက်သည်။ "မနေ့ကတောင် ရွှီဖေးရွှယ်က ဥပဒေဌာနရဲ့သင်တန်းတွေက ခက်သလားလို့ ငါ့ကိုမေးခဲ့တယ်… သူတို့အဖွဲ့ထဲက ဥပဒေဌာနမှ ကျောင်းသားက ဒုတိယနှစ်ဆိုတော့ ယုံကြည်မှုသိပ်မရှိဘူးတဲ့… ငါသူမကို အသေးစိတ်ပြောပြလိုက်ပြီး ဖိုရမ်ရဲ့နည်းဗျူဟာကိုကြည့်ဖို့ ပြောလိုက်တယ်"


ယွဲ့ရှင်းဝမ်က ခဏလောက်စဉ်းစားပြီး ပြောလိုက်သည်။

"ကျွန်တော်မှတ်မိရသလောက်ကတော့ ဥပဒေဌာနရဲ့ အချိန်ဇယားက မနက်ခင်းစာမေးပွဲနဲ့ နေ့ခင်းနားချိန် ဟုတ်တယ်မလား"


လန်ယာရုန်: "ဟုတ်တယ်… တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာ မနက်တွေမှာ မသင်မနေရသင်တန်းတစ်ခုရှိပြီး အင်္ဂါနဲ့ ကြာသပတေး မနက်တွေမှာ မသင်မနေရသင်တန်းတစ်ခု ရှိတယ်… နေ့လယ်မှာ သင်တန်းမရှိဘူး"


ယွဲ့ရှင်းဝမ်: "ဒီလိုဆိုရင် သူတို့က မနက်မှာ စာမေးပွဲဖြေပြီး ငါတို့က နေ့လယ်မှာ စာမေးပွဲဖြေမှာဆိုတော့ အချိန်မတိုက်တော့ဘူး… X အဖွဲ့ဝင်အနေနဲ့ ငါတို့အဖွဲ့ကို လာဖို့ ရွှီဖေးရွှယ်အဖွဲ့ကလူကို ငှားကြမလား"


အဖွဲ့ထဲဝင်ဖို့ သူစိမ်းတစ်ယောက်ကိုရှာတာထက် သူတို့သိသောလူတွေကိုရှာတာက ပိုစိတ်ချရသည်။ ထို့အပြင် ရွှီဖေးရွှယ်၏ ပရော်ဖက်ရှင်နယ်အဆင့်ကို ယွဲ့ရှင်းဝမ် အလွန်ယုံကြည်စိတ်ချပြီး သူမတက်နေသည့် "ချင်းချန်အနုပညာတက္ကသိုလ်"သည် နိုင်ငံအတွင်း နာမည်ကြီးသော အနုပညာကျောင်းသုံးခုအနက်မှ တစ်ခုဖြစ်ပြီး ဝင်ခွင့်ရရန် အထူးခက်ခဲသည်။ နှစ်စဉ် သောင်းနှင့်ချီသော ကျောင်းသားများသည် စာမေးပွဲအတွက် လျှောက်ထားကြသော်လည်း လူ 700၊ 800 သာ လက်ခံကြသည်။ လက်ခံမှုနှုန်းသည် 2% ထက်နည်းပြီး ပြိုင်ဆိုင်မှုက အလွန်ပြင်းထန်သည်။


လန်ယာရုန်က အကြံတစ်ခုရခဲ့သည်။

"အခုပဲ ငါသူမကို မက်ဆေ့ခ်ျပို့ပြီး ဥပဒေဌာနအတွက် X အဖွဲ့ဝင်လိုသလားလို့ မေးကြည့်လိုက်မယ်… X အဖွဲ့ဝင်အချင်းချင်း အပြန်အလှယ်ဖလှယ်တာက လူတွေလက်ခံဖို့ ပိုလွယ်တယ်… နင်ဘယ်လိုထင်လဲ"


ယွဲ့ရှင်းဝမ်က ချက်ချင်း သဘောတူလိုက်သည်။

"စီနီယာအစ်မက အလုပ်ကြိုးစားရတော့မှာပေါ့"


လန်ယာရုန်သည် ရွှီဖေးရွှယ်ထံ private message တစ်စောင် ချက်ချင်း ပို့လိုက်သည်။

"စာသင်ခန်းနံပါတ်ဘယ်လောက်လဲ"


ဖိုရမ်တွင် တစ်ဦးနှင့်တစ်ဦး private message များကို အခမဲ့ပေးပို့နိုင်သော်လည်း ၎င်းကို ချက်ချင်း မမြင်တွေ့နိုင်ပါ။ ၎င်းကိုကြည့်ရှုရန် တက်ဘလက်၏ဖိုရမ်မျက်နှာပြင်ကို သူတို့ဖွင့်ရလိမ့်မည်။ သူတို့တွေ private message များ ပေးပို့ရန် တိုက်ရိုက်သတ်မှတ်ထားသော ကျောင်းသားများအတွက် အမှတ်များကို နုတ်ယူမည်ဖြစ်ပြီး စကားလုံးတစ်လုံးစီအတွက် အမှတ် 10 မှတ်ကို နုတ်ယူမည်ဖြစ်သည်။ သတ်မှတ်ထားသော private message များ ပေးပို့ခြင်း၏ အားသာချက်မှာ စာကြည့်တိုက်မှ အသံသတိပေးမှုများကို ချက်ချင်း လက်ခံနိုင်ခြင်းဖြစ်သည်။


ရွှီဖေးရွှယ် မက်ဆေ့ခ်ျကို ချက်ချင်းမြင်နိုင်စေရန်အတွက် လန်ယာရုန်က အမှတ်ဆယ်ဂဏန်းလောက်ကို ဂရုမစိုက်ပါ။


ရွှီဖေးရွှယ်သည် ယခုအချိန်တွင် ဥပဒေဌာနရှိ သင်တန်းရွေးချယ်ရေးတက်ဘလက်ရှေ့တွင် ရပ်နေကာ စာကြည့်တိုက်မှ စက်အသံကို ရုတ်တရက်ကြားလိုက်ရသည်။

"လန်ယာရုန်ဆီမှ private message ရရှိပါတယ်: “စာသင်ခန်းနံပါတ်ဘယ်လောက်လဲ”"


ရွှီဖေးရွှယ်သည် ခဏတာ အံ့အားသင့်သွားပြီး "607" ဟု ပြန်ဖြေသည်။


2 မိနစ်လောက်ကြာတော့ စာသင်ခန်းအပြင်ဘက်က တံခါးခေါက်သံကြားလိုက်ရသည်။ ရွှီဖေးရွှယ် တံခါးကိုဖွင့်လိုက်တော့ လန်ယာရုန်၊ လင်းမန့်လော်၊ ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် ဘေးချင်းကပ်လျက် လျှောက်လာတာကို တွေ့လိုက်ရသည်။


အပေါ်ထပ်ကို သော့ဖွင့်ထားသော ကျောင်းသားများသည် အောက်ထပ်သို့ ဝင်ခြင်း နှင့် ထွက်ခြင်းတွင် ကန့်သတ်ချက်မရှိပါ။


နှစ်ဖက်သုတေသနအဖွဲ့များသည် ကျောင်းအားကစားပြိုင်ပွဲတွင် ဘောလုံးပွဲများ ယှဉ်ပြိုင်ကစားခဲ့ကြသောကြောင့် C-166 မှ လူများသည် ထိုရင်းနှီးသောမျက်နှာများကို မြင်သောအခါ အံ့အားသင့်ခဲ့ကြသည်။ ရွှီဖေးရွှယ်က ကြောင်သွား၏။

"စီနီယာအစ်မမန့်လော်နဲ့ ရှင်းဝမ်… ရှင်တို့ဘ ဘာလို့ဒီရောက်နေတာလဲ"


ယွဲ့ရှင်းဝမ်: "စာမေးပွဲက မနက် 8 နာရီစတော့မှာဆိုတော့ အတိုချုံးပြီး ပြောကြရအောင်… ဥပဒေဌာနအတွက် မင်းအဖွဲ့မှာ ပြင်ပအကူအညီအဖြစ် X အဖွဲ့ဝင်လိုအပ်လား… လိုအပ်ရင် စီနီယာအစ်မလန်က ကူညီဖို့ ဆန္ဒရှိတယ်"


လန်ယာရုန်က ကြင်နာစွာပြုံးလိုက်သည်။

"ဟုတ်တယ်… သင်တန်းရဲ့အကြောင်းအရာက ပြောင်းသွားရင်တောင် ငါ့မှာ ဥပဒေဌာနရှင်းလင်းရေးအတွေ့အကြုံရှိတာကြောင့် ငါကူညီနိုင်လောက်တယ်"


ရွှီဖေးရွှယ်က မယုံနိုင်ဖြစ်သွားသည်။

"တကယ်လား… စီနီယာအစ်မလန်က ပြင်ပအကူအညီအဖြစ် ကျွန်မတို့အဖွဲ့ကိုလာဖို့ ဆန္ဒရှိတာလား" 


သူတို့အဖွဲ့က ဥပဒေဌာန၏ ကျောင်းသားသည် တရားရုံးကို တစ်ခါမှ မရောက်ဖူးဘဲ ယုံကြည်မှုသိပ်မရှိပေ။ အခြားပြင်ပအကူအညီရှာရမလားလို့ သူမ တွေးခဲ့ပေမဲ့ 183 သုတေသနအဖွဲ့မှ ထိပ်တန်းကျောင်းသားများက လူကိုယ်တိုင် တံခါးရှေ့ကို ပို့ဆောင်ပေးခဲ့သည်။ ဒါက ရွှီဖေးရွှယ်၏အဖွဲ့က လူတွေဆီ မမျှော်လင့်ထားသောအရာ ကောင်းကင်ကနေ ပြုတ်ကျလာသလို ခံစားရသည်။ 


ရွှီဖေးရွှယ်က လျင်မြန်စွာ သတိပြန်လည်လာသည်— 183 သုတေသနအဖွဲ့သည် ပရဟိတအဖွဲ့မဟုတ်သောကြောင့် သူတို့အား ကူညီရန် ရုတ်တရက် ရောက်လာခြင်းမှာ အဓိပ္ပါယ်မရှိပေ။ တစ်ခုခုမှားနေပြီဆိုတာ သိလိုက်ရပြီး သူမက ချက်ချင်း မေးလိုက်သည်။

"ရှင်တို့က ကျွန်မတို့ကိုကူညီဖို့ ခြောက်ထပ်ဆီပြန်လာရအောင် ဘယ်အရာကိုများရုတ်တရက် တွေးလိုက်မိတာလဲ"


ယွဲ့ရှင်းဝမ်က ပြုံးပြီး ပြတ်ပြတ်သားသားပြောလိုက်သည်။

"ဘာလို့လဲဆိုတော့ ငါတို့လည်း မင်းရဲ့အကူအညီလိုနေတယ်"


လင်းမန့်လော်က ရှင်းပြသည်။

"ကိုးထပ်က အနုပညာဌာနဖြစ်ပြီး ပန်းချီ၊ ဂီတနဲ့ အကနဲ့ပတ်သက်တဲ့ သင်တန်းတွေရှိတယ်… ငါတို့လည်း X အဖွဲ့ဝင်လိုအပ်ပြီး ငါတို့အားလုံးပူးပေါင်းပြီး အချင်းချင်း အကျိုးရှိစေမှာပါ"


ရွှီဖေးရွှယ်က ရုတ်တရက် သဘောပေါက်သွားသည်။

"အဲဒီလိုကို"


လင်းမန့်လော်: "ဖေးရွှယ်၊ နင်တို့က မနက်ပိုင်း စာမေးပွဲဖြေပြီး စီနီယာအစ်မလန်က နင်တို့ကို ဥပဒေဌာနအောင်မြင်အောင် ကူညီပေးဖို့ နင့်ရဲ့အဖွဲ့နဲ့ ပူးပေါင်းလိမ့်မယ်… ငါတို့က နေ့လယ်မှာ စာမေးပွဲဖြေပြီး နင်က ငါတို့ရဲ့သုတေသနအဖွဲ့ကို X အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး ပန်းချီသင်တန်းကို အောင်မြင်အောင် ကူညီပေးမယ်… ဘယ်လိုလဲ"


ရွှီဖေးရွှယ်က သူမအဖွဲ့ဝင်များကို လှည့်ကြည့်လိုက်သည်။ သူမနောက်က အဖွဲ့ဝင်များသည် ထမင်းများကို နှုတ်သီးဖြင့်ထိုးဆိတ်နေသော ကြက်များကဲ့သို့ စုပေါင်းခေါင်းငြိမ့်ကြသည်။ 183 သုတေသနအဖွဲ့မှ စီနီယာအစ်မလန်သည် သူတို့၏အဖွဲ့တွင် ပါဝင်လာသောအခါ ဥပဒေဌာနကို သူတို့တွေ ချောမွေ့စွာဖြေဆိုနိုင်မည်ဟု အာမခံနိုင်သည်မဟုတ်လော။ ဘာများတွန့်ဆုတ်စရာရှိလို့လဲ။


ရွှီဖေးရွှယ်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"လုပ်လိုက်တာပေါ့… နင်တို့ရဲ့ခြေထောက်တွေဆွဲထားမှာကို စိတ်မရှိသ၍ ငါအစွမ်းကုန်ကူညီပေးပါ့မယ်"


ကိစ္စများက ဒီလောက်နဲ့ပဲ ပြေလည်သွားသည်။


X အဖွဲ့ဝင်သည် သူတို့၏မူလအဖွဲ့မှထွက်ရန် မလိုအပ်ဘဲ စာမေးပွဲဖြေဆိုရန် အခြားသုတေသနအဖွဲ့ကို တိုက်ရိုက်ဝင်ရောက်နိုင်သည်။ ယာယီပြင်ပအကူအညီအနေဖြင့် စာမေးပွဲပြီးနောက် အခြားအဖွဲ့မှ အလိုအလျောက်ထွက်ခွာသွားမည်ဖြစ်သည်။


လန်ယာရုန်သည် ရွှီဖေးရွှယ်၏အဖွဲ့တွင် X အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီး ဥပဒေဌာန၏စာမေးပွဲကို စတင်ခဲ့သည်။ အခြားသူများက အနားယူရန် သူတို့၏အဆောင်များသို့ ပြန်သွားကြသည်။


နှစ်နာရီကြာ စာမေးပွဲအချိန်က လျင်မြန်စွာ ကုန်ဆုံးသွားကာ ယွဲ့ရှင်းဝမ်က သုတေသနအဖွဲ့ထံ မက်ဆေ့ချ်ပို့ပြီး မေးလိုက်သည်။

"စီနီယာအစ်မ အခြေအနေဘယ်လိုရှိလဲ"


လန်ယာရုန်: "ပြီးသွားပြီ"


ခယ်ရှောင်ပင်းက စပ်စုလေသည်။

"ကျွန်တော်တို့ ဥပဒေဌာနမှာ တက်ခဲ့တဲ့သင်တန်းနဲ့ အတူတူပဲလား"


လန်ယာရုန်: "သံသယရှိသူနဲ့ သေဆုံးသူအားလုံးရဲ့ အမည်တွေကို ပြောင်းလဲထားပြီး ဇာတ်ကွက်တွေမတူတော့ပေမဲ့ အခြေအနေကတော့ တူညီပါတယ်"


ယွဲ့ရှင်းဝမ်သည် ရွှီဖေးရွှယ်ကို ပြင်ပအကူအညီအတွက် ဖိတ်ခေါ်မှု ချက်ချင်းပေးပို့ခဲ့ပြီး ရွှီဖေးရွှယ်က သဘောတူညီချက်ကို နှိပ်လိုက်ပြီး သုတေသနအဖွဲ့ chat channel တွင် စနစ်သတိပေးချက်တစ်ခု ပေါ်လာသည်— X အဖွဲ့ဝင်အဖြစ် အတန်းဖော်[ရွှီဖေးရွှယ်]ကို C-183 သုတေသနအဖွဲ့တွင် ပါဝင်ရန် ကြိုဆိုပါသည်။


ယွဲ့ရှင်းဝမ်က သုတေသနအဖွဲ့ chat channel တွင် မက်ဆေ့ခ်ျပို့လိုက်သည်။

"ဖေးရွှယ် ကြိုဆိုပါတယ်"


အခြားအဖွဲ့ဝင်များလည်း မက်ဆေ့ခ်ျပို့ကြသည်။

"ကြိုဆိုပါတယ်"


"အဖွဲ့ဝင်အသစ်ကို ကြိုဆိုပါတယ်"


ရွှီဖေးရွှယ်က တိုက်ရိုက်မေးလိုက်သည်။

"စာမေးပွဲက နေ့လယ် 2 နာရီမလား… အားလုံး ဘယ်အချိန်စုကြမှာလဲ"


ယွဲ့ရှင်းဝမ်: "ဒီလိုလုပ်လိုက်ပါလား… လူသစ်နဲ့အတူ နေ့လယ်မှာ အတူတူ နေ့လယ်စာစားရအောင်… တစ်ယောက်နဲ့တစ်ယောက် ခင်မင်ရင်းနှီးပြီး ငါတို့အဖွဲ့နဲ့ မင်းကို မိတ်ဆက်ပေးမယ်လေ"


ရွှီဖေးရွှယ်: "ကောင်းပြီ"


နေ့လယ် 12 နာရီတွင် အားလုံးစုပြီး စားသောက်ကြသည်။


ရွှီဖေးရွှယ်သည် အလွန်ဖြူသောအသားအရေရှိကာ သူမတွင် နူးညံ့သိမ်မွေ့ပြီး လှပသောမျက်နှာအသွင်အပြင်၊ အနက်ရောင်ဆံပင်ရှည်နှင့် စကားပြောသောအခါ အလွန်သိမ်မွေ့သောအပြုံးနှင့် ရှိသည်။ လင်းမန့်လော်က သူမကို ကောင်းစွာသိသောကြောင့် သူမသည် လင်းမန့်လော်အနားတွင် သတိရှိရှိထိုင်ကာ လူတိုင်းကို ယဉ်ကျေးစွာ နှုတ်ဆက်ခဲ့သည်။


ယွဲ့ရှင်းဝမ်သည် အဖွဲ့ဝင်များနှင့် စွမ်းရည်များကို အတိုချုံး မိတ်ဆက်ပေးခဲ့သည်။


ရွှီဖေးရွှယ်က သူ့ကိုယ်သူ မိတ်ဆက်ဖို့ အစပြုခဲ့သည်။

"ကျွန်မမှာ စွမ်းရည်သုံးခုရှိတယ်… ပထမတစ်ခုက စုတ်တံ၊ တိရစ္ဆာန်တချို့ကို ဆွဲပြီး သူတို့ကို ဆင့်ခေါ်နိုင်ပြီးတော့ မာလျှန်ရဲ့မှော်စုတ်တံနဲ့ ဆင်တူတယ်… ဒါပေမဲ့ ဆင့်ခေါ်ခံရတဲ့ တိရစ္ဆာနမတွေက အချိန်ခဏပဲ တည်ရှိနိုင်တယ်… ဒုတိယစွမ်းရည်က ဆေးစပ်ခွက်ဖြစ်ပြီး လက်ရှိမြင်ကွင်းရဲ့အရောင်တွေကို ပြောင်းလဲပြီး ပုံရိပ်ယောင်တွေဖြစ်စေတဲ့ အရောင်တွေကိုဖန်တီးပေးနိုင်တယ်… ဥပမာ မူလစိမ်းလန်းတဲ့အားကစားကွင်းကို အပြာရောင်ရေကူးကန်အဖြစ် ပန်းချီရေးဆွဲလိုက်တာမျိုးပေါ့… တတိယတစ်ခုက ခဲဖျက်ဖြစ်ပြီး မြင်ကွင်းထဲက ငြိမ်သက်နေတဲ့အရာတွေကို ဖျက်ပစ်နိုင်တယ် အသက်ရှင်နေတဲ့အရာတွေတော့မပါဘူး"


လျှိုကျောက်ချင်းက အပြုံးဖြင့် ဆိုသည်။

"မင်းရဲ့အနုပညာဌာနက စွမ်းရည်တွေက အတော်လေးအံ့ဩစရာကောင်းတာပဲ"


ရွှီဖေးရွှယ်: "အနုပညာဌာနက ကျောင်းသားတွေကို စာကြည့်တိုက်က စီစဉ်ပေးတဲ့စွမ်းရည်တွေဟာ သိပ်မဆိုးပါဘူး… ဂီတကျောင်းက ကျွန်မရဲ့အဖွဲ့ဝင်တွေမှာလည်း ထိန်းချုပ်ရေးစွမ်းရည်တွေ အများကြီးရှိတယ်… မဟုတ်ရင် ကျွန်မတို့ ရှင်သန်ခြင်းသင်တန်းနဲ့ ကြုံတွေ့တဲ့အခါ ကျွန်မတို့တွေ အတော်လေး ဆိုးဆိုးရွားရွား ကျသွားလိမ့်မယ်"


စာကြည့်တိုက်ရှိ ပန်းချီကျောင်းသားများဟာ အဖွဲ့ထဲမှာ မှော်ဆရာများအဖြစ် နေရာယူထားပုံရသည်။ အနုပညာဌာနတွင် သူတို့၏ ပရော်ဖက်ရှင်နယ်ပညာရပ်များကို ပြသနိုင်သည့်အပြင် အခြားသောဌာနများ၏ လွတ်မြောက်ခြင်း သင်တန်းများတွင် အဖွဲ့ဝင်များအား ကူညီရန် နယ်မြေကိုလည်း ထိန်းချုပ်နိုင်သည်။


ဘာသာရပ်တစ်ခုစီတိုင်းတွင် ကောင်းမွန်သော စွမ်းရည်များရှိပြီး ၎င်းတို့ကို အသုံးပြုနိုင်သည်။ သို့ပေမဲ့ သူတို့တွေ စာကြည့်တိုက်ကို ဖြတ်ကျော်ရန် စာကြည့်တိုက်မှ ဖုံးကွယ်ထားသော အဓိကစည်းမျဉ်းဖြစ်သည့် တစ်ယောက်နှင့်တစ်ယောက် အချင်းချင်း ပူးပေါင်းဆောင်ရွက်ဖို့ ဘာသာရပ်များစွာရှိရမည်ဖြစ်သည်။


ယွဲ့ရှင်းဝမ်: "အားလုံး တစ်ရေးတစ်မောပြန်အိပ်လို့ရတယ်… နေ့လယ် 1:30 မှာ ကိုးထပ်က အနုပညာဌာနမှာ တွေ့ကြမယ်"


နေ့လယ် 1:30 တွင် အားလုံးက ကိုးထပ်သို့ ရောက်လာကြသည်။


ရွှီဖေးရွှယ်၏လက်ရှိတိုးတက်မှုသည် ခြောက်ထပ်တွင်ရှိသော်လည်း X အဖွဲ့ဝင်၏အထောက်အထားသည် သူမ၏ဓာတ်လှေကားအတည်ပြုခြင်းကို ကျော်ဖြတ်ပြီး ယွဲ့ရှင်းဝမ်နှင့်အခြားသူများကိုကူညီဖို့ ‌ကိုးထပ်ဆီလိုက်နိုင်သည်။


အနုပညာဌာန၏ သင်တန်းရွေးချယ်ရေးစင်တာပုံစံက အလွန်ထူးခြားပါသည်။ နံရံများကို ကမ္ဘာကျော်ပန်းချီကားများဖြင့် ဖုံးအုပ်ထားပြီး ခန်းမအလယ်တွင် အဖြူရောင်စန္ဒရားတစ်လုံးရှိသည်။ ယွဲ့ရှင်းဝမ်သည် အရှေ့သို့ ခြေတစ်လှမ်းတိုးကာ သင်တန်းရွေးချယ်ရေးတက်ဘလက်ကို ဖွင့်လိုက်ပြီး ပထမသင်တန်း၏ သင်တန်းအချက်အလက်က လူတိုင်းရှေ့တွင် ပေါ်လာသည်——


[မသင်မနေရသင်တန်း: ပန်းချီထဲပုံရိပ်ယောင်]


[ဌာန: အနုပညာဌာန]


[Credits: 4]


[စာမေးပွဲခန်းစည်းမျဉ်းများ: စာမေးပွဲခန်းရှိ အများဆုံးလူဦးရေမှာ 12 ဦး(X အဖွဲ့ဝင်များ မပါဝင်ပါ)]


[သင်တန်းဖော်ပြချက်: စိတ်ကူးယဉ်ပန်းချီများသည် စကားလုံးများဖြင့် ဖော်ပြရန်ခက်ခဲသည်။]


[စာမေးပွဲလိုအပ်ချက်များ: ပုံရိပ်ယောင်ပဟေဠိများကို ဖြေရှင်းပါ။]


[မှတ်ချက်: အဖွဲ့တွင် ပန်းချီနှင့်ပတ်သက်သော ဘာသာရပ်မှ အဖွဲ့ဝင်များရှိသင့်သည်ဟု အကြံပြုပါသည်။]


[သင်တန်းရွေးချယ်မှုကို အတည်ပြုပါ: Yes/No]


သင်တန်းအချက်အလက်ကို မြင်သောအခါ လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။


ပဟေဠိကိုဖြေရှင်းရန်ဖြစ်သောကြောင့် ဤသင်တန်းသည် "ပန်းချီ" နှင့်သက်ဆိုင်သော ကျိုးကြောင်းဆင်ခြင်ခြင်းသင်တန်းများလား။


#TK