Chapter 194
Viewers 23k

Volume 9 : ပထဝီဝင်ဌာန


Chapter 194 (မြို့ပြစီမံကိန်း ၀၃)


8 နာရီအတွင်း မြို့တစ်မြို့လုံး၏ စီမံကိနနှင့် ဒီဇိုင်းကို အပြီးသတ်ရန် အချိန်က အလွန်ကြပ်တည်းသည်။ စာကြည့်တိုက်မှ ပေးထားသည့် သဲစားပွဲသည် ဘောလုံးကွင်းအရွယ်အစား 7,000 စတုရန်းမီတာ ကျယ်ဝန်းသည်။ လမ်းတွေတင်မကဘဲ အဆောက်အဦးတွေအားလုံးကို သူတို့က လူကိုယ်တိုင် စုစည်းပေးရမည်။


ပတ်ဝန်းကျင်မှာ အရောင်မျိုးစုံရှိသော အဆောက်အဦးတုံးတွေရှိပြီး ခယ်ရှောင်ပင်းက ခဏလောက် ဂရုတစိုက်ကြည့်ပြီး ပြောလိုက်သည်။ 

"ဒီအဆောက်အဦးတွေကို လွတ်လပ်စွာ ထားလို့ရတယ်… ငါတို့တွေ လူအနည်းငယ်လောက် ထွက်လာပြီး ဗိသုကာပုံစံတွေကို အရင်ဆောက်သင့်တယ်လို့ ငါထင်တယ်… မြို့တစ်ခုလုံးမှာ အဆောက်အဦးတွေ အများကြီးလိုပြီး ဒီဇိုင်းတွေအကုန်ပြီးမှ ထားမယ်ဆိုရင် အချိန်က အရမ်းနောက်ကျသွားမှာကို ငါစိုးရိမ်မိတယ်" 


ယွဲ့ရှင်းဝမ်သည် ခဏလောက်စဉ်းစားပြီး အလုပ်အားခွဲဝေရန် အမြန်စတင်ခဲ့သည်။

"ဒီအတိုင်းဆိုရင် မြို့မြောက်ဘက်မှာ တက္ကသိုလ်မြို့ကို ချင်လုကို ကိုင်တွယ်ခိုင်းမှာဖြစ်ပြီး အတွင်းပိုင်း လမ်းကြောင်းဒီဇိုင်းနဲ့ တက္ကသိုလ်တစ်ခုလုံးရဲ့ဒီဇိုင်း ဗိသုကာလက်ရာတွေအတွက် မင်းကိုတာဝန်ယူခိုင်းလိုက်မယ်" 


ချင်လုက တွေးတောပြီး ပြောလိုက်သည်။

"ငါ တက္ကသိုလ်ငါးခု ဆောက်ချင်တယ်… မင်ကျိုးတက္ကသိုလ်၊ မင်ကျိုးဆေးပညာတက္ကသိုလ်၊ သိပ္ပံနှင့်နည်းပညာတက္ကသိုလ်၊ ဆရာဖြစ်သင်တန်းတက္ကသိုလ်နဲ့ အထူးပြုအသက်မွေးဝမ်းကျောင်းနှင့် စက်မှုသိပ္ပံတက္ကသိုလ်ဆိုရင်ကော"


ယွဲ့ရှင်းဝမ်က အပြုံးဖြင့်ပြောသည်။

"မင်းက တက္ကသိုလ်မြို့ကို ကြီးကြပ်သူဆိုတော့ မင်းစိတ်ကြိုက် စီစဉ်လို့ရတယ်"


ချင်လုသည် ချက်ချင်းပင် စိတ်လှုပ်ရှားစွာ သဲစားပွဲ၏ မြောက်ဘက်သို့ ပြေးသွားပြီး မြေကွက်တစ်ကွက်ကို ရွေးကာ တုံးများ စတင်တည်ဆောက်လိုက်သည်။


ချင်မြောင်က အစပြုကာ သူမလက်ကို မြှောက်လိုက်သည်။

"ရှောင်လုက မြို့မြောက်ဘက်မှာရှိတဲ့ တက္ကသိုလ်မြို့ကို တာဝန်ယူထားတာဆိုတော့ ငါက တစ်မြို့လုံးမှာရှိတဲ့ မူလတန်းနဲ့ အလယ်တန်းကျောင်းတွေကို ငါတာဝန်ယူလိုက်မယ်… သူမဘက်က ဆောက်လို့ပြီးရင် သူမ ငါ့ဆီလာပြီးကူညီပေးနိုင်တယ်"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်လိုက်သည်။

"ကိစ္စမရှိပါဘူး… တစ်မြို့လုံးမှာရှိတဲ့ ကျောင်းတွေအားလုံးကို မင်းတို့ညီအစ်မနှစ်ယောက်ဆီ အပ်လိုက်ပြီ"


ယွဲ့ရှင်းဝမ်က ဆက်လက်ပြီး လျှိုကျောက်ချင်းကို ကြည့်ကာ ပြောလိုက်သည်။

"စီနီယာအစ်ကိုလျှိုက ဆေးရုံကို တာဝန်ယူလိုက်ပါ… မြို့အဆင့် တတိယတန်းစားဆေးရုံ၊ ခရိုင်အဆင့် ဒုတိယတန်းစားဆေးရုံ၊ စိတ်ရောဂါဆေးရုံ၊ ကူးစက်ရောဂါဆေးရုံ၊ ရပ်ကွက်ကူးစက်ရောဂါကာကွယ်ရေး ဌာနတွေ၊ ဆေးခန်းတွေ စသဖြင့်ပေါ့… ဗိသုကာပုံစံကိုလည်း စီနီယာအစ်ကိုကို ဆောက်ခိုင်းဖို့ ဒုက္ခပေးရဦးမယ်"


လျှိုကျောက်ချင်းက အပြုံးဖြင့် ပြောလိုက်သည်။

"အင်း… ငါ အလုပ်လုပ်နေတဲ့ဆေးရုံကို ရည်ညွှန်းပြီး ဒီဇိုင်းထုတ်လိုက်မယ်… ပြင်ပလူနာအဆောက်အဦး၊ အတွင်းလူနာဌာနဲ့ စတာတွေကို ဒီလိုပုံစံဖြစ်အောင် ငါကြိုးစားလိုက်မယ်… ငါက ဆေးရုံရဲ့ တည်နေရာကို ကိုယ်စားပြုဖို့ ကြက်ခြေခတ်ပုံသဏ္ဌာန် သင်္ကေတကို သဲစားပွဲမှာ ရေးဆွဲလိုက်မယ်… မင်းတို့ ငါ့အတွက် နေရာချန်ထားပေးဖို့ မမေ့နဲ့နော်"


လန်ယာရုန်က အစပြုကာ သူမလက်ကို မြှောက်လိုက်သည်။

"အများပြည်သူ၊ တရားစွဲဆိုမှုနဲ့ ဥပဒေအတွက် ငါတာဝန်ယူမယ်… မြို့တော်အစိုးရနဲ့ အစိုးရဌာနတွေကိုလည်း ငါ့လက်ထဲအပ်လိုက်ပါ… အဲဒါတွေကို ငါပိုပြီးနားလည်တယ်"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်ပြီး ပြောသည်။

"ကောင်းပြီ… အားလုံး အလုပ်ကြိုးစားကြပါ… အလုပ်များတဲ့ကျောင်းသားတွေ မြန်မြန်လုပ်ကြ"


လူပေါင်းများစွာက သီးခြားစီ စတင်လုပ်ကိုင်ကြသည်။


သူတို့ကို စာကြည့်တိုက်မှ ပံ့ပိုးပေးသော အဆောက်အဦးတုံးများသည် အလွန်ကြီးမားပြီး ၎င်းတို့ကို စုစည်းရန် အလွန်အဆင်ပြေကြောင်း ယွဲ့ရှင်းဝမ်က တွေ့ရှိခဲ့သည်။ ဥပမာအားဖြင့် အဆောက်အဦးများကို အလွှာလိုက်လုပ်ထားသော ပုံစံခွက်များဖြင့် ပြုလုပ်ထားသည်။ သူတို့ ဘယ်နှစ်ထပ်ဆောက်ချင်သလဲ တိုက်ရိုက်စုစည်းလို့ရသည်။ 


ဒါက သိသာထင်ရှားစွာ အချိန်ကို သက်သာစေပါသည်။ Lego ကဲ့သို့ဆိုလျှင် ၎င်းသည် သေးငယ်သော အဆောက်အဦးအပိုင်းအစများနှင့် ပြည့်နေကာ အဆောက်အဦးတစ်ခုတည်ဆောက်ရန် သုံးရက် သို့မဟုတ် လေးရက်ကြာမည်ဖြစ်ပြီး မြို့တစ်ခုလုံး၏ ဒီဇိုင်းကို 8 နာရီအတွင်း အပြီးသတ်ရန် မဖြစ်နိုင်ပေ။


ယွဲ့ရှင်းဝမ်သည် သူ၏အဖွဲ့ဝင်များက မိနစ်ဝက်အတွင်း အဆောက်အဦးတစ်ခုကို စုစည်းထားသည်ကို တွေ့ရှိသောအခါ စိတ်သက်သာရာရသွားသည်။


သူက အလုပ်မရှိသော အတန်းဖော်များကို ကြည့်ကာ ဆက်ပြောသည်။

"လူနေရပ်ကွက်ဧရိယာက ပိုရှုပ်ထွေးတယ်… ငါတို့လည်း အဆောက်အဦးကို ကြိုပြီးစုစည်းရမယ်… စီနီယာအစ်ကိုရွှီက အရှေ့ပိုင်းခရိုင်တာဝန်ခံဖြစ်ပြီး အနောက်ခရိုင်က စီနီယာအစ်ကိုကျို၊ မြောက်ပိုင်းခရိုင် စီနီယာအစ်မမန့်လော်နဲ့ တောင်ပိုင်းခရိုင်က ရှင်းယန်တို့ပဲ… နာမည်တွေကို အရင်မရေးနဲ့ဦး… အကုန်လုံးကို ဆောက်ပြီးမှ နာမည်မထပ်အောင် တညီတညာနာမည်ပေးမယ်"


မြောက်ခရိုင်တွင် 'တက္ကသိုလ်မြို့' ၏ ဧရိယာကျယ်သော ကြောင့် လူနေရပ်ကွက်နည်းပါးသည်။ ယွဲ့ရှင်းဝမ်သည် မြောက်ပိုင်းခရိုင်၏အတော်လေးပေါ့ပါးသောတာဝန်ကို လင်းမန့်လော်ကိုတာဝန်ယူခိုင်းရသည့်အကြောင်းအရင်းမှာ လင်းမန့်လော်သည် အဆုံးတွင် မြို့တစ်ခုလုံး၏စိမ်းလန်းစိုပြေမှုကို ဒီဇိုင်းဆွဲရသောကြောင့်ဖြစ်သည်။


လူနေရပ်ကွက်တာဝန်ခံ ကျောင်းသားလေးဦးတို့ တွေ့ဆုံပြီး ဆွေးနွေးခဲ့ကြရာ ကျိုဖုန်းက ပြောလိုက်သည်။

"ငါတို့မြို့က တတိယအဆင့်မြို့ပဲ… အချိန်ကုန်သက်သာဖို့အတွက် လူနေရပ်ကွက်ကို အထပ် 18 နဲ့ အထပ် 20 ရှိတဲ့ အထပ်မြင့် အဆောက်အဦးငယ်တွေ ပိုဆောက်လိုက်လို့ရတယ်"


လင်းမန့်လော်က အကြံပြုသည်။

"မြို့အရှေ့ဘက်ဧရိယာက မြစ်နဲ့နီးကပ်တာကြောင့် မြစ်ရှုခင်းအိမ်နဲ့ မြစ်ရှူခင်းစံအိမ်ကြီးတွေလိုမျိုး တန်ဖိုးကြီးအိမ်ရာတွေကို ဒီဇိုင်းဆွဲနိုင်တယ်"


ရွှီယိရှန်းက အပြုံးဖြင့် ပြောလိုက်သည်။

"ငါက စံအိမ်ကြီးတွေ ဒီဇိုင်းဆွဲရာမှာ အရမ်းကောင်းတယ်… ငါက ပိုပြီးထူးခြားတဲ့ ဥရောပစတိုင်အိမ်ကြီးတွေနဲ့ တရုတ်စတိုင်ဥယျာဉ်အိမ်ကြီးတွေကို ဒီဇိုင်းဆွဲနိုင်တယ်… အချိန်ကျလာတဲ့အခါ မန့်လော်က စိမ်းလန်းစိုပြည်အောင် ကူညီပေးပေါ့"


လင်းမန့်လော်က ခေါင်းငြိမ့်လိုက်သည်။

"ကိစ္စမရှိဘူး… နင် အိမ်အရင်ဆောက်လိုက်"


ရှင်းယန်က တည်ငြိမ်စွာ ပြောသည်။

"မြို့တောင်ဘက်ခြမ်းမှာ ကြည့်ရတာ အတော်လေးသပ်ရပ်အောင် အထပ်မြင့် 24 ထပ်ကို တစ်စုတစ်စည်းတည်း ဆောက်လိုက်မယ်"


သူတို့လေးယောက်က လူနေအဆောက်အဦးပုံစံငယ်ကို မြန် မြန်ဆန်ဆန် ဆောက်ခဲ့သည်။ ယွဲ့ရှင်းဝမ်သည် တစ်ချက်ကြည့်လိုက်ပြီး ဤမြင်ကွင်းက 'သူငယ်တန်းကလေးများ စုပေါင်းတည်ဆောက်ခြင်း'နှင့် အတော်လေးဆင်တူပြီး သူတို့၏ငယ်စဉ်ကလေးဘဝအကြောင်းကို ပြန်တွေးကြည့်မိသည်။ သူ၏ငယ်စဉ်ကလေးဘဝကို ပြန်တွေးကြည့်တော့ ကစားခဲ့သော အတုံးများက ဒီနေ့လောက်မများပေ။


ဤသင်တန်းတွင်ရှိသော လူတိုင်းသည် အဆောက်အဦးများ၊ လမ်းများ၊ ပန်းခင်းများ၊ သစ်ပင်များ၊ မြစ်များ အကြောင်းမဆိုထားနှင့် 'ဆောက်လုပ်ရေးအတုံးများ'စွဲလမ်းမှု လုံလုံလောက်လောက်ရှိသည်ဟု မှတ်ယူနိုင်ပြီး ကြီးမားသောပုံစံငယ်များကို တွေ့နိုင်သည်။


ယွဲ့ရှင်းဝမ်သည် ယခင်က အိမ်ပုံစံဂိမ်းကို တစ်ခါမှ မကစားဖူးဘဲ ယနေ့တွင် သူသည် ဤဂိမ်း၏ စွဲဆောင်မှုကို ရှာဖွေတွေ့ရှိသူအဖြစ် မှတ်ယူနိုင်ပါသည်။


—— မြို့တစ်မြို့ကို ကိုယ်တိုင်ဖန်တီးပြီး သဲစားပွဲပေါ်မှာ အဆောက်အဦးများ တက်လာတာကို ကြည့်ရတာ တကယ် ကို အကျိုးရှိပါသည်။


တာဝန်မရှိသေးသူများမှာ ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့ဖြစ်သည်။


ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်ကို ကြည့်ကာ ပြောလိုက်သည်။

"တတိယတန်းမြို့မှာ မီးရထားဘူတာရုံတွေ၊ ဘတ်စ်ကားဂိတ်တွေနဲ့ လေဆိပ်တွေရှိလား"


ကျန်းဖျင်စစ်: "အင်း… ဒီသယ်ယူပို့ဆောင်ရေး အဆောက်အဦးတွေနဲ့ အဲဒါက နောက်ဆုံးလက်ခံမှု ရမှတ်ကို တိုးလာနိုင်တယ်…"


ယွဲ့ရှင်းဝမ်က ပြုံးပြီး ပြောလိုက်သည်။

"ဒါဆို အရင်ဆုံး လေဆိပ်ကို အတူတူဆောက်ရအောင်"


ကျန်းဖျင်စစ်က လမ်းစီမံကိန်းမြေပုံကို ကောက်ကိုင်လိုက်ပြီး ၎င်းကိုကြည့်ကာ ပြောသည်။

"ငါက မြို့ရှောင်လမ်းမကြီးကို တောင်ဘက်အထိ တိုးချဲ့ပြီး မြေပြန့်အနေအထားရှိတဲ့ တောင်ဘက် ဆင်ခြေဖုံးမှာ လေဆိပ်တစ်ခုဆောက်မယ်… သီးခြားမြန်နှုန်းမြင့် ဝင်ပေါက်နဲ့ ထွက်ပေါက်နဲ့အတူ မြို့အပြင်ဘက်မှာ စီစဉ်ထားတဲ့ မီးရထားလမ်း အနည်းငယ်ပါရှိတဲ့ မီးရထားဘူတာရုံကိုလည်း ဒီနေရာမှာ တည်ဆောက်နိုင်တယ်… ဘတ်စ်ကားဂိတ်ကို မြို့မြောက်ဘက်မှာ ဆောက်နိုင်ပြီး ဘတ်စ်ကားမှတ်တိုင်ကိုတော့ လမ်းတိုင်းမှာ တစ်ခုထားရှိရမယ်"


အမြန်လမ်းခင်းနေသော ခယ်ရှောင်ပင်းသည် သူတို့နှစ်ယောက်ကြား ဆွေးနွေးမှုကို ကြားလိုက်သဖြင့် မနေနိုင်စွာ ညည်းညူလိုက်သည်။

"မဖြစ်နိုင်ဘူး… ဘတ်စ်ကားတွေကိုတောင် ဒီဇိုင်းထုတ်ရမှာလား… ‌ဒါက အရမ်းခက်လွန်းတယ်"


ယွဲ့ရှင်းဝမ်က အကူအညီမဲ့နေသည်။

"နောက်ဆုံးအကဲဖြတ်ရမှတ် မြင့်ဖို့အတွက် မြို့ပြစီမံကိန်းကို အသေးစိတ်‌လေ ပိုကောင်းလေပါပဲ"


ကျောင်းသားများက အရှိန်မြှင့်ခဲ့ကြသည်။


ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် လေဆိပ်ကို ပထမဆုံးတည်ဆောက်ရန် တောင်ပိုင်းဆင်ခြေဖုံးသို့ ရောက်လာကြသည်။


နှစ်ယောက်စလုံးက မြေပြင်ပေါ်တွင် အတူထိုင်ကာ လေယာဉ် ရပ်နားကွင်း၊ ဂိတ်အဆောက်အဦးကို နားလည်စွာပူးပေါင်းဆောင်ရွက်ကာ လေဆိပ်ပုံစံအတိုင်း တည်ဆောက်ခဲ့သည်။ ကျန်းဖျင်စစ်သည် လေယာဉ်ပျံတက်ခြင်းနှင့် ဆင်းသက်ခြင်းအတွက် ဒီဇိုင်းထုတ်ထားပြီး ယွဲ့ရှင်းဝမ်သည်လည်း ပုံစံငယ်လေယာဉ်တချို့ကို ရပ်နားကွင်းတွင် ထားရှိခဲ့သည်။


လေဆိပ်ပြီးသွားတော့ နှစ်ယောက်စလုံး မီးရထားဘူတာရုံကို ပြောင်းသွားသည်...


ဘောလုံးကွင်းအရွယ်နီးပါး သဲစားပွဲပေါ်တွင် ကျောင်းသား 12 ဦးသည် လေးနက်သော ဆောက်လုပ်ရေးအဖွဲ့ကဲ့သို့ အလုပ်ရှုပ်နေကြသည်။


ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် လေဆိပ်၊ မီးရထားဘူတာရုံ၊ ဘတ်စ်ကားဂိတ်နှင့် မြို့တွင်းဘတ်စ်ကားမှတ်တိုင်များကို တစ်နာရီကြာ ပြုလုပ်ခဲ့သည်။ ဘူတာရုံများအားလုံးသည် ဘယ်ညာတွင် ထိုင်ခုံတန်းများပါသည့် ယူနီဖောင်းပုံစံငယ်ကို အသုံးပြုထားပြီး၊ မိုးမရွာစေရန် အကြည့်ရောင်အဆောက်အဦးတစ်ခုနှင့် ဘတ်စ်ကားနှင့် ပတ်သက်သည့် အချက်အလက်များကို ရေးသားရန်အတွက် အဆောက်အဦးဘေးတွင် ဗလာပါသောဆိုင်းဘုတ်ကို အသုံးပြုထားသည်။


တစ်ချိန်တည်းမှာပင် ခယ်ရှောင်ပင်းနှင့် ကျန်းရှောင်နျန်တို့သည် ကျန်းဖျင်စစ်မှ စီစဉ်ပေးသော လမ်းစီမံကိန်းမြေပုံအရ မြို့တစ်ခုလုံးကို လမ်းခင်းခြင်း ပြီးစီးခဲ့သည်။


အခြားသူများကလည်း ဒီအချိန်မှာ အဆောက်အဦးတွေ အများကြီးဆောက်ပြီး လမ်းပြီးသွားသောအခါ လူတိုင်းက လမ်းဘေးတလျှောက် လူနေရပ်ကွက်များ ဖြည့်လာသည်။ ရှင်းယန်သည် မြို့၏တောင်ဘက်ရှိ သပ်ရပ်သော အထပ်မြင့်အဆောက်အဦးကြီးများကို လျင်မြန်စွာဖြည့်စွက် အချိန်ကုန်သက်သာစေရန်အတွက် အဆောက်အဦး 30 ကျော်ရှိသည့် လူနေရပ်ကွက်ကြီးနှစ်ခုကို တည်ဆောက်ခဲ့သည်။


မြို့အရှေ့ဘက်ရှိ မြစ်ကမ်းစပ်တွင် ပန်းချီပုံစံက လုံးဝကွဲပြားသည်– ရွှီယိရှန်းသည် သူ့မျက်နှာပေါ်ရှိအပြုံးဖြင့် စိတ်ရှည်သည်းခံကာ အိမ်ကြီးများကို ဆောက်လုပ်နေသည်။ သူလုပ်ထားသည့် တရုတ်ဥယျာဉ်မြစ်ရှုခင်းစံအိမ်ကြီးတိုင်းက အလွန်လက်ရာမြောက်ပြီး ဥရောပစံအိမ်ကြီးများက ဇိမ်ကျကာ တစ်ချက်ကြည့်လိုက်ရုံဖြင့် တကယ်ကို မျက်စိကျစရာကောင်းသည်။


အားလပ်နေသော ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် ခရိုင်တစ်ခုစီတွင် စည်ပင်သာယာရေးစင်တာများ စတင်တည်ဆောက်ခဲ့ကြသည်။


ဈေးဝယ်ခြင်းနှင့်ပတ်သက်၍ ကျန်းရှောင်နျန်နှင့် ခယ်ရှောင်ပင်းတို့ထံ အပ်ခဲ့သည်။


ယွဲ့ရှင်းဝမ်က အပြုံးဖြင့်ဆိုသည်။

"ရှောင်ခယ်က အစားအသောက်မှာ အရမ်းတော်တာဆိုတော့ လမ်းဘေးအစားအသောက်ဆိုင် အနည်းငယ်ဆောက်ပြီး မြို့ခံတွေ နေ့စဉ် စားသောက်ပြီး ဈေးဝယ်ထွက်တာကို အခြေခံပြီးတော့ ဈေးဝယ်စင်တာတချို့၊ လယ်သမားတွေရဲ့ဈေးတွေနဲ့ ဌာနဆိုင်ရာ စတိုးဆိုင်တချို့ကို ပြန်ဖန်တီးလိုက်ပေါ့"

လမ်းခင်း၍ပြီးသော ကျန်းရှောင်နျန်နှင့် ခယ်ရှောင်ပင်းတို့သည် ထပ်မံအလုပ်ရှုပ်နေပြန်သည်။


အချိန်တွေက တစ်မိနစ်ပြီးတစ်နစ် ကုန်သွားသလို မူလက အလွတ်သဲစားပွဲပေါ်မှာ အဆောက်အဦးတစ်ခုပြီးတစ်ခု ပေါ်လာပြီး သူတို့မြို့ဟာ တဖြည်းဖြည်းနဲ့ ပုံသဏ္ဌာန်ပေါ်လာသည်။


လေးနာရီအကြာတွင် ယွဲ့ရှင်းဝမ်သညိ လူတိုင်းလက်ထဲတွင်ရှိသော အလုပ်များကို ခေတ္တရပ်ခိုင်းပြီး ပထမအဆင့်၏ ရလဒ်များကို ရိုးရိုးရှင်းရှင်း လက်ခံရန် စတင်ခဲ့သည်။


မြောက်ပိုင်းခရိုင်ရှိ ချင်လုမှ ဒီဇိုင်းထုတ်ထားသော တက္ကသိုလ်မြို့က အလွန်လှပသည်။ မတူကွဲပြားသော တက္ကသိုလ်များကို ဆေးတက္ကသိုလ်များအတွက် အဖြူရောင် အဆောက်အဦးများ၊ သိပ္ပံနှင့်နည်းပညာအတွက် သံမှိုရောင် အဆောက်အဦးများ၊ လန်းဆန်းစေသော အပြာနှင့်အဖြူစတိုင် စုပေါင်းကျောင်း၊ အဝါရောင်နှင့် အညိုရောင်ရှိသော အသက်မွေးဝမ်းကျောင်းများ၊ အုတ်နီခဲအရောင်ရှိသော ဆရာဖြစ်သင်တန်းတက္ကသိုလ်များဖြင့် တက္ကသိုလ်များသည် တစ်ချက်ကြည့်လိုက်ရုံနဲ့ ရှင်းလင်းပြတ်သားသည်။


ချင်မြောင်နှင့် သူမသည် အမြွှာဖြစ်ထိုက်သူဖြစ်ပြီး ညီအစ်မများ၏တွေးခေါ်မှုမှာ အံ့ဩစရာကောင်းလောက်အောင် ကိုက်ညီနေပါသည်။ အလယ်တန်းကျောင်းများနှင့် မူလတန်းကျောင်းများကို ဒီဇိုင်းဆွဲသည့်အခါ ချင်မြောင်သည် ဧရိယာတစ်ခုစီရှိ ကျောင်းကို ခွဲခြားရန် အရောင်ကိုလည်း အသုံးပြုခဲ့သည်။ ကျောင်းသည် အားကစားကွင်းများ၊ အိပ်ဆောင်များ၊ စာသင်ခန်းများ၊ စာကြည့်တိုက်များနှင့် အခြားအသေးစိတ်အချက်အလက်များကိုလည်း ရေးဆွဲကာ ကျောင်းအဆောက်အဦးအများစုမှာ မတူသောကြောင့် သူတို့နှစ်ဦး၏ ရည်ရွယ်ချက်ကို ပြသခဲ့သည်။


စီနီယာအစ်မလန်မှ တည်ဆောက်ထားသော ရှေ့နေချုပ်ရုံး၊ တရားရုံးနှင့် ပြည်သူ့လုံခြုံရေးဗျူရိုတို့သည် တကယ့် အဆောက်အဦးများနှင့် အလွန်ဆင်တူပြီး ခမ်းနားထည်ဝါလှသည်။


လူနေရပ်ကွက်လေးခု၊ စည်ပင်သာယာရေးစင်တာများ၊ အစိုးရရုံးနှင့် ဆေးရုံများလည်း ပြီးစီးနေပြီဖြစ်သည်။


ပြောင်းလဲတာ 4 နာရီကြာပြီးနောက် သဲစားပွဲက ထူထပ်လာသည်။


ယွဲ့ရှင်းဝမ်သည် လူတိုင်းအစမှအဆုံးစီစဉ်ထားသည့် မြို့ကိုကြည့်ရှုပြီး ပြောလိုက်သည်။

"အခုအချိန်မှာ ရေစိုပန်းခြံတွေနဲ့ ရပ်ရွာစိမ်းလန်းစိုပြည်ရေးတွေ နည်းနေတုန်းပဲ… ဒီတာဝန်ကို စီနီယာအစ်မမန့်လော်က ညွှန်ကြားပြီး မိန်းကလေးသုံးယောက်ရဲ့အကူအညီနဲ့ လုပ်ဆောင်မယ်… မြို့လမ်းမကြီးရဲ့ တစ်ဖက်တစ်ချက်စီမှာ သစ်ပင်တွေစိုက်မယ်၊ ရပ်ကွက်ထဲမှာ ပန်းပင်တွေနဲ့ သစ်ပင်တချို့ရှိသလို တချို့ကျောက်ဆောင်တွေ၊ ရေကန်တွေ၊ စမ်းရေတွင်းတွေကို ပွင့်လင်းတဲ့နေရာမှာ လုပ်လို့ရတယ်"


ရေစိုဥယျာဉ်၏တည်နေရာကို ပထမစီစဉ်ထားချိန်တွင် သီးသန့်ထားခဲ့သောကြောင့် လင်းမန့်လော်သည် ၎င်းကိုဒီဇိုင်း ဆွဲရန် အလွန်အဆင်ပြေပါသည်။ မိန်းကလေးသုံးယောက်က သူမကို အတုံးပုံစံငယ်ကို ကူညီပေးခဲ့ပြီး လင်းမန့်လော်က ပန်းခြံထဲမှာ သစ်ပင်နဲ့ ပန်းများကို အမြန်စိုက်ခဲ့သည်။


ကျန်လူများက အနီးနားတွင် ရပ်ကာ ဂရုတစိုက် စောင့်ကြည့်နေကြသည်။


ယွဲ့ရှင်းဝမ်က ပြောလိုက်သည်။

"အခြားဘာတွေကျန်သေးလဲဆိုတာ အားလုံး တွေးကြည့်ပါဦး"


ကျန်းရှောင်နျန်သည် သဲစားပွဲကို ခဏလောက် စိုက်ကြည့် ရင်း ပြောလိုက်သည်။

"ကျွန်တော်တို့လမ်းအတွက် လူသွားလမ်းမရှိဘူး… လမ်းသွားလမ်းလာတွေအတွက် လမ်းလျှောက်ဖို့ နေရာမရှိဘူး"


လူတိုင်း: "..."


အိုး သွားပြီ… သူတို့တွေ လူသွားလမ်းကို မစဉ်းစားမိဘဲ လမ်းမကြီးတွေ အကုန်ခင်းလိုက်တယ်…


ခယ်ရှောင်ပင်းသည် တောင်ဘက်ရှိ လူနေရပ်ကွက်ကို ရုတ်တရက် ညွှန်ပြပြီး ပြောလိုက်သည်။

"ရှင်းယန်၊ မင်း လမ်းနှစ်ဖက်မှာ ဆိုင်တွေအတွက် ဒီဇိုင်းမဆွဲထားဘူးလား… အလုပ်ဆင်းရင် ဒေသခံတွေက လမ်းဘေးမှာ ခေါက်ဆွဲစားဖို့ နေရာမရှိတော့ဘူး"


ရှင်းယန်: "…"


သူသည် လမ်းဘေးမှာ ခေါက်ဆွဲမစားဖူးသည့်အတွက် 'လမ်းနှစ်ဖက်ခြမ်းမှာ ဆိုင်တွေရှိသင့်တယ်' ဆိုသည့် အသေးစိတ်အချက်ကို မစဉ်းစားမိခဲ့ဘူး။


ခယ်ရှောင်ပင်းက ပြောလိုက်သည်။

"အဆောက်အဦး ပထမတန်းရဲ့ ပထမထပ်နဲ့ ဒုတိယထပ်ကို အခြားအဆောက်အဦးတွေနဲ့ မတူဘဲ ဈေးဆိုင်တွေအဖြစ် သုံး‌လေ့ရှိတယ်… လမ်းပေါ်က အဆောက်အဦးပုံစံငယ်ကို နည်းနည်းပြောင်းလို့ရတယ်"


ကျိုဖုန်းက မျက်မှောင်ကြုတ်လိုက်သည်။

"ဒါဆို ငါတို့လည်း ပြောင်းရမှာပေါ့"


ရွှီယိရှန်း: "စံအိမ်က ပြောင်းစရာမလိုဘူး… ဆိုင်ခန်းလို စံအိမ်မျိုးမရှိဘူး သီးခြားဈေးဝယ်ပလာဇာကို ငါဆောက်လိုက်မယ်"


ယွဲ့ရှင်းဝမ်၏အကြည့်သည် မြို့သဲစားပွဲတစ်ခုလုံးကို လွှမ်းခြုံသွားပြီး ရုတ်တရက် ပြောလိုက်သည်။

"ဟုတ်သား… ရေနဲ့လျှပ်စစ်… ငါတို့မြို့မှာ ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံတွေ မရှိဘူး… မြို့မှာနေထိုင်တဲ့ လူတွေက ရေနဲ့ လျှပ်စစ်မီးမရှိရင် ဘယ်လိုနေမလဲ"


ကျန်းဖျင်စစ်က မျက်ခုံးပင့်လိုက်သည်။ 

"ဒါဆို ငါတို့ အင်တာနက်ချိတ်ဆက်စနစ်နဲ့ ဖုန်းလိုင်းအခြေစိုက်ဌာနတွေကိုလည်း တည်ဆောက်ဖို့လိုတယ်"


လူတိုင်း: "..."


သို့ဆိုလျှင် သူတို့ဆောက်ထားသောမြို့မှာ မြို့သူမြို့သားများ သွားလာသောအခါ လမ်းလျှောက်ရန် လူသွားလမ်းမရှိသဖြင့် ကားတိုက်ခံရလွယ်သော လမ်းမကြီးနှင့် ရင်ဆိုင်ရမည်၊ လမ်းဘေးမှာ မုန့်ဆိုင်များမရှိသဖြင့် ‌သူတို့တွေ ဗိုက်ဆာပါက အသီးအရွက်နှင့် အသားငါးများကို အိမ်မှာချက်ပြုတ်ရန် ဝယ်ရမည်၊ ကွန်ပျူတာများအတွက် အင်တာနက်မရှိသလို၊ ဖုန်းများအတွက် လိုင်းမရှိဘဲ အိမ်မှာ ရေနှင့် လျှပ်စစ်မီးလည်းမရှိပေ…


ဒါက ဘယ်လိုတစ္ဆေသရဲမြို့လဲ…


မြို့ပြစီမံကိန်းသည် လူတိုင်းထင်ထားတာထက် အများကြီး ပိုရှုပ်ထွေးပါသည်။


#TK