Volume 9 : ပထဝီဝင်ဌာန
Chapter 185 (ရေခဲခေတ် ၀၄)
ယွဲ့ရှင်းဝမ်သည် ဒီ"နွေးထွေးမှုအတွက်ပွေ့ဖက်ခြင်း"က အမှန်ပင် ကောင်းမွန်သောနည်းလမ်းဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ နှစ်ယောက်သားက တစ်ယောက်နဲ့တစ်ယောက် ပွေ့ဖက်လိုက်ကြပြီး ခန္ဓာကိုယ်အပူချိန်ကို တစ်ယောက်ကိုတစ်ယောက် ကူးပြောင်းသွားပြီး အိပ်ရာက တကယ်ကို တဖြည်းဖြည်းပူနွေးလာသည်။
ကျန်းဖျင်စစ်သည် အနာဂတ်မှာ သူသဘောသောလူနဲ့ လက်ထပ်ခဲ့မယ်ဆိုရင် သူ့ချစ်သူနဲ့ ဒီလိုမျိုးအိပ်မှာလားလို့ ရုတ်တရက် သူတွေးလိုက်မိသည်။ ဖျင်စစ်၏အေးစက်သောပင်ကိုယ်စရိုက်မျိုးနဲ့ ဘယ်လိုလူမျိုးကို သူသဘောကျမလဲ။ သူ သဘောကျသောလူကို လိုက်ပိုးဖို့ အစပြုမှာလား။
ကျန်းဖျင်စစ်ကဲ့သို့ ထူးချွန်သော ယောင်္ကျားလေးတစ်ယောက်အတွက် သူသည် အခြားသူများကို အမှန်တကယ်လိုက်ပိုးပါက ငြင်းဆန်နိုင်သော လူအနည်းငယ်သာ ရှိသင့်သည်မဟုတ်လော။ သင်္ချာဌာနတွင် သူ၏ ယောင်္ကျားလေးပရိသတ်နှင့် မိန်းကလေးပရိသတ်များဖြင့် ပြည့်နှက်နေပြီး သူ့ကို သဘောကျသည့် ဂျူနီယာညီမလေးတွေ မရေမတွက်နိုင်အောင် ရှိပါသည်။
ကျန်းဖျင်စစ်သည် အခြားလူတစ်ယောက်ကို သူ့ရင်ခွင်ထဲမှာ ပွေ့ဖက်ထားမည်ဟု ယွဲ့ရှင်းဝမ် တွေးလိုက်သောအခါ သူအဆင်မပြေသလို ခံစားလိုက်ရသည်။
နှစ်တွေကြာလာတာနဲ့အမျှ သူသည် အချစ်ရေးကိစ္စကို ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးဘူး။ ဟွာအန်းတက္ကသိုလ်သည် ပြည်တွင်း Top 3 အဓိကတက္ကသိုလ်တစ်ခုအနေဖြင့် သူ၏လေ့လာမှုများနှင့် အလွန်အလုပ်များနေပြီး သူ့ပတ်ဝန်းကျင်တွင် စာတော်သောအတန်းဖော်များ ဝန်းရံနေသည်။ သူ စာလေ့လာတာကို အာရုံမစိုက်ရင် သူ့အဆင့်များက လွယ်လွယ်နဲ့ ကျသွားလိမ့်မည်။ သူ၏အချိန်အများစုကို စာလေ့လာခြင်းမှာ အာရုံစိုက်ခြင်း၊ စာအုပ်များဖတ်ခြင်းဖြင့် ရည်းစားရှာဖို့ စိတ်မဝင်စားဘူး။
ထို့အပြင် သူသည် ကျန်းဖျင်စစ်နှင့် သူ၏ရှားပါးသော အားလပ်ချိန်များကို ကုန်ဆုံးခဲ့သည်။ self-study လေ့လာရန် စာကြည့်တိုက်သို့သွားခြင်း သို့မဟုတ် အားကစားကွင်း၌ ပြေးရန် သူတို့က အတူတူသွားခဲ့သည်။ သူသည် တက္ကသိုလ်ကျောင်းသားဘဝက ငြီးငွေ့စရာကောင်းတယ်လို့ ဘယ်တော့မှ မခံစားရဘဲ ကျန်းဖျင်စစ်နဲ့ ဘာကိုမဆို ပြောလေ့ရှိသည်။ သူ့အမြင်အရတော့ ဒီလိုလူယုံလေးတစ်ယောက်ရှိတာက သူ့အတွက် လုံလောက်ပါပြီ...
ဖျင်စစ်သည် တစ်နေ့မှာ ချစ်သူရှိခဲ့ရင် သူတို့၏ဆက်ဆံရေးက ဘယ်လိုမျိုးဖြစ်မလဲဆိုတာ သူဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး။ အရင်ကလို အရာအားလုံးကို စကားပြောနေကြဆဲဖြစ်ပြီး သူတို့မှာ ဘာမှလုပ်စရာမရှိရင် အတူတူ စာလေ့လာလို့ရပါ့ဦးမလား။
သေချာပေါက် မဟုတ်ဘူးပေါ့။ ထိုအချိန်တွင် ဖျင်စစ်သည် သူ့ချစ်သူနှင့် ဈေးဝယ်ထွက်ကာ ရုပ်ရှင်ကြည့်ရန် အချိန်ပိုပေးရမည်သောကြောင့် သူက အလယ်မှာ တတိယဘီး ဖြစ်နေမည်။
ယင်းကို တွေးပြီးနောက် ယွဲ့ရှင်းဝမ်သည် သူ့နှလုံးသားထဲတွင် မမြင်နိုင်သော ဆူးတစ်ခုကဲ့သို့ အမြဲတမ်း စိတ်မသက်မသာ ခံစားခဲ့ရသည်။ ကျန်းဖျင်စစ်နှင့် သူ၏ဆက်ဆံရေးက အလွန်ထူးခြားနေပြီး အခြားသူမဆိုထားနှင့် သူ့ချစ်သူတောင်မှ သူတို့၏ တိတ်ဆိတ်နားလည်မှုနှင့် ဟန်ချက်ညီမှုကို သူမဖျက်ဆီးစေချင်ဘူး။
သို့သော် ညီအစ်ကိုကောင်းတစ်ဦးသည် တစ်ဖက်လူက နားလည်မှုရှိကာ နူးညံ့ပြီး လှပသောဇနီးကို ရှာဖွေတွေ့ရှိပါက မင်္ဂလာဆောင်တွင် သတို့သားအရံအဖြစ် အချင်းချင်း ဆုတောင်းပေးသင့်သည်။ သို့ပေမဲ့ သူသည် ဖျင်စစ်က ချစ်သူရည်းစားရှာမှာကို လုံးဝမလိုလားခဲ့သလို သူတို့နှစ်ဦးကြားက ဆက်ဆံရေးမှာ အနှောင့်အယှက်ပေးမဲ့ တစ်စုံတစ်ယောက်ကိုတောင် ငြင်းပယ်ချင်သည်။
ကျန်းဖျင်စစ်ကို လက်ဝါးကြီးအုပ်လိုသော ထူးဆန်းသောဆန္ဒက သူ့မှာရှိနေပုံရသည်။
ဒါကိုတွေးရင်း ယွဲ့ရှင်းဝမ်က သူ့လက်ကို ဆန့်တန်းပြီး တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။ ကျန်းဖျင်စစ်သည် သူ့ရင်ခွင်ထဲမှ ရှင်းဝမ်က လက်နှစ်ဖက်ဖြင့် သူ့အား တင်းတင်းကျပ်ကျပ် ဖက်လာသည်ကို သတိပြုမိပြီး မနေနိုင်စွာ နူးညံ့သောအသံဖြင့် မေးလိုက်သည်။
"ဘာလို့လဲ… အရမ်းအေးနေတာလား"
ယွဲ့ရှင်းဝမ်က တိုးတိုးပြောခဲ့သည်။
"အဆင်ပြေပါတယ်"
ကျန်းဖျင်စစ်သည် ရှင်းဝမ်ကို ပို၍သက်တောင့်သက်သာ အိပ်ပျော်စေရန် သူ၏ကိုယ်ဟန်အနေအထားကို ချိန်ညှိခဲ့သည်။
သူ့ရင်ခွင်ထဲကလူက ခေါင်းကို သူ့ရင်ဘတ်ပေါ်တင်လိုက်ပြီး ဒီလိုယုံကြည်ရသော ပွေ့ဖက်မှုက ကျန်းဖျင်စစ်၏နှလုံးသားကို နူးညံ့စေခဲ့သည်။ ယွဲ့ရှင်းဝမ် အိပ်ပျော်နေပြီဟု သူထင်ခဲ့သော်လည်း ရှင်းဝမ်၏ အလွန်နူးညံ့သောအသံက သူ့ရင်ဘတ်မှ ရုတ်တရက်ထွက်ပေါ်လာသည်။
"ဖျင်စစ်… မင်း ရည်းစားရှာဖို့စီစဉ်နေလား"
ကျန်းဖျင်စစ်သည် ခဏလောက်တိတ်ဆိတ်နေရာမှ ပြောခဲ့သည်။
"မင်းဘာလို့ ရုတ်တရက်ကြီး ဒါကိုမေးရတာလဲ… မင်းက ချစ်ချင်နေတာလား"
ယွဲ့ရှင်းဝမ်: "အနှစ် 20 ကျော် single အဖြစ်နေခဲ့ပြီးနောက် ချစ်တယ်ဆိုတာနဲ့ ပတ်သက်ပြီး ငါနည်းနည်းတော့ သိချင်မိတယ်" ယွဲ့ရှင်းဝမ်က ခေတ္တရပ်ပြီး သူ့အသံက ရုတ်တရက် တိုးသွားသည်။ "ငါတွေးနေတာကလေ အနာဂတ်မှာ ငါတို့နှစ်ယောက်က ချစ်သူကိုယ်စီရပြီး အိမ်ထောင်ပြုပြီးရင် ငါတို့တွေ လက်ရှိဆက်ဆံရေးကို ဆက်ထိန်းထားနိုင်ပါ့မလား… မင်းမှာ မိန်းမရှိလာရင် ငါ့ကို လျစ်လျူရှုမှာလား… ဘွဲ့ရပြီးတဲ့အခါ ငါတို့မှာ ကိုယ်ပိုင်လမ်းတွေရှိလာပြီး နှစ်ဝက်လောက်ကြာအောင် အဆက်အသွယ်မလုပ်ဘဲ တစ်ယောက်နဲ့တစ်ယောက် မေ့သွားမှာ"
ကျန်းဖျင်စစ်က သူ့လက်ကိုဆန့်ပြီး တစ်ဖက်လူ၏ဆံပင်များကို ညင်သာစွာ ပွတ်သပ်လိုက်သည်။
"ဘာလို့ အဓိပ္ပါယ်မရှိတာတွေ ပြောနေရတာလဲ"
ယွဲ့ရှင်းဝမ်က သက်ပြင်းချလိုက်သည်။
"သူငယ်ချင်းတစ်ယောက်က ဘယ်လောက်ပဲ ကောင်းနေပါစေ ဆက်သွယ်တာနည်းလာရင် ဆက်ဆံရေးတွေ ပျက်ပြားသွားလိမ့်မယ်… ငါ့အဖေက တက္ကသိုလ်မှာ အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်… နောက်ပိုင်း မတူညီတဲ့မြို့တွေမှာ အလုပ်လုပ်ကြပြီး ဆယ်နှစ်ကျော်လောက် မတွေ့ဖြစ်ကြတော့ဘဲ တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်မရတော့ဘူး"
ဒါကိုပြောရင်း ယွဲ့ရှင်းဝမ်၏မျက်လုံးများက ရုတ်တရက် နီရဲလာသည်။
"ငါတို့နှစ်ယောက်က တစ်ယောက်က သင်္ချာ၊ တစ်ယောက်က တရုတ်ဘာသာစကား… ငါတို့က အစကတည်းက မတူညီတဲ့ ဘာသာရပ်တွေဖြစ်ပြီး အနာဂတ်မှာလည်း သေချာပေါက် အတူတူအလုပ်တွဲလုပ်ရမှာ မဟုတ်ဘူး…"
ကျန်းဖျင်စစ်က ထိုအချက်ကို အကြာကြီး တွေးနေခဲ့သည်။
သူသည် ရှင်းဝမ်ကို သဘောကျကြောင်း သိသွားပြီးကတည်းက သူ့ဘဝအစီအစဉ်ကို ပြောင်းလဲခဲ့သည်။ မူလက အရှေ့တောင်ဘက်ကမ်းရိုးတန်းရှိ ကျိုတိုတက္ကသိုလ်အတွက် သူလျှောက်ထားလိုခဲ့သည်။ သို့ပေမဲ့ အထက်တန်းကျောင်း စီနီယာနှစ်မှာ ရှင်းဝမ်က ဟွာအန်းတက္ကသိုလ်ကို ဝင်ခွင့်လျှောက်ခဲ့မှန်း သူကြားတော့ မြောက်ဘက်စွန်းမှာရှိသော ဟွာအန်းတက္ကသိုလ်၏ သင်္ချာဌာနကို သူပြောင်းခဲ့သည်။
သူသည် တက္ကသိုလ်တွင် ထူးချွန်သောအဆင့်များရရှိရန်နှင့် ဘွဲ့လွန်ကျောင်းတွင် နေရာတစ်ခုရရှိရန် သူ့ကိုယ်သူ တွန်းအားပေးဖို့ ကြိုးစားခဲ့သည်။ ထိုအချိန်တွင် ရှင်းဝမ်လည်း ဘွဲ့လွန်ကျောင်းကို တက်ရောက်နိုင်ပြီး သူတို့သည် ဟွာအန်းတက္ကသိုလ် ဘွဲ့လွန်ကျောင်း၏ ကျောင်းနေဖက်များအဖြစ် သုံးနှစ်ကြာ ဆက်လက်ရပ်တည်နိုင်သည်။
ဘွဲ့လွန်ကျောင်းပြီးသောအခါ သူတို့နှစ်ဦးစလုံးသည် အသက် 25 နှစ်ဝန်းကျင်ရှိကြပြီး အိမ်ထောင်ရေးကိစ္စများကို ဆွေးနွေးပြောဆိုနိုင်လောက်အောင် ရင့်ကျက်လာကြသည်။
မှန်ပါသည်။ သူက ရှင်းဝမ်ကို လက်ထပ်မှာဖြစ်သည်။ ထို့ကြောင့် သူက ရှင်းဝမ်ကို ဆက်ဆံရေးတည်ဆောက်ဖို့ တိုက်တွန်းရန် သူဘယ်သောအခါမှ အလျင်စလိုမဖြစ်ဘူး။ သူတို့သည် အချိန်အကြာကြီး ပေါင်းသင်းခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက်၏ဘဝများက ပေါင်းစည်းနေကာ ဒီလို စိတ်ခံစားချက်မျိုးက အရိုးသားဆုံးနဲ့ အခိုင်မာဆုံးပါပဲ။
စကားလုံးတွေ ဘယ်လောက်ပဲ လှပနေပါစေ တကယ့်လုပ်ရပ်တွေလောက် မကောင်းပါဘူး။ ယခုနှစ်တွင် ဟွာအန်းတက္ကသိုလ်အနီးရှိ အိမ်တစ်လုံးကို သူရွေးချယ်ပြီးဖြစ်သည်။ နောက်စာသင်နှစ်မှာ ငှားဖို့ စီစဉ်ပြီး ယွဲ့ရှင်းဝမ်ကို အပြင်ထွက်ပြီး အတူနေဖို့ သူတောင်းဆိုမည်။
သူတို့သည် သုံးနှစ်ဘွဲ့လွန်ကျောင်း လေ့လာမှုအတွင်း အတူတကွနေထိုင်နိုင်သည်။ ဘွဲ့ရပြီးနောက် သူတို့နှစ်ဦးသည် သူတို့၏ မွေးရပ်မြေသို့ ပြန်ရန် သို့မဟုတ် ဟွာအန်းတွင်နေရန် ဆွေးနွေးကြမည်။ ရှင်းဝမ် ဘယ်သွားသွား၊ သူ အဲဒီကိုသွားလိမ့်မည်။ အချိန်တန်ရင် အိမ်ဝယ်ပြီး သူတို့အတူတူနေမည်။ သူတို့၏အလုပ်ဌာနက တူညီမှုမရှိပေမဲ့ နေ့တိုင်း အလုပ်ကပြန်ပြီး အိမ်ပြန်ရောက်သောအခါ တစ်ယောက်နဲ့တစ်ယောက် တွေ့နိုင်တာက သူ အလွန်ကျေနပ်ပါသည်။
ဤအစီအစဥ်များအကြောင်းကို သူ ရှင်းဝမ်ကို တစ်ခါမှ မပြောခဲ့ဖူးဘူး။
သူနှင့် ရှင်းဝမ်သည် အားကစားကွင်းမှာ ပြေးနေသလိုပါပဲ။ တူညီသောလမ်းကြောင်းပေါ်တွင် သူသည် စောစီးစွာ ခံစားချက်ကိုသိရှိပြီး လျင်မြန်စွာ ပြေးနိုင်သောကြောင့် ကြိုတင်ပြင်ဆင်မှုများ ပိုလုပ်ခဲ့သည်။ ရှင်းဝမ်သည် နောက်ကနေ လိုက်နေပြီး သူသည် ရှင်းဝမ်က သူ့ခံစားချက်များကို ရှင်းလင်းစွာ သိသွားရန် သူနှင့် လက်တွဲဖို့ စောင့်နေသည်။
ထိုအချိန်တွင် ရှင်းဝမ်၏စကားကိုကြားသောအခါ ကျန်းဖျင်စစ်၏နှလုံးသားက ရုတ်တရက် အလွန်သက်သာရာရသွားသည်။
ရှင်းဝမ်က နောက်ဆုံးတွင် ဤပြဿနာကို စဉ်းစားခဲ့သည်။
ကျန်းဖျင်စစ်သည် တစ်ဖက်လူအား နမ်းရန် တိုက်တွန်းမှုကို ငြင်းဆန်ခဲ့ပြီး သူ့အသံမှာ ထူးထူးခြားခြား နူးညံ့သိမ်မွေ့သည်။
"ဘွဲ့ရပြီးရင် ငါတို့တစ်မြို့တည်းမှာ အလုပ်မလုပ်ရင် မင်းဘာလုပ်မယ်လို့ စဉ်းစားထားလဲ"
ယွဲ့ရှင်းဝမ်သည် ခဏလောက် နှုတ်ဆိတ်နေပြီး ပြောခဲ့သည်။
"ငါလည်း ဒီမေးခွန်းကို ရုတ်တရက် တွေးလိုက်မိတယ်… ဒါမှမဟုတ် ငါတို့ဆွေးနွေးကြည့်ရအောင်… ဘွဲ့ရပြီးရင် ငါတို့ ဟွာအန်းမှာ နေကြမလား"
'သူငယ်ချင်းကို တစ်မြို့တည်းနေဖို့'တောင်းဆိုတာက မလွန်လွန်းဘူးလား။
ယွဲ့ရှင်းဝမ်၏ပါးပြင်များသည် အနည်းငယ်ပူလာကာ ပေါ့ပါးစွာ ချောင်းဟန့်ပြီး ရှက်ကိုးရှက်ကန်းဖြင့် ပြောခဲ့သည်။
"ငါက ဟွာအန်းမြို့ကို သဘောကျပြီး မင်းနေချင်တယ်ဆိုရင် အဖော်အဖြစ် သတ်မှတ်လို့ရတယ်မလား"
ကျန်းဖျင်စစ်က ပြုံးကာ ပြောသည်။
"မင်းက ငါနဲ့ တစ်မြို့တည်းမှာ တကယ်အလုပ်လုပ်ချင်တာလား"
ယွဲ့ရှင်းဝမ်သည် သူ၏ဦးခေါင်းထက်မှ နူးညံ့သောအသံကို ကြားလိုက်ရပြီး သူ၏နှလုံးခုန်သံက ရုတ်တရက် ထိန်းမရတော့ပေ။
သူက အသက်ပြင်းပြင်းရှူပြီး အေးဆေးဟန်ပြုကာ ရှင်းပြခဲ့သည်။
"မင်းက ငါ့အချစ်ဆုံးသူငယ်ချင်းလို့ ငါတွေးမိပြီး ဘွဲ့ရပြီးနောက် မင်းက အရမ်းဝေးနေရင် ဆက်သွယ်ရတာ အဆင်မပြေဘူး… အချိန်နဲ့ အကွာအဝေးက ကြောက်စရာအကောင်းဆုံးပဲ… ဘယ်လောက်ကောင်းတဲ့သူငယ်ချင်းပဲဖြစ်ဖြစ် သူတို့က ဝေးကွာသွားတဲ့အခါ သူတို့ရဲ့ကိုယ်ပိုင်ဘဝလည်ပတ်မှုရှိလာပြီး ဆက်ဆံရေးက တဖြည်းဖြည်း ပျောက်ကွယ်သွားမှာ သေချာတယ်"
ကျန်းဖျင်စစ်က ခေါင်းငြိမ့်သဘောတူသည်။
"ဒါက အဓိပ္ပာယ်ရှိတယ်"
ယွဲ့ရှင်းဝမ်၏ပါးပြင်များ ပိုပူလာကာ ပေါ့ပါးစွာ ချောင်းဟန့်ပြီး ပြောခဲ့သည်။
"ဟုတ်တယ်မလား… တစ်မြို့တည်းဆိုရင် သူငယ်ချင်းအချင်းချင်း ဘယ်အရာကိုမဆို ပြောလို့ရတယ်… ငါတို့က ပိတ်ရက်တွေမှာ အချိန်ရရင် အတူတူထမင်းစားပြီး တစ်ခုခုကို ညည်းညူလို့ရတယ်… အခု ငါတို့နှစ်ယောက်က တက္ကသိုလ်တက်နေကြတုန်း အတန်းတွေ ကောင်းတယ်ဆိုတော့ ဖိအားက သိပ်မကြီးဘူး… အလုပ်လုပ်ရင် မင်းက တစ်ခုခုကြောင့် အဆင်မပြေတဲ့အခါ မင်းရဲ့ပင်ကိုယ်စရိုက်က လူတွေနဲ့ စကားပြောရတာ မကြိုက်ဘူးလေ… မင်းမှာ ငါရှိရင် မင်းရင်ထဲမပျော်မရွှင်ဖြစ်တဲ့အခါ မင်းငါ့ကို အချိန်မရွေးပြောလို့ရတယ်"
ကျန်းဖျင်စစ်၏နှုတ်ခမ်းပေါ်ရှိ အပြုံးသည် တဖြည်းဖြည်း ကျယ်လာသည်။
"မင်း အဲလိုထင်တာလား"
ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်လိုက်သည်။
"အင်း… မင်းကော ဘယ်လိုထင်လဲ… ငါ့အကြံကို မင်းဘယ်လိုထင်လဲ"
ကျန်းဖျင်စစ်က လေးလေးနက်နက် တွေးတောဟန်ဆောင်လိုက်သည်။ သူ့နောက်ကျောရှိ ရှင်းဝမ်၏ လက်မောင်းများက အနည်းငယ်တင်းကျပ်နေပုံပေါ်တာကို သူသတိပြုမိသည်။ သူက အလွန်စိတ်လှုပ်ရှားနေမှန်း သိသာပြီး ကျန်းဖျင်စစ်က ရယ်ကာ ပြောသည်။
"အဲဒါကကောင်းတယ်လို့ ငါထင်တယ်"
ယွဲ့ရှင်းဝမ်က ချက်ချင်း စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။
"ဒါဆို အဆင်ပြေသွားပြီ… ငါတို့ ဘွဲ့လွန်ကျောင်းပြီးရင် ဟွာအန်းမှာနေပြီးတော့ အလုပ်ရှာကြမယ်"
ကျန်းဖျင်စစ်၏ အသံက နူးညံ့သိမ်မွေ့နေသည်။
"ကောင်းပြီ"
ခဏအကြာတွင် ယွဲ့ရှင်းဝမ်က အသံတိုးတိုးဖြင့် ထပ်မေးလာသည်။
"ဒါဆို မင်း ဘွဲ့လွန်ကျောင်းတက်တဲ့အခါ ရည်းစားရှာဖို့ အစီအစဉ်ရှိလား"
ကျန်းဖျင်စစ်က အလွန်ပြတ်သားသည်။
"မရှိဘူး"
ယွဲ့ရှင်းဝမ်က သိချင်စွာ မေးခဲ့သည်။
"ဘာလို့လဲ… မင်းက အရမ်းချောတယ်၊ အဆင့်ကောင်းတယ်၊ မင်းမိသားစုက ချမ်းသာတယ်… မင်းရဲ့အခြေအနေတွေနဲ့ ရည်းစားရှာရတာ လွယ်မှာပေါ့… မင်းကိုသဘောကျတဲ့ မိန်းကလေးတွေလည်း အများကြီးရှိတာပဲ… မင်းသဘောကျတဲ့သူတစ်ယောက်မှ မရှိဘူးလား"
ကျန်းဖျင်စစ်: "လက်ထပ်ဖို့ရည်ရွယ်တာမဟုတ်တဲ့ ဆက်ဆံရေးတစ်ခုက တစ်ယောက်နဲ့တစ်ယောက် အချိန်ဖြုန်းခြင်းသက်သက်ပါပဲ"
ယွဲ့ရှင်းဝမ်: "..."
ကျန်းဖျင်စစ်က သူ့လေသံကို ပြောင်းလဲလိုက်ပြီး ဆိုသည်။
"ဒါက ခံစားချက်အပေါ် ငါ့ရဲ့သဘောထားပဲ… ငါက လူတစ်ယောက်ကို အသိအမှတ်ပြုလိုက်တဲ့အခါ ငါ့ရဲ့တစ်ဘဝလုံး 'သူ'နဲ့ပဲ အတူနေချင်တယ်… 'သူ'မှလွဲရင် ကျန်တဲ့လူတွေအားလုံးက ငါနဲ့ မသက်ဆိုင်တဲ့ ဖြတ်သွားဖြတ်လာသူတွေပဲ"
ယွဲ့ရှင်းဝမ်သည် အချိန်အတော်ကြာတိတ်ဆိတ်နေပြီး စိတ်မပါစွာ ပြောခဲ့သည်။
"ဒါဆို မင်းအသိအမှတ်ပြုခံရတဲ့လူက အရမ်းပျော်ရွှင်ရမှာပဲ ဟုတ်တယ်မလား… မင်းက ဒီလောက်အလေးအနက်ထားမယ်လို့ ငါမထင်ထားဘူး"
ကျန်းဖျင်စစ်က ရယ်ကာ မေးလိုက်သည်။
"ငါက ဂရုမစိုက်တတ်တဲ့သူတစ်ယောက်လို့ မင်းထင်လား"
ယွဲ့ရှင်းဝမ်က ခေါင်းခါပြီး ပြောသည်။
"ဘယ်ဟုတ်မလဲ… မင်းက မင်းလုပ်သမျှအပေါ်မှာ အရမ်းအာရုံစိုက်တယ်… မင်းအရေးကြီးတယ်လို့ ထင်တဲ့အရာတွေအတွက် မင်းရဲ့အချိန်တွေကို ကျိုးကြောင်းဆီလျော်စွာ ခွဲဝေပေးပြီး အရေးမကြီးတဲ့အရာတွေကို မင်းက ကြည့်ဖို့တောင် စိတ်မဝင်စားဘူး"
ဒါကြောင့် ကျောင်းသားကောင်စီဝင်ဖို့ ငါမင်းကို အဖော်လိုက်ပေးခဲ့တာ…
ဒါကြောင့် စာလုပ်ဖို့ အားကစားကွင်းမှာ ပြေးဖို့ ငါမင်းကို အမြဲတမ်းတောင်းဆိုခဲ့တာ…
ငါ့အတွက် မင်းက အရေးအကြီးဆုံးလူပဲ… ရှင်းဝမ်… မင်းနားလည်နိုင်မလား…
ကျန်းဖျင်စစ်သည် သူ့ရင်ထဲတွင် သက်ပြင်းချရင်း နူးညံ့သောအသံဖြင့် ပြောခဲ့သည်။
"ဘာလို့ မင်းက ဒီနေ့ ရည်းစားရှာမဲ့အကြောင်းတွေ ရုတ်တရက် ပြောနေရတာလဲ"
ယွဲ့ရှင်းဝမ်က ခြောက်ကပ်ကပ်ပြုံးကာ ပြောခဲ့သည်။
"ရေခဲခေတ်မှာ ရေခဲရုပ်တုဖြစ်လုနီးပါး အရမ်းအေးတယ်မဟုတ်လား… ရည်းစားမရခင် နှစ်ပေါင်းများစွာ single ဖြစ်ပြီး အေးခဲသေသွားရင် နစ်နာသွားမှာပေါ့ မဟုတ်ဘူးလား"
ကျန်းဖျင်စစ်: "..."
တကယ်တော့ ယွဲ့ရှင်းဝမ်သည် ကျန်းဖျင်စစ်က အခြားတစ်ယောက်ကို ပွေ့ဖက်ပြီး အိပ်မည်ဟု သူရုတ်တရက် တွေးမိပြီး စိတ်မသက်မသာ ခံစားခဲ့ရသည်။ ထို့ကြောင့် ထူးထူးခြားခြား အကြောင်းအရာ အစုံအလင်ကို သူဆွေးနွေးခဲ့သည်။ ကံကောင်းထောက်မစွာပင် ဖျင်စစ်သည် ဘွဲ့ရပြီးနောက် ဟွာအန်းတွင်နေပြီး သူနှင့်အလုပ်လုပ်ဖို့ သဘောတူခဲ့ကာ ဆိုလိုသည်မှာ သူတို့သည် အနာဂတ်တွင် မကြာခဏ တွေ့ဆုံနိုင်မည်ဖြစ်သည်။
ယွဲ့ရှင်းဝမ်သည် ထိုအကြောင်းကို တွေးနေစဉ် ကျန်းဖျင်စစ်သည် သူ၏လက်ကို စောင်အောက်မှ ရုတ်ချည်းဆွဲကိုင်လိုက်ပြီး နူးညံ့သောအသံဖြင့် ပြောသည်။
"ရှင်းဝမ် စိတ်မပူပါနဲ့… ငါတို့က ပေါင်းသင်းဆက်ဆံလာခဲ့တာ နှစ်အတော်ကြာပြီး ဘယ်သူ့ကြောင့်ပဲဖြစ်ဖြစ် ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ငါမင်းကို ခွဲခွာသွားမှာ မဟုတ်ဘူး"
ဒီကတိကိုကြားတော့ ယွဲ့ရှင်းဝမ်၏နှလုံးသားက အကြောင်းပြချက်မရှိဘဲ ဝမ်းသာသွားခဲ့သည်။ သူက ချက်ချင်းပဲ ခေါင်းငြိမ့်ပြီး ပြောခဲ့သည်။
"ဒါက အကောင်းဆုံးပဲ"
ကျန်းဖျင်စစ်သည် သူ့လက်မောင်းများကို ညင်သာစွာ လက်ချင်းယှက်ကာ သူ၏ချစ်ရသူကို သူ့ရင်ခွင်ထဲသို့ နူးညံ့စွာ ပွေ့ဖက်လိုက်သည်။
"အိပ်တော့… ငါတို့မှာ အချိန်အများကြီးကျန်သေးတယ်… အရင်ဆုံး စာကြည့်တိုက်ကနေ ထွက်သွားပြီးမှ ငါတို့ရဲ့အနာဂတ်အစီအစဉ်တွေ ဆွေးနွေးမယ်"
ယွဲ့ရှင်းဝမ်: "အင်း… ကောင်းသောညပါ"
သူသည် ခေါင်းကို ရွှေ့ကာ သက်တောင့်သက်သာ အနေအထားသို့ ပြောင်းလဲပြီး ကျန်းဖျင်စစ်၏လက်မောင်းများထဲတွင် သူ့မျက်လုံးများကို မှိတ်လိုက်သည်။
ဖျင်စစ်၏ တရင်းတနှီး ပွေ့ဖက်မှုက အလွန်ထူးဆန်းပြီး သူ့နှလုံးသားတစ်ခုလုံး ပူနွေးလာသည်။ သူ့နှလုံးသားထဲကနွေးထွေးမှုက အာရုံကြောများကနေတစ်ဆင့် တစ်ကိုယ်လုံးဆီ ကူးစက်သွားပြီး မူလက အေးစက်နေသော ရေခဲမြေအောက်ခန်းသည် ဤပွေ့ဖက်မှုကြောင့် တဖြည်းဖြည်း အအေးဓာတ်လျော့လာသည်။
#TK