Volume 9 : ပထဝီဝင်ဌာန
Chapter 182 (ရေခဲခေတ် ၀၁)
စာမေးပွဲခန်းက မထွက်ခင်မှာ သူတို့မြင်ခဲ့ရတာက တံလျှပ်လို ဆယ်နှစ်ကြာတဲ့ မြင်ကွင်းတစ်ခုဖြစ်သည်။ ခယ်ရှောင်ပင်းက နောက်ဆုံးတွင် ပင်လယ်ဆူးချုံပင်အသီးကို စား၍မရခဲ့ဘဲ သူက အလွန်စိတ်ညစ်နေခဲ့သည်။
စိတ်ဓာတ်ကျနေသော သူ့မျက်နှာကိုမြင်တော့ ရှင်းယန်က ပြောလိုက်သည်။
"စာကြည့်တိုက်စူပါမားကတ်မှာ ဖျော်ရည်ရောင်းတာပဲ… ပြန်ရောက်တဲ့အခါ လိမ္မော်ရည်တစ်ပုလင်းဝယ်ပြီး သောက်လို့ရတယ်"
ခယ်ရှောင်ပင်း: "လိမ္မော်ရည်အရသာနဲ့ ပင်လယ်ဆူးချုံပင်ဖျော်ရည်ရဲ့အရသာက လုံးဝမတူဘူး"
ရှင်းယန်က စဉ်းစားမရဖြစ်သွားသည်။
"အဲဒါတွေအားလုံးက ချဉ်ချိုတွေပဲမဟုတ်ဘူးလား"
"ချဉ်ချိုအရသာအမျိုးပေါင်းများစွာရှိတယ်…" အစားအသောက်၏ အဓိပ္ပါယ်ကို နားမလည်သောသူများနှင့် စကားပြောရတာက အဓိပ္ပါယ်မရှိဘူး။ ခယ်ရှောင်ပင်းက ပြုံးကာ ပြောလိုက်သည်။ "ထားလိုက်ပါတော့… ဒီတစ်ခေါက် ငါတို့ရှင်းလင်းရေးအမှတ် ဘယ်လောက်ရသလဲဆိုတာ ကြည့်ရအောင်"
အကျွမ်းတဝင်ရှိသော စာမေးပွဲဖြေဆိုမှုအချက်အလက်သည် ညာဘက်အပေါ်ထောင့်ရှိ လေးထောင့်ဘောင်တွင် ပေါ်လာသည်—
သုတေသနအဖွဲ့: C-183
သင်တန်း: ကြည်လင်သောရေနှင့်စိမ်းလန်းသောတောင်တန်း
Credit: 3 မှတ်
ရှင်းလင်းရေးရမှတ်: 94 မှတ်
နောက်ဆုံးအမှတ်: 3x94=282 မှတ်
သုတေသနအဖွဲ့အပိုဆု: အဖွဲ့ C က 1.5 ဆ အပိုဆုအမှတ်ရရှိပါသည်။ စုစုပေါင်းအမှတ် 423 မှတ် ရရှိပါသည်။
သင်တန်းကျရှုံးမှုနှုန်း 30%
တူညီသော Credit 3 မှတ်တန်ဖြစ်သည့် "ပတ်ဝန်းကျင်ညစ်ညမ်းခြင်း"၏ ကျရှုံးမှုနှုန်းမှာ 10% သာရှိသည်။ လူတိုင်းတွင် လုံလောက်သော ပစ္စည်းများ ရှိနေသ၍ နေရာတစ်ခုကို ရွေးချယ်ပြီး စာမေးပွဲ ပြီးဆုံးသည်အထိ နေထိုင်နိုင်သည်။ သို့ရာတွင် "ကြည်လင်သောရေနှင့်စိမ်းလန်းသောတောင်တန်း"၏ ကျရှုံးမှုနှုန်းသည် 30% အထိ မြင့်မားနေသောကြောင့် လေကာကွယ်ခြင်းနှင့် သဲပြုပြင်ခြင်း ပရောဂျက်သည် အလွန်ခက်ခဲနေဆဲဖြစ်ကြောင်း ပြသနေပါသည်။ စာမေးပွဲကျသောအဖွဲ့မှာ ရန်ပုံငွေဖြင့် အလုပ်ကောင်းကောင်းမလုပ်တာ ဒါမှမဟုတ် စာမေးပွဲ၏နောက်ပိုင်းအဆင့်တွင် ပရောဂျက်ပျက်စီးသွားပြီး ပြန်လည်ပြင်ဆင်ရန် နောက်ကျသွားတာကြောင့်ဖြစ်သည်။
183 သုတေသနအဖွဲ့၏ရမှတ်သည် ဒီတစ်ခေါက်တွင် 94 မှတ်အထိမြင့်မားခဲ့သည်။ သဲနုန်းများကို မှန်မှန်ရပ်တန့်ရန် 8 လွှာ သဲအတားအဆီး ဒီဇိုင်းအပြင် အရေးကြီးဆုံးအချက်မှာ စီမံကိန်း၏ တတိယအဆင့်ဖြစ်သော "သစ်တောပျိုးထောင်ခြင်း"၏ အောင်မြင်မှုဖြစ်သည်။
ထောင်ပေါင်းများစွာသော ပင်လယ်ဆူးချုံပင် ပျိုးပင်များအားလုံး ရှင်သန်ခဲ့ပြီး သဲကန္တာရတွင် အမှန်တကယ် အိုအေစစ် ဖန်တီးခဲ့ကြသည်။
ရလဒ်ကို လူတိုင်း ကျေနပ်ကြသည်။
ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်ကို ကြည့်ကာ ပြောလိုက်သည်။
"နောက်ဆုံးတော့ ငါတို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနကို အောင်သွားပြီး သင်တန်းနှစ်ခုကနေ အမှတ် 800 ကျော်ရခဲ့ပေမဲ့ "ပတ်ဝန်းကျင်ညစ်ညမ်းခြင်း" သင်တန်းမှာ အရင်ကစုဆောင်းထားတဲ့ အမှတ်တွေကို သုံးခဲ့တာကြောင့် အခုအမှတ်က စွမ်းရည်တွေကို အဆင့်မြင့်ဖို့ မလုံလောက်ဘူး"
ကျန်းဖျင်စစ်: "ဒီနေ့ စာကြည့်တိုက်အချိန်က ဗုဒ္ဓဟူးပဲရှိသေးတယ်… ကြာသပတေးနဲ့ သောကြာနေ့တွေမှာ ငါတို့တွေ နောက်ထပ်ဌာနတစ်ခုကို ဖြတ်ကျော်သင့်တယ်"
ယခုအပတ် စာကြည့်တိုက်၏ သင်တန်းအချိန်ဇယားအရ သူတို့သည် တနင်္လာနေ့နှင့် အင်္ဂါနေ့များတွင် ဥပဒေဌာနသို့ သွားပြီး မသင်မနေရ သင်တန်းနှစ်ခုကို အောင်မြင်ခဲ့သည်။ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၏ မသင်မနေရသင်တန်းများဖြစ်ပြီး ကြာသပတေးနေနှင့် သောကြာနေ့တွေမှာ အခြားဌာနကို သွားလို့ရသည်။ ပြီးနောက် စွမ်းရည်အဆင့်မြင့်တင်ရန် အမှတ်များ ရှိနေမည်ဖြစ်သည်။
ဒါကိုတွေးပြီး ယွဲ့ရှင်းဝမ် ပြောလိုက်သည်။
"ငါတို့ပြန်သွားရင် အားလုံး အနားယူပြီး စာမေးပွဲကို ဆက်ဖြေကြမယ်"
စာကြည့်တိုက်ရှိ နေ့ရက်များသည် မတူညီသောဌာနများသို့ သွားပြီး စာမေးပွဲများ အဆက်မပြတ်ဖြေဆိုရသည်။ သူတို့သည် ထိုကဲ့သို့ လျင်မြန်သော ဘဝနေထိုင်မှုပုံစံကို ကျင့်သားရလာခဲ့ပြီး လူတိုင်းက ဤတစ္ဆေနေရာကနေ တတ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာကာ လက်တွေ့ဘဝသို့ ပြန်သွားချင်ကြသောကြောင့် စာမေးပွဲများကို ပိုမိုတင်းတင်းကျပ်ကျပ် စီစဉ်ပေးသည်မှာ ကောင်းပါသည်။
ထိုနေ့မှပြန်လာပြီးနောက် ယွဲ့ရှင်းဝမ်နှင့် လင်းမန့်လော်တို့သည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၏ နည်းဗျူဟာများကို ရိုးရှင်းစွာ စီစစ်ပြီး ဖိုရမ်တွင် တင်ခဲ့ကြသည်။
ပထမသင်းတန်းကတော့ ပြောစရာမရှိပါဘူး။ စာမေးပွဲအောင်ချင်ရင် 14 ရက် ပုန်းနေရုံပါပဲ။ ဒုတိယသင်တန်းအတွက် သင်သည် ပရောဂျက်ရန်ပုံငွေကို အာရုံစိုက်ရန် လိုအပ်ပြီး စာကြည့်တိုက်မှပေးသော ပမာဏထက် မကျော်လွန်စေရပါ။ ထို့အပြင် ပရောဂျက်ကို မပျက်စီးကြောင်း သေချာစေရန် အစောပိုင်းအဆင့်တွင် အချက်အလက်တွက်ချက်ခြင်းနှင့် သဲခုံပုံစံ စမ်းသပ်မှုများကို ပြုလုပ်ရန် အကောင်းဆုံးဖြစ်သည်။ ကျန်တာအားလုံးက ရုပ်ပိုင်းဆိုင်ရာအလုပ်ဖြစ်ပြီး သစ်ပင်အတူတူစိုက်ကြတာပေါ့။
ပို့စ်ကို တင်ပြီးသည်နှင့် ထောင်နှင့်ချီသော ပြန်စာများသည် ဖိုရမ်တွင် လျင်မြန်စွာ ပေါ်လာသည်။
183 သုတေသနအဖွဲ့၏အမြန်နှုန်းကြောင့် ကျောင်းသားအများအပြား အံ့အားသင့်ခဲ့ကြသည်။
"183 ထိပ်တန်းကျောင်းသားတွေက 7 ထပ်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနကို အောင်သွားပြီလား… မြန်လိုက်တာ"
"စီနီယာအစ်ကိုအစ်မတွေက 7 ထပ်တောင် ရှင်းပြီပြီ… ငါတို့ကတော့ 4 ထပ်က ဇီဝသိပ္ပံဌာနမှာ ရှိနေတုန်းပဲ… ဒါက ထိပ်တန်းကျောင်းသားတွေနဲ့ စာမလိုက်နိုင်တဲ့ကျောင်းသားတွေကြားက ကွာခြားချက်ပဲ… *မျက်ရည်ကျနေသည်*…"
"အရမ်းကောင်းတယ်… 183 သုတေသနအဖွဲ့ ကြိုးစားထားကြ"
အလျင်မြန်ဆုံး တိုးတက်မှုရှိသော အဖွဲ့အနေဖြင့် ယွဲ့ရှင်းဝမ်သည် ဖိုရမ်တွင် နည်းဗျူဟာများကို မကြာခဏ ရေးတတ်သောကြောင့် ဂျူနီယာညီလေးညီမလေးများက သူတို့အား "183 လမ်းဖွင့်နတ်ဆိုးအဖွဲ့"ဟုခေါ်ကြသည်။ ထို့အပြင် သူတို့ရှေ့တွင် အောက်ပါသင်တန်းများကို တက်ရောက်နေသည့် အဖွဲ့များမရှိပေ။ သူတို့မှာ သင်ယူရန် အတွေ့အကြုံလည်း မရှိပါဘူး။ dungeon အသစ်များဖွင့်ရန် အွန်လိုင်းဂိမ်းရှိအဖွဲ့ကဲ့သို့ပင် အရာအားလုံးကို သူတို့ကိုယ်တိုင် အားကိုးရပေမည်။
သို့သော် သူတို့အဖွဲ့ကို ဖွဲ့စည်းသောအခါ ယွဲ့ရှင်းဝမ်သည် "ကျယ်ကျယ်ပြန့်ပြန့် စွမ်းရည်" ကိစ္စကို စဉ်းစားခဲ့သည်။ နည်းလမ်းပေါင်းစုံနှင့် ပရော်ဖက်ရှင်နယ်ပေါင်းစုံအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့ကြပြီး သူတို့အားလုံးသည် ထိပ်တန်းကျောင်းသားများဖြစ်သည်။ အခက်အခဲတွေ ကြုံလာရရင် လူတိုင်းက ပြေလည်အောင် ညှိနှိုင်းလို့ရသည်။
လက်ထဲတွင် စွမ်းရည်များစွာဖြင့် သူတို့သည် ယခင်က မထိတွေ့ဖူးသော လေကာကွယ်ခြင်းနှင့် သဲပြုပြင်ခြင်း ပရောဂျက်များကိုပင် ကိုင်တွယ်နိုင်သည်။ ယွဲ့ရှင်းဝမ်က သူတို့ကို အနှောင့်အယှက်ဖြစ်စေမဲ့ ဌာန၏သင်တန်းတွေ ရှိတော့မှာမဟုတ်ဘူးလို့ ခံစားရသည်။
အဲဒီည စာကြည့်တိုက်မှာ အားလုံးအတူတူစားကြသောအခါ ခယ်ရှောင်ပင်းက သက်ပြင်းချလိုက်သည်။
"ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှာ အသီးအရွက်စွပ်ပြုတ်နဲ့ အသင့်စားခေါက်ဆွဲတွေ အများကြီးစားပြီး ငါတို့မကြိုက်တဲ့ စာကြည့်တိုက်ကန်တင်းက အမြန်အစားအစာကို စိမ်ခံပစ္စည်းလို့ ငါရုတ်တရက် ခံစားလိုက်ရတယ်"
လျှိုကျောက်ချင်း: "ဟုတ်တယ်… စာကြည့်တိုက်က ငါတို့အတွက် တော်တော်ကောင်းတယ်… နေ့တိုင်းစားဖို့ အသားတွေရှိတယ်… မင်းတို့စဉ်းစားကြည့်လိုက်… စာကြည့်တိုက်ကန်တင်းသာ ငါတို့ကို နေ့တိုင်း ပေါင်မုန့်ကင်ပဲစားခိုင်းရင် ငါတို့မှာ ရွေးချယ်စရာမရှိဘူးမလား"
ဒီလို စိတ်သက်သာရာရမှုမျိုးက လူတိုင်းကို ခံစားရပိုကောင်းစေသည်။ ယွဲ့ရှင်းဝမ်က ငရုတ်သီးကြော်နှင့် ဝက်သားကြော်တစ်ပန်းကန်စားပြီး အပြုံးဖြင့် ဆိုသည်။
"ငါတို့ အခုထိ သင်တန်းတွေ အများကြီးတက်ထားပြီး အစားအသောက်က တကယ်ကောင်းတယ်… အနည်းဆုံးတော့ ဗိုက်ဝအောင်စားနိုင်တယ်… နောက်ထပ်သင်တန်းတွေမှာ အစားအသောက်ရှာဖို့ နေရာတောင်မရှိမှာကိုပဲ ငါစိုးရိမ်မိတယ်"
လူတိုင်း: "..."
ရှေ့ဖြစ်ဟော… မင်းပါးစပ်ကို ပိတ်ထားလို့မရဘူးလား…
ကျန်းဖျင်စစ်က ယွဲ့ရှင်းဝမ်ကို ကြည့်လိုက်ပြီး မတော်တဆ ကျီးကန်းပါးစပ်ဖြစ်သွားတာကို သဘောပေါက်လိုက်သော ယွဲ့ရှင်းဝမ်က အလျင်အမြန် အခြေအနေကို ချိန်ညှိလိုက်သည်။
"စာကြည့်တိုက်က ဒီလောက် လူမဆန်လောက်ဘူးလို့ ငါထင်တယ်"
ခယ်ရှောင်ပင်းက ခါးသက်သက်မျက်နှာဖြင့် ပြောသည်။
"‘ပတ်ဝန်းကျင်ညစ်ညမ်းခြင်း’လို အစွန်းရောက်တဲ့ ရှင်သန်မှုအတန်းမလာပါနဲ့… အခုအချိန်မှာတော့ ကျိုးကြောင်းဆင်ခြင်တဲ့အတန်းက တကယ်ကောင်းတာကို တွေ့လိုက်ရတယ်… ဆရာကြီးတွေနောက်လိုက်ပြီး လဲလျောင်းအနိုင်ယူလို့ရတယ်"
လျှိုကျောက်ချင်းက သံယောင်လိုက်သည်။
"ဟုတ်တယ်… ငါတို့လက်တွေမဟုတ်ဘဲ ဦးနှောက်တွေကို သုံးရအောင်"
ရွှီယိရှန်းက သက်ပြင်းချလိုက်သည်။
"ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှု ငါသစ်ပင်စိုက်ပြီးတော့ ငါ့လက်မှာ အရည်ကြည်ဖုတွေ အများကြီးပေါက်နေတယ်… ငါ့ဒဏ်ရာတွေကို ကုသပေးနိုင်တဲ့ စီနီယာအစ်ကိုလျှိုရဲ့ပတ်တီးကြောင့်သာ မဟုတ်ရင် အခု ငါ့လက်တွေပျက်စီးသွားနိုင်တယ်… ငါ့လက်တွေထက် ငါ့ဦးနှောက်ကို အသုံးပြုရတဲ့ ကျိုးကြောင်းဆင်ခြင်ခြင်းသင်တန်းကိုပဲ ငါလည်းကြိုက်တယ်"
ကျိုဖုန်: "ဟုတ်တယ်… ကိုယ့်ဦးနှောက်ကိုသုံးနိုင်ရင် ကိုယ့်လက်တွေကို မသုံးနဲ့"
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနရှိ သင်တန်းနှစ်ခုသည် လူတိုင်းကို ပြင်းပြင်းထန်ထန် နှိပ်စက်ခဲ့ပုံရသည်။ ပူပြင်းသောနေရောင်အောက်ရှိ သဲထဲမှာ သစ်ပင်တွေ နေ့တိုင်း စိုက်ရတာ တကယ်ကို ပင်ပန်းသည်။ ယွဲ့ရှင်းဝမ်က ဘယ်သင်တန်းတက်ရမယ်ဆိုတာ မသိဘူး။ တကယ်တော့ သူသည်လည်း ကျိုးကြောင်းဆင်ခြင်ခြင်းသင်တန်းများကို နှစ်သက်သည်။
လူတိုင်း ညဘက် ပြန်လာပြီးနောက် အားလုံးက အိပ်ယာမဝင်မီ ဆုတောင်းခဲ့ကြသည်— 'ညှင်းပန်းနှိပ်စက်မှုနည်းတဲ့သင်တန်းဆိုရင်ကော ဘယ်လိုလဲ'
နောက်နေ့မနက် မနက်စာစားပြီးသောအခါ အားလုံးက 8 ထပ်ကို ဓာတ်လှေကားနဲ့ တက်လိုက်ကြပြီး ဓာတ်လှေကားခလုတ်မှာ ဌာနအသစ်သင်္ကေတတစ်ခု ပေါ်လာသည်။
1 ထပ်: ဆေးပညာဌာန
2 ထပ်: သင်္ချာဌာန
3 ထပ်: ဗိသုကာဌာန
4 ထပ်: ဇီဝသိပ္ပံဌာန
5 ထပ်: အများသူငါစိတ်ကြိုက်သင်တန်းစင်တာ
6 ထပ်: ဥပဒေဌာန
7 ထပ်: ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန
8 ထပ်: ပထဝီဝင်ဌာန (အသစ်)
ချင်လုက အံ့အားသင့်သွားသည်။
"ပထဝီဝင်လား… ငါတို့ဌာနက လူသတ်မှုလို ကျိုးကြောင်းဆင်ခြင်ခြင်းတဲ့အတန်းအတွက် မသင့်တော်ဘူးထင်တယ်…"
ရွှီယိရှန်းက ကူကယ်ရာမဲ့စွာ သူ့မျက်ခုံးကိုနှိပ်လိုက်သည်။
"ပထဝီဝင်ဌာနက ရှင်သန်ခြင်းအတန်းတစ်ခု ဖြစ်ကောင်းဖြစ်နိုင်တယ်မလား… အဲဒါက ဆူနာမီ၊ မီးတောင်၊ မြေငလျင်တွေလိုမျိုး… အိုင်းယား… အားလုံးစိတ်ကိုပြင်ဆင်ထားကြ"
ယွဲ့ရှင်းဝမ်က ချင်လုကို ကြည့်ပြီး မေးလိုက်သည်။
"ပထဝီဝင်ဌာန… ငါတို့ဟွာအန်းတက္ကသိုလ်မှာ ပထဝီဝင်သိပ္ပံနဲ့ မြို့ပြစီမံကိန်းစတဲ့ ဘာသာရပ်တွေကို ပေါင်းစပ်ထားတဲ့ ပထဝီဝင်နှင့်စီမံကိန်းဌာနရှိတာကို ငါမှတ်မိတယ်… မင်းရဲ့တက္ကသိုလ်က ဘယ်လိုလဲ"
ချင်လုသည် ဟွာအန်းတက္ကသိုလ်မှ ကျောင်းသူတစ်ယောက်မဟုတ်ပါ။ သူမ အစ်မချင်မြောင်သည် ဟွာအန်းတက္ကသိုလ်မှဖြစ်သောကြောင့် သူမက 183 သုတေသနအဖွဲ့တွင် ပါဝင်ခဲ့ပြီး ညီအစ်မနှစ်ယောက်သည် အများသူငါစိတ်ကြိုက်သင်တန်းတွင် ယွဲ့ရှင်းဝမ်ကို သိခဲ့သည်။ သူတို့သည် နှစ်ကြိမ်မျှ ပူပေါင်းလုပ်ဆောင်ပြီးနောက် အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။
ဒီမေးခွန်းကိုကြားတော့ ချင်လုက လေးနက်စွာ ရှင်းပြသည်။
"ငါတို့ပထဝီဝင်ကို 'သဘာဝပထဝီဝင်'နဲ့ 'လူမှုရေးပထဝီဝင်'ဆိုပြီး နှစ်မျိုးခွဲထားတယ်… သဘာဝပထဝီဝင်မှာ ကျောက်ထုလွှာတွေ၊ ဘူမိဗေဒ၊ ရာသီဥတု၊ သမုဒ္ဒရာတွေနဲ့ အခြားသဘာဝပတ်ဝန်းကျင်တွေကို လေ့လာရတယ်… လူမှုရေးပထဝီဝင်မှာ မြို့တွေ၊ လူဦးရေ၊ လမ်းပန်းဆက်သွယ်ရေး၊ မြို့ပြနှင့်ကျေးလက်စီမံကိန်းတွေလိုမျိုး လူသားနဲ့ပတ်ဝန်းကျင်အကြား ဆက်စပ်မှုကို လေ့လာတယ်"
သူမက ခေတ္တရပ်ပြီး ယွဲ့ရှင်းဝမ်ကိုကြည့်ကာ ပြောသည်။
"ရှင်းဝမ်… နင်ပြောလိုက်တဲ့ မြို့ပြစီမံကိန်းဘာသာရပ်က လူမှုရေးပထဝီဝင်အမျိုးအစားနဲ့ သက်ဆိုင်တယ်… ငါတို့တက္ကသိုလ်က ပထဝီဝင်သိပ္ပံ၊ လေထုသိပ္ပံ၊ မြို့ပြစီမံကိန်း အစရှိသဖြင့်ရှိပြီး အားလုံးက ပထဝီဝင်နှင့်မြို့ပြစီမံကိန်းဌာနနဲ့ သက်ဆိုင်တယ်"
ယွဲ့ရှင်းဝမ်က ရှင်းလင်းစွာပြောခဲ့သည်။
"နားလည်ပြီ… သဘာဝပထဝီဝင်နဲ့ လူမှုရေးပထဝီဝင်ဆိုတဲ့ ဘာသာရပ် 2 ခုရှိတာကြောင့် ပထဝီဝင်ဌာနရဲ့ သင်တန်းတွေမှာလည်း ဒီရှုထောင့်နှစ်ခုနဲ့ပတ်သက်တာတွေ ပါဝင်နေမှာပေါ့"
ကျန်းဖျင်စစ်: "သင်တန်းအချိန်ဇယားကို အရင်သွားကြည့်ရအောင်"
အားလုံးက 8 ထပ်ကို ဓာတ်လှေကားဖြင့် တက်သွားသည်။ ပထဝီဝင်ဌာန၏ အထပ်ဒီဇိုင်းသည် အလွန်စိတ်ဝင်စားစရာကောင်းသည်။ ခေါင်မိုးသည် အပြာရောင်ကောင်းကင်နှင့် တိမ်ဖြူများဖြစ်ပြီး သူတို့ခြေထောက်အောက်တွင် ဖြန့်ကြက်ထားသော ကမ္ဘာ့မြေပုံတစ်ခုရှိသည်။ သင်တန်းရွေးချယ်မှု တက်ဘလက်အားလုံးကို နိုင်ငံအားလုံး၏အသေးစိတ် လတ္တီတွဒ်၊ လောင်ဂျီတွဒ်နှင့် နိုင်ငံအားလုံး၏ အရေးကြီးသောမြို့များကို အမှတ်အသားပြုသည့် ပေါလောပေါ်ကမ္ဘာလုံးသဏ္ဌာန်အဖြစ် ပြုလုပ်ထားသည်။
ယွဲ့ရှင်းဝမ်သည် အထက်တန်းကျောင်းမှာ ဝိဇ္ဇာဘာသာရပ်ကို လေ့လာခဲ့ပြီး ပထဝီဝင်ဘာသာရပ်ကို လေ့လာခဲ့ကာ ဗဟုသုတများစွာကို မှတ်မိနေသေးသည်။ ဤကမ္ဘာကြီးသည် လူတို့ကို အလွန်ဖော်ရွေသည်ဟု ခံစားရစေသည်။ ယွဲ့ရှင်းဝမ်သည် ၎င်းကို လှမ်း၍နှိပ်လိုက်သည်နှင့် သူ့ရှေ့တွင် အကြည်ရောင်လေးထောင့်ဘောင်တစ်ခုက ထွက်ပေါ်လာသည်။
"ပထဝီဝင်ဌာနမှ ကြိုဆိုပါတယ်… ဒီတစ်ပတ်အတွက် သင်တန်းအချိန်ဇယားကို စစ်ဆေးကြည့်ပါ"
တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့ မနက် 8:00 မှ 10:00 အထိ
မသင်မနေရသင်တန်း "မြို့ပြစီမံကိန်း" Credit 4 မှတ်
အင်္ဂါနှင့် ကြာသပတေးနေ့ မနက် 8:00 မှ 10:00 ထိ
မသင်မနေရသင်တန်း "ရေခဲခေတ်" Credit 4 မှတ်
ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်ကို ပြန်ကြည့်လိုက်သည်။
"ဟုတ်တယ်… တစ်ခုက လူမှုရေးပထဝီဝင်ဖြစ်ပြီး နောက်တစ်ခုက သဘာဝပထဝီဝင်ပဲ"
ကျန်းဖျင်စစ်က ခေါင်းငြိမ့်လိုက်သည်။
"အင်း… ဒီနေ့ ကြာသပတေးနေ့ဆိုတော့ "ရေခဲခေတ်"သင်တန်းကို ငါတို့အရင်ဆုံးတက်ပြီး မနက်ဖြန် သောကြာနေ့မှာ မသင်မနေရသင်တန်း ဒုတိယတစ်ခုကို သွားတက်မယ်… ဒီတစ်ပတ်ပြီးရင် ဥပဒေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပထဝီဝင်ဌာန သုံးခုကို ပြီးမြောက်မှုအဖြစ် ယူဆနိုင်တယ်"
ယွဲ့ရှင်းဝမ်က သင်တန်းဖော်ပြချက်ဖွင့်ရန် နှိပ်လိုက်သည်——
[မသင်မနေရသင်တန်း: ရေခဲခေတ်]
[ဌာန: ပထဝီဝင်ဌာန]
[Credits: 4 မှတ်]
[စာမေးပွဲခန်းစည်းမျဉ်းများ: စာမေးပွဲခန်းရှိ အများဆုံးလူဦးရေမှာ 12 ဦး (X အဖွဲ့ဝင်များ မပါဝင်ပါ)]
[သင်တန်းဖော်ပြချက်: ရေခဲခေတ်ဟုလည်းသိကြသော ကြီးမားသောရေခဲမြစ်များဖြင့် ကမ္ဘာမြေမျက်နှာပြင်ကို ဖုံးလွှမ်းထားသည့် ဘူမိဗေဒခေတ်ကာလဖြစ်သည်။ သမိုင်းကြောင်းအရ ကမ္ဘာသည် ရေခဲပြင်ကာလများစွာကို ကြုံတွေ့ခဲ့ရပြီး မကြာသေးမီက ကျောက်ခေတ်နောက်ပိုင်းရေခဲခေတ်ဖြစ်သည်။ အချိန်ကာလသည် နှစ်သန်းပေါင်း သောင်းနှင့်ချီ ရှိသည်။ ဤနှစ်သန်းပေါင်း များစွာအတွင်း ကမ္ဘာမြေကြီးတစ်ခုလုံးသည် ဆက်တိုက်ကမ္ဘာ့အပူချိန်နိမ့်ကျနေခဲ့ပြီး ရေခဲမြစ်ကြီးဧရိယာများသည် အီကွေတာအထိ ကျယ်ပြန့်လာပါသည်။]
[စာမေးပွဲလိုအပ်ချက်များ: ရေခဲခေတ်တွင် 10 ရက်တိတိ ရှင်သန်ပါ]
[သင်တန်းရွေးချယ်မှုကို အတည်ပြုပါ: Yes/No]
ဒါကိုမြင်တော့ ချင်လု၏မျက်နှာက အနည်းငယ်ပြောင်းလဲသွားသည်။
"ကျောက်ခေတ်နောက်ပိုင်းရေခဲခေတ်… ဒါက လွန်ခဲ့တဲ့နှစ်ပေါင်း 2 သန်းလောက်ကပဲ"
ချင်မြောင်က မျက်မှောင်ကြုတ်ပြီး ဆိုသည်။
"အဲဒီတုန်းက လူ့ယဉ်ကျေးမှု မပေါ်သေးဘူး… ရှေးမျောက်ဝံတွေဟာ ဖြောင့်ဖြောင့်လမ်းလျှောက်နိုင်တဲ့ လူသားတွေအဖြစ် မပြောင်းလဲသေးဘူး"
လူတိုင်း: "..."
ဒီတော့ စာကြည့်တိုက်က သူတို့ကို လူ့ယဉ်ကျေးမှု လုံးဝမရှိတဲ့ နှစ်သန်းပေါင်းများစွာက ရေခဲခေတ်ထဲကို ပစ်ချတော့မှာလား…
ဒါကိုတွေးပြီး သူတို့၏ကျောရိုးတလျှောက် ကြက်သီးမွေးညင်းထသွားသလို ရုတ်တရက် ခံစားလိုက်ရသည်။
ခယ်ရှောင်ပင်း၏မျက်နှာက အသက်မဲ့နေသည်။
"ရှင်းဝမ်… ငါတို့ ဒီတစ်ခါ တကယ်စားစရာမရှိတော့ဘူး"
ကျီးကန်းပါးစပ် ယွဲ့ရှင်းဝမ်: "…"
#TK